အခန်း ၄။ အောင်သွယ်တော်နှစ်ဖော်
"ဘာ..."
နေအရောင်တစ်ယောက်ရုပ်ရှင်ရုံ၌ ဖြစ်ခဲ့သည့်ကိစ္စများကိုကြားရပြီးနောက် မျက်လုံးများပင်ပြူးသွားရသည်။ ကိုယ့်အစ်ကိုအကြောင်း သိနေသော်လည်း ထိုမျှလောက်အထိ လုပ်ရဲလိမ့်မည်လို့တော့မထင်ခဲ့မိ။
"ဒါဆိုကိုနေက နမ်းပါနမ်းလိုက်တာပေါ့"
"အင်းသူ့ကိုကြည့်နေရင်း ငါလဲဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး။ သိလိုက်တဲ့အချိန်မှာ ငါသူ့ကိုနမ်းပြီးနေပြီလေ"
မျက်နှာအနည်းငယ်ရဲကာ ပြုံးစစဖြင့်ဖြေနေသည့်နေမဟော့်ကိုကြည့်ရင်းနေအရောင်တစ်ယောက် ၀ိုးခနဲပင်ထအော်မိတော့သည်။
"အဆန်းကြီးပါလား toiletထဲမှာ ရည်းစားစကားပြောရတယ်လို့"
"toiletထဲ ရည်းစားစကားမပြောရဆိုတဲ့ ဥပဒေမရှိဘူးကွ။ အချစ်ဆိုတာ သူပေါ်ချင်တဲ့အချိန်ပေါ်လာမှာပဲ"
"အေးပါကွာ ထားပါတော့ ကိုနေ့ကို သူပြန်ကြိုက်လိမ့်မယ်လို့ ထင်လား"
နေအရောင် ကုတင်ပေါ်တက်ထိုင်လိုက်တော့ နေမဟော်လည်း လှဲနေရာမှထထိုင်ရင်း ခေါင်းခါပြလိုက်သည်။
"မသိဘူး။ ဒါပေမယ့်ငါကြိုးစားရမှာပေါ့"
မမေမာယာ့ကိစ္စနှင့် သူ့ဒယ်ဒီဆူလိုက်တာမို့ စိတ်တိုနေသည့် နေမဟော်သည် တစ်စုံတစ်ယောက် အကြောင်းပြောချိန်မှာတော့ ပြုံးရွှင်တက်ကြွနေပြန်သည်။
"သူရှက်တော့ ရှက်သွားတယ်ကွ။ မျက်နှာလေးကိုရဲနေတာပဲ။ အဟားပြန်တွေးကြည့်ရင်းနဲ့တင် ရင်တွေခုန်လိုက်တာကွာ"
နေမဟော်သည် ရင်ဘတ်ကိုလက်ဖြင့်ဖိထားရင်း နှုတ်ခမ်းတို့ကလည်း ပြုံးနေလေသည်။ တောက်ပနေသည့် မျက်လုံးလေးတွေကလည်း ရင်ခုန်မိကြောင်း သက်သေပြနေကာ သူ့အသွင်က ရှိရင်းစွဲထက်ပိုလို့ပင်နုပျိုသွားသယောင်ယောင်။
"ဒါပေမယ့်သူငိုတယ်ကွာ ငါ့ကြောင့်နဲ့..."
