အခန်း ၃။ ပထမဆုံးအနမ်း
Viewers 2k

အခန်း ၃။ ပထမဆုံးအနမ်း


"အဟင့်... ဟင့်"


ရုပ်ရှင်ကအဆွေးခန်းမို့ စိတ်၀င်တစားကြည့်နေစဉ် ဘေးကငိုသံကြားတာကြောင့် နေမဟော် လှည့်ကြည့်လိုက်တော့ ငိုနေသူက အခြားမဟုတ်ဘဲ ဘုန်းမြတ်ပိုင်ဖြစ်နေလေသည်။ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးငိုတာကြည့်ရင်း လိုက်ငိုနေခြင်းပင်ဖြစ်လေသည်။        

တရှုံ့ရှုံ့ငိုရင်း မျက်ရည်တွေကို tissueနှင့်သုတ်လိုက်၊ ကြွပ်ကြွပ်အိတ်ထဲ ထည့်လိုက်၊ ပါးစပ်ကလဲ ပေါက်ပေါက်ဆုပ်ကို တဂျွတ်ဂျွတ်ဝါးလိုက် လုပ်နေသည်။


နောက်တစ်ဖန် မင်းသမီးကငိုလိုက် သူကပါလိုက်ငိုလိုက် tissue ဖြင့် မျက်ရည်သုတ်လိုက် မုန့်စားလိုက်နှင့် လုပ်နေတာကြောင့် နေမဟော်တစ်ယောက် မနေနိုင်တော့ဘဲ ရယ်လိုက်မိတော့သည်။

ဘုန်းမြတ်ပိုင်က ခပ်တိုးတိုးရယ်သံ‌ကြောင့် လှည့်ကြည့်လာရင်း သူ့ကိုရယ်တာကို သိသည့်အလား "ဘာလို့ရယ်နေတာလဲ"ဟု မေးလေသည်။ သို့သော်လည်း နေမဟော်ကတော့ ဘာမျှမဖြစ်သည့်အလား မျက်နှာကိုပြန်တည်လိုက်ကာ ခေါင်းခါပြရင်း ဗြောင်ပဲလိမ်လိုက်သည်။

သို့သော်လည်း ဘုန်းမြတ်ပိုင်က "ရယ်တာမြင်လိုက်ပါတယ်" ဆိုကာမကျေမနပ်ဟန်လေးဖြင့် မေးလာတော့ နေမဟော်လည်း ဇာတ်လမ်းကရယ်ရလို့ဟု ပါးစပ်ထဲရှိတာပြောလိုက်သည်။ ပြောမိပြီးမှသတိရလိုက်သည်က ယခုပြသနေသည်က ငိုရ၊ ဆွေးနေရသည့် ဇာတ်ဝင်ခန်းတစ်ခုဆိုတာကိုပင်။


အာ... ငါတော့ရူးနေပြီလား။ အဲဒီ့လောက် ငိုနေရတာကိုများ ပါးစပ်ထဲတွေ့တာ ပြောလိုက်မိတယ်။ ငါလဲဘာတွေဖြစ်နေတာလဲ သူနဲ့ကျမှ အယောင်ယောင်အမှားမှားနဲ့။ 

နေမဟော်တစ်ယောက် ပြောပြီးမှပြန်တွေးနေမိသော်လည်း ဘုန်းမြတ်ပိုင်က ဘာမျှမပြောဘဲ ရုပ်ရှင်ပဲပြန်ကြည့်နေတာကြောင့် နည်းနည်းတော့ စိတ်သက်သာရာ ရသွားမိတာအမှန်ပင်။

ခဏအကြာ ရုပ်ရှင်ကားဆီ သူ့အာရုံများ နစ်မျောနေစဉ်မှာပဲ ပုခုံးကိုပုတ်ကာ ခေါ်နေတာကြောင့် လှည့်ကြည့်လိုက်တော့ ဘုန်းမြတ်ပိုင်က မုန့်ဘူးကိုပြလေသည်။

"ညီမလေးက ပေါက်ပေါက်မကြိုက်ဘူးလေ။ အဲဒီ့တော့ ကျွန်တော်တစ်ယောက်ထဲ စားရတာမကုန်ဘူး။ ကူစားပေးပါလား"

ပြုံးတုံ့တုံ့မျက်နှာပေးလေးနှင့် ခေါင်းလေးညိတ်ပြကာ ပြောင်းဖူးပေါက်ပေါက်ဘူးကို ကမ်းပေးနေသူကြောင့် နေမဟော်လည်း သဘောတကျပြုံးလိုက်မိရင်း ပေါက်ပေါက်တစ်ဆုပ်ယူစားပေးလိုက်သည်။


ထို့နောက် အအေးဘူးထုတ်ကာ ပိုက်တပ်လိုက်ရင်း သူ့ကိုလှမ်းပေးပြန်သည်။ သည်တစ်ခါတော့ သူ့လက်ထဲက အအေးဘူးကို ပြန်မြှောက်ပြလိုက်သည်။


"ပိုင်ပဲသောက်ပါ။ ကိုယ်လည်း၀ယ်လာခဲ့တယ်" 

