Chapter 4
ရှုရှီက ကျန်းရှုယောင်ထက် နှစ်တစ်ဒါဇင်ခန့် ပိုကြီးသော်လည်း ကျန်းရှုယောင်ကို သူမက ရင်းနှီးသောညီမငယ်လေးကဲ့သို့ ဆက်ဆံခဲ့သည်။ ကျန်းရှုယောင် ဤသည်က နှစ်ယောက်ကြား ပထမဆုံး တရားဝင် စကားပြောဆိုခြင်းရောဟုတ်ရဲ့လားဟုပင် တွေးမိလာသည်။
"ယောက်မအလုပ်များနေရင် နောက်မှလာခဲ့မယ်လေ"
ကျန်းရှုယောင်က ပြောလိုက်သည်။
"မင်းကအခုမှ လာတာလေ... ထိုင်ပါဦးကွယ်"
ရှုရှီက ပြုံးပြီး ခေါင်းယမ်းကာ ကျန်းရှုယောင်၏လက်ကိုဆွဲ၍ ထိုင်ခိုင်းလေသည်။
"ဘာဖြစ်လို့ တတိယယောက်မက ငါ့ကို လာရှာတာလဲ"
ရှုရှီ၏ မျက်နှာက ကြင်နာပုံရနေသော်လည်း ကျန်းရှုယောင်လာရခြင်း၏ ရည်ရွယ်ချက်ကို သူမ ဆက်တိုက်တွေးနေခဲ့သည်။ မင်္ဂလာဆောင်ပြီး ပထမနေ့တွင် ယောက္ခမထံသို့ မသွားဘဲ ခင်ပွန်းဖြစ်သူနှင့် မလိုက်ဘဲ အဘယ်ကြောင့် သူမဆီပြေးလာရသနည်း။
အနည်းငယ်တွေး ပြီးနောက် သူမ ကျန်းရှုယောင်၏ လက်ရှိအခြေအနေကို တွေးကာ အနည်းငယ် အထင်အမြင်သေးလာခဲ့သည်။
ရှဲ့ရွှင်းက သူမကိုရှောင်နေခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းခဲ့သည်။ အိမ်ထဲမှာ ငိုမနေဘဲ မရှက်သည့် မျက်နှာနှင်် အပြင် ထွက်လာ၏။ ကောလဟာလများကပြောသလိုပဲ သူမက တကယ်ကို အရေထူပုံပါပင်။
ကျန်းရှုယောင် ရှုရှီ၏စိတ်ထဲက အတွေးများကို မသိပေ။ သူမ အစပိုင်းတွင် အနည်းငယ်ရှက်ရွံ့နေခဲ့သော်လည်း ရှုရှီ ၏ ဧည့်ဝတ်ကျေပွန်မှုမှာ အလွန်စိတ်အားထက်သန်နေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ထို့ကြောင့် မရင်းနှီးသောခံစားချက်များက ပျောက်ကွယ်သွားခဲ့သည်။ သူ မ စိတ်ထဲကနေ ရှုရှီကို ချီးကျူးနေရင်း ရှုရှီသူမဆီ တွန်းပို့လိုက်သည့် သရေစာကို မြည်းစမ်းလိုက်သည်။
ပဲတီစိမ်းကိတ်က ချိုမြိန်ပြီး နူးညံ့သည်၊ ခံတွင်းထဲတွင် အရည်ပျော်သွားကာ အနည်းငယ်ချို၏။ လက်ဖက်ရည်နှင့် အလွန်သင့်တော်လေသည်။
အကိုက်အနည်းငယ်ကိုက်ပြီးနောက် လက်ချောင်းများကို သန့်စင်အောင် သုတ်လိုက်ကာ လာရင်းကိစ္စကို အမှတ်ရသွားသည်။
"စကားမစပ်... ယောက်မ ကျွန်မကမီးဖိုချောင်ငယ်လေးအကြောင်း ဆွေးနွေးဖို့ လာခဲ့တာ"
ရှုရှီ သူမ စားသောက်ပုံအား အထင်သေးနေချိန် သူမပြောသောစကားအား ရုတ်တရက်ကြားလိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။
"ဘယ်လို..."
