အခန်း ၇ အကြံသမားများနှင့်အမြင့်ကြောက်သူလေး
Viewers 2k

အခန်း ၇။ အကြံသမားများနှင့်အမြင့်ကြောက်သူလေး

နှင်းမြတ်ပိုင်သည် လမ်းတစ်လျှောက်လုံး မုန့်စားလိုက် ရေသောက်လိုက်လုပ်နေသည်။ ထို့နောက်စားထားသည့် မုန့်အိတ်ခွံတွေကို အိတ်တစ်လုံးနှင့် စုထည့်နေကာ မုန့်စား‌နေခြင်းကို လက်စသတ်လိုက်တာကြောင့် နေအရောင်သည် ကြည့်နေရင်းမှ စနောက်လိုက်သည်။
    
"တော်သေးတာပေါ့။ စားလို့ပြီးသွားသေးတယ်နော်။ ၀ရော၀ရဲ့လား"
    
"မ၀သေးဘူး။ မေးစရာရှိလို့ရပ်လိုက်တာ"
    
နှင်းမြတ်ပိုင်သည် လှည့်၍ပင်မကြည့်ဘဲ လက်ကိုtissue နှင့်သုတ်ရင်းပြန်ဖြေလိုက်တာကြောင့် နေအရောင့်မျက်နှာ ရှုံ့မဲ့သွားရသည်။
    
"ရွဲ့ပြီးမေးမိတာ ငါပဲမှားပါတယ်။ မေး... ဘာလဲ"
    
"မေမာယာပြန်သွားပြီဆိုတော့ ကိုကိုတို့ကိစ္စကို နင်တို့ဒယ်ဒီ ပြန်သိမှာပဲနော် သူသဘောတူပါ့မလား"
   
"အင်း... ဒယ်ဒီကတော့ သဘောတူမှာမဟုတ်ဘူး"
   
"နင်တို့မာမီတော့ သဘောတူလောက်မယ် ထင်ပါရဲ့နော်"
   
နေအရောင်သည် နှင်းမြတ်ပိုင်၏ မျက်၀န်းလေး တလက်လက်ဖြင့် မျှော်လင့်မိဟန်ကိုမြင်တော့ ဟက်ခနဲရယ်ရင်း ပြန်ဖြေလိုက်သည်။
   
"ငါတို့မှာ မာမီမရှိတော့ဘူး နှင်းမြတ်ရဲ့"
    
"ဟာ sorryပါဟာ ငါမသိလို့မေးမိတာပါ"
    
"ရပါတယ်။ မသိလို့မေးတာပဲ။ မာမီကငါတို့ငယ်ငယ်တည်းက ဆုံးသွားတာ"
    
"စိတ်မကောင်းလိုက်တာဟာ ဘာရောဂါနဲ့ဆုံးတာလဲဟင်"
    
"ဘာရောဂါလဲဆိုတော့..."
   
နေအရောင်ဖြေရန် ပါးစပ်ဟရုံပင်ရှိသေးသည်။ "အသတ်ခံရတာ"ဟူသော နေမဟော့်အသံက ကားထဲ၌ ဟိန်းကာထွက်လာလေသည်။ အားလုံးအံ့သြသွားကြချိန်မှာ နေအရောင်ကပင် နေမဟော့်ကို ဟန့်လိုက်ရလေသည်။
    
"ကိုနေ..."
    
"မာမီက အသတ်ခံရတာ"
   
နေမဟော်သည် နေမဟော်တစ်ယောက် အံကိုကြိတ်ပြီးပြောနေတာကြောင့် ဘာမျှထပ်မပြောတော့ဘဲ သက်ပြင်းသာ ချမိတော့သည်။ သူရိန်စိုးကတော့ ထက်အာကာ၏ပုခုံးကို မှီထားသည်ကို ပြန်မတ်လိုက်သည်။
  
"အန်တီကတစ်ကယ်ပဲ အသတ်ခံခဲ့ရတာလား နေရောင်"
    
"ငါသေချာမသိဘူး။ ကိုနေရော၊ ဒယ်ဒီရော ငါ့ကိုမပြောပြကြဘူး"
  
"မင်းမသိတာပိုကောင်းတယ်နေရောင်"
    
"အနည်းဆုံးတော့ ကျွန်တော်လည်းသိထားသင့်တယ် မဟုတ်လား။ မာမီကလည်း ကျွန်တော့်အမေပါ ကိုနေရာ"
  
နေမဟော်ပြန်မဖြေတာကြောင့် နေအရောင်လည်း ဘာမျှဆက်မပြောတော့ပေ။ သူ့အစ်ကိုက ခေါင်းမာလွန်းသည့်နေရာမှာ နှစ်ယောက်မရှိသူမှန်း သိနေသည်မို့ ထပ်မေးလျှင်လည်း ပါးစပ်ညောင်းရုံအပြင်မရှိမှန်း သူသိနေသည်လေ။
    
မိခင်ဖြစ်သူသည် သူလူမှန်းသိတတ်စအရွယ်ကတည်းက ဆုံးသွားသည်မို့ ဘာကြောင့်ဆုံးရသည် ဆိုတာကိုသူမသိခဲ့ပေ။ သူနည်းနည်းကြီးလာမှ သိရသည်က မာမီဆုံးတာ ဒယ်ဒီ့ပယောဂမကင်းဟူ၍ပင်။
    