သည်တော့လည်း သူတိုက်တာကို မသောက်တာကြောင့် စိတ်မကောင်းဖြစ်နေပြန်တာမို့ နေမဟော်တစ်ယောက် အားနာသွားရလေသည်။

"သြော် ပိုင်ကလည်းကွာ။ ကိုယ်လဲ၀ယ်လာလို့ပါ။ ဒီအတိုင်းထားလိုက်လေ။ နောက်မှပဲသောက်ပေါ့"

"နေပေါ့။ နှစ်ဘူးစလုံး ကုန်အောင်သောက်မှာ စေတနာနဲ့တိုက်တာတဲ့ဟာကို မသောက်နေပေါ့ ဟမ့်"

ဘုန်းမြတ်ပိုင်တစ်ယောက် မကျေမနပ်ဖြင့် ကလေးတစ်ယောက်သဖွယ် နှုတ်ခမ်းကိုစူထော်လိုက်သည်။ နှင်းမြတ်ပိုင်ကတော့ ပွစိပွစိလုပ်နေသူကြောင့် တခစ်ခစ်ရယ်လိုက်မိတာမို့ အစ်ကိုဖြစ်သူထံမှ မျက်စောင်းတစ်ချက် ရလိုက်လေသည်။

"ရယ်ပြန်ပြီလား နောက်တစ်ယောက်"

"ကိုကိုကလည်း ကလေးကျနေတာပဲ။ ကိုနေမသောက်ရင် ညီမလေး သောက်မှာပေါ့။ ဒီကိုပေး..."

ပြောရင်းဆိုရင်း အအေးဘူးကိုလှမ်းယူသော်လည်း ဘုန်းမြတ်ပိုင်က မပေးဘဲ ပြန်ဆွဲထားလေသည်။


"မပေးပါဘူး ကိုယ့်ဘူးကိုယ်သောက်ပါလား"


ဘုန်းမြတ်ပိုင်သည် ပြောရင်းဆိုရင်း ပိုက်နှစ်ချောင်းလုံးကိုငုံကာ တစ်ပြိုင်တည်းစုပ်သောက်လေသည်။ အနေအထားက မကုန်ကုန်အောင် သောက်မည့်ပုံစံမို့ ရုပ်ရှင်ကား မပြီးသေးခင် ဆီးအောင့်မှာစိုးရိမ်မိပြီး ဘုန်းမြတ်ပိုင်၏လက်ထဲမှ အအေးဘူးကို ဖျတ်ခနဲယူလိုက်သည်။

"ဆက်မသောက်နဲ့တော့။ ဆီးအောင့်လိမ့်မယ်"

"မအောင့်ဘူး ရတယ်။ ပြန်ပေး နည်းနည်းကျန်သေးတယ်"

"မသောက်နဲ့တော့ဆို"

"သောက်မှာ"

ဘုန်းမြတ်ပိုင်က နေမဟော့်လက်ထဲက အအေးဘူးကို ပြန်လုသည်။ နေမဟော်လည်း ပြန်မပေးတာကြောင့် မကျေနပ်ဟန်ဖြင့်သာ ရုပ်ရှင်ပြန်ကြည့်နေတော့သည်။ သို့သော်လည်း သိပ်မကြာလိုက်ပါချေ။ ဘုန်းမြတ်ပိုင်တစ်ယောက် နေမဟော့်လက်ကို ကိုင်လှုပ်ကာ ခေါ်လိုက်ရတော့သည်။  

"ကိုနေ... ဟိုလေ..."        

"ပြောလေပိုင်ရဲ့ ဘာဖြစ်လို့လဲ"        

"ဟို..."

ဘုန်းမြတ်ပိုင်၏ပုံစံက တဟိုဟိုနှင့် ပြောရခက်နေပုံရပြီး ရှုံ့တွနေသည့်မျက်နှာအမူအရာကြောင့် ဘာဖြစ်နေတယ်ဆိုတာ နေမဟော်သိလိုက်လေပြီ။

"ဘာလဲ။ ဆီးအောင့်နေပြီမဟုတ်လား"

သူမေးလိုက်တော့ ဘုန်းမြတ်ပိုင်ကခေါင်းညိတ်ပြလေသည်။

"သွားလေ လိုက်ခဲ့ပေးရမလား"

"ဟုတ်ကိုနေ။ ညီမလေး ကိုကို toilet ခဏ သွားလိုက်ဦးမယ်"

အအေးနှစ်ဘူး တစ်ပြိုင်ထဲသောက်မိသည့် အကျိုးဆက်ကြောင့် အဖော်ခေါ်ပြီး toilet သွားရတော့ ရုပ်ရှင်ကြည့်ရင်း ကျန်နေခဲ့သည့် နေအရောင်နှင့် နှင်းမြတ်ပိုင်တို့နှစ်ဦးသားက မျက်နှာတွေကပြုံးစေ့စေ့။

"ငါနော်... သူတို့ကြည့်ပြီး အသည်းတွေ ယားလိုက်တာဆိုတာ"

