Chapter 15
ညလယ်အဆာပြေမုန့်
သူမ ပေါ့ပေါ့ပါးပါး လှန်လိုက်သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏မျက်ခုံးများ ပြင်းထန်စွာ တွန့်သွားသည်။
"ဘာတွေရေးထားတာလဲ..."
သခင်မကြီး သူမတစ်သက်တွင် ထိုမျှ ရုပ်ဆိုးသည့်အက္ခရာများကို တစ်ခါမျှ မတွေ့ဖူးပေ။
ကျန်းရှုယောင်က စိတ်ဓာတ်ကျစွာ "ကျမ်းစာတွေပါ"ဟုဖြေလိုက်၏။ သူမစာများက ထိုမျှလောက်မဆိုးဘူးဟု သူမတကယ်ခံစားရသည်။
"မင်း... မင်းက ဝတ်ကျေတမ်းကျေလုပ်ထားတာပဲ"
သခင်မကြီး ပို၍ ပို၍ ဒေါသ ထွက်လာသည်။ ဆယ်ရက်လောက် ကူးပြီး ရလဒ်က ဤသရဲရုပ်များဖြစ်နေရာ မရေးသည်က ပိုကောင်း၏။ အတည်အတံ့ပြောရပါလျှင် ဤသည်က ဗောဓိသတ္တကို မရိုသေခြင်းဖြစ်သည်။
"ချွေးမ မဝံ့ပါဘူး"
ကျန်းရှီတစ်ယောက် မတရားခံနေရ၏။ လူဖျင်းတစ်ယောက်ရဲ့ ဝေဒနာကို ဘယ်သူနားလည်နိုင်ပါ့မလဲ...
”ချွေးမက စာပေကောင်းကောင်းမတတ်ဘူး... ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရေးနေပါစေ စကားလုံးတွေက ဒီလိုဖြစ်နေပေမဲ့ စကားလုံးတိုင်းကို စိတ်ရင်းမှန်နဲ့ လေးလေးစားစား ရေးခဲ့တာပါ... ကျမ်းဂန်တွေကိုကူးနေချိန်က ကျွန်မရဲ့'ရိုးသားမှု' ကို အာရုံစိုက်ပေးပါလားဟင်"
"ကောင်းပြီ... မင်းက ပြန်ပြောနေသေးတာပဲ... မင်း ပန်းတွေအကြောင်း စပြောမယ်ငါထင်တာ"
သခင်မကြီးက သူမကို ဝတ်ကျေတမ်းကျေလုပ်သည်ဟု အခိုင်အမာပြောနေပြီး နားထင်များကို ပွတ်သပ်ရင်းဆို၏။
"ထားလိုက်ပါ...ထားလိုက်ပါတော့... မင်းက အာရုံမစိုက်ချင်မှတော့ ငါမင်းကို ဘယ်လိုလုပ်တွန်းအားပေးရမလဲ"
ကျန်းရှုယောင် လွန်စွာမတရားစွပ်စွဲခံခဲ့ရသည်။ ယခုအချိန်တွင် ကျမ်းဂန်ကူးယူပြီးနောက် သူမ၏လက်ကောက်ဝတ်မှာ နာကျင်နေသော်လည်း သူမ ထိန်းထားခဲ့သည်။
သခင်မကြီး သူမခေါင်းငိုက်စိုက်ကျသွားသည်ကို မြင်လိုက်ရပြီး သူမ၏ သနားစရာကောင်းသော အသွင်အပြင်သည် သူမ၏နှလုံးကို ပို၍ သွေးများဆောင့်တိုးလာစေ၏။
သူမ၏ပြီးပြည့်စုံသောသားသည် အဘယ်ကြောင့် ထိုမိန်းမနှင့် လက်ထပ်ရသနည်း။
တွေးလေလေ စိတ်ဆင်းရဲလေလေဖြစ်သည်။ သူမ ကျန်းရှုယောင်ကို ရှေ့တွင် ပုန်းမနေဘဲ အမြန်ထွက်သွားစေရန် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
နို့ထိန်းဖြစ်သူက အမြန် ရှေ့ကိုတိုးပြီး သူမနားထင်ကို ပွတ်သပ်ရင်းဆို၏။
"သခင်မကြီး ဒေါသထွက်ဖို့ မထိုက်တန်ပါဘူးရှင်"
သခင်မကြီးက သူမမျှော်လင့်ချက်တွေကိုပဲ ရေရွတ်လေသည်။
"သူ သူ့(သူမ)ကို ထားသွားနိုင်မဲ့အချိန်ကိုပဲစောင့်ရမှာပဲ"
ကျန်းရှုယောင် ပြန်ရောက်လာသည်။ ခြံဝင်းထဲတွင် သူမ စင်္ကြံအောက်မှာ ခဏရပ်ပြီး ပိုင်ကျီကို ခေါ်ကာမေးလိုက်၏။
"နင် ပြောကြည့်... မြို့စားအိမ်တော်က ငါ့ကို ဖယ်ထုတ်ပစ်မှာလား"
ပိုင်ကျီနှင့် သူမနောက်ရှိ အစေခံ ကြောက်လွန်း၍ ဒူးထောက်ထိုင်ချလိုက်ကြသည်။
"သခင်မ..."