"ကိုနေကလည်း သူစိတ်ဆိုးသွားတဲ့ပုံတော့ မပေါ်ဘူးမလား။ ဒါဆိုမျှော်လင့်ချက်ထားလို့ရသေးတာပဲ။ အနည်းဆုံးတော့ ကိုနေ့ကိုမမုန်းသွားဘူးလေ"
နေအရောင်သည် ယခုမှအစမျှသာရှိသေးပြီး စိတ်ဓာတ်ကျချင်နေသည့် အစ်ကိုဖြစ်သူ၏ပခုံးကို ခပ်ဖွဖွပုတ်ပြီး အားပေးလိုက်သည်။ သူ့သင်္ဘောကြီးက အခုမှရွက်လွှင့်ဖို့ရာ အစပြုရုံရှိသေးသည်မဟုတ်ပါလား။
"ဒယ်ဒီက သဘောတူပါ့မလား"
"ဒယ်ဒီသဘောတူဖို့ဆိုတာ လွယ်တော့မလွယ်လောက်ဘူးနော်။ သူgayတွေကို ဘယ်လောက်မုန်းတယ်ဆိုတာ ကိုနေလဲသိနေတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားရမှာပေါ့။ ကိုနေ့ဘက်မှာ ကျွန်တော်တစ်ယောက်လုံး ရှိပါတယ်"
နေနေမဟော်သည် သူ့ရင်ဘတ်ကိုပုတ်ပြကာ သူရဲကောင်းတစ်ယောက်၏ ဟန်ပန်ကိကိုအတုခိုးနေသည့် နေအရောင်ကြောင့် ရယ်မိပါတော့သည်။
"ငါသိပါတယ်။ ဒယ်ဒီက ငါgay နေမှန်းသိလို့ ယာနဲ့အတင်းပေးစားနေတာ။ ယာကလည်း သိလျက်နဲ့ကို ငါ့ကိုတွယ်ကပ်နေတာ"
"ဟူး... ကိုနေရာ မင်းယာ့အပေါ် တစ်ကယ်ပဲ နည်းနည်းလေးတောင် သံယောဇဉ်မရှိဘူးလား"
"ဘယ်လိုမေးလိုက်တာလဲနေရောင်ရာ။ ငါတို့သံုးယောက်က ငယ်ငယ်လေးတည်းက အတူတူကြီးပြင်းလာတာပါ။ ငယ်သူငယ်ချင်းသံယောဇဉ်တော့ရှိတာပေါ့"
နေမဟော့်အဖြေကြောင့် နေအရောင်တစ်ယောက် သက်ပြင်းမောသာချမိသည်။ ဒယ်ဒီ့ကိုလည်း လက်ထပ်ပွဲဖျက်ပေးရန် သူမဖြောင်းဖျနိုင်ပါ။ အစ်ကိုဖြစ်သူရဲ့စိတ်ထက်သန်ရာကိုသိနေသူမို့ လက်ထပ်လိုက်ရန်လည်း မတိုက်တွန်းရက်ပေ။ ပြီးတော့ပိုပြီး စိတ်မောသည်က တစ်ဖက်မိန်းကလေးက သူ့ရဲ့မြတ်နိုးရာဖြစ်နေတာပင်။
"အေးလေ အချစ်ဆိုတာ ဖန်တီးလို့မရသလို ဖျက်ဆီးလို့လဲ ရမှမရတာပဲ။ ချစ်စိတ်တွေကို မြိုသိပ်ပါများလာရင်လဲ မကောင်းဘူး။ ဒါပေမဲ့ အပေးပဲရှိတဲ့ အချစ်ကတော့ပူလောင်တယ်။ ဥပမာ ယာကမင်းကို တစ်ဖက်သတ်ကြိုက်နေသလိုပေါ့"
"ဘာလဲ မင်းရောချစ်တဲ့သူတွေ့နေပြီလား"
"ဟင့်အင်းတွေ့ခဲ့တာကြာခဲ့ပါပြီ။ ဟိုး အရင်ထဲကပေါ့"
"ယာမှဟုတ်ရဲ့လား"
"ဟင်... မင်းဘယ်လိုသိလဲ"
"နေရောင်ရာ ငါကမင်းအစ်ကိုပါကွ။ မင်းစကားတစ်ခွန်း ဟလိုက်တာနဲ့ ဘာပြောချင်လဲသိပါတယ်"
နေအရောင် တစ်ကယ်ကိုအံ့သြသွားရသည်။ သူ့အစ်ကို သိနေလိမ့်မည်ဟု မထင်ထားမိတာအမှန်။ သိနေသည်ဆိုတော့လဲ ရယ်ကျဲကျဲနဲ့သာ ဆက်မေးတော့သည်။
