အခန်း ၉။ မိုးမမြင်လေမမြင် အနမ်းချစ်ပွဲဝင်
"ခင်ဗျားကြီးသိလား အဟင့်..."
သောက်ပြီးနောက် အချိန်တစ်ခုအကြာမှာတော့ အနည်းငယ်မူးနေပြီဖြစ်သည့် ဘုန်းမြတ်ပိုင်တစ်ယောက် ရစ်ခန်းစလေပြီ။
"ဘာကိုတုန်း ကလေးရဲ့"
"ကျွန်တော်မူးရတာခင်ဗျားကြီးကြောင့်"
"အမ်... ဘာမှလဲမဆိုင်ဘူး"
"ဘာလို့မဆိုင်ရမှာလဲ။ ခင်ဗျားကြီးက မာမီအကြောင်းပြောတော့ ကျွန်တော်လည်း သတိရတာပေါ့။ မေ့အောင်သောက်လို့မူးတယ်။ အဲဒီ့တော့ကျွန်တော်မူးတာ ခင်ဗျားကြီးတရားခံ... ဟမ့်..."
"ကလေးစုတ် သောက်လဲမသောက်နိုင်ဘဲနဲ့များ ထပ်သောက်ချင်နေသေး..."
နေမဟော်သည် မျက်ရည်တွေ၀ဲကာ ငိုမည့်ဟန်လုပ်ပြီးနောက် ခုံပေါ်၌ခေါင်းမှောက်သွားသည့် ဘုန်းမြတ်ပိုင်ကြောင့်ရယ်လိုက်သည်။ သို့သော်လည်း ပြောလို့ပင်မဆုံးသေး။ မှောက်နေသည့်ခေါင်းက ပြန်ထောင်လာလေသည်။
"ဘယ်သူပြောလဲ ကျွန်တော်မသောက်နိုင်ဘူးလို့။ ထပ်သောက်ပြရမလား"
လူကဖြင့် အတော်လေးမူးနေပြီဆိုသော်လည်း ထပ်သောက်ပြရမလားဟု ကြုံးဝါးပြန်သည်။ ထို့နောက် ခုံပေါ် ပြန်မှောက်သွားလေပြီ။ ပါးစပ်ကတော့ မပီမသနှင့် တတွတ်တွတ် ရေရွတ်နေဆဲ။
"တစ်ကယ်တော့ သူတို့မောင်နှမက သနားဖို့ကောင်းတယ် ကိုနေရဲ့။ ငယ်ငယ်လေးထဲက အမေဖြစ်သူကိုတောင် မမြင်ဖူးခဲ့ကြဘူးလေ"
ထက်အာကာထံမှ ကြားလိုက်ရသည့် စကားကြောင့် နေမဟော်အံ့သြသွားရသည်။
"ဆုံးသွားတာလား။ ဒါကြောင့်ထင်တယ်။ သူ့မာမီအကြောင်း တစ်ခါမှပြောသံမကြားမိဘူး"
"အင်းအဲဒီ့လိုထင်တာပဲ။ နှင်းမြတ်ပြောပြဖူးတယ်။ အမေကဘယ်သူလဲဆိုတာ သူတို့ဘယ်လိုမေးမေး အန်ကယ်လ်က မပြောပြဘူးတဲ့လေ။ မေးလိုက်ရင်လည်း မှိုင်သွားတတ်တယ်တဲ့။ ကြီးကြီးစုမြတ်ပိုင်ကိုမေးတော့လည်း မပြောပြတဲ့အပြင် နောက်ဘယ်တော့မှမမေးနဲ့လို့ ပြောတယ်တဲ့လေ။ ကြီးကြီးစုမြတ်ပိုင်က သူတို့အတွက်တော့ အမေဆိုလဲဟုတ်တယ်။ ကြီးဒေါ်ဆိုလည်းဟုတ်တယ်။ အဲဒါကြောင့် လူကြီးတွေစိတ်ဆင်းရဲမှာစိုးလို့ နောက်ပိုင်းလုံးဝမမေးတော့တာတဲ့လေ"
"ဟုတ်တယ်ကိုနေရဲ့။ သူတို့အမေနဲ့ပတ်သတ်ပြီး နာကျည်းစရာ တစ်ခုခုရှိတယ်ထင်ပါရဲ့။ အန်ကယ်လ်ကလည်း အမေရိကမှာပဲ နေတော့တယ်လေ။ သူတို့ကိုလည်း ဟိုမှာကျောင်းတက်ဖို့ ခေါ်တယ်တဲ့။ နှစ်ယောက်လုံး ကြီးကြီးစုမြတ်ပိုင်နဲ့အတူတူ မြန်မာပြည်မှာပဲနေမယ်ဆိုပြီး ခေါင်းမာမာနဲ့ နေခဲ့ကြတာ"
"သြော်ကလေးရယ်။ မိခင်မရှိဘဲ ရှင်သန်လာရတာ တော်တော်ခက်ခဲခဲ့မှာပဲ။ ပြန်တွေးကြည့်တော့ ကိုယ်ကမှအမေရယ်လို့ ခေါ်ခွင့်ရခဲ့သေးတယ်။ ကလေးကတော့ ခေါ်ခွင့်တောင်မရခဲ့ရှာဘူး"
