အခန်း ၂ ရုပ်ရှင်ရုံသို့တစ်ခေါက်
Viewers 2k

အခန်း ၂။ ရုပ်ရှင်ရုံသို့တစ်ခေါက်

"ညီမလေးရေ သူငယ်ချင်းတွေစုံရင် ကိတ်လှီးမယ်လေ"

"ဟုတ်ကိုကို ခဏနော် သူငယ်ချင်းတွေကို ခေါ်လိုက်ဦးမယ်"

"နေရောင်ရော အစ်ကိုရောလာကြ ကိတ်လှီးကြမယ်"

နေမဟော်တစ်ယောက် နှင်းမြတ်ပိုင်သူတို့ကိုလာခေါ်တော့မှ တွေ့လိုက်ရသည့် နောက်ထပ် မွေးနေ့ရှင်ဆိုသူကြောင့် အံ့အားသင့်သွားရတော့သည်။

"ဟင်...မင်းက... ဟိုကောင်လေး..."

နေမဟော်တစ်ယောက် အံ့အားသင့်သွားပြီးနောက် ပြုံးပြလိုက်တော့ ဘုန်းမြတ်ပိုင်လည်း ရုတ်တရက်မို့ မျက်လုံးလေးတွေ ၀ိုင်းခနဲဖြစ်သွားလေသည်။ ပြီးမှ နေမဟော့်ကို မှတ်မိပြီး ပြန်လည်ပြုံးပြလိုက်လေသည်။

ထိုအချိန်မှာပင် DJတီးလုံးသံအစား birthday songက အစားထိုး၀င်ရောက်လာသည်။ မွေးနေ့ရှင်နှစ်ဦးအတွက် သူငယ်ချင်းများက သီဆိုပေးကြပြီး မွေးနေ့ရှင်နှစ်ဦးကတော့ သီချင်းဆုံးသည်နှင့် ဖယောင်းတိုင်လေးများကို မှုတ်လိုက်သည်။ တစ်ပြိုင်တည်းပင် လက်ခုပ်သံများကလည်း ညံစီနေလေလေသည်။

ကိတ်လှီးကြပြီးနောက် မွေးနေ့ပွဲကိုဆက်၍ပျော်ရွှင်စွာကျင်းပရင်း နှင်းမြတ်ပိုင်သည် သူမ၏အစ်ကိုကို သူငယ်ချင်းတွေနှင့် မိတ်ဆက်ပေးလေသည်။ သူမတို့ရဲ့ ကြီးစုကတော့ လူငယ်တွေ လွတ်လွတ်လပ်လပ်ပျော်ရအောင်ဆိုကာ ခြံထဲသို့ပင်ဆင်းမလာပေ။

"ကိုကို သူကနေအရောင်တဲ့။ ညီမလေးတို့နဲ့ majorအတူတူပဲ။ အခန်းကလည်းတစ်ခန်းတည်း။ ကိုကိုနဲ့တော့ အခန်းမတူဘူးလေ။ သူကနေရောင့်အစ်ကို နေမဟော်တဲ့။ သူလဲE majorလေ။ second yearကပေါ့။ အားလုံးပဲမှတ်ထားကြနော်။ ဒါနှင်းရဲ့အမြွှာအစ်က်ို ဘုန်းမြတ်ပိုင်တဲ့။ လမ်းမှာတွေ့ရင်လည်း မုန့်၀ယ်ကျွေးခိုင်းလို့ရတယ်သိလား"

"ညီ့နာမည်က ဘုန်းမြတ်ပိုင်လား ကိုယ်တို့ပြန်တွေ့ကြပြန်ပြီနော် majorလဲအတူတူပဲ"

"ဟုတ်ကဲ့ ကိုနေမဟော်"

နှင်းမြတ်ပိုင်၏ မိတ်ဆက်စကားအဆုံး၌ သူတို့အချင်းချင်း နှုတ်ဆက်လိုက်ကြသည်မို့ နှင်းမြတ်ပိုင်တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

"ကိုကိုတို့က အသိတွေလား"

"ဟုတ်တယ်ညီမလေး။ ကိုကိုမနေ့ကပြောတဲ့ ဖိနပ်ချွတ်ပေးထားခဲ့တယ် ဆိုတာလေ"

"အဲဒီကိစ္စအတွက် ကိုယ်အားနာမိတယ်။ တစ်ကယ်"

"အစ်ကို့ဖိနပ်က ကျွန်တော်နင်းမိလို့ပြတ်သွားတာလေ။ ကျွန်တော်ကသာ တောင်းပန်ရမှာပါ။ အစ်ကိုကဘာကိုအားနာနေတာလဲ"

ဘုန်းမြတ်ပိုင် ထပ်မံ၍တောင်းပန်လိုက်သည်။ ဒီလိုကျတော့လည်း အကြောတင်မခံသည့် ခပ်ချေချေကောင်လေးဟာ သူမဟုတ်သလိုပင်။

