အပိုင်း ၂၆
Viewers 16k

Chapter 26


:အဝတ်များဝယ်ယူခြင်း


ကျန်းရှုယောင် သူမကို အပြစ်တင်မည်ကို စိုးရိမ်သဖြင့် ရှဲ့ရွှင်း၏ မျက်နှာကို တိတ်တဆိတ် စိုက်ကြည့်နေသည်။


သူမ ကြိတ်ပြီး  နောင်တရမိသည်။ သူမအပြင် ထွက်သည်နှင့် မူလပိုင်ရှင်ရှုပ်ထားသည့် အမျိုးသားတစ်ယောက်နှင့်တွေ့ဆုံမည်ဟု မည်သူကထင်မည်နည်း။


ရှဲ့ရွှင်း၏ ရင်ဘတ်ထဲတင်းကျပ်နေသည်။


လက်မထပ်မီတွင် ကျန်းရှုယောင်လုပ်ခဲ့သည့် အဓိပ္ပါယ်မဲ့သောအရာများကို သူသိသည်။ သူ သူမကိုလက်ထပ်ယူပြီးပြီဆိုကတည်းက သူမ၏အရင်ကိစ္စတွေကို ဗွေယူမှာမဟုတ်ပေ။ ထို့အပြင် သူမကိုလက်ထပ်ခြင်းသည် မိဖုရားခေါင်ကြီး၏လက်ထပ်မိန့်ဆုလာဒ်ကို ရှောင်ရှားခြင်းထက်ဘာမှမပိုဘဲ ၎င်းကိုကိုင်တွယ်ဖြေရှင်းရန်သာဖြစ်သည်။


 ယခု သူ ဒေါသမထွက်သင့်ပေ။


သူက စူစူအောင့်အောင့်ဖြစ်နေသလို ကျန်းရှုယောင်လည်း အနည်းငယ်ရှက်ရွံ့နေပေမဲ့ မျက်စိကျိမ်းလောက်အောင် ရွှန်းရွှန်းဝေအောင် စီစဥ်ခင်းကျင်းထားသည့် ရွှေအဆင်တန်ဆာတွေက သူမကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။


ခင်းကျင်းပြသထားသည့် လက်ဝတ်ရတနာများကြောင့် သူမ အံ့အားသင့်ခဲ့ရသည်။ ဤလက်လုပ်ရတနာများသည် အလွန်လက်ရာမြောက်ပြီး လှပသည်။ ဆံညှပ်များ၊ ဆံထိုးများ၊ ဘီးကုပ်များသည် အလွန် ထည်ဝါတင့်တယ်လှပြီး ချိတ်များကိုပုတီးများဖြင့်စီခြယ်ထားကာ  ရှုပ်ထွေးသောလက်ရာများဖြစ်သည်။


ဆိုင်ရှင်က သူမကို မြင်သောအခါတွင် ထူးခြားသော နောက်ခံရှိကြောင်း သိလိုက်သည်။ သူက သူမဆီလာပြီးယဥ်ကျေးစွာဆို၏။


 "သခင်မလေး...လက်ဝတ်ရတနာတွေ ဝယ်ချင်လို့လား... ဒုတိယထပ်ကို ဘာလို့ မတက်တာလဲ...ဒုတိယထပ်က ဆိုင်ရဲ့အသစ်အဆန်းတွေကို တက်ကြည့်ပါလား"


ကျန်းရှုယောင်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ပိုက်ဆံရှိသည်က အလွန်ကောင်းပါ၏။


ဆိုင်ရှင်က သူမကို ဒုတိယထပ်သို့ ခေါ်သွားကာ သူမ၏အစေခံက နောက်မှ လိုက်သွားခဲ့သည်။ ရှဲ့ရွှင်း  ခေတ္တရပ်နေပြီး နောက်မှလိုက်သွားခဲ့သည်။


