အပိုင်း ၂၄
Viewers 18k

Chapter 24


နွေကြက်သွန် ပန်ကိတ်


ပိုင်ကျီက  သူမလက်ကို အကျီလက်ဖြင့်ဖုံးထားပေမဲ့ ရှဲ့ရွှင်းသည်  အကျီလက်ကနေ ထွက်နေသည့် ဆီစိမ်စက္ကူကို မြင်လိုက်ဆဲဖြစ်၏။


စာရွက်တစ်ရွက်ပေါ်တွင် မှင်အညစ်အကြေးများ မတော်တဆ ပြန့်ကျဲသွားသလိုမျိုး သူ့နှလုံးသားက ထိတ်လန့်တုန်လှုပ်သွားကာ လူများကို အကျိုးအကြောင်းမဲ့စွာ ခြောက်ကပ်ကာ စိတ်မသက်မသာဖြစ်စေသည်။


ကျန်းရှုယောင် လက်ထပ်ဝင်မလာမီတွင် မြို့စားရှဲ့အိမ်တော်က သူမ၏ကိုယ်ရည်ကိုယ်သွေးအကြောင်း စုံစမ်းမေးမြန်းခဲ့သည်။ သူမက ဒေါသကြီးပြီး လွှမ်းမိုးချုပ်ချယ်တတ်ကာ ဒေါသကို ထုတ်ပြရသည်ကို နှစ်သက်သည်ဟု လူတွေက ဆိုကြ၏။ အခြားသူ၏အစေခံ ဖြစ်လျှင်ပင် ဒေါသထွက်သည်နှင့် တပြိုင်နက် ရိုက်နှက်ငေါက်ငမ်းကာ အပေါ်ယံမှာ ကိန်းကြီးခန်းကြီး ပြုမူတတ်၏။


ယခုမူ သူမက သူမ၏အစေခံများအပေါ် အလွန်ကောင်းကြောင်း သူမြင်နေရပြီး သူ့အလှည့်မရောက်မီ အစေခံကို ဆုချပြီးနေလေပြီ...


ကောလဟာလတွေက မယုံရပုံပေါ်သည်။ သူမက ယောက်ျားများနှင့်ဆက်ဆံရာတွင် ပြစ်တင်ရှုတ်ချခံရသော်လည်း သူမ၏အစေခံများကို ဆက်ဆံပုံမှာ အလွန်ရက်ရောသည်။


ရှဲ့ရွှင်း  သူ့ကိုယ်သူ နှစ်သိမ့်ရန် အကြောင်းပြချက်ရှာနေမှန်း သတိမထားမိလိုက်ပေ။ ဤသို့ တွေးပြီးနောက် သူအနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမ၏ မဟားဒရားလုပ်တတ်သည့် အရည်အချင်းများနှင့် ချောမောလှပသော ယောက်ျားများကို ချောင်းကြည့်သည်ဟုသောယခင်က ကောလဟာလများသည်လည်း လွဲမှားနေပေလိမ့်မည်။


လန်းဆန်းတက်ကြွစွာ မတ်တတ်ထရပ်ပြီး အရှေ့တောင်ပံဆီသို့ ဖျတ်လတ်သွက်လက်စွာ လှမ်းသွားလိုက်သည်။


ခြံဝင်းငယ်လေးထဲသို့ လှမ်းဝင်ပြီးနောက် ကျန်းရှုယောင်  အရှေ့တောင်ပံတွင် မရှိသည်ကို တွေ့လိုက်ရသောကြောင့် ရှဲ့ရွှင်း  မီးဖိုချောင်ငယ်လေးဆီသို့ သွားခဲ့သည်။ သူ့မှာ ဘာမှလုပ်စရာမရှိသည့်အခါ ကျန်းရှုယောင်၏မီးဖိုချောင်ဆီသွားတတ်သည့်အကျင့်ကို သူ အကျင့်ပါနေပြီဖြစ်၏။


