Chapter 19
ပုဇွန်အစပ်နှင့် ကြာဆွယ်အနှစ်
ရှဲ့ရွှင်း အပြင်မှာ ရုန်းကန်နေရဆဲသကာလ ကျန်းရှုယောင် မီးဖိုချောင်ထဲက ထွက်လာသည်။
ရှဲ့ရွှင်း၏အကြည့်များက သူမနှင့် တိုးတိုက်မိသွားသဖြင့် သူ့ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။
ကျန်းရှုယောင်က လုံးဝ ဂရုမစိုက်ဘဲ သူ့ကို ပြုံးပြပြီးဆို၏။
"ရှင်က အချိန်ကိုက်ပြန်လာတာပဲ... အခုမှ အိုးထဲခပ်ထားတာရယ်"
ထိုစကားကိုပြောပြီးနောက် သူမက အရှေ့တောင်ပံဆီသို့ တည့်တည့်သွားခဲ့သည်။
သူမ၏သဘောထားက သဘာဝကျပြီး သဘောထားကြီးနေ၏။ ရှဲ့ရွှင်း သူမ၏ သဘောထားကြောင့် သက်ရောက်ခြင်းခံလိုက်ရပြီး သူမကို အမှီလိုက်ရန် ကြိုးပမ်းခဲ့သည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ကြသည်။ ကျန်းရှုယောင် သူမစားနေချိန်တွင် အခြားသူများကို ခစားခိုင်းရသည်ကို မကြိုက်သောကြောင့် အစေခံများက ပန်းကန်ချပြီးနောက် နောက်ပြန်ဆုတ်သွားကြသည်။
မျက်နှာချင်းဆိုင်တွင် မတ်မတ်ထိုင်နေသော ရှဲ့ရွှင်းက အလွန်လေးနက်သောပုံစံဖြင့်ရှိနေသောကြောင့် ကျန်းရှုယောင် အနည်းငယ်ရှုပ်ထွေး သွားသည်။
စားသောက်ရာတွင် ကြီးမားသောတားမြစ်ချက်မှာ ချုပ်တည်းထားခြင်းဖြစ်သည်။
သူမက စားပွဲပေါ်ရှိ ကြွေကရားကို ကောက်ကိုင်လိုက်ပြီး အနည်းငယ်ကိုင်း၍ ရှဲ့ရွှင်းအတွက် ဝိုင်တစ်ခွက် လောင်းငှဲ့လိုက်သည်။
၎င်းကိုမြင်သောအခါ ရှဲ့ရွှင်းက အံ့သြစွာနှင့်ဆို၏။
"ဒါက... ဝိုင်လား"
ထမင်းစားရင်းသောက်တဲ့ အမျိုးသမီးကို သူ တစ်ခါမှ မတွေ့ဖူးဘူး...
"ဟုတ်တယ်"
ထိုသို့ပြောလိုက်စဥ်မှာ ကျန်းရှုယောင်၏ မျက်လုံးများက လခြမ်းပုံသဏ္ဍာန် အပြုံးများအဖြစ် ပြောင်းလဲသွားသည်။
"ကျွန်မ ဒါကိုအထူးတလည် မှာထားတာ...မြည်းကြည့်ပြီးပြီ မဆိုးဘူးရယ်... ရှင့်ကြိုက်မကြိုက်တော့ မသိ"
ရှေးခတ် ဝိုင်ထုတ်လုပ်ခြင်းနှင့် သောက်သုံးခြင်း ယဉ်ကျေးမှုသည် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ စပျစ်ဝိုင်၊ တရုတ်ဇီးသီးဝိုင်၊ ပိုးစာဝိုင်၊ ရှောက်ဝိုင်၊ ဇီးသီးဝိုင်၊ သလဲသီးဝိုင်၊ မက်မွန်ဝိုင် နှင့် သစ်တော်သီးဝိုင် အစရှိသည်တို့ကဲ့သို့ အဖျော်ယမကာလုပ်ငန်းတွင် လူကြိုက်များသော ဝိုင်အမျိုးအစားများစွာရှိသည်။ အယ်လ်ကိုဟောပါဝင်မှု မြင့်မားခြင်းမရှိသလို အရသာကလည်း ချိုမြိန်ပြီး အရသာရှိသောကြောင့် အမျိုးသမီးများ သောက်ရန် အထူးသင့်လျော်သည်။