နေမဟော်သည် သူရိန်စိုး၏စကားအဆုံးတွင် စိတ်မကောင်းစွာ ရေရွတ်လိုက်မိရင်း လေတိုက်နေတာကြောင့် တလွင့်လွင့်ဖြစ်နေသည့်ဆံစလေးများကို နားနောက်သို့ ညှပ်ပေးလိုက်သည်။
ခုံပေါ်မှောက်နေသည့်ခေါင်းက ဘေးတစောင်းလေး ဖြစ်နေတာမို့ မျက်၀န်းထောင့်မှ စီးကျနေသည့်မျက်ရည်တို့ကို သူအတိုင်းသားမြင်နေရသည်။ အိပ်ပျော်နေချိန်မှာတောင် ၀မ်းနည်းမှုတွေနဲ့ ကြုံတွေ့နေတုန်းလားကလေးရယ်။
"ကိုနေ သူ့ကိုအခန်းထဲ သွားပို့လိုက်ပါလား။ တော်ကြာမှ ပင်လယ်လေနဲ့ ဖျားသွားဦးမယ်။ ဒီပန်းကန်တွေကိုတော့ ကျွန်တော်တို့ဘာသာ ရှင်းလိုက်ပါ့မယ်"
"အင်း အဲဒါဆို ငါခေါ်သွားလိုက်တော့မယ်။ ဒါတွေသိမ်းဖို့က မင်းတို့မလုပ်ပါနဲ့။ ၀န်ထမ်းတွေကို လွှတ်လိုက်ပါ့မယ်"
ထို့နောက် နေမဟော်သည် ဘုန်းမြတ်ပိုင်ကိုကျောမှာပိုးရင်း hotelထဲ ပြန်၀င်လာတော့ ၀န်ထမ်းတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။
သို့သော်လည်း နေမဟော်က ထိုမျှလောက်ကို ဂရုမစိုက်။ ကိုယ့်ချစ်သူကိုယ် ကျောပိုးလာတာ ဘယ်သူ့ဂရုစိုက်ရမှာတုန်းရယ်လို့ တွေးတောလိုက်မိပြီးနောက် စားသောက်ထားတာတွေရှင်းဖို့ရာ ၀န်ထမ်းတစ်ချို့ကို စေလွှတ်လိုက်တော့သည်။ ပြဿနာက ဘုန်းမြတ်ပိုင်တို့ အခန်းတံခါးရှေ့သို့ ရောက်တော့မှ တက်တော့တာဖြစ်သည်။
ဘုန်းမြတ်ပိုင်တို့ အခန်းသော့က နှင်းမြတ်ပိုင်ဆီမှာဖြစ်သည်။ အကြံအိုက်သွားကာ ဘာဆက်လုပ်ရမလဲ စဉ်းစားနေစဉ်မှာ ကျောပေါ်မှာပိုးထားသည့် ဘုန်းမြတ်ပိုင်တစ်ယောက် ဘာတွေပြောနေမှန်းမသိဘဲ ယောင်နေတာမို့ သူ့အခန်းကိုသာခေါ်သွားလိုက်တော့သည်။
ကျောပိုးထားသည့်ချစ်သူကို ကုတင်ပေါ်သို့ အသာအယာတင်ပေးပြီးနောက် ဖိနပ်များကို ချွတ်ပေးလိုက်သည်။ ညည်းသံကိုလည်း ကြားလိုက်ရတာမို့ နဖူးကိုအသာစမ်းကြည့်လိုက်မိသည်။ ပင်လယ်လေဆိုတာ အခန့်မသင့်ရင် ဖျားတတ်သည်မဟုတ်လား။
"ကိုယ်မပူနေပါဘူး။ တော်ပါသေးရဲ့"
နေမဟော်သည် ရေရွတ်လိုက်ရင်း ကုတင်စွန်းမှာထိုင်လိုက်ကာ ဘုန်းမြတ်ပိုင်၏ နဖူးပေါ်ဝဲကျနေသည့် ဆံပင်လေးများကို ထပ်မံ၍သပ်တင်ပေးမိပြန်သည်။ ညမီးရောင်အောက်၌ ချစ်ရသူ၏ မျက်နှာလေးက ယောကျ်ားလေးတန်မဲ့ ၀င်းဝါကာစိုပြည်နေသည်။ မျက်လုံးထောင့်စွန်းမှာတော့ မျက်ရည်စီးကြောင်းတစ်ခုက ဖြစ်ထွန်းလို့နေလျက်။
စီးကျနေသည့် မျက်ရည်များကို လက်ဖြင့်အသာအယာ တို့သုတ်ပေးရင်း ပါးပြင်လေးတွေကို ထိတို့ကစားနေမိသည်။ မျက်တောင်ရှည်လေးတွေကလည်း ကော့စင်းနေသည့်အပြင် နှာတံလုံးလုံးလေးကတော့ ခပ်ဆတ်ဆတ်လေး ဆွဲကိုက်ပစ်ချင်စရာ။
