အပိုင်း ၆
Viewers 16k

Chapter 6


မာပိုတို့ဟူး နှင့် ပြုတ်ထားသော ငါးအသားလွှာ


သူ ဤမျှလောက်အများကြီး မစားသည်မှာ နှစ်အတော်ကြာပြီဖြစ်၏။


သူ့ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ကျန်းရှုယောင်နှင့်သူ့တူလေးနှစ်ယောက်က လေးတိလေးကန်ဖြင့် အရိုးမပါသကဲ့သို့ ဘေးကို ပျင်းရိစွာမှီနေကြပြီဖြစ်သည်။


ငယ်ငယ်လေးကတည်းက ဗိုက်ပြည့်နေသည်ဟု ခံစားရသည်အထိပဲ စားခဲ့ပြီး ယခင်က ဤမျှလောက်ပြည့်အောင် မစားဖူးသည့်အတွက် ကိုယ့်ခန္ဓာကိုယ်ကို မနိုင်တော့သည့် ကျန်းရှုယောင်ကို သူ နားမလည်နိုင်ပေ။


ရှဲ့ရွှင်း  မထိန်းနိုင်ဘဲ အပြစ်တင်ဆုံးမသည့်လေသံဖြင့်ပြောလိုက်မိ၏။


 "မင်းထိုင်နေတဲ့ပုံစံက ဘယ်လိုကြီးလဲ"


ကျန်းရှုယောင်က သူ့အား မလှုပ်မယှက် စိုက်ကြည့်နေသည်။


ရှဲ့ရွှင်း:  "..."


ခေါင်းကိုလှည့်၍ ကြည့်လိုက်သော်လည်း သူ့ဘေးနားတွင် လူငယ်တစ်ယောက်မျှ မတွေ့ရသဖြင့် အနည်းငယ် သက်သာရာရသွားသည်။


သက်ပြင်းချပြီးနောက်တွင် အနည်းငယ် အံ့သြသွားမိပြန်သည်။ ကျန်းရှုယောင်၏ အရိုးမပါသကဲ့သို့ ပျင်းရိနေသည့်အသွင်အပြင်ကို လူတစ်ယောက်မြင်မည်အား သူ အဘယ့်ကြောင့် စိုးရိမ်နေရသနည်း။ သူ သူမအစား ရှက်မိသည်။


ဤသည်ကို သူ လေးလေးနက်နက် မစဉ်းစားခဲ့ပေ။ ကျောပေါ်ရှိ ချွေးသီးလေးများက သူ့ကို အနည်းငယ် မူးဝေစေ၏။ဤမျှ ဝမ်းသာအားရ မစားခဲ့သည်မှာ ကြာခဲ့လေပြီ။


သူ ကျန်းရှုယောင်ကိုကြည့်ပြီး စကားပြောနေခြင်းကို ရပ်လိုက်သည်။


ရှုပ်ထွေးသော စိတ်ခံစားချက်များ ကျွမ်းထိုးမှောက်ခုံမလှုပ်ရှားလာမီ ကျန်းရှုယောင်က သူမ၏ ဗိုက်ကို ဆုပ်ကိုင်ကာ ညည်းလိုက်သည်။ရှဲ့ရွှင်း၏ စိတ်ခံစားချက်များ ချက်ချင်းပင် ကြေမွသွားကာ အဝေးကိုသာ တိုက်ရိုက်ကြည့်မိလိုက်တော့သည်။


"သူ့ကို ဟော်သွန်းလက်ဖက်ရည်တစ်ခွက် လုပ်ပေးလိုက်ပါ" 


သူ ပိုင်ကျီကို ပြောလိုက်သည် ။


"မလိုဘူး...ကျွန်မ ခဏလမ်းလျှောက်လိုက်မယ်" 


ကျန်းရှုယောင်က ထရပ်ပြီး ခြံထဲမှာ လမ်းလျှောက်ရန် ရုန်းကန်နေရသည့် ကလေးနှစ်ယောက်ကို ခေါ်သွား၏။


