အခန်း ၅ နှလုံးသား၏စေစားရာ
Viewers 2k

အခန်း ၅။ နှလုံးသား၏စေစားရာ

လာရင်းကိစ္စက စာကျက်ဖို့ဆိုသော်လည်း အိမ်ရှင်က ချက်ကျွေးတော့လဲ စားရသည်ပေါ့။ မနက်စာစားကြပြီးနောက် စာကျက်ကြတော့ နေအရောင်နှင့် နှင်းမြတ်ပိုင်ကတစ်ဖွဲ့၊ ဘုန်းမြတ်ပိုင်တို့၃ယောက်က တစ်ဖွဲ့ဖြစ်ပြီး နေမဟော်ကတော့ တစ်ဦးတည်းသာ။
   
သို့သော် တစ်စားပွဲတည်းမို့ နေမဟော်သည် သူ့အရှေ့မျက်နှာချင်းဆိုင်ရှိ ဘုန်းမြတ်ပိုင်၏ မျက်နှာလေးကို ငေးကြည့်ခွင့်ရနေသည်။ နှုတ်ခမ်းလေးက ယောကျ်ားလေးဖြစ်သော်ငြား ဖြူသောအသားနှင့် လိုက်ဖက်စွာ ပန်းရောင်လေးစိုနေသည်။
    
တစ်ခါတစ်ရံ ခပ်တိုးတိုးစာဆိုနေတာကြောင့် နှုတ်ခမ်းလေးက လှုပ်စိလှုပ်စိ။ တစ်ခါတစ်ရံမှာတော့ မျက်ခုံးလေးတွေကိုရှုံ့ကာ ခေါင်းကိုကုတ်နေသည်မှာ အသည်းယားစရာပင် ကောင်းလှသည်။ နေမဟော်တစ်ယောက် ဘုန်းမြတ်ပိုင်၏ အမူအရာလေးများကို လိုက်ကြည့်ရင်း ရင်ထဲတွင် တဒုတ်ဒုတ်နှင့် ခုန်နေမိသည်။
    
"ကိုနေ ကျွန်တော်တို့ကို ဒါလေးရှင်းပြပါလား။ ကိုနေ..."
    
"အဟမ်းအဟမ်း"
   
နေမဟော်တစ်ယောက် ငေးနေမိသည်မှာ မည်မျှကြာသွားသည်မသိ။ နေအရောင့်ထံမှ ဟန်လုပ်ဆိုးသောချောင်းဆိုးသံကြားမှ သတိပြန်၀င်လာတော့သည်။ နှင်းမြတ်ပိုင်လည်း တခစ်ခစ်ရယ်နေပြီး အခြားသူများကတော့ ပြုံးစေ့စေ့။

ဘုန်းမြတ်ပိုင်၏ မျက်နှာလေးကတော့ အခြားသုတွေ ရယ်နေကြတာကြောင့် ရှက်သည်ထင်။ ရှက်၀ဲ၀ဲလေး ဖြစ်နေကာ နားရွက်ကလေးတွေပင် နီနေတော့သည်။

"ဟို ဘာပြောလိုက်တာလဲ ပိုင်"
   
နေမဟော်မေးလိုက်တော့ ဘုန်းမြတ်ပိုင်က စာရွက်ပေါ်မှစာတစ်ပုဒ်ကို လက်ညှိုးလေးဖြင့် ထောက်ပြလာသည်။
   
"ဒီပုစ္ဆာလေးရှင်းပြပါလို့"
   
"Logicလား ဘယ်ပုစ္ဆာလဲ"
    
"Mixed Syllogismတွေ သိပ်နားမလည်လို့"
    
"သြော် အိုကေ"
   
အတန်းမတူသော်လဲ majorတူသည့်အပြင် ပထမနှစ်က စာတွေကို သူမှတ်မိနေဆဲမို့ မရဘူးဆိုသည့် ပုစ္ဆာကိုတွက်ပြရန် ပြင်လိုက်သည်။
    
"ဒီလိုလေ ပိုင်ရဲ့ Mixed Syllogism ကိုMixed Argumentလို့လဲ ခေါ်တယ်လေ။ အဲဒါကိုသုံးခုပြန်ခွဲတာ သိတယ်နော်"
   
"ဟုတ်သိတယ် ကိုနေ"
    
"Mixed Implicativeက အလွယ်မှတ်ရင် MPPနဲ့ MTTပေါ့။ MPPက ရှေ့ကplusဆိုရင် နောက်ကလဲplusပဲ။ MTTကတော့ နောက်ကစငြင်းရတယ်။ နောက်minusဆို ရှေ့ကလည်းminusပဲပေါ့။ Mixed Alternativeကတော့..."
   
ဘုန်းမြတ်ပိုင်သည် စာ၌အာရုံမ၀င်ဘဲ စာရှင်းပြနေသည့် နေမဟော့်ကိုသာ ငေးနေမိသည်။ အခုကျတော့လည်း စာရှင်းပြနေသည့်ပုံစံမှာ စောစောက သတိလက်လွတ်ငေးနေသည်က သူမဟုတ်သည့်အတိုင်း စ်ိတ်ရှည်လက်ရှည်နှင့် တည်ငြိမ်လွန်းလှသည်။
   
လေးထောင့်မကျတကျမျက်နှာ၊ အနည်းငယ်ထူသယောင်ရှိသော မျက်ခုံးတို့ကြောင့် လူကြီးဆန်နေပြီး ဆံပင်ကိုလည်းဘေးခွဲဖြီးထားတာကြောင့် ပို၍ရင့်ကျက်နေသယောင်ပင်။
   
သို့သော်လဲ မထူမပါးနှုတ်ခမ်းတစ်စုံကတော့ လူကိုညှို့ငင်နေတာကြောင့် ဘယ်ဘက်ရင်အုံက တဒုတ်ဒုတ်ခုန်နေသည့် အသံပင်ကြားနေရသည်။
   