နှာတံလေးအောက်မှ နှုတ်ခမ်းပါးလေးကလည်း ပန်းရောင်လေးသမ်းနေသည်မို့ သကြားလုံးတစ်လုံးလို မလွှတ်တမ်းငုံခဲထားချင်စဖွယ်။ ထိုအချိန်မှာပင် နေမဟော်တစ်ယောက် သူ့အလိုလိုလှုပ်ရှားလာတည့် နှုတ်ခမ်းလွှာကို ထိန်းချုပ်နေပါသော်လည် ဘယ်လိုမှမရတော့တာမို့ ချစ်ရသူလေးထံ ထိတွေ့ပေးလိုက်သည်။
ထို့နောက်မှာတော့ လွတ်သွားသည့်စိတ်ရိုင်းနှင့်အတူ လည်ပင်းတစ်လျှောက််။ ထိုမှတစ်ဆင့် ရင်ဘတ်တစ်လွှားဆီ ဦးတည်လိုက်မိပြီးကာမှ သတိပြန်၀င်ကာ သူ့စိတ်ရိုင်းတွေ လွင့်ပါးကုန်တော့သည်။
ဟင်... ငါဘာလုပ်မိတာလဲ။ ဟင့်အင်း မဖြစ်သင့်ဘူးလေ။ ငါတို့က လက်မထပ်ရသေးဘူး မဟုတ်လား။
"ငါ... ငါ... မူးပြီးအိပ်ပျော်နေတဲ့သူ
တစ်ယောက်ကို။ ဟင့်အင်းမဖြစ်သင့်ဘူးလေ။ တောင်းပန်ပါတယ် ကလေးရယ်။ ကိုယ်စိတ်လွတ်မိသွားတယ်။ ကလေးခွင့်မပြုဘဲ ကိုယ်မကျူးလွန်သင့်ဘူး"
နေမဟော်တစ်ယောက် နောင်တရစွာရေရွတ်ရင်း ကုတင်ပေါ်မှ တုန်လှုပ်စွာဆင်းလိုက်မိသည််။ ဒီညချစ်ရသူနှင့် တစ်ခန်းထဲအိပ်ရမည်ဆိုရလျှင် သူ့ကိုယ်သူဆက်ပြီး ထိန်းချုပ်နိုင်ဖို့ အာမမခံနိုင်တာမို့ ဧည့်ခန်းက ဆက်တီပေါ်မှာပဲ အိပ်စက်တော့မည်ဟု ဆုံးဖြတ်လိုက်ကာ လှည့်အထွက်မှာပဲ သူ့လက်ကို နောက်ကနေလှမ်းဆွဲထားတာကို ခံစားလိုက်မိသည်။
သူနောက်ကို လှည့်ကြည့်မည်ပြုစဉ်မှာပင် ဘုန်းမြတ်ပိုင်သည် ကုတင်ပေါ်မှယိုင်ထိုးကာဆင်းလာပြီးနောက် သူ့ခါးကိုသိုင်းကာ ဖက်ထားလိုက်လေသည်။
"တောင်းပန်ပါတယ်ကလေး ကိုယ်..."
နေမဟော်တစ်ယောက် ထပ်မံတောင်းပန်မိစဉ်မှာပဲ ဘုန်းမြတ်ပိုင်ထံမှ ထွက်မသွားရန် မပီမသပြောနေသည်မို့ အသေအချာလှည့်ကြည့်လိုက်တော့ မျက်လုံးတို့ကရီဝေစွာ။ သြော်... ဒီကလေး မူးနေတုန်းပဲကို။
"ကိုယ်တို့က လက်မထပ်ရသေးဘူးလေ ကလေးရဲ့။ ဒါကြောင့် အတူမအိပ်သင့်ဘူးလေ။ ကိုယ်ဧည့်ခန်းမှာပဲ အိပ်လိုက်မယ်နော်"
နေမဟော်တစ်ယောက်ပြောပြီးပြီးချင်းမှာပင် သူ့ခါးကိုဖက်ထားဆဲ လက်တွေကိုဖြုတ်ချကာ ဆက်လျှောက်လာမိသည်။ ထိုစဉ်မှာပင် သူ့နောက်ကျောကို လာထိမှန်သည့်အရာကြောင့် ပြန်လှည့်ကြည့်လိုက်တော့ ခေါင်းအုံးတစ်လုံးဖြစ်နေခဲ့သည်။
ဟုတ်သား။ သူခေါင်းဦးမယူဘဲ ထွက်လာမိတော့မလို့ပင်။ နေမဟော်တစ်ယောက် ခေါင်းအုံးကိုကောက်ကာ ဆက်လျှောက်လာစဉ်မှာပဲ နောက်ထပ်ခေါင်းဦးတစ်လုံးက သူ့ခေါင်းကို လာမှန်ပြန်လေသည်။
သူနောက်တစ်ကြိမ် ပြန်လှည့်ကြည့်တော့ ဒေါသထွက်နေသည်လား၊ ၀မ်းနည်းနေသည်လား ခွဲခြားမရနိုင်သောအမူအရာဖြင့် သူ့ကိုစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရသည်။
"ခင်ဗျားကြီး ကျွန်တော့်ကို ထားခဲ့တော့မလို့လား... ဟမ်..."
