အပိုင်း ၂၀
Viewers 18k

Chapter 20


နိုင်လွန်ရှောင်လုံပေါင်း


ရှဲ့ရွှင်း  လုံလောက်စွာစားပြီးသောအခါ စာအုပ်ဖတ်ရန် စာကြည့်ခန်းသို့ ပြန်သွားသည်။ သူတို့ နှစ်ယောက်က  ပေါင်းသင်းသည့် အချိန်မှာ သူတို့ကိုယ်သူတို့ ချစ်သူသို့မဟုတ် သူငယ်ချင်းဟု မယူဆခဲ့ကြပါချေ။ သူတို့က ထမင်းစားဖော်အဖြစ်ပင် တွက်၍မရပါဘဲ ကျန်းရှုယောင်က ရှဲ့ရွှင်းကို စားရန်နွေးထွေးစွာ ဖိတ်ခေါ်ခဲ့ခြင်းမျိုးဖြစ်လေသည်။


ကျန်းရှုယောင်  နေ့ရက်များကို တွက်ချက်ပြီးနောက် အတော်လေး စိတ်လှုပ်ရှားသွားသည်။ ရှဲ့ရွှင်းက သူမ၏ အစားအစာ အနည်းငယ်ကို စားခဲ့ပြီးဖြစ်၍ သေးငယ်သော တောင်းဆိုမှုက အလွန်အကျွံ မဖြစ်စေရန်အလားအလာရှိသည်။


ဤတစ်ခါ သူမ အစားများပြီး ထိုင်ရသည်မှာ အဆင်မပြေသည့်အတွက် မနက်ဖြန်အတွက် မနက်စာ ပြင်ဆင်ရန် မီးဖိုချောင်ကို ပြေးသွားကာ အစာကြေအောင် မတ်တပ်ရပ်နေရ၏။


တရုတ်နံနက်စာ ယဉ်ကျေးမှုသည် အရောင်အသွေးစုံလင်ပြီး မြောက်ပိုင်းနှင့် တောင်ပိုင်းအလေ့အထများမှာ အများအားဖြင့် ကွဲပြားသော်လည်း မြောက်နှင့်တောင်ကို ပေါင်းစည်းထားသည့် အရသာရှိသော အစားအစာများဖြစ်သည့် ဘန်းမုန့်များကဲ့သို့သော အရာများလည်း ပါဝင်သည်။


ဘန်းမုန့် အမျိုးအစားများနှင့် ပတ်သက်လာလျှင် စာရင်းက အဆုံးမရှိပေ။ မုန့်ပေါင်းဆိုင်ရှေ့ကို လှမ်းကြည့်လိုက်လျှင် ဆိုင်းဘုတ်ပေါ်ရှိ အမယ်မျိုးစုံ အစုံအလင် ထူထပ်စွာ ရှိနေသည်က လူကို အံသြစေလောက်အောင်ပင်။ ဆားစိမ်အသီးအရွက်အသားဘန်းမုန့်များ၊ အသားနှပ်ဘန်းမုန့်များ၊ အမဲသားနှင့်ကြာဇံဘန်းမုန့်များ၊ ပဲနီလေးဘန်းမုန့်များ၊ကြက်ဥနို့ပေါင်းဘန်းမုန့်များ... သို့သော် ကျန်းရှုယောင်၏အကြိုက်ဆုံးမှာ ရှောင်လုံပေါင်း သို့မဟုတ် စွပ်ပြုတ်ဖက်ထုပ်များဖြစ်သည်။


စွပ်ပြုတ် ဖက်ထုပ်လုပ်သည့်အခါ အကာနှင့်အဆာ အကုန်လုံးသေချာကျနလုပ်ရ၏။ မုန့်စိမ်းလုပ်၊ မုန့်သားကျအောင်ထားပြီး မုန့်စိမ်းကို ဆုပ်နယ်ပေးခြင်းဖြင့် လုပ်ငန်းစဉ်တိုင်းကို ဂရုတစိုက်ဆောင်ရွက်ရသည်။ အဆာကလည်း အတူတူပါပင်။ အသားအဆာများကို ဝက်ခြေထောက်ကနေ မှန်ကန်သောအဆီအချိုးဖြင့်  ပြုလုပ်ရသည်။ ဂျင်းနှင့် ကြက်သွန်နီတို့ကို ပါးပါးလှီးပြီး အသားအဆာ၏အရသာ ပြည့်စုံစေရန် တစ်ဖက်တည်းကို မွှေပေးရသည်။ 


