အပိုင်း ၂၃
Viewers 18k

Chapter 23


ရှဲ့ဖေး ထိုင်ချလိုက်ပြီး တူကိုယူကာ တို့ဟူးပုတ်နံ့ကို ရှုရှိုက်လိုက်သည်။ သူမ အကြိမ်အနည်းငယ် တုံ့ဆိုင်းသွားပြီး ပါးစပ်ထဲထည့်ရန် သတ္တိကို စုဆောင်းလိုက်သည်။


တို့ဟူးပုတ်၏ ဆော့စ်က ကြက်သွန်ဖြူ၏ အနည်းငယ်စပ်သော အရသာနှင့်အတူ အရသာပြီးပြည့်စုံပြီး ကိုက်လိုက်သည်နှင့် သူမကို အံ့အားသင့်သွားစေသည်။


ကြော်ထားပြီး ကြွပ်ရွနေသော အပြင်ဘက်အရေခွံကို ကိုက်လိုက်သောအခါ အတွင်းထဲသို့ စိမ့်ဝင်နေသော ဆော့စ်က ရုတ်တရက် ပါးစပ်ထဲ တွင် ပေါက်ကွဲထွက်သွားသည်။ ပူပြီး အရသာရှိပြီး အပြင်မှာ ကြွပ်ကြွပ်လေးနှင့် အတွင်းသားက နူးညံ့၏။ အတွင်းရှိ တိုဟူးက အရည်ရွှမ်းပြီး ဝါးပြီးနောက် ထူးခြားသော အချဉ်ဖောက်ထားသည့်အရသာကို ဖြည်းညှင်းစွာ မြည်းစမ်းနိုင်မည်ဖြစ်သည်။


တို့ဟူးပုတ်၏အပြင်အခွံက အတော်လေး ဝါးရသည်၊ ၎င်းကိုဆော့စ်ဖြင့် ဖုံးအုပ်ထားပြီး ကြော်ထားသော အနံ့ရှိသည်။ များများဝါးလေလေ အရသာပိုကောင်းလေဖြစ်၏။


မျိုချပြီးနောက် သူမ၏ ခံတွင်း၌ မွှေးကြိုင်သော မွှေးရနံ့များ ရှိနေဆဲဖြစ်ပြီး အရသာမှာ အဆုံးမရှိပေ။


အထူးသဖြင့် ဝါးနေရသောအပြင်အကာဖြစ်ပြီး သူမ လွတ်လွတ်လပ်လပ် တွေးနေမိသည်။ ထိုကဲ့သို့ ရွံရှာဖွယ် အရသာရှိဟန်ရှိသော မီးခိုးမည်းရောင်အခွံက စားလိုက်သောအခါတွင် ထိုသို့ဖြစ်ကြောင်း ပေါ်လာသည်။


ရှဲ့ဖေး ခဏမျှ မလှုပ်မယက်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရှဲ့ကျောက် အခြားတစ်ပိုင်းကိုပါ သူမ စားချင်နေသည်ဟု သံသယဖြစ်မိသွာသည်။ သူက သူ့လက်တွေကို တိတ်တဆိတ်ပြန်ဆွဲယူပြီး ရှဲ့ဖေးကိုခေါ်လိုက်၏။


 "ဒေါ်လေး"


ရှဲ့ဖေး အသိပြန်ဝင်လာပြီး ရှဲ့ကျောက်ကိုမော့ကြည့်လိုက်က အခုလေးတင်က အရာအားလုံးကို သတိရသွားသည်။ ရှက်ကိုးရှက်ကန်းဖြစ်ပြီး ဖြူဖျော့နေသော မျက်နှာက တဖြည်းဖြည်း ကြက်အသည်းအရောင်ဖြစ်လာ၏။ 


သူမဘာကြောင့် ပြဿနာရှာမိတာလဲ...


