အပိုင်း ၁၄
Viewers 18k

Chapter 14


နံနက်စာ


ကျန်းရှုယောင် အမှတ်အချို့ကို ရယူလိုသည်။ လေးစားမှုနှင့် ကျိုးနွံမှုတို့သည် သူမအတွက် မသင့်လျော်သော်လည်း သူမက သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်နိုင်သည်။ မှန်ပေသည်၊ ခေတ်သစ်စကားအရ ချိုမြိန်ပြီး လိမ္မာကျိုးနွံခြင်းကို "ဖော်လံဖားခြင်း" ဟုခေါ်သည်။


ကျန်းရှုယောင်လည်း အတော်လေး အပြင်းအထန် ကြိုးစားခဲ့၏။ သူမ စောစောထပြီး ပင်မခန်းမဆောင်ဆီသို့ ပြေးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရာသီဥတုက ပူပြင်းလာပြီး မနက်ခင်း အပူချိန်က သိပ်မနည်းလှပါချေ။ နှစ်မိနစ်လောက်စောင့်ပြီးမှ သခင်မကြီးနိုးလာသည်။


ထိုအချိန်တွင် ရှုရှီလည်း ရောက်လာလေသည်။ဤမိသားစုထဲကို  လက်ထပ်ဝင်လာခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း သူမ မနက်ခင်းဂါရဝပြုခြင်းကို တစ်ခါမှနောက်မကျခဲ့ပေ။


ကျန်းရှုယောင် ရှုရှီရောက်ရှိလာသည်ကို မြင်သောအခါ သူမ အကြံကောင်းတစ်ခုရလာခဲ့သည်။ ရှုရှီက ချွေးမကောင်းတစ်ယောက်အတွက် စံနမူနာပုံစံပင် မဟုတ်ပါလော။ သူမအတိုင်း လိုက်လုပ်ရန်အဆင်ပြေ၏။


၎င်းကိုစဉ်းစားရင်း ကျန်းရှုယောင် ရှုရှီကို ဖော်ရွေစွာပြုံးပြလိုက်သည်။


ရှုရှီ၏နှလုံးသားက ကျန်းရှုယောင်  ဘာတွေးနေလဲဆိုသည်ကို မပြောနိုင်ပေ။ သူမကိုပြုံးပြသည်ကိုမြင်သောအခါ သူမ အနည်းငယ်ပင် ထိတ်လန့်သွားသေး၏။ သူမကို ဆန့်ကျင်နိုင်မဲ့ တစ်ခုခုကိုများ ဆုပ်ကိုင်ထားတာလား...


သူမက သတိကြီး၊ အကင်းပါးပြီး တွေးခေါ်တတ်သူဖြစ်သော်လည်း သူမ၏ နှလုံးသားထဲတွင် မည်သို့ပင် တွေးနေပါစေ၊  မျက်နှာပေါ်တွင် ပေါ်လွင်နေမည်မဟုတ်ပေ။


"တတိယယောက်မက ဒီနေ့ စောစောလာတာပဲ" သူမက ကျန်းရှုယောင်နှင့် ကြင်နာညင်သာစွာ စကားပြောခဲ့သည်။


ကျန်းရှုယောင်က စကားမပြောမီတွင် ဒုတိယအိမ်တော်ခွဲ၏သခင်မကျိုးရှီ ရောက်လာသည်။ ကျန်းရှုယောင်က ဤသို့ ရောက်လာမည်ဟု သူမ မမျှော်လင်ခဲ့မိပေ။ သူတို့ နှစ်ယောက် စကားပြောနေသည်ကို မြင်ရာတွင် မျက်လုံးနှင့် တစ်ချက်သိမ်းကျုံးကြည့်ပြီး  အဓိပ္ပါယ်ရှိရှိ ပြုံးပြလိုက်သည်။ 


"ပထမယောက်မနဲ့တတိယယောက်မ"


ရှုရှီက သူမကြောင့်နှင့်အနှောက်အယှက်မဖြစ်မခံ ချင်ပေ။ သခင်မကြီး၏ အစေခံ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ခန်းမထဲသို့ ဦးစွာ လှမ်းဝင်လိုက်သည်။