ကြာလာလျှင်ရင်တစ်ခုလုံး ပေါက်ထွက်သွားမလားပင် စိုးရိမ်မိရသည်အထိ။ အဲဒီ့နှုတ်ခမ်းလေးတွေက သူ့ရဲ့ပထမဆုံး အနမ်းကို ခွင့်မပြုဘဲ သိိမ်းပိုက်သွားခဲ့တာပင်။
    
"နားလည်ရဲ့လား ပိုင်"
    
နေမဟော်မေးလိုက်သည့်စကားသံနှင့် တစ်ပြိုင်နက်ပင် ဘုန်းမြတ်ပိုင်တစ်ယောက် စာကိုအာရုံမနှစ်မိဘဲ စိတ်တွေကလွင့်နေတာကြောင့် ငါဘာတွေ တွေးနေတာလဲဟတွေးမိရင်း ခေါင်းကိုခါရမ်းပစ်လိုက်သည်။
    
"ဘာလို့လဲပိုင် နားမလည်ဘူးလား"
   
ဒါကိုနေမဟော်က  စာနားမလည်ဘူးပြောသည်အထင်နှင့် ထပ်ကာမေးလေတော့ "ဟုတ် သိပ်နားမလည်သေးဘူး"ဆိုကာ ရောယောင်ပြီး ခေါင်းညိတ်ပြလိုက်သည်။
    
"ဘယ်နားလည်မလဲ ပုစွန်မျက်လုံးဖြစ်နေတာကိို"
    
နှင်းမြတ်ပိုင်တစ်ယောက် ၀င်နောက်တော့ သူငေးမိတာ အဲဒီ့လောက်တောင် သိသာသွားပြီလားဟုပြန်တွေးရင်း ရှက်သွားမိသည်။ ထို့ကြောင့် နေမဟော်ကပြန်ရှင်းပြမည်ဟု ဆိုပါသော်လည်း toiletသွားဦးမည်ဟုအကြောင်းပြကာ အမြန်ပြေးထွက်လာမိသည်။ သူ့အနားကြာကြာနေရင် ဒီရင်ဘတ်ကြီး ပွင့်ထွက်လာနိုင်ချေရှိသည်။

********

နေမဟော်သည် ရှက်ရှက်နှင့်ပြေးထွက်သွားသည့် ဘုန်းမြတ်ပိုင်၏ ကျောပြင်ကိုငေးကြည့်ရင်း ပြုံးလိုက်မိသည်။ ပြီးနောက် "မင်းတို့ကလဲကွာ ဘာလို့အရမ်းစလိုက်တာလဲ ဟိုမှာရှက်သွားပြီ"ဆိုကာ အပြစ်တင်တော့ တစ်ယောက်တစ်ပေါက် မေတ္တာပို့ကြတော့သည်။
    
"အောင်မာ သူ့ဟာလေး ထိတော့နာတတ်တာ"
    
"နောက်ကလိုက်သွားလေ။ ဘာလုပ်နေတာလဲ"
    
"အာ... ဖြစ်ပါ့မလား"
   
ရှေ့ဆက်တိုးဖို့ ဖြစ်နိုင်ပါ့မလားတွေးမိရင်း သတ္တိကြောင်နေမိသူ နေမဟော်တစ်ယောက် ခေါင်းကိုဖွဖွကုတ်လိုက်ရင်း ရှက်ရယ်ရယ်မိသည်။
    
"သွားပါရှက်မနေနဲ့ကိုနေရဲ့။ ရှက်နေရမဲ့အချိန်မဟုတ်ဘူး"
    
"ဟုတ်တယ်ကိုနေ လိုက်သွား။ အဖြေရအောင်တောင်းခဲ့"
   
နေအရောင်၏ ဖောက်သည်ချမှုကြောင့် သူငယ်ချင်းတွေအကုန်လုံး နေမဟော်တစ်ယောက် ဘုန်းမြတ်ပိုင်ကို proposeလုပ်ထားတာကို သိပြီးခဲ့ကြ‌လေပြီ။ ဒါကြောင့်ဝိုင်းအား‌ပေးနေကြတာပင်။

သို့သော်လည်း နေမဟော်ကလိုက်မသွားသေးဘဲ ဘုန်းမြတ်ပိုင်သွားရာဘက်ကိုငေးနေတာမြင်တော့ နှင်းမြတ်ပိုင်မှာ အားမလို အားမရ။
    
"လိုက်သွားပါဆို။ ဘာတွေစဉ်းစားနေတာလဲ"
    
"အာ... မစဉ်းစားပါဘူး လိုက်သွားလို့ကောင်းပါ့မလားလို့"
   
ဝိုင်း၍တွန်းအားပေးတော့မှ နေမဟော်လည်း ရှက်ရယ်ရယ်ပြီးနောက် ဘုန်းမြတ်ပိုင်နောက်ကို လိုက်လာခဲ့သည်။ ဘုန်းမြတ်ပိုင်ဘက်က သူ့ကိုအတိအကျမပေးသော်ငြားလည်း မုန်းတီးသွားခြင်းမျိုးမရှိတာကြောင့် သူကြိုးစားကြည့်သင့်သည် မဟုတ်ပါလား။

*******
   
ဘုန်းမြတ်ပိုင်တစ်ယောက် သူငယ်ချင်းတွေဝိုင်းကာစနောက်ကြတာကြောင့် toiletသွားမည်ဟု အကြောင်းပြပြီး နေမဟော့်အနားကနေ ခပ်မြန်မြန်ပြေးထွက်လာမိသည်။ ပြီးမှ kitchen roomထဲဝင်ကာ နံရံမှာမှီရင်း တလှပ်လှပ်ဖြစ်နေသည့် ရင်အစုံကို လက်နှင့်ဖိထားမိသည်။ သူနှင့်တွေ့လျှင် ရင်ထဲမှာတလှပ်လှပ်နှင့် ဘယ်လိုဖြစ်လာမှန်းမသိ။
    