ကျန်းရှုယောင် တကယ်ကို နားမလည်ပေ။သူမက ဤအကြောင်းကို မေးချင်ခြင်းသာဖြစ်သည်။ထိုသို့လုပ်နေသည်ကို မြင်သောအခါ သူမက စိုးရိမ်တကြီးမေးလိုက်၏။
" ငါဘာလုပ်နေလို့ နင်တို့ကဒူးထောက်နေတာလဲ... ငါက မေးရုံမေးတဲ့ဟာကို"
"သခင်မ"
ပိုင်ကျီက သူမကို တုန်လှုပ်စွာ မော့ကြည့်လိုက်ရာ သူမ စိတ်မဆိုးဘူးဆိုသည်ကို မြင်လိုက်ရသဖြင့် သူမ အလိုလို ထရပ်လိုက်ပြီး မေးလိုက်သည်။
"ဘာလို့ ဒီလိုမေးတာလဲ"
"ငါ့မှာ အမြဲတမ်း ဒီလို ရှုပ်ထွေးမှုတွေ ရှိခဲ့တယ်......ငါ ရှဲ့ကောကုန်းရဲ့ အိမ်တော်ထဲကို လက်ထပ်ဝင်လာတုန်းက အတင်းလက်ထပ်ခိုင်းခဲ့တာ... ထွက်သွားချင်ရင် ရှန်းယန်အိမ်တော်နဲ့ တော်ဝင်ကိုယ်လုပ်တော်တွေကမု ဂရုစိုက်ရမှာပေါ့...ဒါပေမယ့် နည်းလမ်းတစ်ခုရှာတွေ့ရင် ငါဒီလိုမျိုးအနှပ်ခံမှာမဟုတ်ဘူး"
"သခင်မ..."
ပိုင်ကျီ သူမကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ စိတ်မကောင်းဖြစ်သွားရသည်။ သခင်မလေးက ခေါင်းမာပြီးမောက်မာ သော်လည်း ယခုအခါတွင် ခင်ပွန်းသည်အပေါ် လေးလေးနက်နက် လေးမြတ်မှု ရှိသောကြောင့် ပြောင်းလဲသွားပေငြါး ယင်းလေးမြတ်မှုက သူမ၏နှလုံးသားကို ကြေကွဲစေခဲ့သည်။
ပိုင်ကျီ ခေါင်းငုံ့လိုက်ကာ နှစ်သိမ့်စကားတစ်ခွန်းမှ ပြောမထွက်နိုင်ပေ။
ကျန်းရှုယောင်က သူမေးစေ့ကိုကိုင်ပြီးတွေးလိုက်သည်။
"နင်ပြောကြည့်... ကွာရှင်းပြီးရင် ငါ့မိခင်ဘက်ကမိသားစုကို ပြန်သွားတဲ့အခါ ဘယ်လိုဖြစ်မလဲ"
"သခင်မက သခင်မတကယ်ချစ်ရတဲ့သူကို ပြန်ရှာတွေ့မှာပါ"
ဤသည်က ကျန်းရှုယောင် နောက်ဆုံးတွင် စွန့်ပစ်ခံရမည်ဟူသော အယူအဆကိုလည်း သဘောတူလိုက်ခြင်းပင်။
ကျန်းရှုယောင်၏ ဦးရေပြားက ထုံနေသည်။
"ဒါဆို ငါ အိမ်ထောင်မပြုတော့ရင် ဘယ်လိုဖြစ်မလဲ "
သူမကို ဘယ်သူက နောက်ထပ် လက်ထပ်မလဲဆိုတာ ဘယ်သူသိလဲ...