သာမာန်လူတွေက ဒုတိယထပ်ကို မတက်နိုင်ပေ။ တံခါးအပြင်မှာ အစောင့်တွေရှိ၏။ တံခါးကိုဖွင့်ပြီးနောက်တွင် သစ်သားဗီရိုအစုံများစွာကို တွေ့နိုင်လေသည်။


ဆိုင်ရှင်က ကျန်းရှုယောင်ကို ထိုင်ခိုင်းပြီး သစ်သားဗီဒိုကို သော့နှင့်ဖွင့်ကာ ကျန်းရှုယောင် ကိုပြသရန် စားပွဲပေါ်တင်လိုက်၏။


ရှဲ့ရွှင်းက ဘေးနားတွင် ပျင်းရိငြီးငွေ့စွာ ရပ်နေသည်။သူ လက်ဖက်ရည်ဆိုင်ကိုသွားကာ သူမကိုစောင့်နေချင်သည်။ သူစကားမပြောမီ ကျန်းရှုယောင်က ရုတ်တရက် ထရပ်ပြီး သူ့ဆီသို့ လျှောက်လာသည်။


အခန်းက ပထမထပ်ရှိ လူနေမှုပုံစံနှင့် ကွာခြားသည်၊ အလွန် တိတ်ဆိတ်နေပြီး ပါရှန်းကော်ဇောပေါ်မှ ခြေနင်းလျှောက်သည့်အခါ အသံမထွက်ပေ။


ကျန်းရှုယောင်က သူ့ရှေ့တွင် မတ်တပ်ရပ်လိုက်ကာ ရှဲ့ရွှင်း ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် သူမ၏ စွဲလမ်းနေသော မျက်လုံးများကို တွေ့လိုက်ရသည်။


သူမ၏ အသားအရည်က ဖြူဖွေးနူးညံ့ပြီး မျက်ခုံးမွှေးများက တောက်ပနေသည်။ ရှဲ့ရွှင်း   သူမနှင့် နီးကပ်လာသောအခါတွင် သူမတွင် ပါးလွှာသော ပါးအို့နီနီ အလွှာတစ်ခုရှိနေသည်ကို သူတွေ့လိုက်ရသည်။ သူမ၏ မျက်နှာသွင်ပြင်က သိမ်မွေ့လှပနေပြီး သူမ၏ မျက်လုံးများက လှိုင်းများဖြင့် ပြည့်နေသည်။


ရုတ်တရက် သူ့နှလုံးခုန်သံ တဝက်လောက် နှေးသွားသည်။


ကျန်းရှီက သူ့ကို ယခုလိုမျိုး ပထမဆုံးအကြိမ် စိုက်ကြည့်ခြင်းဖြစ်၏။သူမမျက်လုံးများထဲရှိ စွဲလမ်းမှုများက အံ့သြစရာကောင်းပြီး အထိန်းအကွပ်မရှိပေ။


ဤသည်ကဖြစ်သင့်သည်။သူမက သူ့ကို အသက်စွန့်ပြီး လက်ထပ်ချင်ခဲ့ခြင်းဖြစ်ရာ သူ့ကို မကြိုက်သည်က ဘယ်လိုမှမဖြစ်နိုင်ချေ။


သူထိုသို့တွေးပြီး လည်ပင်းနောက်ဘက်မှာ ရှက်သွေးများ ဆောင့်တိုးလာ၏။


အတိတ်က အမှားအမှန်နှင့် ပတ်သက်၍ကား ကလေးမလေးတစ်ယောက်၏ မသိနားမလည်မှုထက် ဘာမှ မပိုပါချေ။ သူ့အနေဖြင့် ထိုလူများနှင့် မယှဉ်နိုင်သောအရာ ဘာမှမရှိ–


သူ တွေးနေတုန်းမှာပဲ ကျန်းရှုယောင်က သူ့ကို တွန်းထုတ်လိုက်သည်။


ထို့နောက် သူမက သူ့ကို ကျော်ဖြတ်ကာ သူ့နောက်ဘက်ရှိ ရွှေရောင် ချီလင်နှင့် ဖီးနစ်ပုံစံ ပုတီးစေ့စီခြယ် ခေါင်းဆောင်းကို စွဲလမ်းစွာ စိုက်ကြည့်နေသည်။


ရှဲ့ရွှင်း: ...???????????


