အခန်း ၈ မေ့ဖျောက်ထားခဲ့သောဒဏ်ရာဟောင်းများ
Viewers 2k

အခန်း ၈။ မေ့ဖျောက်ထားခဲ့သောဒဏ်ရာဟောင်းများ

သူတို့ရှေ့မှာရှိနေသည်က တိုင်လေးတိုင်စိုက်ထူထားပြီး လေးဘက်စလုံးကြိုးသွယ်ကာ ချိတ်ဆွဲထားသည့် ရောင်စုံလျှပ်စစ်မီးလုံးလေးများဖြစ်သည်။ စဝင်ရမည့်အပေါက်ဘက်မှာတော့ ကြိုးတိုတိုဖြင့် မီးသီးလေးများကို ချိတ်ထားသည်။

ကျန်သည့်သုံးဘက်မှာတော့ ကြိုးရှည်ရှည်လေးတွေနှင့်မို့ ကြည့်ရသည်မှာ အခန်းငယ်လေးသဖွယ်။ ထိုအခန်းလေးထဲမှာတော့ စားပွဲခုံတစ်လုံးရှိပြီး စားပွဲထက်မှာတော့ ၀ိုင်နှင့်အတူ ပင်လယ်စာမျိုးစုံကို ပြင်ဆင်ထားလေသည်။

"ကလေး သဘောကျလား"

"အင်းပေါ့ကိုကိုရယ်။ အရမ်းလှတာကို။ အဲဒါကြောင့် ကိုကို့ကိုအရမ်းချစ်တာ"

ဘုန်းမြတ်ပိုင်သည် နေမဟော့်ရင်ခွင်ထဲ၀င်ကာ ခါးကိုဖက်ထားလိုက်သည်။ ရုတ်တရက်မို့ အံ့သြသွားသော်လည်း သူ့ချစ်သူလေးကို တင်းနေအောင် ပြန်ဖက်ထားလိုက်ရင်း ပင်လယ်လေကြောင့် တလွင့်လွင့်ဖြစ်နေသည့် ဆံနွယ်လေးများကို နမ်းရှိုက်ပစ်လိုက်သည်။

ထိုအချိန်တွင် သူရိန်စိုးလည်း ခြေဖျားထောက်ကာ ထက်အာကာ၏ပါးကို ဖျတ်ခနဲနမ်းလိုက်ရင်း ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ကို"

ထက်အာကာတစ်ယောက် နေမဟော်တို့ကိုကြည့်နေစဉ်မှာ အနမ်းခံလိုက်ရတာကြောင့် အံ့သြမိသွားရင်း လှည့်ကြည့်လေသည်။ ထိုအခါ ရှက်၀ဲ၀ဲလေးဖြစ်နေသည့် မျက်နှာလေးနှင့် ခေါင်းကိုငုံ့ထားသော ချစ်ရသူကိုတွေ့လိုက်ရသည်။

ထို့ကြောင့် ခေါင်းငုံ့သွားသည့် သူရိန်စိုး၏မေးဖျားလေးကို လက်နှစ်ဖက်နှင့် ဆွဲမော့လိုက်ရင်း ရှက်ရိပ်သန်းနေသည့် မျက်၀န်းတို့ကို စိုက်ကြည့်လိုက်သည်။

"ကို ဟုတ်လား..."

"ဘာလဲ။ အဲဒီ့လိုခေါ်တာ မကြိုက်ဘူးလား"

ထက်အာကာသည် သူရိန်စိုး၏အမေးစကားကိုပြန်မဖြေဘဲ အလုပ်နှင့်သက်သေပြလိုက်သည်။ နူးညံ့သောနှုတ်ခမ်းနှစ်လွှာသည် ပင်လယ်လေကြောင့် ဝေးမှာစိုးသည့်အလား နူးညံ့စွာ၊ နွေးထွေးစွာဖြင့် ချိုမြ‌နေခဲ့ပါလေသည်။

"အဟမ်း"

"အဟွတ်"

ရုတ်တရက် အနားကပ်ကာဆိုးလိုက်သည့် လုပ်ချောင်းသံတွေကြောင့် သူရိန်စိုးနှင့်ထက်အာကာတို့ နှစ်ဦးသားရှက်ရွံ့စွာ လူချင်းခွာလိုက်ကြသည်။ အနားကိုရောက်လာသူတွေက အခြားမဟုတ်။ နှင်းမြတ်ပိုင်နှင့် နေအရောင်ပင်ဖြစ်လေသည်။

"အဲ... နှင်းမြတ် အခုမှလာတာလား"

"suprise ကို အံ့သြသွားကြတယ်ဟုတ်..."