ရှဲ့ရွှင်း  သူမ၏နောက်ကျောကိုကြည့်ကာ အလွန်အကူအညီမဲ့သလိုခံစားလိုက်ရကာ ထိုကဲ့သို့သောအမျိုးသမီးကို မည်သို့ပြုစုပျိုးထောင်ရမည်ကို သူမ မသိတော့ပါချေ။


သို့ရာတွင်  မကြာခင် သူနားလည်လာပါလိမ့်မည်။


သုံးရက်မြောက်သောနေ့တွင် ရှဲ့ရွှင်း  ကမန်းကတမ်းဖြင့် အိမ်သို့ပြန်ရန် စောစောထခဲ့၏။ ခြံထဲသို့ရောက်သောအခါ ကျန်းရှုယောင် အခန်းထဲတွင် မရှိသည်ကို တွေ့လိုက်ရသည်။


သူမေးတော့မည်ပြုလိုက်စဥ်မှာ ကျန်းရှုယောင်က ပုလင်းသေးသေးလေးကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာ၏။


ရှဲ့ရွှင်း  မျက်မှောင်ကြုတ်မိသွားသည်။


"ဘာလို့ဒီလိုပြင်ထားတာလဲ"


ယနေ့တွင် ကျန်းရှုယောင်က ပို၍ဖြူစင်ပြီး ရိုးရှင်းသောပုံစံရှိပြီး သူမ၏မျက်နှာပေါ်တွင် အဖြူရောင်အမှုန့်အထူကြီးဖြင့် သွေးမရှိသလိုဖြစ်နေသည်။ နောက်စက္ကန့်တွင်ပဲ သူမ ချက်ချင်းလက်ငင်း ငိုချတော့မည့်အတိုင်း  မျက်နှာပေါ်တွင်  


စိတ်ညစ်နေဟန်မျက်ခုံးတစ်စုံက ထူးဆန်းစွာ  တွဲလောင်းကျနေ၏။ယင်းက သူမ၏ တောက်ပပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများနှင့် မလိုက်ဖက်ပါချေ။


ကျန်းရှုယောင်က  သူ့မျက်လုံးများ မည်မျှကျိန်းစပ်နေသည် မသိပေ။ သူမက မျက်ခုံးပင့်လိုက်ပြီး ယင်းတို့က ပို၍ပင်ထင်ရှားလာသည်။


 "ကျွန်မလား... ကျွန်မ ဒီနေ့အတွက် အထူးတလည်ပြင်ထားတာ... အမေက ဒါကို သဘောကျတယ်လေ "


ရှဲ့ရွှင်းကလည်း သာမန် အလှအရသခံစားတတ်မှုဖြင့် ပါရမီရှင်လူငယ်တစ်ဦး ဖြစ်သည်။ သူမကို ယခုလိုမြင်ရသည်က တကယ်ကို အဆင်မပြေပါချေ။ လက်ကိုင်ပုဝါကို ထုတ်ယူပြီး သူမမျက်ခုံးမွှေးကို သုတ်ပစ်ချင်နေမိသည်။


ကျန်းရှုယောင်က သူ့ကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်နေသလား၊မနေသလားကို ဂရုမစိုက်ပေ။ သူမက ပုလင်းငယ်လေးကိုယူကာ လှည်းပေါ်သို့တက်လိုက်သည်။


ရှဲ့ရွှင်း သူမက အလွန်အဖိုးတန်သကဲ့သို့ ပုလင်းငယ်လေးတစ်လုံးကို ကိုင်ဆောင်လာသည်ကို မြင်လိုက်ရသဖြင့် မျက်ခုံးမွှေးများဆီမှ အကြည့်လွှဲသွားခဲ့သည်။သူက  "အဲ့ဒါက ဘာလဲ" ဟု စိတ်ဝင်တစား မေးလိုက်သည်။


ကျန်းရှုယောင် ဂုဏ်ယူစွာဆိုလိုက်၏။


 "ဒါက ကော်နယ်ဆီပဲ..."


