အပိုင်း ၉
Viewers 18k

Chapter 9


:စပ်စပ်မွှေးပျံ့ ဟော့ပေါ့


ဤခြံဝင်းက သူ့ကို သဘောမကျဟု သူထင်မိသည်။ သူရောက်လာတိုင်း ဤမြင်ကွင်းထဲကို ဝင်သွားလိမ့်မည်ဖြစ်၏။


ရှဲ့ရွှင်း အမှန်တွင်  ယင်းကို သိပ်စိတ်ထဲမထားပါချေ။သူက လျှောက်သွားပြီး ရှဲ့ကျောက်ခေါင်းကို ပွတ်သပ်ကာဆိုလိုက်သည်။


 "မင်းဒီကိုလာတုန်းက မင်းအမေကို ပြောခဲ့လား"


ရှဲ့ကျောက်က သူ့စကားကိုကြားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီးပြောလေ၏။ 


"အမေက သားတို့ကို လာခွင့်မပြုဘူး..."


ရှဲ့ယောင်က ရုတ်တရက် စကားဝင်ပြောလာသည်။


 "တတိယဦးလေး...သားအမေက သားတို့ကို တတိယအဒေါ်ဆီ ဘာလို့မသွားခိုင်းတာလဲ"


ရှဲ့ယောင်က အမြဲတမ်း တသီးတသန့်နေတတ်သည်။ သူ၏ အားနည်းသော ခန္ဓာကိုယ်ကြောင့် စကားပြောသည့်အခါတွင်လည်း အသံကတိုးလေသည်။ အနက်ရောင်စပျစ်သီးကဲ့သို့ မျက်လုံးဝိုင်းကြီးများဖြင့် သူက အပြစ်ကင်းစင်ပြီး သနားစရာကောင်းလှသည်။


ရှဲ့ရွှင်းက ချက်ချင်း စကားရပ်လိုက်သည်။ အရွယ်ရောက်ပြီးသူများ၏ သဘောထားကွဲလွဲမှုနှင့် ကလေးများ၏ဆက်ဆံရေးကြားတွင် အဘယ်ကြောင့် ရောထွေးနေကြသနည်း။


"မင်းအမေက မင်းကို စိတ်ပူနေတာ... တတိယအဒေါ်က ကလေးတွေကို ဂရုမစိုက်တတ်ဘူးလေ... မင်း အားနည်းနေတော့ အစားအသောက်နဲ့ပတ်သတ်ပြီး ဂရုစိုက်ရမယ်"


ကျန်းရှုယောင်က ရှိနေသူများထဲတွင် ရှဲ့ရွှင်း၏ စကားကို နားထောင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ၎င်းကို တွေးပြီးသည့်နောက်မှာ သူမက နားမလည်နိုင်ဖြစ်ပြီးပြောလိုက်၏။


 "ဒါစားတာက ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ပါဘူး...တော်တော်လေး ကျန်းမာရေးနဲ့ညီပါတယ်"


ရှဲ့ရွှင်းက နို့ပူတင်းကို ကြည့်ပြီးမေးလေ၏။


 "ဒါက ဘာလဲ"


"ဒါက နို့နဲ့လုပ်ထားတဲ့ နှစ်လွှာနို့ပူတင်း...ကျိုပြီး....." 


ကျန်းရှုယောင်  သူ့ကို စောင်းကြည့်ကာမေးလိုက်သည်။


 "ရှင်စားချင်နေတာတော့မဟုတ်ပါဘူးနော်"


ရှဲ့ရွှင်း၏ အမြဲတမ်း အမူအရာ ကင်းမဲ့နေသော မျက်နှာက ရုတ်တရက် အသက်ဝင်လာပြီး သူ့မျက်လုံးများက အလွန်အမင်း အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။


"...ရှင်ကလေးဆီက စားစရာလုမလို့လား"


ရှဲ့ရွှင်း သူမ၏စကားကြောင့် ဒေါသထွက်လွန်း၍   အံကြိတ်ကာ ဆိုလိုက်၏။


"ငါမလုပျဘူးးး..."