"ဆိုင်ရှင်...ကျွန်မ ဒီခေါင်းဆောင်း အစုံလိုချင်တယ်" 


ကျန်းရှုယောင်၏ မျက်လုံးများသည် တန်ဖိုးကြီးပြီး လက်ရာမြောက်သော ဆံပင်အသုံးအဆောင်များကို စိုက်ကြည့်ရင်း အံ့သြသွားမိသည်။



ရတနာဆိုင်မှ လူတစ်စု ထွက်လာကြသည်။


 ကျန်းရှုယောင် သူမကြိုက်သော ပုတီးစေ့စီခြယ်ဆံပင်အဆင်တန်ဆာကို ဝယ်ခဲ့သည်။အစေခံကလည်း မျက်စိပွဲတော်တည်နေသည်။ သူတို့၏ မျက်နှာများက ရွှင်မြူးနေသော်လည်း  ရှဲ့ရွှင်း၏ မျက်နှာမှာ ထူးဆန်းနေ၏။


ကျန်းရှုယောင် အထည်ဆိုင်ထဲသို့ ဝင်တော့မည်ဖြစ်သော်လည်း ရှဲ့ရွှင်းက ရုတ်တရက် ရပ်လိုက်ပြီး သူမကိုတည်တည်ငြိမ်ငြိမ်ဆိုသည်။


 "စာအုပ်ရှာဖို့ အဲဒီစာအုပ်ဆိုင်ကို သွားလိုက်ဦးမယ်... မင်းမှာ တစ်ခုခုရှိရင် ငါ့ကိုခေါ်ခိုင်းလိုက်" ထိုသို့ပြောပြီးနောက် ထွက်ပြေးသွားခဲ့သည်။


ကျန်းရှုယောင်က ဘာမှ မတွေးဘဲ သူထွက်သွားသည်ကို ကြည့်နေသည်။မည်သို့ပင်ဖြစ်စေ   အမျိုးသားများသည် ဈေးဝယ်ခြင်းကို မကြိုက်ကြ၊အထူးသဖြင့် လက်ဝတ်ရတနာများနှင့် အဝတ်အစားများကိုဖြစ်၏။


သူမက ချမ်းသာပြီး ငွေကို ဖုန်မှုန့်လို သုံးစွဲနိုင်သည်။ အထည်ဆိုင်ထဲကို ဝင်လိုက်သည်နှင့် ဘယ်ညာသိမ်းကျုံးဝယ်တော့၏။ စျေးကမည်မျှပဲရှိရှိ ထုပ်ပိုးခိုင်းလိုက်သည်။ ဆိုင်ရှင်များက နေရာတိုင်းတွင် သူမနောက်သို့ လိုက်နေကြသည်။


ကျန်းရှုယောင်  အဝတ်အထည်များနှင့် လက်ဝတ်ရတနာများကို အလုံအလောက်ဝယ်ပြီးပြီဖြစ် သောကြောင့်  ချက်ပြုတ်ရာတွင် ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုနိုင်သည့် ဟင်းခတ်အမွှေးအကြိုင်များ ရှိမရှိကြည့်ရန် ဟင်းခတ်အမွှေးအကြိုင်ဆိုင်ကိုသွားရန်တွေးခဲ့၏။


အထည်ဆိုင်တံခါးဆီသို့ လျှောက်လာသည်နှင့် သူမ အတားခံလိုက်ရသည်။


ကျန်းရှုယောင်  အသံကို လိုက်ရှာသောအခါ ကောင်မလေးတစ်ယောက်က သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်၏။


