အခန်း ၆ အလွဲမှသည်အချစ်ဆီသို့
Viewers 2k

အခန်း ၆။ အလွဲမှသည် အချစ်ဆီသို့

နှင်းမြတ်ပိုင်သည် အခန်းထဲရောက်သည်နှင့် အိတ်များနေရာချပြီးနောက် ကုတင်ပေါ်ပစ်လှဲကာ နားလိုက်သည်။ ထို့နောက်မှာတော့ ဘယ်လိုအိပ်ပျော်သွားမှန်းပင် မသိလိုက်ဘဲ ဖုန်းမြည်သံ ကြားတော့မှနိုးလာတော့သည်။ ခေါ်သူနာမည်ကို ကြည့်လိုက်တော့ သူမ၏အစ်ကို။
   
"Hello ညီမလေး ကိုကိုhotelရှေ့ရောက်ပြီ"
   
"ဟုတ်ဒုတိယထပ်ကို တက်လာခဲ့ကိုကို အခန်းနံပါတ်က 06 နော်"
    
"ok ok လာပြီ"
    
"Hello hello ကိုကို ဟာ... အခန်းAဆိုတာတောင် မပြောလိုက်ရဘူး ဖုန်းချတာမြန်လိုက်တာ။ တော်ကြာ အခန်းမှား၀င်နေမိဦးမယ်"
    
နှင်းမြတ်ပိုင် တစ်ယောက်ထဲရေရွတ်မိရင်း ဖုန်းကိုစားပွဲပေါ်လှမ်းတင်လိုက်သည်။ အခန်းမှားလျှင်လည်း ကိစ္စမရှိပါလေ။ အရှေ့ခန်းက နေမဟော်တို့အခန်း မဟုတ်ပါလား။

********
    
ရာသီဥတုသာယာတာမို့ ညီအစ်ကိုနှစ်ယောက် ကမ်းခြေမှာ ရေသွားကူးဖြစ်ကြသည်။ နေမဟော်ကတော့ ဒီနေ့လည်လောက်မှာ ဘုန်းမြတ်ပိုင် ရောက်မည်ဆိုတာကြောင့် ခဏသာရေကူးပြီးပြန်လာခဲ့သည်။ ပင်လယ်ပျော်ကြီး နေအရာင်ကတော့ ကျန်နေခဲ့‌လေသည်။
   
နေမဟော်တစ်ယောက် သူ့အခန်းထဲကရေချိုးခန်းတွင် ရေချိုဖြင့်ပြန်ချိုးနေစဉ်မှာ တံခါးခေါက်သံကြားတာကြောင့် နေအရောင်ပြန်လာပြီဟု တွေးမိလိုက်သည်။ ထို့ကြောင့် တဘတ်တစ်ထည် ခါးမှာပတ်ကာထွက်လာပြီး တံခါးဖွင့်ပေးတော့ အ၀မှာရပ်နေသူကြောင့် အံ့သြသွားရလေသည်။
   
"ဟာ... ပိုင်"
   
"အာ... ကိုနေ ညီမလေးအခန်းထဲ ဘယ်လိုရောက်နေ..."
    
ဘုန်းမြတ်ပိုင်တစ်ယောက် ပြောပြီးပြီးချင်းပင် မျက်နှာလွှဲထားလိုက်မိသည်။ နေမဟော့်ခါးတွင် တဘတ်တစ်ထည်သာ ပတ်ထားသည်မဟုတ်ပါလား။

*******

ဘုန်းမြတ်ပိုင်သည် ညီမဖြစ်သူထံဖုန်းဆက်ပြီးနောက် ဒုတိယထပ်သို့ တက်လာရင်း အခန်းနံပါတ်များကို ရေတွက်ကာ 06 ကိုရှာလာလိုက်သည်။
   
ညီမဖြစ်သူ၏အခန်းအမှတ်ဖြင့် တံခါးခေါက်လိုက်တော့ လာဖွင့်ပေးသည်မို့အခန်းထဲ၀င်ရန် ခြေလှမ်းပြီးမှ တံခါးလာဖွင့်သူ‌ကြောင့် အံ့သြသွားရသည်။
    
"ဟာ... ပိုင်"
    
"အာ... ကိုနေပါလား ညီမလေးအခန်းထဲ ဘယ်လိုရောက်နေ..."
    
ဘုန်းမြတ်ပိုင်သည် ပြောပြီးပြီးချင်းပင် မျက်နှာလွှဲထားလိုက်မိသည်။ နေမဟော့်ခါးတွင် တဘတ်တစ်ထည်သာ ပတ်ထားသည်မဟုတ်ပါလား။ သို့သော်လည်း တောင့်တင်းသော နေမဟော်ရဲ့ခန္ဓာကိုယ်က သူ့မျက်၀န်းထဲမှာ ပြန်မြင်ယောင်မိနေသည်။
    
အားကစားလိုက်စားသူမို့ထင်ရဲ့။ ကြွက်သားများမှာ တောင့်တင်းလှပြီး ရင်ဘတ်တွင်လည်း အမွှေးနုလေးများ ခပ်ရေးရေးရှိနေသည်။ သူ့ကိုယ်ပေါ်မှာတော့ ရေစက်လေးများက ခိုသီးကာနေသည်။ ခါးမှာ၀တ်ထားသည့် တဘတ်ကတော့ ခပ်လျော့လျော့မို့ ပြေကျလုလု။ အခုနေများပြေကျသွားခဲ့ရင် ဒုက္ခပဲ။
    