"ကိုယ်ယူစီးလိုက်တော့ ညီကဖိနပ်မပါဘဲ ပြန်သွားရတယ်လေ အဲဒါကြောင့်ပါ"

နေမဟော့်စကားကြောင့် ဘုန်းမြတ်ပိုင်လည်း အရှက်ပြေသာ ရယ်‌မောလိုက်တော့သည်။

"ရပါတယ် အဲဒီ့တုန်းကလည်း ကိုနေမဟော်သာ မဆွဲထားလိုက်ရင် ကျွန်တော်လဲကျမှာလေ။ အဲဒီအတွက်တောင် ကျေးဇူးမတင်ရသေးဘူး"

ဘုန်းမြတ်ပိုင်သည် မနေ့တုန်းက ဖြစ်ပျက်သွားခဲ့ပုံကို ပြန်တွေးမိပြီး မျက်နှာလေးရဲသွားရသည်။

နေမဟော်လည်း 'သြော်... ဒီလိုကျတော့လည်း မင်းကခင်စရာကောင်းတဲ့ကောင်လေး တစ်ယောက်ပါလားရယ်'လို့ စိတ်ထဲကနေ တွေးနေမိသည်။

"ဟုတ်ပါပြီကွာ ဒါဆိုဘော်ဒါတွေဖြစ်သွားပြီနော်။ နာမည်အပြည့်စုံကျခေါ်ရတာ ရှည်တာပေါ့။ 'ကိုနေ'ဒါမှမဟုတ် ‌'နေ' လို့ပဲခေါ်လေ ကိုယ်လည်း'ပိုင်'လို့ပဲခေါ်မယ်။ အို‌ကေလား"

"ဟုတ်ကဲ့ ကျွန်တော့်ထက်ကြီးတာမို့ ကိုနေလို့ပဲခေါ်ပါ့မယ်"

"အိုကေလေ"

ဒီလိုကျတော့လည်း ကိုယ့်ထက်ကြီးတဲ့သူကို လေးစားတတနေပြန်သည်။ မနေ့က ခပ်စွာစွာပြန်ပြောခဲ့တာ သူ,မဟုတ်သလိုလို။

"မှတ်ထားကြနော်။ သူကသူရိန်စိုးတဲ့။ သူကထက်အာကာ "

ဘုန်းမြတ်ပိုင်လည်း သူ့သူငယ်ချင်းတွေနှင့် ပြန်လည်မိတ်ဆက်ပေးပြီး တစ်ခဏအတွင်းမှာပဲ ရင်းနှီးသွားကြလေသည်။

"နှင်းမြတ်ရဲ့သူငယ်ချင်းဆိုတော့ ကျွန်တော်တို့ သူငယ်ချင်းပဲပေါ့"

သူရိန်စိုးသည် ပြောရင်းဆိုရင်း မွေးနေ့လက်ဆောင်ဘူးကို လှမ်းပေးပြီး ဘုန်းမြတ်ပိုင်ကတော့ ယူရန်ငြင်းဆန်သည်။

"ဟာ... လက်ဆောင် မယူလာပါနဲ့ဆိုကွာ မင်းတို့ကလဲ"

"ဟေ့ကောင်ရ နှစ်ယောက်စာကွ မင်းမယူချင်လည်းနေလေ ညီမလေးကိုပဲပေးလိုက်တော့မယ်"

ထက်အာကာတစ်ယောက် စိတ်မရှည်ဟန်ဖြင့် သူရိန်စိုး၏လက်ထဲမှ မွေးနေ့လက်ဆောင်ဘူးကိုယူကာ နှင်းမြတ်ပိုင်လက်ထဲကိုထည့်ပေးလိုက်သည်။ ထိုအခါဘုန်းမြတ်ပိုင်တစ်ယောက် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းဆူသွားကာ ပြန်ပြောသည်။

"နှစ်ယောက်စလုံးဖို့ ၀ယ်လာတာဆိုရင်တော့ ယူမှာပေါ့"

ထိုစကားကြောင့် သူတို့တစ်တွေ ရယ်‌မိကြသည်။ နေမဟော့်စိတ်ထဲမှာလည်း 'ကလေးလေးကျနေတာပဲ။ စိတ်ကလည်းအမျိုးမျိုးနဲ့ ကောင်လေးပါလား'ဟု တွေးမိပြန်သည်။

"ကဲကဲ အခုအားလုံး သူငယ်ချင်းတွေ ဖြစ်သွားကြပြီဆိုတော့ စောစောကကိစ္စပြန်ဆက်မယ်။ ဟဲ့နှင်းမြတ် ငါတို့ကငပိုင့်ကို မုန့်၀ယ်ကျွေးခိုင်းလို့ ရတယ်ဆိုတော့ နင်ကငါတို့ကို အငတ်တွေမှတ်နေလို့လား"

နှင်းမြတ်ပိုင်သည် နေအရောင် တမင်တကာ မကျေမနပ်ပုံစံဖြင့် မေးမှန်းသိတာကြောင့် "ဘာလဲ ၀ယ်ကျွေးရင်မစားဘဲနေမှာမို့လို့လား"ဟု ပြန်မေးလိုက်သည်။