"ဟဲဟဲ ဒါဆို ယာ့ကိစ္စ မင်းဘယ်လိုလုပ်မယ်စိတ်ကူးလဲ"
"ရအောင်ငြင်းရမှာပေါ့"
"တစ်ဖက်လူငြင်းတာခံထားရတဲ့မိန်းကလေးက သူ့ညီနဲ့လက်ထပ်လိမ့်မယ်လို့ ကိုနေယုံကြည်လို့လား"
"ငါမသိတော့ဘူးနေရောင်ရာ။ ဒါပေမယ့်မင်းတစ်ခုတော့ သိထားပေးပါ မင်းပျော်ရွှင်ဖို့ဆို ငါအရာအားလုံးကိုလည်း စွန့်လွှတ်နိုင်တယ်"
"ကိုနေ ကျွန်တော့်ကိုဘယ်လောက်ချစ်လဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်အတွက်ဆို ကိုနေ ရင်အကွဲခံနိုင်တာလဲသိတယ်။ ဒါပေမယ့်ယာက ကိုနေ့နှလုံးသားမဟုတ်တဲ့ အတွက်တော့ ၀မ်းသာမိတယ်သိလား။ အနည်းဆုံးတော့ ယာ့ကိုကြိုက်ရတာ ကျောလုံတယ်လေ"
"ပိုင်နဲ့နီးစပ်ဖို့ မင်းငါ့ကိုကူညီဖို့လ်ိုတယ်နေရောင်"
"ကိုယ့်အစ်ကိုပဲကွာ ဘာကူညီရမလဲပြော"
နေအရောင်ထံမှ အားတက်သရောပုံစံကြောင့် "ဒီလို..."ဟုအစချီကာ သူ့အစီအစဉ်ကို ပြောပြလိုက်သည်။ နေအရောင်ကလည်း ကူညီပေးမည်ဖြစ်ကြောင်းခေါင်းညိတ်လေတော့ နေမဟော်တစ်ယောက်၀မ်းသာသွားရပါသည်။
"အဲဒါကြောင့် ငါ့ညီလေးကိုချစ်နေရတာ"
"ကိုနေလည်း ကျွန်တော်နဲ့ယာ့ကို ပြန်ကူညီရမှာနော်"
"အေးပါကွာ"
နေမဟော်ရယ်မောရင်း ခေါင်းကိုလက်နှင့်ဆွဲဖွလိုက်တော့ နေအရောင်ရယ်လေသည်။ သူ့အစ်ကိုက အကူအညီလို၍ပြောခြင်းမဟုတ်ဘဲ သူ့ကိုအမှန်တစ်ကယ်ဘယ်လောက်အထိချစ်သည်ဆိုတာ သူသိနေသည်ပဲလေ။
********
သာယာသော ဆောင်းရာသီနံနက်ခင်း။
နှနှင်းမြတ်ပိုင်သည် စားပွဲတင်နာရီမှ မြည်သံကြောင့်နိုးလာသော်လဲ ခေါင်းမထောင်နိုင်လောက်အောင် အိပ်ချင်မူးတူးဖြစ်နေသည်မို့ alarmခလုတ်ကိုပိတ်ကာ ပြန်အိပ်လိုက်သည်။
သို့သော်လည်း နောက်တစ်ကြိမ်အသံထပ်ကြားလိုက်တာမို့ alarmထပ်မြည်သည်ထင်ပြီး နာရီဆီ လက်လှမ်းလိုက်သည်။ သို့သော်လည်း နာရီကိုကိုင်မိမှ alarmမဟုတ်နေပေ။ သည်တော့မှခေါင်းထောင်ကြည့်ပြီး ဖုန်းမြည်သံမှန်းသိလိုက်သည်။ ဘယ်သူခေါ်တာလဲဟု ကြည့်လိုက်တော့နေအရောင်.... ။
"hello နေရောင်ဘာလဲဟာ။ ဒီမှာအိပ်နေတာကို နင့်ကြောင့်နိုးသွားပြီ"
"ဘာ... အိပ်နေတုန်းလား။ ဟဲ့နှင်းမြတ်ပိုင်မရေ နာရီလဲပြန်ကြည့်ပါဦး။ ကိုးနာရီထိုးနေပြီ"
"ဟမ်... ကိုးနာရီ..."