အာ... ငါဘာတွေတွေးနေတာလဲ။

ဘုန်းမြတ်ပိုင်သည် ခေါင်းထဲ၀င်လာသည့် မဟုတ်မဟတ် အတွေးများကြောင့် ခေါင်းကိုခါယမ်းပစ်မိတော့သည်။ တစ်ချိန်တည်းမှာပင် ရယ်သံကြားလိုက်တာကြောင့် ဘာရယ်တာလဲဟု မေးရန်လှည့်ကြည့်ပြီးမှ ပြန်လည်ကာ မျက်နှာလွှဲရပြန်သည်။
    
"ရှက်နေတာလေးက ချစ်ဖို့ကောင်းလိုက်တာ"
    
"ခင်ဗျားနော် ဘယ်သူကရှက်တယ်ပြောလို့လဲ"
   
"အဲဒါဆို ကိုယ့်ကိုတည့်တည့်ကြည့်"
   
နေမဟော်သည် ပြောရင်းဆိုရင်း သူ့ပခုံးပေါ် လက်တင်လိုက်တာ‌ကြောင့် ဘုန်းမြတ်ပိုင်၏စိတ်ထဲ ရှိန်းခနဲဖြစ်သွားမိသည်။
    
"မကြည့်ပါဘူး"
    
"ကိုယ့်မျက်နှာကိုကြည့်ဆို"
    
"မကြည့်ဘူး"
    
"ရော် ခက်တော့နေပါပြီကွာ..."
   
နေမဟော်သည် သဘောတကျရယ်လိုက်ရင်း ဘုန်းမြတ်ပိုင်၏ မေးစေ့လေးကိုကိုင်ကာ မျက်နှာနှစ်ခုကို နီးကပ်စေလိုက်သည်။ ထို့နောက် နှုတ်ခမ်းပါးနှစ်ခုသည် တစ်သားတည်း။
    
"အာ... ခင်ဗျား"
    
"second kiss"
    
ဘုန်းမြတ်ပိုင် ပို၍ရှက်သွားရသည်။ အရင်ကေတော့ သူခွင့်မပြုလျှင် မနမ်းတော့ပါဟုကတိပေးထားပြီး အခုတော့ ခွင့်ပြုလျက်မတောင်းဘဲ အနမ်းတစ်ပွင့် ချွေလိုက်ပြန်ပြီ။ ဘုန်းမြတ်ပိုင်သည် စိတ်ထဲကမကျေမနပ်ပြောနေရင်း ပါးစပ်ကပါ လွှတ်ခနဲထွက်သွားသည်က...
    
"အလကား ကတိမတည်တဲ့လူကြီး ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့"
    
"တွတ်ပွတွတ်ပွနဲ့ ကိုယ့်ကိုကျိန်ဆဲနေတာတော့ မဟုတ်လောက်ပါဘူးနော်"
    
သူ့အမေးကိုပြန်မဖြေဘဲ မျက်နှာကို စူပုတ်ပုတ်လုပ်ထားတော့ နေမဟော်တစ်ယောက် ထပ်မရယ်ဘဲမနေနိုင်တော့ပါ။
    
"ဘာရယ်တာလဲ"
    
"ဒီလောက် ချစ်စရာကောင်းတဲ့ မျက်နှာလေးကို လွမ်းနေခဲ့တာ။ စလိုက်တိုင်းရန်တွေ့တတ်တဲ့ အသံလေးကိုရောပဲ"
   
နေမဟော်သည် ပြောရင်းဆိုရင်းပင် ဘုန်းမြတ်ပိုင်ကို သူ့ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။ ဘုန်းမြတ်ပိုင်မှာတော့ ရှက်ရှက်နှင့်ရုန်းလေ ပိုပြီးတင်းကျပ်စွာ ဖက်ထားခံရလေ ဖြစ်နေတော့သည်။
    
"ဘာလုပ်တာလဲ"
    
"ငြိမ်ငြိမ်နေ။ တစ်လလုံးစုထားတဲ့ အလွမ်းတွေ အခုမှစုဗူးဖောက်ရတာ"
   
နေမဟော့်စကားဆုံးတော့ ဘုန်းမြတ်ပိုင်လည်း သူ့ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေးနေမိရင်း ကိုယ်သင်းရနံ့တို့ကို ရှူရှိုက်နေမိသည်။ ရေစိုနေသည့် ခန္ဓာကိုယ်သည် အေးနေရမည်ဆိုသော်လဲ သူ့အတွက်တော့ နွေးထွေးနေသယောင်။

"ကိုယ့်ကိုရောမလွမ်းဘူးလား"
    
"..."
    
"ကိုယ့်မှာသာ တစ်လလုံးလုံးလွမ်းနေရတာ။ ပိုင်ကတော့ ကိုယ့်ကိုမလွမ်းမှန်း သိပါတယ်။ ကိုယ်နားလည်ပါတယ်။ နေမဟော်ဆိုတဲ့ကိုယ်က လွမ်းနေရုံလေးနဲ့တင် ကျေနပ်နေရတဲ့သူပါ"
   
မလွမ်းဘူးလားဟူသည့်အမေးစကားကို ပြန်မဖြေဘဲနေသည်မို့ နေမဟော်တစ်ယောက် အားလျော့နေဟန်ဖြင့်ဆိုမိသည်။ ရင်ခွင်အတွင်းမှ ဘုန်းမြတ်ပိုင်ကတော့ ကြိတ်ကာပြုံးလျက်။
    
"ဘယ်သူပြောလဲ။ မလွမ်းဘူးလို့"
    
"ဟင်"
    
နေမဟော်သည် ရုတ်တရက် ကြားလိုက်ရသည့်စကားကြောင့် အံ့သြမိသွားကာ ဘုန်းမြတ်ပိုင်၏ ပုခုံးကိုဆုပ်ကိုင်ပြီး သူ့ရင်ခွင်မှခွာလိုက်သည်။

"ပိုင်... မင်းပြောတာက..."
    