အောက်စိုက်ကျနေသော မျက်ခုံးများက ပို၍ပင်စိုက်ကျသွားသည်။


ရှဲ့ရွှင်း မနေနိုင်ဘဲ သူ့လက်ကိုင်ပုဝါကို နှိုက်မိတော့၏။ ကံကောင်းထောက်မစွာဖြင့် ကျန်းရှုယောင်က စိတ်မသက်မသာဖြစ်နေသော သူ့ကိုကယ်တင်ရန် ပထမဆုံးခြေလှမ်းကိုလှမ်းနိုင်ခဲ့သည်။


"အရသာမြည်းကြည့်ချင်လား" 


သူမက ထိုင်ချလိုက်ပြီး ပုလင်းငယ်လေးကိုကိုင်လိုက်ကာ ပိုင်ကျီက အလိုက်တသိဖြင့် တူတစ်ချောင်းပေးလိုက်၏။


ရှဲ့ရွှင်း သူမမျက်နှာမကြည့်ချင်သဖြင့် ပြီးပြီးရော ခေါင်းညိတ်ပြလိုက်သည်။


ကျန်းရှုယောင်  အဖုံးဖွင့်ရန် မစောင့်နိုင်တော့ဘဲ ရထားလုံးထဲသို့ စူးရှသောအနံ့များ ချက်ခြင်း ပြည့်လျှံလာသည်။


ရှဲ့ရွှင်း  ဤကဲ့သို့ အနံ့စူးရှသော "အစားအစာ" ကို တစ်ခါမျှ မတွေ့ဖူးသဖြင့် "ဒါက စားစရာလား" ဟု မတွေးတောဘဲမနေနိုင်ပေ။


"မှန်တယ်" 


ကျန်းရှုယောင်က  ဂုဏ်ယူဝမ်းမြောက်စွာ ခေါင်းညိတ်လိုက်သည်။


ရှဲ့ရွှင်း မျက်မှောင်ကြုတ်ကာ ငြင်းဆန်လိုက်သည်။ ကျန်းရှုယောင်က သူမ၏ နှုတ်ခမ်းများကို တွန့်ကာ အဖုံးကို "ခွက်" ခနဲအသံဖြင့် ပိတ်လိုက်သည်။


ရထားလုံးပေါ်မှာ စကားသံများတိတ်သွား၏။


ကျန်းရှုယောင်၏မိခင်သည် မြင့်မြတ်စွာမွေးဖွားလာသူဟု မယူဆနိုင်သော်လည်း သူမ၏ဘိုးဘေးများသည် စီးပွားရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဧကရာဇ်မင်းမြတ်နှင့် လက်တွဲကာ တော်ဝင်မိသားစုကို ကျောထောက်နောက်ခံဖြင့် ချမ်းသာကြွယ်ဝသည့် လူသိများသော စီးပွားရေးသမားတစ်ဦးဖြစ်လာခဲ့သည်။ယင်းက နောက်မျိုးဆက်များကို ပို၍ချမ်းသာကြွယ်ဝလာစေခဲ့၏။


အစေခံပိုင်ကျီ၏ အဆိုအရ သခင်မရှန်းယန်၏ အစာစားချင်စိတ်သည် သိပ်ပြီး ကောင်းမွန်ခြင်းမရှိပါဘဲ သူမ၏ ခန္ဓာကိုယ်က အားနည်းလာသည်။ သူမဘဝ၏ဒုတိယပိုင်းခြားတွင် ကောင်းမွန်သောဘဝတစ်ခုရရှိရန် သူမ၏မိသားစု၏ပံ့ပိုးကူညီမှုက မရှိမဖြစ်လိုအပ်လေသည်။ ထို့ကြောင့် ကျန်းရှုယောင် သခင်မရှန်းယန်၏ပေါင်ကို ပွေ့ဖက်ထားချင်သောကြောင့် အစားအသောက်ကနေ စတင်လိုခဲ့ပြီး ဤကော်နယ်ဆီအိုးကို အလျင်မြန်ကျိုလိုက်၏။