အရွယ်ရောက်လာချိန်မှာ သူသိိလို၍မေးသော်လဲ ဘယ်သူကမျှ မပြောပြကြပေ။ သို့သော်လည်း သူဒယ်ဒီ့ကိုမမုန်းပါ။ မာမီဆိုတာကိုမျက်နှာပင် မမှတ်မိလိုက်သည့်သူ့အတွက် မိဘဆိုလို့ဒယ်ဒီသာ ရှိတော့သည်မဟုတ်ပါလား။

နေမဟော့်အတွက်တော့ မေ့ဖျောက်ထားသည့် အတိတ်ကဒဏ်ရာတစ်ချို့က ရင်ထဲတွင်ပြန်ပေါ်လာသည်။ မာမီ...။ သူသိပ်ချစ်ရပါသော မွေးမိသခင်။ ဆရာ၀န်တွေက နှလုံးရောဂါလို့ ခေါင်းစဉ်တပ်ထားသည့် ရောဂါသည်မိခင်။
   
ပြင်းထန်စွာ စိတ်လှုပ်ရှားလို့ မရပါသောလူနာ။ ရောဂါရှိမှန်းသိရက်နဲ့ စိတ်ဒဏ်ရာရအောင် လုပ်ခဲ့သူကဒယ်ဒီ။ တစ်နည်းအားဖြင့် မာမီ၏ဒုတိယအိမ်ထောင် ဦးမင်းမဟော်နှင့် သူ့ရည်းစားဟောင်း ဦးမင်းခန့်မြတ်။
    
ရည်းစားနှင့်လမ်းမခွဲနိုင်ဘူးဆိုလျှင် ဘာ‌ကြောင့်သူ့မာမီကို လက်ထပ်ခဲ့ပါသလဲ။ လက်ထပ်ပြီး သားတစ်ယောက်မွေးလာပြီးမှ အဟောင်းနဲ့ပြန်ဆက်တာက‌ရော ဘာသဘောလဲ။ ကျစ်..... စိတ်ပျက်စရာတွေ။ စိတ်တိုဖို့ကောင်းလိုက်တာ။
    
ဒါတွေအားလုံးက ခင်ဗျားကြောင့်ပဲ ဦးမင်းခန့်မြတ်။ ပျော်ရွှင်နေတဲ့ ကျုပ်တို့မိသားစုကို ဖျက်ဆီးခဲ့တာ။ ခင်ဗျားပဲ ဒီလောကမှာ ကျပ်အမုန်းဆုံးလူသားကလည်း ခင်ဗျားပဲ။ ခင်ဗျားကြောင့် ကျုပ်အမေသေခဲ့ရတာ ခင်ဗျားကိုကျုပ် တစ်သက်မကျေဘူး။

နေမဟော့်စိတ်ထဲတွင် မကျေနပ်မှုတို့ကို ကြုံးဝါးနေစဉ်၌ ဘုနိးမြတ်ပိုင်က သူ့အတွေးတွေကိုဖြိုခွင်းလိုက်သည်။
    
"ကိုကို"
  
"..."
    
"ကိုကိုလို့"
    
"ဟင်... အင်း ပြောလေကလေး"
    
သူခေါ်နေတာကိုမကြားတာကြောင့် ဘုန်းမြတ်ပိုင်သည် နေမဟော့်ပုခုံးကို လှုပ်ကာခေါ်လိုက်သည်။ ထိုအခါမှပင် နေမဟော်သည် သူ့အတွေးတို့ကို ပြန်စုစည်းရင်းထူးလိုက်သည်။
    
"ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပြပါလားဟင်"
   
"မသိချင်ပါနဲ့ကလေးရာ"
    
"ကိုကိုကလည်း ပြောပြပါဆို… နော်ကိုကို။ ပြောပြနော်… ကိုကိုလို့"
    
"မသိချင်ပါနဲ့လို့ ပြောနေတာ နားမလည်ဘူးလား"
   
နေမဟော်စိတ်တိုတိုနှင့် အော်ငေါက်လိုက်တာကြောင့် ဘုန်းမြတ်ပိုင်တစ်ယောက် မျက်ရည်၀ဲလာပြီး တရှုံ့ရှုံ့နှင့် ငိုလေတော့သည်။
    
"Sorry ကလေး ကိုယ်စိတ်တိုနေလို့"
    
နေမဟော်သည် ကားမောင်းနေသည်မို့ လှည့်မကြည့်နိုင်သေးဘဲ တောင်းပန်လိုက်ရသည်။ ဘုန်းမြတ်ပိုင်ကတော့ ငိုလို့၀မှ'ဟင့်'ခနဲ တစ်ချက်ရှိုက်ရင်း tissueနှင့် မျက်ရည်တွေကို သုတ်ပစ်သည်။ ထို့နောက်လမ်းဘေးမှ တောင်တန်းကြီးတွေဘက်သာ မျက်နှာမူထားပြီး နေမဟော့်ကို လှည့်ပင်မကြည့်တော့။