ကျန်းရှုယောင်  ဇဝေဇဝါဖြစ်နေသည်ကို  ပိုင်ကျီက မြင်ပြီး တီးတိုးပြောလိုက်သည်။


 "ဒါက ထောင်မိသားစုရဲ့သခင်မလေး...  အဲဒီနေ့က သခင်လေးကြောင့် သခင်မက သူနဲ့ ရန်ဖြစ်ခဲ့တယ်... မေ့သွားပြီလား" 


ပိုင်ကျီက  လိမ္မာပါးနပ်စွာပြောသည်။ထိုနေ့က အငြင်းအခုံဖြစ်သည်လောက် မရိုးရှင်းပါချေ။ တစ်ယောက်နှင့်တစ်ယောက် ဆံပင်တွေကို တိုက်ရိုက်ဆွဲပြီး ရန်ဖြစ်နေခဲ့ခြင်းဖြစ်၏။


ကျန်းရှုယောင် ပြောစရာစကားပျောက်ရှသွားသည်။ ဤခရီးက အင်မတန်ခက်ခဲ၏။ သူမ မူလပိုင်ရှင်၏ မက်မွန်ပွင့်ပုပ်ကို အရှေ့ဘက်ခြေရင်းတွင် လည်းကောင်း၊ ရှဲ့ရွှင်းကို လေးစားသဘောကျသူကို အနောက်ခြေရင်း၌လည်းကောင်း တွေ့ဆုံခဲ့သည်။ ယခုမှစ၍ သူမ ဗိုက်ကို ပြုစုပျိုးထောင်ရန် အိမ်တွင်နေသင့်သည်။


ကျန်းရှုယောင် ထောင်ကျွင်းယုကို ခေါင်းညိတ်ပြကာ လှည့်ထွက်သွားမည်ပြု သော်လည်း တစ်ဖက်က သူမကို တားပြီးဆိုလာ၏။


 


"ခဏလေးးး"


"နင်..." 


ပြိုင်ဖက်များ တွေ့ကြသောအခါ အလွန်မနာလိုဝန်တိုဖြစ်ကြပြီး ထောင်ကျွင်းယု၏ အကြည့်များက ကျန်းရှုယောင်၏ ခေါင်ရမ်းမျက်နှာကို ခြုံကြည့်လိုက်ကာ ပို၍ပင်မကျေမနပ်ဖြစ်သွားသည်။


 "အိမ်မှာ မနေဘဲ ဒီရောက်နေတယ်... အပြင်ထွက်ပြီး ဆိုးသွမ်းနေတာ... သခင်လေးရှဲ့က နင့်ကြောင့်ဖြစ်ရတဲ့ ဝေဖန်မှုတွေ လုံလုံလောက်လောက် မရခဲ့ဘူးလို့ထင်နေတာလား... ဒါမှမဟုတ် သခင်လေးရှဲ့နဲ့ လက်ထပ်ပြီးပြီဆိုတော့ ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်ပြီး ဈေးထဲမှာ ရင်ကော့ဖို့ ထွက်လာခဲ့တာလား"


ကျန်းရှုယောင်က  သူစိမ်းတစ်ယောက်နှင့်မပေါင်းသင်းချင်သလို စကားလည်း မပြောချင်ပေ။ သူမ သူ့မအစေခံကိုပဲ ခေါ်ပြီးထွက်လာခဲ့၏။


ထောင်ကျွင်းယု သူမကို ထိုသို့မြင်လိုက်ရသောအခါ ပိုစိတ်တိုသွားသည် ။ သူမရှေ့ကို လှမ်းလာပြီး စကားစလုဆဲဆဲတွင် သူမကို နောက်ကလူက “ကောင်မလေး မရိုင်းနဲ့" ဟု အပြစ်တင်လာခဲ့သည်။ 


ထိုလူက ကျန်းရှုယောင်ကို မသိဘဲ သူ့ညီမငယ်လေးက ရိုင်းရိုင်းစိုင်းစိုင်း ပြုမှုနေသည်ကိုပဲ မြင်ခဲ့၏။ သူက ကျန်းရှုယောင်ကို တောင်းပန်ရန် အလျင်အမြန် ရှေ့ကို တိုးလာသည်။