အရေးအကြီးဆုံးက  ဂျယ်လီခဲကိုပြုလုပ်ခြင်းဖြစ်သည်။ ဝက်အရေခွံကို ထုထောင်း လှီးဖြတ်ပြီး ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုတ်ကာ ကြက်သားပြုတ်ရည်ထည့်၍ ဖြည်းညှင်းစွာ  မီးအေးအေးဖြင့်ပြုတ်ရ၏။ အအေးခံပြီးနောက် အနှီစွပ်ပြုတ်ကအေးခဲသွားသည်။ ယင်းကို အတုံးလေးများ လှီးပြီး အသားနှင့် ရောမွှေကာ ပေါင်းထားသော မုန့်များကို "စွပ်ပြုတ်"ဟု ခေါ်၏။


ဤနေရာတွင်  ဟင်းလျာ၏အနှစ်သာရ တည်ရှိသည်။ စွပ်ပြုတ် ဖက်ထုပ်များ စားသည့်အခါ အရေပြားအလွှာကို ထိုးဖောက်၍သော်လည်းကောင်း  ပါးစပ်ကနေ တိုက်ရိုက်ကိုက်၍သော်လည်းကောင်းစားကြ သည်။ ပူပူနွေးနွေး အရသာရှိသော ဟင်းရည်က ချက်ချင်းပင် လျှံထွက်လာကာ လျှာဖျားကို အနည်းငယ် တကြွကြွတရွရွဖြစ်သွားစေသည်။ စားသူက အထပ်ထပ်အခါခါ မှုတ်ပြီးမှ ဟင်းရည်ကို ဂရုတစိုက် စုပ်သောက်ရသည်။ 


ကျန်းရှုယောင်  နောက်ဆုံးတွင် အဆာများ ပြုလုပ်သောအခါ နောက်ကျနေပြီဖြစ်သည်။ 


သူမမီးပိတ်ပြီး မီးဖိုခန်းထဲက ထွက်လာပြီးနောက် ခြံ၏တစ်ဖက်စွန်းမှာ ရှဲ့ရွှင်းကလည်း တံခါးကိုဖွင့်လိုက်၏။ 


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တွေ့လိုက်သောအခါ အနည်းငယ် အံ့သြသွားကြသည်။ ခြံဝင်းက တိတ်ဆိတ်နေပြီး ချည်မျှင်နှင့်တူသော လရောင်များက မြေပြင်ပေါ်တွင် ပက်ဖြန်းလျက် အိပ်မက်များသဖွယ် ထင်ယောင်ထင်မှားဖြစ်စေကာ  ငြိမ်သက်အေးချမ်းသော လေထုကို ပေးစွမ်းနေသည်။


ရှဲ့ရွှင်း  ရှက်ကိုးရှက်ကန်းဖြစ်နေမှုကို သူ့ဘက်ကစ ချိုးဖျက်လိုက်၏။


 "တအား နောက်ကျနေပြီ...ချက်ပြုတ် နေတုန်းလား"


ကျန်းရှုယောင်က ခေါင်းညိတ်လိုက်ပြီး 


"မနက်ဖြန် မနက်စာအတွက် ပြင်ဆင်နေတာ"


ရှဲ့ရွှင်း အခြားစကားလုံးများကို ရှာမတွေ့ခဲ့ပေ။  ခေါင်းညိတ်ကာ သူနားလည်ကြောင်းဖော်ပြလိုက်သည်။


နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဆိတ်ဆိတ်နေလျက် ကြည့်နေကြပြီး ကျန်းရှုယောင်က ဘာမှထပိမပြောဘဲ အရှေ့တောင်ပံဘက်သို့ ပြန်လှည့်သွားတော့မည်ပြု၏။


ညဥ့်နက်နေပြီဖြစ်သောကြောင့် ခုနလေးက သူ ခေါင်းညိတ်သည်ကို သူမ မတွေ့ လိုက်ခြင်း ဖြစ်နိုင်သည်ဟု ရှဲ့ရွှင်း တွေးလိုက်သည်။ သူပြန်မတုံ့ပြန်ဘူးဟု သူမ ထင်ကောင်းထင်နိုင်ပြီး ယင်းက ရိုင်းစိုင်းရာကျပေလိမ့်မည်။