တစ်ဖက်လူက ဖောက်ပြန်သူ သို့မဟုတ် အနောက်ခြံဝင်းမှာ သခင်တစ်အုပ်ရှိသူဖြစ်လျှင် သူမ မည်သို့သေဆုံးသွားသည်ကိုပင် သူမ သိနိုင်မည်မဟုတ်ပေ။ ရှဲ့ရွှင်းက အလွန်ကောင်းမွန်သော စတော့ရှယ်ယာတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ သူမကို ထိသည်ဖြစ်စေ မထိသည်ဖြစ်စေ ၊ သူ့တွင် တစ်နေ့တာလုံး ခေါင်းတလား မျက်နှာထားရှိသော်လည်း သူက စိတ်ထားကောင်းပြီး မျက်စိပသာဒဖြစ်စေသည်။ သူ့ကို နောက်ထပ် အကြိမ်အနည်းငယ် ကြည့်လိုက်လျှင် သူမ၏စိတ်အခြေအနေ ပိုကောင်းလာပေလိမ့်မည်။
"ဒါဆို နေဖို့ တာအိုဘုရားကျောင်းကို ရှာရမလား"
ပိုင်ကျီ ကျန်းရှုယောင်၏ နောက်အိမ်ထောင်ပြုရန် တွန့်ဆုတ်မှုကြောင့် စိတ်ရှုပ်ထွေးသွားသည်။
တာအိုဘုရားကျောင်းများသည် အိမ်တော်ကြီးများနှင့် မယှဉ်နိုင်ပါချေ။ ဘေးကင်းရေး၊ အိမ်ယာနှင့် စားနပ်ရိက္ခာတို့သည် အဓိကပြဿနာများဖြစ်သည်။
ကျန်းရှုယောင် သူမ၏ အနာဂတ်က မှောင်မိုက်နေသည်ဟု ခံစားရသည်။ သူမ ခေါင်းကို ပွတ်သပ်ရင်းမြည်တမ်းလိုက်၏။
"ဘုရားသခင်..ရှဲ့ရွှင်းကငါ့ကို နောက်မှ ထားသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ရှဲ့ရွှင်း စာတစ်စောင်ယူရန် ပြန်လာပြီးနောက် စင်္ကြံထောင့်တွင် ကျန်းရှုယောင်၏ စကားများကို ကြားလိုက်ရသည်။
သူ ခေတ္တရပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အေးစက်နေပြီဖြစ်သော သူ့မျက်နှာက ပို၍ပင် စိမ်းကားလာသည်။
ရှေ့သို့ အနည်းငယ် လှမ်း၍ စင်္ကြံအောက်မှ အမျိုးသမီး၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။
သူမ၏ဆံပင်ကို မြင့်မြင့်ထုံးထားပြီး ကျောက်စိမ်းဆံထိုးအနည်းငယ်ကို ရိုးရိုးရှင်းရှင်းပင် ထိုးထည့်ထားသည်။ သူမ၏ အနက်ရောင် ဆံပင်များသည် မှင်နှင့်တူပြီး သူမ၏ သွယ်လျသော လည်ပင်းက ပိုမိုဖြူဖွေး နုနယ်နေပုံရသည်။ ဖြူစင်ပြေပြစ်သော ၀တ်စုံကို ၀တ်ဆင်ထားသော်လည်း ကျက်သရေရှိပြီး အဆင့်အတန်းမြင့် ရလှသော စိတ်နေသဘောထားကို ဖုံးကွယ်ထား၍မရပေ။
သူ သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူ့အတွေးများကို ထိုနေ့ လူများကို ရေထဲမှ ကယ်တင်စဥ်ကမှတ်ဉာဏ်များအတွင်းမှ ပြန်ဆွဲထုတ်လိုက်သည်။
ကျန်းရှီက မည်သို့ပင်ဖြစ်စေ သူ့ကို စွဲလမ်းလွန်း၏။
ဒါပေမဲ့ ဘာလို့ဂရုစိုက်ရမှာလဲ...