သူ... သိပ်ချောလွန်းသည်။ သူ့ကိုခိုးခိုးကြည့်ချင်သည်။ တစိမ့်စိမ့်နဲ့ ထိုင်ကြည့်နေချင်သည်။ ဘုရားရေ... သူ့ကိုရင်ခုန်နေမိပြီလား။ ဟင့်အင်းမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ဘာလို့ ဒီရင်တွေက ခုန်နေရတာလဲ။
   
ဘုန်းမြတ်ပိုင်တစ်ယောက် ကိုယ့်ဘာသာခပ်တိုးတိုးပြောရင်း တဒုတ်ဒုတ်ခုန်နေသည့် ရင်အစုံငြိမ်အောင် ရေခဲသေတ္တာထဲက ရေတစ်ဘူးထုတ်ပြီး ပိုက်တပ်ကာသောက်နေစဉ်မှာပင် နေမဟော်ကသူ့ကိုရှာရင်း ရောက်လာသည်။

ထို့နောက် အနားကိုတဖြည်းဖြည်း ကပ်သွားပြီးမှ ချောင်းဟန့်သံပေးလိုက်တာကြောင့် ဘုန်းမြတ်ပိုင် ရုတ်တရက်လန့်သွားကာ သောက်နေသည့်ရေပင် သီးသွားရလေသည်။
    
"ပိုင်ရရဲ့လား sorry ကွာ။ ကိုယ်ကနောက်လိုက်တာ"
    
"ကိုနေက အနားကပ်ပြီး လှန့်တာကိုးဗျ"
    
ဘုန်းမြတ်ပိုင်သည် တဒိတ်ဒိတ်ခုန်နေသည့် ရင်ခုန်သံကိုဖုံးကွယ်ရင်း မကျေမနပ်ပြောလိုက်သည်။ သူ့ရင်ခုန်သံကို သူကိုယ်တိုင်ပင်မယုံကြည်သေးပါ။
    
"ပိုင်ရေသောက်နေတဲ့ ပုံစံလေးကိုအသဲယားလို့ နောက်လိုက်တာ sorryနော်"
    
"အာ... ရပါတယ်။ စာသွားကျက်ကြမယ်လေ"
    
ဘုန်းမြတ်ပိုင်သည် တဒိတ်ဒိတ်ခုန်နေသည့် ရင်အစုံကြောင့် ရှောင်ထွက်လာကာမှပင် အနောက်ကလိုက်လာသော နေမဟော့်ကြောင့် စာကိုအကြောင်းပြကာ ထပ်မံရှောင်ထွက်မိပြန်သည်။
    
"ခဏလေးပါ ပိုင်"
    
နေမဟော်က သူ့လက်ကို လှမ်းဆွဲထားလိုက်တော့ "ဘာလုပ်တာလဲ"ဆိုကာ ရုန်းကန်လိုက်သည်။ သူလှည့်ကြည့်မည်လုပ်တော့ နေမဟော်ကခွင့်မပြုပေ။

"လှည့်မကြည့်ပါနဲ့"ဆိုကာ သူ့ခါးကို အနောက်မှ သိုင်းဖက်လိုက်သည်။ ပြီးနောက် ပုခုံးပေါ်မေးလေးတင်ရင်း နားနားကပ်ကာ တိုးတိုးလေးပြောသည်က...
    
"ခဏလေးပါ ဒီအတိုင်းခဏလေးပါပဲ။ ကိုယ်တောင်းဆိုတာပါ။ ကိုယ်ပြောတာလေးပဲနားထောင်ပေးပါ။ ကိုယ်လေ ပိုင့်ကိုမြတ်မြတ်နိုးနိုးချစ်ခဲ့တာပါ။ ကိုယ်ပိုင့်ကို စတွေ့တော့ ရှပ်ပြာပြာကောင်လေးတစ်ယောက်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ့အမူအရာလေးတွေကပဲ ကိုယ့်ဖိနပ်ကို တက်နင်းမိစေခဲ့တယ်။ ပြီးတော့ပိုင်သိလား အဲဒီ့ညကကိုယ်တစ်ညလုံး အိပ်လို့မပျော်ခဲ့ဘူး။ မျက်လုံးမှိတ်လိုက်တိုင်း ပိုင့်ကိုပဲမြင်ယောင်နေမိတာ"
    
ဘုန်းမြတ်ပိုင်သည် သူ့ထက်အရပ်ပိုရှည်သည့်သူ၏ သိုင်းဖက်ထားခြင်းကို ခံရသည့်အပြင် သူကိုယ်တိုင်ကလည်း လူကောင်သေးသူမို့ ရင်ခွင်အတွင်းမြုပ်နေသည်။ ရင်တစ်စုံလုံးသည်လည်း တဒိန်းဒိန်းခုန်ပေါက်လို့နေလျက်။
    
"ပိုင်ဘယ်သူလဲဆိုတာ ကိုယ်မသိခဲ့ဘူး။ ပိုင်ဘယ်ကလဲဆိုတာလဲ ကိုယ်မသိဘူး။ ဒါပေမဲ့ ကိုယ်ပိုင့်ကိုပဲ တမ်းတမိနေခဲ့တယ်။ ချော်လဲမလိုဖြစ်သွားလို့ လှမ်းဆွဲထားလိုက်တုန်းက ကိုယ့်ကိုမော့ကြည့်လာတဲ့အချိန် ဝိုင်းစက်သွားတဲ့ ပိုင့်မျက်လုံးလေးတွေကို ကိုယ်ချစ်မိသွားတယ်။ ပြီးတော့ ကတ်ကတ်လန် ရန်တွေ့တတ်တဲ့ နှုတ်ခမ်းလေးတွေကိုလည်း ကိုယ်ချစ်တယ်။ ပြီးတော့ကိုယ်လေ ပိုင့်ရဲ့ဖြစ်တည်မှုအားလုံးကို မြတ်နိုးမိတယ်"
   
"ဒါပေမယ့် ကျွန်တော်..."
    