သူမထွက်သွားတော့မည်ကိုမြင်သောအခါ သူစိတ်တွေပျာသွားပြီး "ပင်ပန်းတယ်နော် " ဟုပြောလိုက်သည်။ သူပြောပြီးသည်နှင့် လျှာကိုကိုက်မိလုနီးပါး။


ကျန်းရှုယောင်က  သူ့ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများမှေးကျဥ်းလျက် သူမ အမူအရာက အနည်းငယ် အံ့သြသွားဟန်ဖြစ်နေသည်။


ရှဲ့ရွှင်း၏ နားရွက်များ နီရဲနေ၏။


သူတို့နှစ်ယောက်က တစ်ယောက်နှင်တစ်ယောက် အဝေးကြီးကနေ ကျယ်ပြောလှသည့် ခြံဝင်းကြီးကို ဖြတ်ကျော်ပြီး နားမလည်နိုင်အောင်စကားပြောနေကြသည်။ဤမြင်ကွင်းက တကယ်ရယ်စရာကောင်း၏။


ကျန်းရှုယောင်က ရယ်မောလိုက်ပြီး ခေါင်းကို စောင်းကာ ပြုံးလျက် ဆိုလိုက်သည်။


 "ရှင်လည်း ပင်ပန်းမှာပဲနော်... ဒီလောက်နောက်ကျတဲ့အထိ စာဖတ်နေတုန်းပဲ"


ရှဲ့ရွှင်း  သူမ၏အသံထဲက ရယ်ရွှင်မှုကို ကြားလိုက်ရပြီး သစ်သားတံခါးကို သူ့လက်ဖြင့် မသိစိတ်ကနေ ညှစ်လိုက်သည်။


လရောင်က မှိန်ဖျော့နေပြီး ရှဲ့ရွှင်း  သူမ၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများ အနည်းငယ်ကွေးညွှတ်သွားပြီး သူမ၏ မျက်ဝန်းများတွင် အပြုံးတစ်ခု ပေါ်လာသည်ကို စိတ်ကူးကြည့်နိုင်လေသည်။


"မပင်ပန်းပါဘူး အဟွတ်...  စာဖတ်တာက အပန်းမကြီးပါဘူး" 


သူဘာကြောင့် ဤမျှကိုးရိုးကားယားဖြစ်နေမှန်း မသိပေ။


 


“စိတ်ဝင်စားစရာကောင်းတော့ မပင်ပန်းပါဘူး” ဟု ရှက်ကိုးရှက်ကန်းဖြင့် ထပ်လောင်းပြောလိုက်သည်။ 


ကျန်းရှုယောင်က ထောက်ခံလိုက်၏။


 "ကျွန်မလည်း ဟင်းချက်ရတာ ကြိုက်တော့ ပင်ပန်းတယ်လို မခံစားရဘူး"


ရှဲ့ရွှင်း  အကြောင်းတစ်ခုခုကြောင့် သူမ၏စကားများကို သိချင်လာသည်။ သူတို့ အချင်းချင်းပြောစရာမရှိသည်က သိသာထင်ရှား၏။သို့ပေမဲ့ သူ့မှာ မေးစရာမေးခွန်းတွေ အများကြီးရှိနေသည်။ ဘာကြောင့် ချက်ပြုတ်ရတာကို ကြိုက်လဲ...မိဘအိမ်မှာရှိတုန်းက မကြာခဏ ချက်ပြုတ်လေ့ရှိသလား အစရှိသဖြင့်...