နှင်းမြတ်ပိုင်ပြောတော့ နေအရောင်ကလည်း ညောင်းနေသည့်ဇက်ကို ချိုးလိုက်ရင်းရယ်မောသည်။

"မမြင်ယောင်ဆောင်ပြီး ခိုးကြည့်ရတာ ဘယ်လောက်တောင်မှ ဇက်ညောင်းတယ်မှတ်လဲ"

"မသိဘူးshipမယ်။ နှင်းကတော့ ကိုနေ့ကို ကိုကိုနဲ့သဘောတူတယ်။ နေရောင်... နင်ကရော"

"မေးစရာလိုသေးလား နှင်းမြတ်ရယ်"

နှစ်ယောက်သား အတိုင်အဖောက်ညီလှသည်။ ထိုအချိန်toilet သွားနေသည့် နှစ်ယောက်ကတော့ ရုပ်ရှင်ကြည့်နေသည့် တစ်ချိန်လုံးshipခံနေရမှန်း မသိကြပေ။

ခဏအကြာ အစ်ကိုနှစ်ယောက် ပြန်ရောက်လာတော့ ရုပ်ရှင်ထဲစိတ်၀င်စားနေကြသယောင်ယောင် ဟန်ဆောင်နေလိုက်ကြသည်။ ထိုနေ့ကရုပ်ရှင်ကားအကြောင်း တစ်စုံတစ်ယောက်ပြန်မေးလျှင် သူတို့နှစ်ဦးလုံး ပြန်ပြောပြနိုင်မှာမဟုတ်သည်က သေချာနေပေသည်။

ထိုနေ့ကtoiletမှ ပြန်လာကြသည့် ကောင်လေးနှစ်ယောက်တွင် တစ်ယောက်က ရှက်၀ဲ၀ဲလေးဖြစ်ကာ မျက်နှာလေးရဲနေပြီး တစ်ယောက်ကတော့ ပြုံးစေ့စေ့ဖြစ်နေမှန်းကိုတော့ နှင်းမြတ်ပိုင်ရော နေအရောင်ရော သတိမထားမိခဲ့ကြပါချေ။


*****


ဘုန်းမြတ်ပိုင်တစ်ယောက် ရုပ်ရှင်ရုံမှအပြန် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ အရင်ကစကားများလှသည့် အစ်ကိုက အခုတော့ဖြင့် ငြိမ်ချက်သားကောင်းနေတာမို့ နှင်းမြတ်ပိုင်တစ်ယောက် မနေနိုင်တော့ပေ။

"ကိုကို... ကိုကိုလို့..."

"အာ... ဟင်... ဘာလဲညီမလေး"

ခေါ်သံကိုမကြားတာကြောင့် အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည့်အခါမှ ဘုန်းမြတ်ပိုင်တစ်ယောက် လန့်ဖြန့်သွားကာ လှည့်ကြည့်လေသည်။ သူမအစ်ကို၏ပုံစံက တစ်ခုခုကိုအလေးအနက် တွေးနေပုံပေါက်နေတာမို့ "ဘာတွေ စဉ်းစားနေတာလဲ"လို့ မေးလိုက်တော့မဖြေပါ။


"ဘာလို့လဲ "

"မသိဘူးလေ မျက်နှာကြီးနီနေတာ ခရမ်းချဉ်သီးမှည့်ကြီးလို ဖြစ်နေပြီ ဟိဟိ"

ဘူန်းမြတ်ပိုင်သည် နှင်းမြတ်ပိုင်က သူ့မျက်နှာကိုကြည့်ရင်း တဟိဟိရယ်နေတာကြောင့် မနေတတ်တော့ပေ။ သူ့မျက်နှာသူ ကားမှန်တွင်ကြည့်လိုက်တော့ အနည်းငယ်လောက် ရဲနေသည်မှာမှန်သော်လည်း ငြင်းချက်ထုတ်မိသည်။

"ဘယ်မှာနီလို့လဲ မနီပါဘူး"

"နီနေပါတယ်ကိုကိုရာ ဟင်းဟင်း... သိနေတယ်နော်သိနေတယ် toilet... toilet ဟုတ်တယ်မလား။ ဘာတွေဖြစ်လာကြပါလိမ့်နော်။ ဟီဟိ ဟုတ်တယ်မလား ဟုတ်ပါတယ်။ ကြည့်ကြည့်ပါးလေးရဲနေတယ်။ ဟောဟော... နှာခေါင်းလေးလဲ ရဲလာပြီ"

နှင်းမြတ်ပိုင်တစ်ယောက် အပြန်လမ်းတစ်လျှောက်လုံး အေးအေးဆေးဆေးမနေပါချေ။ ကားမောင်းနေသည့် အစ်ကိုဖြစ်သူဘက်ကိုလှည့်ကြည့်ကာ မရမကမေးမြန်းစနောက်နေလေသည်။

"နှင်းမြတ်ပိုင်..."