"ကျွန်တော့်ညီမလေးက အလိုလိုက်ခံထားရလို့ဆိုးသွမ်းနေတာပါ...သခင်မလေး ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်" 


ထောင်ကျွင်းယုက သူ့အစ်ကိုကို အနည်းငယ်ကြောက်ပြီး ရှဲ့ရွှင်းကြောင့် သူမမနာလိုဖြစ်နေကြောင်း သူ့ကို မပြောပြဝံ့ပေ။ အထည်ကိုယူ၍ တစ်ခုပြီးတစ်ခု ထုပ်ပိုးနေသော အထည်ဆိုင်ပိုင်ရှင်ကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။


"ဒီလိုဗိုလ်ကျတဲ့လူက ဘယ်လိုလုပ်ရှိရတာလဲ...ဒီအထည်ဆိုင်က ကောင်းတဲ့ အထည်အားလုံးကို ရွေးပစ်တယ်" 


ကျန်းရှုယောင်၏ သဘောထားကြီးမှုကို ထောင်သခင်လေးကလည်း အံ့သြနေသည်ဖြစ်ရာ သူ့ညီမက ညည်းညူသည့်အခါ ရယ်ရမလို ငိုရမလိုဖြစ်သွား၏။ 


"နင်နဲ့ဘာဆိုင်လို့လဲ...ငါတို့က လူတွေကို အတင်းအကြပ် ဝယ်ရောင်းခိုင်းလို့မရဘူး...ဒီဆိုင်က လိုချင်တာမရှိဘူးဆိုရင် ဆိုင်ပြောင်းရအောင်"


ထောင်ကျွင်းယု မြည်တွန်တောက်တီးမနေဝံ့တော့ဘဲ နှုတ်ခမ်းပဲစူလိုက်သည်။


 " မလိုပါဘူး...ဒီနေ့ ငါက အစ်ကိုကြီးအတွက် အထည်ရွေးပြီး ချုပ်ဖို့ ပြင်နေတာ" 


 ထိုနောက်မှာ သူမက မနာလိုစွာထပ်ဖြည့်ပြောလိုက်၏။


 "တချို့လူတွေက ကိုယ့်ကိုကိုယ် ဂရုစိုက်ပေမဲ့ ခင်ပွန်းအတွက် ဘာမှ မဝယ်ကြဘူး... ရယ်စရာကောင်းတယ်...ပိုက်ဆံနည်းနည်းလေး 


 ရှိတာကို ဇာကျယ်နေ"


"ကောင်မလေးးး"


ထောင်သခင်လေး၏ မျက်နှာ မည်းမှောင်သွားကာ သူ့ညီမလေးက ဤမျှရိုင်းစိုင်းသူဖြစ်သည်ကို သူ မယုံနိုင်ပေ။ ကျန်းရှုယောင်ကို ထပ်ပြီး တောင်းပန်တော့မည်ဖြစ်သော်လည်း ကျန်းရှုယောင်က  "ဝါး... မင်းက ငါ့ကို သတိပေးလိုက်တာပဲ "ဟုပြောသည်ကို ရုတ်တရက် ကြားလိုက်ရသည်။ 


သူမက လှည့်၍ ဈေးအကြီးဆုံး အမျိုးသားဝတ်များ ချိတ်ဆွဲထားသည့် နံရံဆီသို့ လျှောက်သွားလိုက်သည်။


 "တကယ်ကို ငါ့ခင်ပွန်းအတွက် အဝတ်အစားတွေ ဝယ်သင့်တယ်"


သူမက လက်ကို မြှောက်လိုက်ပြီး ကျောက်စိမ်ကွင်းတစ်ကွင်းပါသည့် သေးသွယ်သောလက်ကောက်ဝတ်ကို ပေါ်လွင်စေသည်။ သူမ လက်ညှိုးနှင့် အသာအယာတို့ပြီးဆိုလိုက်၏။


 "ဒီတစ်ခု ဒီတစ်ခု... ဒီတစ်ခု" 


သူမက အထည်အနည်းငယ်ကို အမှုမဲ့အမှတ်မဲ့ မှာယူလိုက်ပုံရသော်လည်း ထောင်ကျွင်းယု အနီးကပ်ကြည့်လိုက်သောခါ ထိုအထည်များအားလုံးက အနည်းငယ်ညံ့ဖျင်းသောအထည်များဖြစ်ကြောင်း တွေ့ရှိခဲ့သည်။


အိုး...သူမမျက်လုံးတွေက အဲဒီ့ထက် ဘာမှ မပိုဘူးထင်တယ်...