သူ မမေးခင် ကျန်းရှုယောင်က သူ့အတွေးတွေကို ဖြတ်တောက်ပစ်လိုက်၏။


"စကားမစပ် ...မနက်ဖြန် ကျွန်မ စွပ်ပြုတ် ဖက်ထုပ်တချို့ပေါင်းမလို့... ရှင်စားချင်လား "


ရှဲ့ရွှင်း  အံ့အားသင့်သွားကာ နားရွက်များနီလာသည်။ သူက ခေါင်းညိတ်ပြီး "အင်း"ဟု ပြန်ဖြေလိုက်၏။


"မနက်ဖြန်  ပင်မမီးဖိုချောင်ကို သွားပေါင်းမှာ...အစေခံကို ဒီကိုယူလာခိုင်းလိုက်မယ်"


"ကောင်းပြီ"


ယခုပြောစရာစကားမရှိတော့သည့်အတွက် ကျန်းရှုယောင်  အခန်းထဲကိုပြန်လှည့်သွားသည်။


ရှဲ့ရွှင်း  တစ်ယောက်တည်း အထီးကျန်စွာ ရပ်နေပြီး ခုနလေးက သူ၏နားမလည်နိုင်သောအပြုအမူကို  တွေးနေခဲ့သည်။ ရုတ်တရက် ခေါင်းမော့ပြီး တောက်ပသည့် လခြမ်းကို မကျေမချမ်း ကြည့်လိုက်သည်။


 သူ့ကိုလှည့်စားသည့်အတွက် လရောင်အား အပြစ်တင်လိုက်သည်။


(လရောင်ကြောင့် သူထင်ယောင်ထင်မှား ယောင်ကန်းကန်းတွေဖြစ်နေတယ်ပေါ့...)



နောက်နေ့မနက်စောစောမှာ ကျန်းရှုယောင် အစေခံများကို ပင်မမီးဖိုချောင်ဆီ ကြီးကျယ်ခမ်းနားစွာ သောင်းသောင်းဖြဖြ ဖိတ်ခေါ်လိုက်သည်။


ဖက်ထုပ်တွေကို ထုပ်ပြီးပြီဖြစ်သဖြင့် ပေါင်းရန်ပဲလိုတော့၏။


ကျန်းရှုယောင် ကိုယ်တိုင်လုပ်ရန်မလိုအပ်သောကြောင့် သူမသေသေချာချာရှင်းပြပြီးနောက် ပင်မခန်းမဆောင်သို့ အမြန်သွားခဲ့သည်။


ခဏအကြာတွင် ခြင်းတောင်းထဲမှ မုန့်ပေါင်းနံ့များ လျှံထွက်လာပြီး အဖုံးကို မပြီးနောက် ကြည်လင်ပြတ်သားသော မုန့်လုံးလေးများက လူကို သွားရည်ကျစေသည်။


တတိယသခင်မက အစေခံလေးယောက်အတွက် ဤမုန့်ပေါင်းများနှင့် ဝါးခြင်းတောင်းကို ထားခဲ့မည်ဟု တွေးသည့်အခါ လူတိုင်းက မနာလိုဖြစ်ခဲ့ကြ၏။ မျက်နှာသာအပေးမခံရသော်လည်း တတိယသခင်မနောက်လိုက်ခြင်းက အမှားအယွင်းမရှိပုံရလေသည်။ သူမက ခြံဝင်းထဲတွင် တစ်ကိုယ်တည်း အေးအေးလူလူနေထိုင်ခဲ့သည်။ တခြားသခင်မ နှစ်ယောက်နှင့် သိပ်ကွာခြားမှုမရှိပါချေ။


ကျန်းရှုယောင်  ပင်မခန်းမကိုရောက်သောအခါ မထင်မှတ်ဘဲ  ရှုရှီက  သူမနှင့်စကားပြောရန် အစပျိုးလာခဲ့သည်။


မနေ့က ရှဲ့ဖေး ဒုက္ခရောက်ပြီးနောက် ရှုရှီ မလွှဲမရှောင်သာ စိုးရိမ်ပြီးမေးလိုက်၏။


 "ဒီနေ့ မနက်စာ ပြင်ထားသေးလား"


ကျန်းရှုယောင်ပြင်ထားမှန်း သိသာထင်ရှားသည်။


ရှုရှီက ဆက်မေး၏။


 " မနေ့ကလို တိုဟူးပူတင်းပဲလား"


"ဘယ်ဟုတ်မလဲ" 


ကျန်းရှုယောင်က ခပ်ဖွဖွ  ပြုံးပြီး


 "လှည့်ကွက်ကို ပြောင်းရမှာပေါ့...နောက်ဆုံးတော့ ကျွန်မက သခင်မကြီးကို မျက်နှာလုပ်ဖို့  ဒီကို ရောက်နေတာပဲလေ"