     
"sorry ကလေးရာ။ ကိုယ်အရမ်းစိတ်တိုနေလို့ပါ"
    
"ကလေး ကိုယ့်ဘက်လှည့်ကြည့်ဦး"
    
"ကလေး ကိုယ်တို့ဇွဲကပင်သွားမလား"
   
ဘုန်းမြတ်ပိုင်တစ်ယောက် နေမဟော် ဘယ်လိုပင်ပြောပြော သူ့ဘက်ကိုနည်းနည်းလေးမျှပင် ပြန်မကြည့်တော့ပါချေ။ ကျန်သည့်သူများကတော့ လက်ခုပ်လက်ဝါးတီးကြပြီး သွားမယ်ဟုဆိုကာ တက်ကြွနေကြလေသည်။
    
နေမဟော်သည် back mirrorမှတစ်ဆင့် နှင်းမြတ်ပိုင်ထံကို ကြည့်မိတော့ ဘာမှမဖြစ်ဘူး အဆင်ပြေသွားမှာပါဟူသည့် အဓိပ္ပာယ်ပါသည့် အပြုံးတစ်ခုကို ပြုံးပြလေသည်။
   
ဘုန်းမြတ်ပိုင်ကတော့ မလှုပ်မယှက်နေမြဲတိုင်းပင်။ ဒီလောက်ဆို သူ့ကလေး စိတ်ကောက်နေပြီဆိုတာ သူသိလိုက်ပါပြီ။ စိတ်ကောက်ပြိီး တစ်ဖက်လှည့်သွားတဲ့ ရုပ်လေးက ချစ်ဖို့ကောင်းလွန်းတာမို့ မချော့သေးဘဲ ကြည့်နေပါဦးမည်။
   
နေမဟော်တစ်ချက်ပြုံးလိုက်ရင်း မွန်ပြည်နယ်၏ လမ်းမပေါ်မှ ကားကလေးကို ကရင်ပြည်နယ်ဘက်သို့ ဦးတည်လိုက်လေတော့သည်။

*********

အတော်လေးကြာတော့ ကရင်ပြည်နယ်၏ အထင်ကရ တောင်ကြီးတစ်လုံးဖြစ်သည့် ဇွဲကပင်ကိုရောက်လေပြီ။ တောင်ခိုး တောင်ငွေ့တို့ကြောင့် တောင်ထိပ်ကို ထင်ရှားစွာမမြင်ရပေ။
    
သို့သော်လည်း တောင်နံရံမှာတော့ သစ်ပင်နွယ်ပင်တို့ကြောင့် စိမ်းလန်းနေသည်။ တောင်ခြေမှာလည်း ဘုရားဖူးခရီးသွားများနှင့် စည်ကားနေလေသည်။
    
"ကဲ... ဇွဲကပင်ရောက်ပါပြီဗျာ"
   
နေမဟော် ကားကိုနေရာချရင်းပြောလိုက်ပြီးနောက် သူတို့အားလုံးပျော်ရွှင်စွာဆင်းလာကြကာ ဇွဲကပင်တောင်ကြီးကို မော့ကြည့်ကြလေသည်။
    
"Wow! အမြင့်ကြီးပဲ။ လှလိုက်တာ"
    
သူရိန်စိုးကမော့ကြည့်ရင်း တအံ့တသြပြောနေတာကြောင့် ထက်အာကာက သူ့ကိုကြည့်ရင်းပြုံးလေသည်။ ထို့နောက် အသဲယားလာတာကြောင့် ဆံပင်တွေကို လက်ဖြင့်ဆွဲဖွလိုက်မိသည်။
    
သူရိန်စိုးလှည့်ကြည့်လာတော့ ထက်အာကာတစ်ယောက် သူမဟုတ်သလို ခပ်တည်တည်ပင်နေလိုက်ပြီး မျက်စောင်းထိုးကာ တစ်ဖက်ပြန်လှည့်သွားတော့မှ ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်နေလေသည်။
    
နှင်းမြတ်ပိုင်သည် သူတို့ကိုကြည့်ရင်းရယ်နေပြီး ဘုန်းမြတ်ပိုင်ကတော့ မျက်မှောင်ကြုံ့ကာ ဇွဲကပင်တောင်ကို မော့ကြည့်နေလေသည်။
    
"ဒါလား ဇွဲကပင်"
    
"ဟုတ်တယ်လေ ကလေးရဲ့"
   
နေမဟော်ပြန်ဖြေလိုက်သော်လည်း ဘုန်းမြတ်ပိုင်က သူ့ကိုအဖက်မလုပ်။ မမြင်သယောင်၊ သူဖြေသည်ကို မကြားသယောင်လုပ်ကာ နေအရောင့်ဘက်ကိုသာ လှည့်ကာမေးနေတော့သည်။
    
"ပုံထဲကဟာနဲ့ မတူဘူးနော်နေရောင်။ ဒီလိုကျတော့ တောင်ကြောလိုက်ကြီးပဲ"
    
"ဟုတ်တယ်ငပိုင်ရ။ ဇွဲကပင်တောင်က သုံးဘက်မြင်လေ။ ငါတို့ဘက်ကကြည့်တော့ တောင်တန်းကြီးအဖြစ်မြင်နေရတာ။ ဓာတ်ပုံထဲကပုံကတော့ တောင်ရဲ့တခြားဘက်ခြမ်းကနေ ရိုက်ထားတာလေ"
    
"သြော်… အဲဒီ့လိုလား..."
   