"ဟင့်အင်း အခုချက်ချင်း ကိုယ်အဖြေမတောင်းပါဘူးပိုင်။ တစ်ချိန်ချိန်ပေါ့။ ပိုင့်နှလုံးသားထဲမှာကိုယ့်ကို လက်ခံလာနိုင်တဲ့ အချိန်အထိ ကိုယ်စောင့်မှာပါ။ ကိုယ်ပိုင့်ကိုတစ်ခါနမ်းခဲ့ဖူးတယ်။ ပိုင်ပြောခဲ့တယ်နော် ပိုင့်ရဲ့first kissလို့။ တစ်ကယ်တော့ ကိုယ့်အတွက်လဲ first kissပါပဲ။ ဒါပေမဲ့ စိတ်ချပါ နောက်ဆိုပိုင်ခွင့်မပြုဘဲ ကိုယ်ထပ်မနမ်းတော့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ပိုင့်ကိုချစ်တယ်ဆိုတာထက် မြတ်နိုးလို့ပါ"
   
နေမဟော်သည် ဘုန်းမြတ်ပိုင်၏ ဆံပင်လေးများကို နမ်းရှိုက်လိုက်သည်။ ဘုန်းမြတ်ပိုင်မှာတော့ သူ့ကျောပြင်နှင့် ထိနေသည့် နေမဟော့်ရင်ဘတ်မှ တဒိတ်ဒိတ်ခုန်နေသည့်နှလုံးခုန်သံကို ခံစားမိနေသည်။
  
နှာဖျားမှရှူထုတ်လိုက်သည့် လေတွေကလည်း သူ့ပါးကိုမထိတထိ ကလူကျီစယ်လို့နေလျက်။ ပြီးတော့ ဤလူသားရဲ့ ရင်ခွင်က သူ့အတွက်တစ်ကယ်ကို နွေးထွေးလွန်းလေသည်။
    
"ကြည်နူးလိုက်တာဟယ်"
   
kitchen room၏ အပြင်ဖက်မှာတော့ သူတို့ကိုကြည့်နေသည့် တစ်အုပ်စုလုံး မျက်ရည်ဝဲနေကြပြီး နှင်းမြတ်ပိုင်၏စကားကို ထောက်ခံကြသည့်အလား ခေါင်းညိတ်လိုက်ကြသည်။
    
"သူရိန်..."
   
"ဟင်..."
    
"ကိုယ့်ကိုရော ဘယ်တော့မှ အဖြေပြန်ပေးမှာလဲ အခုတစ်ခါတည်း ပေးပါလားလို့..."

ထက်အာကာက သူ့လက်ကိုကိုင်ကာ အဖြေတောင်းသည်မို့ သူရိန်စိုးတစ်ယောက် ရှက်သွားသည်။ ဘေးမှာသူငယ်ချင်းတွေ ရှိနေသည်မဟုတ်လား။ ထက်အာကာအနေနှင့်ကျတော့လည်း ဖွင့်ပြောခဲ့တာကြာနေပြီဖြစ်ပြီး အခုထိအဖြေမရသေးတာကြောင့် ရင်ထဲကလိကလိ။
   
"မင်းနော် မျက်ခွက်စုတ်သွားချင်လို့လား"
   
သူရိန်စိုးသည် နှင်းမြတ်ပိုင်နှင့် နေအရောင်တို့နှစ်ယောက် ဘေးမှာရှိနေသည်မို့ ရှက်ရမ်းရမ်းလိုက်မိခြင်းဖြစ်ပြီး ထက်အာကာကတော့ မျက်နှာတည်သွားရလေသည်။
    
"မင်းပေးမဲ့ဒဏ်ရာသာဆို ကိုယ်ခံယူဖို့အသင့်ပဲ"
    
"ကဲတိတ်တိတ်နေစမ်းပါ။ ဟိုနှစ်ယောက်ကို ချောင်းရတာ အာရုံနောက်တယ်"
    
သူရိန်စိုးသည် နေမဟော်တို့ဘက်ကိုသာကြည့်ပြီး သူ့ကိုဂရုမစိုက်ဟန်ဖြင့် ပြောသည်မို့ ထက်အာကာစိတ်တိုသွားရသည်။
    
"ကျစ်... သူရိန်ရာ မင်းအမြဲအဲဒီ့လိုချည်းပဲ။ ငါ့ရင်ထဲကို ဘယ်တော့မှမကြည့်ဘူး။ ပြီးတော့ငါ့အပေါ်ဆို စိတ်မရှည်ဘူး"
    
"ကြည့်စရာမလိုဘူးမြင်နေရတယ်။ မင်းရင်ထဲမှာဘာရှိလဲဆိုတာ"
    
"အဲဒါနဲ့များ ဘာလို့အဖြေမပေးသေးတာလဲ။ ငါမင်းကိုကြိုက်နေတာ သိလျက်နဲ့။ ဖွင့်လဲပြောထားလျက်နဲ့။ ဘာလို့ကြိုးရှည်ရှည်လှန်ထားတာလဲ"
    