ရှုရှီ၏ မျက်နှာ အနည်းငယ်တောင့်တင်းသွားသည်။ သူမသည် ပျော်ရွှင်မှုကို မမျှော်လင့်ထားသော်လည်း များစွာစိတ်ပျက်ခဲ့ရသည်။


သူမ မနေ့က မနက်စာကို သတိရပြီး သိချင်မိကာ တို့ဟူးပူတင်းအချိုတွေကို မေ့ထား၍မရခဲ့ပါချေ။ မစားရသည့်အတွက် ပို၍ပင် အာသာငမ်းငမ်းဖြစ်လာ၏။


အစေခံက ကန့်လန့်ကာကို မတင်လိုက်ချိန်မှာ သုံးယောက်သား ခန်းမထဲကို ဝင်ကာ အတူတူ ဂါရဝပြုကြသည်။


ကျန်းရှုယောင်၏ရုပ်အသွင်သဏ္ဍာန်ကိုမြင်သောအခါ သခင်မကြီး ခေါင်းကိုက်ကာ သူမ၏နားထင်များကို ဖိလိုက်သည်။


ဤချွေးမက သူမကို အေးစက်စက် ဆက်ဆံလျှင်ပင် ဂရုမစိုက်ပေ။ သူမကို တစ်ယောက်တည်းထားပြီး သူမဘာသာသူမ တွေးပူနေစေ၍ရကောင်းနိုင်၏။ သို့သော် မိမိက  ချွေးမကို အနိုင်ကျင့်ရန် မည်သည့်နည်းကိုမဆို အသုံးချနိုင်သော ရက်စက်ကြမ်းကြုတ်သည့်ယောက္ခမမဟုတ်သောကြောင့် ထိုကိစ္စကို မည်သို့မျှ မလုပ်နိုင်ပေ။


ထားလိုက်ပါတော့...  သခင်မကြီး သူမကိုယ်သူမ  တွေးပြီး  ကျန်းရှုယောင်က အနာဂတ်မှာ မနက်ခင်းဂါရဝပြုစရာ မလိုဟုရုတ်တရက် ပြောလိုက်သည်။


ကျန်းရှုယောင် နားမလည်နိုင်ဖြစ်နေပေမဲ့  သဘောတူလိုက်ဆဲပါပင်။ စောစောထစရာမလိုဘဲ သခင်မကြီးကို စိတ်ကျေနပ်အောင်လုပ်ရန်က ယနေ့ မနက်စာထက် ပိုဆိုးမှာ မဟုတ်ပါချေ။


မနက်စာစားချိန်ရောက်သည့်အခါ ကျန်းရှုယောင်၏အစေခံ ရောက်လာပြန်ပြီး ဤတစ်ကြိမ်မှာ ပေါင်းသည့်ခြင်းတောင်းကို တိုက်ရိုက်ယူလာခဲ့သည်။


သခင်မကြီး ၎င်းကိုမြင်သောအခါ အနည်းငယ် အထင်အမြင်သေး သွားသည်။ မုန့်ပေါင်းက ထူးခြားမှုတစ်ခုခုရှိလို့လား...


ရှိကြောင်းထွက်ပေါ်လာ၏။


ဝါးခြင်းတောင်း၏အဖုံးကို လှန်လိုက်သောအခါတွင် အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။ မြူမှုန်များ ပျောက်ကွယ်သွားပြီးနောက် လူတိုင်း သပ်ရပ်စွာ ထုပ်ထားသော ဖက်ထုပ်များကို တွေ့လိုက်ရသည်။


မုန့်ပေါင်းများက သေးငယ်၊လက်ရာမြောက်ပြီး ထွင်းဖောက်မြင်နေရကာ ကြည်လင်တောက်ပသော အခွံရှိသည်။ ၎င်းတို့သည် အလွန်ပါးလွှာသောကြောင့် အတွင်းရှိ အသားနှင့်တုန်ယင်နေသောဟင်းရည်ကို ယောင်ဝါးဝါးမြင်နိုင်သည်။