သူရိန်စိုးသည် နှင်းမြတ်ပိုင်၏ ရယ်ကာမောကာ မေးသံအဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။ နှင်းမြတ်ပိုင်ကတော့ ပြုံးပြုံးကြီးပင် သူမ၏အကြံအစည်ပေါ် ဂုဏ်ယူနေလေတော့သည်။

"RSတွေ move.. move ကြည့်လို့ကိုမရဘူး"

နေအရောင်ကတော့ ယခုချိန််ထိ လူချင်းမခွာသေးဘဲ ဖက်ထားဆဲဖြစ်သော နေမဟော်နှင့် ဘုန်းမြတ်ပိုင်ကိုကြည့်ကာ ပြောလိုက်လေတော့ ပြန်ရလိုက်သည်က "မနာလိုဖြစ်နေတာမလား ယောက်ဖ"ဟူသော စကားသာ။

ဘုန်းမြတ်ပိုင်တစ်ယောက် နေမဟော့်ရင်ခွင်ထဲမှနေ၍ လှမ်းပြောင်ပြနေခြင်းပင် ဖြစ်တော့သည်။ နေအရောင်ကတော့ မကျေမနပ်ဟန်ဖြင့် လက်သီိးသာ ထောင်ပြလိုက်လေသည်။

"ကဲကဲ စားကြရအောင်"

နှင်းမြတ်ပိုင်သတိပေးတော့မှပဲ သူတို့တစ်တွေ sea foodတွေဆီက အနံ့ကိုရမိတော့သည်။ အနံ့ရသည်နှင့် သစ္စာရှိလွန်းသောဗိုက်က ဂွီခနဲမြည်လာလေတော့သည်။ ဘုန်းမြတ်ပိုင်လည်း ထိုအခါမှသာ ရယ်ကျဲကျဲလုပ်နေပြီးနောက် Dinner ပွဲလေးကို ပျော်ရွှင်ဖွယ်ကောင်းစွာ ဆက်လက်ကျင်းပကြလေသည်။

********

နေမဟော်သည် စားသောက်ဖို့ရာ သူတို့အားလုံးကိုယ်စီ ထိုင်လိုက်ချိန်တွင် နေအရောင့်ကို ခေါင်းညိတ်ပြလိုက်သည်။ နေအရောင်လည်း ပြန်လည်ကာခေါင်းညိတ်ပြပြီး ခပ်လှမ်းလှမ်းတစ်နေရာသို့ ထွက်သွားပြီးခလုတ်တစ်ခုကို နှိပ်လိုက်လေသည်။

ထိုနောက်မှာတော့ ရုတ်တရက်အမှောင်ကျသွားပြီးနောက် ဖျတ်ခနဲပြန်လင်းလာတော့ ရောင်စုံမီးသီးတွေအားလုံးဟာ အဝါရောင်လေးတွေ ချည်းသာဖြစ်နေတော့သည်။

ကမ်းခြေမှာမို့ romanticဆန်ဆန် ဖယောင်းတိုင်ထွန်းလို့မရနိုင်။ သည်တော့ ရသလိုလုပ်ရတာပင်။ ကလေးကြီးနှစ်ယောက်ကတော့ သဘောခွေ့နေကြလေသည်။ နေအရောင်ပြန်လာတော့ အားလုံးအတူတူ ပျော်ရွှင်စွာစားသောက်ကြလေသည်။

နေမဟော်သည် ဘုန်းမြတ်ပိုင်ကို လှည့်ကြည့်ပြီးနောက် တဖြူးဖြူးတိုက်ခတ်နေသည့် ပင်လယ်လေကြောင့် လွင့်မြူးနေသည့် ဆံနွယ်လေးများကို နားအနောက်သို့ ညှပ်ပေးလိုက်သည်။ ဘုန်းမြတ်ပိုင်ကတော့ သူ့favouriteဖြစ်သည့်
Seafoodတုံယမ်းခေါက်ဆွဲကြော်ကို ပလုပ်ပလောင်းပင် စားနေလေသည်။

နေမဟော်သည် ဖောင်းကားနေသည့် ပါးပြင်လေးကို အသည်းယားစွာ ဆွဲညှစ်လိုက်သည်မို့ ဘုန်းမြတ်ပိုင်တစ်ယောက် စားနေဆဲခေါက်ဆွဲကြော်ပင် နင်သွားလေတော့သည်။ သည်တော့နေမဟော်လည်း ပြင်ဆင်ထားသည့်အထဲ ရေဘူးမပါလာတာကြောင့် ၀ိုင်ခွက်သာကမ်းပေးလိုက်တောသည်။

"ဖြည်းဖြည်းစားတာမဟုတ်ဘူး"

ဘုန်းမြတ်ပိုင်သည်လည်း ရေလားဝိုင်လား စဉ်းစားမနေတော့။ လည်ချောင်းထဲ တစ်နေသည့်အရာတွေ ကျသွားဖို့သာအရေးကြီးနေသည်မို့ မြန်မြန်မော့သောက်ရသည်။ ထို့နောက်မှ နေမဟော့်ကို မကျေမနက် လှည့်ကြည့်လိုက်တော့သည်။

"ကျွန်တော်သီးတာ ခင်ဗျားကြီးကြောင့်လေ"

"ဘာခင်ဗျားကြီးလဲ။ ထပ်ခေါ်ရဲရင်ခေါ်ကြည့်စမ်း"