"ကျွန်မတို့ အရင်တစ်ခေါက်  ဆန်ခေါက်ဆွဲ  စားတုန်းကလည်း ရှင်လာစားတယ်လေ " 


သူက ပြစ်မှု မှတ်တမ်းရှိသူဖြစ်သည်။


ရှဲ့ရွှင်းက ငယ်စဉ်ကတည်းက နှုတ်ရေးကောင်းသူဖြစ်သော်လည်း ယခုအချိန်တွင် စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ဒေါသထွက်နေခဲ့သည်။ ဇွန်းကိုင်ထားသည့်ကောင်လေးနှစ်ယောက်က သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွား၏။


"ငါမဟုတ်ဘူး... ငါက အဲ့ဒီလိုလူမဟုတ်ဘူးးး..." 


ဒီလိုမျိုးစွပ်စွဲချက်တွေကို သူဘယ်လိုများ လက်ခံနေရတာလဲ...


"ကောင်းပြီ... အဆင်ပြေပါတယ်" 


ကျန်းရှုယောင်  သူ၏ပြင်းထန်လွန်းသည့် တုံ့ပြန်မှုကို မြင်ပြီး စနေသည်ကို ရပ်လိုက်သည်။


 "မဟုတ်ဘူးဆိုရင် မဟုတ်ဘူးပေါ့"


"မဟုတ်ဘူးလို့... မင်းအသံကဘာဖြစ်နေတာလဲ" 


 ရှဲ့ရွှင်း၏မျက်နှာက နှင်းဆီဝါရောင်သန်းနေပြီး ယင်းက ချောမောသောမျက်နှာထက်တွင် အတော်လေးအံ့ချီးလောက်သော အရောင်အသွေးတစ်ခုဖြစ်တည်လာစေကာ သာမာန်တောင်ပေါ်မှ အမတတစ်ပါး၏ မြင့်မြတ်သောအသွင်အပြင်ထက် ပိုမိုလှပနေသည်။


ကျန်းရှုယောင်  သူ့ကို စိုက်ကြည့်ရင်း မျက်လုံးလှန်လိုက်၏။သူ့အလှကြောင့် သူမ တိတ်တိတ်လေး ကြိတ်သက်ပြင်းချမိလိုက်သည်။


သူ့မျက်နှာကို ကြိမ်ဖန်များစွာ ကြည့်ပြီးနောက် သူမ ဗိုက်ပြည့်တော့မလိုခံစားရသည်။သူ့အလှက ညစာနေရာမှာ အစားထိုးနိုင်၏။


ရှဲ့ရွှင်းသာ သူမတွေးနေသည်ကိုသိလျှင်  ဒေါသထွက်ပြီး သွေးအန်လိမ့်မည်။


သူက ကျန်းရှုယောင်နှင့် သဘောထား မတိုက်ဆိုင်ဘူးဟု ခံစားရသည့်အတွက် သူ့ဝတ်ရုံလက်များကို ခါကာ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားခဲ့သည်။ 


ခြံဝင်းထဲက လှမ်းကြည့်လိုက်သောအခါ အပြင်မှာစောင့်နေသည့် ရှဲ့ရယ်ကိုတွေ့ပြီး ကျန်းရှုယောင်ဆီကို အရင်သွားရသည့် အကြောင်းရင်းကို  မေ့သွားမှန်း ရုတ်တရက် သတိပြုမိလိုက်သည်။


"တတိယဦးလေး....." 


ရှဲ့ရယ်  သေသေချာချာမေးချင်ပေမဲ့ ဦးလေး၏အမူအရာက အရုပ်ဆိုးနေသည်ကိုမြင်လိုက်ရသဖြင့် သွားစမိမှာစိုးပြီး ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။


ရှဲ့ရွှင်းက  သူ့အမူအရာကို ထိန်းလိုက်ပြီး ပြောလိုက်၏။


 "ပြန်သွားပြီး  မရီးကို သူတို့ ကောင်းကောင်းရှိနေကြတယ်လို့ပြောလိုက်"