ကြိုးပြတ်ကျလာသော ပုတီးစေ့များကဲ့သို့ ရှဲ့ဖေး၏ မျက်လုံးအိမ်များမှ မျက်ရည်များ စီးကျလာသည်။


ရှဲ့ကျောက်  အဖန်ဖန် နောက်ပြန်ဆုတ်သွားသည်။ သူမေးတော့မလိုလုပ်သော်လည်း သူ့ကို ပါးစပ်ပိတ်ရန် အမူအရာပြနေသည့်ရှဲ့ယောင်က သူ့ကို နောက်ကနေ ဆွဲခေါ်သွား၏။


သူမ ဤအကြောင်းကို ပိုတွေးလေ၊ ရှဲ့ဖေး ပိုရှက်လာလေလေဖြစ်သည်။ သူမ၏ဝတ်ရုံလက်ကို အသုံးပြုကာမျက်ရည်များကို သုတ်သော်လည်း မရပ်တန့်နိုင်ပေ။ သူမ ခေါင်းကို လက်နှစ်ဖက်ကြားတွင် မြှုပ်လိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ"ဝါးးခနဲ အော်ဟစ်ငိုကြွေးလိုက်သည်။


ရှဲ့ရွှင်း ယခုကိစ္စအတွက် စိတ်ပူပြီးနောက် အနည်းငယ် စိတ်မသက်မသာဖြစ်ပြီး ညစာကို စိတ်မပါလက်မပါစားနေခဲ့သည်။


ကျန်းရှုယောင်က သူ့ကို လျစ်လျူရှုပြီး သူ့မဘာသာသူမ ပျော်ရွှင်စွာ စားသောက်သည်။


ထမင်းစားပြီးသောအခါတွင် သူမ သူမ၏တူများကို ချလိုက်ပြီး ရှဲ့ရွှင်းကိုခေါင်းမော့ကြည့်လိုက်သည်။


သူမ သူ့မျက်နှာကိုစိုက်ကြည့်နေခြင်းက  သူ့အားမယိုးမယွဖြစ်စေပြီး ကျောက်ရုပ်ကဲ့သို့ဖြစ်သွားစေကာ ဆက်မစားနိုင်တော့ပေ။


သူ့စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိသည်။ ကျန်းရှီက  စောစောက ထိုကိစ္စအကြောင်း သူနှင့် စကားပြောရန် ကြံရွယ်နေပုံရသည်။


သူဘာကြောင့် နည်းနည်းစိတ်ရှုပ်ထွေးနေလဲဆိုသည်ကို သူနားမလည်ပေ။ အိမ်ထောင်ကျပြီးနောက် ကျန်းရှီ၏အေးချမ်းသော စိတ်နေသဘောထားနှင့်  သူနှင့်ပတ်သတ်၍  သက်တောင့်သက်သာရှိပြီး သဘောထားကြီးမှုတို့ကြောင့် ဖြစ်နိုင်လေသည်။  အတိုချုပ်ပြောရလျှင် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မည်သို့ မုန်းတီးစွာကြည့်ကာ တကျက်ကျက်ဖြစ်နေသည့်လင်မယားဖြစ်လိမ့်မလဲဟု သူစိတ်ကူးထားသည်နှင့် လုံးဝကို ကွဲပြားနေ၏။ ဤအခြေအနေမှာ သူ ဘာလုပ်ရမှန်း မသိပေ။


ထိုစဥ် ကျန်းရှုယောင်၏အသံကို သူကြားလိုက်ရသည်။ 


"မနက်ဖြန် ရှင့်ရဲ့ အားလပ်ရက်မှာ ကျွန်မကို အိမ်အပြင် ခေါ်သွားပေးလို့ရမလား"


ရှဲ့ရွှင်းက အကြောင်းအရာများကို တွေးနေတုန်းပင်၊ သူ မသိစိတ်ဖြင့် တုန့်ပြန်လိုက်၏။


 "အခုမှ--ဟမ်..."


သူ့မျက်ခုံးတွေ တွန့်သွားသည်ကိုမြင်သောအခါ ကျန်းရှုယောင် မျက်လုံးများကို မှေးကျဥ်းပြီးပြောလိုက်သည်။


 "ရှင်မလုပ်ချင်ဘူးလား"


ရှဲ့ရွှင်း  သူမကိုကြည့်ကာ စကားရပ်လိုက်သည်။ "ဒါ မင်းပြောနေချင်တဲ့ဟာလား"


"အင်းပေါ့ တခြားဘာရှိရမှာလဲ ..." 