ဘုန်းမြတ်ပိုင်သည် နဂိုကတည်းက ရှက်နေပါသည်ဆိုကာမှ ပုလိပ်စစ်သလိုလာစစ်နေသော ညီမဖြစ်သူကြောင့် ရှက်ရှက်ဖြင့်အော်လိုက်တော့သည်။ သို့သော်လည်း နှင်းမြတ်ပိုင်ကတော့ မျက်နှာပိုးမသေဘဲ စပ်ဖြဲဖြဲမျက်နှာဖြင့်သာ။

"ရှင်... ရှင့်"

"ပါးစပ်လေး ပိတ်ထားလို့မရဘူးလား"

"မရပါဘူး။ ပါးစပ်က မေမေမွေးကတည်းက အပေါက်ကြီးပါလာတာကို"

"အာရုံတွေများအောင်မလုပ်နဲ့။ ယာဉ်ကြောတွေက ရှုပ်နေတာနော်။ ဒီနားမှာတင် သေသွားချင်လို့လား"

"ဟင့်... မသေချင်သေးပါဘူး။ ကိုကို့ကို ယောကျ်ားပေးစားရမဲ့ တာ၀န်ရှိသေးတယ်"

"နှင်းမြတ်ပိုင်..."

"အာ... ကိုကိုကလဲ အဲဒီ့လောက်မအော်ပါနဲ့။ တိုးတိုးပြောရင်လည်းကြားပါတယ်။ အရှေ့ကိုပဲဂရုစိုက်။ တော်ကြာနေ ယောကျ်ားမရသေးဘဲ သေသွားရင် ငိုမဲ့သူမရှိပဲနေမယ်"

နောက်ဆုံးမှာတော့ ဘုန်းမြတ်ပိုင်သာ အရှုံးပေးလိုက်ရတော့သည်။ ဒီကလေးမကို သူဘယ်လိုမှ စကားနိုင်လုလို့မရပါလေ။ အမြဲတမ်းပင် တစ်ဦးတည်းသောအစ်ကိုကိုသာ ယောကျ်ားပေးစားချင်နေသည်။


ကိုနေမဟော် အဲဒါခင်ဗျားကြီးကြောင့်သိလား ။ ဟမ့် ခင်ဗျားသာtoiletထဲမှာ ကျွန်တော့်ကို ဘာမှမလုပ်ခဲ့ရင် အခုလိုစနောက်ခံရမှာမဟုတ်ဘူး။ အား... ဘာလဲကွာ ငါဘာတွေတွေးနေတာလဲ။ ဂါး... စိတ်တိုလိုက်တာနော် ကိုနေမဟော်။ ခင်ဗျားကြီးကို ကျုပ်မကျေနပ်ဘူး။


ဘုန်းမြတ်ပိုင်တစ်ယောက်တည်း အတွေးတွေယောက်ယက်ခတ်နေမိသည်။ ဘေးမှာထိုင်နေသူ ညီမငယ်မှာတော့ အမျိုးမျိုးပြောင်းလဲနေသည့် အစ်ကိုဖြစ်သူ၏မျက်နှာကိုကြည့်ကာ ကြိတ်ရယ်နေဆဲသာ။


*****

"ဒါဘယ်ကပြန်လာကြတာလဲ"

နေမဟော်သည် အိမ်ထဲသို့ခြေလှမ်းချလိုက်သည်နှင့် ကြားလိုက်ရသော ဖခင်ဖြစ်သူ၏ အမေးစကားကြောင့် လှမ်းလက်စခြေလှမ်းတို့ ရပ်တန့်သွားရသည်။

"ရုပ်ရှင်ကြည့်ပြီးပြန်လာတာဒယ်ဒီ"

နေအရောင် ၀င်ဖြေလိုက်တာကြောင့် ဦးမင်းမဟော်၏ ဒေါသများ ကနေအရောင့်ထံသို့ပါကူးစက်သွားလေသည်။

"မင်းကိုမမေးဘူးနေအရောင်။ ငါနေမဟော့်ကိုမေးနေတာ။ မင်း၀င်မပါနဲ့။ ရုပ်ရှင်ရုံက ပြန်လာတာဟုတ်လား။ ဟမ်... မင်းကိုမေမာယာနဲ့အတူ လိုက်သွားခိုင်းတာကို လမ်းမှာချထားခဲ့တယ်ဆို။ မင်းအဲဒါဘာလုပ်တာလဲ"

"သူအကုန်ပြန်တိုင်ပြီးပြီမလား။ သိပြီးရင်လည်း ဘာလို့ထပ်မေးနေသေးလဲ"

"နေမဟော်..."

ဦးမင်းမဟော်သည် သာမန်ချိန်တွင် 'သားကြီး'ဟု ခေါ်တတ်သော်လည်း စိတ်ဆိုးနေချိန်မှာတော့ နာမည်တပ်၍သာ ခေါ်တတ်သည်မို့ သူ့ဒယ်ဒီ တော်တော်လေး စိတ်ဆိုးနေပြီမှန်း သူသိလိုက်ပါသည်။

သို့သော်လည်း သူအလျှော့မပေးနိုင်ပါ။ ဟိိုပေး၊ ဒီပေးနှင့် ပေးတာခံရအောင် သူကအရုပ်တစ်ခုမဟုတ်။ ဒယ်ဒီဟာ ကုမ္ပဏီကိစ္စတွေအတွက် မိသားစုနှစ်ခုပေါင်းစပ်ဖို့လိုသည်ဟုသာ အမြဲပြောလေ့ရှိပြီး သူကအလွယ်တကူ ရောင်း၀ယ်လို့ရသည့် သက်မဲ့အရုပ်မဟုတ်ဘူးဆိုတာကို ဘယ်သောအခါမှ မတွေးပေးခဲ့။