ထိုအခါ နေအရောင်က ခေါင်းခါပြရင်း ပါးစပ်မှလည်းဖြေသည်က "ဟင့်အင်းစားမှာ"ဟုပင်။ နှင်းမြတ်ပိုင်နှင့် အခြားသူတွေလည်း နေအရောင့်အဖြေကြောင့် ရယ်‌မောကြရပြန်လေသည်။ပြီးနောက် မျက်စောင်းချီကာ "ကောင်

စုတ် ဒါနဲ့များ" ဟု‌ရေရွတ်တော့ နေအရောင်တစ်ယောက် တဟားဟားအော်ရယ်လေတော့သည်။ သည်လိုနှင့် ပျော်ရွှင်စရာမွေးနေ့ပွဲလေးဟာ ရယ်သံလေးတွေ လွှမ်းမိုးကာဖြင့် ပြီးဆုံးခဲ့ပါလေသည်။

********

နောက်တစ်ရက်၌ အတန်းတက်ပြီးသည့်နောက် သူငယ်ချင်းတွေအားလုံး canteen မှာ စုံဖြစ်ကြသည်။ ထိုအခါ ထက်အာကာသည် "ပြောပါဦးကိုနေမဟော်နဲ့ ငပိုင်တို့က ဘယ်မှာဘယ်လို စသိကြတာလဲ"ဟုအစချီကာ မေးပါလေတော့သည်။

မွေးနေ့ပွဲမှာတုန်းက မိတ်ဆက်ခဲ့ကြသည်မို့ အားလုံးဟာ ခင်မင်နေကြလေပြီ။ ထက်အာကာထံမှ အမေးစကားကြားတော့ နေအရောင်ကလည်း မကျေနပ်သည်ကို ပေါ်တင်ပြောလေတော့သည်။
    
"ဟုတ်တယ်ကိုနေ ပြောပြပါ။ ကျွန်တော့်မှာနည်းနည်းလေးတောင်မှ မသိရဘူး။ နှင်းမြတ်မွေးနေ့ကျမှသိရတယ်"
     
သည်အခါ အားလုံးကသိချင်နေကြတာကြောင့် နေမဟော်လည်း"ဒီီလိုဗျ"ဟုအစချီကာ သူတို့နှစ်ယောက် စတင်တွေ့ခဲ့ပုံကို စီကာပတ်ကုံး ပြောပြလိုက်သည်။
    
"ဒါဆို ကိုနေမဟော်လဲ ငပိုင်ဖိနပ်နင်းတာ ခံလိုက်ရဖူးပြီပေါ့ ပေးထားတဲ့နာမည်နဲ့ လိုက်ပါတယ်ကွာ ဟားဟား"
    
"အာကာမင်းနော်...."
    
ဘုန်းမုတ်ပိုင်သည် နေမဟော်၏ပြန်‌ပြောပြမှုအဆုံး၌စနောက်နသည့် ထက်အာကာကို ခပ်တိုးတိုးကြိမ်းမောင်းလိုက်သည်။ မထင်ရင်မထင်သလို လူကြားထဲရောက်တာနှင့် ဒေါက်ဖြုတ်တတ်သူတွေမို့ သူကြောက်ရပါသည်။
    
"ဘာလဲငပိုင်ရဲ့။ ငါဘာမှမပြောရသေးဘူးလေ"
    
ရယ်မောကာစနောက်တော့ သူရိန်စိုးနှင့် နေအရောင်ကလည်း အကြောင်းသိတွေပီပီ ကြိတ်ရယ်ကြလေသည်။
    
"ငပိုင်က ကြိုပိတ်နေတာကိုနေရေ။ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ကောင်တွေဆိုတော့ လူစုံရင်ဒေါက်ဖြုတ်တတ်တဲ့ ကျွန်တော်တို့အကျင့်ကို သိနေလို့လေ"
    
ထက်အာကာပြောတော့ သူရိန်စိုးလည်း အားကျမခံ ဘုန်းမြတ်ပိုင်အကြောင်း ဖောက်သည်ချလေသည်။

"လမ်းလျှောက်ရင်လည်း သူ့ရှေ့ကနေ မလျှောက်မိစေနဲ့ဗျ"
    
"ဟုတ်လား ဘာလို့လဲ"
    
"သူကပါပီလေ။ သူ့ရှေ့ကလျှောက်တဲ့သူရဲ့ဖိနပ်ဆို လိုက်ကိုက်တတ်လို့ ကျွန်တော်တို့ဆို ယှဉ်ပြီးတော့ပဲလျှောက်တာ"
    
ပြောပြရုံသာမက အမူအရာနှင့်ပါ လုပ်ပြတာကြောင့် နေမဟော်တစ်ယောက် ရယ်မိလေသည်။ ဘုန်းမြတ်ပိုင်မှာတော့ ရှက်လည်းရှက်သလို ရယ်ချင်စိတ်ကလည်း ထိန်းမရ။
    