ကျန်းရှုယောင်က ရှုရှီကိုကြင်နာတတ်ပြီး သဘောထားကြီးသူလို့ ထင်မြင်ခဲ့ပြီး သူမ၏ အတွေးများကို ယဉ်ကျေးသိမ်မွေ့စွာ ပွင့်ပွင့်လင်းလင်း ပြောခဲ့၏။
" တတိယအိမ်တော်ခွဲရဲ့ မီးဖိုချောင်ငယ်လေးက အမြဲတမ်း ဗလာဖြစ်ပြီး မသုံးတော့ဘူးလို့ ကျွန်မ ထင်ပါတယ်...အခု ကျွန်မက လက်ထပ်ပြီးပြီးဆိုတော့ မီးဖိုချောင်လေးကို သန့်ရှင်းရေးလုပ်ချင်ပါတယ် "
ရှုရှီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြုံးပြီး ခပ်မြန်မြန် ပြန်ပြောလိုက်သည်။
"မင်း တစ်ခုခုစားချင်ရင် မီးဖိုခန်းကိုသာ ချက်ခိုင်းလိုက်ပါ"
မီးဖိုချောင်ငယ်လေးကို သန့်ရှင်းရေးလုပ်ပြီးသည်နှင့် လူအင်အားခွဲဝေပေးရမှာဖြစ်သလို လစဉ်အသုံးစရိတ်တွေလည်း ရှိလေသည်။ဤကိစ္စက မလွယ်ကူပေ။
ကျန်းရှုယောင်က ရှုရှီ၏စိုးရိမ်မှုများကို သဘာဝအတိုင်း နားမလည်ပါချေ။
"ပင်မ မီးဖိုချောင်က အရမ်းဝေးတယ်... အပြန်ပြန်အလှန်လှန် သွားရတာ အဆင်မပြေဘူး...ကျွန်မက အစားအသောက်ချက်ပြုတ်ရတာ ကြိုက်တော့ ...ပင်မမီးဖိုချောင်ကို သွားရတာက ဒုက္ခများတယ်"
ရှုရှီက ကျန်းရှုယောင်လို စိတ်ထဲကအတိုင်းပြောတတ်သည့်အမျိုးသမီးမျိုးနှင့် တစ်ခုမှ မဆက်ဆံဖူးပေ။ သူမက အတွင်းထဲမှာကျိတ်ပြီး မျက်လုံးလိမ့်လိုက်သော်လည်း နူးညံ့သည့်အပြုံးလေးနှင့်ပင်ပြောလိုက်၏။
"အဲဒါက...ယောက်မကိုမကျေမနပ်ဖြစ်စေလိမ့်မယ်...မီးဖိုချောင်လေးကို တကယ်ဖွင့်ချင်ရင် လစဉ်အသုံးစရိတ်က ......
ကျန်းရှုယောင် နားလည်မည်ဟု မျှော်လင့်ရင်း သူမ၏ အသံကို ဆွဲလိုက်သည်။
ကျန်းရှုယောင်က သူမ၏ အပြစ်သမားလက်ကို သစ်အယ်သီး ကိတ်မုန့်ဆီသို့ လှမ်းလိုက်
ပြီး အရေးမထားသောလေသံဖြင့် "ရပါတယ်...ကျွန်မမှာ ပိုက်ဆံရှိတယ်" ဟုဆိုကာ လက်ကို ယမ်းခါလိုက်၏။ ရှုရှီအား သူမကိုပိုက်ဆံပေးခိုင်းရန် သူမ စိတ်ကူးမရှိပေ။
"အိုးး..."
