အပိုင်း ၈
Viewers 16k

Chapter 8


နှစ်လွှာ နို့ပူတင်း


ရှဲ့ရွှင်း  သူမအနားသို့ လျှောက်သွားလိုက်ရာ သူမ၏ပုံစံကို မြင်လိုက်ရသည်။ သူမကို မကျေမချမ်းဖြစ်မိသော်လည်း အရှိန်လျှော့လိုက်ဆဲဖြစ်ပြီး ပူပြင်းသည့် နေရောင်အောက်မှာ အိမ်အပြင်ဘက်၌ ဖြည်းညှင်းစွာ လျှောက်နေခဲ့၏။


"မင်းခုနက ဒီဟင်း နှစ်မျိုးကို တကယ်ချက်ခဲ့တာလား" 


ရှဲ့ရွှင်းက လမ်းလျောက်ရင်း မေးလိုက်သည်။


ကျန်းရှုယောင်က ပေါ့ပေါ့ပါးပါးဆို၏။


 "ဟုတ်တယ်"


ရှဲ့ရွှင်း ကျန်းရှုယောင် နှင့် ယခုလေးတင် စကားပြောမိသည့်အတွက် နောင်တရကာ သူ့စကားများကို တဖန်မျိုချလိုက်သည်။ နေရောင်ကြောင့် သူတကယ်ကို မျက်စိကျိန်းနေ၏။


သူ အရှိန်မြှင့်ပြီး ကျန်းရှုယောင်ကို အလျင်အမြန် ချန်ထားခဲ့လိုက်သည်။


ကျန်းရှုယောင် သူ့နောက်ကျောကိုကြည့်ပြီး "နားကိုမလည်နိုင်ဘူး" ဟုတိုးတိုးလေးပြောလိုက်၏။


သခင်ရှန်းယန်၏စံအိမ်နှင့် မြို့စားရှဲ၏အိမ်က မဝေးလှပါဘဲ ရထားလုံးက တလှုပ်လှုပ်ဖြင့်  ထွက်ခွာသွားသည်။ ကျန်းရှုယောင်က  ကန့်လန့်ကာထောင့်ကိုဖွင့်လိုက်ပြီး ခေါင်းငုံ့ကာ အပြင်ကိုကြည့်လိုက်သည်။ ရှဲ့ရွှင်းက  သူမကို လုံးဝမမေးဘဲ တားရန် ပျင်းနေခဲ့၏။


လမ်းတစ်လျှောက်မှာ အိမ်ကြီးများကလွဲ၍ ဘာကိုမှ ကြည့်စရာမရှိပါချေ။ ကျန်းရှုယောင် ကန့်လန့်ကာများကို ချခါနီးမှာ သစ်သားလှည်းတစ်စီးက သူမရှေ့က ဝင်လာပြီး အိမ်တော်တစ်ခု၏ နောက်ဖေးတံခါးဆီ ထောင့်စွန်းဘက်ကို လှည့်နေသည်အား တွေ့လိုက်၏။


ယင်းက ထူးဆန်းသဖြင့် သူမ မေးလိုက်သည်။  “အဲ့ဒါက ဘာလဲ” 


ပိုင်ကျီက  သေချာမသိပေမဲ့ ရထားရှေ့မှာထိုင်နေသည့် လူငယ်က ပြန်ဖြေ၏။ 


"သခင်မကို ပြန်ဖြေရရင် ဒါက ဆိတ်နို့ပို့ပေးတဲ့ ရှီးရှီက ဟွေ့ပြည်သူ့ဆိုင်ကပါ"


"ဆိတ်နို့လား" 


ကျန်းရှုယောင်၏ မျက်လုံးများ တောက်ပလာသည်။


 "နို့ရှိတယ်ပေါ့"


"ဟွေပြည်သူ့ဆိုင်မှာ နို့ရှိပေမဲ့ စျေးကြီးတယ်..


