အပိုင်း ၂၁
Viewers 18k

Chapter 21


တို့ဟူးပုတ်ဟင်းရည်


ရှဲ့ရွှင်း  နေ့လယ်စာမစားဘဲ ဗိုက်ဟောင်းလောင်းဖြင့် အလုပ်လုပ်နေကာ အလုပ်များလွန်းလှသည်။


ကျန်းရှုယောင်က သူနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ မွန်းတည့်ချိန်၌ ထမင်းအဝစားခဲ့ပြီး နေ့ခင်းဘက်တွင် ဘာမှလုပ်စရာမရှိပေ။ ထိုသို့ဖြင့် သူမ အဆာပြေ မုန့်တွေ ထပ်စားပါတော့သည့။


မီးဖိုချောင်ထောင့်က အိုးတစ်လုံးကို ထုတ်ယူပြီး ကောင်တာပေါ် တင်လိုက်၏။


ဤရက်ပိုင်းမှာ အစေခံများက သူမဘေးနားတွင် အရသာမျိုးစုံကိုမြည်းစမ်းခဲ့ကြသည်။ သူမမှာ စိတ်ကူးသစ်တွေရှိနေသည်ကို မြင်သောအခါ အိုးကြီးကို မျှော်လင့်စောင့်စားစွာကြည့်နေကြ၏။


ထိုနောက်တွင်ကား ကျန်းရှုယောင်က အဖုံးကိုဖွင့်ပြီး တူဖြင့် မီးခိုးမည်းရောင် တိုဟူးခြောက်တစ်ပိုင်းကို ထုတ်ယူနေသည်ကို တွေ့လိုက်ရသည့။


အစေခံများ မျက်လုံးများ ပြူးကျယ်သွားကြပြီး နှလုံးသားထဲရှိ စားချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားကြသည်။


တို့ဟူးပုတ်ခြောက်ကို အောင်မြင်စွာ အချဥ်ဖောက်ပြီးဖြစ်၍ ကျန်းရှုယောင် အလွန်ကျေနပ်နေသည်။


အနံ့ပြင်းပြီး အရသာပြင်းသည့် တို့ဟူး။ အဝေးကလူများပင် ထိုရနံ့ကို အနံ့ခံနိုင်၏။ သရေစာမုန့်လမ်း၌ သခင်တစ်ပါးအဖြစ် ဖော်ပြနိုင်သည်။


တို့ဟူးပုတ်ကို ချက်ပြုတ်ရန် ပထမအဆင့်မှာ ဆော့စ်ကို ချိန်ညှိရန် ဖြစ်သည်။ ရှီတာ့မှိုခြောက်နှင့် ပုဇွန်ခြောက်တို့ကို အမှုန့်ဖြစ်အောင် ထောင်း၊ ကြက်သွန်ဖြူနှင့် နွေကြက်သွန်ကို ပါးပါးလှီးပြီး ပန်းကန်လုံးတစ်လုံးထဲသို့  ကော်နယ်ဆီ၊ သကြားအနေတော် ၊ ပဲငံပြာရည်၊ ဆား၊ ရေတို့ကို ရောထည့်ပြီး သမအောင် မွှေရ၏။


ဒယ်အိုးတစ်လုံးယူပြီး ဆီပူအောင်တည်ကာ ဆီပူလာလျှင်  တိုဟူးပုတ်ခြောက်ကိုထည့်သည်။


အစေခံများ ထိတ်လန့်သွားကာ အမြန်တားကြ သည်။ 


"သခင်မ...တို့ဟူးက ပျက်သွားပြီ...စားမရတော့ဘူး"


"ဟုတ်တယ်...အကုန်လုံး မှိုတက်နေတာ" 


လူတော်တော်များများက သူမကို စကားလုံးတိုင်းနှင့် ဖြောင့်ဖြရန် ကြိုးစားရင်း တွတ်ထိုးနေကြ၏။


ကျန်းရှုယောင်  ရှင်းပြရန် အချိန်မရသေးခင် ဆီပူလာသည်နှင့် ထူးဆန်းသည့် တိုဟူးနံ့က ချက်ချင်း လှိုင်ထွက်လာပြီး အစေခံများ ခဏလောက် အနံ့ခံပြီးနောက် နံလွန်း၍ထုံထိုင်းသွားကြသည်။