 


"ရှင့်သဘောတူလား မတူဘူးလား"


"ငါပြောချင်တာက... ထားလိုက်ပါ...အပြင်ထွက်ချင်ရင် လိုက်ပို့ပေးရမှာပေါ့ " 


ရှဲ့ရွှင်း  ရှင်းပြချင်သော်လည်း ရှင်းပြရမည်က များလွန်းသည်။


ကျန်းရှုယောင်က အမှန်တွင် သခင်မကြီးကိုပြရန် သူ့ကို သူမနှင့်အပြင်ထွက်စေချင်ရုံဖြစ်၏။ သူ့ကို သူမနှင့် လိုက်မလာစေချင်ပေ။ အမျိုးသားတွေနှင် ဈေးဝယ်ထွက်ရသည်က အမျိုးသမီးတွေအတွက် ပျင်းစရာကောင်းသည်။


သို့ရာတွင်  သူသဘောတူနေပြီးဖြစ်ရာ ဆွေးနွေးရန် ပျင်းလွန်း၏။ သူလိုက်ချင်တယ်ဆိုရင်လည်း လိုက်ခဲ့လိုက်ပေါ့လေ...


ရှဲ့ရွှင်း ထွက်သွားပြီးနောက် ပိုင်ကျီက ချက်ချင်းရောက်လာသည်။ သူမက ပြုံးပြီး ကျန်းရှုယောင်  ကိုပြော၏။  


"သခင်မ သခင်လေးက စကားပြောသိပ်ကောင်းတုန်းပဲထင်တယ်နော် " 


ကျန်းရှုယောင်  ရှဲ့ရွှင်းကို နေ့တိုင်း ဒုက္ခပေးသင့်သည်ဟူသော သူမနှင့်ပိုင်ကျီ၏ အစီအစဉ်ကို တွေးမိသည်။ သူက ရွံရှာပုံမပေါ်ပါချေ။ ထို့ကြောင့် အကြံအစည်က သူ့အား မျက်နှာလုပ်ရန်ဟု ဆိုပါက သူမက လမ်းခရီးတွင် သူ့ကို အစားအသောက် အနည်းငယ် ကူညီပေးရုံမျှဖြစ်သဖြင့် အမှန်တကယ် ထည့်တွက်၍မရပါချေ။


ကျန်းရှုယောင်  ပခုံးတွန့်လိုက်ပြီး 


"ဟုတ်တယ်...သူ ငါနဲ့ အတူ အစားအသောက် တော်တော်များများ စားခဲ့တယ်လေ... ဒီတောင်းဆိုချက်ကို သဘောမတူရင် ရှက်စရာပဲ မဟုတ်လား"


ပိုင်ကျီက သံသယစိတ်ဖြင့်မေးသည်။


 "ဒါပေမဲ့ သခင်မက  သခင်လေးအတွက် ဘာမှအထူးတလည်ချက်မပေးခဲ့ဘူးလေ..." 


 


ကျန်းရှုယောင်က အစားအသောက်ကောင်းတွေ လုပ်ပြီးလျှင် အစေခံများမှာလည်း ဝေစုရကြသဖြင့်  သခင်လေးက ဘာမှ တကယ်ထူးခြားခြင်း မရှိပါချေ။ 


"အဲ့ဒါကလည်းစားတာပဲလေ... လက်တိုတိုနဲ့ ပါးစပ်ပျော့ပျော့ရှိတာပဲ... နည်းနည်းပါးပါး တောင်းစရာတစ်ခုအတွက် အနပ်ရေ နည်းနည်းပဲ မဟုတ်ဘူးလား"


[ET/N– "လက်တိုတိုနှင့် ပါးစပ်ပျော့ပျော့" ဆိုသည်မှာ အခြားသူများ၏ အစားအစာကို စားသည့်အခါတွင် တစ်ဖက်လူ အမှားလုပ်မိသည့်တိုင် ပွင့်ပွင့်လင်းလင်း မပြောနိုင်သို့မဟုတ် စိတ်ဆိုးနိုင်ခြင်းမျိုး မရှိပေ။ လက်တို- စည်းမျဉ်းများကို မလိုက်နာ၊ ပျော့ပျောင်းသော ပါးစပ်- ယုံကြည်မှုအပြည့်ဖြင့် စကားမပြောနိုင်]


"ဟုတ်တယ်... သခင်မမှန်တယ်" 


ပိုင်ကျီ  ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရှုယောင် ဘာမှ မမှားပါချေ။