အစေခံငယ်များက စကားစမြည်ပြောကာ ရယ်မောနေကြဆဲဖြစ်ပြီး ရှဲ့ရွှင်း  ဝင်လာသည်ကို မြင်သောအခါတွင် ပါးစပ်ကို အမြန်ပိတ်ကာ ဦးညွှတ်လိုက်ကြသည်။


ရှဲ့ရွှင်း ကိုတွေ့သောအခါ ကျန်းရှုယောင်ကသိပ်တုံ့ပြန်မှု မရှိသလိုပင်။


 "ရှင်မနက်စာ မစားရသေးဘူးလား" 


ဂျုံယာဂုနှင့် အရံဟင်းအနည်းငယ်ကို တွေးရင်း ရှဲ့ရွှင်း  မလိမ်ချင်ဘဲ ပွင့်ပွင့်လင်းလင်းပြောလိုက်၏။


"မင်းဘာလုပ်ထားလဲ"


"ကြက်သွန်စိမ်းပန်ကိတ်"


ကျန်းရှုယောင် ပါးသွားလေပြီ။


"လိုချင်လား"


ရှဲ့ရွှင်း  မသက်မသာ ချောင်းဆိုးလိုက်ပြီး နာခံမှုရှိရှိဖြင့် ခေါင်းညိတ်လိုက်သည်။


ကျန်းရှုယောင်  ဆီပွတ်ထားသော မုန့်သားအချပ်အထပ်လိုက်ထဲမှ ပန်ကိတ်တစ်ခုကို ကောက်ယူပြီး သံဒယ်အိုးထဲတွင် ထည့်ကာ မီးကိုလျော့ခိုင်းလိုက်၏။


ရှဲ့ရွှင်း  သူများတွေ ဟင်းချက်သည်ကို ရှားရှားပါးပါးမြင်ဖူးခြင်းဖြစ်၍ သိလိုစိတ်ဖြင့်မေးလိုက်သည်။


 "ဒီလိုလုပ်ရတာ ဒုက္ခမများဘူးလား"


"ကံကောင်းစွာနဲ့ မနေ့ညက လုပ်ထားတာလေ... ဆီနဲ့ပွတ်ပြီး အားလုံးအဆင်သင့်ဖြစ်ပြီးသား... ဒါကြောင့် ဒီနေ့တော့ လွယ်လွယ်ကူကူ ပြီးသွားလိမ့်မယ်" 


ရှေးခေတ်လူတွေမှာ ဖျော်ဖြေရေး နည်းပါးလွန်းပြီး ညစာစားချိန်နှင့်အိပ်ရာမဝင်ခင် ကြားမှာနာရီပေါင်းများစွာကြာလေသည်။သူမက စာဖတ်ရန် လုံးဝစိတ်မဝင်စားသည့်အတွက် မီးဖိုချောင်မှာ ချက်ပြုတ်ပြီး အချိန်ကုန်သွားခဲ့၏။


ရှဲ့ရွှင်း  မတ်တပ်ရပ်လိုက်ပြီး သူမ၏ပန်ကိတ်တွေကို ကြည့်ကာ ထိုမနက်က သူမသူ့လက်ထဲထိုးထည့်ပေးလိုက်သည့်ကီးမားကို ရုတ်တရက် တွေးလိုက်မိသည်။ တာဝန်ကျချိန်မှာ စားနိုင်ဦးရင်ကောင်းမယ်...