ရှုရှီ၏စကားများ လည်ချောင်းထဲမှာ နင်သွားသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ဒုတိယအိမ်တော်ခွဲက မီးဖိုချောင်ငယ်တစ်ခုဖွင့်လှစ်ခဲ့သော်လည်း သူမနှင့် ဒုတိယသခင်မကျိုးရှီတို့ အကြိမ်ကြိမ် အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် သခင်မကြီးက မီးဖိုချောင်ငယ်လေး၏စည်းမျဉ်းကို ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။
ကျန်းရှုယောင်ကလည်း ပိုက်ဆံတောင်းရန် သူမဆီလာခြင်းဖြစ်ရမည်ဟု သူမထင်ခဲ့ပေမဲ့ ကိုယ့်ဘာကိုယ် ပေးချေရန် တကယ်စီစဉ်ထားကြောင်းကို သူမမျှော်လင့်ခဲ့ပါချေ။
ကျန်းရှုယောင်က ခေတ်မီသောအတွေးအမြင်ရှိသောကြောင့် သူမ အခြားသူများ၏ငွေကို အစားအသောက်အတွက် အသုံးမချနိုင်ပေ။ရှုရှီ ၏ လွန်လွန်ကဲကဲ အံ့အားသင့်မှုကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် စိုးရိမ်လာသည်။ သူမက သစ်အယ်သီးကိတ်မုန့်ကို မျိုချလိုက်ပြီး လှည့်ကြည့်ကာ ပိုင်ကျီကိုမေးလိုက်၏။
"ငါ့မှာ ပိုက်ဆံအလုံအလောက်ရှိလား"
"သခင်မကိုဖြေကြားပါတယ်... လုံလောက်ပါတယ်... မီးဖိုချောင်အသေးစားအတွက်ပဲကို ကုန်ကျစရိတ်က ထည့်ပြောစရာမရှိပါဘူး"
ပိုင်ကျီက ငယ်စဉ်ကတည်းက သခင်မရှန်းယန်နှင့် အခြားသော ကိုယ်လုပ်တော် ခုနစ်ယောက်ကို ကြည့်ရှုရင်း ကြီးပြင်းလာခဲ့သည်။ သူမသည် အမျိုးသမီးအစေခံ လူငယ်အတန်းတွင် ထိပ်တန်းကျောင်းသားတစ်ဦးဟု ဆိုနိုင်သည်။ ကျန်းရှုယောင်အပေါ် ရှုရှီ၏အထင်အမြင်သေးမှုကို သူမမြင်နိုင်သည်မှာ သဘာဝကျ၏။
ဤအရေးကြီးသောတာဝန်ကို အပ်နှင်းခံရထားသည့် အစေခံတစ်ဦးအနေဖြင့် သူမသည် မြို့စားရှဲ့၏အိမ်တော်ရှိလူများကို ကောင်းကောင်းသိလေသည်။ ရှုရှီ၏ဖခင်က ချင်မင်းဆက်၏ နာမည်ကြီးဝန်ကြီးတစ်ဦးဖြစ်သည်။ သူမကိုယ်တိုင်ကလည်း ပေကျင်းမှာ အရည်အချင်းရှိသည်ဟု နာမည်ကျော်ကြားသည့် အမျိုးသမီးတစ်ဦးဖြစ်၏။ သူမက ဤဂုဏ်ပုဒ်နှစ်ခုကိုအခြေခံ၍ မြို့စားရှဲ့အိမ်တော်နှင့်လက်ထပ်ခဲ့သည်။ သို့သော် ဂုဏ်ပုဒ်ကအဘယ်မှာ အသုံးဝင်သနည်း၊ ချမ်းသာသော လင်းမိသားစုနှင့် နှိုင်းယှဉ်ပါက သူတို့က သူဆင်းရဲတစ်သိုက်သာ ဖြစ်သည်။
