အပိုင်း ၇
Viewers 18k

Chapter 7


ကျန်းရှုယောင်  တုံ့ပြန်နိုင်သောအခါတွင် သူတို့က ခြံဝင်းထဲမှ ထွက်သွားကြပြီဖြစ်သည်။


"သခင်မ"


 


ကျန်းရှုယောင် အကြာကြီး အေးခဲနေသည်ကို မြင်ပြီး ပိုင်ကျီက  တိုးတိုးလေးခေါ်လိုက်သည်။


ကျန်းရှုယောင်  သတိပြန်ဝင်လာပြီး ရယ်ရမလိုငိုရမလိုဖြစ်ကာ အကူအညီမဲ့စွာ  ခေါင်းခါလိုက်၏။


 "သွားရအောင်... မီးဖိုချောင်ကိုသွားမယ်"


ပိုင်ကျီက  မျက်တောင်ခတ်လိုက်ပြီး 


"ဟင်..."


"မေမေက အခုတလော အစာစားချင်စိတ် ပျောက်နေတယ်... ငါ တတ်နိုင်သလောက် သူ့အတွက် အရံဟင်းတွေ ချက်ပေးမလို့...ကျန်တာ....." 


သခင်မရှန်းယန်၏ ခုနက အကြမ်းပတမ်းပုံစံ တွေးပြီး သူမ တကယ်ကို ဘာမှသိပ်မတတ်နိုင်ပါချေ။


ပိုင်ကျီက  ခေါင်းညိတ်ပြပြီး သူမနောက်ကနေပင်မမီးဖိုချောင်သို့ လိုက်လာခဲ့သည်။ အစေခံတစ်ယောက်က ကော်နယ်ဆီ သယ်သွားပြီးပြီဖြစ်၏။


ကျန်းရှုယောင်က မီးဖိုချောင်ရှိ ပါဝင်ပစ္စည်းများကို လျင်မြန်စွာ ကြည့်လိုက်ပြီး စီချွမ်ဟင်းလျာ နှစ်မျိုးကို တွေးကာ သူမ၏ဝတ်ရုံလက်ကို လိပ်တင်၍ ချက်ခြင်း စတင်လိုက်သည်။


သူမပတ်ဝန်းကျင်ရှိလူတိုင်း ကြောက်ရွံ့ထိတ်လန့်သွားကြသည်။


"ဘာလုပ်နေတာလဲ ကြောင်တောင်တောင်နဲ့... အလုပ်သွားလုပ်" 


ကျန်းရှုယောင်က ပြောလိုက်သည်။


မီးဖိုချောင်တွင် ပုံမှန်လှုပ်ရှာများ ပြန်လည်စတင်လာခဲ့သော်လည်း မရေမတွက်နိုင်သော မျက်လုံးများက မီးဖိုချောင်ကို မတော်တဆ ဖြိုချမိမည်ကို စိုးရိမ်သောကြောင့် ကျန်းရှုယောင်ဆီသို့ ခဏပြီးခဏ ကြည့်နေခဲ့ကြသည်။


မင်းဆက်ကို တည်ထောင်ခဲ့သည့် ဧကရာဇ်မင်းက အလွန်စွမ်းဆောင်နိုင်သူဖြစ်ပြီး တာတမံများတည်ဆောက်ခြင်း၊ ကူးသန်းရောင်းဝယ်ရေး ပြုပြင်ပြောင်းလဲမှုများလုပ်ခြင်း၊ ရေကြောင်းကုန်သွယ်ရေးကိုဖွင့်လှစ်ခြင်းနှင့် တော်ဝင်စာမေးပွဲများကို တိုးမြင့်ပေးခဲ့သည်။သို့ရာတွင် အနှီခေါင်းဆောင်ကြီးက အစားအသောက်နှင့်  ပတ်သက်ပြီး တတ်ကျွမ်းသူကား မဟုတ်ခဲ့ပါချေ။တိုင်းပြည် မထူထောင်ခင်က ချက်ပြုတ်နည်းမှာ ရေလုံပြုတ်ခြင်းသာဖြစ်၏။ တိုင်းပြည်ကို ထူထောင်ပြီးသည့်နောက်မှာ ဟင်းချက်နည်းကို တီထွင်ခဲ့ကြသည်။ သူ့ကိုယ်၌က ပေါ့ပေါ့ပါးပါး အစားအသောက်သမားဖြစ်လေရာ ယခုခေတ်၏အစားအသောက်များကို ပေါ့ပါးပြီး အရသာရှိသည့်ဟင်းလျာများဆီ ရောက်သွားစေခဲ့၏။