ကျန်းရှုယောင်ကမူ နောက်ကျနေသော ကျောင်းသားများသည် ၎င်းတို့၏ အိမ်စာများကို ကူးယူ၍ မရတော့မည်ကို စိုးရိမ်သဖြင့် အလျင်အမြန် လိုက်သွားခဲ့သည်။ သူမက ရှုရှီ၏နောက်တွင် အလွန်နီးကပ်နေပြီး   ရှုရှီ၏စကတ် ထောင့်ကိုပင် တက်နင်းနေပုံရသည်။


ကျိုးရှီ ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ခြေပုန်းခုတ်နေသည့်အရာ တစ်ခုခုရှိနေသလို ခံစားလိုက်ရ၏။ သူမလည်း အမြန်ပြေးဝင်လိုက်သည်။


ရှုရှီ သူမနောက်မှ နှစ်ယောက်၏ ခြေသံကို ကြားလိုက်ရပြီး ဘာဖြစ်သွားသည်မသိပေ။ သူမ၏ ခြေလှမ်းများမှာလည်း အနည်းငယ်ပျာယာခတ်သွားသည်။


သခင်မကြီးသည် ညောင်စောင်းပေါ်တွင် ထိုင်ကာ  ချွေးမများဂါရဝါပြုမည်ကိုစောင့်နေသည်။ မျက်လုံးကို ပင့်ကြည့်လိုက်သောအခါ သူတို့ သုံးယောက်က ခွေးလို ပြေးလာနေကြသည်ကို တွေ့လိုက်ရ၏။


စင်စစ်အားဖြင့် ရှုရှီက နှစ်ပေါင်းများစွာ  ဣဒ္ဒြေသိက္ခာရှိပြီး သတိကြီးစွာနေလာသူဖြစ်သည်။သူမက အနည်းငယ် စိတ်ရှုပ်ထွေးသွားရုံသာဖြစ်ပြီး အလျင်အမြန်တည်ငြိမ်လာကာ သခင်မကြီးကို တလေးတစားဂါရဝပြုလိုက်သည်။


ဤလုပ်ဆောင်ချက်က ကျန်းရှုယောင်ကို သက်တောင့်သက်သာဖြစ်စေခဲ့၏။ သူမက လူတိုင်း၏အိမ်တော်ရှင်သခင်မ ဖြစ်ထိုက်သူဖြစ်ပြီး သူမ၏ဂါရဝပြုပုံက အထူးနှစ်လိုဖွယ်ရှိသည်။


သူမက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး 


 မှန်ကြည့်နေသလိုမျိုး ရှုရှီနောက်ကလိုက်ကာ သခင်မကြီးကိုဂါရဝပြုလိုက်၏။


ကျိုးရှီတစ်ယောက် ဤလှည့်ကွက်က ဘာလဲဆိုသည်ကို တွေးနေတုန်း ခြေတစ်လှမ်း တစ်ဝက်နောက်ကျသွားသည်။


သခင်မကြီး၏ မျက်လုံးများ မှေးမှိန်သွားကာ ကျိုးရှီ၏ စိတ်နှလုံး တင်းမာသွားသည်။ ဘာတွေဖြစ်နေတာလဲ... သူမ အမှားလုပ်မိထားသလား.. .


ကံကောင်းထောက်မစွာဖြင့် သခင်မကြီးက ဘာမှပြန်မပြောသောကြောင့် ကျိုးရှီ၏အတွေးများ လွင့်ပျံသွားသည်။မနေ့ကသူမအဝတ်အစားတွေအော်ဒါမှာစဥ်က သူမစီစဉ်သောပန်းထိုးသမားက


ငွေအနည်းငယ်စားခဲ့ပြီး  ရှုရှီ ဘယ်တော့မှမသိနိုင်တော့ရန်မျှော်လင့်ရ၏။


သူတို့ သခင်မကြီးကို မည်ကဲ့သို့ နှုတ်ဆက်ဂါရဝပြုသည်ဖြစ်စေ ကျန်းရှုယောင်က သစ်သားတစ်စလို ဘေးနားတွင် ရပ်နေပြီး တင်းမာပြီး သတိထားသည့်ပုံသဏ္ဍာန်ကို ပြသနေသည်။


အစေခံက ထမင်းပွဲချသည့်အခါ ကျန်းရှုယောင်၏ မျက်နှာဖုံးက ချက်ချင်းပြိုကျသွား၏။


သွားပြီ၊ သူမ စောစောထပြီး မနက်စာမစားခဲ့ရဘူး...