နေမဟော်သည် သူ့မျက်နှာကို လက်နှစ်ဖက်နှင့် ညှစ်ကိုင်ရင်း မျက်နှာတည်ကြီးနှင့် ပြောလိုက်တာမို့ ဘုန်းမြတ်ပိုင်တစ်ယောက် မျက်လုံးလေးကလယ်ကလယ်နှင့် ပြန်ကြည့်နေလေသည်။ ပါးကိုလက်နှင့်ညှစ်ထားတာမို့ စူနေသည့်နှုတ်ခမ်းလေးကိုကြည့်ရင်း နေမဟော်တစ်ယောက် တံတွေးအနိုင်နိုင်မြိုချလိုက်ရသည်။

အား... မင်းငါ့ကို ပြုစားနေတာလားကလေးရယ်။ ငါ့ရင်တွေ တဒိန်းဒိန်းနဲ့ ပေါက်ကွဲထွက်တော့မလားပဲ။

နေမဟော်သည် ဘုန်းမြတ်ပိုင်ကိုကြည့်နေရင်း ချစ်မြတ်နိုးစိတ်တွေ ပို၍ပင်တားဆီးမရနိုင်ဖြစ်လာရသည်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် နှင်းမြတ်ပိုင်ကတော့ ရှေ့ကစားပွဲအပြည့်ရှိသည့် sea food တွေကိုပင် မေ့နေသယောင်။

အစ်ကိုဖြစ်သူနှင့် နေမဟော်တို့ သူမအရှေ့တွင် ကျီစယ်နေသည်ကို မျက်လုံးအပြူးသားနှင့် ကြည့်နေလေသည်။ နေအရောင်ကတော့ အေအေးဆေးဆေးပင် ပြည်ကြီးငါးသုပ်စားလိုက််၊ ၀ိုင်သောက်လိုက်။

ဘုန်းမြတ်ပိုင် ပလုတ်ပလောင်းစားနေသလောက် တစ်ဖက်ရှိသူရိန်စိုးကတော့ အေးအေးဆေးဆေးပင် pastaစားလိုက် soupလေးသောက်လိုက်နှင့် နှပ်နေလေသည်။ ကြာတော့ ထက်အာကာတစ်ယောက် စောင့်ရင်းစိတ်မရှည်နိုင်တော့ပေ။

"သူရိန်ရာ စားလို့မ၀သေးဘူးလား"

သူရိန်စိုးသည် ထက်အာကာ၏အမေးကိုပြန်မဖြေဘဲ တစ်ချက်သာလှည့်ကြည့်ပြီး အစားကိုဆက်စားနေသည်။

"သူရိန်‌ရေ... စားလို့မပြီးသေးဘူးလားလို့။ လုပ်စရာရှိလို့ပါဆို"

ထက်အာကာ ထပ်ပြောလိုက်တော့ သူရိန်စိုးလည်း စားသောက်နေခြင်းကို မြန်မြန်လက်စသတ်လိုက်ရသည်။

"ကဲပြီးပြီ။ ပြောဘာလဲ"

သူရိန်စိုး၏ စကားအဆုံးမှာပဲ ထက်အာကာသည် ခုံပေါ်ထိုင်နေရင်းမှဆင်းကာ ရုတ်တရက်ပင် သဲပြင်ပေါ်ဒူးတစ်ဖက် ထောက်လိုက်သည်။ ပြီးနောက် ကတ္တီပါဘူးလေးတစ်ခုကို ဖွင့်လိုက်တော့ platinum လက်စွပ်လေးသည် လရောင်အောက်မှာ တဖျက်ဖျတ်တောက်ပလျက်ရှိသည်။

"Do you marry me?"

သူရိန်စိုးတစ်ယောက် လက်စွပ်ဘူးကို သူ့ထံကမ်းပေးရင်း ဆိုလာသည့်စကားကြောင့် ဆွံ့အနေမိသည်။ သူငယ်ချင်းတွေ အားလုံးရှေ့တွင် လက်ထပ်ခွင့်တောင်းနေသည်မို့ နေအရောင်တို့လည်း အံ့သြနေမိသည်။ အားလုံးတိုင်ပင်ထားသည့်အထဲ သည်ကိစ္စမပါတာမို့ အံ့သြနေကြခြင်းလည်းဖြစ်သည်။

သူရိန်စိုးသည် မျက်ရည်၀ဲလာသည်မို့ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ သို့သော်လည်း မျက်ရည်များကတော့ တရစပ်စီးကျလာသည်မှာ တားမရဆီးမရ။

"သူရိန်လေး"

ထက်အာကာတစ်ယောက် စီးကျနေသည့် မျက်ရည်များကိုသုတ်ပေးရန် ဒူးထောက်ထားရာမှ ထမည်ပြုစဉ်မှာပင် သူရိန်စိုးက သူ့ပုခုံးကိုခပ်ဖွဖွလှမ်းကိုင်လိုက်လေသည်။

"ဟင့်အင်း ကျွန်တော်မငိုဘူးကို။ အရမ်းပျော်လို့ သူ့ဘာသာ မျက်ရည်တွေက ကျလာတာသိလား။ အင်း လက်ထပ်မှာပေါ့။ ကိုကကျွန်တော့်အပိုင်ပဲ"