ကံကောင်းထောက်မစွာပင် ပထမအိမ်တော်ခွဲမှ အစေခံက ကျန်းရှုယောင်ကို ရှင်းလင်းပြောပြပြီး ရှဲ့ကျောက် နှင့်ရှဲ့ယောင်တို့ကို ခေါ်ထုတ်ကာ သူ၏အရှက်ရမှုကို သက်သာစေခဲ့သည်။


ရှဲ့ရယ်က သူ၏ မသိနားမလည်သော ညီငယ်နှစ်ယောက်ကို ခေါ်ဆောင်ကာ ထွက်ပြေးသွားခဲ့ပြီး တစ်ကိုယ်တည်း မတ်တတ်ရပ်နေသော ရှဲ့ရွင်းကို ချန်ထားခဲ့၏။ ရှဲ့ရွှင်း ခဏလောက် အဝေးကို လှမ်းကြည့်ကာ ကျန်းရှုယောင်ကို ဂရုမစိုက်ရန် ကိုယ့်ကိုကိုယ် တွန်းအားပေးခဲ့သည်။


ရှဲ့ရွှင်း ဒေါသပြေသွားပြီးနောက် စာအုပ်ဖတ်ရန် စာကြည့်ခန်းသို့ ပြန်လာခဲ့သည်။ သို့သော် ပိုင်ကျီတစ်ယောက်  ခြံဝင်းဆီသို့ သုတ်သီးသုတ်ပျာပြန်ပြေးသွားခဲ့သည်။


"သခင်မလေး မကောင်းတော့ဘူးးး..." 


သူမက ကျန်းရှုယောင်ဆီသို့ ပြေးသွားပြီး သူမ၏မျက်နှာက စိုးရိမ်စိတ်ဖြင့် ရှုံ့မဲ့နေသည်။


"ဘာဖြစ်လို့လဲ" 


ကျန်းရှုယောင်က  ယနေ့ည ဘာစားရမလဲဟု တွေးနေခြင်းဖြစ်ကာ သူမ၏ အသံကြောင့် ထိတ်လန့်သွားသည်။


“အခုလေးတင် ဒီကျွန်က သခင်ငယ်လေးနှစ်ယောက်ကို လိုက်ပို့ပေးတော့ သူတို့ကိုလာခေါ်တဲ့ သခင်လေးကို တွေ့လိုက်ရတယ်... သူ သူ သူက... အဲဒီနှစ် နွေဦးရာသီမှာ ကျွန်မတို့ ရေကန်ကို သွားလည်တုန်းက အဲဒီမှာ ရှိနေတဲ့သူလို့ မမျှော်လင့်ထားခဲ့ဘူးးး"


"နင်ဘယ်သူ့အကြောင်းပြောနေတာလဲ" 


ကျန်းရှုယောင်  စိတ်ရှုပ်သွားသည်။


ပိုင်ကျီက သက်ပြင်းတစ်ချက်ချလိုက်ပြီး အသေးစိတ်ပြောပြ၏။


 "အဲဒီနှစ်မှာ သခင်မလေးနဲ့ ခရိုင်မင်းသမီးလေးက ရေကန်ကို သွားလည်ရင်း ဖြတ်သွားတဲ့ ကဗျာအဖွဲ့အစည်းရဲ့ လှေကို မြင်လိုက်ရတယ်...  နှစ်ယောက်စလုံး လှေကိုမှီပြီး လူတော်အမျိုးကောင်းသားတွေကို ကြည့်ကြတာ...နောက်ကျတော့ ချောင်းကြည့်နေတာကို လူမိသွားတယ်...လှေကလည်း ရေကန်ထဲကို တွန်းလွှတ်သလိုဖြစ်သွားပြီး သခင်လေးတော်တော်များများ ရေထဲ ပြုတ်ကျကုန်တာ... မှတ်မိသေးရဲ့လား..."


 


ကျန်းရှုယောင် အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီအရူးက အရမ်းရက်စက်တယ်...