ကျန်းရှုယောင် ပိုင်ကျီဆီက ဝိုင်အမျိုးအစားများစွာ၏စာရင်းကို ကြားသောအခါ သူမ မြေအောက်ခန်းထဲသို့ ကျသွားသလိုခံစားလိုက်ရသည်။ သူမလက်ကို ဝှေ့ယမ်းပြီး ပိုင်ကျီကို တစ်ပုလင်းယူလာပေးရန် စိတ်လှုပ်ရှားစွာ ခိုင်းလိုက်၏။
ရှဲ့ရွှင်းက သူမကိုကြည့်ကာ ဝိုင်ကိုကြည့်သည်။ သူက အနည်းငယ် အံ့သြသွားပြီး ဆို၏။
"မင်းသောက်ရတာကြိုက်လား"
ကျန်းရှုယောင်က ခေါင်းညိတ်လိုက်သည်။
ရှဲ့ရွှင်း ခဏလောက် ထိတ်လန့်သွားသော်လည်း သူဘာမှပြန်မပြောဘဲ ဖန်ခွက်ထဲမှ တစ်ငုံသောက်လိုက်သည်။
သူ၏လက်ချောင်းများသည် ဖြူဖွေးသွယ်လျပြီး ကောင်းစွာထုဆစ်ထားသော အဆစ်များပါရှိပြီး နဂါးသွဲ့ဝိုင်ဖန်ခွက်ကို ကိုင်ဆောင်ထားပုံမှာ အထူးဆွဲဆောင်မှုရှိသည်။ ကျန်းရှုယောင်၏အကြည့်များ သူ့လက်ပေါ်သို့ဆင်းသက်မသွားဘဲမနေနိုင်ခဲ့ပေ။
ရှဲ့ရွှင်းက ဂရုမစိုက်ဘဲမေးသည်။
"ဒါက သစ်တော်သီးဝိုင်လား"
ကျန်းရှုယောင်က သူမ၏အကြည့်များကို သူ၏ ဖြူဖွေး ပါးလျသော လက်ကောက်ဝတ်ဆီသို့ ရွှေ့ကာ စူးစူးစိုက်စိုက်ကြည့်ပြီး ခေါင်းညိတ်ရင်း "ဟုတ်တယ်" ဟု ပြန်ဖြေသည်။
ရှဲ့ရွှင်း၏ လက်အနားသတ်များက ကျယ်နေပြီး လက်ကို မြှောက်လိုက်သောအခါတွင် သူ၏ နှင်းဖြူရောင်အင်္ကျီ၏ လက်အနားသတ်အပိုင်းကို ပေါ်လွင်စေသည်။ သူ၏ ဝိုင်အရသာခံပုံက တင့်တယ်ပြီး ချောမောလွန်းသဖြင့် လမ်းဘေးဆိုင်တွင် စားသောက်ခြင်း၏ အငွေ့အသက်ကို ဖန်တီးရန် မူလကရည်ရွယ်ခဲ့သော ကျန်းရှုယောင် အတန်ငယ် ရှုံးနိမ့်သွားသည်။
"အေးပြီး နှစ်သက်စရာကောင်းတယ်...ချိုတယ်၊ အရသာရှိတယ်"
ဝိုင်ဖန်ခွက်ကို ချလိုက်သည်နှင့် ရှဲ့ရွှင်းမျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက်ပေါ်လာသည်။
"ဒါက ငါ့အတွက် သစ်တော်သီးဝိုင်သောက်တာပထမဆုံးအကြိမ်ပဲ"
ဤသည်က ကျန်းရှုယောင်အတွက် သူ့အပြုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
