အပိုင်း ၂၇
Viewers 18k

Chapter 27


ဝမ်တန်


ရှဲ့ရွှင်း အိမ်တော်သို့ပြန်လာပြီးနောက်တွင် ခဏလေးပင်မနေဘဲ သူ့သူငယ်ချင်းများနှင့် အရက်သောက်ရန် အပြင်ထွက်သွားခဲ့သည်။ မှောင်သည်အထိ ပြန်မလာခဲ့ပေ။


သူစိတ်ဆိုးလွန်း၍ အရက်ကို ဗိုက်မပြည့်မချင်း ထပ်သောက်ခဲ့၏။ ခြံဝင်းထဲပြန်ရောက်သောအခါ လူတွေကို ရေသွားယူခိုင်းပြီးရေချိုး 


လိုက်သည်။။၎င်းနောက်မှာ သူ့ခန္ဓာကိုယ်က တော်တော်ကို လန်းဆန်းလာပြီး အရက်နံ့လည်း ပျောက်သွား၏။


ယနေ့တွင် သူ အရက်ပဲသောက်ထပြီး အစာမစားထားသောကြောင့် ယခုအခါ ဗိုက်ကဟာလာဟင်းလင်းဖြစ်နေသည်။


နွေဦးညနှောင်းပိုင်းတွင် အနည်းငယ်အေးစက်နေ


ဆဲဖြစ်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေငွေ့များက လေနှင့်ဆုံကာ ချက်ချင်းပင် အရက်မူးပြေသွားခဲ့သည်။


ရှဲ့ရွှင်း ဘယ်သူ့ကိုမှ မခေါ်တော့ဘဲ မီးဖိုချောင်ထဲမှာ ဟင်းရည်ရှိနေသေးလျှင် အဆာပြေ တစ်ပန်းကန်လောက်ယူမည်ဟု တွေးပြီး မီးပုံးနှင့် ခြံထဲကနေ ထွက်လာခဲ့၏။


လတံခါးဆီသို့ သူလျှောက်သွားသည်နှင့်  ကျန်းရှုယောင်နှင့်တိုးမိသွားသည် ။


သူ့ဆံပင်တွေကို လျော့တိလျော့ရဲ  ချည်နှောင်ထားပြီး သူ့ခန္ဓာကိုယ်မှာ အစိုဓာတ် အလွှာပါးလေး လွှမ်းနေ၏။ သူ့အမူအရာက ခါတိုင်းလို တောင့်တောင့်တင်းတင်းဖြစ်မနေပေ။ သူ့မျက်လုံးများက အိပ်ယာနိုးကာစကြောင်တစ်ကောင်လို နူးညံ့နေသည်။


ကျန်းရှုယောင် သူ့ကို ဤကဲ့သို့ မြင်ရခဲပြီး သူမ၏ နှလုံးသားထဲရှိ ရှက်ရွံ့မှုကို မေ့လျော့သွားသည်။ သူမ ပြုံးပြီး “သောက်လာတာလား”ဟု မေးလိုက်၏။


ရှဲ့ရွှင်းက အနည်းငယ် တုံ့ပြန်ကာ မျက်တောင်ခတ်ပြီး "အင်း” ဟုဖြည်းညှင်းစွာ ခေါင်းညိတ်သည်။


ကျန်းရှုယောင် အနည်းငယ် အူလည်လည်လေးဖြစ်နေသော သူ့ကို ရှင်းမပြနိုင်အောင် အလွန်နှစ်သက်သည်။ နူးညံ့သောနှလုံးသားဖြင့် သူမက "အမူးပြေဟင်းရည်သောက်ချင်လား" ဟုမေးလိုက် သည်။


ရှဲ့ရွှင်းက ခေါင်းယမ်းလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်က သူ့ကိုမသက်မသာဖြစ်စေသကဲ့သို့ သူ့မျက်ခုံးတွေကကျုံ့သွား၏။


 "တော်ပြီ"


ကျန်းရှုယောင် သူ့လက်ထဲက မီးပုံးကိုယူလိုက်ပြီး "ရှင့်အတွက် ပျားရည်နဲ့ရေ လုပ်ပေးမယ်... သောက်လိုက်ရင် ဗိုက်ထဲက ပိုကောင်းလာလိမ့်မယ်"