သူရိန်စိုးသည် မျက်ရည်များစီးကျနေရင်းမှပြုံးကာ ခန္ဓာကိုယ်ကိုကုန်းလိုက်ပြီး ထက်အာကာ၏ နဖူးပြင်ပေါ်သို့ အနမ်းတစ်ပွင့် ခြွေချလိုက်တော့သည်။ ထက်အာကာသည်လည်း မျက်လုံးလေးမှိတ်လိုက်ကာ ချစ်သူရဲ့အနမ်းတို့ကို ငြိမ်သက်စွာ ခံယူလေသည်။

သူငယ်ချင်းတွေ အားလုံးကတော့ ဝမ်းသာအားရ လက်ခုပ်တီးကြသည်။ ထို့နောက်မှာတော့ ထက်အာကာသည် လက်စွပ်လေးစွပ်ပေးရင်း လက်ဖမိုးလေးကိုပါ နမ်းလိုက်တာမို့ သူရိန်စိုး၏ရင်ထဲတွင် အလွန်ပင်ကြည်နူးသွားရလေသည်။

"တိတ်တိတ် မငိုနဲ့တော့နော်။ ကိုယ့်သူရိန်လေးကလိမ္မာတယ်"

ထက်အာကာတစ်ယောက် ခုံတွင်ပြန်ထိုင်လိုက်ပြီးနောက် မျက်ရည်များကို ခပ်ဖွဖွသုတ်ပေးလိုက်သည်။ ၀မ်းသာလို့ကျသည့်မျက်ရည်ဆိုသော်လည်း မျက်ရည်ပဲမို့ မကျစေချင်ပါလေ။

"ဟုတ် မငိုတော့ပါဘူး။ ၀မ်းသာလွန်းလို့မျက်ရည်ကျတာပါကိုရဲ့။ ပြီးတော့လေ ကျွန်တော့်ကို ညီလို့ပဲခေါ်ပါလားဟင်"

"ကိုယ့်သူရိန်‌လေးသဘောပါဗျာ။ ဟုတ်ပြီလား"

"ငထက်မကောင်းဘူးကွာ။ ဒီလိုလုပ်မယ်ဆိုတာ အစထဲကမပြောဘူး။ ဘယ်တုန်းကတည်းက ကြိတ်စီစဉ်နေတာလဲ"

"အဖြေရပြီးကတည်းကပဲ"

"FAကြီး မနာလိုနေတာမလား။ မင်းကိုတော့ မြန်မြန်Semeရှာပြီး ပေးစားမှပါ"

နေအရောင့်ထံမှ အမေးစကားကို ထက်အာကာက ရယ်မောရင်း ပြန်ဖြေသလို သူရိန်စိုးကလည်း စနောက်လိုက်တော့ နေအရောင်တစ်ယောက် မကြည်မလင်ဟန်ဖြင့်သာ ပြန်ကြည့်ပေးလိုက်သည်။ အားအားရှိ ဒီFAဂုဏ်ပုဒ်ကိုပဲ လာလာထိခိုက် နေကြသည်မို့ပင်။ သူရိန်စိုးကတော့ အပြုံးပင်မပျက်။

"ကိုသူရိန်‌ေရ အဲဒီ့အတွက်တော့ စိတ်ချ။ ဒီမှာ မြားနတ်မယ်တစ်ယောက်လုံး ရှိတာပဲကို"

"အောင်မာယူစရာလား။ ငါကမိန်းမပဲယူမှာပါနော်"

နေအရောင်တစ်ယောက် FAဟု အပြောခံရုံတင်မကဘဲ ထပ်မံကာစနောက်ခံနေရသည်မို့ နှင်းမြတ်ပိုင်ထံ မကျေမနပ်ဟန်ဖြင့် မျက်လုံးကိုစွေကာ ကြည့်လိုက်တော့သည်။

"Uke typeလို့ ပြောတော့လဲမကြိုက်ဘူး။ စိတ်ဆိုးတဲ့ပုံစံကိုက ကြည့်ပါလား"

သူတို့တစ်တွေ ရယ်ကာမောကာဖြင့် နေအရောင့်ကို စနောက်နေကြစဉ်မှာပင် ဘုန်းမြတ်ပိုင်ထံမှ ရှိုက်သံနှင့်အတူ မျက်ရည်တွေ၀ဲလာသည်မို့ နေမဟော်တစ်ယောက် ပျာယာခတ်သွားရသည်။

"ဘာ... ဘာဖြစ်လို့လဲ ကလေး"

"ကျွန်တော့်ကိုကျတော့ လက်ထပ်ခွင့်မတောင်းဘူး"

"သြော် ဘာများဖြစ်သလဲလို့ လန့်လိုက်တာကလေးရယ်"

"သူများတွေroနေကြတော့ ကျွန်တော်လည်းအားကျတာပေါ့လို့"

"အားကျရင်အားသွင်းလေ ငပိုင်ရာ"

သူရိန်စိုးက လက်မှလက်စွပ်လေးကိုထောင်ပြရင်း လျှာထုတ်ကာ လှမ်းပြောင်လိုက်တာမို့ ဘုန်းမြတ်ပိုင်တစ်ယောက် ငိုဖို့ဟန်ပြင်လေတော့သည်။