"အင်း... ကျွန်တော်လဲ ခင်ဗျားကိုလွမ်းနေတာ"
    
ဘုန်းမြတ်ပိုင်သည် ရှက်နေသော်ငြား သူ့‌ခေါင်းကိုမော့လိုက်သည်။ နေမဟော့်မျက်နှာမှာတော့ မျှော်လင့်ချက်ရောင်ခြည်တို့ ယှက်သမ်းလျက်။
   
"ဒီတစ်လလုံးလုံး နေ့ရက်တိုင်း နာရီတိုင်းမိနစ််တိုင်း ကျွန်တော်ခင်ဗျားကိုပဲ သတိရနေမိတယ်။ ခင်ဗျားကိုပဲတွေ့ချင်နေမိတယ်။ ခင်ဗျားကိုပဲ တမ်းတနေမိတယ်။ ကျွန်တော်လေ ခင်ဗျားကိုတစ်ကယ်... တစ်ကယ်ပဲ ချစ်မိသွားပြီထင်တယ်"
    
"ဟား... ပိုင်ရယ် ကိုယ်၀မ်းသာလိုက်တာ"
  
နေမဟော်သည် ဘုန်းမြတ်ပိုင်၏ နဖူးလေးထက် မြတ်နိုးစွာနမ်းရှိုက်လိုက်ပြီးနောက် ရင်ခွင်ထဲမြုပ်နေအောင် ဖက်ထားလိုက်သည်။ ဘုန်းမြတ်ပိုင်သည်လည်း ပြန်လည်ကာဖက်ထားရင်း ကြွက်သားအပြည့်ဖြင့် ရင်ဘတ်ကြီးကို ခိုးကာနမ်းရှိုက်လိုက်တော့သည်။
    
"ကိုယ့်ကိုချစ်လား"
   
ဘုန်းမြတ်ပိုင်သည် နေမဟော်၏အမေးကို ပြန်မဖြေဘဲ ခေါင်းငြိတ်ပြလိုက်သည်။ သို့သော်လည်း နေမဟော်က ပါးစပ်မှဖြေတာ ထပ်မံကြားချင်ပါသည်ဟု ဆိုတာမို့ ယခင်ကတည်းက ခေါ်လိုသည့် နာမ်စားလေးအတိုင်း "အင်း ကိုကို့ကိုအရမ်းချစ်တယ်"ဟုဖြေမိတော့ နေမဟော် နှလုံးသားတစ်ခုလုံး တဆတ်ဆတ်လှုပ်ခါသွားရသည်။
    
"ဟား… ကိုကိုတဲ့။ က်ိုယ့်ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာကွာ"
    
"ကိုကို"
    
"ဗျာ"
    
"ကိုကိုလို့"
    
"ဗျာ"
    
"ကိုကို... ကိုကို"
    
"ဗျာဗျ... ကိုယ့်ကလေးလေး..."
    
"ကျွန်တော့်ကို ဘယ်တော့မှ မထားခဲ့ရဘူးနော်"
    
"အင်းဘယ်တော့မှ လက်တွဲမဖြုတ်ဘူး"
    
"ဒါဆို မျက်လုံးမှိတ်"
   
"ဘာလို့"
    
"မှိတ်ပါလို့ဆို"
    
ဘုန်းမြတ်ပိုင်သည် နေမဟော်၏မျက်လုံးတစ်စုံ မှိတ်သွားတော့မှ ခြေဖျားလေးထောက်ကာ ပါးပြင်ပေါ်ခပ်ဖွဖွ မွှေးကြူလိုက်သည်။ ထို့နောက်မှာတော့ နေမဟော့်မျက်လုံးတစ်စုံဟာ ဖျတ်ခနဲပြန်လည်ပွင့်လာပြီး အံ့အားသင့်ကာ ကြည့်နေလေတော့သည်။
   
"ကျွန်တော့်ကိုအကြာကြီး ချစ်နေပေးလို့ဆုချတာ"

နှစ်ဦးသားရယ်မောရင်း ချစ်ကြောင်းမြတ်နိုးကြောင်း ဖွင့်ဟ၀န်ခံနေကြသည့် ချစ်ခင်စချစ်သူနှစ်ဦးကို ကြည့်နေသည့် ဒေါသမျက်၀န်းတစ်စုံ ရှိနေသည်ဆိုတာကိုတော့ သူတို့နှစ်ယောက်စလုံး သတိမထားမိခဲ့ကြပါ‌‌ချေ။

********
   
မေမာယာသည် နေ့လည်စာစားချိန်ရောက်ပြီမို့ အတူတူစားရန်‌ခေါ်ဖို့ရာ နေမဟော့်ဆီလာခဲ့သည်။ သို့သော်လည်း တံခါးမပိတ်ထားသည့် အခန်းထဲကမြင်ကွင်းတို့က သူမ၏မခံချင်စိတ်တို့ကို နှိုးဆွနေသည်။
   
ငါနင့်ကို ဆုံးရှုံးလိုက်ရပြီလား။ နင့်ရင်ခွင်ထဲမှာ တခြားယောကျ်ားတစ်ယောက်ကို ခိုလှုံခွင့်ပေးလိုက်ပြီပေါ့။ နင့်ရင်ခွင်ကငါ့အတွက် မဖြစ်နိုင်တော့ဘူးပေါ့။
    