ယင်းက သခင်မရှန်းယန်မှာ ကျန်းမာရေးပြဿနာရှိ၍ မဟုတ်ပါချေ။ရှန်းယန်အိမ်တော်၏ အနောက်ခြံဝင်းမှာ ယင်းယင်းနှင့်ယန်ယန်တို့ဖြင့် တိုက်ခိုက်နေရင်း သူမ အစာစားချင်စိတ် ပျောက်ဆုံးသွားခြင်းပါပင်။ နှစ်အတော်ကြာ တိုက်ပွဲများ အပြီးမှာကား သူမ၏ အစာစားချင်စိတ်ကမကောင်းခဲ့ပါချေ။


[ET/N- "Yingying and Yanyan"၏ စာသားအတိုင်း ဘာသာပြန်ဆိုချက်မှာ "စာဝါငှက်နှင့်ပျံလွှားငှက်"ဖြစ်ပြီး ကိုယ်လုပ်တော် အမြောက်အမြား သို့မဟုတ် အချို့ကိစ္စများတွင် ပြည့်တန်ဆာများကို ရည်ညွှန်းသည်။]


နာမည်ကြီး အစားအသောက်ဘလော့ဂါတစ်ဦးအနေဖြင့် ကျန်းရှုယောင်က ကော်နယ်ဆီ အထူးမိတ်ဆက်ခြင်းအပါအဝင် ရှေးကျသော အစားအသောက်ဆိုင်ရာ အကြောင်းအရာများစွာကို ထုတ်ဝေခဲ့သည်။ တရုတ်နိုင်ငံသို့ ငရုတ်ကောင်းအစပ်ကို မိတ်ဆက်ခြင်းမပြုမီ ကော်နယ်က စီချွမ်ဟင်းလျာတွင် အစပ်ဟင်းခတ်အမွှေးအကြိုင်များ၏ အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။


"Compendium of Materia Medica" တွင် ကော်နယ်က အနံ့စူးရှပြီး ခါးသည်ဟု မှတ်တမ်းတင်ထားသည်။ဒေသခံများက ၎င်းကို ဩဂုတ်လမှာ  ခူးဆွတ်ပြီး အရည် ညှစ်၊သံပုရာသီးထည့်ကာ မွှေပေးကြ၏။ နာမည်က "အိုက်ယို" သို့မဟုတ် အစပ်ဆန်ဆီဖြစ်သည်။


ခံတွင်းတွေ့စေသည်များထဲတွင် စီချွမ်ဟင်းလျာက စာရင်း၏ထိပ် ပထမနေရာမှာ သေချာပေါက်ပါပင်။ကော်နယ်ဆီ၊ ဂျင်းနှင့် ငရုတ်ကောင်းတို့ဖြင့် စီချွမ်ဟင်းလျာ၏ စပ်သောအရသာကို ပြုလုပ်နိုင်သည်။


ရထားလုံးက ရှန်းယန်စံအိမ်သို့ တရွေ့ရွေ့သွားပြီး ရှဲ့ရွှင်းက  ရထားပေါ်မှ ဦးစွာထွက်လာခဲ့သည်။


သခင်ရှန်းယန်နှင့်သူ့မိန်းမက  တံခါးမှာ အစောကြီးကတည်းက  စောင့်နေကြသည်။ ရှဲ့ရွှင်းကိုတွေ့လိုက်သောအခါတွင် သူတို့၏မျက်နှာများ ကြည်လင်လာသည်။ ဤသူက သူတို့သားမက်ဖြစ်သည်ဟု တွေးမိသောအခါ နှစ်ယောက်သား မာန်တက်မိသလို သူ့ကိုဖျက်စီးမိ၍လည်း  အပြစ်ရှိသလိုခံစားကြရသည်။