"တွေ့လား တွေ့လား။ ကျွန်တော့်ကို လှောင်နေကြပြီ။အဲဒါခင်ဗျားကြီးကြောင့် သိလား။ အဟင့်"

"ဟာ မငိုပါနဲ့ကလေးကလည်း။ အာကာကအရင်ကတည်းက စီစဉ်ထားတာလေ။ ကိုယ်ကဒီရောက်မှ ကလေးဆီကအဖြေရတဲ့ဟာကို"

"မသိဘူး မသိဘူး ငိုမယ်"

"ကလေးငိုနေရင် ကိုယ့်မာမီအကြောင်း မပြောပြတော့ဘဲ နေမှာနော်။ ကလေးပဲ အားလုံးသိအောင်ပြောပြပါဆို"

"ပြီးရော မငိုတော့ဘူးပြောပြ"

"ဒီလိုမှပေါ့။ ကိုယ့်ကလေးကလိမ္မာတယ်"

ထို့နောက်မှာတော့ နေမဟော်သည် ရှိစုမဲ့စုမျက်ရည်လေးကိုသုတ်ရင်း ခေါင်းငြိတ်ပြသည့်ချစ်ရသူကြောင့် ဖြစ်ပျက်ခဲ့သည့် အတိတ်ကကိစ္စများကို အတိုချူံ့ကာ ပြောပြလိုက်ပါတော့သည်။

*********


"ကိုယ့်မာမီက မိဘ‌တွေစီစဉ်ထားတဲ့လူနဲ့ မယူချင်လို့ တခြားသူနဲ့ခိုးရာလိုက်ပြေးခဲ့တယ်။ ကိုယ့်အဖေရင်းဖြစ်လာမဲ့သူပေါ့။ ဆင်းဆင်းရဲရဲ ရှင်သန်ခဲ့ရတယ်တဲ့။ မာမီက ဘယ်ယူချင်မှာလဲ။ အဲဒီလူက gay တစ်ယောက်လေ။ အဲဒီ့နောက် ကိုယ်၀န်လွယ်ထားတဲ့အချိန်မှာပဲ ကိုယ့်အဖေအရင်းဆုံးခဲ့တယ်။ ကိုယ်၀န်အရင့်အမာကြီးနဲ့ ဒုက္ခများနေတဲ့မာမီ့ကို အဘိုးအဘွားတို့က ပြန်ခေါ်ခဲ့တယ်။ သဘောမတူဘဲ ခိုးရာလိုက်ပြီး ရလာတဲ့ကိုယ်၀န်မို့ မွေးပြီးရင်စွန့်ပစ်ဖို့ ပြောကြပေမယ့် မာမီကတော့မလုပ်ရက်ပါဘူး။ အဲဒီ့မှာပဲ အရင်ကပေးစားဖို့ လုပ်ထားတဲ့သူနဲ့ အတင်းပေးစားတယ်။ မယူဘူးဆိုရင်ကလေးကို မွေးပြီးတာနဲ့ မသိအောင်သွားစွန့်ပစ်မယ်ဆိုလို့ မာမီလည်း ခေါင်းညိတ်လက်ခံခဲ့ရတာပေါ့။ တစ်ဖက်ကလူကလည်း သူခံစားနေရတာတွေ ဖြေဖျောက်ဖို့ အာရုံလွှဲတဲ့အနေနဲ့ မာမီ့ကိုလက်ထပ်ခဲ့တယ်လေ။ ဒါပေမယ့်ဂရုမစိုက်ခဲ့ဘူး။ သူချစ်တဲ့သူမှမဟုတ်တာကိုး။ သူချစ်တဲ့သူက သူ့ကိုသစ္စာဖောက်ခဲ့တာလေ။ ဒါပေမယ့်ကိုယ့်ကို မွေးပြီးနောက်ပိုင်း မာမီ့ကိုဂရုစိုက်လာတယ်။ gayဆိုပေမယ့် bisexဖြစ်နေမယ်ထင်ပါရဲ့။ နောက်ပိုင်း နေရောင့်ကိုမွေးလာတယ်။ ကိုယ့်ကိုလည်း သားရင်းလိုပဲချစ်တယ်။ ကိုယ့်အတွက်လည်း ဖခင်ရင်းဆိုတာ မြင်တောင်မမြင်ဖူးလိုက်တာမို့ ဒယ်ဒီကသာ ကိုယ့်အဖေပါပဲ။ အဲဒီတုန်းကအကြောင်းအရာတွေကို ကိုယ်ငယ်သေးတာမို့သိပ်မသိဘူး။ အဘိုးတို့အဘွားတို့ ပြောပြလို့သိခဲ့ရတာပေါ့။ မိသားစုလေး အရာရာအေးချမ်းနေပြီးကာမှ တစ်နေ့မှာဂြိုဟ်ဆိုး၀င်လာခဲ့တယ်လေ။ မင်းမှတ်မိသေးလားနေရောင်။ မင်း၃တန်းတုန်းက ကျောင်းစတက်တဲ့နေ့မှာပဲ ပြဿနာတက်ခဲ့တာလေ။ အတန်းထဲက ကောင်လေးတစ်ယောက်ကို မိန်းကလေးနဲ့တူလို့ အခြောက်လို့စနောက်ပြီး ခေါ်ခဲ့မိရာက အတန်းထဲမှာ ရန်ဖြစ်ကြရောလေ။ အတန်းပိုင်ဆရာမက မိဘတွေခေါ်ပြီး လက်မှတ်ထိုးခိုင်းတဲ့အထိပဲ။ မာမီက နေမကောင်းတာမို့ ဒယ်ဒီပဲ ကျောင်းကိုလိုက်ခဲ့ရတယ်။ ဘယ်သူသိမှာလဲ ဟိုကောင်လေးရဲ့အဖေက ဒယ်ဒီ့ ရည်းစားဟောင်းကြီး ဖြစ်နေခဲ့တာ။ နှစ်ယောက်ပြန်တွေ့ကြပြီးနောက် ပြန်ဆက်သွယ်ခဲ့ကြတယ်။ ပြန်ပြီးရှုပ်ခဲ့ကြတယ်။ သူ့မှာလည်း ကလေးတောင်ရနေပြီကို အရှက်မရှိတာ‌လေ။ ဒယ်ဒီက အဲဒီ့နောက်ပိုင်း မာမီ့ကိုလှည့်မကြည့်တော့ဘူး။ စိမ်းစိမ်းကားကားကြီးကို ဖြစ်သွားခဲ့တာပေါ့။ ညဘက်ဆို clubတွေတက်တယ်။ သောက်ပြီးမူးမူးရူးရူးနဲ့ ပြန်လာတတ်တယ်။ မာမီ့ကို ပတ်ရမ်းတယ်။ တစ်နေ့တော့ မာမီသည်းမခံနိုင်တော့လို့ ဟိုလူကြီးနဲ့သွားတွေ့ခဲ့တယ်။ အိမ်ပြန်လာတော့ မာမီတစ်ခုခုဖြစ်နေပုံရပြီး အဲဒီနောက်ပိုင်း အချိန်တိုင်းလိုလို မှိုင်နေရော။ ဘာကြောင့်လဲလို့ ကိုယ်မာမီ့ကိုမေးတယ်။ မာမီက ဟန်ဆောင်ပြုံးလေးနဲ့ ပြန်ဖြေတယ်။ သားကငယ်သေးတယ် ဒါတွေကိုစဉ်းစားနိုင်တဲ့ ဉာဏ်မရှိသေးဘူး မသိချင်ပါနဲ့တဲ့။ ပြီးတော့သားတွေ မမြင်အောင် ကွယ်ရာမှာကြိတ်ငိုတယ်။ နောက်တော့ရုတ်တရက် အမောဖောက်ပြီးဆုံးသွားတော့တာပဲ။ ဒါကြောင့်ကိုယ်ဒယ်ဒီ့ကို စိတ်ဆိုးတယ်။ ဟိုလူကြီးကိုတော့ပိုမုန်းတယ်။ ကိုယ်တို့မိသားစုကို သေကွဲကွဲအောင်လုပ်ခဲ့တဲ့သူကို ခွင့်မလွှတ်နိုင်ဘူး"