သူမက သူနဲ့လက်ထပ်ရင်တောင် သူက တူညီတဲ့ ရိုးသားမှုကို ပြန်မပေးနိုင်ဘူးလေ...
ပိုင်ကျီက ကျန်းရှုယောင်ကို သူမ၏"ဝမ်းနည်းမှု" ထံကနေ အာရုံပြောင်းချင်သဖြင့် စိတ်လှုပ်ရှားဟန်ဆောင်ပြီးပြောလိုက်သည်။
"သခင်မ...ကျွန်မတို့ ရက်အနည်းငယ်ကြာရင်မင်းသမီးအိမ်တော်ကို ပွဲတော်တက်ဖို့ သွားရမှာ"
ကျန်းရှုယောင် တွေးရင်း ခေါင်းကိုက်လာသည်။ ဘာပွဲမှ မတက်ချင်ဘူး...အဲဒါကို နားထောင်ရတာနဲ့တင် တော်တော် ဒုက္ခရောက်တယ်...
သူမစိတ်အခြေအနေ မကောင်းဖြစ်နေသည်ကိုမြင်သောအခါ ပိုင်ကျီက သူမ၏စကားများကိုပြောင်းလိုက်၏။
"သခင်မလေးက လက်ထပ်ပြီးကတည်းက မင်းသမီးချန်းလဲ့နဲ့ မဆုံဖြစ်တော့ဘူး...ဒီပွဲကို သေချာပေါက် စောင့်မျှော်နေမှာပဲနော်"
ကျန်းရှုယောင်၏ နဖူးလေး တွန့်သွားသည်။ မင်းသမီးချန်းလဲ့က ချောမောသော ယောက်ျားလေးများကို နှောင့်ယှက်ရန် သူမ၏ "ညီအစ်မများ" ကို ခေါ်ဆောင်ကာ ရေထဲသို့ လူအများအပြား ပြုတ်ကျစေသည့် စစ်သည်တော်ဖြစ်သည်။ သူမ၏လုပ်ရပ်များကို နားထောင်ရုံနှင့် လူအများက သူမ၏ရန်လိုမှုအား စိတ်ကူးကြည့်နိုင်လေသည်။ မင်းသမီးက သူမ၏ ယခင်နှာပူးညီအစ်မဖြစ်သူ၏ စိတ်ဝိညာဉ် ပြောင်းလဲသွားကြောင်းကို တွေ့သွားလိမ့်မလားကိုလည်း သူမ မသိပါချေ။
"ဟုတ်တယ်... အခုတော့ ငါကလက်ထပ်ပြီးသား မိန်းမလေးဖြစ်နေတော့ သူနဲ့မရှုပ်နိုင်တော့ဘူးလေ "
ပိုင်ကျီ ကျန်းရှုယောင်၏ ယခင်အမူအကျင့်များကို တွေးပြီး အနည်းငယ် ကိုးရိုးကားယား ရယ်မောကာ ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။
"သခင်မ...ကျွန်မတို့ အခု ဘာမှ လုပ်စရာ မရှိတော့ဘူးဆိုတော့ ပွဲအတွက် အဝတ်အစားနဲ့ လက်ဝတ်ရတနာ ရွေးတာ ပိုကောင်းတယ်"
အဝတ်အစားနှင့် လက်ဝတ်ရတနာများ...