ထို့နောက် သူမ ရှဲ့ရွှင်းကို အရှေ့တောင်ပံသို့ ခေါ်သွားကာ  အခန်းသို့သွား၍ ပျားရည်အိုးကိုယူပြီး ရှဲ့ရွှင်းအတွက် ပျားရည်နွေးနွေးတစ်ခွက် ရောမွှေလိုက်သည်။


ဖယောင်းတိုင်မီးက နူးညံ့နေပြီး အခန်းက တိတ်ဆိတ်နေကာ အစေခံတစ်ယောက်မှမတွေ့ရပေ။ရှဲ့ရွှင်း ပျားရည်ကိုယူ၍ သောက်လိုက်ရာ သူ့ဗိုက်က ပိုကောင်းလာသလိုခံစားရသည်။ ထို့နောက် သူကမေးလိုက်၏။


 “မင်းရဲ့ခြံဝင်းထဲက အစေခံရောဘယ်ရောက်နေလဲ"


“ကျွန်မက အိပ်ယာဝင်နောက်ကျတော့ သူတို့မနေနိုင်ကြဘူးလေ...သူတို့က ကျွန်မနဲ့ မတူဘူး... နေ့ခင်းဘက် အလုပ်ဆင်းဖို့ စောစောထရတယ်...ကလေးမလေးတွေချည်းပဲဆိုတော့  လုံလောက်အောင် မအိပ်ရရင် သူတို့ ခန္ဓာကိုယ်အတွက် မကောင်းဘူး " 


ကျန်းရှုယောင်က ပြန်မေးလိုက်၏။


 "ရှင်ကရော... ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ... ပျားရည်တစ်ခွက်တောင် ပေးမယ့်လူမရှိဘူး" 


ရှဲ့ရွှင်းက ပျားရည်သောက်ပြီးသည်နှင့် ခွက်ကိုချပြီးပြောလိုက်သည်။


 "တိတ်တိတ်ဆိတ်ဆိတ်ရှိတာကို ကြိုက်တယ်... ညဘက်အလုပ်အကျွေးပြုဖို့ လူတွေကို မခေါ်ချင်ဘူး" 


"ဒီနေရာကျ ကျွန်မတို့က တော်တော်တူတယ်နော် "


 


ကျန်းရှုယောင် စကားပြီးသောအခါ ရှဲ့ရွှင်းက ပြန်မဖြေသဖြင့် အခန်းထဲတွင် ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။


ရှဲ့ရွှင်း ပျားရည်သောက်ပြီးသည့်နောက် မျက်လွှာချကာ နေရာတွင်ပင် ထိုင်လိုက်သည်။ ရှည်လျားပြီး ထူထဲသော မျက်တောင်များက သူ့မျက်လုံးများအောက်တွင် အရိပ်တစ်ခု ဖုံးလွှမ်းသွားစေကာ ငြိမ်သက်စွာ ထိုင်နေချိန်တွင် သူက အနည်းငယ် ကျိုးပဲလွယ်သည်ဟုထင်ရ၏။ ထိုမှသာလျှင် ကျန်းရှုယောင် သူက သူ့တူလေး ရှဲ့ယောင် နှင့် အနည်းငယ် ဆင်တူကြောင်း တွေ့ရှိခဲ့သည်။


သောက်ပြီးရင် အပြင်ထွက်လို့ရတယ်ဟု သူမပြောချင်၏။ သို့သော် သူဤကဲ့သို့ တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရသောအခါ သူမပြောလိုက်သည်။


 "ခုနက ဘယ်ကိုသွားဖို့ စီစဉ်ထားတာလဲ"


ရှဲ့ရွှင်း  အနည်းငယ် အာရုံပြန်ရလာသော်လည်း ပုံမှန်ထက် များစွာနှေးကွေးနေသေးသည်။ သူကပြန်ဖြေ၏။


 "နည်းနည်းဗိုက်ဆာလို့ စားစရာရှာဖို့ မီးဖိုချောင်ကို သွားမလို့"  


"အိုး" 


ကျန်းရှုယောင်  ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား တိတ်ဆိတ်သွားပြန်သည်။