နေရောင်ခြည်က သူ့ခန္ဓာကိုယ်ကို နူးညံ့သောရောင်လျှံဖြင့် လွှမ်းခြုံထားပြီး သူ၏မှင်နှင့်တူသောဆံပင်က မြင့်မြင့်ချည်ထားကာ သူ့မျက်နှာက သရဖူကျောက်စိမ်းသကဲ့သို့ရှိနေသည်။သူ ရယ်မောလိုက်သောအခါတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အထီးကျန် မာနကြီးသော အရှိန်အဝါများ ချက်ချင်း ပျောက်ကွယ်သွားပြီး နွေးထွေးမှုက မိုးမခပင်များပေါ်မှ ပူနွေးသော နွေဦးလကဲ့သို့ အရည်ပျော်သွားသည်။
[ET/N–"မျက်နှာက သရဖူကျောက်စိမ်းသကဲ့သို့" ဟူသည် တရုတ်ဗန်းစကားတစ်ခုဖြစ်ပြီး ဖျင်ယင်းလို miàn rú guān yùဖြစ်သည်။ ၎င်းသည် အလွန်သိမ်မွေ့နူးညံ့သော အသွင်အပြင်ရှိသည့် အမျိုးသားတစ်ဦးအတွက် ဥပစာဖြစ်ပြီး အမျိုးသားတစ်ဦး၏အလှကို ဖော်ပြရာတွင်လည်း အသုံးပြုသည်။]
ထို့နောက် သူ့မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။
"မင်း...ဘာလို့ ငါ့ကိုဒီလိုကြည့်နေတာလဲ"
ရှဲ့ရွှင်း ချောင်းဟန့်လိုက်ပြီး ကျန်းရှုယောင်၏ ပူပူလောင်လောင်မျက်လုံးများကြောင့် အနည်းငယ် ပျာယာခတ်သွားသည်။
ကျန်းရှုယောင်က သူ့အလှကို သဘောကျနေသည့် သူမအကြည့်များကို ပြန်ရုတ်လိုက်ပြီး နောင်တနှင့် သက်ပြင်းချလိုက်သည်။
"ဘာမှမဖြစ်ဘူး... စားရအောင်"
သူမ စားပွဲပေါ်ရှိ ကြွေပန်းကန်လုံးကြီးပေါ်မှ အဖုံးကို မလိုက်ပြီး ပြင်းထန်အသော အစပ်အနံ့အရသာက ရှဲ့ရွှင်း၏နှာခေါင်းပေါက်ထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။
သူ့မျက်လုံးရှေ့တွင် နီရဲ တောက်ပသော ပုဇွန်အိုးတစ်အိုးရှိနေသည်။ အရေခွံကို ဆီပူထိုးထားပြီး အရောင်က ရွှန်းစိုတောက်ပနေသည်။ ဆီနီနှင့် ဆောစ့်ကို ၎င်းအပေါ်မှာ လောင်းချထား၏။ ရေနွေးငွေ့ပူပူက လှိမ့်တက်လာပြီး အိုးထဲမှာ ပုဇွန်တွေနှင့်ပြည့်နေသည်။
ကျန်းရှုယောင် မူလက ကျောက်ပုစွန်အစပ်ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း 19 ရာစုတွင်မှ တရုတ်နိုင်ငံသို့ ကျောက်ပုစွန်ကို စတင်မိတ်ဆက်ခဲ့သည်မှာ သနားစရာကောင်းသည်။ ယခုခေတ်မှာ သာမန်ပုစွန်တွေပဲရှိ၏။ ထို့ကြောင့် သူမ ဤပုဇွန်အစပ်အိုးကြီးပြုလုပ်ရန် ကျောက်ပုဇွန်အစပ်ချက်နည်းကို အသုံးပြုခဲ့သည်။
ရှဲ့ရွှင်း ကျန်းရှုယောင် သူ့ကိုအရင်က သင်ပေးခဲ့ဖူးသော ပုဇွန်ခွာနည်းကို စဉ်းစားရင်း ဤပုဇွန်အိုးကို ကြည့်လိုက်သည်။သူ ခေါင်းကိုက်အနည်းငယ်ကိုက်လာ၏။ အရမ်းများနေတယ်... စားရခက်လွန်းတယ်...