ကျန်းရှုယောင် ဗရိုအတွင်းရှိ အဝတ်အစားပြောင်များနှင့် လှပတင့်တယ်သော ကျောက်စိမ်းအဆင်တန်ဆာများကို မတွေးတောဘဲမနေနိုင် ဖြစ်သွားသည်။ မူလပိုင်ရှင်၏ အလှရသခံစားတတ်မှုက အဆိပ်ပြင်းလွန်းသည်။ သူမမှာ တောက်ပသောအဝတ်အစားအချို့ကို ရွေးချယ်ခဲ့ပြီး အကြိမ်ကြိမ်အလှည့်ကျဝတ်ဆင်ခဲ့ရသည်။
" ပွဲကိုသွားမယ်ဆိုရင် အဝတ်အစား အသစ်ချုပ်ချင်တယ်"
ဘာပဲဖြစ်ဖြစ် သူမမှာ ပိုက်ဆံရှိတာပဲ... ဘာလို့ မဝယ်ရမှာလဲ...
ပိုင်ကျီက ကျန်းရှုယောင်၏ ကြွယ်ဝပြီး ရက်ရောသောပုံစံကို ကျင့်သားရပြီးဖြစ်ကာ မဆိုင်းမတွ ခေါင်းညိတ်၍ဆို၏။
"ဒါဆို ဒီအစေခံမိန်းကလေးက ပေကျင်းမှာရှိတဲ့ အကောင်းဆုံး ပန်းထိုးသမားအားလုံးကို ခေါ်ဖို့ ဘဏ္ဍာထိန်းကို ခိုင်းလိုက်ပါ့မယ်"
ကျန်းရှုယောင်က ထပ်ဖြည့်ပြော၏။
"လက်ဝတ်ရတနာတွေရောပဲ အသစ် ဝယ်ချင်တယ်"
ပိုင်ကျီအေးခဲသွားသည်။
“ဒါပေမဲ့ အိမ်မှာ လက်ဝတ်ရတနာ ရွေးရမဲ့ စည်းမျဥ်းမရှိဘူး…..”
အဝတ်အစားအတွက် လှည်းအနည်းငယ်သာ ယူလာရန်သာလိုသော်လည်း လက်ဝတ်ရတနာက ကွဲပြားသည်။ တန်ဖိုးကြီးသော လက်ဝတ်ရတနာများကို တင်းတင်းကြပ်ကြပ် ထိမ်းသိမ်းထားရမည်ဖြစ်ပြီး အလွန်အဖိုးတန်သော လက်ဝတ်ရတနာအချို့အတွက် လူတို့ကြည့်ရှုရန် အခွင့်အရေးပင် ရှိမည်မဟုတ်ပေ။
ကျန်းရှုယောင် ရိုးရှင်းသော ရွှေအဆင်တန်ဆာများ နှင့် လှပသော နားကပ်များပင် မပါရှိဘဲ ပွဲသို့ မသွားချင်ပေ။
"ခဏလောက် အပြင်ထွက်ရင်ကောင်းမယ်"
သူမ ပုခုံးများကိုအောက်ချရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
ပိုင်ကျီ ခဏတာ ငြိမ်သက်နေသည့်သခင်မကနောက်တစ်ကြိမ် ထပ်ပြီး ပြဿနာရှာမှာ ကြောက်သွားပြီးဖြောင့်ဖြလိုက်၏။
“မကြာသေးမီက သခင်မကြီးက တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ထားတယ်... ကျမ်းဂန်တွေကို ကူးတာကလည်း သခင်မကြီးကို ဒေါသထွက်စေခဲ့တယ်...သခင်မအနေနဲ့ သခင်မကြီးရဲ့ ဒေါသတွေ ပြေသွားတဲ့အထိ သည်းခံပြီး စောင့်ရင် လွတ်လွတ်လပ်လပ် ပြုမူရတာ ပိုလွယ်လိမ့်မယ်”
မိန်းကလေးများကက အမြဲတမ်း ၀တ်စားဆင်ယင်ရသည်ကို နှစ်သက်ကြပြီး အထူးသဖြင့် ရက်ချိန်းတစ်ခုခုရှိသည့်အခါ လှပချင်ကြ၏။ ကျန်းရှုယောင် နည်းလမ်းကို မစဉ်းစားနိုင်တော့သည့်အတွက် အလျှော့အတင်း လုပ်ရုံသာတတ်နိုင်ခဲ့၏။
"ဒါဆို ငါ့အတွက် အရောင်တောက်တောက်အထည်တွေ ရွေးဖို့ လူတွေကို လွှတ်လိုက်...တတ်နိုင်ရင် ရွှေဆိုင်ကိုသွားပြီး လက်ဝတ်ရတနာတွေဝယ်ချေ...ပုံစံက ကန့်သတ်ချက်မရှိဘူး... ပိုရှုပ်ထွေးလေ၊ ဆန်းပြားလေလေ ပိုကောင်းလေပဲ "
"ဒါ......"