နောက်ဖေးလမ်းကြားထောင့်မှာ နှမ်းကိတ်မုန့်နေ့တိုင်းဝယ်သည့် လင်းချန်ကိုတွေးလိုက်လျှင် သူသာ အိမ်မှာ လုပ်ထားသည့် ကိတ်မုန့်ပူပူလေး ကိုနေ့တိုင်းကိုင်ထားသည်ကိုမြင်ပါက ထိုကောင် မနာလိုဖြစ်ပေလိမ့်မည်။


သူစဉ်းစားနေတုန်းမှာ သံဒယ်အိုးပေါ်မှာ အကာက အဆင်သင့်ဖြစ်နေပြီဖြစ်၏။ကျန်းရှုယောင် ပန်ကိတ်ပေါ်တွင် ဆော့စ်အလွှာကို ပွတ်တိုက်ကာ ဆလတ်ရွက်နှင့် အသားအချို့ကို ထည့်ပြီး ဆီစိမ်စက္ကူတစ်လိပ်ကို ယူလိုက်သည်။ ပန်ကိတ်ရပြီဖြစ်၏။


လုပ်ရသည်က မြန်ပြီး လွယ်ပေမဲ့ ပြီးပြည့်စုံသည်။ ဤသည်မှာ မနက်စာလုပ်ရခြင်း၏ ပျော်စရာဖြစ်၏။


ရှဲ့ရွှင်း ၎င်းကို ယူလိုက်ပြီး မီးဖိုချောင်ထဲမှာ ပန်ကိတ်စားသည်က ဘယ်လောက်တောင် မသင့်တော်သည်ကို မတွေးမိပေ။ဆီစိမ်စက္ကူမှတစ်ဆင့် အပူချိန်က သူ့လက်ချောင်းထိပ်များသို့ ရောက်သွားသောအခါတွင် သူ၏ အစာစားချင်စိတ်က သိသိသာသာ နိုးကြားလာခဲ့သည်။


သူနှင့်နီးကပ်လာသောအခါ ပန်ကိတ်၏ မွှေးပျံ့သော မုန့်ရနံ့က ပိုပြင်းထန်လာသည်။


သူကိုက်လိုက်သည်နှင့် ပန်ကိတ်၏ အပြင်ဘက်အလွှာက ကြွပ်ရွနေပြီး အတွင်းအလွှာက နူးညံ့ပြီး တစ်လွှာပြီးတစ်လွှာထပ်နေကာ ပွရွပြီး မာကျောသည်။


အပြင်အလွှာ၏ ဆီများသောအနံ့နှင့် အတွင်းလွှာ၏  ကစီရနံ့တို့ ကောင်းစွာပေါင်းစပ်ထားသည်။ ဆော့စ်က အနည်းငယ်ငန်ပြီး အရသာရှိ၏။


ဤအကိုက်တွင် သူ အသားနှင့် ဆလတ်ထုပ်များကို မစားမိဘဲ အပေါ်ယံလွှာထဲသို့ပဲ ကိုက်လိုက်မိသောကြောင့် မျိုချလိုက်ပြီး နောက်ထပ် အကြီးကြီးတစ်ကိုက် ကိုက်လိုက်လေသည်။


အသားကို ကောင်းမွန်စွာ နှပ်ထား၏၊ ကိုက်လိုက်သည့်အခါ အပြင်မှာ ကြွပ်ကြွပ်ရွရွအရသာရှိပြီး အတွင်းရှိ အသားက အရသာရှိပြီး အရည်ရွှမ်း၏။ ဆလတ်ရွက်က လတ်ဆတ်သောကြောင့် အသားနှင့် ဆီအနံ့ကို ပိုမိုထင်ရှားစေပြီး အရသာရှိမှု၏အောက်တွင် လတ်ဆတ်သောချိုမြိန်မှုရှိနေသည်။


သူ ဝမ်းသာအားရ စားလိုက်သည်။သူဝါးနေသည့်အသံကို သူ့ဘာသာသူကြားလိုက်ရမှ သူအပြုအမူအမှားဖြင့် အကိုက်အကြီးကြီး ကိုက်လိုက်မိမှန်း သတိထားမိလိုက်သည် ။