နေမဟော်သည် ပြောပြနေရင်း အံကိုတင်းတင်းကြိတ်လိုက်တာကြောင့် ပါးရိုးများပင် ထောင်ထလာလေသည်။ မျက်လုံးများကလည်း ဒေါသကြောင့်နီရဲလျှက်ရှိနေသည်။

"သူ့ကြောင့်မာမီသေခဲ့တာ။ သူတစ်ခုခုပြောလိုက်လို့သာ မာမီငိုခဲ့ရတာ။ သူကကိုယ့်မာမီကို သတ်ခဲ့တာပဲ။ နောက်တော့ ကိုယ်လက်စားချေဖို့ လိုက်စုံစမ်းသေးတယ်။ လုပ်တုန်းကလုပ်ပြီး ကြောက်လို့ထင်ပါရဲ့ နိုင်ငံခြားကို ပြောင်းပြေးသွားတယ်လေ"

နေမဟော်တစ်ယောက် ခါးသက်စွာပင်ရယ်မောမိသည်။ မျက်လုံးတွေကတော့ ဒေါသကြောင့်နီရဲနေဆဲ။ နေအရောင်ကတော့ မျက်ရည်တွေ‌ဝေ့သီလျက်။

"ဒါ... ဒါတွေအားလုံးက ကျွန်တော့်ကြောင့်... ကျွန်တော့ကြောင့်ပေါ့။ အဲဒီကောင်လေးကို သွားရန်စမိလို့ ဒယ်ဒီတို့ပြန်တွေ့ခဲ့ကြတာ မာမီသေခဲ့ရတဲ့ အဓိကတရားခံက ကျွန်တော်ပဲ"