ပိုင်ကျီ ယခုလိုအမိန့်မျိုး တစ်ခါမှ မကြားဖူးပေ။ လူတွေက လက်ဝတ်ရတနာတွေဝယ်ရန် ပိုက်ဆံအများကြီးသုံးကြလိမ့်မည်ဖြစ်ပြီး အနီးကပ်ဆုံးအစေခံများပင် ဤအလုပ်ကို မယူဝံ့ကြချေ။
"ထားလိုက်ပါတော့ "
ကျန်းရှုယောင် သိပ်စိတ်ညစ်မနေတော့ပေ။ သူမအမေ၏မိသားစုက ချမ်းသာသည့် စီးပွားရေးသမားများဖြစ်ပေမဲ့ သူမအဝတ်အစား၊ စားရေး၊ နေရေးနှင့် သယ်ယူပို့်ဆောင်ရေးတို့ကိုသက်ရောက်မှုမရှိပေ။ သူမအနေဖြင့် ကိုယ့်ဥစ္စာနှင့်ကိုယ်ပင် လက်ဖွာ၍မရချေ။ ပိုက်ဆံအများကြီးရှိပြီး ဘာမှသုံးစရာရှိမနေ။
"အိမ်ထောင်ကျပြီးကတည်းက အိမ်အပြင်မထွက်ရဘူး...အပြင်ကဈေးက အခု ဘယ်လိုပုံစံလဲမသိဘူး"
သူမ စိတ်ဓာတ်ကျစွာပြောလိုက်၏။။
အတိအကျပြောရလျှင် ကူးပြောင်းပြီးသည့်နောက် ရှေးခတ်ဈေးကို တစ်ခါမျှ မမြင်ဖူးပါချေ။ ကျန်းရှုယောင်းက စပ်စုသည့်အတွက်အဆင်မပြေပေ။ အတောင်တွေပေါက်ပြီး အပြင်ကို ပျံသန်းရန် သူမ မစောင့်နိုင်တော့။
သူမ၏ စိတ်အားထက်သန်သော အသွင်အပြင်ကို မြင်သောအခါ ပိုင်ကျီ သူမ၏ နှလုံးသားထဲတွင် အချက်ပေးသံကို ကြားလိုက်ကာ လှုံ့ဆော်မှုတစ်ခုရုတ်တရက် ထွက်ပေါ်လာသည်။
"သခင်မရဲ့ခင်ပွန်းကို ဘာလို့ သခင်မကို အပြင်လိုက်မပို့ခိုင်းတာလဲ"
"ဟင်..."
ဒါက ဘယ်လိုအစီအစဥ်လဲ...
ကျန်းရှုယောင် နားရွက်များထောင်လာသည်။ "နင်ငါ့ကို အသေးစိတ်ပြောပြလို့ရတယ်"
"သခင်က ရက်အနည်းငယ်ကြာရင် အနားယူတော့မှာဆိုတော့ သူ့ဇနီးအသစ်စက်စက်လေးကို လိုက်ပို့ဖို့က အရမ်းကြီးတော့ မများဘူး... သခင်က သခင်မကို ခေါ်သွားရင် သခင်မကြီး ဘာမှ မပြောနိုင်ဘူးလေ"
Xxxx