"အဲဒီတုန်းက ဒီအစေခံတို့လည်း ရှိပါတယ်... သခင်လေးတချို့က လူတွေကို ရေထဲက ကယ်ဖို့ ခုန်ဆင်းကြပြီး အဲဒီအထဲမှာ အကြီးဆုံး သခင်လေး လည်း ပါတယ်" 


ရှဲ့မိသားစုဝင်အားလုံးက ချောမောစွာ မွေးဖွားလာခဲ့ကြပြီး ပိုင်ကျီ အကြိမ်ရေအနည်းငယ် ထပ်ကြည့်ပြီးနောက် ရှဲ့ရယ်၏ပုံစံကို မှတ်မိနေခဲ့သည်။ ကျန်းရှုယောင်  လက်ထပ်ပြီးနောက် ပိုင်ကျီက သူမနှင့် အတူရှိနေခဲ့သည်။ သို့ပေမဲ့  သူမ၏မင်္ဂလာဆောင်ပြီး ပထမနေ့မှာ သတို့သမီးက လက်ဖက်ရည်ဆက်စဥ်က ပင်မခန်းမအပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့သောကြောင့် ရှဲ့အိမ်တော်၏ တခြားသားများကို မတွေ့ခဲ့ရပါချေ။ယနေ့  သူ့ကို ပထမဆုံးအကြိမ်ပြန်တွေ့လိုက်သည်။


ရှက်စရာကောင်းလွန်းသည်၊ ကျန်းရှုယောင် သူမ၏ရှင်းပြချက်ကို နားထောင်ရုံဖြင့်ပင် စိတ်မသက်မသာခံစားခဲ့ရ၏။


 "ကိစ္စမရှိပါဘူး... အဲဒါကကြည့်ရုံပဲကို"


"သခင်မလေး...ဘာလို့ မေ့သွားတာလဲ...သခင်မလး  မင်းသမီးလေးနောက်လိုက်ပြီး ကဗျာဆိုသေးတယ်လေ"


ကျန်းရှုယောင် ကောင်းကင်ကြီး လှုပ်ခါနေသလို ခံစားလိုက်ရသည်။ ဒီတော့ အကြံအစည်နဲ့ ရှဲ့ရှီကိုလက်ထပ်ခဲ့တဲ့ အရေမပါမျက်နှာမပါတဲ့အရူးက သူ့တူလေးကိုလည်း "စော်ကား" ခဲ့သေးတာလား...


ဒါ... ရှဲ့ရွှင်းရဲ့ဘဝက ခက်ခဲလွန်းတယ်...


ရှဲ့ရွှင်းကို အခုလေးတင် မဟုတ်မဟတ်လျှောက်ပြောမိခဲ့သည်ကို တွေးရင်း သူမ အနည်းငယ် အပြစ်ရှိသလို ခံစားရလာသည်။


သူမ ခေါင်းကုတ်ကာ မီးဖိုချောင်ကို လှည့်ပတ်ကြည့်ရင်း မေးစေ့ကို ပွတ်ပြီးဆိုလိုက်၏။


 "ဒါဆို ဒီည သူ့ကို တောင်းပန်မယ်"


မီးဖိုချောင်ငယ်လေးရှိ  သူမ၏ အစုံအစီပစ္စည်းများအားလုံးကို ကျန်းရှုယောင် သူမ၏ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့ပြီး မီးဖိုချောင်ထဲရှိ အဖွားကလည်း ရှန်းယန်အိမ်တော်မှ ခေါ်လာခြင်းဖြစ်သည်။ မှန်သည်၊ မင်းက ချမ်းသာပြီး ပါဝါရှိသည့်အခါ ပါဝင်ပစ္စည်းအားလုံး ရနိုင်ခဲ့၏။


ပေါများလှသော ပါဝင်ပစ္စည်းများကို ကြည့်ပြီး "စပ်စပ်မွှေးပျံ့ ဟော့ပေါ့"လုပ်ရန် အကြံတစ်ခုရခဲ့သည်။ နေ့လည်စာစားချိန်တုန်းက ရှဲ့ရွှင်း မာပိုတို့ဟူးနှင့် ငါးအသားလွှာပြုတ်စားနေသည်ကို သူမတွေ့ခဲ့ရသည်။ သူက အငန်အစပ်ကြိုက်သူဖြစ်ရမည်။