အိမ်က စတုတ္ထသခင်လေးက နွားနို့တချို့သောက်လေ့ရှိတယ်"


ဤမင်းဆက်တွင် ဧကရာဇ်မင်းက စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးကို ပြုပြင်ပြောင်းလဲခဲ့ပြီး အလယ်ပိုင်းလွင်ပြင်နှင့် မြို့တော်တို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသောကြောင့် နို့ထွက်ပစ္စည်းများကို အလယ်ပိုင်းလွင်ပြင်သို့ စောစော  မိတ်ဆက်ပေးနိုင်ခဲ့သည်။


ထန်မင်းဆက်တွင် ဒိန်ခဲ(ချိစ်)နှင့် အခြားဒိန်ခဲထုတ်ကုန်များသည် နယ်စပ်ရှိ တိုင်းရင်းသားလူနည်းစုများမှ ထန်မင်းဆက် တော်ဝင်မိသားစုအား ဆက်သခဲ့ကြခြင်းဖြစ်သည်။ အချို့သော ဆေးဆရာများက နွားနို့ကို အာဟာရဖြစ်စေသော အစာအဖြစ်လည်း ဖော်ပြခဲ့သည်။


စာအုပ်တစ်အုပ်ထဲတွင် တစ်ခါက မှတ်တမ်းတင်ထားသည်မှာ "နွားမှ နွားနို့၊ နို့မှ ထောပတ်၊ ထောပတ်မှမုန့်၊ မုန့်စိမ်းမှ ချက်ထားသောမုန့်၊ ချက်ပြုတ်ထားသော မုန့်မှ ဆီ" ဟူ၍ မှတ်တမ်းတင်ထားသည်။ ယခုအချိန်တွင် သူတို့က သန့်စင်ထားသော ထောပတ်ကို ဂီးထောပတ်လုပ်နည်းအားသင်ယူခဲ့သည်။နို့မှုန့်၊ ဒိန်ခဲ၊  နို့ခြောက်၊ အချဥ်ပေါက်ထားသောဒိန်ခဲနှင့် အခြားသော နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့် နည်းလမ်းများကိုကား ထည့်ပြောစရာပင်မလိုပါချေ။


နို့ထွက်ပစ္စည်းများကို မဆိုထားနှင့် ၊ နွားနို့သည် ရိုးရှင်းပြီး အရသာရှိသော အချိုပွဲများစွာကို ပြုလုပ်နိုင်သည်။


ဥပမာ- ခေတ်လူငယ်တွေ ကြိုက်သည့် နို့လက်ဖက်ရည်။ လက်ဖက်ရည်မှာ ဘလက်တီး၊ရင်းတီး ၊ အူလုံတီး စသဖြင့် အမျိုးစားများစွာရှိ၏။ နွေရာသီမှာရေခဲမုန့် နှင့်  ဆောင်းရာသီမှာ တာရိုဘောလ်နို့ရှိပြီး တစ်ကိုက်စားပြီးနောက် ပျော်ရွှင်မှုကို ခံစားရလိမ့်မည်ပင်။


ကျန်းရှုယောင် ချက်ချင်းပဲ ပိုင်ကျီကို ညွှန်ကြားလိုက်၏။


 "ငါလည်း နို့လိုချင်တယ်" 


 


ထို့နောက် သူမသ အချိုပွဲအတွက် လိုအပ်သည့်ခရင်ကို စဉ်းစားကာ အသေးစိတ်ရှင်းပြပြီး ပိုင်ကျီ ဟွေ့ပြည်သူ့ဆိုင်သို့ စုံစမ်းမေးမြန်းခိုင်းခဲ့သည်။


ပိုင်ကျီက သဘာဝအတိုင်း ခေါင်းညိတ်သည်။


ရထားလုံး မြို့စားရှဲ့အိမ်တော်သို့ရောက်သောအခါ စိတ်လှုပ်ရှားနေသော ကျန်းရှုယောင်တစ်ယောက် ခြေတင်ခုံပင်မလိုအပ်ဘဲ သူမ၏စကတ်အကြီးကြီးနှင့် တိုက်ရိုက်ခုန်ချသွားသည်။