"ဒီမုန့်ပေါင်းမှာ စွပ်ပြုတ် ပါတယ်...  အပူမလောင်အောင် သတိထားပါအမေ... မုန့်သားအကာကို အရင် တူနဲ့ထိုးဖွင့်ပြီး မစားခင် ဟင်းရည်အေးသွားအောင် စောင့်ပါ" 


ကျန်းရှုယောင်က သခင်မကြီးဘေးမှာ ရပ်ပြီး သူမအတွက် ပန်းကန်ကို တည်ပေးလိုက်၏။ 


"ဒါပေမဲ့ ကိုက်တာက ပိုကောင်းတယ်...ပါးစပ်နဲ့ အကာကို ကိုက်လိုက်ရင် အရသာရှိတယ်..ဟင်းရည်က မွှေးပြီး ပူတယ်...အပူမလောင်အောင် ဖြည်းဖြည်းချင်း ဂရုစိုက်ပြီးစုပ်သောက်ပါအမေ"


သူမ၏ဖော်ပြချက်က တကယ်သရေယိုဖွယ်ကောင်းလှပြီးမနက်စာစားပြီးသော ရှုရှီပင်လျှင် ထိုသည်ကိုကြားပြီး အနည်းငယ်စားချင်လာမိသည်။


သခင်မကြီးက သူမ၏မျက်နှာမှာ ဂရုမစိုက်ဟန်မျက်နှာထားကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ပန်းကန်လုံးဆီသို့ ဖက်ထုပ်တစ်ထုပ်ကို သပ်ရပ်စွာ ကောက်ယူထည့်လိုက်သည်။


တူဖြင့်ညှပ်ယူလိုက်သောအခါ စွပ်ပြုတ်ဖက်ထုပ်၏ အရေပြားက အလွန်ပါးလွှာပြီး ပျော့ပျောင်းသော်လည်း ကွဲရန် ခက်ခဲလေသည်။ ထုပ်ပိုးထားသော ဟင်းရည်ကို တုတ်ဖြင့် ညှပ်လိုက်ရာ ဖက်ထုပ်၏ ထောင့်စွန်းက နောက်စက္ကန့်တွင် ပေါက်ကွဲသွားတော့မလိုမျိုး လှုပ်ယမ်းသွားသည်။


သခင်မကြီးက ကျန်းရှုယောင်၏ စကားကို မှတ်မိပြီး ဂရုတစိုက် စားသည်။ ပထမဆုံး သူမ ပါးလွှာပြီး ခိုင်ခံ့သောထွင်းဖောက်မြင်နေရသည့်အကာကို ကိုက်လိုက်သည်၊ ဟင်းရည်ပူပူက သူမ၏ ပါးစပ်ထဲသို့ စီးကျသွားသည်။ ဟင်းရည်ပူပူကြောင့် အပူလောင်သွားပြီး နောက်တွန့်သွားသည့် သူမ   မသိစိတ်ကနေ မုန့်ပေါင်းကိုမတော်တရော်မှုတ်လိုက်မိစဥ် ဟင်းရည်၏ အပူချိန်က သူမပါးစပ်ထဲကို စိမ့်ဝင်သွားသည် ။


ဟင်းရည်က အလွန်လတ်ဆတ်ပြီး သင်းပျံ့သည်၊ ဟင်းရည်ကို မြည်းစမ်းကြည့်ပြီးနောက် သခင်မကြီး၏ ခံတွင်းတွေ့သွားပြီး မုန့်ပေါင်း တစ်ခုလုံးကို မျိုချရန် မစောင့်နိုင်တော့ပေ။


မုန့်ပေါင်းများကို သပ်ရပ်စွာပြုလုပ်ထားပြီး တစ်ကြိမ်ကိုက်စာအတွက် သင့်တော်သောအရွယ်အစားဖြစ်သည်။


ပူပူနွေးနွေး ဖက်ထုပ်၏ အရေပြားက ပါးလွှာပြီး နူးညံ့ကာ ဟင်းရည်အချို့လည်း ရှိနေဆဲဖြစ် သောကြောင့် လတ်ဆတ်သော ဟင်းရည်က ကိုက်လိုက်သည့်အခါ ပါးစပ်ထဲကို လျှံကျသွားမည်ဖြစ်သည်။