သခင်မကြီးက  မနက်စာ ပေါ့ပေါ့ပါးပါး စားရသည်ကို ကြိုက်သည်။ အသီးအရွက် မွှေကြော် နှစ်ပန်းကန်နှင့်ရိုးရိုးထမင်းရည်၊ ဟင်းရွက်ချဉ်တစ်ပန်းကန်က လုံလောက်၏။


ကျန်းရှုယောင်က အစားအသောက်ကြိုက်သူ သော်လည်း ရိုးရိုးထမင်းရည်ကို မစားနိုင်ပါချေ။ သူမ ထမင်းရည်ကို ကြည့်ပြီး ဆားစိမ်ဘဲဥများကို တွေးနေမိသည်။


စားပွဲပေါ်တွင် လှိမ့်ကာ ကြက်ဥအခွံကို အခွံခွာပြီး တူများကို အသုံးပြု၍ညှပ်ရ၏။ ထို့နောက် ဖြူဖွေး ၊ နူးညံ့ပြီး ဆားငန်သော ဥအကာဖြူများကို ခွဲထုတ်ပြီး အတွင်းဘက်တွင် အနီရောင်နှင့် လိမ္မော်ရောင် ကြက်ဥအနှစ်များကို ပေါ်လွင်စေသည်။ ဆားစိမ်ထားသော ကြက်ဥအနှစ်နှင့်အတူ အနီရောင် အဆီများက တစ်ချက်တို့လိုက်ရုံနှင့် ထွက်လာပေလိမ့်မည်။


သို့မဟုတ် ရှောင်လုံပေါင်းနှင့် ထမင်းရည်။ မုန့်ပေါင်းလေးတွေကို တစ်ကိုက် ကိုက်ရမည်၊အတော်ကို ပူသည်။ ပူပူနွေးနွေး ပေါင်းထားသော မုန့်သားကို ကိုက်ပြီး အတွင်းဘက်ရှိ နူးညံ့ပြီး ငန်သောအသားကို မြည်းကြည့်လိုက်လျှင်ကား...


သူမ တွေးနေရင်းနှင့် ဗိုက်က အချိန်မတော်ပါဘဲ "ဂွီ ဂွီ" ဆိုသည့် အသံထွက်လာပြီး တိတ်ဆိတ်နေသည့် အခိုက်အတန့်မှာ ထင်ရှားပေါ်လွင်နေတော့သည်။


အားလုံးက သူမကို ကြည့်လာကြသဖြင့် သူမ ရှက်ရွံ့စွာ ပြုံးကာပြောလိုက်၏။


 "သခင်မကြီးကို စောစော နှုတ်ဆက်ဖို့ စိတ်ကူးနေတော့ မနက်စာ မစားခဲ့ရဘူး" 


သခင်မကြီးက  သူမတူများကို ချလိုက်ပြီး အရေးမစိုက်ဟန်ဖြင့်ဆိုသည်။


 "တတိယချွေးမ...မီးဖိုချောင်ထဲမှာ ထမင်းရည်နဲ့ အရံဟင်းတွေ ရှိနေတုန်းပဲ... မင်း ဘာလို့ ငါနဲ့ မစားရမှာလဲ"


ကျန်းရှုယောင်က မမိုက်မဲသဖြင့် ဘယ်လိုငြင်းရမှန်းသိသည်။


 “မဟုတ်တာ...  သခင်မကြီးပဲစားပါနော်... ချွေးမက ထုံးစံအတိုင်း ဘေးနားကနေ အလုပ်အကျွေးပြုရမှာပါ... ယောက္ခမနဲ့ ချွေးမက ဘယ်လိုလုပ် တစ်စားပွဲထဲမှာမနက်စာအတူစားမလဲ" 