မဝေးသောစင်္ကြံနောက်တွင် ရှဲ့ရွှင်း ထောင့်စွန်းတွင်ရပ်နေခဲ့ပြီး ထိုစကားများကြားသောအခါ မျက်လုံးပြူးသွားသည်။


သူပြန်လှည့်လာစဥ်က မူလက ကျန်းရှုယောင် နှင့် ရှဲ့ဖေး အကြောင်းပြောရန် ရည်ရွယ်ထားသော်လည်း သခင်နှင့်အစေခံတို့၏စကားများကို သူကြားခဲ့ရသည်။ 


အောက်ကိုငုံ့လိုက်ပြီး သူ့အမူအရာက အလွန်အေးစက် စိမ်းကားနေသည်။ သူ၏ လည်ကြပ် အနက်ရောင် ကျောက်စိမ်း ဘရိုကိတ်၀တ်ရုံက သူ့ကို အလွန်အမင်း သည်းခံနိုင်မှု၊ ထက်ရှသော သူရဲကောင်းစိတ်ဓာတ်နှင့်  အေးစက်နေသော ဓားကဲ့သို့ ရှည်လျားဖြောင့်မတ်သော ရုပ်သွင်တို့ဖြင့် ထင်ရှားပေါ်လွင်စေသည်။


ဆင်ဝင်အောက်မှာ ပန်းတွေဖြတ်နေသည့် အစေခံမှာ ထိတ်လန့်လွန်း၍ မလှုပ်ရဲတော့ပေ။ သူမ ဆက်ပြီး အလုပ်လုပ်ရမလား သို့မဟုတ် တိတ်တိတ်လေး ထွက်သွားရမလား မသိတော့ပါချေ။


ရှဲ့ရွှင်း အသက်ရှုချိန်အနည်းငယ်မျှသာ ခေတ္တရပ်နေပြီးနောက် ခေါင်းပင်မလှည့်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်သွားသည်။


သူ့နောက်ကျော ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ အစေခံငယ်လေးက အသံတိုတိုးဖြင့်ပြောလိုက်၏။


 "တတိယသခင်လေးက အရမ်းဒေါသထွက်နေပုံပဲ"


သူမဘေးနားက အစေခံအိုကြီးက သူမခေါင်းကိုလှမ်းခေါက်လိုက်သည်။


 "မဟုတ်တရုတ်တွေ ပြောရဲနေတယ်လား " 


 


သို့ရာတွင်  သူမ ထိန်းမထားနိုင်ဘဲပြောမိလိုက်၏။


 "တတိယသခင်လေးက အမြဲတမ်း အေးစက်နေတာပဲ... သူ စိတ်ဆိုးမယ် မထင်ပါဘူး ဒါပေမဲ့ ကြိုက် ... ကြိုက်... အိုး ဘာပဲဖြစ်ဖြစ် စိတ်ဆိုးတာ မဟုတ်ဘူး"


ရှဲ့ရွှင်း  အရှေ ခြံဝင်းမှ ထွက်လာပြီး စာကြည့်ခန်းကို ပြန်သွားချင်သော်လည်း စာမဖတ်ချင်တော့ပေ။


သူတကယ်ပဲ ကျန်းရှုယောင်ကို ဒီရက်အနည်းငယ်အတွင်း သူ့ကို မျက်နှာလုပ်ဖို့ အနှောင့်အယှက်ခံခိုင်းမိခဲ့သလား...သူ့ကို သူမကိုအိမ်အပြင်လိုက်ပို့ပေးခိုင်းရုံပဲလား....


မဟုတ်ဘူး... သူမ သူ့ကို လုံးဝ မျက်နှာချိုသွေးမနေချေ။ မျက်နှာချိုသွေး ဖားယားသည်မျိုးကဘယ်လိုလဲဆိုသည်ကို သူတစ်ခါမှမမြင်ဖူးခြင်းမျိုး မဟုတ်ပေ။ မင်းသားအနားမှာ ယင်းယင်းနှင့်ယန်ယန် ရှိသည်။ မင်းသမီး၊ အရံကိုယ်လုပ်တော်နှင့်ကိုယ်လုပ်တော်များ သူတို့၏အမူအရာကမှ မျက်နှာချိုသွေးသည်ခေါ်၏။