"မဟုတ်ဘူးနေရောင်။ မင်းကြောင့်မဟုတ်ဘူး။ ဦးမင်းခန့်မြတ်ဆိုတဲ့ ဟိုလူကြီးကြောင့်ပဲ။ မင်းကြောင့်ဆိုတဲ့ အဲဒီလိုအတွေးတွေ ဝင်မှာစိုးလို့ တမင်ကိုအသိမပေးခဲ့တာ"

နေမဟော်ပြောပြသည်များကို နားထောင်ရင်း နှင်းမြတ်ပိုင်နှင့် သူရိန်စိုးတို့ မျက်ရည်များကျနေလေပြီ။ သူတို့လည်း ဝမ်းနည်းမှုကို ထပ်တူခံစားနေရသည်‌လေ။ ထက်အာကာကတော့ နေမဟော့်ပုခုံးကို လက်ဖြင့်ဖိဆုပ်ထားရင်း အားပေးနေသည်။ ဘုန်းမြတ်ပိုင် တစ်ယောက်မှာတော့ ခုံပေါ်တွင် ခေါင်းမှောက်နေလေပြီ။

အမှန်ကတော့ သူငိုကြွေးနေခြင်းပင်။ သူ့ရင်ထဲမှာလည်း မိခင်ကိုတမ်းတနေမိသည်။ မိခင်ဆိုသူမှာ ဘယ်လိုရုပ်ရည်မျိုး ရှိသလဲဆိုတာပင် မသိရ။ ဒယ်ဒီ့ကိုမေးတော့လည်း မဖြေ။

ကြီီးစုကိုမေးတော့လည်း မေးချိန်တိုင်းမှာ စိတ်ဆိုးတတ်တာကြောင့် ဆက်မမေးရဲခဲ့။ ညအိပ်ရာ၀င်တိုင်း ဓာတ်ပုံလေးပင်မမြင်ဖူးခဲ့သည့်မိခင်ကို ရင်ထဲကနေသာ မှန်းဆကန်တော့နေရသည်။

"မဟုတ်ဘူး။ ကျွန်တော့်ကြောင့်... ကျွန်တော့ကြောင့် မာမီသေခဲ့ရတာ"

နေအရောင်သည် ဝေ့သီနေသည့် မျက်ရည်များကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်း သုတ်ပစ်ရင်းထရပ်လိုက်သည်။ ထို့နောက် အော်ဟစ်ကာပြောရင်း ပြေးထွက်သွားတော့ မနေနိုင်စွာပင် အနောက်မှ ပြေးလိုက်သွားမိသူက နှင်းမြတ်ပိုင်။

********

လရောင်သာသောညမို့ ပတ်၀န်းကျင်ကို ထင်ရှားစွာမြင်နေရလေသည်။ ကမ်းခြေလေက ခပ်မြူးမြူးလေး တိုက်ခတ်နေတာမို့ ပင်လယ်ပြင်မှာတော့ လှိုင်းကြပ်ခွပ်လေးများ ကြီးစိုးနေလေသည်။

သောင်စပ်တစ်နေရာမှာတော့ နေအရောင်သည် ဒူးထောက်လျက်ရှိနေပြီး လက်သီးများကို သဲပြင်ကိုထိုးနေကာ ကြာလာတော့ ချိုင့်ခွက်ပင်ဖြစ်လာလေပြီ။ သဲပြင်မို့လက်မနာသော်လည်း သူ့ရင်ထဲမှာတော့ နာကျင်နေသည်မဟုတ်လား။

"အရမ်းခံစားနေရလားနေရောင်"

နှင်းမြတ်ပိုင်သည် ရပ်ကြည့်နေရင်း မနေနိုင်တော့ဘဲမေးလိုက်တာကြောင့် နေအရောင်က သူမကိုမော့ကြည့်လာလေသည်။ နှင်းမြတ်ပိုင်လည်း နေအရောင့်ဘေးတွင် ငုတ်တုပ်လေးထိုင်လိုက်သည်။

"အရမ်း၀မ်းနည်းနေလား"

သူမမေးလိုက်တော့ နေအရောင်ပြန်မဖြေဘဲ ခေါင်းကိုငုံ့ကာ သဲပြင်ကိုသာ တွေတွေကြီးစိုက်ကြည့်နေလေသည်။

"နင်ငိုချင်ရင်ငိုချလိုက်ပါ"

"ဟင့်အင်းမငိုဘူး။ ကိုနေကပြောဖူးတယ်။ ငါငိုတာမကြိုက်ဘူးတဲ့"

မငိုဘူးဆိုသော်လည်း မျက်ရည်တွေအ၀ဲသားနှင့် ပြောနေတာမို့ သူမစိတ်ထဲ ထပ်တူဝမ်းနည်းမိသည်။

"မငိုဘူးဆိုရင် ဒီမျက်ရည်တွေက ဘာလို့ကျနေတာလဲ"

"မျက်ရည်တွေကျနေတယ်ဟုတ်လား။ ဟင့်အင်းမငိုပါဘူးဆိုနေ... ဘာလို့မျက်ရည်တွေ ကျနေရတာလဲ"