ထို့နောက် သူတို့ သူမကို ပို၍ပင် စိုးရိမ်တကြီးဖြင့် တားရန် ကြိုးစားကြသည်။


"သခင်မ ဒီ ဒီအနံ့က အရမ်း... စားလို့မရဘူး"


"ဆိုးလွန်းတယ်သခင်မ... လတ်ဆတ်တဲ့ အစားအစာတွေကို တွေးကြည့်လိုက်ပါ... ဒီပုပ်နေတဲ့ တို့ဟူးကို ပါဝင်ပစ္စည်းအနေနဲ့ သုံးလို့မရပါဘူး"


အစေခံ နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာလက်ကိုင်ပုဝါကို ထုတ်၍ နှာခေါင်းကို အုပ်ပြီးဆို၏။


 "သခင်မ ဒီကို မြန်မြန်လာ...သခင်မရဲ့ ခန္ဓာကိုယ်မှာ အဲဒီအနံ့ကိုမစွဲစေနဲ့"


ကျန်းရှုယောင် အစေခံများ၏ ရွံရှာမှုကို နားလည်နိုင်သော်လည်း  သူမက တို့ဟူးပုတ်ကို စွဲစွဲမြဲမြဲ နှစ်သက်သူတစ်ယောက်ဖြစ်သဖြင့် အနံ့ရသည်နှင့် တံတွေးမျိုချလိုက်ရသည်။ သူမကို ဘယ်လို လွယ်လွယ်နဲ့ တားနိုင်မှာလဲ...


"ယုံလိုက်စမ်းပါ...ဒီတို့ဟူးပုတ်က အနံ့ဆိုးပေမဲ့ အရသာရှိပြီး ဆွဲဆောင်မှုရှိတဲ့ တို့ဟူးပါဟယ်"


အစေခံများအတွက်မူ ဤ "နောက်ပြောင်မှု" ကိုခွင့်ပြုရန်မဖြစ်နိုင်ပါချေ။ သခင်ကို ဗိုက်နာစေပါက မည်သူမျှ ပြစ်ဒဏ်မှ လွတ်ကင်းရန် မဖြစ်နိုင်ပေ။


"သခင်မ...အနံ့ခံရုံနဲ့ အရသာမရှိဘူးဆိုတာ သိသာတယ်...မစားရဘူးနော် "


“အားလုံး ပုပ်နေတာ...ဒီအရောင်ကိုကြည့်...မည်းပြီး မှိုတက်တာ...တို့ဟူးခြောက် ဒီလောက်ပုပ်တာ မတွေ့ဖူးဘူး"


"ကောင်းပြီ ...အနံ့မကြိုက်ရင် အပြင်ထွက်ကြ" 


ကျန်းရှုယောင် အရာနှစ်ခုကို အာရုံစိုက်နေရပြီး အစေခံများနှင့် စကားပြောနေရင်း  တိုဟူးပုတ်ကြော်ကို ဇလုံတစ်ခုထဲသို့ ထည့်လိုက်သည်။


သူမတို့ဟူးကို တစ်ခုပြီးတစ်ခု ကောက်ထည့်နေသည်ကို မြင်သောအခါ  အစေခံများ ပို၍ပင် စိုးရိမ်နေကြပေမဲ့ ကျန်းရှုယောင်၏ ယခင်နာမည်ဂုဏ်သတင်းက ယခုထိ ရှိနေဆဲဖြစ်သဖြင့်  သူမကို တားရန် သတ္တိမရှိကြပါချေ။


တို့ဟူးပုတ်အတွက် ဆော့စ်များစွာရှိပြီး အရသာအမျိုးမျိုးရှိသည်။ ကျန်းရှုယောင် မွှေးပြီး စပ်သော ပူပူနွေးနွေးဟင်းရည်က  တို့ဟူးပုတ်ကို အပြည့်အဝ ဖုံးအုပ်နိုင်စေရန်အတွက် ဆော့စ်ကို အနည်းငယ် ပိုပျစ်သော်လည်း မပျစ်လွန်းဘဲ တို့ဟူးခြောက်ပေါ်ကပ်ရုံလောက်အနှစ်လုပ်လိုက်၏။