ရှဲ့ရွှင်း ဘာမှားနေလဲမပြောနိုင်သလို အဖြေလည်းမရှာနိုင်ခဲ့ပေ။


မဟုတ်ဘူး... သူကဘာကြောင့် သူမအတွေးတွေကို ဂရုစိုက်ရမှာလဲ...မည်သို့ပင်ဖြစ်စေ မင်းသားနှင့် နန်းတော်ထဲက လူများလို စုံတွဲများဖြစ်ရန်မဆိုထားနှင့်၊ ဧည့်သည်လို တစ်ယောက်ကိုတစ်ယောက် လေးစားသည့် ဇနီးခင်ပွန်းပင် သူ မဖြစ်ချင်ပေ။ကျန်းရှီ၏အကြံအစည်ကိုလျစ်လျူရှု၍ သူ သူမအား ယခင်ကကဲ့သို့ ခပ်ဝေးဝေးဆက်နေမည်ဖြစ်၏။


ဘုရားသခင်က သူ့မှန်းဆချက်ကို သက်သေပြချင်သလိုပဲ နောက်တစ်နေ့မနက်စောစောမှာ ကျန်းရှုယောင်က  စောစောထချက်ပြုတ်ပြီး ရှဲ့ရွှင်း စာကြည့်ခန်းတွင် စောင့်နေချိန်မှာ အပြင်ထွက်ရန် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေခဲ့သည်။ သူ က သူမထမင်းစားခိုင်းသည်ကို စောင့်နေခြင်းမဟုတ်သည်က သေချာလေသည်။


လဂိတ်တံခါးတစ်ဖက်ခြမ်းမှာ စိတ်လှုပ်ရှားစရာ၊ ပျော်ရွှင်စရာရယ်မောစရာတွေ အများကြီးရှိပြီး ဤနေရာကမူ လူသူကင်းမဲ့နေပြီး ယာဂုအရည်ကျဲနှင့် အရံဟင်းလျာတွေပဲ ရှိ၏။


ရှဲ့ရွှင်း တိတ်ဆိတ်စွာပင်  ယာဂုအနည်းငယ်ကို သောက်လိုက်ပြီး ပန်းကန်လုံးကို ချလိုက်သည်။


သူက စာအုပ်များစွာဖတ်ပြီး ကဗျာစာပေကို နှစ်သက်သော်လည်း ယောက်ျားနှင့်မိန်းမကြား ချစ်ခြင်းမေတ္တာအကြောင်း ကဗျာများကို အမှန်တကယ် မဖတ်ဖူးပါချေ။ သူက ယောက်ျားနှင့်မိန်းမကြား ချစ်ခြင်းမေတ္တာအကြောင်းကို အနည်းငယ်သာသိသော်လည်း ကျန်းရှုယောင်က  သူထင်ထားသလောက် ရူးသွပ်ပုံမပေါ်ကြောင်း အလိုလိုယုံကြည်နေပြီး အချိန်ခဏလောက် အတော်လေး ဆုံးရှုံးသွားသလို ခံစားခဲ့ရသည်။


ကျန်းရှုယောင် နှင့် အစေခံများက လက်လုပ် ပန်ကိတ်များကို ပျော်ရွှင်စွာစားကြသည်။ ယနေ့ အိမ်တော်ကြီးထဲက ခရီးတစ်ခေါက်ထွက်ခြင်းကြောင့် မဟုတ်လျှင် ရှဲ့ရွှင်း နန်းတော်ကို ယနေ့ သွားလိမ့်မည်မဟုတ်ဘူးဆိုသည်ကို ဘယ်သူမှ မှတ်မိမှာ မဟုတ်ပါချေ။


ခန်းဝင်အစေခံတစ်ယောက်အနေဖြင့် ပိုင်ကျီမှာ အမိန့်များရှိ၏။ သူမအမေရော သခင်မရှန်းယန်ကပါ ခင်ပွန်းနှင့်ဇနီးကြားက ဆက်ဆံရေးကို လိုက်လျောညီထွေဖြစ်အောင် ကျန်းရှုယောင်ကို ကူညီပေးရန်  ပြောခဲ့ပြီး သူမအနေဖြင့် သူမ၏ စိတ်မချရသော သခင်မလေးအပေါ် အကောင်းမြင်စိတ်ရှိလေသည်။