နှင်းမြတ်ပိုင်သည် အိပ်ချင်မူးတူးလေသံဖြင့် တစ်ဖက်ကိုပြောလိုက်သော်လည်း တစ်ကယ်တမ်းလန့်သွားရသည်က သူမသာ။ အိပ်နေရာမှ ချက်ချင်းထထိုင်မိရင်း နာရီကိုကြည့်လိုက်တော့ မနက်ခြောက်နာရီ။ သည်တော့မှ နေအရောင်ဂျင်းထည့်သည်ကို ခံလိုက်ရမှန်းသိတော့သည်။
"သေချင်းဆိုး... ကာလနာ... မြွေပွေးကိုက်ငါ့ကိုအလကားနေရင်း ဂျင်းကျွေးတဲ့ကောင်။ ရုပ်ဆိုးမနဲ့ညားပါစေ"
နှင်းမြတ်ပိုင်တစ်ယောက်အမျိုးစုံအောင်ကျိန်ဆဲနေသော်လည်း နေအရောင်ကတော့ အရယ်မပျက်ပါချေ။ ခင်မင်တာသိပ်မကြာသေးပေမယ့်လည်း ဘယ်ဘ၀ကရေစက်မှန်းမသိဘဲ ငယ်ပေါင်းတွေလိုပင် ခင်နေမိတော့တာဖြစ်သည်။
"ရယ်မနေနဲ့ပြောဟဲ့။ ဘာကိစ္စလဲ"
"ငါတို့အစ်ကိုတွေကို အောင်သွယ်ပေးရအောင်"
"အမ်ဘယ်လိုမျိုးလဲ။ နင့်မှာအစီအစဉ်ရှိလို့လား"
"ဒီလိုလေဟာ။ စာမေးပွဲလဲနီးပြီဆိုတော့ ငါတို့ညီအစ်ကို နင်တို့အိမ်မှာ စာလာကျက်မယ်။ သူတို့လဲပိုနီးစပ်တာပေါ့"
"တစ်ကယ်လား ယေ့ယေ့... အိမ်မှာနေရင်း အတွဲချောင်းလို့ရပြီ"
"အေး ဒီမှာတော့ ကိုနေတစ်ယောက်အချစ်ရောဂါထနေတာ။ ဆေးမမှီတော့ဘူးဖြစ်နေလို့။ နင့်အစ်ကိုကုမှ ရတော့မယ်နှင်းမြတ်ရေ"
"နေရောင်မင်းနော် ပေး... မင်းဖုန်း"
"ဘာလဲကွာ။ ဘာကိစ္စပေးရမှာလဲ"
တစ်ဖက်မှ ရယ်မောသံတွေနှင့် အချင်းချင်းတွန်းထိုးနေကြသည့်အသံတွေကို နှင်းမြတ်ပိုင်ကြားနေရသည်။ ကြည့်ရတာ ဖုန်းလိုက်လုနေသည်ထင်ပါရဲ့။
"ဆေးမထိုးနဲ့ကွာ"
"မင်းမဟုတ်လို့လား ကိုနေရာ။ အဲဒီ့လောက်ရောဂါတက်နေတာများ"
ငြင်းခုန်နေသည့် အသံတွေကြောင့် နှင်းမြတ်ပိုင်ရယ်လိုက်မိရင်း နေမဟော်နှင့် ဖုန်းပြောရန်ဆုံးဖြတ်လိုက်သည်။
"hello နေရောင် ကိုနေရှိတယ်မလား။ ဖုန်းပေးပေးစမ်းပါဟာ"
"အေးအေး... ကိုနေရေ နှင်းမြတ်ကမင်းနဲ့ပြောမလို့တဲ့"
"hello နှင်းမြတ်ကိုနေပါ"
နေအရောင်တစ်ယောက် သူလိုက်လုနေသည့်ဖုန်းကို အသာတကြည်ပေးတော့ နေမဟော်လည်းယူလိုက်သည်။ ထိုအခါကြားလိုက်ရသည်က နှင်းမြတ်ပိုင်၏ စနောက်စကားများသာ။