မီးဖိုချောင်ကမိန်းကလေးကို ထင်းယူပြီး အပူချိန်နိမ့်နိမ့်ရအောင်မီးမွှေးခိုင်းလိုက်သည်။ အိုးထဲသို့ ဆော့စ်လောင်းထည့်ကာ ကော်ရည် ထည့်ပြီး ခဏလောက်တည်လိုက်လျှင် အနှစ်ပျစ်ပျစ်ရပြီဖြစ်၏။


တိုဟူးပုတ်ကြော်ကို အပေါက်သေးသေးလေးများဖြစ်အောင်ထိုး၍ ဆော့စ်လောင်းထည့်လိုက်ရာ  ဟင်းရည်ပူပူက အပေါက်များတစ်လျှောက် တိုဟူးပုတ်များထဲကို ဖြည်းညှင်းစွာစိမ့်ဝင်သွားသည်။


ပါးပါးလှီးထားသော ကြက်သွန်နှင့် နှမ်းစေ့တို့ ဖြူးပြီးပါက  တို့ဟူးပုတ်ဟင်းရည် အဆင်သင့်ဖြစ်ပါပြီ။


ကျန်းရှုယောင် တံတွေးမျိုချလိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ အစေခံလေးယောက်ကို ကြောက်လန့်သွားစေသည် ။


"သခင်မ..."


ပိုင်ကျီ၏မျက်နှာက ရှုံ့တွသွားလုမတတ်။ "ကျွန်မ မစားနိုင်ပါဘူး"


ကျန်းရှုယောင် သူတို့ ဤကိစ္စအတွက် စိုးရိမ်နေမည်ဟု မမျှော်လင့်ထားခဲ့ဘဲ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ 


"ဒါက စားလို့ ရပါတယ်... ကြော်ထားတာ...ပြီးတော့  ပုပ်နေတာ မဟုတ်ဘူး...အချဉ်ဖောက်ထားတာ... နင်တို့စားနေကျ ပဲငံပြာရည်ကိုလည်း အချဉ်ဖောက်ထားတာ မဟုတ်ဘူးလား"


ပိုင်ကျီက ပြန်ချေပ၏။


 "ဘယ်လိုလုပ်တူမှာလဲ" 


 


သို့သော် ကျန်းရှုယောင်က ဝါးပင်ကဲ့သို့ ဖြောင့်မတ်နေပုံရသည်ကို မြင်လိုက်ရသောအခါ သူမ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


တို့ဟူးပုတ်နံ့ကို ရှူရင်း ကျန်းရှုယောင်  သူမကို တားရန်ကြိုးစားသော အစေခံများကို လျစ်လျူရှုကာ အပိုင်းတစ်ပိုင်းကို ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။


မွှေးကြိုင်ပြီး နူးညံ့ပွရွသော  တိုဟူးအရေခွံကို ကိုက်လိုက်သည်နှင့် တိုဟူးပုတ်ဆီမှ ပူပူနွေးနွေး အဆီအနှစ်များ လျှံထွက်လာပြီး နူးညံ့သော တိုဟူးက အိုးထဲမှ အပူကို ထိန်းသိမ်းထားသောကြောင့် ကျန်းရှုယောင်  မျက်ရည်များ ထွက်လာတော့မတတ်ပင်။


တဟူးဟူးနှင့်  တို့ဟူးပုတ်ကို ပျော်ရွှင်စွာ ဝါးစားလိုက်၏။ များများဝါးလေလေ အရသာပိုရှိလေဖြစ်သည်။ ပူပူစပ်စပ်နှင့် ကိုက်လိုက်တိုင်း  တို့ဟူးပုတ်၏ ထူးခြားသော အရသာကိုရရှိနေသည်။


သူမ အစပ်ဆီများစွာထည့်ထားခြင်းကြောင့် ပူစပ်နေသော တို့ဟူးပုတ်ကို သူမ၏ဝမ်းဗိုက်ထဲသို့ မျိုချလိုက်သည်။ အပူရှိန်က သူမဗိုက်ထဲမှာ ပျံ့နှံ့သွားပြီး လန်းဆန်းသွားသည်။


သူမ ပျော်ပျော်ပါးပါး စားသောက်နေသည်ကို မြင်သောအခါ အစေခံများ ဘာလုပ်ရမှန်းမသိဖြစ်ပြီး အံ့ဩသွားကြသည်။