ကျန်းရှုယောင်၏ အချက်အပြုတ်စွမ်းရည်က စားဖိုမှူးလောက် မကောင်းပေမဲ့ သူမက ချက်နည်းများကို ကောင်းကောင်းသိလေသည်။ သူမ၏ပုံစံကို နေ့တိုင်းပြောင်းနေလျှင်ပင် တစ်နှစ်မှာ သုံးရာခြောက်ဆယ့်ငါးရက်လောက် တူညီသည့်ဟင်းကို ထပ်စားနေစရာ မလိုပါချေ။


လူတိုင်းက သူမ၏ အရည်အချင်းကို မြင်ပြီး မှင်သက်သွားကာ အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ စမုန်စပါးကို မွှေကြော်လိုက်ပြီး မီးဖိုချောင်မှာ အစပ်နံ့များမွန်နေသည့်အခါ လူတိုင်းက စည်းမျဥ်းများကို လျစ်လျူရှုကာ  အချင်းချင်း တိုးတိုးလေး တီးတိုးပြောကြသည်။


ယခုတစ်ကြိမ်တွင် ဧည့်သည်နှင့်အိမ်ရှင်လေးဦးသာ ရှိသော်လည်း ဟင်းပွဲများမှာ ထူးကဲဆန်းစုံပြီး လက်ရာမြောက်လှပါသည်။သခင်မရှန်းယန်သည် အနောက်ခြံဝင်းတွင် ပြဿနာရှာနေသော လူများကို ရှင်းထုတ်ပြီးနောက် ခန်းမဆောင်ဆီသို့ အစေခံများနောက်ကနေ နောက်လိုက်နေသော ကျန်းရှုယောင်ဆီသို့ ပြေးသွားခဲ့သည်။


"နင့်ပေါ်က ဘာအနံ့လဲ" 


သူမ ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် ကျန်းရှုယောင်ကိုယ်ပေါ်မှာ အစပ်နံ့ပျပျကို ရလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။


သူမ ထပ်ပြီးတရားဟောချင်နေသည်ကိုမြင်သောအခါ ကျန်းရှုယောင် သူမလက်ကို အမြန်ပွေ့ဖက်ပြီးပြောလိုက်၏။


 "မေမေ အခုတလော အစာစားချင်စိတ်မရှိဘူးဆိုလို့...မေမေ့သမီးက မီးဖိုချောင်ကိုသွားပြီး မေမေ့အတွက် ဟင်းနှစ်မျိုး ချက်ခဲ့တယ်သိလား"


"နင့်မှာ နှလုံးသားရှိတာပဲ" 


သခင်မရှန်းယန်၏ လေသံက တခဏအတွင်း နူးညံ့လာသည်။


"နင့်ရဲ့စေတနာကြောင့် ဒီနေ့နင်ချက်ထားတာတိုင်းက အရသာရှိမှာပဲ.


သခင်မရှန်းယန် ရင်ထဲထိသွားပေမဲ့ သူမသမီးအကြောင်း သိလေသည်။ ခြံထဲကို ရောက်တဲ့အခါ ပထမဆုံးလုပ်သည်က အစေခံတစ်ယောက်ကို ယခုလို အမိန့်ပေးလိုက်ခြင်းဖြစ်၏။


 "သခင်မလေးလုပ်ထားတဲ့ ဟင်းတွေကို  နင်တို့သခင်ရှေ့မှာ ချလိုက်"


 (Lol)


သခင်ရှန်းယန်က ရှဲ့ရွှင်းနှင့် နော့သလန်ပုံစံအကြောင်း  စကားပြောနေသည်။ထိုစကားကိုကြားသောအခါ မျက်ခုံးလှုပ်သွားပြီး သခင်မရှန်းယန်ကို လှည့်ကြည့်လိုက်၏။


သခင်မရှန်းယန်က ရှဲ့ရွှင်း ရှေ့မှာ ကျန်းရှုယောင်ကိုမျက်နှာသာပေးလိုက်သည်။


"ဒီနေ့ ငါခံတွင်းပျက်နေလို့ ယောင်ယောင်က  ဟင်းနှစ်မျိုးကို အထူးတလည်ချက်ထားတယ်...အရမ်းသားသမီးဝတ္တရားကျေတာပဲ"