"ဒယ်ဒီ့စိတ်တိုင်းကျ ကျွန်တော်စေ့စပ်ပြီးပြီလေ။ လက်ထပ်ဖို့အထိတော့ ကျွန်တော့်ကို မတိုက်တွန်းပါနဲ့။ မိဘပေးစားတဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ရလဒ်ကို ဒယ်ဒီအသိဆုံးဖြစ်မှာပါ။ နေရောင့်ရှေ့မှာ အရာအားလုံးကို ကျွန်တော်ဖွင့်မချချင်ဘူးဒယ်ဒီရာ။ ကျေးဇူးပြုပြီး ကျွန်တော်အေးဆေးနေပါရစေ"

နေမဟော်သည် ပြောပြီးသည်နှင့် အခန်းထဲသို့၀င်လာလိုက်သည်။ ဦးမင်းမဟော်တစ်ယောက် ဒေါသအလိပ်လိုက်ထွက်နေသလို နေအရောင်ကတော့ ဘာမှနားမလည်သည့်၊ ဘာတွေဖြစ်နေမှန်း မသိသည့်မျက်နှာနှင့်သာ ကျန်နေခဲ့လေသည်။ 

အတိတ်က အရာအားလုံးကို နေအရောင့်ကို သူတို့အသိမပေးထားခဲ့ပါ။ လောကကြီးမှာ သွေးသားအရင်းဆိုလို့ ဒီညီလေးတစ်ယောက်သာ ရှိတော့သည့် ဘ၀မှာ ညီလေးစိတ်မဆင်းရဲစေဖို့ဆိုရင် နေမဟော်ဆိုသည့်သူက ဘာပဲလုပ်ရလုပ်ရ လုပ်မည့်သူ။ သူ့ရင်ကိုခွဲပေးရမည် ဆိုလျင်တောင်မှပေါ့။ ဒါဟာဖြူစင်သော အစ်ကိုတစ်ယောက်ရဲ့ မေတ္တာပင်။


*****


"တောက် ဒီကောင်... မင်းလည်းကြပ်ကြပ်သတိထားနေ"


နေမဟော်သည် ဖခင်ဖြစ်သူနှင့် စကားများပြီးနောက် ကိုယ့်အခန်းကို၀င်လာပြီး အခန်းတံခါးကို ဒုန်းခနဲမြည်‌အောင် တမင်တကာ ဆောင့်ပိတ်လိုက်သည်။ သူ့ဒယ်ဒီ၏ မကျေနပ်မှု‌ကြောင့် မဆိုင်သည့်နေအ‌ရောင်ပါ ရောကာဆူငေါက်ခံရသည်ကိုလည်း ကြားလိုက်ရပါသည်။


အခန်းထဲရောက်သည်နှင့် ကိုင်ထားသည့်ဖုန်းကို စာကြည့်စားပွဲပေါ်တင်လိုက်ကာ စိတ်ညစ်ညူးစွာပင် ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်သည်။ ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။


"ကိုနေတံခါးဖွင့်ဦး"


"လော့ခ်မချထားဘူး။ ကိုယ့်ဘာသာ၀င်လာခဲ့"


"ပြီးရော လော့ခ်ချထားတယ်မှတ်လို့"


နေအရောင်သည် အခန်းထဲ၀င်လာပြီးနောက် ကုတင်ပေါ်တွင် ခြေပစ်လက်ပစ်လှဲနေသော နေမဟော့်ကိုကြည့်ကာ သက်ပြင်းတိုးတိုးရှိုက်လေသည်။


"ပဲလှော်နှစ်ခြမ်းကြားမှာ ငါကအမြဲဆားပဲဖြစ်နေရတယ်။ အားအားရှိ ငါပဲညပ်နေတာ"


"ငါကရောပဲလှော်ဖြစ်ချင်လို့ ဖြစ်နေတာလား။ မင်းမျက်နှာကြောင့်သာ ဒီလောက်ထိ သည်းခံနေတာ"


"ငါသိပါတယ်ကွာ။ ဒယ်ဒီနဲ့မင်း အဆင်မပြေတိုင်း ငါလဲမနေတတ်ဘူး။ မင်းတို့ကို ပြေလည်စေချင်တာအမှန်ပဲ။ ပြီးတော့ဒယ်ဒီကလည်း မင်းကိုသားအရင်းလိုပဲ ချစ်တာပါကိုနေရာ"


"ငါ့ရင်ထဲမှာလဲ ဒယ်ဒီကငါ့ရဲ့အဖေပါပဲ။ ဒါပေမယ့် အချစ်မပါတဲ့ အ်ိမ်ထောင်ရေးကိုတော့ ငါမတည်ထောင်ချင်ဘူးနေရောင်ရာ"