ရှဲ့ရွှင်း သူတို့နှစ်ဦးက သခင်ရှန်းယန်၏အိမ်တော်တွင် လူခွဲသွားသည်ကို မြင်လိုက်သဖြင့် သူမကို အကြိမ်အနည်းငယ်မျှ မကြည့်ဘဲမနေနိုင်ပေ။ ထို့နောက် သူ၏တူအကြီးဆုံးဖြစ်သူ ရှဲ့ရယ် နှင့် သူ၏ဒုတိယတူဖြစ်သူ ရှဲ့ဟောင်တို့ကို သူတို့နောက်မှ အိမ်တော်သို့ ပြန်လာသည်ကို တွေ့လိုက်ရသည်။


သူ့မျက်နှာက တောင့်တင်းသွားပြီး ကျန်းရှုယောင်က သူ့တူနှစ်ယောက်ရှေ့မှာ အရှက်ကွဲသွားသည့်အတွက်  အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရ၏။


ရှဲ့ရယ် နှင့် ရှဲ့ဟောင်လည်း အနည်းငယ်ရှက်သွားပြီး ရှေ့တိုးကာ သူတို့ကို နှုတ်ဆက်လိုက်သည်။ 


 "တတိယဦးလေး...တတိယအဒေါ်" 


နှုတ်ဆက်ပွဲအပြီးတွင် ကျန်းရှုယောင်က ယနေ့ ထူးထူးခြားခြား ဝတ်စားဆင်ယင်ထားသည်ကို သူတို့တွေ့လိုက်ရသည်။ သူတို့ မနေနိုင်ဘဲ  သူမကို နောက်ထပ် အကြိမ်များစွာကြည့်မိလိုက်ကြပြီး  ၎င်းနောက် အေးခဲသွားကြသည်။ မနှစ်က နွေဦးရာသီမှာ ရေကန်ကို သွားလည်တုန်းကအချိန်ကို အမှတ်တမဲ့ သတိရသွား၏။ကျန်းရှုယောင်က ထိုစဥ်ကလည်း  ဤကဲ့သို့ ၀တ်စားဆင်ယင်ပြီး ညီအစ်မငယ်တစ်အုပ်ကြီးနှင့်အတူ ကဗျာနှင့် စာပေအသိုင်းအဝိုင်းမှ လူငယ်လူရွယ်များကို ချောင်းကြည့်ကာ အရှက်ရစေခဲ့သည်။ သူတို့သည်လည်း “အနှောင့်ယှက်” ခံခဲ့ရသော ထိုအဖွဲ့ထဲတွင် ပါ၀င်ခဲ့သည်။


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကမန်းကတန်း ပြေးထွက်သွားကြပြီး တတိယဦးလေးကိုလည်း ပို၍ပင် စာနာမိသွားကြ သည်။


ရှဲ့ရွှင်း သူတို့၏ မျက်နှာများကို ကြည့်ရုံမျှဖြင့် သူတို့တွေးနေသည်ကို ခန့်မှန်းနိုင်ပြီး သူ၏အမူအရာမှာ အေးစက်လာသည်။


ကျန်းရှုယောင်က ထိူကိစ္စကို လုံးဝမသိလိုက်ဘဲ အိမ်ထဲကို အမြန်ပြန်သွားခဲ့၏။


 "မျက်နှာပေါ်က အမှုန့်တွေက သိပ်အဆင်မပြေဘူး...မျက်နှာကို မြန်မြန်ဆေးရမယ်"


ရှဲ့ရယ်နှင့်ရှဲဲ့ဟောင်တို့ လမ်းခွဲပြီး ရှုရှီကို အရင် တွေ့ရန် ပင်မအခန်းကို သွားခဲ့သည် ။ ခြံထဲသို့ လှမ်းဝင်လိုက်သည်နှင့် သူတို့ ရှုရှီ၏အော်ဟစ်သံကိုကြားလိုက်ရ၏။


 "သူတို့ ဘယ်မှာလဲ...ငါ နင့်ကို ဂရုစိုက်ခိုင်းခဲ့တာ မဟုတ်ဘူးလား"


ရှဲ့ရယ် အနည်းငယ် အံ့သြသွားသည်။ သူ့အမေက ပညာတတ်မိသားစုမှ ထူးချွန်သောမိန်းကလေးဖြစ်ပြီး စည်းကမ်းနှင့် ကျင့်ဝတ်များကို အလေးပေးဆုံးဖြစ်သည်။ ငယ်ငယ်လေးကတည်းက သူမအသံကိုမြင့်သည်အား မကြားခဲ့ရဖူးပေ။


"အမေ..." 