သူမ၏မျက်နှာပေါ်ရှိ လှောင်ပြောင်မှုမှာ ဖုံးကွယ်ထားခြင်းမရှိသော်လည်း ကျန်းရှုယောင်က "ဒီအနည်းငယ်ကလွဲရင် ကျန်တာကို ငါလိုချင်တယ်" ဟု ပြောသည်ကို သူမကြားလိုက်ရ၏။


ထောင်ကျွင်းယု၏မျက်နှာ ရုတ်တရက်တောင့်တင်းသွားကာ သူမ၏အမူအရာမှာ အနည်းငယ်ရှုံ့မဲ့နေပြီး အလွန်ရယ်စရာကောင်းနေသည်။


ဆိုင်ရှင် ထိတ်လန့်သွားပြီး ကျန်းရှုယောင်ကို အံ့သြစွာ ကြည့်လိုက်သည်။


ပိုင်ကျီလည်း အံ့အားသင့်ရင်းပြောလိုက်၏။ 


"ရှင် ဘာလုပ်နေတာလဲ...ကျွန်မတို့သခင်မလေး ရဲ့မိသားစုက လင်းမိသားစုပဲ... ဒီလောက် ပိုက်ဆံလေးတောင် မရှိနိုင်ဘူးလို့ထင်နေတာလား"  


လင်းမိသားစုသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ကုန်သည်ဖြစ်ပြီး အလွန်ချမ်းသာသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။


ဆိုင်ရှင်က သက်ပြင်းချကာ နံရံတွင်ချိတ်ထားသော အထည်များကို အမြန်ဖြုတ်ချခိုင်းလိုက်သည်။


ထောင်ကျွင်းယု ထိတ်လန့်သွားပြီး ကျန်းရှုယောင် ကိုပြောလိုက်၏။


 "နင် ရူးနေတာလား"


ကျန်းရှုယောင်က  ပြုံးပြီး


 "စိတ်မကောင်းပါဘူးနော်...ထောင်သခင်မလေးနဲ့ထောင်သခင်လေး တခြားအထည်ဆိုင်ကို ရှာတွေ့မှာပါ...ဒါမှမဟုတ် ကျွန်မ မရွေးထားတဲ့ အထည်ကို ဝယ်လို့ရတယ်နော်"


ထောင်ကျွင်းယု သူမ၏ စည်းစိမ်ဥစ္စာနှင့် အကြမ်းဖက်နေသောပုံစံကြောင့်  ဒေါသထွက်လွန်း၍ ပြောလိုက်သည်။


 "နင့်မှာ နံစော်နေတဲ့ပိုက်ဆံနည်းနည်းပဲ ရှိတာမဟုတ်ဘူးလား...ဘာလို့ ဒီလောက် စိတ်ကြီးဝင်နေတာလဲ"


ကျန်းရှုယောင်က ဂရုမစိုက်စွာဖြင့် သူမကိုအမှန်ပြင်ပေးလိုက်၏။


"ငါ့မှာ နံစော်နေတဲ့ ပိုက်ဆံနည်းနည်းလေး ရှိတာမဟုတ်ဘူး...ငါ့မှာ နံစော်နေတဲ့ပိုက်ဆံတွေ အများကြီးရှိတာ... အဲဒါအပြင်က ပိုက်ဆံက နံဖို့က အရေးမကြီးဘူး...နံနံမနံနံ... သုံးရတာ လွယ်တုန်းပဲ"