ဘုန်းမြတ်ပိုင်သည် နေအရောင် ရှင်းပြသည်ကို နားထောင်ရင်း ခေါင်းကိုတဆတ်ဆတ်ညိတ်နေသည်မှာ လူကြီးလေးသဖွယ်။ အရင်က စကားခပ်များများ ကောင်လေးသည် ယခုတော့သူ့ကို အဖက်မလုပ်သည်မို့ နေမဟော်တစ်ယောက်မှာတော့ နေရတာအဆင်မပြေ။
    
ချစ်သူက သူ့ကိုအဖက်မလုပ်တော့လဲ အဖက်လုပ်အောင် လုပ်ရတော့မည်။ သူ့ကလေးက အမြင့်ကြောက်တတ်တာ သိထားသည်မို့ အကြံဖြင့်ပြုံးလိုက်သည်။
    
ထို့နောက်မှာတော့ နေအရောင့်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း "နေရောင် ငါတို့ရောက်တုန်းလေး ကေဘယ်စီးကြမလား"ဆိုတော့ နေအရောင်ကလည်း ပြောချင်သည့်အဓိပ္ပာယ်ကို သိနေသည်။
    
"ဟာ… ဟုတ်သားပဲ နှင်းမြတ်ရေ ကေဘယ်စီးမလား။ ကိုထက်တို့ရော ရောက်တုန်းလေးစီးကြမယ်လေ"
    
"အေးလေ နေ့လည်တောင်ရောက်နေပြီဆိုတော့ တောင်တက်ဖို့က မမှီတော့ဘူးမလား။ စီးကြမယ်လေ"
   
နှင််းမြတ်ပိုင်ကလည်း ပါ၀င်အားဖြည့်လေသည်။ ထက်အာကာကတော့ ကေဘယ်ကိုပင်မသိ။ "ကေဘယ်ဆိုတာ ဘယ်လိုဟာလဲ"ဟုပင် ပြန်မေးနေသည်မို့ သူရိန်စိုးတစ်ယောက် ရယ်မိပါတော့သည်။
    
"ကိုထက်ကလဲ ကေဘယ်မသိဘူးလား"
    
"မသိလို့ပေါ့သူရိန်ရဲ့"
    
"တောင်ခြေကိုပတ်ပြီးစီးတာလေ။ ဟိုမှာတွေ့လား။ ဖြည်းဖြည်းချင်း မြင့်မြင့်သွားတာ။ အမြင့်တော့မကြောက်ဘူးမဟုတ်လား"
     
"မကြောက်ပါဘူး"
     
"Wow! ပျော်စရာကြီး စီးကြမယ််"
    
အားလုံးအတိုင်အဖောက်ညီနေချိန်တွင် ဘုန်းမြတ်ပိုင်ကတော့ ခေါင်းတခါခါ လက်တစ်ခါခါဖြင့် အကြောက်အကန် ငြင်းဆိုနေတော့သည်။ သို့သော်လည်း အကြံသမားအုပ်စုကတော့ ငြင်းဆိုမှုကို လက်မခံပါချေ။
    
"ဟင့်အင်းမစီးဘူးနော်။ နေရောင် ငါမစီးရဲဘူး"
    
"ကိုကိုကလည်းလုပ်ပါ။ ညီမလေးစီးချင်လို့ပါ နော်… နော်"
    
"နင့်ဘာသာစီးပါလား ငါအမြင့်ကြောက်တာသိလျက်နဲ့"
   
"ကိုကိုကလည်း အဲဒီ့လောက်မမြင့်ပါဘူး။ အတူတူစီးကြမယ်လို့ဆိုနေ"
    
"မစီးရဲပါဘူး။ ထိုင်ခုံကလည်း ၂ယောက်စာလောက်လေးကို။ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ"
   
"၃ယောက်ထိုင်လို့ရတယ်‌‌လေ။ မင်းကအလယ်ကစီးပေါ့"
    
"ဟုတ်သားပဲငပိုင်ရ။ နေရောင်နဲ့ နှင်းမြတ်ကြားကစီးလေ။ မကျပါဘူး"
    
"ပြီးတာပဲ။ ငါပြုတ်ကျရင် နင်တို့အပြစ်ပဲနော်"
    
"မကျပါဘူးဆိုကိုကိုကလည်း။ လာ... သွားစီးမယ်"
    
နောက်ဆုံးတော့ ဘုန်းမြတ်ပိုင်လည်း သူငယ်ချင်းတွေအားလုံး တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတာကြောင့် မစီးချင်စီးချင်နှင့် နှင်းမြတ်ပိုင်တို့ခေါ်ရာနောက် ယက်ကန်ယက်ကန်နှင့် ပါသွားလေတော့သည်။