"ဟုတ်ကဲ့ အစ်ကို့ရောဂါက တခြားသူတွေ ကုမရဘူးဆိုတော့ အိမ်ကဒေါက်တာ့ဆီသာ လာခဲ့ပါတော့။ ဆေးစပ်ပေးဖို့က ညီမတို့တာဝန်ထား သိလား"
"အားကိုးပါတယ်နှင်းမြတ်ရယ်"
ဘေးမှနားထောင်နေသည့် နေအရောင်တစ်ယောက်မှာတော့ နေမဟော်၏သနားချင်စဖွယ် အသံလုပ်ကာ ပြောနေပုံကိုကြည့်ရင်း မနေနိုင်တော့ဘဲ ထရယ်လေတော့သည်။ သို့သော်လည်းနေမဟော် ဂရုမစိုက်နိုငိသေး။
"ကိုနေကလည်း တစ်ချိန်အမျိုးတော်ရမဲ့သူတွေပဲဟာ။ ကဲကဲ ဘာဝယ်ကျွေးမှာလဲပြော"
"အယ်ကူညီမယ်ဆိုပြီးဈေးကိုင်တယ်ကြည့်စမ်း"
"ဟိဟိစတာပါ ကိုနေရာ။ နှင်းမြတ်ပိုင်ကြံရင်ဘာမဆိုဖြစ်ပါတယ်"
သူမတို့စနောက်ရင်း အပြိုင်ရယ်နေမိစဉ် အခန်းတံခါးခေါက်သံ ကြားလိုက်ရတာကြောင့်နှင်းမြတ်ပိုင်သည် ဖုန်းကိုချက်ချင်းချလိုက်ရင်း ဟန်မပျက်နေလိုက်ချိန်တွင် အစ်ကိုဖြစ်သူ၏အသံကို ကြားလိုက်ရသည်။
"ညီမလေးရေ နိုးနေပြီလား"
"ဟုတ်နိုးပြီကိုကို။ ခနနေဆင်းခဲ့မယ်နော်"
"အေးညီမလေး ထမင်းစားခန်းကစောင့်မယ်"
နှင်းမြတ်ပိပိုင်သည် ပြန်ဖြေပြီးသည့်နောက်မျက်နှာသစ်၊ သွားတိုက်လိုက်သည်။ ထို့နောက်ည၀တ်အင်္ကျီကို မြန်မြန်လဲပြီး ဆံပင်ဖြီးကာ breakfastစားရန်အောက်ထပ်သို့ဆင်းလာခဲ့လေသည်။
********
"morning ကိုကို ကြီးစုရော"
"morning ညီမလေး ကြီးစုကကုမ္ပဏီသွားပြီလေ။ ကိုကိုကော်ဖီဖျော်ထားတယ်။ ပြီးမှသောက်... ထမင်းကြော်ထားတာ အရင်စား"
"ဟုတ်"
"ဒါနဲ့ ခဏနေရင် အာကာတို့လာလိမ့်မယ်သိလားညီမလေး။ စာအတူကျက်ကြမလို့လေ။ ဒီမှာမနက်စာထမင်းစားဖို့ ပြောထားတယ်။ နောက်ပြီးကျ ကိုကိုနဲ့ကူချက်ပေးဦးနော်"
"ဟုတ်ကိုကို"
နှင်းမြတ်ပိုင်ခေါင်းညိတ်ပြရင်း တွေးလိုက်သည်။ အရံသင့်လိုက်လေနော်။ ငါကစပြီး ပြောစရာမလိုတော့ဘူး သူတို့နှစ်ယောက်ကိုပါခေါ်လို့ရပြီ။
နှင်းမြတ်ပိုင်တစ်ယောက် တွေးလည်းတွေးရင်း ပြုံးစေ့စေ့ဖြစ်ချင်နေသည့် မျက်နှာကိုပါထိန်းထားရင်း ထမင်းကြော်တစ်ဇွန်း ခပ်ဝါးလိုက်သည်။ ပြီးကာမှ အကြံအစည်ကို အကောင်အထည်ဖော်ရလေသည်။
"ကိုကို ညီမလေးလည်း စာအတူတူကျက်ဖို့ နေရောင့်ကိုခေါ်ချင်တယ်"