ထောင်ကျွင်းယု သူမကြောင် နင်သွားသည်။ ခဏအကြာတွင် သူမကပြောပြန်၏။


 "ဘယ်လိုများ ဒီလောက်  အများကြီး ဝယ်ရတာလဲ...ဘာလို့ ငါ့ကိုရွဲ့ဖိုအတွက်နဲ့ ပိုက်ဆံတွေ ဖြုန်းတီးနေရတာလဲ"


"မင်းပြောတာကိုကြည့်စမ်း...ငါကမင်းအတွက်ဘာလို့လုပ်ရမှာလဲ... ငါ့ခင်ပွန်းအတွက်လုပ်ခဲ့တာ...သူ့ကိုစိတ်ချမ်းသာအောင်လုပ်ဖို့ ပိုက်ဆံနည်းနည်းသုံးတာက အရေးကြီးသလား" 


ကျန်းရှုယောင်က အချစ်နွံ့ကျွံ့နေသည့် မိန်းမတစ်ယောက်၏စကားများကို ငှက်ပျောသီးအခွံနွှာသလို လျှောလျှောရှူရှူပြောခဲ့သည်။


 " ဒီအထည်တွေကို မသုံးတော့ရောဘာဖြစ်လဲ...ငါဆန္ဒရှိသရွေ့ ငါ့ခင်ပွန်းအတွက် ဖိနပ်ခုံလုပ်ဖို့  ချုပ်လို့ရတယ်လေ... ငါ့ခင်ပွန်းလည်း ပျော်မှာပါ”


သူမပြောသောစကားကြောင့် လူတိုင်း ထိတ်လန့်သွားကြပြီး ကျောက်ရုပ်ဖြစ်သွားကြ၏။


"အဟွတ် ..." 


တစ်စုံတစ်ယောက်က ကျန်းရှုယောင်ကို အနိုင်ကျင့်နေသည်ဟု အစေခံဆီကကြားသဖြင့်  အထည်ဆိုင်ထဲကို အမြန်ဝင်လာသည့်  ရှဲ့ရွှင်းတစ်ယောက် အနှီမြင်ကွင်းကို မြင်လိုက်ရပြီး သီးသွားကာ ချောင်းဆိုးသွားသည်။ 


သူ့လည်ချောင်းအတွင်းက ယားယံခြင်းကို ဖိနှိပ်လိုက်ပြီး အသည်းအသန် ငြိမ်သက်ဟန်ဆောင်ကာနေ၏။


ထောင်သခင်လေးက ဘေးနားတွင် ရပ်ပြီး ကျန်းရှုယောင်၏ လှပပြီး ချစ်စရာကောင်းသော မျက်နှာကို ကြည့်လိုက်သည်။ သူ့ရင်ထဲမှာ အားကျသည့် ခံစားမှုတစ်ခုရှိနေ၏။ ဤမိန်းကလေး၏ခင်ပွန်းက မည်သူဖြစ်သည်ကို သူမသိသော်လည်း သူက အမှန်တကယ်ပင် ဇနီးကောင်းတစ်ဦးနှင့် လက်ထပ်ခဲ့သည်။


သူ တွေးနေရင်းနှင့် ရုတ်တရက် ရှဲ့ရွှင်းကို ဖျတ်ခနဲမြင်  လိုက်သည်။ 


"သခင်လေးရှဲ့"


သူ အတော်လေး အံ့သြဝမ်းသာသွားသည်။ သူသည် ရှဲ့ရွှင်း၏အရည်အချင်းကို အမြဲလေးစားခဲ့ပြီး မိတ်ဆွေဖွဲ့ချင်သော်လည်း ရှဲ့ရွှင်း နှင့်တွေ့ဆုံရန် အခွင့်အရေးမရှိခဲ့ပေ။ သူ ယနေ့ စကားပြောရန် အမြန်လျှောက်သွားလိုက်၏။။