ကျန်းရှုယောင်က တစ်ယောက်တည်းစားတတ်သောလူမဟုတ်သလို ပါးစပ်ကိုစွဲလမ်းကာ အခြားသူများကိုလည်း မေ့မည်မဟုတ်ပေ။


"စားချင်လား" 


အစေခံများက   အလျင်အမြန် ခေါင်းယမ်းကာ ငြင်းဆိုကြပြီး ကျန်းရှုယောင် ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် ခေါင်းမထောင်ဝံ့ကြပေ။


"တကယ် အရသာရှိတယ်နော်... ငါ့ကိုယုံ"


သူမ အစေခံများကို သွေးဆောင်နေချိန်တွင် ဖက်ထုပ်လုံးသေးသေးလေးက မီးဖိုချောင်တံခါးဝမှ ပြေးဝင်လာပြီး နူးညံ့ချိုသာသည့် အသံလေးဖြင့် "ဘာကအရသာရှိတာလဲ...ဘာက အရသာရှိတာလဲ" ဟု အော်လေသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ကျန်းရှုယောင်ဆီကို ပြေးသွား၏။


ကျန်းရှုယောင်  ရှဲ့ကျောက် ကို ငုံ့ကြည့်လိုက်သည်။သူက သူမယခင်က မော်ဒန်ခေတ်တွင် မွေးမြူထားသည့် ဟက်စကီးနှင့်တူ၏။


သူမ ပလတ်စတစ်မုန့်အိတ်ကို ထိလိုက်သည်နှင့် သူက လျင်မြန်စွာ အပြေးရောက်လာမည်ဖြစ်သည်။


ရှဲ့ကျောက်  ပြေးသွားသည်က မြန်လွန်းသောကြောင့် သူရောက်လာသည့် အချိန်မှသာ တိုဟူးပုတ်နံ့ကို ရလိုက်၏။


သူ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ မျက်နှာကို ရှုံ့မဲ့လိုက်ပြီး လည်ပင်းလေးမော့ကာ ကျန်းရှုယောင်ကိုကြည့်လိုက်သည်။


 "ဒါက ဘာလဲ... အနံ့က ဘာလို့ ထူးဆန်းနေတာလဲဟင်"


အစေခံများစွာ အလွန်နာကျင်စွာ ကျိန်ဆဲမိကြသည်။အနံ့က ထူးဆန်းရုံပဲလား... သိသိသာသာ နံနေတဲ့ဟာကို...


"ဒါက တို့ဟူးပုတ်... အနံ့က ထူးဆန်းပေမဲ့ အရသာရှိတယ်" 


ကျန်းရှုယောင်က မမောမပန်း ရှင်းပြသည်။ သူတစ်ယောက်တည်းဖြစ်နေသည်ကိုမြင်သောအခါ သူမမော့ပြီး ရှဲ့ယောင်ကိုရှာလိုက်၏။


သေချာသည်ပင်၊  အမြွှာတွေက ခွဲ၍မရပါချေ။


ရှဲ့ယောင်က တံခါးဘောင်ကို ကိုင်လျက်ရှိနေပြီး သူ့မျက်နှာတစ်ဝက်လေးပဲဖော်ထားသည်။ သူက မီးဖိုချောင်ထဲသို့ မဝင်ရန် တွန့်ဆုတ်နေပြီး  "လျှို့ဝှက်စွာ စောင့်ကြည့်နေသည်" နှင့်တူသည်။


ကျန်းရှုယောင် ရယ်ရမလိုငိုရမလိုဖြစ်သွားပြီး ရှဲ့ကျောက်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ 


"ဒီပန်းကန်က စပ်လွန်းတယ်... မင်းအတွက် နောက်တစ်ပန်းကန်လုပ်ပေးမယ်"


သူမက လျင်မြန်စွာ လှုပ်ရှားကာ  တိုဟူးပုတ်ကို  ကြော်၊ ဆော့စ်ကို ပြန်လည်ချိန်ညှိကာ ယခုလေးတင် လုပ်ခဲ့သည်များကို ထပ်ပြီး တဖန် ပြုလုပ်ခဲ့သည်။ အမွှေးအကြိုင်ငါးမျိုးတို့ဟူးပုတ်ဟင်းရည် ရရှိသွားလေပြီ။