နူးညံ့ပြီး အရည်ရွှမ်းသော အသား၊အနည်းငယ် ပျော့ပျောင်းပြီး ပါးလွှာသော အကာတို့ဖြင့် ကိုက်လိုက်တိုင်း ပျော်ရွှင်စရာကောင်းသည်။


စွပ်ပြုတ်ဖက်ထုပ်က သေးလွန်းပြီး သူမအကြိမ်အနည်းငယ်ပင် မဝါးဘဲ မျိုချလိုက်မိသည်ကို သခင်မကြီး သတိထားမိသွား၏။ ပါးစပ်ထဲတွင် ပူပူလောင်လောင့် ရနံ့များရှိနေဆဲဖြစ်ပြီး သူမ၏ဗိုက်ထဲက ဇူဇကာပုဏ္ဏားများဖြင့် လုံးလုံးလျားလျား ချိတ်မိသွားသည် ။


ဤစွပ်ပြုတ် ဖက်ထုပ်က အရသာရှိရုံသာမက လက်ရာမြောက်သည်။


သခင်မကြီး စွတ်ပြုတ်ဖက်ထုပ် ခြင်းတောင်းတစ်ဝက်ကို တစ်ခါတည်းစားလိုက်ပြီးမှ ရုတ်ချည်းအသိပြန်ဝင်လာ၏။


သူမ စားသည်က အလွန်မြန်လွန်းသည်။


သူမ စိတ်မသက်မသာဖြင့် တူများကို ချလိုက်ပြီး သူမ၏အရှက်ရမှုကို ဖုံးကွယ်ရန် ယာဂုသောက်လိုက်သည်။


သို့သော် သူမ တုံ့ဆိုင်းနေသော်လည်း အရသာရှိသော အစားအစာများ၏ သွေးဆောင်မှုကို မခံနိုင်ဆဲပါပင်။ သူမ စွပ်ပြုတ်ဖက်ထုပ် ခြင်းတောင်းကို ပြောင်စင်နေအောင်စားခဲ့ပြီး သူမနေ့စဉ်စားလေ့ရှိသော ချဉ်ဖတ်များဆီသို့ သူမ၏ လက်ချောင်းများကို မရွှေ့ဘဲနေခဲ့သည်။


ထမင်းစားပြီးနောက် ကျန်းရှုယောင်ကို အေးစက်စွာ ဆက်ဆံစရာ  မျက်နှာ သူမမှာမရှိတော့ပေ။ သူမက ကျန်းရှုယောင်ကို ပြုံးပြပြီးပြောလိုက်၏။


 "ဒီလောက် ကျေနပ်စရာကောင်းတဲ့ မနက်စာ မစားရတာကြာပြီ... မင်းရဲ့ ဝတ်ကြီးဝတ်ငယ်ပြုမှုကို ကျေးဇူးတင်ရမှာပဲ"


ကျန်းရှုယောင်က ဤအခွင့်အရေးကို အသုံးချပြီး မျက်နှာချိုသွေးလိုက်၏။


 "အမေ သဘောကျရင် ချွေးမက အမေ့အတွက် မနက်စာ ချက်ကျွေးဖို့ ဒီကို မကြာမကြာ လာရင်ရော..."


သခင်မကြီးက မည်သို့သဘောတူပါမည်နည်း။ ပထမအချက်က သူမ ကျန်းရှုယောင်ကို  နေ့တိုင်း မတွေ့ချင်ပေ။ ဒုတိယအနေဖြင့် ချွေးမက သူ့ယောက္ခမအတွက် ရံဖန်ရံခါ ချက်ပြုတ်ပေးလျှင် ဝတ်ကြီးဝတ်ငယ်ပြုခြင်းဖြစ်ပေငြား နေ့တိုင်းလုပ်ပါက ယောက္ခမဖြစ်သူက သူ့ချွေးမကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေသည်ဟူ၍ဖြစ်သွားမည်။ မျိုးရိုးမြင့်သခင်မလေးက ထမင်းဟင်းချက်ရန် ဤနေရာတွင် ရောက်နေခြင်းမဟုတ်ပေ။ သခင်မရှန်းယန်  နှင့်တော်ဝင်ကိုယ်လုပ်တော်လင်းတို့ ဤအကြောင်းကိုကြားပြီး ပြဿနာရှာပါ မြို့စားရှဲ့အိမ်တော် သိက္ခာကျပေလိမ့်မည်။