ကျန်းရှုယောင် ဤခေါ်သံကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားပြီး ရှဲ့ရွှင်း တံခါးဝတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။


ခုနက သူမပြောသည်ကို တွေးပြီး လက်နှင့်ခြေကို ဘယ်ထားရမှန်းမသိလောက်အောင် ရှက်သွား၏။


ရှဲ့ရွှင်း သခင်လေးထောင်ကို မသိသောကြောင့် ခေါင်းညိတ်ပဲပြပြီး သဘာဝကျဟန် ဟန်ဆောင်ကာ ကျန်းရှုယောင် ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ 


"အဲဒါကိုပဲ ရွေးပြီး သွားရအောင်"


"အိုး" 


ကျန်းရှုယောင် လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရှဲ့ရွှင်း၏မျက်နှာ တောင့်တင်းနေသည်ကို မြင်ရာတွင်တွေးလိုက်မိ၏။ စာပေပညာရှင်ကို စိတ်တိုနေသေးတာတော့ မဟုတ်ပါဘူးနော်... ဒါမှမဟုတ် ခုနက သူမပြောတာကိုကြားပြီး စိတ်မသက်မသာ ခံစားရတာလား...


ရှဲ့ရွှင်း ၏ သွေးနီရောင် နားရွက်များကို လျစ်လျူရှုကာ သူမကိုယ်သူမ ဆင်ခြင်နေ မိသည်။


နှစ်ယောက်သား အထည်ဆိုင်ထဲက တစ်ယောက်ပြီး တစ်ယောက် ထွက်လာ၏။ ကျန်းရှုယောင် ဈေးဝယ်မထွက်ရဲတော့သဖြင့် အိမ်ပြန်ခဲ့ကြသည်။


သူမ ရထားလုံးပေါ်တွင်ထိုင်ကာ ရှဲ့ရွှင်း ကိုကြည့်ရန် ကန့်လန့်ကာကို တိတ်တဆိတ်မလိုက်ပြီး သူက တင်းမာ အေးစက်နေသေးသည်ကို မြင်လိုက်ရသောအခါ စိတ်ဓာတ်မကျဘဲမနေနိုင်ပေ။


နောက်ဆုံးတွင် သူနှင့်ဆက်ဆံရေးက အနည်းငယ်ပြေလျော့သွားသည်ဖြစ်ရာ သူမ မည်သို့ထပ်ပြီး သူ့ကိုမကျေမနပ်ဖြစ်စေနိုင်မည်နည်း။ ရှဲ့ရွှင်းနှင့်သူမက အကြင်လင်မယားအဖြစ်နှင့် ဆက်ဆံရေးမရှိသော်လည်း  မြို့စားရှဲ့အိမ်တော်တွင်လွတ်လပ်စွာနေထိုင်နိုင်ရန်အတွက် သူ၏အလိုလိုက်မှုအပေါ် အတိုင်းအတာတစ်ခုအထိမှီခိုနေရပေသည်။


သူ့ခံစားချက်ကောင်းတွေကို ပြန်ရရန်အတွက် အရသာရှသည့်အရာတစ်ခုခုကို ဖန်တီးပေးနိုင်မလားဆိုသည်ကို သူမ မသိပါချေ။


သူမ ထိုနေရာတွင် အပြင်းအထန်  တွေးတောနေပြီး ရှဲ့ရွှင်းက မြင်းပေါ်တက်နေသည်ကို သူမမသိခဲ့ပေ။ နွေဦးလေညင်းက သူ့မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှုကို မှုတ်ထုတ်နိုင်လောက်အောင် မအေးသေးသည်ကိုသာ ရှဲ့ရွှင်းမုန်းတီးမိပါသည်။


သူ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောင်းလဲနေသည့် တိမ်ဖြူဖြူတွေနှင့် ကျန်းရှုယောင်က တစ်ထပ်တည်းဟုသူအမြဲတမ်း ခံစားရ၏၊ ခန့်မှန်း၍မရသလို မယှဥ်သာနိုင်ပေ။


'


Xxx