ပိုင်ကျီ စကားကိုကြားသောအခါ ရှုရှီ၏ အပြုံးက တောင့်တင်းသွား၏။
မြို့စားရှဲ့အိမ်တော်ထဲသို့ လက်ထပ်ဝင်လာပြီးနောက် သူမက အသိစိတ်ရှိပြီးအလုပ်ကြိုးစားသူအဖြစ်ဖော်ပြနိုင်ခဲ့သော်လည်း အမှန်တွင် သူမက ရေခဲလွှာပေါ်တွင်လမ်းလျှောက်နေခဲ့ရသည်။ သူမ အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ အခြားသူများ သူမကို ကဲ့ရဲ့ နှိမ့်ချအောင်လုပ်မိမှာစိုးသဖြင့် အစားအသောက်နှင့် အဝတ်အစား ကုန်ကျစရိတ်ကို တင်းကြပ်စွာ ထိန်းချုပ်ခဲ့ပြီး မည်သည့်အခါမျှ အမှားအယွင်းမရှိခဲ့ပေ။ သို့သော်လည်း သူမ သဘောထားသေးမှုကြောင့် ဝေဖန်ခံခဲ့ရဆဲဖြစ်သည်။
ကျန်းရှုယောင်က ဘုံရန်ပုံငွေကနေ ပိုက်ဆံတောင်းသည်က ကောင်းမည်ဟု မထင်ပေမဲ့... ဘယ်လိုကြောင့် အသံက ဒီလောက် စိတ်အနှောင့်အယှက် ဖြစ်ရတာလဲ...
ကျန်းရှုယောင်က ရှုရှီ ၏ တောင့်တင်းနေသော အပြုံးကို လုံးဝ မမြင်လိုက်ဘဲ ဝမ်းသာစွာပြော၏။
"ကောင်းတယ်...အစ်မ ကျွန်မကို ဘဏ္ဍာစိုးနဲ့ မိတ်ဆက်ပေးပြီး ကျွမ်းကျင်တဲ့ ပန်းရံဆရာ ရှာပေးပါလား...ပြီးတော့ ကျွန်မ မီးဖိုချောင်မှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ၊ အစေ့အဆန်တွေဝယ်ဖို့ အဖေ့အိမ်ကို လိုက်သွားချင်တယ်... ကျေးဇူးပြုပြီး ဘဏ္ဍာစိုးကို ပိုင်ကျီနဲ့ ဆွေးနွေးခိုင်းလိုက်ပါ"
ရှုရှီက ခေါင်းညိတ်ပြီး အစေခံတစ်ယောက်ကိူ ဘဏ္ဍာစိုးကို ခေါ်ခိုင်းလိုက်သည်။ ကျန်းရှုယောင်လည်း ဤအရာများကို နားမလည်သောကြောင့် ပိုင်ကျီ ဘဏ္ဍာစိုးနှင့် ဆွေးနွေးပြီးနောက် သူမ ထထွက်လာခဲ့သည်။
သူမ ဤမျှလောက်ချောချောမွေ့မွေ့ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ရှုရှီက သူမကို လိုက်ပို့သောအခါ သူမ သက်ပြင်းချပြီး ရှုရှီ၏ဝတ်ရုံလက်ကို ဆွဲကိုင်ကာပြောလိုက်သည်။
"အစ်မက သိပ်ကြင်နာတာပဲ"
လင်ညီအစ်မတွေ တည့်တည့်ရှုရှု ပေါင်းသင်းဖို့ ခက်မယ်လို့ ဘယ်သူပြောလဲ... သူမဆို ကောင်းကောင်းနေနေတာပဲမဟုတ်ဘူးလား...