သခင်မကြီး ဆောလျင်စွာ ငြင်းဆိုလိုက်ပြီး "မလုပ်နဲ့... မင်းရဲ့ နှလုံးသားထဲမှာ ဒီလိုမျိုး ဝတ္တရားသိတတ်နေတာနဲ့တင် လုံလောက်ပါပြီကွယ်"ဟု ညင်သာစွာ ပြောလိုက်သည်။


၎င်းကိုကြားပြီးနောက် ရှုရှီ ကျန်းရှုယောင်ကို နောက်ထပ် အကြိမ်အနည်းငယ် မစိုက်ကြည့်မိဘဲ မနေနိုင်ပေ။ ဤယောက်မလေးက သခင်မကြီး၏အားနည်းချက်ကို တကယ်ဖမ်းစားနိုင်သည်။ သူမက ထင်သလောက် နုံအ,မိုက်မဲ မနေခြင်း ဖြစ်နိုင်သည်။


ပင်မခန်းမဆောင်က ပျော်ရွှင်မှုအပြည့်ရှိသော်လည်း ရှဲ့ရွှင်း  နေလို့မကောင်းပါချေ။


ကျန်းရှုယောင်က စွပ်ပြုတ်ဖက်ထုပ်တွေ စားသည့်အခါ ဟင်းရည်ပူပူကို သတိထားရန် သခင်မကြီးနှင့် သူမ၏အစေခံများကို သတိပေးခဲ့ပေမဲ့ ရှဲ့ရွှင်းကို သတိပေးရန် မေ့သွားခဲ့၏။


သူ မနက်စောစော အိပ်ရာကထချိန် ဗိုက်ဆာနေခဲ့သည်။ ထိုစွပ်ပြုတ်ဖက်ထုပ်တွေက သေးငယ်ပြီး ကြည်လင်သောသဏ္ဍာန်ရှိကာ အလွန်ကြည့်ကောင်းသည်ကို မြင်လိုက်ရ၏။ ထုံးစံအတိုင်း ရှဲ့ရွှင်းက ဂရုမစိုက်ဘဲ သူ့ပါးစပ်ထဲကို တန်းသွင်းလိုက်၏... နောက်တော့ သူ အပူလောင်သွားတယ်...


သူ့လျှာက နီရဲနေပေမဲ့ စွပ်ပြုတ်ဖက်ထုပ်အားလုံးကို အပြောင်ရှင်းဆဲပါပင်။ယင်းက သူ့လျှာ၏အပူလောင်မှုကို ပိုပြင်းထန်စေသည်။


သူ အရှေ့နန်းတော်တွင် အလုပ်လုပ်နေစဥ် တစ်မနက်ခင်းလုံး လက်ဖက်ရည်ကို မထိဝံ့ပေ။ နေ့လည်စာစားချိန်ရောက်သောအခါတွင်လည်း အေးစက်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအစာကို မစားချင်ခဲ့ဘဲ ယင်းက လင်းချန်၏ တုနှိုင်းမရသောစာနာမှုကို နှိုးဆွပေးခဲ့၏။


ပေါယွမ်ရဲ့အစာစားချင်စိတ်က တနေ့တခြား ပိုဆိုးလာတယ်...ဒီကျန်းမိသားစုကသမီးက ဘယ်လောက်တောင် စိတ်ရှုပ်စရာကောင်းနေလို့လဲ... ယင်းက သူ့ကို အလွန်စိတ်ပူပန်စေ၏။


ထိုအတိုင်း တွေးပြီး သူလည်းအစာစားချင်စိတ် ပျောက်သွားသည့်အတွက် သူ့တူများကို ချလိုက်သည်။


၎င်းကိုမြင်သောအခါ ရှဲ့ရွှင်း အတော်လေး စိတ်သက်သာရာရသွား၏။


လင်းချန်လည်း ဤနေရာက အစာများကိုမစားနိုင်ပုံပင်။ဤရက်ပိုင်း အစားအသောက်တွေက အရသာမကောင်းပုံရသည်။ သူ(ရှဲ့ရွှင်း)က ဇီဇာကြောင်နေခြင်းကြောင့် မဟုတ်သည်မှာ သေချာ၏။


Xxxx