သူ့တူများကို ရွှေ့တော့မည်ပြုချိန်တွင် ပန်းကန်လုံးဆီသို့လှမ်းနေသော ဖြူဖွေးနေသော လက်တစ်ချောင်းကို မြင်လိုက်ရသည် ... ရှဲ့ရွှင်း သူ့တူများကို ကိုင်ထားရင်း ကြောင်အသွား၏။
ကျန်းရှုယောင်က ပုဇွန်ကို သုံးချက်တည်းဖြင့် အခွံခွာပြီး ပါးစပ်ထဲသို့ ပစ်ချလိုက်ကာ ပျော်ရွှင်စွာ မျက်လုံးများမှေးစင်းလိုက်သည်။
လက်ရှိအချိန်မှာ ကျောက်ပုစွန်မရှိသည်က စိတ်မကောင်းစရာပင်။ မဟုတ်လျှင် ကျောက်ပုစွန်အခွံ ကိုင်ပြီး ဟင်းချိုတစ်ငုံသောက်နိုင်၏။အဲ့ဒါကမှ တကယ့်ကို အနှစ်ပဲ...
ကျန်းရှုယောင် စားပြီးသည်နှင့် ပုဇွန်များကို ဆက်ခွာသည်။ သူမ ရှဲ့ရွှင်း ၏ မယုံကြည်နိုင်သော အကြည့်ကို ခံစားရပြီးမေးလိုက်၏။
"ရှင် မစားဘူးလား"
ရှဲ့ရွှင်းက သူမလက်ကို ကြည့်ပြီး ၎င်းနောက် ပုဇွန်များကိုကြည့်ကာဆိုသည်။
"လက်နဲ့စားတာလား"
ကျန်းရှုယောင်က သဘာဝကျကျ ပြောလိုက်သည်။
"တူသုံးရတာက ဒုက္ခများတယ်...အိုးက ဒီလောက်ကြီးတဲ့ဟာ"
သူမက စကားပြောရင်းနှင့်ပုဇွန်ကို အခွံခွာလိုက်၏။ အခွံခွာပြီးနောက် ရှဲ့ရွှင်းက သူမကို စိုက်ကြည့်နေဆဲဖြစ်သည်။ထို့နောက်တွင်ကား သူများတွေ ထိုသည်ကို လက်မခံနိုင်လောက်သည်ကို သူမ သတိပြုမိ လာသည်။
"ရှင် တူသုံးလို့ရတယ် ...အင်းးး... ကျွန်မလက်တွေက မညစ်ပတ်ပါဘူး"
သူမ ရှက်ရွံ့နေဟန်ရှိသည်ကို မြင်လိုက်ရပြီး သူ မရွံကြောင်း ပြောတော့မည်အပြုတွင် ကျန်းရှုယောင်က ရုတ်ချည်း ဦးစွာကြားဖြတ်ကာပြောလာ၏။
“ဒုက္ခများတယ်လို့ထင်ရင် အစေခံတစ်ယောက်ယောက်ကို ရှင့်အတွက်ပုဇွန်အခွံခွာခိုင်းချင်လား..."