"ကျစ်... မင်းငါ့ရင်ထဲကို ဘယ်တော့မြင်မလဲလို့ စောင့်ကြည့်နေခဲ့တာ။ ဒါပေမယ့် မင်းကတုံးလွန်းတယ်။ ဟိုးအရင်ထဲက ငါတစ်ခုခုပြောလိုက်ရင် မင်းကအရင်စိတ်ဆိုးတယ်။ ငါကဆိုးရမယ်မရှိဘူး လိုက်ချော့နေရတယ်။ မနက်ကတုန်းကရော ဘာမဟုတ်တာလေးနဲ့ မင်းကပဲစိတ်ကောက်တယ်။ မင်းကအားအားရှိ ငါ့ကိုအပြစ်တင်ဖို့ပဲသိတယ်။ ငါ့ကိုစိတ်ဆိုးဖို့ပဲသိတယ်။ ငါမင်းကိုဘယ်လောက်ချစ်လဲ မင်းမသိဘူး။ မြင်အောင်လဲ မကြည့်ဘူး။ မင်းစိတ်ဆိုးပြီး ငါ့ကိုမခေါ်ဘဲနေတဲ့အချိန် ငါ့ရင်တွေဘယ်လောက် နာကျင်ရလဲဆိုတာမင်းမသိဘူး။ မင်းတုံးတယ်။ မင်းတော်တော်တုံးတယ်သိလား"
   
သူရိန်စိုးသည် ကွယ်ဝှက်ထားသည့် ရင်တွင်းစကားတို့ကိုဖွင့်ဟရင်း ထက်အာကာ၏ပုခုံးကို လက်သီးဖြင့် တဘုန်းဘုန်းထုပစ်လိုက်ပါ၏။ မျက်ဝန်း၌ မျက်ရည်တွေလည်း ဝဲလို့နေလျက်။
    
မနက်က ထက်အာကာ သူ့ဆံပင်ကိုဖွစဥ်မှာ စိတ်ထဲသဘောကျမိပေမယ့်လည်း သူငယ်ချင်းတွေရှေ့မို့ ရှက်ရှက်ဖြင့် လက်ကိုပုတ်ချလိုက်တာဖြစ်သည်။
    
"တော်ပါတော့။ မင်းလက်လေးတွေ နာနေလိမ့်မယ်"
    
ထက်အာကာသည် သူရိန်စိုး၏ လက်သီးဆုပ်များကို ဖမ်းထားလိုက်သည်။ ထိုစဉ်မှာပင် ဘေးမှာရှိနေသည့် နှင်းမြတ်ပိုင်နှင့် နေအရောင်တို့ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
   
ထက်အာကာကတော့ ဘေးပတ်ဝန်းကျင်တွင် ဘယ်သူမျှမရှိသည့်အလား သူရိန်စိုး၏ခေါင်းလေးကို အသာဆွဲယူကာ သူ့ရင်ခွင်ထဲ မှီထားစေလိုက်သည်။
    
"ကိုယ်တောင်းပန်ပါတယ်။ ဟိုးအရင်က မင်းအပေါ် နိုင်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ မင်းကိုစိတ်ဆိုးဟန်ဆောင်နေရတဲ့အချိန် မင်းဝမ်းနည်းသလို ကိုယ်လဲဝမ်းနည်းရတယ်။ ဒါပေမယ့် ကိုယ်ကစပြီးမင်းကိုမချော့ချင်ဘူး။ ဘာလို့လဲဆိုတော့ မခေါ်ချင်သလိုလို ခေါ်ချင်သလိုလိုနဲ့ မင်းကိုယ့်ကိုလာချော့တာကို အရမ်းသဘောကျမိလို့။ အဲဒါကြောင့်... အဲဒါကြောင့်လေ... ကိုယ်မင်းကို ဘယ်လိုတောင်းပန်ရမှန်းတောင် မသိတော့ဘူးသူရိန်ရယ်။ ပြီးတော့ ကျေးဇူးတင်ပါတယ်"
    
"ဘာအတွက်လဲ"
    
"ကိုယ့်ကိုဒီလောက်အကြာကြီး စိတ်မပျက်ဘဲ ချစ်နေပေးတဲ့အတွက်"
   
နှစ်ဦးသားကြည်နူးနေစဉ်မှာပင် တဘုန်းဘုန်း ထုလိုက်သံကြောင့် သူရိန်စိုးသည် အနားမှာလူရှိတာကို သတိရပြီး ရှက်အမ်းအမ်းဖြင့် ထက်အာကာ၏ ရင်ခွင်မှခွာလိုက်သည်။ ထက်အာကာကတော့ အရှက်ပြေ ခေါင်းကုတ်ရင်းရယ်နေတော့သည်။
    
"အ... အ နာတယ် နှင်းမြတ်ပိုင်ရ"
   
နှင်းမြတ်ပိုင်တစ်ယောက် ထက်အာကာနှင့် သူရိန်စိုးကိုကြည့်ရင်း အသည်းယားလာတာကြောင့် ဘေးမှာရှိသည့် နေအရောင့်ကျောကုန်းကို ထုထည့်လိုက်ခြင်းဖြစ်သည်။
    
"ဘာဖြစ်တာလဲဟ။ အလန့်တကြားနဲ့ နာလိုက်တာ"
  
"ငါတော်တော် အသည်းယားလာပြီဟာ"
    
"ဘာလဲ အားကျနေတာလား"
    
"အားကျတာပေါ့လို့။ ဟိုမှာတစ်တွဲ ဒီမှာတစ်တွဲ"
    
နှင်းမြတ်ပိုင်သည် နေမဟော်တို့ဘက်ကို လက်ညှိုးထိုးပြလိုက် ထက်အာကာတို့ဘက်ကို ထိုးပြလိုက်လုပ်နေတာမို့ နေအရောင်တစ်ယောက် စနောက်ချင်စိတ်ကို ထိန်းမရတော့ပေ။
    
"အားကျရင်ငါ့ကိုယူလေ"
    
"မသာကောင်။ နင့်ကိုယူစရာလား။ ငါကငါ့ချစ်သူကို 'ကိုကို'လို့ခေါ်ပြီး ချွဲချင်တာ"
   
နှင်းမြတ်ပိုင်သည် နေအရောင့်ကို မျက်စောင်းထိုးကာ သူမ၏အတွေးကို ပြောပြလိုက်သည်။ နေအရောင်က သူမထက်ငယ်သည်မဟုတ်လား။ သူမက ကိုကိုသာ လိုချင်ပါသည်လေ။
   