မှန်ပေသည်၊  သူမ ဤယာဂုနှင့်ချဉ်ဖက်များကို မစားချင်ပါချေ။


သခင်မကြီးက အေးအေးလူလူသာပြန်ဖြေ လေ၏။


 "ဟုတ်တယ်.. ဒီဟင်းတွေက မင်းအကြိုက်နဲ့ မတော်ဘူး...မဟုတ်ရင် မင်းလက်ထပ်ပြီးတာနဲ့ တန်းပြီး အိမ်ဝင်းထဲမှာ မီးဖိုချောင်အသေးစားတစ်ခု ဆောက်မှာမဟုတ်ဘူး" 


ဤယင်နှင့်ယန်လေသံသည် ထူးဆန်းသော်လည်း ကျန်းရှုယောင်  မကြားချင်ယောင်ဆောင်နေခဲ့သည်။ မျက်တောင်ခတ်လိုက်ရင်း သူမမျက်လုံးတွေက တောက်ပလာပြီး  ကြည်လင်လာ၏။


 "ချွေးမရဲ့ အမေက စားချင်စိတ် သိပ်မကောင်းဘူး...ဒါကြောင့် ချွေးမက အစားအသောက်ကို နေ့တိုင်း တွေးရတာ ကြိုက်တယ်...အမေဖြစ်သူ နောက်ထပ် နှစ်နပ်စားနိုင်မယ်လို့ မျှော်လင့်ရင်းပေါ့ ... အိမ်ထောင်ကျပြီးတဲ့ အခါမှာ ခင်ပွန်းအလုပ်အရမ်းကြိုးစားတာကိုမြင်ရတော့ ခင်ပွန်းဖြစ်သူရဲ့ ပင်ပန်းမှုကို သက်သာစေဖို့ အသီးအရွက်ဟင်းရည် နွေးနွေးလေး တစ်ခါနှစ်ခါ ချက်ပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်မိတာပါ” 


ယခုလိုပြောသည့်အခါ သူမမျက်နှာက နီရဲမနေသလို နှလုံးခုန်လည်း မမြန်ပါချေ။


သူမဟင်းချက်တာ အရသာရှိလား...


ယင်းတစ်ခုက မလွဲဧကန်ပါချေ။


ရှဲ့ရွှင်းကို ကျွေးဖို့လား...အိုး... သူက အကြိမ်အနည်းငယ်လောက် ကပ်စားပြီးပြီမို့ ဒါကလည်းအလိမ်အညာမဟုတ်ပေ။


ရှုရှီက မြို့စားရှဲ့အိမ်တော်၏အိမ်တွင်းရေးတာဝန်ခံဖြစ်သည်။ နေရာတိုင်းမှာ သူမလူတွေရှိ၏။ ကျန်းရှုယောင် လိမ်နေသည်ကို ထုံးစံအတိုင်း သူမ သိသည်။


သူမ၏အကြည့်များက ကျန်းရှုယောင်၏ မျက်နှာကို လွှမ်းခြုံသွား၏။ ဒီအမျိုးသမီးက...တကယ်ကို အရေထူတယ်...


သို့သော်လည်း သူမက အမြွှာများအတွက် အစားမလျှော့စေသလို အစားအသောက် ဇီဇာကြောင်သူရှဲ့ရွှင်းပင်လျှင် အချိန်တိုင်း အများကြီးစားနိုင်သည်။


၎င်းကိုတွေးပြီး ရှုရှီက မကြုံစဖူး သူမအတွက် ပြောပေးခဲ့၏။


 " တတိယမောင်ငယ်က သူစာစဖတ်လိုက်တာနဲ့ စာအုပ်ကိုချလို့မရဘူး... မီးဖိုချောင်ငယ်လေးက ဟင်းရည်ချက်ဖို့ အမြဲအဆင်သင့်ဖြစ်နေရင် ပင်မမီးဖိုချောင်ဆီကို အပြန်ပြန်အလှန်လှန်လူတွေလွှတ်လိုက်တာထက် ပိုကောင်းပါတယ်" 


သခင်မကြီးက ခေါင်းညိတ်သည်။ ဒီလိုတွေးရင် လက်ခံနိုင်ပေမဲ့... ကျန်းရှီရဲ့ စိတ်နေစိတ်ထားက ဘယ်လို ဟင်းပွဲကောင်းတွေ ချက်နိုင်မှာလဲ...ရှဲ့ရွှင်းရဲ့ခြံဝင်းကို ထမင်းချက်နဲ့အစေခံအနည်းငယ်


ပို့လိုက်တာက ပိုကောင်းပါတယ်လေ...