"ယာက ချောပါတယ်ကွ။ မင်းကဘာလို့ သူ့ကိုမကြိုက်ရတာလဲ"


"ရား... နေအရောင် ငါကဘာလဲဆိုတာ မင်းသိလျက်နဲ့ ပြောပြန်ပြီကြည့်။ မင်းကြိုက်ရင်မင်းယူပါလား"


"ဟားဟား နောက်တာပါကွာ။ ငါ့အစ်ကိုက အကွေး‌ကောင်မှန်းသိပါတယ်။ အာ... ဒါနဲ့ ဟိုတစ်ယောက်ကို မင်းစိတ်၀င်စားနေတာမဟုတ်လား"


"ဘယ်တစ်ယောက်လဲ"


နေမဟော်သည် စကားပြောနေရင်းမှ ရေဆာလာတာကြောင့် ရေဘူးဖွင့်ကာ သောက်‌နေစဉ်မှာပင် နေအရောင်က 'ဘုန်းမြတ်ပိုင်'ဟုပြောလိုက်လေသည်။ ထို့နောက်မှာတော့ သောက်လက်စရေပင် သီးသွားရသည့် နေမဟော့်ကိုကြည့်ကာ ရယ်နေလေတော့သည်။


"တွေ့လား ကျွန်တော်ပြောတာ မှန်သားပဲ"


နေအရောင်တစ်ယောက် သူ့အတွေးနှင့်သူ ရယ်နေသလို နေမဟော်ကလည်း သူ့အဖြစ်သူသဘောကျကာ ပြုံးမိသွားတော့သည်။ 


"ဟုတ်တယ်မလား။ ကိုနေ ပြောပြကွာ"


"ပြောစရာလား"


"မင်းမညစ်နဲ့ကွာ။ ဟုတ်တယ်မလား"


"အင်း"


"ဝိုး... တစ်ကယ်ကြီးပေါ့လေ။ ဖွင့်ပြောပြီးပြီလား"


"အင်း"


"ဟား... သွက်လိုက်တာကြည့်စမ်း။ ဘယ်တုန်းကလဲ။ ဘယ်မှာလဲ"


နေအရောင်တစ်ယောက် နေမဟော့်ထံမှအဖြေကိုကြားပြီး ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ ဘုန်းမြတ်ပိုင်ကို သူ့အစ်ကိုကြိုက်နေပြီဆိုတာ ရိပ်မိနေပေမယ့်လည်း ဒီလောက်အထိ သွက်လိမ့်မယ်လို့တော့ မထင်ခဲ့မိတာအမှန်။


"ရုပ်ရှင်ရုံမှာ"


"ရုပ်ရှင်ရုံ သြော်ဟော် သိပြီ။ ရုပ်ရှင်ကြည့်နေတုန်းတော့ မဟုတ်တာ သေချာတယ်။ ဧကန္တတော့ toiletမှာပဲဖြစ်မယ်။ ဟုတ်တယ်ဟုတ်"


"အင်း"


"ငါ့အစ်ကိုက တယ်သွက်နေပါလား။ သူကရောဘာတဲ့လဲ။ ပြောပြကွာ။ ဘာတွေဖြစ်ခဲ့တာလဲ"


နေအရောင်တစ်ယောက် သူ့ခန့်မှန်းချက်မှန်သွားတာကြောင့် မျက်လုံးတစ်စုံ ဘလင်းဘလင်းထနေသော်လည်း နေမဟော်ကတော့ ခပ်ချေချေပုံစံကို လုပ်ပြလျက်သာ။


"ပြောပြစရာလား"


"အေး မပြောလဲနေလေ။ ပြီးမှညီလေးရေ ကူညီပါဦးဆိိုလို့ကတော့ လက်သီးပဲရမယ်"


နေအရောင်က fudanshi ပီသစွာပင် အနီးကပ် support မည်ကြံကာမှ ၀စီပိတ်ကျင့်ရန် ဟန်ပြင်နေသော အစ်ကိုဖြစ်သူကြောင့် လက်သီးဆုပ်သာ ထောင်ပြလိုက်တော့သည်။


"ပြောပြပါ့မယ်‌ကျေးဇူးရှင်ရယ်။ နည်းနည်းပါးပါးလောက်များ ချေလို့ရမလားကြံမိပါတယ်။ ပြန်အချေခံလိုက်ရတဲ့ဘ၀"


နေမဟော်တစ်ယောက် ညီဖြစ်သူမြင်စေရန် မျက်နှာကိုတမင်တကာ ရှုံ့မဲ့ပြလိုက်ပြီးနောက် "ဒီလိုကွ..."ဟု အစချီကာ ဖြစ်ခဲ့သည့်ကိစ္စများကို စီကာပတ်ကုံး ပြောပြလိုက်ပါတော့သည်။


*****


လွန်ခဲ့သည့်နာရီအနည်းငယ်က.... 