ရှဲ့ကျောက်က အရာရာကို စူးစမ်းလိုစိတ်ရှိသောအရွယ်ဖြစ်သည်။ မူလက သူ တို့ဟူးပုတ်၏ အနံ့ကို မကြိုက်သော်လည်း ကျန်းရှုယောင်က တို့ဟူးကို ကြော်ပြီး ဆောစ်နှင့်ပြုတ်သောအခါ စူးစမ်းချင်စိတ်ဖြင့် ဖယ်ထုတ်ပစ်လိုက်သည်။


ကျန်းရှုယောင် အောက်ကိုငုံ့ပြီး ကြွေပန်းကန်ပြားကို သူ့ဆီပေးကာပြောလိုက်၏။


 "မြည်းကြည့်ပါလား"


ရှဲ့ကျောက် သေသေချာချာ ရှူလိုက်သည်။ တိုဟူးခြောက်က အစပိုင်းတွင် အနံ့ပြင်းသော်လည်း ပို၍ အနံ့ခံပြီးနောက်တွင် သင်းပျံ့သောရနံ့ကို ခံစားရသည်။


သူ တုံ့ဆိုင်းမနေဘဲ တူကိုယူကာ တိုဟူးပုတ်တစ်ပိုင်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။


"သတိထား" 


ကျန်းရှုယောင်  အမြန်သတိပေးလိုက်သည်။


အစေခံများမှာ ရင်တထိတ်ထိတ်ဖြစ်နေကြ၏။ နဂိုကတည်းက သခင်မအတွက် မြို့စားရှဲ့အိမ်တော်တွင် နေရာမရှိပေ။ ပင်မအိမ်တော်ခွဲ၏ သားငယ်လေးကို အစားအစာက နာကျင်စေသည်ဆိုပါက ဤအိမ်ကြီးမှာ သူမကို အကာအကွယ်ပေးနိုင်မယ့်သူ မရှိတော့ပေ။ 


ကျန်းရှုယောင်ကမူ သူတို့၏ စိုးရိမ်ပူပန်မှုများကို လုံး၀ မသိပါဘဲ ရှဲ့ကျောက်ကို မျှော်တလင့်တကြီး ကြည့်နေသည်။ 


"ဘယ်လိုလဲ" 


အမွှေးအကြိုင်ငါးမျိုး တိုဟူးက တစိမ့်စိမ့်အရသာကို မီးမောင်းထိုးပြနေ၏။ဆော့စ်ကို ရှီတာ့မှိုနှင့် ပုစွန်ခြောက်များမှ အမှုန့်များဖြင့်ပြုလုပ်ထားသည်။ မွှေးကြိုင်သောအနံ့က အရသာကို တိုးမြင့်စေသော်လည်း ၎င်းက တို့ဟူးပုတ်၏ငြိမ့်ညောင်းပျော့ပျောင်းရနံ့ကို ဖုံးကွယ်ထားမည်မဟုတ်ပေ။ သူက ဝါးလေလေ အနံ့က ပိုမွှေးလေလေပါပင်။ အပြင်မှာ ကြွပ်ကြွပ်လေးဖြစ်ပြီး အတွင်းထဲမှာ နူးညံ့ပြီး အလွန် အရသာရှိ၏။


"ဟူး..." 


ရှဲ့ရွှင်း  ပူလွန်း၍ တဟူးဟူး အသက်ရှူနေရင်း အံ့ဩသွားသည်။


 "စားလို့ကောင်းတယ်...အရမ်းအရသာရှိတယ်"


ဤအပြုအမူက ကျန်းရှုယောင်နှင့် အတိအကျကို အတူတူပါပင်။အစေခံများ ငြိမ်ကျသွားကြ၏။


ရှဲ့ယောင် ဝါးပြီး မမျိုချခင် ဒုတိယအပိုင်းကို ညှပ်ယူရန် မစောင့်နိုင်တော့ပေ။


ဖြူဖွေးနုနယ်သော ပါးစုံဖောင်းဖောင်းနှင့်မျက်နှာလေးက ဖရဲသီးအစေ့များကို ဝှက်ထားသော ဟမ်းစတားတစ်ကောင်ကဲ့သို့ ဖောင်းကားနေသည်။