သူမ လူများကို စားပွဲသန့်ရှင်းရေးလုပ်ခိုင်းပြီး ခါတိုင်းလို ခဏလောက် စကားစမြည်ပြောသည်။ ရှုရှီနှင့်ကျိုးရှီတို့ကထွက်သွားပြီး ကျန်းရှုယောင်ကို ဗုဒ္ဓခန်းမဆောင်ငယ်တွင် ကျမ်းဂန်များ ကူးရန် ထားခဲ့သည်။


မစားရသေးကြောင်းသိသော်လည်း ကျမ်းစာများကို ကူးယူခိုင်းသည်။ ကျန်းရှုယောင် သခင်မကြီးက သူမကို အစွယ်ချိုးလိုကြောင်း သိသည်။


သူမက အိမ်တော်ကြီးထဲမှာ တိုက်ပွဲဝင်ရန် အရည်အချင်းမရှိပေမယ့် ဝတ္ထုတွေဖတ်ထား၏။ ချွေးမကို တိတ်တဆိတ် ရှင်းရန် နည်းလမ်းတွေ အများကြီး ရှိပြီး သခင်မကြီး၏ နည်းလမ်းက ပျော့ပျောင်းနေဆဲဖြစ်သည်။


သူမ ဗုဒ္ဓခန်းမဆောင်ငယ်လေးရှိ စားပွဲရှေ့တွင် ဒူးထောက်နေခဲ့ပြီး နို့ထိန်း ထွက်သွားသောအခါ မုန့်နှစ်ထုပ်ကို သူမဝတ်ရုံလက်ထဲမှ ထုတ်ယူလိုက်သည်။ ၎င်းတို့ကို သူမ မနေ့ညက ပြုလုပ်ခဲ့ပြီး  နံနက်ခင်းတွင် သူမမျက်နှာသစ်နေစဥ် ပိုင်ကျီကကူနွှေးပေးခဲ့သည်။ သူမလက်မောင်းထဲမှာ ဝှက်ထားသဖြင့် ပူနေတုန်းပါပင်။


ဆီစိမ်စက္ကူကို လှန်လိုက်သောအခါ အပြင်ဘက်ရှိ အညိုရောင်အနားသား၏ရနံ့များ ထွက်လာသည်။ ကျန်းရှုယောင် ကျေနပ်စွာ တစ်ချက်အနံ့ခံပြီး ကိုက်လိုက်သည်။


"ဂျွတ်" 


အစာသွပ်မုန့် ၏ အပြင်ဘက်အလွှာက ကြွပ်ဆတ်ပြီး အတွင်းလွှာသည် နူးညံ့သည်။မုန့်ကို ကိုက်ပြီးနောက်၊ ဝက်ဆီနံ့က သူမနှာခေါင်းထဲကို ချက်ချင်း စိမ့်ဝင်သွား၏။ ငရုတ်ကောင်းထည့်ထားသည့်မုန့်သားက လုံလောက်ပြီး အရသာအတွက်က ရိုးရိုးကြက်သွန်နီပါးပါးလှီးနှင့်ဆားအနည်းငယ်ပဲထည့်ထားသည်။ အစာသွပ်ထားသော အသားက ထုံသောအရသာရှိသော်လည်း ၎င်းသည် အညှီနံ့မရှိဘဲ အသား၏အမွှေးအကြိုင်ဆုံးနှင့် အနူးညံ့ဆုံးအခြမ်းကို ထိန်းသိမ်းထားသည်။


ဝက်ဗိုက်သားရှိအဆီတို့ကို အပေါ်ရေကြွပ်အောင်ကင်ထားပြီး အဆီနှင့်မီးတို့၏အနံ့အရသာကိုပေးစွမ်းနေ၏။


ကျန်းရှုယောင်  အသားမုန့်ကို သုံးကိုက်ဖြင့် လက်စသတ်လိုက်ပြီး နောက်ထပ် မုန်လာဥနီမုန့်ကို ထုတ်ယူလိုက်သည်။