အအေးနှစ်ဘူး တစ်ပြိုင်ထဲသောက်မိသည့် အကျိုးဆက်ကြောင့် ဘုန်းမြတ်ပိုင်တစ်ယောက် နေမဟော်နှင့်အတူ toilet သွားရတော့သည်။ toiletရောက်တော့ တံခါးပိတ်အခန်းဖြင့်မဟုတ်သည်မို့ ဘုန်းမြတ်ပိုင်တစ်ယောက် ရင်ပူသွားရကာ မရဲတရဲနှင့်ပင် နေမဟော့်ကို လှည့်ပြောရတော့သည်။ 


"ကိုနေ အပြင်ကစောင့်နော်"


"အမ်... ဘာလို့လဲ"


နေမဟော် ပြန်မေးလိုက်သော်လည်း အမှန်တစ်ကယ်အားဖြင့် မသိလို့တော့မဟုတ်။ ဘုန်းမြတ်ပိုင်၏ ရှက်ရိပ်သန်းနေသည့် မျက်နှာလေးကြောင့် တမင်တကာ ညစ်ပြီးမေးတာဖြစ်သည်။ ထင်သည့်အတိုင်းပင်။ ဘုန်းမြတ်ပိုင်ပြန်ဖြေသည်က "ဘာမှမဖြစ်ပါဘူး"ဟုသာ။ သို့သော်လည်း အကြပ်ရိုက်နေသည်ကတော့ အမှန်။


စိတ်ထဲမှာတော့ ကျွန်တော်ကအ‌ကွေးကောင်မို့ ယောက်ျား‌လေးချင်း‌ပေမဲ့ အရှက်ကြီးပါတယ်။ ဒါကြောင့် အပြင်ကစောင့်ပေးလို့ရမလား ခင်ဗျာဟုပင် ပွင့်လင်းစွာပြောရနိုးနိုး တွေးလိုက်မိတော့သည်။


"ရှက်လို့လား ယောကျ်ားလေး အချင်းချင်းပဲကွာ ရှက်စရာ မလိုပါဘူး"


"ဒါ... ဒါပေမယ့်"


ဘုန်းမြတ်ပိုင်တစ်ယောက် မျက်နှာနီလာရချေပြီ။ နေမဟော့်မှာတော့ အပေါ့စွန့်ချင်သည်ကို အောင့်ထားရ၍ ရှုံ့မဲ့နေသော မျက်နှာလေးကိုကြည့်လို့မ၀။ သို့သော်လည်း သည့်ထက်စနောက်ဖို့က မသင့်တော်တာမို့ မျက်နှာကိုတစ်ဖက်သို့ လှည့်ပေးထားလိုက်တော့သည်။ 


"ကဲပါကွာ ဟိုဘက်လှည့်ပြီး နေပေးပါ့မယ်ဟုတ်ပြီလား။ ငါလည်းဆီးအောင့်နေပြီ။ အပြင်ကမစောင့်နိုင်တော့ဘူး"


"အဲဒါဆို ဒီဘက်လုံး၀မလှည့်နဲ့နော်"


"အေးပါကွာ"


နေမဟော်တစ်ယောက် တစ်ဖက်သို့လှည့်နေလိုက်ရင်း သည်ကောင်လေးမှာ ရှက်တတ်လွန်း အားကြီးပါဘိရယ်လို့သာ တွေးမိရတော့သည်။ ကိစ္စတွေပြီးတော့ ဘုန်းမြတ်ပိုင်က ဘေစင်မှာ လက်ကိုရေဆေးလိုက်သည်။


ရှက်စိတ်ကြောင့်ထင်ရဲ့။ အသားဖြူသူမို့ သိသာစွာပင် နှာသီးလေးတွေပါ ရဲနေသည်။ မျက်ခုံးကတော့ တအားမထူဘဲ ကြည့်ကောင်းရုံလေးသာ။


နှာတံစင်းစင်းလေး အောက်မှာတော့ မထူမပါးနှုတ်ခမ်းလေး တစ်စုံက ယောကျ်ားလေးဖြစ်သော်ငြား ဆေးမကူဘဲ ပန်းရောင်လေးစိုလက်နေသည်။ နေမဟော်တစ်ယောက် ဘုန်းမြတ်ပိုင်ကို ငေးကြည့်နေမိသည်မှာ မည်မျှကြာသွားသည်မသိ။


"ဘာလို့စိုက်ကြည့်နေတာလဲ" ဟု ဘုဆတ်ဆတ်လေသံဖြင့် မေးတာပင် ခံလိုက်ရလေတော့သည်။ နေမဟော့်မျက်နှာက ပြုံးစေ့စေ့ဖြစ်နေတာကြောင့် ဘုန်းမြတ်ပိုင်လည်း "ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား" ဟုမေးရင်း မှန်ကိုအသည်းအသန် ကြည့်မိလေသည်။ သို့သော်လည်း မှန်မှာ‌ပေါ်နေသည့် သူ့မျက်နှာမှာ ဘာမျှမရှိပေ။


"ဟင်... ဘာမှလဲမပေပါဘူး ဘာဖြစ်လို့စိုက်ကြည့်နေတာလဲ ကိုနေ..."