"ရပါတယ် ညီမလေးရယ်။ ကိုကို့ကိုပဲယူလိုက်ပါ။ နေ့တိုင်းရုံးပတီသီးဟင်း ချက်ကျွေးပါ့မယ်။ ရေညှိဟင်းချိုချက်ပေးပါ့မယ်။ တရော်ကင်ပွန်းနဲ့လည်း ခေါင်းလျှော်ပေးပါ့မယ်"
   
"နေရောင်စုတ် ငါကနင့်ထက်ကြီးတယ်နော်"
    
"လပိုင်းလေးများ အဲဒါဆို'မ'က ကျွန်တော့ကို 'မောင်'လို့ခေါ်လေ"
    
"သေချင်းဆိုး... ငါ့ကိုစိတ်တိုအောင် လာလုပ်နေတယ်"

ထို့နောက်မှာတော့ နှင်းမြတ်ပိုင်တစ်ယောက် အေးအေးဆေးဆေး အတွဲချောင်းခွင့်မ‌ပေးဘဲ မပြီးနိုင်မစီးနိုင် စနောက်နေသည့် နေအရောင့်ကို လိုက်ရိုက်ပါတော့သည်။ နေအရောင်ကလည်း အလျှော့မပေးဘဲ အော်ရယ်ကာ အိမ်ထဲ၌ ပတ်ပြေးနေတော့သည်။
    
ရုတ်ရုတ်သဲသဲအသံတွေကြောင့် kitchen roomထဲရှိ နေမဟော်နှင့် ဘုန်းမြတ်ပိုင်တို့ လန့်သွားကာ လူချင်းခွာလိုက်သော်လည်း ထက်အာကာကတော့ ထိုအခွင့်အရေးကိုသုံးကာ ဘယ်သူမှမမြင်အောင် သူရိန်စိုး၏နှုတ်ခမ်းပေါ် အနမ်းတစ်ပွင့်ချွေလိုက်တာကိုတော့ အိမ်ထဲ၌ စိမ်ပြေးတမ်း ကစားနေသူနှစ်ဦးစလုံး မမြင်လိုက်ကြတော့ပေ။

**********

တစ်လခန့်ကြာသော်...
နေမဟော်တစ်ယောက် စားပွဲတင်နာရီမှ မြည်သံကြောင့် အိပ်ရာကနိုးလာခဲ့သည်။ ဆက်တိုက်မြည်နေသည့် alarmကိုလှမ်းပိတ်ပြီးနောက် ခြုံထားသည့်စောင်ကို ကိုယ်ပေါ်မှဖယ်ကာ ကုတင်ထက်မှဆင်းလိုက်သည်။
    
ထို့နောက် ပြတင်းတံခါးတို့ကို ဖွင့်လိုက်ကာ ဆားနံ့သင်းသင်းပါနေသည့် ပင်လယ်လေကို တစ်၀ကြီးရှူပစ်လိုက်သည်။ ပင်လယ်လေက ခပ်မြူးမြူးလေး တိုက်ခတ်နေပြီး ကမ်းခြေဘက်ကို မျှော်ကြည့်လိုက်တော့ လှိုင်းလုံးတွေက ကျောက်ဆောင်တွေဆီ တ၀ုန်း၀ုန်းရိုက်ခတ်နေသည်ကို တွေ့လိုက်ရသည်။
    
သူရောက်နေသည်က စက်စဲကမ်းခြေ။ ဒယ်ဒီက သည်မှာhotel ဖွင့်ထားသည်မို့ စာမေးပွဲဖြေပြီးတာနှင့် hotelလုပ်ငန်းကို ပြန်၀င်ကူရတာဖြစ်သည်။ ယခုဆို သူစက်စဲကိုရောက်နေသည်မှာ တစ်လခန့်ပင်ရှိလေပြီ။
    
ကမ်းခြေမှာ နေအပူရှိန်ကတဖြည်းဖြည်းမြင့်တက်လာပြီမို့ ဘောကွင်းများနှင့် ရေကူးသည့်သူတွေကူးနေကြသလို သောင်ပြင်မှာခရုလေးတွေ ကောက်တဲ့သူကကောက်နေကြသည်။ အချို့ကတော့ စက်ဘီးစီးနေကြပြီး နေမဟော့်အတွက်ကတော့ ယခုလိုအချိန်မှာသတိရမိသည်က ချစ်ရသောပိုင့်ကိုသာ။

သတိရတယ်ပိုင်ရယ်။ စာမေးပွဲဖြေပြီးသွားကတည်းက မတွေ့ဖြစ်ကြတာမို့ အရမ်းလွမ်းတယ်။ မတွေ့ဖြစ်ခဲ့တာ တစ်လလောက်တောင်ရှိခဲ့ပြီ။ ကိုယ်တစ်နေ့မှ မင်းကိုမေ့လို့မရဘူး။ အလုပ်အပေါ် ဘယ်လောက်ပဲ အာရုံစ်ိုက်ထားပါစေ။ မင်းကိုပဲတွေ့ချင်နေမိတယ်။ မင်းကိုပဲသတိရနေတယ်။ မင်းကိုပဲတမ်းတနေမိတယ်။
   
ပိုင်ရေအချစ်စစ်ဆိုတာ နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာကနေ အလိုလို ပေါက်ဖွားဖြစ်တည်လာတဲ့ ဖျက်ဆီးလို့မရသလို ဖန်တီးယူလို့လဲမရတဲ့ သဘာ၀ပုံဆောင်ခဲလေးပါတဲ့။ ကိုယ်မင်းကိုချစ်တဲ့ အချစ်ကလဲအဲဒီ့လိုပဲ ဘယ်တော့မှ၊ ဘယ်သူမှ ဖျက်ဆီးလို့မရဘူးဆိုတာ မင်းယုံကြည်ပါရဲ့လား။