ရှုရှီက သူမလက်ကို အေးအေးဆေးဆေး ဖယ်လိုက်ပြီး ပြုံးကာပြော၏။
"ယောက်မကယဥ်ကျေးလွန်းနေပါပြီ"
ကျန်းရှုယောင်က စိတ်အားထက်သန်နေဆဲဖြစ်၏။
"ဒါဆို ကျွန်မအရင်သွားတော့မယ်...ယောက်မ ဆီ ခဏခဏလာလည်မယ်နော်...ယောက်မ သဘောမကျဖြစ်မှာလား"
ရှုရှီ အခုလေးတင် ပြောင်သလင်းခါသွားသည့် မုန့်နှစ်ပန်းကန်ကို တွေးပြီး သူမ အပြုံးမပျက်အောင် ကြိုးစားကာ ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး "သဘောမကျမဖြစ်ပါဘူး"ဟု ပြောလိုက်သည်။
ကျန်းရှုယောင်က ပြုံးကာ လှည့်ထွက်သွားပြီး သူမကို လက်ပြနှုတ်ဆက်သည်။
ရှုရှီ တံစက်မြိတ်အောက်တွင် ရပ်ကာ ကျန်းရှုယောင်၏လင်းလက်တောက်ပသော အပြုံးမျက်နှာကို ကြည့်နေပြီး ကြည့်လေလေ သူမ အသည်းကွဲလေလေဖြစ်သည်။
ကြည့်ရင်းနှင့် တစ်ဖက်ကနေ ရုတ်တရက် ထွက်လာသော တစ်ခုကကြီးပြီး တစ်ခုကသေးသည့် အစက်သေးသေးလေးနှစ်ခု ကျန်းရှုယောင် နောက် ခပ်လှမ်းလှမ်းကနေ လိုက်သွားနေသည်ကို သူမ သတိထားမိလိုက်၏။
သူမ မျက်လုံးကိုမှေးပြီး သေချာ ကြည့်လိုက်သည်။ဒီကလေးနှစ်ယောက်က သူမအမွှာတွေ မဟုတ်လား... ကျန်းရှုယောင်နဲ့ ဘာကြောင့် ထွက်ပြေးကြတာလဲ...
သူမ အမျိုးသမီးအစေခံကို အံ့သြစွာ ပြန်လှည့်ကြည့်သော်ငြား အမျိုးသမီးအစေခံကလည်း နားမလည်ပေ။ တစ်စုံတစ်ယောက်ကို ထိုနောက်သို့ လိုက်ရန် သူမ အမြန် အမိန့်ပေးလိုက်သည်။
သူတို့နှစ်ယောက်က ၎င်းကို နားမလည်နိုင်ဖြစ်နေကြသလို ကျန်းရှုယောင်လည်း အလားတူပါပင်။
သူမဘေးနားက ဖက်ထုပ်သေးသေးနှစ်ခုကို ကြည့်ပြီးမေးလိုက်၏။
"ဘာလို့ ငါ့နောက်လိုက်နေတာလဲ"
ဝတုတ်လေးက သူမ၏ဝတ်ရုံလက်ကိုဆွဲပြီးဆိုလာသည်။
"တတိယအဒေါ်နဲ့ ကစားချင်တယ်"
ကျန်းရှုယောင် ဝတုတ်လေးကို သူမကို သဘောကျဖြစ်အောင် သူမဘာလုပ်ခဲ့မမှန်း မသိခဲ့ပေ... သူမက ကြည့်ကောင်းသောကြောင့်ဖြစ်နိုင်သည်။
သူမ မေးစေ့ကို ပွတ်သပ်ရင်း တွေးနေသော်လည်း အခြားလက်တစ်ဖက်က ဝတ်ရုံလက်မှာ အဆွဲခံလိုက်သည်။ သူမ အောက်ကို ငုံ့ကြည့်လိုက်သောအခါ ဖလံလေးကို တွေ့လိုက်ရ၏။
"အချိုတွေ စားချင်တယ်"
သူ့အသံက အလွန်သေးငယ်သော်လည်း မျက်လုံးရွဲကြီးများက မခွဲနိုင်မခွာရက်ဖြစ်နေသည်။