"ခေါ်လေ ညီမလေး"
"ဟုတ်ကိုကို အဲဒါဆိုညီမလေး ခဏနေရင်ဖုန်းဆက်လိုက်မယ်နော်"
"အေးအေးညီမလေး"
ဘုန်းမြတ်ပိုင်လက်ခံလိုက်တော့ သူမလည်းစားလက်စ ထမင်းကြော်ကို အရင်ပြီးအောင်စားလိုက်သည်။ နီးစပ်ဖို့အခွင့်အရေးတစ်ခုရလိုက်ပြီမို့ သူမရဲ့ခဲအိုလောင်းကြီးကတော့ ပျော်ရွှင်နေချေတော့မည်။
*********
မောင်နှမနှစ်ယောက် အတူချက်ပြုတ်နေရင်း အားလုံးပြီးကာနီးမှာပဲ အိမ်ရှေ့မှကားဟွန်းသံ ကြားလိုက်ရလေသည်။ ဘုန်းမြတ်ပိုင်က ဟင်းချက်နေဆဲမို့ ညီမဖြစ်သူကိုသာ လွှတ်လိုက်သည်။
"သူရိန်တို့လာပြီထင်တယ် ညီမလေး။ သွားကြည့်လိုက်ဦး"
"ဟုတ်ကိုကို"
သူကတော့ နှင်းမြတ်ပိုင် သွားနေချိန်တွင် ကျက်သွားသည့်ဟင်းလျာများကို ပန်းကန်ထဲ သေသပ်အောင်ထည့်လိုက်သည်။ ထို့နောက် ထမင်းစားပွဲပေါ်သို့ အစီအရီတင်နေစဉ်မှာပင် သူရိန်စိုးနှင့် ထက်အာကာတို့နှစ်ယောက် အခန်းထဲ၀င်လာလေသည်။
"ငပိုင်ရာ ခြံစောင့်လေးဘာလေး ငှားထားစမ်းပါကွာ"
"ဘာလို့လဲဟ"
"လာဖွင့်ပေးတာ အကြာကြီးစောင့်နေရလို့ဟေ့ သိပြီလား"
"မကျေနပ်ရင် တံတိုင်းပေါ်ကနေ ခုန်ကျော်ခဲ့လေ"
ဘုန်းမြတ်ပိုင်က ထက်အာကာ၏မကျေမနပ်စကားကို ရွဲ့ကာပြန်ပြောလိုက်ပြီး နှင်းမြတ်ပိုင်တို့ကတော့ ရယ်နေလေသည်။ ထို့နောက်မှာတော့ တရှုံ့ရှုံ့အနံ့ခံနေလေတော့သည်။
"ဘာတွေချက်နေတာလဲ အနံ့လေးတွေကမွှေးနေတာပဲ"
"ငတ်လိုက်တာကွာ"
သူရိန်စိုး၏အမေးစကားကို ဘုန်းမြတ်ပိုင်ပင် ပြန်မဖြေရသေး။ ထက်အာကာတစ်ယောက် မျက်နှာကိုမဲ့ပြရင်းဆိုတော့ သူရိန်စိုးထံမှ ရှုတည်တည်အကြည့်ကို ရလိုက်လေသည်။
"မင်းကျတော့ရော"
"ငါကမင်းလောက်ငတ်ကြီးမကျဘူး"
"သွားရည်ပဲကျတာမလား"
"မင်းနော်"
"တော်ပါတော့ အစ်ကိုတို့ရယ် နောက်ရာကနေ စိတ်ဆိုးကြဦးမယ်"
"စိတ်မပူနဲ့ညီမလေး ဒီကောင်တွေက အဲဒီ့လိုပဲသတ်နေကျ"
ဘုန်းမြတ်ပိုင်သည် ဟင်းပွဲတွေဆက်ပြင်နေပြီး ထက်အာကာက ရယ်မောရင်း သူရိန်စိုး၏ ခေါင်းကိုခပ်ဖွဖွပုတ်ကာ ဆံပင်တွေကို ဆွဲဖွလိုက်လေသည်။