ခြစ်ထားသော မုန်လာဥနီဖြင်ပြုလုပ်ထားသောမုန့်သည် အသားမုန့်များထက် ပိုအရသာရှိသည်။ ခြစ်ထားသောမုန်လာဥနီက အနည်းငယ်သက်သော်လည်း ယင်းက အလွန်နည်းပါးသည်။ လတ်ဆတ်သော အသီးအရွက်ရနံ့တို့များစွာပါရှိပြီး ကြွပ်ဆတ်ပြီး လန်းဆန်းစေကာ စားသုံးပြီးနောက် ခံတွင်းတွင် ချိုမြိန်ဆဲဖြစ်သည်။


ဤတစ်နပ်က အလွန် အဆင်ပြေ၏။ ကျန်းရှုယောင် ခေါက်ဖျာပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး အရသာတွေ ပြေပျောက်ရန် စောင့်နေသည်။


သူမ ဗိုက်မပြည့်မချင်း ကျမ်းဂန်များကို မကူးချင်ပေ။ပြီးသွားသည့်အချိန်မှာ ဗုဒ္ဓရုပ်ပွားတော်ကို မြင်သည့်အခါ  ရှက်ရွံ့သလို ခံစား၏။


"ကွမ်ရင်ဗောဓိသတ္တ...ကျွန်မတကယ်တောင်းပန်ပါတယ်...ကျွန်မဗိုက်ဆာလွန်းလို့ပါ... မရိုမသေလုပ်ဖို့ မရရွယ်ပါဘူး" 


သူမ နောက်ပြန်လှည့်ကာ ခေါက်ဖျာပေါ်တွင် ဒူးထောက်ပြီး ခေါင်းနှင့် အကြိမ်အနည်းငယ် ဦးတိုက်လိုက်သည်။


ဝတ်ပြုပြီးနောက် ကျန်းရှုယောင် လက်ဖက်ရည်တစ်ခွက်တောင်းရန် အပြင်သို့ထွက်သွားသော်လည်း နို့ထိန်းက သူမ အလွန်ဗိုက်ဆာနေပြီဟု ထင်နေသဖြင့်  လက်ဖက်ရည်တစ်ခွက်သောက်လိုက်ရသည်။


နို့ထိန်းက အသက်အလွန်ကြီးနေပြီဖြစ်ကာ ယင်းကိုမကြည့်ရက်နိုင်ပေ။ သနားစိတ်အပြည့်ရှိသော မျက်လုံးများက သူမကို ခဏတာမျှစိုက်ကြည့်နေပြီး ကျန်းရှုယောင် အတော်လေးအပြစ်ရှိသလိုခံစားရ၏။


နောက်ရက်အနည်းငယ်အတွင်းတွင် ကျန်းရှုယောင်တစ်ယောက်  အလွန်စည်းကမ်းကြီးခဲ့သည်။ သူမသည် ပထမဆုံးလာသူဖြစ်ပြီး နောက်ဆုံးထွက်ခွာသူဖြစ်သည်။ ရှုရှီက သက်ကြီးဝါကြီးကိုအလုပ်အကျွေးပြုပုံကို ပိုမိုမြင်တွေ့ပြီးနောက်တွင် သူမလည်း အနည်းငယ်သင်ယူခဲ့သည်။ ရံဖန်ရံခါတွင် သူမ သခင်မကြီးကို ကျောနောက်မှီီခြင်း သို့မဟုတ် တစ်ခုခုကို မျက်စိလျင်လျင် ခြေမြန်လက်မြန်ဖြင့် ကူညီပေးခဲ့သည်။


နောက်ဆုံးတွင် သတ္တမမြောက်နေ့မှာ ကျန်းရှုယောင် သခင်မကြီး စိတ်ကောင်းရှိနေသည်ကို တွေ့လိုက်ရပြီး ကူးထားသည့်ကျမ်းစာများကို ပေးလိုက်၏။


သခင်မကြီးက ယူသွားသည်။ ဤသည်ကို သူမ မေ့လုနီးပါးပင်။ ဒုတိယမြောက် သို့မဟုတ် သုံးရက်မြောက်သောနေ့တွင် သူမ၏ ပထမချွေးမနှစ်ဦးအနက် မည်သူမှ ၎င်းကို ကူးယူခြင်းမရှိခဲ့ပါချေ။


Xxxx