ဘယ်လောက်ပဲ ဇီဇာကြောင်သူများ ဖြစ်ပါစေ ဟော့ပေါ့အစပ်၏ ဆွဲဆောင်မှုကို မခံနိုင်ပါချေ။ ပါဝင်ပစ္စည်းများအားလုံးကို ၎င်းတို့၏မူလအရသာကို ထိန်းသိမ်းထားနိုင်ရန် ရေနှင့်ဆီဖြင့် ပြုပြင်လိုက်၏။ အသားနှင့် ဟင်းသီးဟင်းရွက်များကို အိုးကြီးတစ်ခုထဲတွင် ထည့်ချက်ထားသောကြောင့် သက်သတ်လွတ် ဟင်းလျာများချည်း စားသုံးရ၍ အရသာပေါ့ခြင်းဖြစ်မည်မဟုတ်သလို အသားဟင်းများကိုချည်း စားသုံးရ၍ အီနောက်ခြင်းခြင်းလည်း ရှိမည်မဟုတ်ပါချေ။ ဒယ်အိုးဇောက်ထဲမှာ ငရုတ်သီးဆီနှင့် မွှေကြော်ပြီး ပါဝင်ပစ္စည်းတစ်ခုစီတိုင်းကို ငရုတ်ဆီအပြည့်ဖုံးစေကာ မတည်ခင်းခင်မှာ နှမ်းဖြူတစ်လွှာကို မျက်နှာပြင်ပေါ် ဖြူးရသည်။၎င်းနောက် ပန်းကန်လုံးကြီးတစ်လုံးကို အပြည့်ဖြည့်ကာ ထမင်းဖြူဖြင့် တည်ခင်းရ၏။ယင်းက တကယ်ကို  ကျေနပ်စရာကောင်းလေသည်။


နောက်ကျနေပြီဖြစ်သော်လည်း ရှဲ့ရွှင်းက စာကြည့်ခန်းထဲမှာ   စာဖတ်နေဆဲဖြစ်သည်။အနီးကပ် အစေခံတစ်ယောက်က ထမင်းသွားစားတော့မလားဟု မေးသောအခါ ခေါင်းညိတ်လိုက်၏။


ကျန်းရှုယောင်နှင့် လက်ထပ်ပြီးကတည်းက စာကြည့်ခန်းထဲမှာ စာဖတ်ပြီး ပင်မခန်းမှာ အိပ်ခဲ့သည်။ ကျန်းရှုယောင်က အလွန်ဉာဏ်များသဖြင့် သူ တတိယခြံဝင်းတွင်စားရန် ဘယ်သောအခါမှ စိတ်မ၀င်စားခဲ့ပေ။


မြို့စားရှဲ့အိမ်တော်၏ ညစာက အဘွားကြီး၏အကြိုက်အတိုင်း လုပ်ထားခြင်းဖြစ်သည်။ အမြဲတမ်း ရိုးရှင်းပြီး ပေါ့ပါး၏၊ ယနေ့၏ ရိုးရှင်းသည့် ညစာက တစ်နေ့ကုန် ပြုတ်ထားသည့် ကြက်စွပ်ပြုတ်ဖြစ်လေသည်။


အစေခံက ယာဂုနှင့် အရံဟင်းအနည်းငယ်ကို သပ်သပ်ရပ်ရပ် ချထားလိုက်သည်။ ရှဲ့ရွှင်း  ထမင်းစားခါနီးတွင် ရင်းနှီးသောအသံကို ရုတ်တရက်ကြားလိုက်ရသည်။ သူ မျှော်ကြည့်လိုက်သောအခါ ကျန်းရှုယောင်က ပန်းကန်လုံးကြီးတစ်လုံးနှင့် အဝေးက လာနေသည်ကို တွေ့လိုက်ရ၏။


အမျိုးသားအစေခံငယ်တစ်ယောက် သူမကို တားချင်၍ လက်ကို မြှောက်လိုက်ခါရှိသေး ကျန်းရှုယောင်က  လေကဲ့သို့ သူ့ကိုဖြတ်ကျော်သွားပြီး ခန်းမထဲသို့ တိုးဝင်လာလေသည်။ သူမက ပန်းကန်ကို ကျယ်လောင်စွာချလိုက်ပြီး အော်တော့၏။