မပြောပါနဲ့လို့ပိတ်နေတာကို ရအောင်ပြောတာကြောင့် ခုံအောက်ကနေ သူရိန်စိုး၏ခြေထောက်ရှိရာက်ို လှမ်းကန်လိုက်တော့သည်။ သို့သော်လည်း "အား..."ခနဲအော်ရင်းခုံအောက်မှ ခြေထောက်ကို ဆွဲထုတ်လိုက်သူကဝောာ့ နေမဟော်ပင်။
    
"ဟာ... ကိုနေ ကန်တော့နော်ကန်‌ဝောာ့။ ကျွန်တော်က ဟိုကောင့်က်ိုကန်လိုက်တာ"
    
ဘုန်းမြတ်ပိုင်သည် အားနာစိတ်ကြောင့် မျက်နှာငယ်လေးနှင့် တောင်းပန်လိုက်သည်။ ကန်ချင်တာက တစ်ယောက်ဆိုသော်လည်း ကန်မိသည်က တစ်ယောက်ဖြစ်သွားရသည်လေ။
    
"ဘာမှမဖြစ်ပါဘူး ရပါတယ််။ ဟားဟား ပါပီလေးကိုက်လိုက်တာ လွဲသွားပါပြီကွာ"
    
နေမဟော်ဟာ ခြေထောက်နာသွားသည့်တိုင် သူ့ကိုထပ်မံစနောက်နေတာကြောင့် ရှက်ရှက်နှင့် မျက်စောင်းထိုးလိုက်တော့သည်။ ပြီးမှသတိရပြီး ပြန်ကြည့်မိကာ သက်ပြင်းတိုးတိုးချရသည်။ ကံကောင်းစွာဖြင့် သူမျက်စောင်းထိုးလိုက်တာကို နေမဟော်မမြင်လိုက်ပါချေ။
    
ဘယ်မြင်ပါ့မည်နည်း။ မျက်လုံးပါပိတ်လောက်အောင် ရယ်နေသည်လေ။ မထူမပါးနှုတ်ခမ်းလေးတွေနှင့်သူဟာ သွားတက်လေးများပင် ပေါ်သည်အထိရယ်နေတာကြောင့် ဘုန်းမြတ်ပိုင်တစ်ယောက် ငေးမိသွားသည်။
    
တစ်ချိန်တည်းမှာပင် သူ့ဘယ်ဘက်ရင်အုံနေရာက "ဒုတ်"ခနဲဆောင့်ခုန်သွားသည်ကို သတိထားလိုက်မိသည်။ ရင်ဘတ်ထဲမှာလည်း တလှပ်လှပ်နှင့်မို့ အယောင်ယောင်အမှားမှားနှင့် ကိုယ့်ရင်ဘတ်ကိုယ် စမ်းမိတော့ "ပိုင်ဖျားနေတာလား မျက်နှာရဲနေတယ်" ဆိုကာ နေမဟော်က မေးလေတော့သည်။
    
ငါ... ငါသူ့ကိုများ ရင်ခုန်နေမိပြီလား။ ဟင့်အင်းမဖြစ်နိုင်ပါဘူး။ ငါတို့ကသိတာ ဘယ်လောက်ကြာသေးလို့လဲ။ မဟုတ်လောက်ပါဘူး။
    
နေမဟော့်အမေးစကားကို ဘုန်းမြတ်ပိုင်မကြားပေ။ သူ့အတွေးနှင့်သူ ခေါင်းကိုခါယမ်းလိုက်တော့ နေမဟော်က နေမကောင်းဘူးဖြေသည်ဟု ထင်သွားလေတော့သည်။
    
"မှန်းစမ်း"ဆိုကာ ဖျတ်ခနဲနဖူးကိုလာစမ်းသည့် လက်ဖဝါးနုနုကြောင့် ဘုန်းမြတ်ပိုင်၏ ဘယ်ဘက်ရင်အုံ၌ နောက်ထပ်တစ်ကြိမ် "ဒုတ်"ခနဲ။

"ကိုယ်လည်း မပူနေပါဘူး"

လက်ကသွေးကြောကို လာစမ်းကြည့်နေပြန်တာကြောင့် ဘုန်းမြတ်ပိုင်၏မျက်နှာမှာ တဖြည်းဖြည်း ပန်းသွေးရောင်ပင်ခြယ်လုလု။ သူငယ်ချင်းများကလည်း ပြုံးစေ့စေ့နှင့် ကြည့်လာကြလေပြီ။
    
ထို့ကြောင့်ပင် လက်ကိုအသာလေးရုန်းလိုက်ရင်း "အတန်းပြန်တက်ဖို့ အချိန်နီးနေပြီ သွားနှင့်တော့မယ်"ဟု အကြောင်းပြကာ လွယ်အိတ်ကိုယူပြီး ထိုနေရာမှ ခပ်မြန်မြန်ထွက်လာလိုက်သည်။
    