သူ ရှုရှီထံသို့ လျင်မြန်စွာ လျှောက်လာခဲ့သည်။


ရှုရှီ သူ့ကိုမြင်သော ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုမျိုး စိုးရိမ်တကြီးနှင့်စိုလာ၏။ 


"မြန်မြန်သွား...မင်းညီတွေကို ပြန်ဖမ်းခေါ်ခဲ့"


"အားကျောက် နဲ့ အားယောင်လား" 


ရှဲ့ရယ် အံ့သြသွားသည်။


ရှုရှီက စိတ်တွေတိုပြီး ခြေဆောင့်တော့မတတ်ပင်။


 "ဟုတ်တယ်... မြန်မြန်သွား...သူတိုကို မင်းရဲ့ တတိယအဒေါ့်ခြံဝင်းကို မသွားစေနဲ့" 


 


တစ်အိမ်လုံးရှိလူတိုင်းက ကျန်းရှုယောင်ကို ရှောင်နေကြပြီး ရှဲ့ကျောက်နှင့်ရှဲ့ယောင်က ကျန်းရှုယောင်၏ခြံဝင်းကို အမြဲသွားချင်နေခဲ့ကြသည်။ ထိုနေ့တွင် သူတို့ပြန်လာပြီးနောက် ရှုရှီသူတို့ကို အထူးသတိထားပြီး လှည့်ပတ်ပြေးခွင့်မပြုခဲ့ပေ။ ကျန်းရှုယောင်က ယနေ့တွင် အိမ်သို့ပြန်သွားသဖြင့် သူမ စိတ်သက်သာရာရစွာ သက်ပြင်းချကာ သူမကိုယ်ပိုင်ကိစ္စများနှင့်  အလုပ်ရှုပ်နေခဲ့သည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ကောင်လေး နှစ်ယောက်က လစ်ထွက်သွားကြပြီဖြစ်သည်။


ရှဲ့ရယ် မေးချင်နေသေးပေမဲ့ ရှုရှီ မျက်နှာမကောင်းသည်ကို မြင်ရာတွင်  သူ ပါးစပ်ပိတ်ပြီး ကြောင်တက်တက်နှင့်  သူ့ညီများကို  လိုက်ရှာရန် ထွက်လာခဲ့၏။ 


အခြားတစ်ဖက်တွင် ကျန်းရှုယောင်က မုန်လာဥနီခေါင်းသေးသေးလေးနှစ်လုံးတဖြစ်လဲ ဝတုတ်လေးနှင့်ဖလံလေးကို စိုက်ကြည့်ကာ မေးလိုက်သည်။


 "မင်းတို့ ဘာလို့ဒီကိုရောက်နေတာလဲ"


အားကျောက် လူကြီးလေးလို ဆိုလာ၏။ "တတိယအဒေါ်က သားတို့ကို မကြိုဆိုဘူးလား"


လက်ထဲတွင် ဝါးကျည်တောက်ကိုကိုင်ထားသော အားယောင်ကလည်း ခေါင်းညိတ်လိုက်သည်။


ကျန်းရှုယောင်က ကလေးများနှင့် ကောင်းမွန်စွာ ပေါင်းသင်းနိုင်သည်ဖြစ်ရာ ထိုစကားကိုကြားပြီးနောက် ပြုံးကာပြောလိုက်၏။


 "မင်းတို့  ဒီမှာ ထမင်းစားဖို့ လာတာ မဟုတ်ဘူးလား"