သခင်ရှန်းယန်က နှစ်ခါ ရယ်ပြီး ရှဲ့ရွှင်းဘက် လှည့်ကာဆို၏။


 "ဟားဟား...ယောင်ယောင်က အမြဲတမ်း ကိုယ်ကျင့်သီလရှိပြီး သားသမီးဝတ္တရားကျေပါတယ်ကွာ"


ရှဲ့ရွှင်း ၏အမူအရာမှာ မပြောင်းလဲဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။


သခင်ရှန်းယန်အနေဖြင့်  ပြောပြီးပြီဖြစ်၍ ကျန်းရှုယောင်က အဆိပ်လုပ်ထားလျှင်ပင်  တူများကို ကောက်ကိုင်ပြီး ချီးကျူးပေးရမှာ ဖြစ်လေသည်။


အစေခံများက ထမင်းစားခန်းထဲဝင်ပြီး အဖုံးကိုဖွင့်ကာ ချောမွေ့စွာ ရွေ့လျားနေကြ၏။


သခင်ရှန်းယန်၏ ရှေ့တွင် ချထားသော ပန်းကန်ပြားကို အဖုံးဖွင့်လိုက်သောအခါ မရင်းနှီးသော  အစပ်နံ့ပြင်းပြင်း နှင့် လတ်ဆတ်သော ရနံ့သည် ချက်ချင်း ပျံ့နှံ့သွားကာ လွန်ကဲသောအစပ် အရသာက လူတိုင်းကို မသိစိတ်မှ  တံတွေးမျိုချမိသွားစေသည်။


ကျန်းရှုယောင်ကမိတ်ဆက်ပေးလိုက်၏။


  "ဒီဟင်းက မာပိုတို့ဟူး... ဒီဟင်းက ငါးအသားလွှာပြုတ်" 


မာပိုတို့ဟူး၏ လက္ခဏာမှာ စပ်သည်၊ ကြွပ်သည်၊ မွှေးသည်၊ ပူပြီး နူးညံ့သည်။ တူညီသောအရွယ်အစားရှိသော တိုဟူးတုံးများကို စုပုံထားကာ ဆော့စ်က အနီရောင်တောက်တောက်ဖြစ်ပြီး နွေကြက်သွန်ကို အလယ်တွင်ဖြူးထားသည်။ အလယ်ဗဟိုကို ငရုတ်ကောင်းမှုန့်၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ လှီးထားသော နွေကြက်သွန်တို့ဖြင့် ဖုံးအုပ်ထားသည်။ပြင်ပြီးနောက် ဆီပူပူ လောင်းချကာ  ကြက်သွန်ဖြူ၏အစပ်နံ့ကို အပြည့်အဝ လှုံ့ဆော်ပေးထားသည်။


ပြုတ်ထားသော ငါးအသားလွှာများသည် မျက်နှာပြင်ပေါ်တွင် အနီတောက်တောက်ရောင် ဆီများဝေ့သီနေပြီး တစ်ကိုက်စားအရွယ်အတုံးများဖြင့် ပြည့်နေသည်။ အရောင်က အကြည်ရောင်ဖြစ်ပြီး အောက်ခြေမှာ နူးညံ့သည့်အဖြူရောင် ငါးအသားလွှာများနှင့်ပြည့်နေကာ အပေါ်ပိုင်းမှ နွေကြက်သွန်များ ဖြူးထား၏။ ပြင်းထန်သောအရောင်ခြားနားမှုသည် လူများကို အစာစားချင်စိတ်ဖြစ်စေသည်။


"ဖေဖေ... မြည်းကြည့်လို့ရမလား" 


ကျန်းရှုယောင်က  သခင်ရှန်းယန်ကို မျှော်တလင့်တကြီး ကြည့်လိုက်သည်။


မည်သို့ပင်ဆိုစေကာမူ အရောင်နှင့် အရသာသုံးမျိုးတွင် ပထမနှစ်ခုကို ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။ သခင်ရှန်းယန်က တူဖြင့် ငါးအသားတစ်ဖတ်ကို ကောက်ယူခဲ့သည်။ နူးညံ့သောငါးအသားလွှာက ဟင်းရည်ဖြင့်ထုပ်ပိုးထားပြီး အဖြူရောင်ကြွေပန်းကန်လုံးထဲသို့ ကျသွားသည်။ အနည်းငယ် တုန်သွားပြီး ပျော့ပြောင်းမှုအပြည့်ရှိနေသည်။