ဝါးမနေဘဲ သူ့ပါးစပ်ထဲက အစာတွေကို ဖုံးကွယ်ရန် အလျင်အမြန် မျိုချလိုက်၏။သို့ရာတွင် သူမော့ကြည့်လိုက်သောအခါ ကျန်းရှုယောင်ကလည်း သူနှင့်အတူတူပါပင်။ သူမက အကိုက်ကြီးကြီးကိုက်လိုက်ပြီး သူမ၏ပါးပြင်များက ဖောင်းလာကာ မောပန်းနေပုံရသည်။


ကျန်းရှုယောင် သာမန်ကာလျှံကာ ဝါးပြီး ပါးစပ်ထဲ မျိုချလိုက်သော်လည်း ရုတ်တရက်သီးသွားပြီး ပဲနို့အနည်းငယ် သောက်လိုက်သည်။


သကြားပါသော ပဲနို့က ချိုမြိန်ပြီး အနံ့အရသာနှင့် ပြည့်စုံသည်။ သောက်ရသည်မှာ အလွန်ကျေနပ်စရာကောင်းပါ၏။


"အာားရှ်~" 


သူမ သက်တောင့်သက်သာရှိစွာ သက်ပြင်းချလိုက်သည်။ မနက်စာကလည်း အဆင်ပြေရန်လိုအပ်နေပါသေး၏။


ရှဲ့ရွှင်း  သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ  ကျန်းရှုယောင်  သူ့ကိုလည်း တစ်ပန်းကန်ပေးလိုက်သည်။


ရှဲ့ရွှင်းက ယူလိုက်ပြီး သူ့လက်ထဲက ပန်ကိတ်ကို ပဲနို့နှင့်စားလိုက်၏။ သစ်သားဘုတ်ပေါ်မှာ ပန်ကိတ်နှစ်ချပ်ကျန်နေသည်ကိုမြင်သောအခါ ကျန်းရှုယောင်   အကုန်လုံးကို သူ့အတွက်ကြော်ပေးလိုက်ပြီး တစ်လက်စတည်း  ပဲနို့သောက်ခိုင်းသည်။


ရှဲ့ရွှင်း  မီးဖိုချောင်ထဲတွင် ရပ်နေပြီး ပထမဆုံးအကြိမ် မနက်စာကြောင့်ဗိုက်ပြည့်သွား၏။


ကျန်းရှုယောင်က ပျော်ရွှင်စွာ ကျွေးမွေးခဲ့သည်။ ပန်ကိတ်နှင့် ပဲနို့ကျန်သည်များကို ရှဲ့ရွှင်းကအပြတ်ရှင်းခဲ့ပြီး ဘာမှ အလဟဿ မဖြစ်ခဲ့ပါချေ။ရှဲ့ရွှင်း၏ ပံ့ပိုးကူညီမှု မည်သို့ပင်ရှိစေကာမူ ဤနံနက်စာသည် အလွန်ပြီးပြည့်စုံသော အစားအစာဟု မှတ်ယူနိုင်ခဲ့သည်။


ကျန်းရှုယောင် အိမ်အပြင်သို့ ပထမဆုံးအကြိမ် ထွက်တော့မှာဖြစ်သဖြင့် သူမ တမင်တကာဆေးကြောသန့်စင်ပြီး ပိုင်ကျီကို ဆောင်းဦးခရီးထွက်သည့် ကျောင်းသားတစ်ယောက်လို စိတ်လှုပ်ရှားစွာဖြင့် ငွေစက္ကူအထူကြီးတစ်အုပ်ကို ကိုင်ခိုင်းလိုက်သည်။