အကွယ်တစ်နေရာရောက်မှ တဒုတ်ဒုတ်ခုန်နေသည့် သူ့ရင်အစုံကို လက်ဖြင့်ဖိထားရင်း တိုးတိုးလေးပြောလိုက်မိသည်က "ရူးနေပြီပဲ ငါတော့ရူးနေပြီ" ဟုသာ။

*********

ဆောင်းဦးကာလရောက်ပြီမို့ ငှက်ပေါက်ကလေးများက ကျီကျီကျာကျာဖြင့် မပီမသအော်မြည်နေကြလေပြီ။ နေမင်းကြီးကလည်း အရှေ့ဘက်မိုးကုပ်စက်၀ိုင်း အောက်ခြေမှတစ်ဆင့် ရောင်နီများထုတ်လွှတ်ရင်း ကောင်းကင်ယံသို့ တဖြည်းဖြည်းချင်း တက်လာနေလေပြီ။
    
ထိုအချိန်မှာပင် အိပ်ခန်းပြတင်းပေါက်တို့ကို ဖွင့်လိုက်ပြီးနောက် လက်နှစ်ဖက်ကိုဆန့်တန်းကာ ဝါးခနဲအသံမြည်သည်အထိ သမ်းဝေလိုက်ရင်း မနက်ခင်း၏အလှအပကို ခံစားနေသူကနေမဟော်။ သမ်းဝေရင်းနှင့်မှ နေအရောင့်ကိုသတိရကာ လှည့်ကြည့်လိုက်တော့ အိပ်နေဆဲပင်။
    
ညီအစ်ကိုဆိုသော်လည်း အသက်အားဖြင့်သိပ်မကွာသည်မို့ သူငယ်ချင်းတွေလိုပင် ပေါင်းကြသည်။ အိပ်တော့လည်း တစ်ခန်းတည်းသာ။ အခန်းခွဲခိုင်းလို့ကို မရပါချေ။

ငယ်စဉ်ကတည်းက သူကအကြီးမို့ အမြဲတမ်းအလျှော့ပေး‌နေကျပင်။ တစ်ခုခုကိုလိုချင်ပြီဆိုလျှင် ဇွတ်ပင်ရအောင် ယူတတ်သော ဉာဉ်လေးကြောင့် မလျှော့ပေးလို့လည်းမရပါချေ။ သို့သော်လည်း တစ်စုံတစ်ခုကတော့ ချွင်းချက်ပေါ့လေ။
    
"ကိုနေ ဘာတွေကြည့်နေတာလဲ။ မတ်တပ်ကြီးအိပ်ပျော်နေတာလား"
    
နေမဟော်တစ်ယောက် နေအရောင့်ကိုကြည့်နေမိသည်မှာ မည်မျှကြာသွားသည်မသိ။ အိပ်နေသူပင် နိုးလာခဲ့ပြီ။
    
"မဟုတ်ပါဘူး။ ငါလည်းအခုမှနိုးတာပါ။ မင်းကိုနှိုးတော့မလို့ပဲ။ ထတော့ ၈နာရီတောင်ထိုးပြီ။ ဒီနေ့ရုပ်ရှင်ကြည့်မလို့ဆို"
    
"ကိုနေကလည်းကွာ နေ့လည်မှကြည့်မယ့်ဟာကို အိပ်ချင်သေးတယ်။ ငါးမိနစ်ပဲ... နော်... ငါးမိနစ်လောက်ပဲ"
    
နေအရောင်သည် ပြောပြီးသည်နှင့် စောင်ပုံထဲတိုးဝင်ကာ ပြန်အိပ်တော့သည်။ နေမဟော်လည်း တဘတ်တစ်ထည်ယူလိုက်ပြီး ရေချိုးခန်းထဲသာ ၀င်လာလိုက်သည်။ ခဏအကြာ သူရေချိုးပြီးပြန်ထွက်လာသည့်တိုင် နေအရောင်ကအိပ်ရာမှ မထလာသေး။
    
"နေရောင် ထတော့ကွာ ငါတောင်ရေချိုးပြီးပြီ။ နေရောင်ရေ ထဆိုကွာ ရုပ်ရှင်ကနေ့ခင်းမှ သွားကြည့်မှာလေ။ အခုစာကျက်ကြမယ် ထတော့"
    
ဘယ်လိုပင်နှိုးပါ‌စေ။ မရသူကြီးဟာ စာအကြောင်းပြောလိုက်သည်နှင့် အိပ်ရာထက်မှ ငေါက်ခနဲထထိုင်လာတော့သည်။ ထို့နောက်မှာတော့ ရေအမြန်ချိုးခိုင်းလိုက်ပြီး နှစ်ဦးသား breakfastစားဖို့ အောက်ထပ်ကို ဆင်းလာကြသည်။

ထိုအချိန်မှာပဲ တစ်နေ့တာအတွက် စိတ်အညစ်ရဆုံးအချိန်တွေ ရောက်လာတော့မယ်ဆိုတာ သူတို့သိလိုက်ရပါသည်။
    
"အန်ကယ်လ် နေရှိလား"
    
"ရှိတယ်သမီး"
    