ကေဘယ်စီးခက ပြန်ရောက်မှပေးရမှာဖြစ်ပြီး လောလောဆယ်မှာတော့ စီးမည့်သူတွေက ခုံတွဲတွေမှာ လိုက်ပါစီးနင်းရန် အသင့်ပြင်ထားရသည်။ ပထမတစ်တွဲတွင် အာကာတို့အတွဲ လိုက်သွားပြီး နောက်တစ်တွဲမှာတော့ ဘုန်းမြတ်ပိုင်တို့သုံးယောက် နေရာယူထားလိုက်သည်။
   
ဘုန်းမြတ်ပိုင်သည် နေမဟော်တစ်ယောက် မယောင်မလည်နှင့် အနားမှာလာရပ်နေသည်ကို မြင်သော်လည်း မမြင်ယောင်သာ ဆောင်နေလိုက်ပြီး သူတို့စီးရမဲ့တွဲ အနားကိုရောက်လာတော့ အလယ်မှာဝင်ထိုင်လိုက်သည်။ ထိုအချိန်တွင် သူ့ဘေးမှာဖျတ်ခနဲ ဝင်ထိုင်လိုက်သူက နေမဟော်။
    
အနောက်ကိုပြန်လှည့်ကြည့်တော့ နောက်ကတွဲခုံမှာ နေအရောင်နှင့်နှင်းမြတ်ပိုင်တို့ထိုင်‌နေသည်။ ဘုန်းမြတ်ပိုင်တစ်ယောက် မကျေမနပ်ဖြင့် လက်သီးထောင်ပြတော့ ညီမဖြစ်သူက ပြန်လည်ကာ လျှာထုတ်ပြလေသည်။
   
နေမဟော်ကတော ဘုန်းမြတ်ပိုင်ကိုကြည့်ရင်း ပြုံးစေ့စေ့။ ဒါကိုဘုန်းမြတ်ပိုင်မြင်တော့ မျက်စောင်ထိုးဖြစ်အောင် ထိုးလိုက်မိသည်။ ထိုစဉ်မှာပင် ကေဘယ်ကြိုးနှင့်အတူ ထိုင်ခုံတွဲကပါ တစ်ဖြည်းဖြည်းမြင့်လာတော့ အသည်းငယ်လာပြီး မျက်လုံးကို အတင်းမှိတ်ထားမိတော့သည်။
    
"အရမ်းကြောက်နေလား။ မကြောက်ပါနဲ့ ကိုယ်ရှိတာပဲ။ ကိုယ့်ချစ်သူလေး ပြုတ်မကျစေရပါဘူး"
    
နေမေဟော်သည် ယခုအချိန်ထိ အဖက်လုပ်ကာ ပြန်မဖြေသည့် ဘုန်းမြတ်ပိုင်ဘက်သို့ တဖြည်းဖြည်းတိုးကပ်ကာ ပုခုံးလေးကို ဆွဲဖက်လိုက်သည်။ သို့သော်လည်း ဘုန်းမြတ်ပိုင်တော့ လက်ကိုပုတ်ချရင်း ပြန်ရုန်းလေသည်။
    
"ငြိမ်ငြိမ်နေလေ။ ရုန်းနေရင်ပြုတ်ကျဦးမယ်"
   
နေမဟော့်ထံမှ ခြိမ်းခြောက်စကား ကြားလိုက်ကာမှ ဘုန်းမြတ်ပိုင် ငြိမ်ကျသွားရသလို တဖြည်းဖြည်း အမြင့်ကိုတက်လာပြီမို့ စိီးရတာကလည်း အသည်းအေးလာသည်။
    
တစ်ချက်တစ်ချက် စက်သီးကြိုးလုံး ကျော်သည့်အခါမှာတော့ ထိုင်ခုံခါယမ်းသွားတတ်သည်။ ထိုအခါမျိုးဆိုလျှင်တော့ ဘုန်းမြတ်ပိုင်သည် ဘေးလက်ကိုင်တန်းကို တင်းနေအောင် ဆုပ်ထားလေတော့သည်။
   
"တန်းကိုအရမ်းဆုပ်မထားနဲ့လေ။ ကလေးရဲ့လက်တွေနာနေမယ်"
   
နေမဟော်တစ်ယောက် ဘုန်းမြတ်ပိုင်၏လက်ကို လှမ်းဖြည်ပေးနေစဉ်မှာပဲ စက်သီးလုံးကျော်ချိန်မို့ ခုံကခါသွားလေတော့သည်။ ခါသွားသည့် အရှိန်နှင့် ယိမ်းထိုးသွားရသည်မို့ ဘုန်းမြတ်ပိုင်လည်း လန့်ပြီးအော်ကာ နေမဟော့်ခါးကို ဖက်လိုက်မိတော့သည်။
   
ပြီးကာမှ လူမြင်ကွင်းမို့ မသင့်တော်ဘူးဆိုတာသတိရပြီး လက်တွေကိုပြန်ရုတ်လိုက်သည်။ သို့သော်လည်း နေမဟော်ကမလွှတ်ပေးပါ။ တင်းနေအောင် ဖက်ထားလိုက်ပြီး နဖူးထက်သို့ အနမ်းတစ်ပွင့်ခြွေချလိုက်သည်။
   