ပြီးတော့ဒီလိုမျိုး သာယာလှတဲ့ ကမ်းခြေလေးမှာ မင်းရဲ့လက်ကလေးကိုင်ပြီး သဲသောင်ပြင်ပေါ်မှာသာ အတူလမ်းလျှောက်ခွင့် ရမယ်ဆိုရင် ဟောဒီ့ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဟာ ကိုယ်ပဲဖြစ်မယ်ထင်ပါရဲ့။
    
ချစ်ရသူထံ အတွေးစတို့လွင့်မျောနေစဉ်မှာပင် တံခါးခေါက်သံက ထွက်ပေါ်လာလေသည်။ နေမဟော်ရဲ့ အတွေးစတွေကို ဖျက်လိုက်သူကတော့ အခြားသူမဟုတ် မေမာယာပင်ဖြစ်သည်။ အခန်းတံခါးကိုသွားဖွင့်ပေးလိုက်တော့ မေမာယာသည် အခန်းထဲ၀င်လာပြီး ဆိုဖာခုံမှာထိုင်လိုက်သည်။
    
"နေ... ငါရေသွားကူးမလို့"
    
နေမဟော်သည် ချစ်ရသူအကြောင်းတွေးနေချိန်တွင် နှောင့်ယှက်ခံလိုက်ရတာကြောင့် အတော်‌‌လေးစိတ်တိုနေမိသည်။ ထို့ကြောင့်ခပ်တည်တည်သာ ပြန်ကြည့်ပြီးမေးလိုက်သည်။
    
"အဲဒီတော့..."
    
"ဟင်း… နင်ကလဲ ည၀တ်တောင် မလဲရသေးဘူး။ လဲတော့လေ ရေသွားကူးရအောင်"
    
"အလုပ်တွေ ရှုပ်လိုက်တာ"
    
"ဘာလဲ။ နင်က နင်တို့hotelမှာတည်းတဲ့ ဧည့်သည်ကို ဒီလိုပဲဆက်ဆံမလို့လား"
    
"ငါမအားဘူး။ ဒီနေ့နေရောင်လာမှာ သူ့ဧည့်သည်တွေလည်း ပါမယ်ပြောတယ်။ ဘုရားဖူးလာတာမို့ လိုက်ပို့ဖို့ကိစ္စတွေစီစဉ်ရဦးမှာ။ နင့်ဘာသာသွားကူးချည်။ သွားတော့ ငါရေချိုးမလို့"
   
နေမဟော်သည် ပါးစပ်ကလည်း‌ပြောနေသလို လက်ကလည်း လူကိုအခန်းအပြင်သို့ တွန်းထုတ်ကာ တံခါးကိုပိတ်ပစ်လိုက်သည်။
   
"နေ... ဟဲ့နေမဟော် ဟင်း... အမြဲတမ်းအဲဒီလိုချည်းပဲ"
   
နေမဟော်ကတော့ မေမာယာတစ်ယောက် မကျေမနပ်ဖြင့်ခြေဆောင့်ကာ ထွက်သွားသည့်အသံကို နားစွင့်ရင်း ပြုံးမိသည်။ ပုလင်းကွဲအ‌ကွေးကောင်မှန်းသိလျက်နှင့် ကျေကျေနပ်နပ်ကြီးကို အရှခံနေတဲ့ သူမကို သူသနားလည်းသနားမိပါသည်။
   
မေမာယာထွက်သွားမှ သူလည်းရေချိုးခန်းထဲ၀င်ကာ မျက်နှာသစ်၊ သွားတိုက်လိုက်သည်။ မကြာပါချေ ဖုန်းမြည်သံ ကြားလိုက်ရတာကြောင့် ခပ်မြန်မြန်လက်စသတ်ကာ ပြန်ထွက်လာပြီး ကြည့်လိုက်တော့ နေအရောင်‌ခေါ်တာဖြစ်သည်။
    
"အေးနေရောင် ဘယ်ရောက်ပြီလဲ"
    
"hotelရှေ့မှာရောက်နေပြီကိုနေ"
    
"အေးအေး ငါလာပြီ"
   
နေမဟော်သည် ၀တ်ထားသည့်ည၀တ်ကိုချွတ်ကာ သင့်တော်ရာအ၀တ်တစ်စုံကိုယူကာ အမြန်၀တ်လိုက်ပြီး ဧည့်ကြိုဌာနသို့ ဆင်းလာခဲ့သည်။
    
"good morningပါ သူဌေး"
   
"morningပါ"
   
နေမဟော်သည် ဧည့်ကြိုဌာနမှ ၀န်ထမ်းလေးများကို ပြန်လည်နှုတ်ဆက်လိုက်ရင်း ၀န်ထမ်းမိန်းကလေး ညွှန်ပြသည့်ဘက်ကို ကြည့်လိုက်တော့ နေအရောင်က လက်လှမ်းပြ‌နေသည်။ ဘေးမှာပါလာသည့် ဧည့်သည်ဆိုသူများကို ကြည့်မိချိန်မှာတော့ အံ့သြသွားရလေသည်။

"နှင်းမြတ်တို့ပါလား အာကာနဲ့သူရိန်လညိး ပါလာတာကိုး"
   
"ဟားဟား ဧည့်သည်ဆိုတာ ကျွန်တော်တို့ဖြစ်နေမယ်လို့ မထင်မိဘူးမလား"
    
"အင်းနေရောင်က သူငယ်ချင်းတွေပါမယ်မပြောဘဲ ဧည့်သည်တွေပါမယ်ဆိုတော့ ဒယ်ဒီ့မိတ်ဆွေတွေလို့ ထင်ထားတာလေ။ ဒါနဲ့ပိုင်ရော မပါဘူးလား"
   
နေမဟော်သည် မေးလည်းမေးရင်း မျက်လုံးက ဟိုဟိုဒီဒီလှမ်းကြည့်ကာ တစ်စုံတစ်ယောက်ကို ရှာနေတာကြောင့် နှင်းမြတ်ပိုင် ပြုံးလိုက်မိသည်။ နေမဟော်တစ်ယောက် ဟန်တောင်မဆောင်နိုင်ဘဲ မေးနေပြီမဟုတ်ပါလား။
    
"ကိုကိုကမပါလာဘူးကိုနေ။ ကုမ္ပဏီကိစ္စနဲ့မအားဘူးလေ။ ကြီးစုကိုကူညီနေရတာ"
    
"သြော်..."
   