"ကိုယ်တောင်းပန်ပါတယ် ကလေးရယ်။ ကိုယ်စိတ်လွတ်သွားလို့ပါ တောင်းပန်ပါတယ်"
နေမဟော်ပြောပြီးလှည့်အထွက် အခန်းပြင် မရောက်ခင်မှာပင် နောက်ထပ်စောင်များ၊ ဖက်လုံးများ သူ့ထံသို့ပျံ၀ဲကာ ရောက်ရှိလာကြလေသည်။ ဘုန်းမြတ်ပိုင်ကတော့ ကြမ်းပြင်ပေါ်ထိုင်ချကာ ငိုလေတော့သည်။
"ကျွန်တော်ဒီည တစ်ယောက်ထဲ ဘယ်လိုအိပ်ရမှာလဲ။ ခင်ဗျားကြီးက လူကိုကလိကလိ လုပ်ပြီးတော့ ခုကျထားခဲ့တော့မယ်ပေါ့။ အဟင့်... ဟင့်"
လူကြည့်တော့အမူးကမပြေသေး။ ကြမ်းပြင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချကာ အော်ငိုနေပုံက ကလေးတစ်ယောက်နှယ်။ နေမဟော်သည် ကြည့်နေရင်း စိတ်ကိုအတော် ထိန်းနေရသည်။
"သွား... ခင်ဗျားကြီး ပြန်ကိုမလာနဲ့..."
ဘုန်းမြတ်ပိုင်တစ်ယောက် ဝိုင်အစွမ်းကြောင့် မျက်လုံးတို့ကရီဝေကာ နှုတ်ခမ်းလေးစူပြီး ကလေးပေါက်စလေးလို ရန်တွေ့နေလေပြီ။
နေမဟော်တစ်ယောက်မှာတော့ လွန်ကျူးမိမှာစိုးသည်မို့ မနည်းထိန်းချုပ်ထားရသည့် စိတ်ကိုလွှတ်ပေးမိလိုက်သည့် နောက်မှာ ပွစိပွစိရေရွတ်ကာ ငိုနေသည့်ကလေးစုတ်လေးအနား အပြေးသွားမိတော့သည်။
"တော်တော်ကို ခင်ဗျားကြီးလို့ ခေါ်ချင်နေတယ်ဟုတ်လား"
နှုတ်ခမ်းကိုလက်ဖြင့် ဖိထားလိုက်တော့မှ စကာသံတို့ တိတ်သွားလေတော့သည်။ နှုတ်ခမ်းတစ်စုံကတော့ လက်ဖြင့်အပေါ်အောက် ညှပ်ကာဖိိထားခံရသည်မို့ ဘဲနှုတ်ခမ်းလေးလို ရှေ့ကိုစူကာပြားပြားလေးဖြစ်နေလေသည်။ ထိုစူနေသည့် နှုတ်ခမ်းလေးကိုပင် ဖျတ်ခနဲနမ်းရင်းကိုက်လိုက်တော့ အွန့်ခနဲအော်လေသည်။
သို့သော်လက်နဲ့ဖိထားတာမို့ အသံကမထွက်လာနိုင်။ ဒါကိုပင် မကျေမနပ်နှင့် မျက်စောင်းက ချီနေသေးတော့ နှုတ်ခမ်းကိုဖိထားသည့် လက်ကိုပြန်လွှတ်ပေးလိုက်ပြီးနောက် ပွေ့ချီလိုက်လေတော့သည်။
ညမီးရောင်အောက်တွင် ၀ိုင်သောက်ထားသည့်အရှိန်ကြောင့် ဘုန်းမြတ်ပိုင်၏ပါးမို့လေးများ အနည်းငယ်ရဲလို့နေသည်။ နှာတံလေးအောက်မှ ပန်းနုရောင်နှုတ်ခမ်းပါးကို ငုံကာထွေးလိုက်ချိန် ချစ်သူလေးကလည်း လိုလိုလားလားတုံ့ပြန်တာမို့ သူကျေနပ်သွားမိသည်။
ဘုန်းမြတ်ပိုင်ကတော့ မျက်လုံးလေးမှိတ်ပြီး အသက်ပြင်းပြင်းရှူနေဆဲ။ ထို့နောက်မှာတော့ နေမဟော်သည် တစ်ဖက်လူ၏ ခေါင်းလေးကိုမလိုက်ပြီး လက်တစ်ဖက်ဆန့်ကာ ခေါင်းအောက်သို့ထည့်လိုက်သည်။
ဘုန်းမြတ်ပိုင်သည် သူ့လက်ပေါ်ခေါင်းအုံးရင်း ရင်ခွင်ထဲတိုး၀င်လာသည်မို့ ချွေးစလေးတွေစိုကပ်နေသည့် နဖူးစပ်ကဆံစလေးများကို အသာလေးသပ်တင်ပေးလိုက်သည်။ ထို့နောက် မူးရူးကာငိုခဲ့သည့်မျက်ရည်တွေကို တို့သုတ်ပေးရင်း မျက်ခွံမို့မို့လေးများကို နမ်းလိုက်သည်။
"အရမ်းချစ်တယ် ကိုယ့်ကလေးလေး"
"ဟုတ်ကိုကို ကျွန်တော်လည်းအရမ်းချစ်တယ်"
"ကိုယ့်ကလေးအရမ်းပင်ပန်းသွားပြီ။ ရင်ခွင်ထဲမှာ ရင်ငွေ့လေးလှုံပြီးအိပ်နော်"
"ဟုတ် ကိုကို"