"ကလေး"
    
"ဘာလဲ"
   
မာဆတ်ဆတ်လေသံနှင့် ပြန်ဖြေသော်လည်း တုန်ယင်နေသည့်အသံကတော့ဖြင့် ကြောက်လန့်နေကြောင်းသက်သေပြ‌နေသည်။။ ပြန်ဖြေသေးတယ်ဆိုတော့ ဆိုးတော့မဆိုး ချော့လို့ရနိုင်‌လောက်သေးသည်။
   
"စိတ်ကောက်နေတုန်းလား"
    
"ဟမ့်... နှာဗူးကြီး။ သူများအမြင့်ကြောက်တာသိပြီး အသားယူချင်လို့စီိးတာများ။ မသိရင်ခက်မယ်"
    
ဘုန်းမြတ်ပိုင်သည် နေမဟော်မေးတာကို ပြန်မဖြေဘဲ တစ်ယောက်တည်း ပွစိပွစိလုပ်နေလေသည်။ နေမဟော်ကလည်း ချော့လို့ရနိုင်သေးသည့်အခြအနေမို့ မရအရချော့မော့နေလေသည်။ သည်ကောင်လေးစိတ်ဆိုးလျှင် သူမနေတတ်ပါချေ။
    
"ကလေး‌ရေ ကိုယ့်ကိုစိတ်ကောက်ပြေပါတော့ကွာနော်..."
    
"လူကဖြင့်သူ့ရင်ခွင်ထဲပဲ ရောက်နေပြီ"
    
"ဒါဆိုစိတ်ကောက်ပြေပြီပေါ့"
    
"ဘယ်သူပြောလဲ"
   
နေမဟော်သည် တစ်ခွန်းမကျန်ဘုဆတ်ဆတ်ဖြေနေသည့် ဘုန်းမြတ်ပိုင်၏မျက်နှာလေးကို ဆွဲလှည့်လိုက်ကာ မျက်နှာချင်းဆိုင်ဖြစ်စေလိုက်သည်။ ထို့နောက်မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း တစ်လုံးချင်းပြောလိုက်သည်။
    
"ဟောဒီ့ကိုယ့်အသဲလေးရဲ့ မျက်လုံးထဲမှာမြင်နေရတယ်"
    
"ဘယ်သူက စိတ်ကောက်နေလို့လဲ"
   
"ဟောဒီ့ကိုယ့်ကလေးစုတ်လေးလေ။ သိချင်တာမသိရလို့ ကောက်သွားတာ"
   
"မကောက်ပါဘူး။ စိတ်မကောင်းဖြစ်သွားတာ"
    
ဘုန်းမြတ်ပိုင်၏စကားကြောင့် နေမဟော်အံ့သြသွားမိသည်။ ကလေးက စိတ်ကောက်နေတာ မဟုတ်ဘူးတဲ့လား။
    
"ကျွန်တော်ကခင်ဗျားကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာမို့။ နှစ်ဖက်မိသားစုအကြောင်း သိထားသင့်တယ်ထင်လို့ မေးတာလေ။ ဒါပေမဲ့ခင်ဗျားက ကျွန်တော်ချစ်သလောက် ပြန်မချစ်တာသိလိုက်ရလို့ စိတ်မကောင်းတာ"
    
ပြောရင်းနှင့်မျက်ရည်၀ဲလာတာကြောင့် နေမဟော်သည် ကျဆင်းလာသည့် မျက်ရည်စလေးများကို လက်မလေးဖြင့်အသာအယာ သုတ်ပေးလိုက်သည်။
    
"မဟုတ်ပါဘူးကလေးရယ်။ ကလေးကိုကိုယ့်အသက်နဲ့ ထပ်တူချစ်တာပါ။ အဲဒီ့တုန်းက ကိုယ့်အတိတ်အကြောင်းတွေ ပြန်တွေးမိပြီး စိတ်တိုနေချိန်မို့ အော်လိုက်မိတာပါကွာ။ တောင်းပန်ပါတယ်။ ကလေးရယ်နော်။ ကိုယ့်ကိုခွင့်လွှတ်မယ်မလား။ ကိုယ်တို့မိသားစုအကြောင်း ကလေးသိချင်ရင် ကိုယ်ပြောပြမယ်လေ"
    
ဘုန်းမြတ်ပိုင်သည် နေမဟော့်ထံမှ ကတိစကားရမှ မျက်နှာကပြုံးလာပြီး လက်သန်းလေးထောင်ကာ ကတိတောင်းလေသည်။ နေမဟော်သည် ကလေးဆန်လှသည်ဆိုသော်လည်း ချစ်စရာကောင်းလွန်းနေသည့် ပုံစံလေးကြောင့် ရယ်လိုက်မိရင်း လက်သန်းချင်း ချိတ်ကာလက်မချင်းထိလိုက်သည်။

**********

     
"အင်း ကတိ"
    
"ကျွန်တော်တင်မဟုတ်ဘူး။ နေရောင့်ကိုလည်းပြောပြရမယ်"
    
"အဲဒါကတော့..."
   