ကျန်းရှုယောင် ခဏလောက် အံ့အားသင့်သွားခဲ့ပြီး ထိုပေါက်စလေးပြောခဲ့သည့် "အချိုများ" သည် ပြောင်းဖူးပေါက်ပေါက်ဖြစ်လောက်မည်ကို သတိရသွားသည်။
"ခုနက ဇလုံက ချက်ချင်းကုန်သွားပြီလား"
ဖလံလေးက ခေါင်းညိတ်သည်။
"အင်း...ဒါဆို မင်းက ထပ်စားလို့မရဘူး... ကလေးတွေက အရမ်းစားရင် အစာမကြေဘူး"
အမှန်တွင် သူမ သိပ်နားမလည်ပါချေ။ မည်သို့ပင်ဖြစ်စေကာမူ ကလေးများက မုန့်လျှော့စားသင့်သည်။
ဖလံလေးက စိတ်မကောင်းစွာဖြင့် ခေါင်းညိတ်ကာ ကျန်းရှုယောင်၏ဝတ်ရုံလက်ကို ကိုင်ထားရင်း တတိယအိမ်တော်ခွဲ၏ခြံဝင်းဆီသို့ ဆက်လျှောက်သွားခဲ့သည်။
ခြံထဲသို့ရောက်သောအခါ ကျန်းရှုယောင်မှာ ၎င်းတို့အား ကြီးကြပ်ရန် အချိန်မရှိတော့ဘဲ မီးဖိုချောင်အသေးစားကို ပြုပြင်မွမ်းမံအတွက် သူမကိုယ်သူမ အားစိုက်ထုတ်ခဲ့သည်။
သူမအနေဖြင့် သံသယကို ရှောင်ရှားရန် မရည်ရွယ်ပါချေ။ သူမ ရိုးရှင်းသောမု့န်ဖို အဖြစ် အသုံးပြုနိုင်ရန်အတွက် လက်သမားဆရာကို မီးဖိုချောင်ငယ်လေးအပြင်ဘက်တွင် ပေါင်မုန့်ဖို တစ်ခုကို ဆောက်လုပ်ခိုင်းရန် သူ ညွှန်ကြားချက်များနှင့် ပုံဆွဲပေးခြင်းနှစ်ခုလုံးကို ပေးခဲ့သည်။
မုန်လာဥနီခေါင်းသေးသေးလေးနှစ်ခုက ပျော်ရွှင်စွာ ကြည့်နေကြကာ ပြဿနာရှာနေပုံရသည်။ ကျန်းရှုယောင် သူတို့ကို အမြန်တားလိုက်ပြီး ဆူညံသွားရသည် ။ နောက်ဆုံးတွင် ပေါင်မုန့်ဖိုအထက်တွင် ကြောင်နားရွက်တစ်စုံကို တည်ဆောက်ခဲ့သည်။
နေဝင်စပြုလာသည်နှင့်အမျှ ရှဲ့ရွှင်း အိမ်သို့ပြန်လာပြီး ပင်မဝင်းအတွင်းသို့ မသိစိတ်ဖြင့် ဝင်လာခဲ့သည်။ ထိုအချိန်တွင်ပင် စင်္ကြံတွင် အလုပ်များနေသော အမျိုးသမီးအစေခံများကို တွေ့လိုက်ရသဖြင့် သူလက်ထပ်လိုက်ပြီဆိုသည်ကို သတိရသွားသည်။
မူလက သူ လှည့်ထွက်ရန် စီစဉ်ခဲ့ပေမဲ့ အမျိုးသမီးအစေခံများကို သူ့ကို တစ်ယောက်ပြီး တစ်ယောက် အရိုအသေပေးနေကြသောကြောင့် ညစာစားနေသည့် ကျန်းရှုယောင်က သူ့ကို လှမ်းကြည့်လာ၏။
အခြေအနေက ရှက်စရာဖြစ်သွားသည်။ သူ မသွားချင်သလို နေလည်း မနေချင်ပေ။ ကျန်းရှုယောင်ကို ကြည့်လိုက်သောအခါ ကလေးဆန်သောအသံတစ်ခုက ရှက်ရွံ့မှုကို ဖြိုခွင်းလိုက်သည်။
"တတိယ ဦးလေးးး"