ရှဲ့ရွှင်း သူတို့နှစ်ဦး၏မျက်လုံးများက အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသော်လည်း ၎င်းကိုမစဉ်းစားမီတွင် ကျန်းရှုယောင်ကို ရထားပေါ်မှဆင်းရန် ဦးစွာကူညီပေးခဲ့သည်။


လှည့်ကြည့်လိုက်သည်နှင့် သူကြက်သေသေသွားခဲ့၏။


ကျန်းရှုယောင်က ရထားလုံးထဲမှ ဆင်းလာစဉ် တုန်တုန်ယင်ယင်နှင့်ဖြစ်နေပြီး အားနွဲ့ကာ သနားစရာကောင်းသော မိုးမခကိုင်းကဲ့သို့  ခြေတင်ခုံပေါ်တွင် ပေါ့ပါးစွာ "လွင့်မျောနေသည်" ကို မြင်လိုက်ရသည်။


သူမ၏ မျက်ခုံးများက ပြားသွားကာ မျက်လုံးထဲတွင် ရေများမျောလွင့်နေလျက်  ခြင်တစ်ကောင်နှင့် ယင်ကောင်များကဲ့သို့သော အသံဖြင့်ဆိုလေ၏။


 "ဖေဖေ မေမေ"


ရှဲ့ရွှင်း၏ မတွေဝေ မယိမ်းယိုင်သော မျက်နှာသည် အံ့အားသင့်သော အကြည့်မျိုးဖြင့် ပြသ,ခဲ,လေသည်။ ဤလူက ရထားလုံပေါ်၌  ပုလင်းကိုကိုင်ကာ  လက်မလွှတ်တမ်း အားရပါးရစကားပြောခဲ့သော ကျန်းရှုယောင်နှင့်မတူကွဲပြား၍နေ၏။


သခင်မရှန်းယန်က ၎င်းကိုမြင်သောအခါ  ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ရှေ့တိုးကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။


 "ယောင်ယောင်..."


သူမက ကောင်းကောင်းမွန်မွန် ပြုမှူနေပြီး ရှန်းယန်အိမ်တော်ကို အရှက်မရစေသည်ကို မြင်သောအခါ ရှဲ့ရွှင်း ပြုံးပြပြီးပြောလိုက်၏။


 "သမီးလေးက အလိုလိုက်ခံထားရတော့ ပေါယွမ် အများကြီးသည်းခံရမှာပဲ"


ပေါယွမ်က ရှဲ့ရွှင်း၏ ငယ်နာမည်ဖြစ်သည်။


ရှဲ့ရွှင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး မြင့်မြတ်သော သခင်ငယ်လေး၏အသွင်အပြင်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူက အမြန်ဟုတ်ကြောင်းဆိုလိုက်ပြီး သခင်ရှန်းယန်၏နောက်ကနေ လိုက်၍ အိမ်တော်ထဲသို့ ခြေလှမ်းတစ်ဝက် ဝင်ကာ  သခင်ရှန်းယန်နှင့် ခဏကြာအောင် စကားစမြည်ပြောခဲ့၏။


ကျန်းရှုယောင်လည်း အိမ်ထောင်မပြုမီ သခင်မရှန်းယန်နှင့် အချိန်အနည်းငယ်ကြာအတူနေဖူးခဲ့သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူမမျက်နှာက သိပ်မကောင်းသည်ကိုတန်းမြင်ပြီး "မေမေဘာဖြစ်နေတာလဲ" ဟု စိုးရိမ်သောကဖြင့် မေးလိုက်သည်။