ကျန်းရှုယောင်၏နှလုံးသား အရည်ပျော်သွားသည်။ သူ၏သဘောတကျစားသောက်နေမှုကို မြင်လိုက်ရသောအခါ သူမ သက်ပြင်း ချမိလိုက်၏။


 "မင်းကတကယ် ငါ့အစ်ကိုနဲ့တူတယ်"


ရှဲ့ကျောက်က  မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကျန်းရှုယောင်ကို မရိုးဖြောင့်စွာ ပြုံးပြလိုက်သည်။


တံခါးဘောင်ဘေးမှာ လျှို့ဝှက်စွာ စောင့်ကြည့်နေသည့် ရှဲ့ယောင်က သူ့ခြေထောက်ကို မြှောက်ပြီး လှမ်းဝင်လာကာ ဖြည်းညှင်းစွာလျှောက်ရင်း တိုးတိုးလေး ပြောလိုက်၏။


"မင်းက အစ်ကိုမဖြစ်နိုင်ဘူး...အဲဒါ လူကြီးတွေ အနှောင့်အယှက်ဖြစ်လိမ့်မယ်"


အပြစ်တင်ခံနေရသော ဒေါ်လေးကျန်းရှုယောင်က ငုံ့၍ ရှဲ့ယောင်၏ မျက်နှာလေးကို ပုတ်လိုက်သည်။ 


"အားယောင်... စားကြည့်ချင်လား"


ရှဲ့ယောင်က သူ့လက်သီးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး သူ့ကို ကြည့်မနေသည့် သူ့အစ်ကိုကို ကြည့်လိုက်ကာ ၎င်းနောက် ကျန်းရှုယောင်ကို ကြည့်လိုက်၏။ သူဘာတွေတွေးနေမှန်းမသိရဘဲ "ဟုတ်" ဟု အသံတိုးတိုးဖြင့် ပြန်ဖြေသည်။


ရှဲ့ကျောက်က  သူ့လက်ထဲက ပန်းကန်ကို ဝမ်းသာအားရ စားရင်း စကားတွေပလုံစီအောင်ပြောနေ ပြီး အစေခံ တော်တော်များများမှာ သူသီးသွားမည်ကို ကြောက်ပြီး သူ့ကို ဝိုင်းစောင့် ပေးနေကြ၏။


ရှဲ့ယောင် ဘက်မှာ ကျန်းရှုယောင်ပဲရှိလေသည်။ ကျန်းရှုယောင် ပန်းကန်ပြားတစ်ချပ်ကို ကိုင်ကာ သူ့ရှေ့တွင် ထိုင်ချလိုက်ပြီး   သူ၏မျက်ရည်ဝိုင်းနေသော မျက်လုံးများကို ကြည့်ရင်း သူ့ကို ကိုယ်တိုင်လက်ဖြင့် ကျွေးချင်လာမိသည်။


ရှဲ့ယောင်က ချူချာပေမဲ့ ရှုရှီက သူ့ကို ဘယ်တုန်းကမှ မလိုမလိုက်သည့်အတွက် သူ့ကို လက်နှင့် မကျွေးသည်မှာကြာပြီဖြစ်၏။


"သားဘာသာစားမည်" ဟုပြောတော့မည့်အချိန်မှာ ကျန်းရှုယောင်က သူ့ပါးစပ်ဆီကို  တို့ဟူးပုတ်ခွံလာပြီးသားဖြစ်နေသည်။


"သတိထား... အဲဒါကို အရင်မှုတ်ပြီးမှ နည်းနည်းချင်းကိုက်"


ရှဲ့ယောင် နှုတ်ခမ်းလေးစုဝိုင်းကာ သူ့စကားကို မျိုချလိုက်ပြီး ကျန်းရှုယောင်၏ စိတ်အားထက်သန်နေသောအကြည့်အောက်မှာ တို့ဟူးပုတ်ကို မှုတ်ပြီး အသာအယာ ကိုက်လိုက်သည်။


သူစားသည့်ပုံစံက ရှဲ့ကျောက်နှင့် အလွန်ကွာခြား၏။ အလွန်နူးညံ့ညင်သာသော်လည်း သူ၏ တတိယဦးလေးနှင့် ခပ်ဆင်ဆင်တူသည်။