နောက်ထပ်တောင်းဆိုတော့ နေမဟော် စဉ်းစားလိုက်မိသည်။ ဖြစ်နိုင်မည်ဆိုလျှင် သည်ကိစ္စတွေ နေရောင့်ကိုမသိစေချင်။ သို့သော်လည်း "ဘာလဲပြန်ကောက်ရမှာလား"ဆိုကာ ဘုကြည့်ကြည့်နေသည့် မျက်လုံးတစ်စုံကြောင့် ချက်ချင်းငြင်းချက် ထုတ်ရသေးသည်။

"no... no... no... ကောက်တော့ မကောက်လိုက်ပါနဲ့။ အားလုံးလူစုံတဲ့အခါ ပြောပြပါ့မယ်ကလေးရယ် နော်"

"ဟွန့်ပြီးတာပဲ။ ကတိမတည်ရင်တော့ ပြန်စိတ်ကောက်မှာပဲ"

ဘုန်းမြတ်ပိုင်သည် လိုချင်သည့်ကတိစကားကို ရသွားသည်မို့ နေမဟော့်ပုခုံးကို ခေါင်းလေးမှီလိုက်လေသည်။ နေမဟော်လည်း သူ့ပုခုံးလေးများကို ပြန်ဖက်ထားလိုက်သည်။

"အခုရောအမြင့်ကြောက်သေးလား။ ကိုယ့်ကလေးလေး"

"ဟင့်အင်း။ ကျွန်တော့်ဘေးမှာခင်ဗျားရှိနေရင် ဘာမှမကြောက်တော့ဘူး။ ကမ္ဘာကြီိးအဆုံးထိဆိုလည်း သွားရဲတယ်"

သြော် ကလေးရယ်။ ကမ္ဘာကြီးအဆုံးထိတဲ့လား။ သည်လောက်တောင်မှ စကားတတ်လှသော ချစ်သူလေးကို သိပ်ကိုမြတ်နိုးရပါသည်။

**********

တစ်ပတ်ခန့် ဘုရားဖူးထွက်ပြီးနောက် အိမ်ပြန်ရန်အချိန် ကျရောက်လာလေပြီ။ နေမဟော့်ကိုယ်စား ဟိုတယ်ကို ဆက်လက်ကြီးကြပ်ရင်းကျန်ခဲ့မည့် နေအရောင်မှလွဲ၍ အားလုံးမနက်ဖြန် ပြန်ကြမည်ဖြစ်သည်။

မပြန်ခင်ယခုညကို dinnerပွဲလေး လုပ်မည်ဆိုသောကြောင့် သူရိန်စိုးနှင့်ဘုန်းမြတ်ပိုင်တို့နှစ်ဦးသား ဗိုက်ဆာလျက်နှင့် အခန်းထဲမှာ ထိုင်စောင့်နေကြရလေသည်။

နေမဟော်ကလည်း သူပြောပြမည်ဟု ကတိပေးထားသည့် မိသားစုအကြောင်းကို ယနေ့ညပြောပြမည်ဖြစ်သည်။ ညနေစောင်းပြီး နေက၀င်လုလုဖြစ်နေပြီ။ ဟိုကိုယ်တော်နှစ်ပါးက အခုချိန်ထိပေါ်မလာသေးတာကြောင့် သူရိန်စိုးကတော့ စိတ်တိုနေလေပြီ။

ထိုအချိန်တွင် ကမ်းစပ်တစ်နေရာမှာတော့...

"Ok ဒါဆို အားလုံးအဆင်သင့်ဖြစ်ပြီနော်"

နေမဟော်မေးလိုက်တော့ ကျန်သုံးယောက်လုံး ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်မှာပဲ ဟိုတယ်၀န်ထမ်းများလည်း အစားအသောက်များနှင့် ရောက်လာလေသည်။

"ငါနဲ့အာကာက ကလေးတို့ကို သွားခေါ်မယ်။ နေရောင်က မီးအမှိတ်အဖွင့် တာ၀န်ယူ။ နှင်းမြတ်က ၀န်ထမ်းတွေလာပြီဆိုတော့ အစားအသောက်နေရာချဖို့တာ၀န်ယူ။ ဒါဆိုအားလုံးအဆင်ပြေပြီနော်"

လူတစ်စု ကမ်းခြေတစ်နေရာမှာ သူတို့ဘာလုပ်ဖို့ ကြိုးစားနေကြပါသနည်း။ ဆည်းဆာချိန်မို့ ငှက်ငယ်တို့က သူတို့အိပ်တန်းတက်ရာ နေရာဆီသို့ အုပ်စုလိုက်ပျံသန်းနေကြပါလေပြီ။

********

တစ်နေ့တာအလင်းပေးထားသော နေမင်းကြီးသည် အနားယူရန်အတွက် အနောက်ဖက်မိုးကုပ်စက်၀ိုင်းဆီသို့ တဖြည်းဖြည်း တိုး၀င်သွားလေပြီ။ တိမ်စိုင်တိမ်မျှင်တို့သည် လက်ကျန်နေရောင်လေးကြောင့် ပုစွန်ဆီရောင်တောက်ပလျှက်ရှိ၏။