သခင်မရှန်းယန်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး  ခွန်အားကို အနည်းငယ်တိုးမြှင့်လိုက်သည်။ ခဏအကြာတွင်  သူမ မထိန်းနိုင်တော့ဘဲ မကျေမနပ် ညည်းညူတော့၏။


 "နင် သိပါတယ်...အနောက်ခြံဝန်းကတချို့က နင့်ကိုတွေ့ဖို့ အိမ်ရှေ့ကို လာချင်နေကြတယ်... အိမ်ထဲမှာ နှစ်ပေါင်းများစွာ ပြဿနာရှာတာကအဆင်ပြေတယ်...အခုသူတို့က  ဒီနေ့ နင့်ရှေ့ကိုတောင် ရောက်ချင်နေကြသေးတယ် ... သူတို့ရဲ့ မျိုးရိုးအမည်ကို တကယ်မေ့နေ ကြတယ်...အဲ့ဒါကို ငတုံးအဘိုးကြီးက တကယ်သဘောတူလိုက်တယ်လေ... ငါသူနဲ့ သေသေချာချာ မငြင်းခုံခဲ့ရင် ဒီနေ့ သူတို့ဆန္ဒအတိုင်း ဖြစ်မှာကို ငါကြောက်မိတယ်"


သူမက အသံကို လျှော့ထားပေမဲ့ ဒေါသ ထွက်လာသောအခါ အသံကမတိုးတော့ပေ။  သခင်ရှန်းယန်က  မကြားနိုင်သော်လည်း ထူးကဲသော အကြားအာရုံရှိသည့် ရှဲ့ရွှင်းက ရှင်းလင်းစွာကြားနိုင်လေသည်။


ကျန်းရှုယောင်က ဖြောင့်ဖြလိုက်၏။


 "မေမေ... စိတ်မတိုပါနဲ့..ဒေါသထွက်ဖို့ မထိုက်တန်ပါဘူး"


"စိတ်မပူပါနဲ့ ..ငါ ဒေါသ ထွက်နေပေမဲ့ သူတို့လည်း ဘာမှကောင်းတာရမသွားဘူး"


ရှဲ့ရွှင်း မလွှဲမရှောင်သာ ကြားလိုက်ရပြီး သူ့အရှိန်ကို အရှိန်မြှင့်လိုက်သည်။ ရှန်းယန်အိမ်တော်၏ အနောက်ခြံဝန်းသည် ကောလဟာလများအတိုင်း ရယ်စရာကောင်းပြီး သခင်မရှန်းယန်ကလည်း သာမန်သခင်မများနှင့် အလွန်ကွာခြားသည်။


"ဟုတ်တာပေါ့ ...မေမေက အကောင်းဆုံးပဲ" 


ကျန်းရှုယောင် သခင်မရှန်းယန်က နေ့စဉ်ပုံမှန်အတိုင်းပင် အနောက်ခြံဝန်းမှာ ကိုယ်လုပ်တော်များစွာနှင့် ရန်ဖြစ်ခဲ့ကြောင်းသိလိုက်သည်။ သခင်ရှန်းယန် မသေသေးသရွေ့ သခင်မရှန်းယန်က  သူတို့နှင့် အမြဲတမ်း ဆက်ဆံနေရမှာ ဖြစ်၏။နှစ်တွေအများကြီးကြာလာသည့်အခါမှာ ပျော်စရာကောင်းလာနိုင်ကောင်းလေသည်။


ရှန်းယန်အိမ်တော်တွင် လူမများသော်လည်း သခင်ရှန်းယန်က သူ့သားမက်ကို  အိမ်ရှေ့တွင်သာ ဧည့်ခံနေသည်။ ကျန်းရှုယောင်နှင့် သခင်မရှန်းယန်တို့က လက်ချင်းတွဲကာ အနောက်ခြံဝန်းကို သွားခဲ့ကြ၏။