အားကျောက်က တခစ်ခစ် ရယ်မောလိုက်သည်။


သူမ အားယောင်၏လက်ထဲက ဝါးကျည်တောက် ဆီသို့ သူမအကြည့်ကိုရွှေ့ပြီးမေးလိုက်သည်။ 


"ဒါကဘာလဲ"


အားကျောက်ကပြန်ဖြေ၏။


 "နွားနို့...ဆရာဝန်က မှန်မှန်သောက်ရင် ခန္ဓာကိုယ်ကို သန်မာစေတယ်တဲ့"


"ဟုတ်တယ်" 


အားယောင်က ခေါင်းညိတ်ပြီး ဝါးအဖုံးကို မလိုက်သည်။ တစ်ငုံသောက်ပြီးနောက် သူ့မျက်နှာငယ်လေး ရှုံ့တွသွားကာ အဖုံးပြန်ပိတ်လိုက်သည်။


"ဘာလို့မသောက်တာလဲ" 


ကျန်းရှုယောင်က သူ့ကိုမြင်သည့်အခါ မေးလိုက်၏။


ဤတစ်ခါတွင် အားယောင်က သူ့ဘာသာသူဖြေလာပြီး သူ့အသံက ခြင်တစ်ကောင်လို တိုးညှင်းနေကာ ဖြည်းညှင်းစွာပြောသည်။ 


"သောက်ရခက်တယ်" 


သူက ပုသေသေးလေးဖြစ်ပြီး ကျန်းရှုယောင်ကို မော့ကြည့်လာ၏။ သူ၏အဖြူအမည်းမျက်လုံးများက စိုစွတ်နေပြီး ကျန်းရှုယောင်  တခဏအတွင်းမှာပဲရင်ထဲထိသွားရာ နှလုံးသားလေး နွေးထွေးသွားရသည်။


 "ဒါဆို တတိယအဒေါ်က မင်းကို နွားနို့နဲ့ အချိုပွဲ လုပ်ပေးရမလား"


သူမက ဝါးကျည်တောက်ကိုယူကာ အဖုံးကိုဖွင့်ပြ အနံ့ခံလိုက်သည်။ နို့နံ့က တကယ့်ကိုညှီလှသည်။


ဘန်းမုန့်သေးသေးလေးနှစ်ခုကိုခေါ်ပြီး မီးဖိုချောင်ထဲသို့ဝင်ကာ ကျန်းရှုယောင်  နွားနို့ကို ဗာဒံစေ့နှင့် စံပယ်ပန်းလက်ဖက်ရည်တို့ဖြင့် အပူပေးကာ နို့ထဲရှိ အညှီနံ့များကို ဖယ်ရှားပေးလိုက်သည်။ ထို့နောက်  နို့ကို အအေးခံထားစဥ်မှာ ကြက်ဥအကာများကိုပြင်ဆင်နေခဲ့၏။


သူမ ထိုနေရာတွင် နှစ်လွှာနို့ပူတင်းပြုလုပ်ရန် အလုပ်ရှုပ်နေချိန်မှာ ရှဲ့ရယ်က သူ့ဦးလေး၏ စာကြည့်ခန်းသို့ အမြန်သွားခဲ့သည်။ သူက ကျန်းရှုယောင်နှင့် ရွယ်တူဖြစ်သည်။ သံသယများကို ရှောင်ချင်သောကြောင့် အစေခံများကို သူ့အား ရှဲ့ရွှင်း၏ စာကြည့်ခန်းသို့ခေါ်သွားခိုင်းခဲ့၏။


ရှဲ့ရွှင်းက သူ့မေးခွန်းကို နားထောင်ပြီး ထိုညက သူစားခဲ့သော ဆန်ခေါက်ဆွဲကို ရုတ်တရက် တွေးမိသွားသည်။ထမင်းစားချိန်ရောက်မရောက် ဆုံးဖြတ်ရန် ကောင်းကင်ကို ကိုးရို့ကားရားကြည့်လိုက်မိသည်။


"တတိယဦးလေး" 