ရှဲ့ရွှင်း ကမန်းကတမ်းပြောလိုက်သည်။
"မဟုတ်ဘူး"
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းရှုယောင်က ရုတ်တရက် ရှေ့ကို လှမ်းပြီး အခွံခွာထားသည့် ပုဇွန်ကို သူ့ဆီ ပေးလာ၏။
သူမ၏လှုပ်ရှားမှုများက ရုတ်တရက်ကြီးဖြစ်သဖြင့် ရှဲ့ရွှင်း လုံးဝမတုံ့ပြန်နိုင်ခဲ့ပါချေ။
သူမလက်ကို ငုံ့ကြည့်လိုက်ရာ လက်ကောက်ဝတ်များက နှင်းများကဲ့သို့ဖြစ်ပြီး လက်ချောင်းများက ဖြူဖျော့နေသည်။
ဆက်တိုက်အံ့ဩမှုက သူ့ကို အနည်းငယ်ကြောင်အအဖြစ်သွားစေပြီး သူ့စိတ်က ခဏတာ ပဟေဋ္ဌိဖြစ်သွား၏။ သူနှင့် အလွန်ကိုနီးကပ်နေသော ပုစွန် ကိုင်ထားသည့် လက်ကိုကြည့်ရင်း သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ခေါင်းငုံ့ကာ ပုဇွန်ကို ပါးစပ်နှင့် ယူလိုက်သည်။
တိတ်ဆိတ်ခြင်း...ထူးဆန်းသော တိတ်ဆိတ်ခြင်း...
ကျန်းရှုယောင် သူက ပုဇွန်ကို ယူရန် လက်ချောင်းများကိုသုံးလိမ့်မည် သို့မဟုတ် မကြိုက်ဘူးဆိုပြီး ရိုးရိုးလေးပဲ ပြောလိမ့်မည်ဟုမျှော်လင့်ထားခဲ့၏။ သူက အေးစက်သောအမူအရာနှင့် ပရိယာယ်များသောအပြုအမူကို ထိန်းထားခဲ့သူဖြစ်သည်။ ဘာကိစ္စကို သူ့ပါးစပ်နဲ့လဲ...
ရှဲ့ရွှင်း သူဘယ်လိုခေါင်းငုံ့ပြီး ပုဇွန်ကိုကိုက်မိလိုက်မှန်း မသိလိုက်ပေ။ သူလုပ်လိုက်သည်ကို သတိပြုမိလိုက်သည့်အခါ သူ့ခေါင်းထဲမှာ ဝုန်းခနဲဖြစ်သွားပြီး နားရွက်ခြေများဆီကို ဆောင့်တိုးသွားကာ သူ့နားရွက်များမှာ သွေးရောင်ခြယ်နီမြန်းမှုများ ချက်ချင်းလက်ငင်း ထွက်ပေါ်လာ၏။
ရှဲ့ရွှင်း ဘယ်လို ဖုံးကွယ်ရမှန်း မသိဘဲ အနည်းငယ် ပျာယာခတ်သွားသော်လည်း ကျန်းရှုယောင် သူနားရွက်နီနေကြောင်းကို သတိမပြုမိခင် ပါးစပ်ထဲက ပုဇွန်ကို အရသာခံလိုက်သည်။
သူ့လျှာဖျားမှ ယားယံသောအစပ်အရသာများ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤအတွက် သူ မပြင်ဆင်ထားလေရာ ရုတ်တရတ်ကြီး စူးရှမှုကြောင့် သီးသွား၏။
သူ့မျက်နှာဖြူဖြူက နီရဲနေပြီး တဟွတ်ဟွတ်ချောင်းဆိုးနေသည်။ သူ့ခါးက ခုံးနေပြီး မျက်လုံးထောင့်များပင် နီရဲနေလေရာ တကယ့်ကို နာကျင်နေပုံပါပင်။
"အဆင်ပြေရဲ့လား"
ကျန်းရှုယောင်က မေးလိုက်သည်။
ရှဲ့ရွှင်းက ခေါင်းခါပြီး အရသာကို သက်သာစေရန် သစ်သီးဝိုင်ကို သောက်လိုက်၏။