ဟင့်အင်းငါနင့်ကို အဆုံးရှုံးမခံနိုင်ဘူး။ နင်ငါ့ဆီပြန်ရောက်လာဖို့ ငါဘာမဆို လုပ်ရတော့မယ်'နေ'။ နင်စောင့်နေပါ။ ငါနင်တို့အချစ်ကို ရအောင်ခွဲပြမယ်။ နင်ကငါ့အတွက်ပဲဖြစ်ရမယ် နေမဟော်။

မေမာယာ၏မျက်နှာသည် ဒေါသကြောင့်နီရဲနေပြီး အသားများပင် တဆတ်ဆတ်တုန်နေသည်။ အခန်းရှေ့၌ လူရောက်နေသည်ကိုပင်မသိဘဲ မိုးမမြင်လေမမြင် တစ်ယောက်နှင့်တစ်ယောက် ကြင်နာနေကြသည်မို့ သူမသည်းမခံနိုင်တော့ဘဲ အခန်းထဲ ၀င်သွားလိုက်တော့သည်။
    
"ဒါကဘယ်လိုတွေဖြစ်နေကြတာလဲ"
    
နေမဟော်သည် မေမာယာရုတ်တရက်ရောက်လာခြင်းကြောင့် ကြောင်သွားမိပြီး ထိုအချိန်မှာပင် လက်ဖဝါးတစ်ဖက်က ဘုန်းမြတ်ပိုင်၏ ပါးပြင်ထံသို့ မြည်သံအကျယ်ကြီးနှင့် ကျရောက်သွားရသည်။
    
"နင့်မှာ အရှက်မရှိဘူးလားဟမ်"
   
"မေ... မာ... ယာ..."
    
"နင်၀င်မပါနဲ့"
    
နေမဟော်သည် ရိုက်ချက်နှင့်အတူ လည်ထွက်သွားသည့် ဘုန်းမြတ်ပိုင်၏မျက်နှာကိုမြင်ပြီး ဒေါသဖြင့်အော်လိုက်တော့သည်။ သို့သော်မေမာယာကလည်း ပြန်အော်လိုက်ပြီး သူမလက်က ဘုန်းမြတ်ပိုင်၏ ပါးနုနုထံသို့နောက်တစ်ကြိမ် ရိုက်ရန်ဟန်ပြင်စဉ်မှာပဲ ဖြန်းခနဲအသံထွက်လာသည်။
    
သည်တစ်ခါ အရိုက်ခံလိုက်ရသူက မေမာယာ။ နေမဟော်သည် ဘုန်းမြတ်ပိုင်ကို ရိုက်ရန်ဟန်ပြင်သည့် လက်ကိုဖမ်းဆွဲထားလိုက်ပြီးနောက် သူမကို ပြန်ရိုက်လိုက်တာဖြစ်သည်။
    
"နေ... နင်ငါ့ကိုရိုက်တယ်"
    
"အေးရိုက်တယ်။ ကလေးကငါ့ချစ်သူ။ သူ့ကိုနင်ထိစရာ အကြောင်းမရှိဘူး"

"ချစ်သူဟုတ်လား။ ငါကနင့်ဇနီးလောင်းပါနေရဲ့"
    
"နင်တော်လိုက်တော့မေမာယာ။ နင့်ကိုငါဘယ်တုန်းကမှ လက်ထပ်မယ်လို့ မပြောခဲ့ဖူးဘူး"
   
နေမဟော့်စကားကို သူမ မနာနိုင်သလို ဂရုလည်းမစိုက်နိုင်သေး။ အခုအချိန်မှာ သူမ၏ဒေါသတို့က ဘုန်းမြတ်ပိုင်ထံသို့သာ ဦးတည်နေသည်။
    
"နင်မရှက်တတ်ဘူးလား ဟမ်။ ယောကျ်ားလေးချင်း ကြိုက်ရတယ်လို့ နည်းနည်းလေးမှ အရှက်မရှိဘူးလား"
    
"ရှင်ကမှ အရှက်မရှိတာပါ"

စကားသံနှင့်အတူ အခန်း၀တွင် ပေါ်လာသည်က နှင်းမြတ်ပိုင်။
    
"ညီမလေး..."
   
ဘုန်းမြတ်ပိုင်သည် နာကျင်နေသည့် ပါးတစ်ဖက်ကို လက်ဖြင့်အုပ်လိုက်ရင်း ညီမဖြစ်သူကို ခေါ်လိုက်မိသည်။ နှင်းမြတ်ပိုင်လည်း ဘုန်းမြတ်ပိုင်အနားကိုအမြန်သွားကာ အုပ်ထားသည့် လက်ကိုဆွဲဖယ်လိုက်တော့ ဘုန်းမြတ်ပိုင်က မလွှတ်ပေးဘဲ အုပ်မြဲအုပ်ထားသည်။
   
နေမဟော်ကိုယ်တိုင် အားနှင့်ဆွဲဖယ်လိုက်တော့မှ မြင်လိုက်ရသည်က ဖြူဖွေးသောပါးပြင်ပေါ်မှာ လက်ငါးချောင်းရာက နီရဲကာထင်းနေသည်။ နေမဟော် ဒေါသပိုထွက်သွားရပြီး တောက်ခတ်ကာ မေမာယာ့ကိုလှည့်အကြည့်မှာ ဘုန်းမြတ်ပိုင်က ဆွဲထားကာခေါင်းခါပြလေသည်။ သူကြောင့်နှင့် အချင်းမများစေချင်ပါ။
    