အနောက်ခြံဝန်းကို ဝင်လိုက်သည်နှင့် သခင်မရှန်းယန်၏ မျက်နှာက တောက်ပလာသည်။ ယခုအချိန်တွင် ရှဲ့ရွှင်းနှင့် လက်ထပ်ခဲ့သော ကျန်းရှုယောင်က သူမ၏ ဆုတံဆိပ်ဖြစ်ပြီး သူမကို ရန်စရန် အမြဲခုန်ထွက်နေသော အနှီနတ်သမီးများသည် ယနေ့တွင် ၎င်းတို့၏ခြံဝင်းထဲတွင် တိတ်ဆိတ်စွာ ရှိနေကြသည်။


သူမ စိတ်ခံစားချက်များဖြင့် သက်ပြင်းချရင်းဆိုလိုက်၏။


 "ယောင်ယောင်... ဒီအမေရဲ့ နှစ်ပေါင်းများစွာ ထိခိုက်မှုတွေက နောက်ဆုံးတော့  ပြေလည်သွားပြီ...ဘယ်လိုပဲ စခန်းကို ထိုးနှက်နေပါစေ သူတို့ သမီးရဲ့ ခေါင်းပေါ်ကို ဘယ်တော့မှ လှည့်မနင်းနိုင်တော့ဘူး" 


ပင်မဝင်းအတွင်းသို့ ဝင်ကာ တံခါးခုံကို ဖြတ်ကျော်လာစဉ်တွင် သူမ၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး သူမ မတ်တပ်မြဲမြဲ မရပ်နိုင်လုနီးပါး ဖြစ်သွားသည်။


ကျန်းရှုယောင် သူမကို ကုလားထိုင်ပေါ် အမြန်ထိုင်ရန်ကူညီပေးပြီးမေးလိုက်၏။


"မေမေ... ဘာဖြစ်နေတာလဲ"   


သခင်မရှန်းယန်က   ခဏလောက် နှေးကွေးသွားပြီး လက်ကို ဝှေ့ယမ်းကာ "ဘာမှမဖြစ်ပါဘူး"ဟု ပြောလေသည်။  


သူမဘေးနားက အထိန်းတော်က ရှေ့ကိုတိုးပြီးရှင်းပြလာ၏။


 “သခင်မက ဒီရက်ပိုင်း အစာစားချင်စိတ် မရှိဘူးဖြစ်နေတာ...သခင်မလေး အိမ်ထောင်ကျပြီးကတည်းက ဂျုံယာဂု နှစ်ခွက်၊ သုံးခွက်လောက်ပဲ စားရသေးတယ်” 


ကျန်းရှုယောင်  သူမ၏စားချင်စိတ်အလွန်ကြီး မကောင်းမှန်းသိသော်လည်း ထိုမျှပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူမက သခင်မရှန်းယန်ကို စိုးရိမ်တကြီး ကြည့်နေခဲ့သည် ။ထိုသို့သောအကြည့်များကြောင့် သခင်မရှန်းယန်၏ နှလုံးသား နွေးထွေးသွားပြီး သူမခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်းဆိုလိုက်၏။


 "ယောင်ယောင်...သမီးအမေက သူ့ဘ၀မှာ အများကြီး မဆင်းရဲခဲ့ရဘူး... ငါ့မိသားစုက ချမ်းသာတယ်...ငါ့ဘိုးဘေးတွေ စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေက မျိုးဆက်တွေအထိ တည်တံ့နေလိမ့်မယ်... တစ်သက်လုံး ဒီဟာကို ထိုင်ဖြုန်းရင်တောင် ဘယ်တော့မှ မကုန်ဘူး...ဒါပေမဲ့ တစ်ခါတလေ  အိပ်မပျော်ဘဲ ငါ့မိသားစုရဲ့ ကြီးမားတဲ့ စီးပွားရေး ကျရှုံးမဲ့ နေ့တစ်နေ့ ရှိလာမလားလို့ တွေးမိတယ်...ဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး...ငါက စီးပွားရေးလုပ်တဲ့နေရာနဲ့ ပိုက်ဆံစုတာမှာတော်တယ်...ပိုက်ဆံတွေက ပိုပိုများလာတယ်..."