မတွေ့ရတာကြာပြီမို့ တွေ့ချင်လှပါသော်လည်း မအားလပ်သည်မို့ ဘယ်တတ်နိုင်ပါမည်နည်း။ နေအရောင်လာပြီဆိုတော့ hotelကိစ္စအဝဝကို သူနဲ့လွှဲထားခဲ့ပြီး ရန်ကုန်ပြန်လို့ရတာပဲ ကိစ္စမရှိပါဘူးရယ်လို့သာ ဖြည့်တွေးရတော့သည်။
   
"ကိုနေ နှင်းတို့ကို အခန်းလိုက်ပြဦးလေ"
    
နေမဟော်သည် နှင်းမြတ်ပိုင်ပြောလိုက်သည့်စကား‌ကြောင့် အတွေးရေယာဉ်ထဲ နစ်နေသည်မို့မကြားပေ။ နောက်တစ်ကြိမ်ခေါ်တော့မှ သတိဝင်လာလေသည်။
    
"ငပိုင်မပါဘူးဆိုတာနဲ့ မျက်နှာကညှိုးကျသွားတာပဲ ကိုနေရယ်။ အဲဒီ့လောက်တောင်ချစ်တာလား..."
    
သူရိန်စိုးပြုံးစစဖြင့်မေးတော့ နေမဟော် ရှက်ရယ်ရယ်မိသည်။ ထိုအခါမှနှင်းမြတ်ပိုင်လည်း မနေနိုင်တော့ဘဲ ရယ်မိသွားပြီး နေမဟော်ပျော်သွားစေရန် ပြောလိုက်ပါသည်။
    
"ကိုကိုကလာမှာပါတဲ့ရှင်။ အတူလာဖို့ဘယ်လိုမှ အချိန်မရလို့ နောက်ကလိုက်လာမှာ။ နေ့လည်လောက်မှရောက်မှာ"

********
   
ကြိုတင်ပြီး booking လုပ်ပေးထားသည့်အခန်းတွေဆီသို့ အတူတူလျှောက်လာကြရင်း နေမဟော်က နေအရောင့်ကို လှည့်ကာမေးလိုက်သည်။
    
"နေရောင် မင်းမှာထားတဲ့အတိုင်း ၂ယောက်အိပ်နှစ်ခန်း စာရင်းသွင်းထားတာဆိုတော့ နှင်းမြတ်တို့မောင်နှမကတစ်ခန်း အာကာတို့ကတစ်ခန်းပေါ့။ ဒါဆိုမင်းကတော့ ငါ့အခန်းမှာပဲနေမှာမလား"
    
"အေးလေ သပ်သပ်အခန်းမယူထားဘူးမလား"
    
"အင်း"
    
"ဒီမှာအခန်းသော့ A-07က အာကာတို့အတွက် နှစ်ယောက်ခန်း။ A-06 က နှင်းမြတ်တို့မောင်နှမအတွက်။ ကိုယ့်အခန်းက B-06 နှင်းမြတ်တို့အခန်းရှေ့မှာလေ။ ကိစ္စရှိရင်ခေါ်နော်။ ကဲ နားလိုက်ကြဦး"
   
"ဟုတ်ကဲ့ကိုနေ အဲဒါဆို နှင်းတို့နားတော့မယ်နော်"
   
"လာချစ် ကိုယ်တို့လဲအိပ်… အိပ်... အား"
   
နှင်းမြတ်ပိုင်သည် သူတို့ကိုနှုတ်ဆက်ပြီး အခန်းထဲ၀င်သွားသည်။ ခရီးဆောင်အိတ်ကိုလက်ကဆွဲလျက် အခန်းထဲ၀င်ကာနီး ထက်အာကာတစ်ယောက်မှာတော့ စနောက်ပြောလို့ပင်မဆုံးသေး သူရိန်စိုးထံမှ ဗိုက်ခေါက်လိမ်ဆွဲခံလိုက်ရတာကြောင့် ထအော်ရလေတော့သည်။
    
"အဲဒါသူများတွေရှေ့မှာ နှာဗူးထချင်ဦး"
    
"ချစ်ကလဲ နာလိုက်တာကွာ..."
    
ထက်အာကာတစ်ယောက် မျက်နှာရှုံ့တွနေပြီး နာသွားသည့်သူ့ဗိုက်ကို ပွတ်နေရတော့သည်။ နေအရောင်နှင့် နေမဟော်လည်း သူတို့ကို နှုတ်ဆက်ပြီးနောက် အခန်းကိုပြန်လာခဲ့ကြလေသည်။
   
"ကဲချင်ရင်လဲ အခန်းထဲကျမှကဲကြတော့။ ငါတို့သွားပြီ"
    
"လာချစ် အခန်းထဲကျမှကဲမယ်"
   
"ရား... ထက်အာကာ"
    
သူရိန်စိုးတစ်ယောက် ရှက်လည်းရှက်၊ စိတ်လည်းတိုတိုနှင့် အော်လိုက်သော်လည်း ထက်အာကာကတော့ နည်းနည်းကလေးမှ စိတ်မဆိုးဘဲ သဘောကျဟန်ဖြင့်သာ အော်ရယ်နေပါတော့သည်။

*******