ဘုန်းမြတ်ပိုင်သည် နွေးခနဲဖြစ်သွားသည့် ပါးပြင်တစ်ဖက်ကြောင့်ပြုံးလိုက်ကာ နေမဟော့်ရင်ခွင်ထဲ ပိုတိုး၀င်လိုက်ပြီး ချစ်ရသူ၏ရင်ငွေ့ကိုလှုံကာ တစ်ညတာကိုကုန်ဆုံးလိုက်စေတော့သည်။
*******
နှင်းမြတ်ပိုင်သည် နေအရောင့်ကိုယ်လေးကို ဖက်ထားကာ ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးနေရင်း သူမမျက်၀န်းမှာလည်း မျက်ရည်စတွေ ဝေ့သီနေခဲ့သည်။
"အရာအားလုံးက ဖြစ်ချိန်တန်လို့ဖြစ်လာတာပါ။ အန်ကယ်လ်တို့ ပြန်ဆုံကြတာကလည်း နင့်ကြောင့်မဟုတ်ဘဲ ဆုံဖို့ကံပါလာလို့ ဆုံတွေ့ကြတာပါ။ ဒါကြောင့်အန်တီဆုံးတာ နင့်ကြောင့်လို့မတွေးပါနဲ့"
နှင်းမြတ်ပိုင်သည် နေအရောင့်ခံစားချက်များ သက်သာသွားစေရန် တတ်နိုင်သမျှကူညီပြီး နှစ်သိမ့်ပေးတာကြောင့် တော်တော်ကြာကြာငိုနေပြီးမှ အငိုတိတ်သွားကာ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်လေသည်။
"ငိုလို့၀သွားပြီလား "
"နင်ကပါ ဘာကိစ္စငိုတာလဲ"
နေအရောင့်ထံမှ ငိုသံစွက်လေးနှင့် မေးသည့်စကားကို နှင်းမြတ်ပိုင်ပြန်ဖြေရင်း မျက်ရည်များကို သုတ်လိုက်သည်။
"နင်ကငိုနေတာကိုးဟ။ ကလေးလေးကျနေတာပဲ။ အော်ငိုနေလိုက်တာများ"
"ငါ့ဘာသာငိုတာလေ။ နင်နဲ့ဘာဆိုင်လို့ လိုက်ငိုတာလဲ"
နေအရောင်တစ်ယောက် သူ့မျက်ရည်သူသုတ်ရင်းမေးတာကြောင့် နှင်းမြတ်ပိုင်လည်း သူမစိတ်ထဲတွင် ခံစားနေရသည့်အတိုင်း ပြောပြလိုက်လေသည်။
"မသိဘူးလေ။ နင်ငိုတာကြည့်ပြီး ငါပါငိုချင်လာတာ။ ငါ့စိတ်ထဲမှာလေ နင့်ကိုမောင်လေးတစ်ယောက်လို ခံစားရတယ်။ ငါကလေ မောင်လေး ညီမလေး သိပ်လိုချင်တာဟ။ ငါစိတ်ကူးယဉ်ခဲ့ဖူးတယ်။ တစ်နေ့နေ့မာမီ့ကို ပြန်တွေ့တဲ့အခါ မာမီ့ရင်ခွင်ထဲတိုး၀င်ပြီး ကလေးတစ်ယောက်လိုချွဲမယ်။ ပြီးရင်တော့ နောက်အိမ်ထောင်နဲ့ရထားတဲ့ ငါ့အမေတူမောင်လေးတွေ ညီမလေးတွေကို အစ်မကြီးတစ်ယောက်လို စောင့်ရှောက်မယ်ပေါ့"
"နောက်အိမ်ထောင်ဟုတ်လား "
နေအရောင်၏ နားမလည်သည့်မျက်၀န်းများနှင့် အမေးစကားကို နှင်းမြတ်ပိုင် ခေါင်းညိတ်ကာဖြေလိုက်သည်။
"အင်း ဟုတ်တယ်။ ကြီးစုနဲ့ဒယ်ဒီ ဖုန်းပြောနေတုန်းက မထင်မှတ်ဘဲကြားခဲ့တာ။ နောက်အိမ်ထောင်နဲ့ ကလေးတွေမွေးထားတယ်တဲ့။ ငါလေသူတို့နဲ့တွေ့ပြီး မောင်လေး၊ ညီမလေး ခေါ်ချင်လိုက်တာဟာ"
"အဲဒါဆို နင်ငါ့ကိုမွေးစားပါလား"
"အမ် ဘယ်လို ဘယ်လ်ို"
နေအရောင့်စကားကြောင့် နှင်းမြတ်ပိုင်တစ်ယောက် အံ့သြသွားရသည်။ နေအရောင်ကတော့ ခေါင်းညိတ်ပြရင်း စကားကိုဆက်သည်။
"ငါတစ်ကယ်ပြောတာဟ။ ငါနင့်မောင်လေး လုပ်ပေးမယ်လေ။ ငါကအရင်ထဲက အစ်မလိုချင်ပေမယ့် ရှိတဲ့အစ်ကိုက gayဆိုတော့ အစ်မတော့မရဘဲ ယောက်ဖပဲ ရလာတယ်လေ"
"အဲဒါဆို နေရောင်..."
"ဟင်..."
"အခုကစပြီး ငါနင့်ကိုမွေးစားလိုက်ပြီ"
နှင်းမြတ်ပိုင် အရယ်တစ်၀က်ဖြင့်ပြောတော့ နေအရောင်က ၀မ်းသာသွားသည့်မျက်နှာနှင့် မယုံရဲစွာပြန်မေးလေသည်။
"တစ်ကယ်လား..."