ညီအစ်ကိုနှစ်ဦးသား အေးအေးဆေးဆေး ရုပ်ရှင်သွားကြည့်မည့်စိတ်ကူးက ပျက်စီးသွားပြီဖြစ်ကြောင်း ကြားလိုက်ရသည့်အသံတွေက သက်သေပြလို့နေသည်။

စိတ်ညစ်ညူးစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မျက်နှာကိုမဲ့ကာ ပုခုံးကိုပါတွန့်လိုက်မိကြတော့သည်။ အောက်ကိုဆက်ပြီးဆင်းလာတော့ မေမာယာက သူတို့အနားကိုလျှောက်လာလေသည်။
    
"ငါဒီနေ့ shoppingထွက်မလို့။ နင့်ကိုလာခေါ်တာဟ"
    
"ငါဒီနေ့မအားဘူး။ နင်သွားချင်ရင် နေရောင့်ကိုခေါ်သွား"
    
နေမဟော်ငြင်းလိုက်ရင်း ကားသော့ယူကာ အပြင်ထွက်မည်ပြုတော့ နေအရောင်ကလည်း သူလိုက်ပို့ပေးနိုင်ကြောင်း ကူပြောပေးလေသည်။ သို့သော်လည်း နေအရောင်၀င်ကူပြောသည်မို့ ဦးမင်းမဟော်၏မျက်နှာမှာ ပိုလို့တင်းမာသွားရသည်။
    
"ရပ်လိုက်စမ်းနေမဟော်။ သမီးနဲ့လိုက်သွားသင့်တယ်လို့ မင်းမထင်ဘူးလား။ မင်းတို့နှစ်ယောက်က စေ့စပ်ထားပြီးပြီနော်။ မင်းကိုလာခေါ်တာက သားငယ်ကိုလာခေါ်တာမှမဟုတ်ဘဲ။ ဈေး၀ယ်တာက ဘယ်လောက်တောင် ကြာမှာမို့လို့လဲ။ ပြီးမှကျန်တဲ့ကိစ္စတွေလုပ်ပေါ့။ သွား... သမီးခေါ်သွားလိုက်"
    
"ဟုတ်ကဲ့ အန်ကယ်လ် သမီးတို့သွားပြီနော်။ လာလေ။ သွားကြမယ်"       
    
မေမာယာသည် ဦးမင်းမဟော်ကိုနှုတ်ဆက်ပြီးနောက် သူ့လက်ကိုလာချိတ်တာကြောင့် နေမဟော်တစ်ယောက် စိတ်တိုတိုဖြင့် ပြန်လည်ဖြုတ်ချလိုက်သည်။
    
"တက်လေ... ကားပေါ်"
    
"တံခါးလေးတောင် မဖွင့်ပေးတော့ဘူးလား"
    
"နင့်မှာလက်ပါတယ်မလား။ ကိုယ့်ဘာသာမဖွင့်တတ်ဘူးလား"       
    
နေမဟော်သည် မေမာယာ အရစ်ရှည်ကာမေးနေတာကြောင့် စိတ်တိုတိုနှင့် ပိတ်ဟောက်ပစ်လိုက်သည်။ သို့သော်လည်းမေမာယာကတော့ ကားပေါ်ရောက်ကာ မောင်းထွက်လာသည်အထိ ပါးစပ်အငြိမ်မနေပေ။
    
"နေ"
    
"ဘာလဲ"       
    
စိတ်တိုနေချိန်မို့ နေမဟော်၏လေသံက အနည်းငယ် မာသွားလေသည်။ သည်တော့ မေမာယာက မကျေနပ်။
    
"အော်လိုက်တာဟာ နင်ကလည်း။ ဖြည်းဖြည်းပြောတော့ သေမှာစိုးလို့လား"
    
"ငါစိတ်တိုနေတာနော် မေမာယာ"
    
"တစ်ကယ်ပဲ နင်ငါ့ကိုနည်းနည်းလေးတောင် သံယောဇဉ်မရှိဘူးလား။ ငါတို့ကငယ်ငယ်ထဲက သိလာကြတာပါ"
    
"အချစ်ဆိုတာက ငယ်ငယ်ထဲက သိခဲ့ရုံသက်သက်နဲ့ ဖြစ်မလာနိုင်ဘူး မေမာယာ"
    
"ငါတို့က အတူတူ ကြီးပြင်းလာကြတဲ့သူတွေ။ ပြီးတော့ စေ့စပ်ထားတာလေ။ ဒါပေမဲ့ ငါထပ်မေးချင်တာက ငါနဲ့တင်မဟုတ်ဘူး။ မိန်းမကိုမယူချင်တာဆိုတော့ နင်ကခြောက်နေလို့လား။ ဒါမှမဟုတ် မပွင့်သေးတာလား"
    