သူ ဖြည်းညှင်းစွာ ဝါးလိုက်ပြီး သူ့မျက်လုံးများက စပျစ်သီးများကဲ့သို့ တောက်ပလာကာ တဖြည်းဖြည်း အံ့သြသွားသည်။


ကျန်းရှုယောင်က သူ့ကို ပြုံးစိစိနှင့် ကြည့်လိုက်၏။ ဖက်ထုပ်လေးများက အလွန်ချောမော လှပသောကြောင့် သူတို့၏အမူအရာလေးတွေက ချစ်စရာကောင်းလွန်းသည်။


ရှဲ့ယောင် ထိုအကိုက်လေးကို မျိုချလိုက်ပြီး သူ့ပါးစပ်ထဲမှာ ဘာတစ်ခုမှ မရှိတော့သည့်အခါ ပါးစပ်ကို ဖွင့်ပြီး "တကယ် အရသာရှိတယ်"ဟု ပြောလိုက်၏။


"ထပ်စားဦးမှာလား" 


ကျန်းရှုယောင်   တူများကို ကိုင်ထားရင်း မေးလိုက်သည်။


ရှဲ့ယောင်က ခေါင်းညိတ်လိုက်ပြီး သူ့ပါးစပ်လေးကို ဖွင့်လိုက်ပေမဲ့ ရုတ်တရက် တံခါးဆီက ဟိန်းဟောက်သံတစ်ခုထွက်လာ၏။


"ကျန်းရှုယောင်းးး"


ကျန်းရှုယောင်၏လက် တုန်ခါသွားကာ တို့ဟူးပုတ်က ပန်းကန်ပြားပေါ်သို့ပြုတ်ကျသွားသည်။


ရှဲ့ဖေးက ဒေါသတကြီးဖြင့် တံခါးဝတွင် ရပ်ကာ အခန်း၏ အနံ့အသက်ကို ရှူရှိုက်ရင်း ကျန်းရှုယောင် ရှဲ့ယောင် ရှေ့မှာ ထိုင်ပြီးအစာကျွေးနေသည်ကို ကြည့်လိုက်သည်။ သူမ၏ ရင်ဘတ်က ဒေါသနှင့် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။


ကျန်းရှုယောင်က ယနေ့ ပင်မခန်းမဆောင်ကို မနက်စာ လာပို့သည်ဟု သူမအစေခံကပြောသည်ကို ကြားပြီး မနေ့က ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ရသည်ကို သတိရလိုက်မိသည်။ တွေးလေလေ ရှက်လေလေဖြစ်သည်။ ဤအရှက်တရားက တဖြည်းဖြည်း ဒေါသအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် သူမသည် ဒေါသပြေရန် ကျန်းရှုယောင်ထံပြေးလာခဲ့သည်။


ကျန်းရှုယောင် အိမ်ထောင်ကျပြီးကတည်းက သူမ ရင်ခံသွားပေမဲ့ မြို့တော်မှာ နာမည်ကြီးသည့် ထိုသို့သော ဦးနှောက်မဲ့သူမျိုးကို သူမ ယခင်က ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ ယခု သူမက မြို့စားရှဲ့အိမ်တော်မှာ  နေထိုင်သည်ကို တွေ့ရသည့်အခါသူမ မပျော်တော့ပေ။ ဤဒေါသကို အခွင့်ကောင်းယူပြီး အပြစ်ရှာရန် ပြေးလာခဲ့သည်။


ရှဲ့ယောင် ရှေ့က နက်မှောင်ပြီး သစ်စေးကဲ့သို့သောအရာများကို မြင်လိုက်ရသောအခါ အပြစ်ရှာရန်အတွေးက ချက်ချင်း ပျောက်ကွယ်သွားပြီး စိုးရိမ်စိတ်တွေပဲ ကျန်ရစ်ခဲ့သည်။


သူမ ပြေးလာကာ ရှဲ့ယောင်ကို ဆွဲခေါ်ပြီး ကျန်းရှုယောင်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။


 "အားယောင်ကို နင် ဘယ်လိုမျိုးညစ်ပတ်နံစော်နေတဲ့ဟာကျွေးရဲရတာလဲ ဟမ်..."