သူ့မျက်နှာက ပြင်းထန်စွာ ပူလောင်နေပြီး အခုလက်ရှိ သူ့အမူအရာက တကယ်ကို ရှက်စရာကောင်းနေသဖြင့် သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
ကျန်းရှုယောင်က လုံးဝ ဂရုမစိုက်ပေ။ အစပ်စာတွေစားလျှင် တစ်ခါတစ်ရံ မျက်ရည်နှင့်နှာရည်တွဲကျတတ်၏။ယင်းက ရှက်စရာ မရှိပါချေ။
မရပ်ဘဲ သူမက ရှဲ့ရွှင်းကိုပြောလိုက်သည်။
"စားချင်လား"
ရှဲ့ရွှင်း ဟန်ဆောင်နေသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။ထိုသို့ဆိုလျှင် သူ အလွန် နုနယ်ပြီး သိမ်မွေ့သည့်ပုံပေါ်တော့မည်ပေ။
"ဒါဆို ရှင့်ကိုပုဇွန်အခွံကူခွာဖို့ အစေခံ တစ်ယောက် ခေါ်လိုက်မယ်"
ကျန်းရှုယောင်က ပြောသည်။
သူမစကားပြောပြီးသည်နှင့် ရှဲ့ရွှင်းက ချက်ချင်းပဲ "မခေါ်နဲ့" ဆိုပြီး နှောင့်ယှက်လိုက်သည်။ တစ်ခုခုကို သက်သေပြရန် ကြိုးစားနေသကဲ့သို့ သူက အမြန်လက်ဆန့်ပြီး အစပ်ပုဇွန်ကို ကောက်ယူလိုက်ကာ ကိုးရို့ကားယားနှင့် အခွံခွာတော့၏။
(အလှလေးတွေဒုက္ခရောက်ရင် တကယ် သည်းမခံနိုင်ဘူးးးး...)
ကျန်းရှုယောင် သူက အနည်းငယ် ထူးဆန်းသည်ဟု ထင်သော်လည်း သူမနှင့် ရှဲ့ရွှင်းတို့က မတူညီသောကမ္ဘာလောကမှာ အမြဲရှိနေသောကြောင့် သူမ ထိုကိစ္စကို စဉ်းစားရန် အလွန်ပျင်းရိနေ သည်။မည်သို့ပင်ဖြစ်စေ ဤခေတ်အတွက် မှန်ကန်သည့် တွေးခေါ်မှု သူမမှာ မရှိပါချေ။
ရှဲ့ရွှင်း ကျန်းရှုယောင်၏ မျက်လုံးများ သူ့အပေါ် မှာ မရှိတော့သည် ခံစားလိုက်ရပြီး စိတ်သက်သာရာ ရသွားသည်။
ပုဇွန်ကို မဝံ့မရဲ အခွံခွာပြီး ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်သည်။
သူ့စိတ်က တခြားနေရာကို ပြေးသွားသလိုမျိုး မဟုတ်ဘဲ ပထမအကိုက်တုန်းကလို သီးသွားခြင်းမရှိဘဲ ဟင်းရည်စိမ်ထားသည့် ပုဇွန်က အလွန် ပူနေပြီး လျှာဖျားက နည်းနည်းနာသွား၏။
စပ်သောအရသာက အရသာခံဖုအားလုံးကို အသက်ဝင်စေသည်။ အငန်၊ အစပ် ၊ ထုံ ၊ မွှေး အရသာအားလုံးက ပုဇွန်၏အရသာကို ဖြည့်စွမ်းပေးသည်၊ ၎င်းသည် သာမန်ပေါ့ပေါ့ပါးပါးအရသာနှင့် မတူဘဲ အလွန်ဆိမ့်ပြီး စပ်သည်။ ဆော့စ်က အဆီအနှစ်ကဲ့သို့ပျစ်ပြီး ဆီနှင့်ရစ်ပတ်ထားသည်။
မျိုချပြီးနောက် သူ့လျှာဖျားမှာ ထုံကျင်နာကျင်နေဆဲဖြစ်ပြီး ပါးစပ်ထဲတွင် ပုဇွန်၏ထူးခြားသောချိုမြိန်မှုကို ချန်ထားခဲ့သည်။