 "ပူလိုက်တာ...ပူလိုက်တာ"


ရှဲ့ရွှင် သူ၏တူများကိုကိုင်ရင်း အေးခဲသွားသည်။


အကောင်းမြင်ဖြင့် ပြောရလျှင်  ကျန်းရှုယောင်က နွေးထွေးပြီး စိတ်အားထက်သန်ပေမဲ့ အဆိုးမြင် ပြောလျှင် သူမက အရေထူသည်။ သူမက ရှဲ့ရွှင်း၏ မျက်စောင်းထိုးတွင် ဝင်ထိုင်ကာ စားပွဲပေါ်ရှိ ဟင်းလျာများကို တစ်ချက်ကြည့်ပြီးဆို၏။


 "ညစာက အတော်လေးရိုးရှင်းတာပဲ"


ရှဲ့ရွှင်း စကားပြောခါနီးတွင် ကျန်းရှုယောင်၏ အစေခံလေးယောက် ဝင်လာပြီး ထမင်းနှစ်ပန်းကန်နှင့် အချိုရည်များကို သေသေသပ်သပ်ချကာ အခန်းတွင်းမှ ထွက်သွားသည်။


ကျန်းရှုယောင်လည်း အနည်းငယ် စိတ်လှုပ်ရှားနေ သည်။ မည်သို့ပင်ဖြစ်စေ ရှဲ့ရွှင်း၏ စိတ်နေသဘောထားကို သူမ နားမလည်ပေ။ သူမက ပြုံးပြီးပြောလိုက်၏။


 "ကျွန်မ ညစာတွေ အများကြီး လုပ်ထားတော့ ရှင်နဲ့ အတူစားဖို့ ယူလာခဲ့တာ" 


တကယ်ကို အများကြီးပါပင်။ အိမ်ထဲမှာ ယခုလိုကြွေပန်းကန်လုံးကြီးတစ်လုံးရှိမှန်း ရှဲ့ရွှင်း မသိပေ။


"ဒါက စပ်စပ်မွှေးပျံ့ ဟော့ပေါ့...ရှင် အစပ်စားရတာ ကြိုက်တာတွေ့လို့ ရှင့်အတွက် အထူးတလည် လုပ်ထားတာ... ဒီနေ့ တူလေးနှစ်ယောက်ရှေ့မှာ ရှင်ကို စမိတဲ့အတွက် ဒါကိုသုံးပြီးတောင်းပန်တာပါ"


ရှဲ့ရွှင်းက သူ၏တူများကို ချလိုက်ပြီး မျက်ခုံးများကို ပွတ်သပ်ကာဆိုသည်။


 "စိတ်မဆိုးပါဘူး... တောင်းပန်စရာမလိုဘူး... ဒီအတိုင်း မေ့ထားလိုက်ပါ" 


အစပ်နံ့ပြင်းပြင်းက သူ့နှာခေါင်းထဲကို ထိုးဖောက်ဝင်ရောက်လာပြီး သူမသိစိတ်ဖြင့် တံတွေးမျိုချလိုက်၏။ ဗိုက်ထဲမှာ ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။


ပန်းကန်ပြားမပါဘဲ  ပါဝင်ပစ္စည်းများကို ရောနှောပြီး ပန်းကန်လုံးကြီးတစ်လုံးအပြည့်စားစရာပြုလုပ်ထားသည်ကို သူတစ်ခါမှမတွေ့ဖူးပေ။ယင်းက သိပ်ပြီး စားကောင်းမည့်ပုံမပေါ်ပေ။


သို့ရာတွင် အရောင်တောက်တောက် အနီရောင် အစပ်ဆီများနှင့် ထုပ်ပိုးထားသည့် အရောင်မျိုးစုံ ပါဝင်ပစ္စည်းများကို ပေါင်းစပ်လိုက်သည့်အခါ အရောင်များ ကြွယ်ဝလာသည်ကို ငြင်းဆန်၍မရပါချေ။ ၎င်းသည် ယခင်က သူမြင်ဖူးသည့် ရှုပ်ထွေးသော ဟင်းပွဲများထက် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်။


"ဒါဆို စားရအောင်" 