"အင်း တစ်ကယ်ပေါ့ အမ်း… မောင်လေးနေရောင်ရေ"
"ဗျာ... မမ"
နေအရောင်ထံမှ ချက်ချင်းပင် မမလို့ခေါ်ခံလိုက်ရတာကြောင့် နှင်းမြတ်ပိုင်တစ်ယောက် သဘောကျစွာ ရယ်လေသည်။ နေအရောင်လည်း သူ့ဘာသာခေါ်ပြီးမှ သဘောကျစွာ ပြုံးလေသည်။
စောစောက သဲသောင်ပေါ်မှာ ထိုင်ချကာ ငိုနေသောလူသားနှစ်ဦး၏အနားတွင် ယခုတော့ရယ်သံလေးတွေ လွင့်ပျံနေလေတော့သည်။
*******
ထက်အာကာနှင့် သူရိန်စိုးတို့နှစ်ဦးသား သူတို့တစ်တွေစားသောက်ထားသည်များကို hotel၀န်ထမ်းတွေလာသိမ်းတော့ ကူညီကာသိမ်းပေးကြသည်။ ထိုင်ခုံတွေတော့ အကုန်ထည့်ပေးလိုက်ပြီး စားပွဲခုံတော့ ယူထားလိုက်သည်။
ယခုသူတို့ထိုင်နေသည်က ထိုစားပွဲခုံပေါ်မှာ။ ပင်လယ်ပြင်ဘက်မျက်နှာမူကာ လေညှင်းခံနေကြခြင်းဖြစ်သည်။ ထက်အာကာသည် ပက်လက်လှန်ကာလှဲလိုက်ပြီးနောက် လက်တစ်ဖက်ကိုဆန့်လိုက်ရာ သူရိန်စိုးက ထက်အာကာ၏လက်ကို ခေါင်းအုံးလိုက်လေသည်။
ပင်လယ်ပြင်၌ လှိုင်းကြပ်ခွပ်တို့ ကခုန်နေကြ၏။ ကောင်းကင်၌ ကြယ်စင်တို့က လင်းလက်စွာ တောက်ပနေကြ၏။ လမင်းကြီးကလည်း ထိန်ထိန်သာနေလေသည်။ သူရိန်စိုးသည်လည်း တလက်လက်တောက်ပနေသည့် ကြယ်လေးတွေကို လိုက်ကြည့်ရင်း လက်ညှိုးလေးထိုးကာ ရေတွက်နေမိသည်။
"ကို... ကြယ်လေးတွေအများကြီးပဲနော်"
"အင်း အများကြီးပဲ"
"ဘယ်နလုံးရှိလဲဆိုတာ ညီနဲ့အတူတူ လိုက်ရေပေးပါလား"
"ဘယ်ရေလို့ရမှာလဲညီရဲ့ အများကြီးဟာကို"
သူရိန်စိုးသည် ထက်အာကာ၏စကားအဆုံးတွင် ကောင်းကင်ကိုကြည့်နေရင်းမှ မျက်နှာချင်းဆိုင် လှည့်ကြည့်လိုက်လေသည်။
"ကိုသိလား... ညီ့အချစ်တွေကလည်း အဲဒီကြယ်လေးတွေလိုပဲ။ ရေတွက်လို့ မရလောက်တဲ့အထိပေါ့"
"ညီရယ်... စကားတတ်လိုက်တာကွာ"
ထက်အာကာတစ်ယောက် သူရိန်စိုး၏စကားအဆုံးတွင် အံ့သြသွားကာ ပြုံးလိုက်မိလေတော့သည်။ ထို့နောက် ချစ်ရသူလေး၏ နဖူးပြင်လေးထက် မြတ်နိုးစွာ နမ်းရှိုက်လိုက်တော့သည်။
"ကို့ကိုချစ်တဲ့စိတ်ကြောင့် တတ်သွားတာလေ"
သူရိန်စိုးတစ်ယောက် အရှက်သည်းစွာပြန်ဖြေပြီးနောက် ထက်အာကာ၏ ရင်ခွင်ထဲတိုး၀င်လိုက်တော့ သူ့ရဲ့အသက်တမျှချစ်ရသူကြီးက ဖက်ထားပေးလေသည်။
"ညီ"
"ဗျာ"
"ညီ့အချစ်က ကြယ်လေးတွေလိုဆိုရင် ကိုယ်ကတော့ လမင်းကြီးဖြစ်ပါရစေ"
"ဘာလို့လဲဟင်"
"လမင်းကြီးမရှိဘဲနဲ့ ကြယ်လေးတွေက နေနိုင်ပေမယ့် ကြယ်လေးတွေမရှိရင်တော့ လမင်းကြီးက သူတစ်ယောက်ထဲ အထီးကျန်နေရတာပေါ့။ အဲဒါကြောင့်လမင်းကြီးက သူအထီးမကျန်ဖို့ ကြယ်လေးတွေကိုလိုအပ်သလိုပဲ ကိုယ့်ဘ၀မှာလဲ ညီ့ကိုမရှိမဖြစ်လိုအပ်တယ်"
"သြော်... ကိုရယ်... စိတ်ချပါ။ ညီ့အချစ်တွေအားလုံး ကို့ကိုပုံအောပေးထားတာမို့လို့ ညီကလေ ကို့အနားမှာပဲ အမြဲနေမှာ။ ဟင့်အင်း မဟုတ်ဘူး။ ညီက ဟောဒီ့ကို့နှလုံးသားလေးထဲမှာပဲနေမှာ"
"စကားတတ်လွန်းတဲ့ နှုတ်ခမ်းလေးကိုဆုချရတော့မှာပဲ"