ရှဲ့ရွှင်း အိမ်ရှိ စားပွဲရှည်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် ဖက်ထုပ်သေးသေးလေး နှစ်ခုရှိသည်ကို တွေ့လိုက်ရသည်။
သူ စိတ်သက်သာစွာဖြင့် သက်ပြင်းချမိသည်။ဤတူလေးနှစ်ယောက်နှင့်ဆိုလျှင် ကျန်းရှုယောင်ကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မှာ မဟုတ်ပေ။
သူက သူတို့ နှစ်ယောက်ဆီ လျှောက်သွားရင်းမေးလိုက်၏။
"အားကျောက်နဲ့အားယောင်... တတိယဦးလေးနဲ့တွေ့ဖို့ ရောက်နေတာလား "
ထိုသို့ သူမေးပေမဲ့ သူ့စိတ်ထဲမှာ အဖြေတစ်ခုကရှိပြီးသားဖြစ်သည်။
အားကျောက် (ဝတုတ်လေး) က သူ့ကို အမြဲ လာလာကပ်လေ့ရှိ၏။ ဤတစ်ခေါက်လည်း သူ့ဆီလာခြင်းဖြစ်ရမည်။ သို့ရာတွင် သူက ကျန်းရှုယောင်ကို ရှောင်ရန် အိမ်ကထွက်သွားသည်ကစိတ်မကောင်းစရာပင်။ထို့ကြောင့် အားကျောက်ခမျာ ကျန်းရှုယောင်ကိုပဲ ရှာတွေ့နိုင်ခဲ့သည်။
ရှဲ့ရွှင်း အပြစ်ရှိသလိုခံရပြီး အကူအညီမဲ့နေသည်။ သူ့လက်နှစ်ဖက်ကို ရှဲ့ကျောက်ဆီ ဖွင့်လိုက်ပြီး ခါတိုင်းလို ဝတုတ်လေး သူ့ရင်ခွင်ထဲသို့ ခုန်ဆင်းလာပြီး အမြင့်ကို မြှောက်ခိုင်းမည့်အချိန်ကိုစောင့်နေလိုက်၏။
စက္ကန့်အနည်းငယ်လောက် စောင့်ပြီးနောက် သူ့လက်များ တောင့်တင်းသွားရသည်။
(ကရော် ကရော်)
ရှဲ့ကျောက်က ဘာတုံ့ပြန်မှုမှမရှိဘဲ သူ့ကို စိုက်ကြည့်နေ၏။ သူက ပါးစပ်ထဲက အစာကိုမျိုချလိုက်ပြီး "မဟုတ်ဘူး" ဟု ပြောလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ ထပ်ပြောရန်စိတ်မဝင်စားတော့ဘဲ တူများကို တန်းပြီး အမြန် ကောက်ကိုင်ကာ စားတော့၏။
ပင်မအခန်းမှ ခြေလှမ်းတစ်ဒါဇင်အကွာတွင် ရပ်နေသော ရှဲ့ရွှင်း သူ့ဘဝတွင် လစ်လျူရှုခံရသည့်အရသာကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
---
[ETL ၏မှတ်ချက်– ရှုရှီ သို့မဟုတ် ကျောက်ရှီ ဟူသောအမည်၏နောက်ရှိ " ရှီ" သည် သူမလက်ထပ်မီက သူမမိသားစု၏အမည်ကို ရည်ညွှန်းသည်။ ရှုရှီ ဆိုသည်မှာ ရှုမိသားစုမှဖြစ်ပြီး ကျောက်ရှီဆိုသည်မှာ ကျောက်မိသားစုမှဖြစ်သည်။ MC ကို အခြားသူများက ကျန်းရှီဟုခေါ်သည်။ ဤသည်က အိမ်ထောင်ရှင်အမျိုးသမီးကို ရည်ညွှန်းလေ့ရှိသည့် နာမ်စားတစ်ခုဖြစ်၏။ ]