ရှဲ့ရယ်က သူ့ကို အာရုံပြန်ရလာအောင် လှမ်းအော်လိုက်၏။


ရှဲ့ရွှင်း၏ အမူအရာမှာ မပြောင်းလဲဘဲမှင်သေသေနှင့် ဆိုလိုက်သည်။


 "သူတို့က သူ့ခြံဝင်းထဲမှာ ရှိမရှိကြည့်လိုက်မယ်"


ရှဲ့ရယ် အနည်းငယ် ရှက်သွားသည်။ ကလေးတွေက ကျန်းရှုယောင်ကို ဆော့ကစားရန် သွားရှာပေမဲ့ သူတို့က ပြန်လာရန်  မရမကပြောခိုင်းနေခဲ့သည်။ဤသည်က ကျန်းရှုယောင်ကို မကြိုက်ကြောင်း  စားပွဲပေါ်တင်ပြထားသလိုပါပင်။


သူ ရှဲ့ရွှင်း၏ မျက်နှာကို အကဲခတ်ကြည့်ရာ သူ့အမူအရာ မပြောင်းလဲသည်ကို မြင်လိုက်သဖြင့် သက်သာရာရသွားသည်။ သူမက တတိယဦးလေး၏ဇနီးဖြစ်သော်လည်း တတိယဦးလေးက ကျန်းရှုယောင်ကို သူတို့ထက် ပို၍မုန်းတီးနေပေလိမ့်မည်။


ရှဲ့ရယ် ရှဲရွှင်းနောက်လိုက်လာပြီးနောက် ခြံအပြင်ဘက်တွင် ရပ်လိုက်သည်။ တတိယအဒေါ်ကို မတွေ့ချင်ဘူး...


ရှဲ့ရွှင်းက  ဘာမှပြန်မပြော။ ခြံဝင်းထဲသို့ လှမ်းဝင်ကာ မီးဖိုခန်းငယ်ဆီသို့ တိုက်ရိုက် လျှောက်သွားသည်။


သေချာသည်က မီးဖိုချောင်အသေးလေးထဲက လူသုံးယောက်ကို သူတွေ့ခဲ့၏။


နှစ်လွှာ နို့ပူတင်းက အိုးထဲက ထွက်လာသည်။ ကျန်းရှုယောင်  အိုးထဲမှ ကြွေပန်းကန်ကို ထုတ်လိုက်ပြီး ပူလွန်းသောကြောင့် သူမ၏ နားရွက်ကို ထိလိုက်သည်။ထိုစဥ် အပြင်ဘက် မီးဖိုချောင်တံခါးမှာ ပုံရိပ်တစ်ခုကို သူမတွေ့လိုက်ရ၏။ သူမလှည့်ကြည့်လိုက်သောအခါ ရှဲ့ရွှင်းကိုတွေ့ပြီး လန့်သွားသည်။


"ရှင်ဘာလို့ဒီကိုရောက်နေတာလဲ" 


သူမက မေးလိုက်သည်။


"ငါ အားကျောက် နဲ့ အားယောင်ကို လာရှာတာ" ရှဲ့ရွှင်းက  ပြန်ပြောသည်။


အားကျောက်နှင့် အားယောင်တို့က ကိုယ်တိုင်ကိုယ်ကျ လာခေါ်ခြင်းခံရသော်လည်း သူ့ကို တစ်ချက်သာလှည့်ကြည့်ပြီး "တတိယဦးလေး"ဟုခေါ်ပြီးနောက် နို့ပူတင်းကိုပဲ ပြန်ကြည့်နေကြသည်။


"တတိယအဒေါ် သားတို့စားလို့ရလား" 


ရှဲ့ကျောက်က ဇွန်းကို ကိုင်လိုက်ပြီး စမ်းကြည့်ရန် စိတ်အားထက်သန်နေသည်။


ကျန်းရှုယောင်က သူ့ကို တားလိုက်ပြီး 


"ဒါကအားယောင်အတွက်ပဲ...မင်းမြည်းကြည့် လို့ပဲရတယ်"


ရှဲ့ကျောက်က နှုတ်ခမ်းလေးရှုံ့လိုက်သော်လည်း ငြင်းဆန်ခြင်းမရှိပေ။


ရှဲ့ယောင်က နှစ်လွှာ နို့ပူတင်းကို ဇွန်းတစ်ဖက်စွန်းဖြင် ညင်သာစွာကော်လိုက်သည်။ ပျော့ပျောင်းသောနို့အပေါ်ယံအရေပြားက ဘေးဘယ်ညာ ရွေ့လျားသွားသည်။ မှော်ဆန်သည့် အသွင်အပြင်က သူ့မျက်လုံးများကို အနည်းငယ် ပြူးကျယ်သွားစေ၏။


 "ဟင်..."