ထိုအချိန်မှာပင် ရုတ်ရုတ်သဲသဲအသံတွေကြောင့် သူရိန်စိုးနှင့် ထက်အာကာတို့ပါ ရောက်လာကြတော့သည်။ နှင်းမြတ်ပိုင်ကတော့ ရန်တွေ့ကောင်းနေဆဲ။
   
"ကျွန်မအစ်ကိုက အရှက်မရှိတာတဲ့လား။ ကိုယ့်ကိုမချစ်ပါဘူးဆိုတဲ့ ယောကျာ်းတစ်ယောက်ကို သူချစ်တဲ့သူနဲ့ ပြိုင်ပြီးလုနေတဲ့ ရှင်ကမှ အရှက်မရှိတာမဟုတ်ဘူးလား"
    
"နင်... နင်..."
    
"ဟက်… ဘာလဲ ပြန်မပြောနိုင်တော့ဘူးမလား"
    
"နေက ငါ့ခင်ပွန်းလောင်းဟဲ့။ သူကအချိန်တန်ရင် ငါနဲ့ပဲလက်ထပ်ရမှာ"
    
"ခင်ပွန်းလောင်းတဲ့လား။ ရယ်ရတယ်နော်။ ရှင့်မှာသတ္တိရှိရင်ပြောလိုက်လေ။ တစ်နေ့ကျ ကိုနေကရှင့်ကိုလက်ထပ်မှာလို့ ရဲရဲဝံ့ဝံပြောလိုက်လေ"
    
နှင်းမြတ်ပိုင်သည် နှုတ်ခမ်းကိုမဲ့ကာပြောရင်း မေမာယာ့အနားသို့ တဖြည်းတိုးကပ်သွားတာကြောင့် ဘုန်းမြတ်ပိုင်လှမ်းဆွဲထားလိုက်ရသည်။
    
"တော်ပါတော့ညီမလေးရယ်"
    
"အေး ငါထပ်ပြောလိုက်မယ်။ နေမဟော်က ငါ့အပိုင်ပဲ။ သူငါ့ကိုပဲ လက်ထပ်ရလိမ့်မယ်"
    
"မေမာယာ နင့်ပါးစပ်ပိတ်ထား။ ငါနင့်ကိုတစ်ခုခု မလုပ်မိခင် နင်သွားတော့ သွား..."
   
နေမဟော်သည် တစ်စက်မှအလျှော့မပေးဘဲ မျက်နှာကိုမဲ့ရွဲ့ကာပြောနေသည့် သူမကို အော်လိုက်တော့မှ မေမာယာလည်း မကျေမနပ်နှင့်ထွက်သွားလေတော့သည်။
    
"ငပိုင် ဘာဖြစ်သွားသေးလဲ"
    
"ရပါတယ်ဘာမှမဖြစ်..."
    
"ကျစ်... ဘာလို့ဘာမှမဖြစ်ရမှာလဲ။ ဒီလောက်တောင် လက်ရာကြီးရဲနေတာကို"
    
ထက်အာကာသည် သူရိန်စိုး၏အမေးစကားကို ဘာမျှမဖြစ်ပါဟုဆိုနေသူကြောင့် ဒေါသထွက်ကာ ကျစ်ခနဲစုတ်သပ်မိတော့သည်။ နေမဟော်ကတော့ အခန်းထဲမှ ဆေးသေတ္တာကို သွားယူကာ ဆေးထည့်ပေးနေသည်။
    
"အ... နာတယ်ကိုကို"
    
"sorry ကလေး ကိုယ်စိတ်တိုနေလို့ ဖိလိမ်းမိသွားတာ။ ဖြည်းဖြည်းလိမ်းပေးမယ်နော် နာရင်ပြော"
    
"ဟုတ် မေမာယာလဲနာသွားမှာပဲ။ ကိုကို့အားကြီးနဲ့ ရိုက်လိုက်တဲ့ဟာကို"
    
ဘုန်းမြတ်ပိုင်သည် နေမဟော်ဆေးလိမ်းပေးသည့်အတိုင်း ငြိမ်ခံနေရင်းမှ မေမာယာ့အတွက် အမှန်တစ်ကယ်ပင် စိတ်မကောင်းဖြစ်မိသည်။ တစ်ကယ်ဆို သူကလည်း သူတစ်ပါး၏ခင်ပွန်းလောင်းကို လုယူမိသလို ဖြစ်နေခဲ့သည် မဟုတ်ပါလား။
    
"ကိုယ့်ကလေးလေးက ဖြူစင်လိုက်တာ။ အသားနာအောင် လုပ်သွားတဲ့သူကိုတောင် စိတ်ပူပေးနေသေးတယ်။ နာပါစေပေါ့ ကိုယ့်ကလေးကို ရိုက်တာတော့သည်းမခံနိုင်ပါဘူး"
   
"ဟုတ်တယ်ငပိုင်။ ဖြစ်နိုင်ရင် ငါပါ၀င်ရိုက်လိုက်ချင်သေး"
    
သူရိန်စိုးသည် မျက်နှာကိုမဲ့ကာရွဲ့ကာဖြင့် ရိုက်သည့်အမူအရာလုပ်ပြတော့ ထက်အာကာက လက်က်ိုလှမ်းဆွဲထားသည်။
    
"မရိုက်ရပါဘူး။ ကိုယ့်သူရိန်လေး လက်နာမှာပေါ့။ ရိုက်ချင်းရိုက် ကိုယ်ပဲရိုက်ပေးမယ်"
    