သခင်မရှန်းယန်၏ အကြံဥာဏ်ကို သူမ သဘာဝအတိုင်း အသိအမှတ်ပြုခဲ့သည်။ အမျိုးသမီးတစ်ဦး အိမ်ထောင်ပြုသောအခါတွင် လက်ကျန်ဘဝ၏ဂုဏ်အသရေ၊ အရှက်တရားနှင့် ပျော်ရွှင်မှုတို့သည် ခင်ပွန်းဖြစ်သူနှင့် ဆက်စပ်နေသည်။


ထို့ကြောင့် သူမကအကြံပြုလိုက်၏။


 "သခင်လေးက ဒီနေ့ အိမ်တော်ထဲမှာရှိတယ်...သခင်မလေး  မနက်စာသွားမပေးဘူးလား"


ကျန်းရှုယောင်  ခဏလောက် အေးခဲသွားပြီး


 "မလိုဘူး...သူက ငယ်ငယ်လေးကတည်းက မြို့စားရှဲ့အိမ်တော်မှာ ကြီးပြင်းခဲ့တော့ ဘယ်စားကောင်းသောက်ဖွယ်ကိုမဆို စားဖူးတယ်... ငါ ပန်ကိတ်တစ်ခြမ်း ပေးရင် သူ တန်ဖိုးထားမှာ မဟုတ်ဘူး"


"ဒါပေမဲ့ သခင်လေးမှာ ဒီလိုပန်ကိတ်မျိုးရှိလို့လား"  


ပိုင်ကျီကပြောလိုက်သည်။


 "ဒီလို လတ်ဆတ်တဲ့နည်းလမ်းကို ကျွန်မမမြင်ဖူးဘူး... သခင်လေးက ဇီဇာကြောင်တဲ့ပုံမပေါ်ဘူး... သူ ပန်းကန်တွေကို ချလိုက်တိုင်း အထဲမှာ အစားအသောက်တွေက ပြောင်လက်နေတာပဲ"


အိုး... ရှဲ့ရွှင်း  ဒါကိုကြားရင် ရှက်သွားမှာ သေချာတယ်...


သို့သော်လည်း ချက်ပြုတ်သူတစ်ယောက်အနေဖြင့် ကျန်းရှုယောင် တစ်ဖက်လူက သူမ၏လက်ရာကို နှစ်သက်မှုရှိမရှိကို သိရသည်အား အလွန်နှစ်သက်ဆဲဖြစ်သည်။ ပိုင်ကျီ၏ စကားကြောင့် သူမ တဟားဟားရယ်မိသွားကာပြောလိုက်၏။


 "ဒါဆို နင် သူ့ကို သွားပြောလိုက်... သူ လာချင်ရင် လာလိမ့်မယ်...သူမလာချင်ရင်လည်းထားလိုက်"


ပိုင်ကျီက ဝမ်းသာအားရနှင့် သတင်းပေးရန် ရှဲ့ရွှင်း ဆီကို ပြေးသွားသည်။


ရှဲ့ရွှင်း၏အနီးကပ်အစေခံက သူမသတင်းစကားလာပြောသည့်အခါ သူမလက်ထဲတွင် ပန်ကိတ်တစ်လုံးကိုကိုင်ထားဆဲဖြစ်သည်ကိုမြင်ရာတွင် သူ့သခင်ကို မခေါ်တော့မတတ်ဖြစ်သွား၏။အပြင်ဘက်ခြံဝင်းက အစေခံများပင် ဤမျှလောက်မသောင်းကျန်းကြ၊ အနှီအစေခံက နည်းနည်း မောက်မာလွန်းနေသည်။


တတိယသခင်က သူမကို ကြိမ်းမောင်းမည်ကို စောင့်ဆိုင်းရင်း အတွင်းစိတ်က ရယ်မောလိုက်သော်လည်း စည်းကမ်းတွေကို အမြဲအလေးထားသည့် တတိယသခင်က "ကောင်းပြီ" လို့ ပြတ်ပြတ်သားသား ပြောလိုက်သည်ကို ကြားလိုက်ရ၏။


ပိုင်ကျီက အရိုအသေပြုပြီး နောက်ဆုတ်သွားကာ လူငယ်ကို အံသြမှင်သက်နေလျက် ချန်ထားခဲ့သည်။


Xxxxx