ကျန်းရှုယောင်:  "..."


"ဟေး...မေမေ နင်ပဲ ဖြစ်ချင်လိုက်တာ ငါ့သမီးလေးရယ်... ပိုက်ဆံအတွက် စိတ်ပူစရာ မလိုဘူး... အာဏာရဖို့အတွက် ထောက်ပံ့ပေးမဲ့အဒေါ်နဲ့ ဝမ်းကွဲတွေရှိတယ်...နင့်အဖေ အဲ့ဒီအကောင်ကိုတော့ ထည့်တွက်လို့မရဘူး...မေမေအစိုးရိမ်ဆုံးက နင့်ရဲ့အိမ်ထောင်ရေးပဲ...အခုနင်က ကောင်းကောင်းမွန်မွန်  အိမ်ထောင်ကျသွားပြီဆိုတော့ စိတ်သက်သာရာရသွားပြီ" 


သခင်မရှန်းယန်၏ လေသံက ပိုညင်သာလာ၏။


 "မေမေရဲ့ အရိုးတွေက ပိုပိုဆိုးလာတယ်..."


ကျန်းရှုယောင်၏ နှလုံးသားမှာ စိုးရိမ်ပူပန်လာပြန်သည်။


ထိုအချိန်တွင် အစေခံတစ်ယောက် ပြေးလာပြီး အထိန်းတော်ထံသို့ လှည့်ကာ တစ်ခုခုပြောလိုက်သည်။ အထိန်းတော်က ရှေ့သို့ တိုးလာကာ သခင်မရှန်းယန်၏ စကားကို ကြားဖြတ်ပြီး နားထဲတွင် တစ်စုံတစ်ရာ ပြောလိုက်သည်။


“အရိုးတွေ ပိုဆိုးလာ” သည့် သခင်မရှန်းယန်က အခုလေးတင်က ဖျားနာနေသည့် အသွင်အပြင်ကို ဖယ်ရှားလိုက်ပြီး လက်ဖဝါးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ရာ စားပွဲပေါ်က လက်ဖက်ရည်ဗန်း၊ သစ်သီးဗန်းနှင့် မုန့်ဘူးများက လေထဲမှာ ပျံတက်သွားပြီး စားပွဲပေါ်  တဖန်ပြန်ကျသွား၏။


"ကောင်းပြီ... ဒီအရေမရှိမျက်နှာမရှိတဲ့အုပ်စုက ငါ့ကို လာဆွဖို့ သတ္တိရှိတယ်ပေါ့လေ... ငါ သူတို့ရဲ့ အရေပြားကို ခွာမခွာ ကြည့်နေစမ်းပါ"  


သူမက ရုတ်တရတ်ထရပ်ကာ တရှူးရှူးဖြင့်  အော်ဟစ်လိုက်ပြီး သူမရှေ့တွင်ထိုင်နေသော ကျန်းရှုယောင်ကို လျစ်လျူရှုလိုက်သည်။ သူမက အစေခံများနှင့်အမျိုးသမီးတစ်အုပ်ကို ဦးဆောင်ကာ ပြေးထွက်သွားခဲ့သည်။


---


ကော်နယ်( Cornel)သည် dogwood သို့မဟုတ် cornus ဟုလည်းလူသိများပြီး မွှေးကြိုင်သည့်ချယ်ရီသီးများနှင့်တူသောအသီးဖြင့် ပန်းပွင့်သည့်အပင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ငရုတ်သီးကို လူသိများမမီတွင် စပ်သောအရသာအတွက် အဓိကအားဖြင့် ငရုတ်ကောင်း၊ ဂျင်းနှင့် ကော်နယ်ဟူ၍ သုံးမျိုးရှိသည်။]