ထက်အာကာသည် စကားတတ်လွန်းလှသည့်ချစ်ရသူ၏ နှုတ်ခမ်းလေးကို ဖျတ်ခနဲနမ်းလိုက်သည်။ ထို့နောက်မှာတော့ ပြူးကြောင်ကြောင် မျက်နှာလေးဖြင့် ပြန်ကြည့်နေသူကြောင့် အသဲယားလာကာ V Shape မျက်နှာလေးကို လက်ဖြင့်အသာအယာ ပင့်လိုက်သည်။
ထို့နောက်ပါးလွှာသော နှုတ်ခမ်းနှစ်စုံက လရောင်အောက်မှာ နီးကပ်သွားတော့ လမင်းကြီးလည်း ရှက်သွားသည်ထင်ရဲ့။ တိမ်တိုက်တွေထဲ တဖြည်းဖြည်းတိုး၀င်ကာ သူ့မျက်နှာကို အတင်းပင်ဖွက်ထားလေတော့သည်။
*******
နှင်းမြတ်ပိုင်နှင့်နေအရောင်တို့ စကားပြောနေကြသည်မှာ အတော်ပင်ကြာနေလေပြီ။ ပင်လယ်လေကြောင့် ချမ်းစိမ့်လာပြီး ညကလည်း တဖြည်းဖြည်းမှောင်လာလေပြီ။ ထို့ကြောင့်နှစ်ဦးသား ကမ်းစပ်တစ်လျှောက် အတူတူလျှောက်ကာ စကားတပြောပြောဖြင့် ပြန်လာကြလေသည်။
"နင်မမုန်းဘူးလား မောင်လေး"
"ဘာကိုလဲ"
နေအရောင်သည် နှင်းမြတ်ပိုင်ထံမှ အစမရှိအဆုံးမရှိ မေးလိုက်သောစကားကြောင့် နားမလည်နိုင် ဖြစ်သွားရသည်။
"အန်ကယ့်လ်ရဲ့ရည်းစားဟောင်းကိုလေ"
"သြော််... မုန်းလားဆိုတော့ မမုန်းပါဘူး။ ဒါပေမယ့်မခံစားရဘူးလား ဆိုတော့လည်း နည်းနည်းတော့ ခံစားရတာပေါ့။ အမေတစ်ယောက်လုံး ဆုံးသွားတဲ့ကိစ္စလေ။ တစ်ဖက်လူကတော့ သူလည်းအိမ်ထောင်ကျလို့ ကလေးတောင်ရနေပြီပဲ။ သူများမိသားစုကို မနှောင့်ယှက်သင့်တော့ဘူး။ ဒါကကိုနေ့အမြင်လေ။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ တစ်ခုခုရှိနေသေးတယ်လို့ ငါထင်တယ်"
"ဘာကိုလဲ"
"ငါအဲဒီတုန်းက တော်တော်လေး ငယ်သေးတယ်ဆိုပေမယ့် မာမီပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မိနေသေးတယ်။ ရှင့်ကိုဒုက္ခမျိုးစုံ ရောက်စေခဲ့တဲ့တရားခံက ကျွန်မပါ။ ကျွန်မကိုခွင့်လွှတ်ပါ ကိုမင်းခန့်ရယ်တဲ့။ မာမီငိုရင်းပြောနေတာကို မထင်မှတ်ဘဲ ကြားခဲ့ရတာလေ။ ကိုနေ့ကိုတော့ ပြန်မပြောပြထားခဲ့ဘူး"
"ကိုမင်းခန့်ဆိုတာက အန်ကယ့်လ်ရဲ့..."
"အင်းဟုတ်တယ်။ ဒယ်ဒီ့ရည်းစားဟောင်း ဦးမင်းခန့်မြတ်"
"သြော်..."
"အဲဒါကြောင့်မို့ မာမီဆုံးတာ သူ့ကြောင့်လို့တော့ လုံးလုံးလျားလျား မစွပ်စွဲချင်ဘူးလေ။ မာမီ့ပြောစကားအရတော့ အဲဒီ့လူကြီးလည်း တစ်ခုခုနစ်နာခဲ့ပုံပဲ။ အဲဒီကိစ္စကြောင့်ပဲ ပြန်ဆက်သွယ်ခဲ့ကြတာလို့ထင်တယ်။ အဲဒါကြောင့်မာမီဆုံးတာ သူ့ကြောင့်လို့တော့ အပြစ်မဖို့ချင်ဘူး။ သေတဲ့သူကသေသွားပြီပဲလေ။ အာဃာတတွေ ထားနေလို့ရော ဘာတွေများ အကျိုးအမြတ်ရလာမှာမို့လို့လဲ"
နေအရောင်က ရင်ထဲရှိသည့်အတိုင်းပြောပြတော့ နှင်းမြတ်ပိုင်လည်း တွေးကြည့်ရင်း ခေါင်းညိတ်ကာ ထောက်ခံလေသည်။
"အင်း... အဲဒါလဲဟုတ်တာပဲနော်။ အာဃာတတွေများရင် ပူလောင်တယ်။ ခွင့်လွှတ်နိုင်စိတ်ရှိတာ ကောင်းတာပေါ့ဟ။ စိတ်ထဲအေးချမ်းတာပေါ့"
"အင်း..."