သူက ကျန်းရှုယောင်ကိုကြည့်ရန် ခေါင်းမော့လိုက်၏။သူမက ပုဇွန်ပန်းကန်ကြီးတစ်ပန်းကန်ကို လက်နှင့် မြန်မြန်ခွာပြီးနေပြီဖြစ်ကာ နှုတ်ခမ်းများက ပူလွန်း၍ ဝိုင်ခွက်ကို လက်သူကြွယ်နှင့်လက်သန်းကြားမှာ လှိမ့်ပြီး မော့သောက်လိုက်သည်။
သူမ ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်သောအခါ ရှဲ့ရွှင်းပျော်သွားသည် ။
သူ့ပါးစပ်ထဲတွင် အစပ်အရသာ အနည်းငယ်ရှိနေဆဲဖြစ်ပြီး လျှာဖျားမှာ အနည်းငယ် နာကျင်ပြီး တစစ်စစ်ဖြစ်နေသည်။ ဤသည်ကို များများလုပ်လေ ယင်းကအစပ်ကို သက်သာစေသလိုမျိုး တစ်ကိုက်ပြီးတစ်ကိုက် စားချင်လာလေလေပါပင်။ စပ်သည့်အရသာက စွဲလန်းစေပြီးက အနံ့အရသာက ပို၍ပင်မှတ်မှတ်ထင်ထင်ရှိစေ၏။
ရှဲ့ရွှင်း ပုဇွန်များကို မြန်သထက်မြန်အောင် အခွံခွာလိုက်သည်။ စပ်ပြီးအရသာရှိသော အရသာက သူ့နဖူးပေါ်ရှိ ချွေးလွှာများကို နှိုးဆွပေးနေသည်။
ကျန်းရှုယောင်က ယခုလိုအရသာရှိသည့် ပုဇွန်များကို မည်သို့ဖန်တီးထားလဲဆိုသည်ကို သူတကယ်မသိပါချေ။ ဆော့စ်က ပုဇွန်ထဲကို စိမ့်ဝင်နေ၏။ ၎င်းသည် နူးညံ့ပြီး ပျော့ပျောင်းသည်။ ပုဇွန်၏ နူးညံ့သောအရသာကိုလည်းဆော့စ်ထဲတွင် ထည့်သွင်းထားပြီး အစပ်ဆီက ပုဇွန်၏ ချိုမြိန်သောအရသာကို လွှမ်းထားသည်။
ဆော့စ်က ငန်ပြီး စပ်ပေမဲ့ ပုဇွန်၏ ချိုမြိန်သော အရသာကို ဖုံးကွယ်မထားနိုင်ပေ။ ရှဲ့ရွှင်း တစ်ခုပြီးတစ်ခု ကိုက်စားနေပြီး ပုဇွန်အရသာနီညိုရောင်ဆော့စ်ထဲမှာ စိမ်ရန် ပေါင်းထားသော ဘန်းမုန့်ကို အသုံးပြုရန် စိတ်ကူးတစ်ခုပင် မွေးဖွားလာခဲ့သည်။ သေချာပေါက်အရသာရှိလိမ့်မည်ဖြစ်ပြီး မုန့်ပေါင်းလေးပင်ဖြစ်သော်ငြား အရှေ့နန်းတော်မှာ နေ့လည်စာစားသည့် အစားအစာထက် ပိုကောင်းပေလိမ့်မည်။
ပုဇွန်အခွံခွာသံမှလွဲ၍ အိမ်အပြင်ဘက်ရှိ အေးမြသောလေဖြင့် တိုက်ခတ်ခြင်းခံရသည် ဝါးရွက်သံများသာ ကျန်ရှိတော့ကာ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် စားကြသည်။
ကျန်းရှုယောင် အလွန်ပျော်ရွှင်စွာ စားသောက်နေခဲ့ပြီး နောက်ဆုံး သူမ၏ဗိုက်ကွဲထွက်တော့မည့်အချိန်တွင် ရပ်သွားခဲ့သည်။