ဘုန်းမြတ်ပိုင်ကတော့ တစ်ချက်စီ အရိုက်ခံရတာချင်းအတူတူကို ကိုယ့်ဘက်မှနာနေကြသည့် သူငယ်ချင်းတွေကြောင့် နာကျင်နေသည့်ကြားမှ ပြုံးရပြန်သေးသည်။
    
"ကိုကိုသာ ကိုယ့်ဒဏ်ရာကိုယ် ဂရုစိုက်ပါ။ ညီမလေးကဖြစ်နိုင်ရင် သူ့ကိုအသေပါသတ်ချင်တာ"
    
ဘုန်းမြတ်ပိုင်တစ်ယောက်မှာတော့ ညီမဖြစ်သူ၏ ဒေါသကြီးပုံကိုကြည့်ရင်း ခေါင်းသာခါမိတော့သည်။
  
"ညီမလေးကလည်း ဒေါသကြီးလိုက်တာ"
    
"ညီမလေးက ဒေါသကြီးတာမဟုတ်ဘူး ကိုကိုကဖြူစင်လွန်းနေတာ။ ဘယ့်နှယ်ကိုယ့်ပါးကို ရိုက်သွားတဲ့သူကိုများ စိတ်ပူပေးနေတယ်တဲ့။ ပြောကိုမပြောချင်ဘူး။ ကိုနေ... မေမာယာပြောသွားတာတွေက အမှန်တွေပဲလား"
    
"ဟုတ်တယ် နှင်းမြတ် အမှန်တွေပဲ"
    
"နေရောင်…"
    
နှင်းမြတ်ပိုင်၏ အမေးစကားကို ဖြေလိုက်သည့်အသံနှင့်အတူ အခန်းထဲသို့၀င်လာသည်က နေအရောင်သည် နေမဟော်ကမပြောစေချင်သည့်ဟန်ဖြင့် တားလိုက်တာ‌ကြောင့် လက်ကာပြလိုက်သည်။
    
"ပြောရမယ်ကိုနေ။ ငပိုင်လည်း သိထားသင့်တယ်မဟုတ်လား။ ဟုတ်တယ်ငပိုင် ယာနဲ့ကိုနေက စေ့စပ်ထားတာ။ ဒါပေမယ့်မိဘတွေဆန္ဒနဲ့ပါ။ ကို့နေ့ဆန္ဒတော့မပါဘူး"


"ဟုတ်တယ်ကလေး။ ဘယ်လိုအခက်အခဲတွေရှိရှိ ကိုယ်ကလေးကို လက်ထပ်နိုင်အောင်ကြိုးစားမယ်။ ကလေးကိုယ့်ကို ယုံတယ်မဟုတ်လား"
   
ဘုန်းမြတ်ပိုင်သည် နေမဟော့်အမေးစကားကို ယုံကြည်စွာပင် ခေါင်းညိတ်ပြလေသည်။ နေမဟော် သူ့ကိုမည်မျှချစ်သည်ဆိုတာ ဘေးလူတွေပင် အသိမဟုတ်ပါလား။
    
"စိတ်ချငပိုင်ရေ။ ငါကလည်း ကိုနေနဲ့ယာ့ကို လက်မထပ်စေချင်ပါဘူး"
    
"ဘာလို့လဲ နေရောင်"
    
"သူကယာ့ကိုကြိုက်နေတာလေ"
    
"ဟင်..."
   
ဘုန်းမြတ်ပိုင်သည် နေမဟော်ကြားမှဝင်ဖြေသည်ကိုကြားတော့ အံ့သြသွားမိသည်။ ထိုစဉ်မှာပင် နေအရောင်က အားနာစွာဖြင့် ပြောလာလေသည်။
    
"အဲဒါကြောင့် ငါယာ့အစားမင်းကိုတောင်းပန်ပါတယ်"
    
"ရပါတယ်။ သူလဲရုတ်တရက် ခံစားရမှာပေါ့။ ငါနားလည်ပါတယ်"
    
"ကျေးဇူးတင်ပါတယ်ကွာ"
    
"ရပါတယ် ငါနားလည်ပါတယ်"
    
နေအရောင်သည် ဘုန်းမြတ်ပိုင် နားလည်ပေးတာကြောင့် စိတ်ပေါ့သွားကာ ပြုံးလိုက်မိသည်။ အရာအားလုံး အဆင်ပြေသွားသယောင်ထင်ရပေမဲ့ ဒါဟာမုန်တိုင်းတစ်ခုရဲ့ အစဆိုတာကိုတော့ သူတို့အားလုံးမရိပ်မိခဲ့ကြပါချေ။

*******

မေမာယာသည် ဘုန်းမြတ်ပိိုင်နှင့် ပြဿနာဖြစ်ပြီးနောက် ရန်ကုန်သို့ချက်ချင်းပြန်လာခဲ့သည်။ နောက်တစ်နေ့နံနက်တွင် နေမဟော့်အဖေဖြစ်သူ ဦးမင်းမဟော်ထံ ဖုန်းဆက်လိုက်ကာ ဖြစ်ခဲ့သမျှကိစ္စတွေကို လူချင်းတွေ့ပြီးပြောရန် ခွင့်တောင်းခဲ့လိုက်သည်။ ချိန်းထားသည့် ကော်ဖီဆိုင်သို့ရောက်တော့ ဆိုင်ထဲသို့၀င်သွားလိုက်သည်။
    