မေမာယာ၏ စကားများက ရင့်သီးလှသည်မို့ သူသည်းမခံနိုင်ဘဲ ကားဘရိတ်ကို ဆောင့်ကာနင်းလိုက်တာကြောင့် နှစ်ဦးသား အရှိန်နှင့်ယိမ်းထိုးသွားလေတော့သည်။"နင်လှတာချောတာငါလက်ခံတယ်။ ဒါပေမယ့်အချစ်ဆိုတာ လုပ်ယူလို့မရဘူး။ လှတာမြင်တိုင်းလဲ အချစ်ဖြစ်မလာဘူး။ ငါနင့်ကို သူငယ်ချင်းတစ်ယောက်ထပ် မပိုနိုင်ဘူး။ ပြီးတော့ ငါနင့်ကိုရင်လည်းမခုန်ဘူး။ ငါနင့်ကိုလက်မထပ်နိုင်ဘူးမေမာယာ။ စေ့စပ်တာကို လက်ခံခဲ့တယ်ဆိုတာကလည်း ဒယ်ဒီ့ကို မတွန်းလှန်နိုင်လို့ဆိုတာ နင်သိနေတာပဲ။ ဟုတ်တယ် ငါကgay... ယောကျ်ားလေးတွေပဲ စိတ်၀င်စားတဲ့သူ။ ဒါပေမယ့် နင့်စကားလုံးတွေက ရင့်သီးလွန်းတယ်မေမာယာ။ နင်ငါနဲ့သူငယ်ချင်း ဆက်ဖြစ်ချင်သေးတယ်ဆိုရင်တော့ နောက်တစ်ခါ အပြောအဆိုဆင်ခြင်။ အခုကားပေါ်ကဆင်းတော့ နင့်ဘာသာtaxiနဲ့သွား"
    
နေမဟော်သည် ဒေါသထွက်ထွက်နှင့် ရင်ထဲစုထားခဲ့သမျှ အကုန်ပြောချလိုက်ပြီးနောက် ဆင်းသွားရန် အမူအရာပြလိုက််သည်။ မေမာယာသည် ကားပေါ်မှမကျေမနပ်နှင့် ဆင်းသွားရင်း "အန်ကယ်လ်နဲ့ တိုင်ပြောမယ်"ဟုပင် ရေရွတ်သွားသည်။
 
"ဟက် စေ့စပ်ထားရုံလေးရှိသေးတာကို။ ယူတောင်မယူရသေးဘဲနဲ့ ငါကနင်နိုင်စားသမျှ ခံစရာလား မေမာယာရယ်။ ပြီးတော့မိဘတွေက သဘောတူတယ်ဆိုတိုင်း ကြိုက်ရတော့မှာလား"
  
နေမဟော်တစ်ယောက်တည်း ရေရွတ်နေမိပြီးနောက် နေအရောင့်ဆီ ဖုန်းဆက်လိုက်ကာ "ငါရုပ်ရှင်ရုံသွားပြီ ကြည့်မှာဆိုလိုက်ခဲ့"ဟုပြောပြီး ကားကိုရုပ်ရှင်ရုံထံသို့ ဦးတည်လိုက်လေတော့သည်။

*******

ဘုန်းမြတ်ပိုင်တစ်ယောက် စာမေးပွဲနီးပြီမို့ စာတွေကပိုင်နိုင်နေလေပြီ။ အနီးကပ်ကျောင်းတက်နေရသည့်ရက်မို့ ညီမလေးဖြစ်သူက ရုပ်ရှင်သွားကြည့်ရန် တောင်းဆိုထားသော်လည်း အခုထိအခန်းထဲက ထွက်မလာသေးပေ။
    
စာကိုပဲသေချာ လုပ်ရအောင်ဆိုတာကို မရမကပူဆာနေတာမို့ ခေါင်းညိတ်ခဲ့ရတာဖြစ်သည်။ သူကဖြင့် ပြင်ဆင်ပြီးတာ ကြာပြီဖြစ်သော်လည်း အခန်းထဲက ထွက်မလာသေးသည့် ညီိမဖြစ်သူကြောင့် အခန်းတံခါးခေါက်ကာ ခေါ်လိုက်ရသည်။
    
"ညီမလေးရေသွားမယ်လေ ကိုကိုအသင့်ဖြစ်ပြီ"       
    
"ဟုတ်ကိုကို လာပြီ"

နှင်းမြတ်ပိုင်သည် ဖြေသံနှင့်တစ်ပြိုင်တည်းပင် အခန်းထဲကထွက်လာသည်။ ဆံပင်အရှည်လေးကို နှစ်ဖက်ခွဲစည်းကာ ရှေ့အမြိတ်ကို တိတိလေးချထားသည်။ ၀တ်ထားသည်ကလည်း ဂါ၀န်ပန်းနုရောင်လေးမို့ ကလေးဆန်ဆန်လေးနှင့် ရိုးရိုးလေးချစ်စရာကောင်းနေသည်။
    
"ဝိုး... ငါ့ညီမလေးက လှလိုက်တာ"
    
"ကိုကို့ညီမလှတာ ခုမှသိလား"
    