သူမေးလိုက်သော်လည်း နေမဟော်ကပြန်မဖြေဘဲ ပြုံး၍သာကြည့်နေတာမို့ မနေတတ်တော့ပေ။ စိတ်ထဲမှာမကျေမနပ်ဖြစ်

နေ‌ကြောင်း မျက်နှာ၌ပေါ်လာရသလို ထိုခဏ၌ နေမဟော်လည်း ကြည့်နေရင်းမှ စိတ်မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းနှစ်လွှာအား ပူးကပ်စေလိုက်တော့သည်။


ထို့နောက်မကြုံစဖူး ချိုမြိန်လှသောနှုတ်ခမ်းပါးကြောင့် စိတ်မထိန်းနိုင််တော့ပဲ ဆတ်ခနဲပင် ကိုက်လိုက်မိတော့သည်။ ပြီးနောက် နှုတ်ခမ်းတစ်စုံကို ပြန်လည်‌ဝေးကွာစေလိုက်ပြီးနောက် ဖုံးဖိ၍မရနိုင်တော့သော ရင်ခုန်သံတို့ကို ဖွင့်ဟ၀န်ခံမိတော့သည်။


"ကိုယ်... ပိုင့်ကို ချစ်တယ်"


ဘုန်းမြတ်ပိုင်တစ်ယောက် ရုတ်တရက်ဖြစ်ပျက်သွားခဲ့သည့် အခြေအနေကို နားမလည်နိုင်သေးဘဲ တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။ ပါးပြင်မို့မို့မှာလည်း ပန်းသွေးရောင်ခြယ်နေလေပြီး မျက်လုံးလေးများမှာတော့ ၀ိုင်းစက်နေလျက်။ သွေးအနည်းငယ်စို့သွားသည့် နှုတ်ခမ်းပါးက တဆတ်ဆတ်တုန်ယင်နေတာကြောင့် နေမဟော် စိုးရိမ်သွားရသည်။


"ပိုင် ကိုယ့်ကို... ကိုယ့်ကို စိတ်ဆိုးသွားလားဟင် ဟိုလေ..."


"ဟင့်... အဟင့်ဟင့်..."


နေမဟော်သည် တစ်ခုခုဖြစ်မည်စိုးရိမ်ကာ မေးလိုက်မိစဉ်မှာပဲ ရုတ်တရက်ငိုချလိုက်သူကြောင့် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားရပြီး တရှုံ့ရှုံ့ငိုနေသူလေး၏ မျက်နှာကိုမော့စေရင်း မျက်ရည်တို့ကို သုတ်ပေးလိုက်ရသည်။ 


"ပိုင်... မငိုပါနဲ့ပိုင်ရယ်။ ကိုယ်တောင်းပန်ပါတယ်နော်။ ကိုယ်ပိုင့်ကို တစ်ကယ်ချစ်နေခဲ့တာပါ။ ဒါပေမဲ့ ပိုင်မကြိုက်ရင် ကိုယ်နောက်ကို မပြောတော့ဘူးနော်။ တိတ်တိတ်မငိုနဲ့တော့"


"အဟင့်... မသိဘူးငိုမှာပဲ"


ရော်... ခက်လေပြီ။ မငိုပါနဲ့ဆိုကာမှ ပိုလို့ပင်ငိုနေတာကိုကြည့်ရင်း ဘာလုပ်ရမည်ပင် မသိတော့။ ထို့အပြင် တဘုန်းဘုန်းအထုခံနေရသည့် လက်မောင်းက နာကျင်လာသည်ကိုလည်း ဂရုမထားနိုင်တော့ပါလေ။


"ဘာမပြောညာမပြောနဲ့ လာနမ်းရလားလို့။ ယောကျ်ားလေးချင်းကို ခင်ဗျား မရွံဘူးလားဟမ်။ ကိုက်လဲကိုက်သေးတယ် နာတယ်ဗျ ဟင့်..."


"ဆောရီးပါပိုင်ရယ်။ မကြိုက်ရင်ကိုယ် နောက်မလုပ်တော့ဘူးနော်။ ဒါပေမယ့် ကိုယ်ပိုင့်ကိုချစ်နေတယ် ဆိုတာလေးကိုတော့ သိထားပေးပါ။ အခုရုံထဲပြန်၀င်ရအောင်နော်"


ပါးပြင်ပေါ်တင်ကျန်နေဆဲ မျက်ရည်စတွေကို သုတ်ပေးရင်း ပြောလိုက်တော့ ဘုန်းမြတ်ပိုင်က ခေါင်းညိတ်ပြသည်။


ပိုင်ရယ် မင်းလေးကသိပ်ဖြူစင်တာပဲ ဖြူစင်လွန်းတဲ့ပန်းကလေးမို့ သူများတွေခူးလိုကြမှာကို ကိုယ်စိုးရိမ်မိတယ်ကွာ။ ကိုယ်တိုင်စိုက်ထားတဲ့ ပန်းပင်လေးကို အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်တတ်တဲ့ ဥယျာဉ်မှူးတစ်ယောက်လို ကိုယ်မင်းကို စောင့်ရှောက်ချင်မိတယ် ပိုင်ရယ်။


နေမဟော်တစ်ယောက် စိတ်ထဲကတွေးတောရင်း သက်ပြင်းသာအခါခါသာ ချနေမိပါလေတော့သည်။


*****