ရှဲ့ရွှင်း  ဖြေဆိုပြီးနောက် သူသွားသင့်သည်ဟု ခံစားမိသည်အထိ အချိန်အတော်ကြာခဲ့သည်။ သူက နာခံမှုရှိရှိဖြင့် မတ်တပ်ထရပ်ကာ မီးပုံးကို ကောက်ယူပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။


သူသည် ပါးလွှာသော ရှပ်အင်္ကျီကြီးကို ဝတ်ထားပြီး သူ့နောက်ကျောက အနည်းငယ် ပိန်သွယ်သွားပုံရသည်။ ကျန်းရှုယောင်က သူ တံခါးခုံကို ကျော်သည်ကို စိုက်ကြည့်ရင်း ရုတ်တရက် သူ့ကို တားလိုက်၏။


 "ပင်မမီးဖိုချောင်မှာ စားစရာ မရှိတော့ဘူးလား


...ရှင့်အတွက် ကျွန်မပေါ့ပေါ့ပါးပါးတစ်ခုခုလုပ်ပေးမယ်လေ"


ညလယ်စာစားရန်အတွက် မီးဖိုချောင်ငယ်လေးကို သွားရန် သူမမှာအစီအစဥ်ရှိပြီးသားဖြစ်ရာ လူတစ်ယောက်စာအတွက် လုပ်နိုင်လျှင် လူနှစ်ယောက်စာအတွက်လည်း လုပ်နိုင်ပေသည်။


ရှဲ့ရွှင်း  ခဏလောက် အံ့ဩထိတ်လန့်သွားပြီး သူမကို လှည့်ကြည့်လိုက်ကာ အတော်လေး ကလေးဆန်သည့်အပြုံးတစ်ခု သူ့မျက်နှာထက်တွင် ရုတ်တရက်ဖြစ်တည်လာ၏။


 "ကောင်းပြီ" 


သူ့မျက်နှာပေါ်မှာ သူ့ခံစားချက်များကိုဖော်ပြသည်က ရှားရှားပါးပါးဖြစ်သဖြင့် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ယောက်နှယ်ပါပင်။


ကျန်းရှုယောင်က ထပြီး မီးဖိုချောင်ငယ်လေးဆီ သွားကာ ရှဲ့ရွှင်းက သူမကို လမ်းမီးပြပေးရန် မီးပုံးကိုကိုင်ကာ သူမဘေးမှ တိတ်တဆိတ် လိုက်သွားသည်။


ထိုညက ပြုလုပ်ခဲ့သော ဝမ်တန်များစွာ ရှိသေးပြီးစဥ့်တီပြားပေါ်တွင်အစီအရီထပ်လျက်ရှိကာ အတော်လေးလက်ရာမြောက်ပြီးချစ်စရာကောင်း၏။ ကျန်းရှုယောင်  ညက သိပ်မစားခဲ့ပေ။ သူမ ပန်းကန်သေးသေးတစ်လုံးစားပြီး ကျန်သည်ကို မနက်ဖြန် မနက်စာစားရန် ချန်ထားရန်စီစဥ်ထားသည်။ သို့သော်  ယခု အပိုလူရှဲ့ရွှင်းတစ်ယောက်ရှိနေပြီဖြစ်သဖြင့် မနက်စာအတွက် မလုံလောက်တော့သည်လည်း ဖြစ်နိုင်၏။


ဝမ်တန်ကိုမြင်ပြီး ရှဲ့ရွှင်း၏မျက်လုံးကြည်ကြည်လေးများတောက်ပလာသည်။


 "ဒါကဘာလဲ"


"ဝမ်တန်" 


ကျန်းရှုယောင်ကပြန်ဖြေလိုက်၏။  မီးဖိုအောက်က ထင်းက မီးမငြိမ်းရသေးဘဲ  ညင်သာစွာ ဆွဲထုတ်လိုက်ရုံနှင့် မီးကတောက်လာသည်။ သူမ အိုးတည်ကာ အရိုးစွပ်ပြုတ် ကျိုလိုက်သည်။


ရှဲ့ရွှင်း သူ့စိတ်ထဲမှာ ဝိုင်တွေရှိနေတုန်းဖြစ်သဖြင့် စကားပြောရန် ဝန်လေးတတ်သူနှင့်မတူဘဲ စကားအများကြီးပြောနေ၏။