ဘုန်းမြတ်ပိုင်သည် ညီမဖြစ်သူကို ချီးမွမ်းလိုက်သည့်တိုင် ပြန်ရလိုက်သည်က မျက်စောင်းလှလှတစ်ပွင့်သာ။ လှတယ်ပြောတာတောင်မှ မကျေနပ်သေးသည့် ကလေးမပင်။
    
"အရင်ထဲကသိပါတယ်ဗျာ။ ကြီးစုရေ သားတို့သွားပြီနော်"
    
"အေးပါ။ ဖြည်းဖြည်းလည်းမောင်းကြဦး"

"ဟုတ်ကဲ့"
  
မောင်နှမနှစ်ယောက်သား ကြီးဒေါ်ဖြစ်သူကို နှုတ်ဆက်ပြီးနောက် ကားလေးကို ရုပ်ရှင်ရုံဆီသို့ ဦးတည်လိုက်လေတော့သည်။
    
နေအရောင်သည် နေမဟော်ဖုန်းဆက်ခေါ်ပြီး သိပ်မကြာခင်မှာပင် ရောက်လာလေသည်။ ‌ရုပ်ရှင်က နေ့လည်မှကြည့်ကြမှာမို့ နှစ်ဦးသား အင်းလျားဘက်ဆီသာ မောင်းခဲ့ကြသည်။
    
အင်းလျားရောက်မှ မနက်စာစားရင်း နေအရောင့်ဆီသို့ စိတ်ညစ်နေသမျှ ဖွင့်ဟလိုက်သည့်အပြင် ကန်ရေပြင်ကို ဖြတ်တိုက်လာသည့် လေနုအေးအေးကြောင့် ဒေါသအချို့တော့ ငြိမ်းအေးသွားတာအမှန်။ ထို့နောက် ပြသချိန်နီးမှ ရုပ်ရှင်ရုံဆီပြန်မောင်းခဲ့ကြသည်။
   
********

"ဟယ် ကိုနေနဲ့နေရောင် ရုပ်ရှင်လာကြည့်ကြတာလား"
    
ညီအစ်ကိုနှစ်ယောက် ရုပ်ရှင်လက်မှတ်ဖြတ်နေစဉ် ခေါ်သံကြားတာမို့ လှည့်ကြည့်လိုက်တော့ အံ့အားသင့်နေဟန်ဖြင့် ကြည့်နေသူက နှင်းမြတ်ပိုင်။

"ဟော... နှင်းမြတ်တစ်ယောက်ထဲလား။ ပိုင်ရောမပါဘူးလား"

သူမဘေးတွင် ဘုန်းမြတ်ပိုင်ကိုမတွေ့မိတာကြောင့် မေးလိုက်တော့ နှင်းမြတ်ပိုင်က တစ်နေရာဆီ ညွှန်ပြလေသည်။
    
"ပါတယ်ကိုနေ။ ကိုကိုက car parking ထိုးနေလို့။ နှင်းကရုပ်ရှင်လက်မှတ် အရင်လာဖြတ်တာ။ ဟော ဟိုမှာ... လာပါပြီ"
    
နှင်းမြတ်ပိုင်ညွှန်ပြသည့်ဆီကို သူတို့လှည့်ကြည့်လိုက်တော့ ဘုန်းမြတ်ပိုင်ကပြုံးရယ်ကာ သူတို့အနားသို့ လျှောက်လာလေသည်။
    
"လက်မှတ်ဖြတ်ပြီးပြီလားညီမလေး"
    
"မဖြတ်ရသေးဘူးကိုကို ခဏနော်"
    
နှင်းမြတ်ပိုင်သည် ခဏစောင့်ရန်ပြောပြီးနောက် သူတို့နှစ်ဦးအတွက်ပါ နှစ်စောင်ပိုဖြတ်လိုက်သည်။ ထို့နောက် ရုံထဲ၀င်ချိန်မှာတော့ ဘုန်းမြတ်ပိုင်ဟာ လူကောင်သေးသေးလေးနှင့်မမျှတစွာ ၀ယ်လာသည့် မုန့်ထုပ်တွေက တစ်ပွေ့တစ်ပိုက်မို့ နေမဟော်တစ်ယောက် ၀ိုင်းကူသယ်ပေးရင်း စနောက်ချင်စိတ်က ထိန်းမရတော့။
    
"ပိုင်က ရုပ်ရှင်ရုံကို ပျော်ပွဲစားထွက်လာတာလား"
    
"ဟဲဟဲကျွန်တော်တို့မောင်နှမက အဲဒီ့လိုပဲဗျ။ ရုပ်ရှင်ကြည့်ပြီဆိုရင် ပါးစပ်ကမုန့်ကို မပြတ်တမ်းဝါးနေရမှ သဘောကျတာ"
    
ရယ်မောကာပြန်ဖြေသည့် ဘုန်းမြတ်ပိုင်၏ စကားကြောင့် နေမဟော်ပြုံးလိုက်ရင်း စိတ်ထဲကတွေးမိသည်က "မုန့်ကြိုက်ပုံကလဲ ကလေးကျနေတာပဲ"လို့သာ။

********