ပင်လယ်လှိုင်းတို့ကတော့ ကမ်းခြေဆီအပြေးလာကာ တ၀ုန်း၀ုန်းရိုက်ခတ်နေလေသည်။ ဆားနံ့သင်းသင်းပါသော ပင်လယ်လေတို့ကလည်း တဖြူးဖြူးတိုက်ခတ်နေလေသည်။

သဲသောင်ပြင်ပေါ်မှာတော့ ကောင်လေးနှစ်ယောက်သည် အခြားကောင်လေးနှစ်ယောက်၏ မျက်လုံးတို့ကို အ၀တ်စည်းကာ ခေါ်ဆောင်လာ၏။ သူတို့ဦးတည်ကာခေါ်လာသည်က သဲသောင်ပြင်၏ တစ်နေရာဆီသို့။

"ကိုထက် ငါတို့ကိုဘယ်ကိုခေါ်လာတာလဲ"

"ရောက်ရင်သိမှာပေါ့သူရိန်ရာ dinnerပွဲလေးပါဆို"

"ဘယ်ကိုခေါ်သွားမှာလဲ ဆိုတာလည်းမသိရဘူး။ ညနေစာမစားနဲ့ဦးဆိုလို့လည်း မစားရသေးဘူး။ ဗိုက်တွေဆာနေပြီကွာ။ dinnerပဲဟာကို မျက်လုံးပိတ်ပြီးခေါ်စရာလား"

ထက်အာကာကလည်းမပြောပြ၊ ဗိုက်ကလည်းဆာနေတာကြောင့် သူရိန်စိုးတစ်ယောက် စိတ်တိုကာ ပွစိပွစိလုပ်နေလေသည်။

"ကိုကို"

"ဗျာ..."

"ကျွန်တော်တို့ကို ပင်လယ်ထဲတော့ပစ်မချပါဘူးနော်"

နေမဟော်သည် ဘုန်းမြတ်ပိုင်၏ ကလေးဆန်ဆန်အတွေးကြောင့် ရယ်လိုက်မိပြီး ဘေးကနှစ်ယောက်ကို စနောက်လိုက်သည်။

"ကိုယ့်အချစ်ဆုံးကလေးစုတ်လေးကို ပစ်ချစရာလား။ ချချင်းချ ဟိုနှစ်ကောင်ကိုပစ်ချမှာ"

"ကိုနေစုတ် သူ့ဟာလေးကျသိတတ်တာ"

နေမဟော် စနောက်မှန်းသိနေသည်မို့ ထက်အာကာသည် နေမဟော့်ပုခုံးကိုလက်သီးဖြင့် ခပ်ဖွဖွလှမ်းထိုးလိုက်သည်။ သူရိန်စိုးကတော့ စိတ်မရှည်ဖြစ်နေပြီ။

"ကိုထက်မရောက်သေးဘူးလားကွာ"

"ရောက်တော့မယ်။ နည်းနည်းလေးပဲ"

နေမဟော်သည် ဘုန်းမြတ်ပိုင်၏လက်ကလေးကို ဆုပ်ကိုင်ထားပြီး ထက်အာကာကတော့ သူရိန်စိုးရဲ့ပုခုံးလေးကိုဖက်ကာ တွဲပေးရင်း လျှောက်လာကြသည်။

"ကဲရောက်ပြီ မျက်လုံးဖွင့်လို့ရပြီ"

နေမဟော်သည် ဘုန်းမြတ်ပိုင်၏ မျက်လုံးများကို စည်းထားသည့်ပု၀ါစကိုဖြည်ပေးလိုက်သည်။ ထက်အာကာလည်း သူရိန်စိုး၏ ပုဝါစကိုဖြည်ပေးလေသည်။ ပုဝါများကိုဖြည်လိုက်ချိန်တွင် နှစ်ဦးစလုံးဘာများရှိ‌နေတာလဲဟု ကြည့်ကြသော်လဲ နေမင်းကမိုးကုပ်စက်၀ိုင်းထဲ စုံးစုံးမြုပ်သွားပြီမို့ အမှောင်ထုက ကြီးစိုးနေလေပြီ။

မှောင်နေသောပတ်၀န်းကျင်ကြောင့် ဘာဆိုဘာမျှမမြင်ရ။ ထိုအချိန်မှာပင် သူတို့ရှေ့တွင် ဖျတ်ခနဲမီးလင်းလာတာကြောင့် လန့်သွားမိကြသော်လဲ တဖျတ်ဖျက်လက်နေသော ရောင်စုံမီးသီးလေးများကို မြင်လိုက်ရသည်မို့ အံ့သြသွားမိသည်။ ထိုအချိန်မှာပင် အခြားမီးသီးတွေပါ တစ်ခုပြီးတစ်ခု ဆက်တိုက်လင်းလာသည်။

"Wow! လှလိုက်တာကိုကိုရာ"

ဘုန်းမြတ်ပိုင်တစ်ယောက် အံ့သြစွာဆိုလေတော့ နေမဟော်ကပြုံးနေလေသည်။ ထို့အတူ သူရိန်စိုးကလည်း "လှလိုက်တာ"ဟု ရေရွတ်နေသည်မို့ ထက်အာကာသည်လည်း ကျေနပ်နေတော့သည်။

*******