နှစ်ဦးသား စကားတပြောပြောလျှောက်လာရင်း တဖြည်းဖြည်း dinnner partyကျင်းပရာ နေရာအနီးသို့ပြန်လည်ရောက်ရှိလာလေပြီ။ အနမ်းချင်းဖလှယ်နေကြသည့် ချစ်သူနှစ်ဦးကတော့ အနားသို့လူရောက်လာတာကိုပင် မသိကြဘဲ မိုးမမြင်လေမမြင် အနမ်းချစ်ပွဲဝင်နေကြလေသည်။
နေအရောင်သည် ထိုစုံတွဲကိုမြင်လိုက်သည့်နောက် "ဟာ...မမ မကြည့်နဲ့ မျက်လုံးမှိတ်ထား"ဆိုကာ ရှေ့၌ပိတ်ကာ ရပ်လိုက်သည်မို့ နှင်းမြတ်ပိုင်တစ်ယောက် ရယ်လိုက်မိတော့သည်။ နေအရောင် သူတို့အနားကပ်သွားကာ ချောင်းဟန့်သံ ပေးလိုက်သော်လည်း မကြားတာလား။ မကြားဟန် ဆောင်နေသည်လားမသိ။ အနမ်းတို့က ဖလှယ်မြဲအတိုင်းသာ။
"ဟေ့ကောင်တွေ..."
နေအရောင် သည်းမခံနိုင်တော့ဘဲ ကြုံးအော်လိုက်တော့မှ နှစ်ယောက်စလုံး လန့်သွားလေသည်။ သူရိန်စိုးတစ်ယောက် လန့်သွားမှုတစ်ခုအကြောင်းပြုကာ ထက်အာကာ၏ ရင်ခွင်ထဲ၌ ခေါင်းနှစ်ထားလေတော့သည်။
"လူမြင်ကွင်းကြီး သောက်ရှက်ကိုမရှိဘူး"
နေအရောင်တစ်ယောက် မျက်နှာကိုမဲ့လိုက်ရင်း ပျစ်ပျစ်နှစ်နှစ်ဝေဖန်သော်လည်း အပြုံးမပျက်ကြပေ။
"ဒီfeelingကို FAတွေဘယ်သိပါ့မလဲကွာ။ ဟေ့ကောင်ရ ကိုယ့်ချစ်သူကိုယ်နမ်းတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ။ အဟွာပြုနေတာမှ မဟုတ်တာ"
ထက်အာကာရဲ့ စကားအဆုံးမှာတော့ ရင်ခွင်ထဲက သူရိန်စိုး၏လက်က ဗိုက်ဆီရောက်သွားပြီးနောက် ဗိုက်ခေါက်ကြော လိမ်ဆွဲခံရလေတော့သည်။
"အား... သေပါပြီဗျာ"
"မှတ်ပြီလား။ ပါးစပ်သရမ်းတာ... ဟမ်"
ထိုအခါမှ နေအရောင်လည်း မရှုမလှခံနေရပြီး ရှုံ့တွနေသည့် ထက်အာကာ၏ မျက်နှာကိုကြည့်ကာ အူလှိုက်သည်းလှိုက် ရယ်မောလေတော့သည်။ နှင်းမြတ်ပိုင်သည်လည်း ထိုနည်းတူပင်။
ထို့နောက်သူတို့အားလုံး အခန်းကိုယ်စီ ပြန်လာခဲ့ကြသည်။
သူရိန်စိုးတို့နှစ်ယောက် အခန်းထဲ၀င်သွားကြပြီးနောက် နေအရောင်သည် နှင်းမြတ်ပိုင်ကိုနှုတ်ဆက်ကာ သူ့အခန်းထဲသို့ ဝင်လာလိုက်သည်။ ထိုစဉ်မှာပင် အခန်းထဲ၌ ကြည်နူးပျော်ရွှင်နေကြသည့် လူသားနှစ်ဦးကို တွေ့လိုက်ရသည့် တစ်ခဏ သူသိလိုက်ရပါပြီ။
ဤညသည် သူဘုံပျောက်သည့်ည၊ သူ့အိပ်ရာပျောက်သည့်ည၊ သူ့အခန်းပျောက်သည့်ညပင် ဖြစ်တော့သည်။ နေအရောင်သည် ထိုနှစ်ယောက်ကို မနှောင့်ယှက်ချင်သည်မို့ တိတ်တိတ်ကလေး ပြန်လှည့်ထွက်လာမိသည်။
"ဒီညငါဘယ်သွားအိပ်ရပါ့မလဲ ဟိုနှစ်ကောင့်အခန်းပဲ သွားရတော့မှာပေါ့"
နေအရောင်သည် တစ်ယောက်ထဲရေရွတ်ရင်းဖြင့်ထက်အာကာတို့ အခန်းရှိရာသို့သာ ချီတက်ခဲ့လေတော့သည်။
*******