နေအရောင်သည် ဝဲတက်လာသည့် မျက်ရည်များကို လက်ခုံနှင့်ခပ်ကြမ်းကြမ်းသုတ်ပစ်သည်။ သို့သော်လည်း မျက်ရည်တွေက တားဆီးမရစွာ အရှိန်အဟုန်ဖြင့် စီးကျလာလေတော့သည်။

"လုပ်ပါဦးနှင်းမြတ်ရယ်။ ငါမငိုဘူး။ သူ့ဘာသာကျလာတာ။ ဟင့်အင်း... ငါမငိုပါဘူးဆို။ ဘာလို့မျက်ရည်တွေ ကျနေရတာလဲ။ မငိုဘူး... ငါမငိုဘူး။ လုပ်ပါဦးဟာ"

နေအရောင်သည် သောင်ပြင်ပေါ်တွင်ထိုင်ချလိုက်ကာ ကလေးတစ်ယောက်ကဲ့သို့ ငိုလေတော့ နှင်းမြတ်ပိုင်လည်း မနေနိုင်တော့ဘဲ မျက်ရည်တွေ စီးကျလာမိတော့သည်။

"နေရောင်ရယ်"

နှင်းမြတ်ပိုင်သည် စိတ်မကောင်းစွာ ရေရွတ်လိုက်ရင်း နေအရောင့်ကိုယ်လေးကိို ဖက်ပေးထားလိုက်မိသည်။ အခုအချိန်မှာ သူ့အတွက် နားခိုဖို့ရာရင်ခွင်တစ်ခုလောက် လိုအပ်နေနိုင်သည် မဟုတ်ပါလား။

ခေတ္တယာယီပဲဖြစ်ဖြစ် သူငယ်ချင်းဖြစ်သူအတွက် နားခိုရာရင်ခွင်တစ်ခု ဖြစ်ပေးချင်မိသည်။ ဒါဟာ သူငယ်ချင်းတစ်ယောက်အပေါ်ထားသည့် သူမရဲ့ဖြူစင်သောစေတနာဖြစ်သည်။

နေရောင်သည် အားကိုးရှိသွားပြီမို့ နှင်းမြတ်ပိုင်၏ ပုခုံးပေါ်ခေါင်းတင်ထားကာ ငိုနေလေတော့သည်။ နှင်းမြတ်ပိုင်လည်း နေအရောင့်ကို ဖက်ထားပေးရင်းမှ ကျောလေးကိုခပ်ဖွဖွ ပုတ်ပေးနေလိုက်သည်။

"ငိုလိုက်ပါနေရောင်။ အားရအောင်ငိုပါ။ မျက်ရည်တွေ ကုန်သွားအောင်ငိုလိုက်ပါ။ ပြီးသွားရင်တော့ အရင်လိုပဲပျော်ရွှင်တဲ့ လူတစ်ယောက်အဖြစ် ပြန်နေပေးပါ"

*******

ဘုန်းမြတ်ပိုင်သည် ခုံပေါ်တွင် ခေါင်းမှောက်ကာငိုနေရာမှ ရုတ်တရက်ခေါင်းထောင်လာပြီး အသင့်ထည့်ထားသည့်၀ိုင်ကို တစ်ကျိုက်ထဲ မော့ချပစ်လိုက်လေသည်။ ကုန်သွားတော့ ပုလင်းဖွင့်ကာထပ်ထည့်ပြန်သည်။ သုံးခွက်လောက်သောက်ပြီးချိန်မှာတော့ နေမဟော်ကြည့်မနေနိုင်တော့ပေ။

ဘုန်းမြတ်ပိုင်၏ လက်ထဲမှ၀ိုင်ခွက်ကို ဆွဲယူကာ သောက်ပစ်လိုက်ရတော့သည်။ သို့သော်လည်း ဘုန်းမြတ်ပိုင်သည် ခွက်ကိုပြန်ယူရင်း ထပ်ထည့်ကာသောက်မည့်ဟန်ပြင်တော့ နေမဟော်တားရလေပြီ။

"ကလေးသောက်တာ များနေပြီတော်တော့နော်"

လက်ထဲမှခွက်ကိုလှမ်းယူတော့ ဘုန်းမြတ်ပိုင်သည် မလွှတ်ပေးသည့်အပြင် လက်ကိုပင် ရိုက်ချလိုက်လေသည်။

"သုံးခွက်ထဲရှိသေးတာ မမူးသေးပါဘူး။ အဲဒီ့တော့သောက်ဦးမှဖြစ်မယ်။ ဒါမှကျွန်တော် ခံစားနေရတာတွေ သက်သာမှာ"

"ဟော... ကလေးက ဘာတွေခံစားနေရတာတုန်း"

"ကိုကို့မာမီအကြောင်းကြားတော့ ကျွန်တော်လည်း မာမီ့ကိုသတိရတာပေါ့။ မူးသွားမှမေ့မှာ"

ဘုန်းမြတ်ပိုင်သည် လက်ထဲက၀ိုင်ခွက်ကို နှုတ်ခမ်းနားတေ့ရင်း ထပ်မော့လိုက်သည်။ နေမဟော် အမြန်လှမ်းဆွဲလိုက်သော်လည်း မမှီတော့ပါချေ။

********