သူ အားထည့်၍ ဖိလိုက်သောအခါ အပြင်အရေပြား ကွဲသွားကာ နူးညံ့ဖြူဖွေးသော ပူတင်းတစ်ဇွန်းကိုကော်ယူလိုက်နိုင်သည်။ ထို့နောက် ပူတင်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ကြွယ်ဝသော နို့အရသာနှင့်အတူ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။ သူ့သွားများနှင့် အသာအယာ ထိတွေ့ပြီးနောက် ကွဲအက်သွားပြီး လည်ချောင်းမှတစ်ဆင် ဗိုက်ထဲကို ချောမွေ့စွာ လျှောကျသွား၏။


"အရသာဘယ်လိုလဲ" 


ရှဲ့ကျောက်က စိတ်ဝင်တစား မေးသည်။


ရှဲ့ယောင်၏ ပါးစပ်ထဲတွင် နို့အရသာ ဖျော့ဖျော့ ရှိနေသေးသည်။ သူက နှုတ်ခမ်းလေးကိုစုဝိုင်းပြီး မျက်လုံးရွဲကြီးများနှင့် ခေါင်းညိတ်ပြ၏။


ချစ်ဖို့ကောင်းလိုက်တာ...


ကျန်းရှုယောင်  သူမပါးနှစ်ဖက်ကို လက်နှင့်အုပ်ရင်း သူ့ကို ကြည့်ပြီး နောက်ဆုံးမှာ သူမ သက်ကြီးရွယ်အိုများက ကလေးများကိုအစာကျွေးသည့် ခံစားချက်ကို သိလိုက်ရပြီဖြစ်သည်။


"အခုက စားဖို့ အကောင်းဆုံးအချိန်တော့ မဟုတ်သေးဘူး...နွေရာသီမှာ သရက်သီးဆော့စ် ဒါမှမဟုတ် ပိုးစာဆော့စ်ကို အပူဒဏ်ကို အအေးခံဖို့ ရေခဲ နှစ်လွှာနို့ပူတင်းပေါ်မှာ လောင်းလို့ရ....."


"သရက်သီးဆော့စ်က ဘာကိုဆိုလိုတာလဲ"


"အမ်... အဲ့ဒါက အရေးမကြီးပါဘူး" 


တစ်ယောက်ကမေးပြီး တစ်ယောက်ကဖြေနေကာ  အတိုင်အဖောက်ညီနေပြီး တံခါးနားမှာရပ်နေသည့် ရှဲ့ရွှင်းကို လုံးဝလျစ်လျူရှုထားကြသည်။


---


[T/N- နှစ်လွှာ နို့ပူတင်းသည် နို့၊ ကြက်ဥအကာနှင့် သကြားတို့ဖြင့် ပြုလုပ်ထားသည့် ကွမ်တုန်းရိုးရာ အချိုပွဲဖြစ်သည်။ Guangdong၊ Shunde မှာ ပထမဆုံး တီထွင်ခဲ့ခြင်းဖြစ်၏။ ၎င်းသည် အလွှာနှစ်ထပ်ရှိသော panna cotta နှင့်ဆင်တူသည့် နူးညံ့အိစက်သည့် ကြက်ဥနို့ပေါင်းဖြစ်သည်။ ပထမအလွှာကို ကျိုထားသောနို့ကို အအေးခံကာ ပြုလုပ်ပြိး ဒုတိယအလွှာကို ကြက်ဥနို့ပေါင်းကို အအေးခံကာပြုလုပ်၏]