ကျန်းရှုယောင် ယက သူ့အပေါ် ယဉ်ကျေးမနေချေ။ လက်တစ်ဖက်က ထမင်းစားပြီနှင့် ကျန်တစ်ဖက်က ဟင်းသီးဟင်းရွက်များ စားသည်။


ဟင်းခတ်အမွှေးအကြိုင်များက ခေတ်မီပစ္စည်းထက် ပြည့်စုံမှုနည်းပေမဲ့ အရသာက လုံးဝ မဆိုးပါချေ။ အထူးသဖြင့် ရှေးဟောင်းမူရင်း သဘာဝပါဝင်ပစ္စည်းများ၏ အရသာက ယခုခေတ်ထက် အများကြီး ပိုကောင်းလေသည်။ 


ရှဲ့ရွှင်း သူမ တန်းထမင်းစားသည်ကိုကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ သူမက အများသုံးတူများကိုပင် မပြင်ဆင်ခဲ့ပေ။


ကျန်းရှုယောင်၏ စားသောက်မှုပုံစံသည် စည်းကမ်းနှင့် မကိုက်ညီပေ။ သူမက အလွန်အားရပါးရစားနေပြီး သူမ၏ ကျေနပ်နေသော အမူအရာနှင့် ဖောင်းကားနေသော ပါးပြင်များက သူ့လက်ညိုးများကို လှုပ်ရှားစေသည်။


အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ကြာဆွယ်တစ်ပိုင်းကို ယူလိုက်သည်။ ကြာဆွယ်အချပ်များကို အစပ်ဆီဖြင့်ရစ်ပတ်ထားပြီး အရောင်မှာ အနီရောင်ဖြစ်ကာ မျက်နှာပြင်ကို နှမ်းဖြူဖြင့် ဖုံးအုပ်ထားသည်။ သူ သေသေချာချာဝါးလိုက်၏။ကြွပ်ရွသည်၊ အရသာက လတ်ဆတ်ပြီး စပ်သည်။ အစပ်အရသာပျောက်သွားပြီးလျှင်  ချိုမြိန်မှုအနည်းငယ်စွဲကျန်နေ၏။


သူချက်ချင်း ဟင်းခတ်အမွှေးအကြိုင်အရသာကို လျော့ချရန် ထမင်းဖြူကို  တူနှင့်ယူလိုက်သည်။ ထမင်းစေ့များက မွှေးပြီး စိမ့်နေကာ အငွေ့တထောင်းထောင်းထနေပြီး အခုလေးတင်စားခဲ့သည့် ကြာစွယ်အစပ်ပြားလေးများက ယခင်က မမြည်းစမ်းဖူးသည့် အရသာရှိမှုကို အစပျိုးပေးလိုက်၏။


စပ်စပ်မွှေးပျံ့ဟော့ပေါ့ကို ကြည့်လိုက်သောအခါ ပါဝင်ပစ္စည်းမျိုးစုံကို ရောစပ်ထားပြီး မည်သည်ကို ရွေးရမှန်းမသိပေ။


စိမ်းမြနေသည့် ဆလတ်ရွက်ကို ကျပန်း ကောက်ယူပြီး ပါးစပ်ထဲထည့် ဝါးလိုက်၏။ အမြစ်များက ကြွပ်ဆတ်ပြီး လန်းဆန်စေကာ ချိုမြိန်သော်လည်း အရွက်များက လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး အစပ်ဆီနှင့် အခြားအသားဟင်းများ၏ အရသာကို အပြည့်အဝ စုပ်ယူထားသဖြင့် အငန်အရသာမှာ အလွန်ကဲလေသည်။ ထမင်းဖြူအလုတ်ကြီးတစ်လုတ်ကို ရောမွှေပြီး ဝါးစားလိုက်၏။ ဟင်းရွက်အရွက်ထဲရှိ ဆီက ထမင်းထဲသို့ စိမ့်ဝင်သွားကာ အငန်အရသာကို ပြေပျောက်စေပြီး မွှေးပြီး စပ်သောအရသာကိုသာ ချန်ထားခဲ့သည်။ လျှာပေါ်စွဲကျန်နေသောအရသာက အဆုံးမဲ့ပါပင်။