ရှဲ့ရွှင်း   သူမကို အခန်းအပြင်မှာ စောင့်နေပေမဲ့ အချိန်အတော်ကြာသည့်တိုင် ဘယ်သူမှ ထွက်မလာပေ။  အပြင်မထွက်ခင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေသည့် အမျိုးသမီးတစ်ဦးကို သူ့ဘဝမှာ ပထမဆုံး အကြိမ်ကြုံဖူးခြင်းလည်းဖြစ်၏။ သူ လက်နှစ်ဖက်ကို နောက်ကျောမှာပစ်ကာဖြင့် စင်္ကြံလမ်းပေါ်ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်သည်။ သူ စိတ်မရှည်လုဆဲဆဲအချိန်မှာ ကျန်းရှုယောင် နောက်ဆုံးတွင် ထွက်လာခဲ့၏။ 


ရှဲ့ရွှင်း သူမကို ကြည့်လိုက်သည်။ ဟမ်... ဆံပင်ကို အနည်းငယ်ပိုအားမာန်ပြည့်ဝစွာဖြီးသင်ထားပြီး သူမဝတ်ထားသည်အဝတ်အစားက နည်းနည်းပိုလှ၏။ ၎င်းကလွဲလျှင် ထူးခြားမှုမရှိဟု ထင်ရသည်။


"အိမ်ထဲမှာ ဒီလောက်အကြာကြီး  ဘာတွေထုပ်ပိုးနေတာလဲ" 


သူမြင့်နေပြီဖြစ်သော နေကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။


ကျန်းရှုယောင်က သူ့ကို အံ့သြတကြီး ကြည့်ပြီးဆို၏။


 "ကွာခြားတာကို ရှင်မမြင်ဘူးလား"


ရှဲ့ရွှင်းက နားမလည်စွာမေးလိုက်သည်။


 "ဘာကွာခြားတာလဲ"


ဂရုတစိုက် ၀တ်စားခဲ့ပြီး ချီးကျူးမခံရသည့်နောက် ကျန်းရှုယောင် သူ့ကို ကျော်ပြီး သူမဘာသာသူမ လမ်းလျှောက်ရင်း အသံတိုးတိုးနှင့်ဆိုလိုက်၏။


"... ငါ့အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေက နည်းပါးလွန်းတာကြောင့် ဖြစ်ရမယ်..ငါ့ရဲ့မျက်နှာချေ နဲ့ နှုတ်ခမ်းနီတွေက မခိုင်ခံ့ဘူး... အဲ့ဒါကြောင့် ငါ့အသားကအရောင်တောင် မတက်လာဘူး...အစုံအသစ်ဝယ်ရမယ်"


ရှဲ့ရွှင်းက ကျန်းရှုယောင်က  မည်မျှ စိတ်ဓာတ်ကျနေသည်ကို မသိပေ။ သူမနောက်ကျောကို ကြည့်ပြီး  သူ ရှုပ်ထွေး သွားသည်။ သူ၏ရှည်လျားသောခြေထောက်များဖြင့် ကျန်းရှုယောင်နောက်ကို ခြေလှမ်းအနည်းငယ်မျှသာဖြင့် မီအောင်လိုက်ခဲ့သည်။


သူတို့နှစ်ယောက် အိမ်မှ ထွက်လာပြီးနောက် ရှဲ့ရွှင်းက မြင်းစီးပြီး ကျန်းရှုယောင်က ရထားလုံးစီးခဲ့သည်။ လမ်းမပေါ်တွင် တံခါးမကြီးများစွာရှိသည့် အိမ်တော်ကြီးများစွာရှိပြီး ကြည့်စရာသိပ်မရှိဘဲဈေးအဝင်ပေါက်ရောမှသာ မြင်ကွင်းက တွက်ကြွလှုပ်ရှားလာသည်။


ကျန်းရှုယောင်  ရထားလုံးပေါ်မှ ခုန်ဆင်းကာ ရှေးခေတ် လူစည်ကားသော ဈေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ရှည်လျားသောလမ်းများက ကျယ်ဝန်းပြီး အထပ်မြင့်အဆောက်အဦးများနှင့် အိမ်ပုလေးများ ထူထပ်စွာ ပြည့်ကျပ်နေသည်။ ရှုခင်းများ တဖျပ်ဖျပ်ပျားပန်းခတ်နေပြီး လူများထံမှ ဆူညံသံများ၊ လက်ဖက်ရည်ဆိုင်များ၊ စာအုပ်ဆိုင်များ၊ အထည်ဆိုင်များ၊မျက်နှာချေမှုန့်ဆိုင်များ...စသဖြင့် မျက်စိကျိမ်းလောက်အောင် စီစဥ်ခင်းကျင်းထားသော အရာများရှိနေ၏။