"အန်ကယ်လ် စောင့်နေရတာကြာပြီလား"
   
မေမာယာသည် ဦးမင်းမဟော်ကို နှုတ်ဆက်ပြီးနောက် မျက်နှာချင်းဆိုင်ခုံ၌ ၀င်ထိုင်လိုက်တော့ ဦးမင်းမဟော်က သူမကိုပြုံးပြလာသည်။
    
"မကြာသေးဘူးသမိီး။ အန်ကယ်လ်လဲ အခုလေးတင်ပဲရောက်တာ။ တစ်ခုခုမှာဦးလေ"
    
"ဟုတ်အန်ကယ်လ်"
    
သူမတို့စကားပြောနေစဉ်မှာပဲ စားပွဲထိုးလေးတစ်ယောက် အနားရောက်လာတာကြောင့် သူမကorange juceနှင့် cakeပဲ မှာလိုက်သည်။
    
သည်ဆိုင်က coffee shop ဆိုသော်လဲ ice-creamတို့ juice တို့ပါရပြီး ဆိုင်အပြင်အဆင်လေးက သေသပ်တာကြောင့် သူမ မကြာခဏလာတတ်သည့် ဆိုင်လေးပင်ဖြစ်သည်။
    
"ဘာတွေဖြစ်ကြတာလဲသမီး"
   
ဦးမင်းမဟော်မေးတော့ မေမာယာလည်း "ဒီလိုပါ အန်ကယ်လ်"ဟု အစချီကာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်အားလုံးကို အတိုချုံ့ကာ ရှင်းပြလိုက်သည်။ သူမထင်သည့်အတိုင်း ဦးမင်းမဟော်၏ ဒေါသတို့သည် ပေါက်ကွဲလုလုအခြေအနေပင် ရောက်သွားရသည်။
    
"တောက်... ဒီကောင် တော်တော်မွှန်နေပြီပဲ"
    
"အဲဒါသမီး ဘယ်လိုဆက်လုပ်ရမှာလဲ အန်ကယ်လ်။ သမီးကတော့ နေ့ကိုတခြားသူလက်ထဲ မထည့်နိုင်ဘူး"
    
"စိတ်ချသမီး ဒီကောင်သမီးကိုပဲ လက်ထပ်ရမှာပါ။ ဒါပေမဲ့အန်ကယ်လ်တို့ လောလို့မဖြစ်ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ လှုပ်ရှားမှဖြစ်မယ်"
    
"အန်ကယ့်လ်မှာ အကြံရှိလို့လား"
    
"အကြံထုတ်ရမှာပေါ့ သမီးရယ်။ စိတ်အေးအေးထားပါ"
    
"မထားနိုင်လို့ပေါ့အန်ကယ်လ်ရယ်။ ဪခဏလေး"
   
မေမာယာသည် ဖုန်းကိုဖွင့်ကာ ဓာတ်ပုံတစ်ပုံကို ဦးမင်းမဟော်ထံ ပြလိုက်သည်။ ထိုဓာတ်ပုံက အခြားတော့မဟုတ်။ ဘုန်းမြတ်ပိုင်၏ပုံဖြစ်ပြီး သူမပြန်မလာခင်လေးက ခိုးရိုက်ခဲ့တာဖြစ်သည်။
   
"အန်ကယ်လ် မြင်ဖူးထားသင့်တယ်ထင်လို့။ သူ့နာမည်က ဘုန်းမြတ်ပိုင်တဲ့"
   
ဦးမင်းမဟော်သည် မေမာယာပြသည့်ဓာတ်ပုံကိုကြည့်ကာ ဆွံ့အသွားမိသည်။ သည်ကောင်လေးဟာ ဘာလို့များ တစ်စုံတစ်ယောက်နဲ့ တူနေရပါသလဲ။
    
ထိုကောင်လေးက ဘာကြောင့်များ သူအမုန်းဆုံးလူသားနှင့်မှ တစ်ရုပ်တည်းဖြစ်နေရပါသလဲ။ မဟုတ်မှလွဲရော သူ့မျိူးဆက်များလား။ မဟုတ်ပါစေနှင့်ဟု သူဆုတောင်းရင်း စိတ်ကလဲသိချင်သည်မို့ မေမာယာ့ကိုစုံစမ်းခိုင်းလိုက်သည်။
    
"အဲဒီ့ကောင်လေး နောက်ကြောင်းအကုန်လုံး အန်ကယ်လ်သိချင်တယ် သမီး"
    
"ဟုတ်ကဲ့ အန်ကယ်လ်သမီးစုံစမ်းပေးမယ်"

*******

မွန်ပြည်နယ်၏ နေ့လည်ခင်း။ နေရောင်ခြည်စူးစူးက highway လမ်းပေါ်ဖြာကျလျက်ရှိနေပြီး လမ်းပေါ်မှာတော့ ကားလေးတစ်စီးက တရိပ်ရိပ်ပြေးနေလေသည်။ ဆောင်းတွင်းကာလမို့ တိုက်ခတ်လာသည့် လေတို့ကအေးစိမ့်နေသည်။
    
ကားလေးထဲမှာတော့ လူ‌ခြောက်ဦးရှိနေပြီး ထက်အာကာတို့ ၄ယောက်က နောက်ခန်းမှာထိုင်ကာ နေမဟော်နှင့် ဘုန်းမြတ်ပိုင်ကတော့ ရှေ့ခန်းမှာဖြစ်သည်။ ဘုန်းမြတ်ပိုင်သည် ကားမှန်ကိုချထားကာ အပြင်ရှုခင်းကိုငေးရင်း လိုက်ပါလာသည်။
    