ရှဲ့ရွှင်းက အတတ်မြန်ပြီး ယခုအခါတွင် သူ၏ပုစွန်ခွံခွာမှု အရှိန်သည် သူမလို ဝါရင့်သူထက် ပိုမိုမြန်ဆန်နေပြီဖြစ်သည်။ နှစ်ယောက်သား ပုဇွန်ပန်းကန်လုံးကြီးကို ပြောင်လက်နေအောင် အပြတ်ရှင်းလိုက်ကြပြီး လူကြီးလူကောင်းတစ်ယောက်၏အသရေတို့ လုံးလုံးလျားလျား ရှိမနေခဲ့ပေ။
ကျန်းရှုယောင် အစေခံများကို ပန်းကန်တွေ သိမ်းခိုင်းပြီး နှစ်ယောက်စလုံး လက်ကို အကေရှား ဆပ်ပြာနှင့် အကြိမ်ပေါင်းများစွာ ဆေးကြောကြသည်။
ရှဲ့ရွှင်း ဤတစ်နပ်အတွက် ကျေနပ်သွားသည်။ သူ စာဖတ်ရန် ပြန်သွားတော့မည့်အချိန်မှာ ကျန်းရှုယောင်က တားလိုက်၏။
"ရှင် ကြာစွယ်အနှစ် သောက်မှာလား"
"...နောက်ထပ်လား"
ကျန်းရှုယောင်က ခေါင်းညိတ်ပြပြီး စားပွဲဆီ ပြန်သွားကာဆိုသည်။
"ဟုတ်တယ်...ပုဇွန်ကို စားရုံနဲ့ မရဘူး... ကြာစွယ်အနှစ်ကို အဓိက အစားအစာအဖြစ် မှတ်ယူနိုင်တယ်...သူက အဆီတွေကို ဖယ်ထုတ်နိုင်ပြီး အငန်ဓာတ်ကို ထိန်းပေးနိုင်တယ်လေ"
ရှဲ့ရွှင်း ကျန်းရှုယောင်ကို အစားအသောက်အကြောင်း အမှန်တကယ်သိသည့်အတွက် ချီးကျူးရမည်ဖြစ်သည်။
ပြင်ဆင်ထားသော ကြာစွယ်အနှစ်က ဖောက်ထွင်းမြင်ရပြီး ပျစ်ကာ ကြည်လင်ပြတ်သားသည့် အဖြူရောင်အနှစ်ထဲတွင် အနီရောင်ဖျော့ဖျော့အရောင်သန်းနေသည်။ ပါးစပ်ထဲမှာ ချိုမြိန် ပျော့ပျောင်းပြီး ဖယောင်းသားနှင့်အနည်းငယ်ဆင်၏။ ဝါးစရာမလိုပါဘဲ ချိုမြိန်သောကြာစွယ်အနှစ်က လည်ချောင်းထဲ လျှောကျသွားပြီး ချိုမြိန်မှုတစ်သီတစ်တန်း ချန်ရစ်ထားခဲ့သည်။
စပ်ပြီး ငန်သော အသားဟင်းများ စားသောက်ပြီးနောက် သူက ချိုမြိန်ပြီးစေးကပ်သော ကြာစွယ်အနှစ် တစ်ပန်းကန်ကို စားခဲ့သည်။ အားလုံးအဆင်ပြေသလိုခံစားရ၏။ ပူစပ်စပ်ပုစွန်များ၏ ခြောက်သွေ့မှုက ချိုမြိန်မှုနှင့်အတူ ပျောက်ကွယ်သွားသည်ဟု သူခံစားရသည်။
ရှဲ့ရွှင်း ပန်းကန်လုံးကို တွန့်ဆုတ်စွာမချခင် နှစ်ပန်းကန်စားလိုက်သည်။
ငြီးငွေ့စရာကောင်းပြီး အရသာမရှိသော အစားအစာများကို စားရမည့်မနက်ဖြန်ကိုတွေးပြီး စိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။
[ET/N- တရုတ်လူမျိုးများက ကြာပန်းကို အေးမြစေသော အစားအစာအဖြစ် မှတ်ယူကြ ပြီး အထူးသဖြင့် ပူပူနွေးနွေး သို့မဟုတ် အပူစာကို စားပြီးနောက် ခန္ဓာကိုယ်တွင်း ဟန်ချက်ညီစေရန် စားသုံးကြသည်။]
Xxx