ရှဲ့ရွှင်းကို မနှုတ်ဆက်ဘဲ ကျန်းရှုယောင် ပိုင်ကျီကို အနီးဆုံး ရတနာဆိုင်သို့ ဆွဲခေါ်သွားခဲသည်။


ရှဲ့ရွှင်းမှာ မြင်းပေါ်မှဆင်းကာ လူအုပ်ထဲသို့ လျှောက်သွားရုံမှတပါး ရွေးချယ်စရာမရှိပေ။


တိုက်ဆိုင်စွာပင် သစ်သားလှည်းတန်းတစ်ခုက ဘေးမှ ရွေ့လျားသွားသည်။ ရှဲ့ရွှင်း နောက်ပြန်ဆုတ်ကာ မတ်တပ်ရပ်နေရင်း အဝေးသို့ လျှောက်သွားနေသော ကျန်းရှုယောင်ကို "သတိထား" ဟု လှမ်းအော်လိုက်သည်။


ကျန်းရှုယောင်က အချိန်မီ တုံ့ပြန်လိုက်ပြီး ပိုင်ကျီ  ၏လက်ကိုဆွဲကာ ရှောင်လိုက်၏။ သူတို့နှစ်ယောက် လှည့်လိုက်ရာ ပိုင်ကျီက သူမဘေးနားက စာပေပညာရှင်တစ်ဦးကို မတော်တဆ နင်းမိပြီး သူ့ကို မြေပြင်ပေါ် တွန်းမိလိုက်သည်။


ကျန်းရှုယောင်  ပိုင်ကျီကို ဆောလျင်စွာ ထိန်းပေးလိုက်ပြီး ဒဏ်ရာရမရ စာပေပညာရှင်ကို မေးတော့မည်ပြုသော်လည်း စာပေပညာရှင်က မော့ကြည့်ကာ ပိုင်ကျီ၏မျက်နှာကို မြင်လိုက်သောအခါတွင် သူ့မျက်နှာက မည်းမှောင်သွားပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ပြောလိုက်သည်။


"အဲ့ဒါ မင်းပဲလား"


ပိုင်ကျီက သူမပါးစပ်ကို ဖွင့်ပြီး တောင်းပန်မည်ပြုကာရှိသေးပေမဲ့ စာပေပညာရှင်၏ဟောက်သံကိုကြားလိုက်ရပြီး သူမခဏလောက် ထိတ်လန့်သွားကာ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ ရွံရှာသောအမူအရာဖြင့် သူမ ချက်ချင်းနောက်ပြန်ဆုတ်ကာ "ရှင်ကိုး..." ဟုပြောလိုက်၏။


စာပေပညာရှင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ့ဝတ်လုံကို ပွတ်သပ်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်လုံးများက ကျန်းရှုယောင်ထံ ရုတ်တရက် ကျသွားလေသည်။ သူက မျက်မှောင်ကြုတ်ကာ သူမကို ဂရုတစိုက်ကြည့်သည်။


ကျန်းရှုယောင်  သူ့မျက်လုံးများကြောင့် စိတ်မသက်မသာ ခံစားလာရပြီး နောက်သို့ ဆုတ်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ 


စာပေပညာရှင်က သူ့အကြည့်ကိုမဖယ်ဘဲ ပိုင်ကျီကို အတည်မပြုဝံ့စွာမေးလိုက်၏။


 "ဒါ မင်းသခင်မလား"


Xxxx