သူ့ပါးစပ်ထဲ ရောက်သွားသည်နှင့် တပြိုင်နက် လတ်ဆတ်သော အသားနှင့် အနည်းငယ်စပ်သော အရသာက လွှမ်းခြုံသွားသည်။ ငါးညှီနံ့လုံးဝမရှိပါဘဲ အသားလွှာတွင် ထူးခြားသောအရသာနှစ်ဆရှိသည်။ ပူနေသောငါးအသားလွှာက ထုံကျင်မှုကို ပြင်းထန်စေပြီး လျှာဖျားမှ လည်ချောင်းအထိ နွေးထွေးမှုစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။


သခင်ရှန်းယန်က ဘာမှ မပြောဘဲ စားသောက်နေပြီး  အဖတ်များစွာကို ဆက်တိုက်ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို သူတို့တွေ့လိုက်ရ၏။  စွဲလန်းသွားပြီးနောက် သူကစကားတစ်ခွန်းကို နာကျင်စွာ ဖွင့်ဟလိုက်သည်။ 


“အရမ်းကောင်းတယ်” 


သခင်မ သူမ၏ နှလုံးသားထဲတွင် အယုတ်တမာကြီးဟု ကြိမ်းမောင်းခဲ့သည်။ သူ့ရဲ့ဟန်ဆောင်နိုင်စွမ်းက တကယ်ကောင်းပေမယ့် အဲဒီစကားတိုလေးနှစ်ခွန်းက ဘာကိုဆိုလိုတာလဲ... ဘာလို့ စကားနည်းနည်း ထပ်မပြောတာလဲ... သူ့ရဲ့ ပုံမှန် မယားငယ်တွေကို ချော့တဲ့စွမ်းရည်က ဘယ်မှာလဲ...


သူမက အခြေအနေကို အလျင်အမြန် ချိုးဖျက်ပြီး "ကောင်းကောင်း စားပါ" ဟုပြုံးပြုံးလေး ပြောလိုက်၏။


ပြုတ်ထားသော ငါးအသားလွှာကို ကောက်ယူရန် တူများကို ရွှေ့လျားလိုက်သည့် သခင်ရှန်းယန်ကို သူမ၏ မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။သူမ မအံဩမိဘဲမနေနိုင်ပေ။အနှီအဘိုးကြီးက အလွန်ကိုမှ အကျင့်မကောင်းပေမဲ့ ဤတစ်ခါတွင် သူ့သမီး၏မျက်နှာအတွက် အများကြီး စတေးခဲ့သည်။


သို့သော် မျိုးရိုးမြင့်သခင်မလေးများက ဟင်းချက်ကောင်းရန် မလိုအပ်ဘဲ ဝတ်ကြီးဝတ်ငယ်ပြုတတ်ရုံနှင့် လုံလောက်၏။


သူမ သိုးသားဟင်းရည်တစ်ဇွန်းကို လှမ်းယူလိုက်သည်။ နုတ်နုတ်စင်းထားသော အသားကို အလွန်ဆိုးရွားစွာ ပြုတ်ထားပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားသော်လည်း အရသာမှာ စွန်းထင်းနေပြီး မပျောက်နိုင်ပေ။ သူမ  အရသာကို ဖိနှိပ်ရန် တူတစ်းစုံ အမြန်ကောက်ယူပြီး တရုတ်နံနံချဉ်ကို ယူလိုက်သည်။ နှစ်ကြိမ် ကိုက်ပြီးနောက် အစာစားချင်စိတ် ပျောက်သွားသည်။


ကျန်းရှုယောင်က အချိန်ကိုက် ဝါးမှိုနှင့် လတ်ဆတ်သော ပင်လယ်ခရုတို့ပါသော ကြက်စွပ်ပြုတ်ပန်းကန်ကို ယူ၍ပြောလိုက်၏။


 "မေမေ... ဒီကြက်စွပ်ပြုတ်ကို ထင်းမီးနဲ့ အကြာကြီး ကျိုထားတာ...  ဆီအလွှာပါးပါးကိုခေါက်ဆွဲပေါ်မှာ တင်ပြုတ်ထားတယ်...အရမ်းလတ်ဆတ်လို့ သမီးဆို လျှာကိုတောင် မျိုချမိတယ်...စားကြည့်ပါ"