သူဝါးနေရင်း ကျန်းရှုယောင်၏စူးစူးရဲရဲမျက်လုံးများကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမကို မော့ကြည့်လိုက်သောအထါ သူတို့နှစ်ယောက်ကြားထဲမှာ ထူးဆန်းသည့် တိတ်ဆိတ်မှုတစ်ခု အစပျိုးလာနေ၏။


ရှဲ့ရွှင်း၏ထမင်းစားဟန်က အလွန်လျောက်ပတ်လွန်းသည်။နောက်ကျောကိုမတ်မတ်ထ၊ ပခုံးများကိုဆန့်ကာ အစားအသောက်နှင့်ထမင်းကို ဖြည်းညှင်းစွာကောက်ယူကာ ဘာမှမထူးခြားဘဲ တည်တည်ငြိမ်ငြိမ်ရှိသောပုံစံဖြင့် ဖြည်းဖြည်းချင်း  ဝါးနေသည်။ နတ်သားတစ်ပါး နတ်သုဓ္ဒါသုံးဆောင်နေသကဲ့သို့ပါပင်။


ကျန်းရှုယောင်သည်   "အလှတရားက သင့်ကို ဗိုက်ပြည့်စေမည်"ဟူသောသူမ၏ အကဲဖြတ်ချက်ကို ပြန်ရုတ်သိမ်းလိုက်၏။ အလှတရားက လှပနေသော်လည်း စားသောက်ဖော်အဖြစ်နှင့်မူ လုံးဝ နှစ်သက်စဖွယ် မရှိပေ။


"ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ" 


ရှဲ့ရွှင်း ကို စိုက်ကြည့်နေရင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။ မျိုချပြီးနောက် မလှုပ်မယှက်ထိုင်ကာ အသီးအရွက်များကို ကောက်ယူခြင်းကို ရပ်လိုက်သည်။ အဆုံးတွင် သူက “သူမနှင့် စကားမပြောရ” ဟူသော စည်းကမ်းကို ဖောက်ဖျက်ရန် သည်းမခံနိုင်တော့ပေ။


"ဘာမှမဟုတ်ပါဘူး... ဆက်စားရအောင်" 


ကျန်းရှုယောင်  တကယ်ကို အားကိုးရာမဲ့နေခဲ့သည်။ လူတစ်ယောက်က စပ်စပ် မွှေးပျံ့ဟော့ပေါ့ကို တူများကိုချပြီးနောက် ကဗျာဆို၍ရနိုင်သောပုံစံဖြင့် စားရန်က မတွေးတတ်အောင်နားလည်ရခက်လွန်း၏။


ဘာလုပ်ရမလဲ... အစားအသောက်ကို မသင့်မလျော်သည့်ပုံစံဖြင့် စားနေချိန်မှာ သူပုံစံက ဘာနှင့်တူမလဲသူမတကယ်ကို သိချင်မိသည်။


---


[ET/N- စပ်စပ် မွှေးပျံ့ဟော့ပေါ့ (Mala Xiang Guo/မာလာရှမ်းကော) သည် မွှေကြော်ခြင်းဖြင့် ပြင်ဆင်ထားသော တရုတ်ဟင်းတစ်မျိုးဖြစ်သည်။ အသားနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်လေ့ရှိပြီး အငန်အစပ်အရသာရှိသည်။ ပြင်ဆင်မှု လုပ်ငန်းစဉ်တွင် လိုအပ်သော ပါဝင်ပစ္စည်းများကို အိုးထဲတွင် ထည့်ကာ မွှေကြော်ပြီး ပူစပ်စပ် ဟင်းခတ်အနှစ်ကို ပေါင်းထည့်လိုက်သည်။ ဩစတေးလျ၌ ဤသည်ကို မာလာထန့်စားသောက်ဆိုင်များတွင် Dry Hot Pot ဟုခေါ်ကြသည်။ မင်းတို့နိုင်ငံမှာရော ဒါရှိလား]


(သူ့ note က ရိုက်သတ်ချင်စရာလေးနော် 🤧🫣)


Xx