"Wow! တောင်ကြီးတွေက အမြင့်ကြီးတွေပဲ။ တောင်စောင်းတွေမှာလဲ စေတီလေးတွေ"
   
ဘုန်းမြတ်ပိုင်သည် စေတီများဆီသို့ လက်အုပ်ချီကာဦးညွှတ်ရင်း တအံ့တသြပြောနေသည်မို့ နေမဟော်တစ်ယောက် ကားမောင်းရင်း ပြုံးနေမိသည်။ သူ့ကလေးလေးက ဒီဘက်ကိုရောက်ဖူးတာ ဒါကပထမဆုံးအကြိမ်မို့ အံ့သြနေသည်မှာမဆန်းပေ။
    
သူ့မျက်စိထဲမှာတော့ တီရှပ်အဖြူရောင်နှင့် ဂျင်းဘောင်းဘီ မိုးပြာရောင်ကို တွဲကာ၀တ်ထားသည့် ဘုန်းမြတ်ပိုင်၏ပုံစံလေးက ချစ်ဖို့ကောင်းလွန်းနေသည်။


သူရိန်စိုးကလည်း ကားမူးတတ်သူမို့ ထက်အာကာ၏ပုခုံးကို မှီထားရင်းလက်ကမူ ကြွပ်ကြွပ်အိပ်လေးကို အသင့်ကိုင်ထားသည်။ ထက်အာကာကတော့ တစ်ဖက်ကသူရိန်စိုးရဲ့ ပုခုံးလေးကိုဖက်ထားရင်း ကျန်လက်တစ်ဖက်က ရှူဆေးဘူးကို နှာခေါင်းအနား ကပ်ပေးထားရင်း အမူးပြေအောင် ကူညီနေလေသည်။
    
နှင်းမြတ်ပိုင်ကတော့ ၀ယ်လာသည့်မုန့်တွေကို တစ်ထုပ်ပြီးတစ်ထုပ်ဖောက်စားနေပြီး နေအရောင်ကတော့ နှင်းမြတ်ပိုင်ကိုကြည့်ရင်း ရယ်နေသည်။
   
နှင်းမြတ်ပိုင်သည် အစိမ်းရောင် လည်ပင်းကော်လံထောင် ဇာသားလက်ပြတ် ၀တ်စုံလေး၀တ်ထားပြီး ထဘီကလည်းအစိမ်းရောင်ခံ ရွှေချည်ထိုးဖြစ်သည်။
    
ဆံပင်ကိုလည်း နောက်၌ပုံ့ပုံ့လေးထုံးထားပြီး အဖြူရောင်သစ်ခွတစ်ပွင့်ပင် ပန်ထားသေးသည်။ ယခုသူတို့က ဘုရားဖူးသွားနေတာမို့ ထိုပုံစံလေးကမြန်မာဆန်ဆန်လေးဖြစ်ပြီး သူမနှင့်လိုက်ဖက်နေသလို အလွန်ပင်ကျက်သရေရှိလှသည်။
    
လူကြီးဟန်လေးဖြင့် ရင့်ကျက်တည်ငြိမ်သယောင် ဖြစ်နေသော်လည်း ပါးစပ်ကမူမုန့်ကိုမပြတ်တမ်း စားနေပုံမှာတော့ ကလေးနှင့်တူနေသည်မို့ နေအရောင်လည်း ပြုံး၍သာကြည့်နေမိတော့သည်။
    
"ဘာကြည့်နေတာလဲ"
   
နှင်းမြတ်ပိုင်သည် မုန့်ကိုပလုတ်ပလောင်းစားနေရင်း မေးလိုက်တာကြောင့် အသံကမပီပြင်။ ထို့ကြောင့်နေအရောင်သည် ပြုံးရာမှမနေနိုင်တော့ဘဲ ရယ်သံထွက်သွားရတော့သည်။
   
"ရော့... ရေလဲသောက်ဦး မုန့်သီးတော့မယ်"
   
နေအရောင်သည် ရေဘူးကိုပိုက်တပ်ကာ နှင်းမြတ်ပိုင်ဆီ ကမ်းပေးလိုက်သည်။ နှင်းမြတ်ပိုင်လည်း ရေဘူးကိုယူကာ သောက်ပြီး‌နောက် မျက်စောင်းထိုးပစ်လိုက်သည်။
   
နေအရောင်ကတော့ရယ်နေမြဲသာ။ ကလေးလေးနှင့် တူလွန်းသည့် သူငယ်ချင်းမလေးကို အမြဲတမ်း စနောက်ချင်နေမိတာ ဘာကြောင့်မှန်းမသိ။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ အစ်မတစ်ယောက်လို ဆုံးမတတ်သေးသည်။
    
ထိုအခါမျိုးဆို ရင်ထဲဘယ်လိုဖြစ်မှန်းမသိ။ တစ်ကယ့်သွေးသားရင်း တစ်ယောက်လို ရင်းနှီးစွာခံစားရသည်။ အမှန်အတိုင်းပြောလျှင် သူ... အစ်မ တစ်ယောက်လောက် လိုချင်မိသည်။
    
သူ့မှာကအစ်ကိုပဲရှိပြီး ထိုအစ်ကိုဖြစ်သူကလည်း gayဖြစ်နေသည်။ ထို့ကြောင့်မရီးမရဘဲ ဘုန်းမြတ်ပိုင်ဆိုသည့် ယောက်ဖလောင်းလေးသာ ရလာခဲ့လေသည်။

******