"ဟုတ်တယ်နှင်းမြတ်ရေ အစ်ကိုက တစ်နေ့နေလို့ တစ်ခါလောက်မှသူ့ကို မစရရင်မနေနိုင်ဘူး"
"ရား… အာကာ မင်းလုပ်ပြန်ပြီလား"
"ချစ်လို့စတဲ့ဟာကို"
"ငါ့ဆံပင်ကို ဖွတာမကြိုက်ဘူး"
"အေးပါ မင်းမကြိုက်ရင်နောက်မစတော့ဘူးစိတ်ချ။ ငပိုင် ငါဧည့်ခန်းထဲသွားနှင့်တော့မယ်"
နှင်းမြတ်ပိုင်ပြောသည့်အတိုင်းပင် နှစ်ဦးသားစနောက်ရာမှ စိတ်ဆိုးကြလေပြီ။ ထက်အာကာက ဧည့်ခန်းဆီထွက်သွားပြီး သူရိန်စိုးကတော့ သူတို့မောင်နှမ အနားမှာဟင်းပန်းကန်တွေ ကူပြင်ပေးရင်း ကျန်နေခဲ့လေသည်။
"သူရိန် မင်းလူကြီးကိုသွားချော့လိုက်ဦး"
"မင်းနော် မစနဲ့"
"မစပါဘူး အကောင်းပြောနေတာ သွားခေါ်ချည်။ ထမင်းစားကြမယ်"
"မခေါ်ဘူးနေပါစေပေါ့။ အငတ်ထားလိုက်"
propose လုပ်ခဲ့တုန်းကတော့ တစ်မျိုး။ ခုကျတော့ သူကပဲ စိတ်ကောက်ရတယ်ရှိသေးဟွန့်။ နေပါစေ အဖြေပြန်မပေးဘဲကို နေဦးမှာ။
သူရိန်စိုးတစ်ယောက် မကျေမနပ်ရေရွတ်နေစဉ်မှာပဲ အိမ်ရှေ့ကကားဟွန်းသံကို ထပ်ကြားလိုက်ရသည်။
"နေရောင်တို့လာပြီထင်တယ်ကိုကိုရေ။ တံခါးသွားဖွင့်ပေးလိုက်ဦးမယ်"
နှင်းမြတ်ပ်ိုင်သည် ကားဟွန်းသံကိုနားစွင့်လိုက်ပြီး ခြံတံခါးသွားဖွင့်ပေးလိုက်သည်။ နေမဟော်တို့လည်း ကားရပ်ပြီးနောက် ဆင်းလာရင်း တခြားကားတစ်စီးကို တွေ့လိုက်ရသည်။
"ဧည့်သည်ရောက်နေတာလား"
"ဧည့်သည်ရယ်လဲမဟုတ်ပါဘူး။ ကိုထက်တို့ရောက်နေတာ။ သူတို့လဲစာလာကျက်တာလေ"
"သြော် ဟုတ်လား"
"ကဲ... လာပါကိုနေ doctorဆီမှာ ရောဂါသွားစစ်ရအောင်"
"နှင်းမြတ်ကတော့ပြောတော့မယ်"
နေမဟော်သည် နှင်းမြတ်ပိုင်၏ ရွှတ်နောက်နောက်ဟန်ဖြင့် စနောက်မှုကြောင့် ရှက်ရယ်ရယ်လိုက်မိသည်။ သုံးဦးသား ဧည့်ခန်းထဲရောက်လာတော့ အံ့သြသွားရသူမှာ ထက်အာကာ။
"ဟာ... ကိုနေတို့ပါ စာလာကျက်တာလား"
"အေးကွာ နေရောင်က နှင်းမြတ်နဲ့အတူတူ ကျက်ချင်တယ်ဆိုလို့"နေအရောင်သည် အစ်ကိုဖြစ်သူက သူ့ဘက်ကို မေးငေါ့ပြရင်းဖြေသည်မို့ "အပိုတွေပြောပြန်ပြီ"ဟုဆိုကာ မျက်နှာကိုမဲ့ရွဲ့ပြလိုက်သည်။ နှင်းမြတ်ပိုင်ကတော့ အကြောင်းရင်းသိသူပီပီ ကြိတ်ကာပြုံးလိုက်သည်။