သူမက ဖျောင်းဖျလာသည့်အတွက် သခင်မရှန်းယန် အစာစားချင်စိတ်မရှိသည့်တိုင် မငြင်းနိုင်ပေ။ သူမ တစ်ငုံသောက်လိုက်သည်။ တကယ်က အရသာအပြည့်ရှိသည့် ကြက်စွပ်ပြုတ်ဖြစ်ပေမဲ့ သူမအတွက် သောက်နေကျဖြစ်သဖြင့် ငြီးငွေ့စရာကောင်းသည်ဟု ခံစားရ၏။


"ဖေဖေ"


 ကျန်းရှုယောင်က သခင်ရှန်းယန်ကို ကြက်စွပ်ပြုတ်တစ်ပန်းကန်ပေးကာ  ဝတ်ကြီးဝတ်ငယ်ပြုတတ်သည့် သမီးလေးအဖြစ် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ခဲ့သည်။


သခင်ရှန်းယန်က ၎င်းကို အလွန်နှစ်သက်သည်။ သူ့နဖူးပေါ်မှ ချွေးအလွှာပါးလေး ပေါ်လာပြီး သူ့လျှာက အနည်းငယ်ထုံနေကာ အစပ်အရသာကို မြည်းစမ်းပြီးနောက် မရပ်တန့်နိုင်တော့ပေ။


"ဘာဟင်းရည်သောက်စရာရှိသေးလဲ... ဒီကိုလာ... ဝိုင်ယူလာခဲ့စမ်း"


သခင်မရှန်းယန် နောက်ဆုံးတွင် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိပြီး အရောင်တောက်တောက် ဟင်းအမယ်နှစ်ခုကို အနည်းငယ် တစ်ချက်ကြည့်လိုက်သည်။ ကျန်းရှုယောင်က သူမအတွက်မာပိုတို့ဟူး တစ်ဇွန်းကို အများသုံးဇွန်းဖြင့် ချက်ချင်း လှမ်းယူပေးလိုက်သည်။


တို့ဟူးက လတ်ဆတ် နူးညံ့ပြီး နီညိုရောင် ဆော့စ်ဖြင့်ဖုံးလွှမ်းထားကာ ကြည်လင်ပြတ်သားသော ထမင်းဖြူနှင့် တွဲဖက်ထားသောကြောင့် အရသာဘယ်လိုရှိလဲဟု လူအများကို သိချင်လာစေသည်။


သူမ မာပိုတို့ဟူးနှင့်ရောထားသည့် ထမင်းကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်၏။


ပထမဆုံး တုံ့ပြန်မှုမှာ ပူသည်။ ပျစ်အောင်လုပ်ရာတွင်သုံးသော ကော်ရည်က တို့ဟူး၏အပူချိန်ကို ထိန်းသိမ်းထားပြီး ကော်နယ်အရသာကို ပိုကောင်းစေသည်။ ပူခြင်း မဟုတ်ဘဲ တရွရွ ထုံခြင်းဖြစ်နိုင်၏။ မွှေးကြိုင်ပြီး ပြင်းရှသော ကော်နယ်အရသာက အရသာခံဖုများကို နိုးကြားစေသည်။ ပျော့ပျောင်းပြီး သန့်စင်ထားသော ထမင်းက ခံတွင်းထဲတွင် အရည်ပျော်သွားသော တို့ဟူးပျော့နှင့် လိုက်ဖက်နေသည်။ အရသာက ပြည့်လျှမ်းပြီး မျိုချပြီးသည့်အထိ ပါးစပ်ထဲမှာ အဆုံးမရှိ အရသာရှိနေတုန်းပါပင်။


သူမ ကျန်းရှုယောင်ကို တအံ့တသြကြည့်လိုက်၏။ အပြုံးများဖြင့် ပြည့်နေသော မျက်လုံးများကို မြင်လိုက်ရသောအခါ သူမ ချက်ချင်း သဘောပေါက်သွားသည်။


ကိုယ့်သမီးအကြောင်းကို သိသည့် မိခင်တစ်ယောက်အနေဖြင့် ဤကောင်မလေး  စားဖိုမှူးတစ်ယောက်ရှာတွေ့ထားခြင်း ဖြစ်ရမည်။ သူမကိုယ်တိုင် ချက်ထာသည်ဟု လိမ်ညာခဲ့ပေမဲ့ ဤအမေက အများကြီး ပိုထက်မြက်နေ၏။


သူမက ရှဲ့ရွှင်းကို မော့ကြည့်လိုက်သည်။


 "ကောင်မလေးရဲ့  ညံ့ဖျင်းတဲ့လက်ရာ"ကဲ့သို့သော စကားအနည်းငယ်ပြောတော့မှာဖြစ်ပေမဲ့ ရှဲ့ရွှင်း  ၏ရှေ့က ထမင်းဖြူပန်းကန်က တစ်ဝက်လောက်လျော့နေသည်ကို သူမမြင်လိုက်ရ၏။


ထို့နောက် သူမ  ပြုတ်ထားသော ငါးအသားလွှာများကို မျက်နှာကြီးနီလျက် အဆက်မပြတ် ဆယ်နေသော သခင်ရှန်းယန်၏ တူများကို ကြည့်လိုက်သည်။


သူမ၏ စကားများက လည်ချောင်းထဲတွင် တစ်ဆို့နေပြီး သူမလည်း သိပ်မထိန်းနိုင်တော့သောကြောင့် ပန်းကန်လုံးထဲသို့ မာပူတိုဟူး အနည်းငယ်ကို ခပ်မြန်မြန် ကောက်ထည့်လိုက်သည်။


သူမ မွှေပြီး အလုတ်ကြီးတစ်လုတ် မျိုချလိုက်သောအခါပို၍ပင်  အရသာရှိသွားသည်။သူမ ခုနလေးက  အစားစားချင်စိတ်မကောင်းသည်ကို မေ့သွား၏။


ရှဲ့ရွှင်း၏ ထမင်းပန်းကန်က မကြာမီပင် ပြောင်လက် သွားသည်။ ထမင်းစားနေသည့် သူ့အမူအရာက တင့်တယ်ပြီး လျောက်ပတ်၏။ သူထမင်းစားပြီးသွားသော်လည်း သူစားသည်က အလွန်မြန်ပြီး သူ၏ကျက်သရေရှိမှုကို ဆုံးရှုံးသွားသည်အား မည်သူမှ သတိမထားမိလိုက်ပါချေ။


ပြောင်စင်သွားတော့မည် အရံဟင်းပန်းကန်များကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကြုတ်ကာ သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။ ၎င်းနောက်   သခင်ရှန်းယန် ပြီးမည့်အချိန်ကို ငြိမ်သက်စွာ ထိုင်စောင့်နေလိုက်သည်။


သူက ချောမောပြီး အေးစက်သော စိတ်ထားဖြင့် မွေးဖွားလာခဲ့သည်။ ဤအခိုက်အတန့်တွင် သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည့်အတွက် သူ၏ဂရုမထားသောဟန်ပန်က ပိုမိုလေးလံလာကာ အနီးနားတွင် ရပ်နေသော အမျိုးသမီးအစေခံ များကို ခိုးကြည့်မိစေခဲ့သည်။


ဤကဲသို့ အမတသဖွယ်သမက်တစ်ယောက်က အဘယ်ကြောင့် စိတ်ပူပန်နေပုံရသည်ကို မသိပါချေ။


“အမတသဖွယ်သမက်”ကဟင်းရည်ခွက်ကို လှမ်းကြည့်လိုက်သည်။ ပူစပ်စပ်နဲ့ တစ်ခွက်လောက် သောက်ချင်လိုက်တာ...


မျိုးရိုးမြင့်များက 80%အထိသာဗိုက်ပြည့်အောင် ထိန်းသိမ်းရန် အာရုံစိုက်လေ့ရှိသော်လည်း ယနေ့တွင် လူများစွာက အလွန်စားကောင်းကြပြီး ကျန်းရှုယောင်ကလည်း အပျင်းတစ်ပြီး အရိုးမရှိသော အသွင်အပြင်ကို ထပ်မံဖော်ပြခဲ့သည်။


သူတို့နှစ်ဦး သခင်နှင့်သခင်မရှန်းယန်တို့အား နှုတ်ဆက်ကာ အိမ်သို့ပြန်ခဲ့ကြသည်။ နေ့ခင်းဘက်နေက နေက အလွန်ပူသဖြင့် မျက်လုံးမဖွင့်နိုင်လောက်အောင်ပါပင်။


Xxxxx