"မင်းဟင်းချက်ရတာကြိုက်လား" 


ကျန်းရှုယောင်  စွတ်ပြုတ်ပွက်သည်ကို ငြီးငွေ့စွာ စောင့်ဆိုင်းရင်းသူ့ကိုပြန်ဖြေလိုက်သည်။


 "ဟုတ်တယ်... ငယ်ငယ်ကတည်းက အစားအသောက် ကြိုက်တယ်...ဟင်းချက်တိုင်း စိတ်ထဲမှာ  အေးချမ်းတယ်လို့ ခံစားရတယ်... တခြားသူတွေကိုယ်ချက်တဲ့အစားအစာကိုကြိုက်တာကို တွေ့ရတာ အရမ်းပျော်တယ်"


"အမျိုးသမီးတိုင်းက သူတို့ရဲ့ လက်ဆယ်ချောင်းကို ဂရုစိုက်ပြီး ရေကို မထိမိအောင်နေကြတယ်... မင်းက ထူးဆန်းတယ်"


မူရင်းပိုင်ရှင်ကိုရော သူမကိုယ်သူမပါ မိန်းမဟုမမှတ်ယူနိုင်ပါချေ။


 "ဟင်းချက်ရတာ ပျော်စရာကောင်းပါတယ်... ချက်ပြုတ်ပြီး တခြားသူတွေနဲ့ အစားအသောက်တွေ ဝေမျှစားရတာကိုသဘောကျတယ်... တစ်ဖက်လူက ပျော်ပျော်ပါးပါး စားတဲ့အခါ ပျော်တယ်..အသက်ရှင်နေတယ်ဆိုတာ နှစ်သိမ့်မှုနဲ့ ပျော်ရွှင်မှုကိုပဲ တောင်းဆိုကြတာမဟုတ်ဘူးလား"


ရှဲ့ရွှင်းက  ခေါင်းညိတ်ပြီးဆို၏။


"မင်းရဲ့လက်ရာက အရမ်းကောင်းတယ်...


မင်းချက်ပြုတ်တာကို ဘယ်သူမှ မကြိုက်ဘဲမနေဘူး"


ဤစကားကိုကြားသောအခါတွင် ကျန်းရှုယောင် ၏မျက်လုံးများ အနည်းငယ်ပြူးသွားသည်။ ရှဲ့ရွှင်းမှာ ယခုလို ...ချိုမြိန်သည့်ဘက်ခြမ်း ရှိသည်ဟု သူမ တစ်ခါမှမထင်ခဲ့မိပေ။


သူက တူလေး ရှဲ့ယောင်နှင့်သာမက နှုတ်ချိုသော ရှဲ့ကျောက်နှင့်လည်းတူပုံရသည်။


“ဒါဆို ရှင်ရော ကြိုက်လား” 


ရှဲ့ရွှင်းက မဆိုင်းမတွပြန်ဖြေ၏။


 "ဒါပေါ့... မင်းချက်ပြုတ်တဲ့ အစားအစာကို ငါအရမ်း ကျင့်သားရနေပြီ... နေ့လည်ခင်းဆို အလုပ်မှာ သိပ်မစားနိုင်တော့ဘူး" 


ကျန်းရှုယောင်  ဤမျှမြင့်မားသောပေါက်စျေးကို ရနိုင်မည်ဟု မမျှော်လင့်ထားခဲ့၊သူ့ကို ဘာ့ကြောင့်လဲဟုမေးလိုက်သည်။


ရှဲ့ရွှင်းက အရှေ့နန်းဆောင်ရှိ အစားအသောက်များ ၏အသက်မပါခြင်း၊ အစားအသောက်က အေးနေခြင်း ဘာအသစ်အဆန်း မရှိခြင်းတို့အကြောင်း  စတင်ညည်းညူလာသည်။


ကျန်းရှုယောင်  ကြားသည်နှင့် တန်းရယ်မိလိုက်ပြီး မနက်ဖြန်မနက် အိပ်ရာက နိုးလာသည့်အခါ ရှဲ့ရွှင်း၏တုံ့ပြန်မှုကို တကယ်ကို သိချင်နေခဲ့သည်။ သူအလုပ်သွားရန် မစောင့်နိုင်တော့မည်အကြောင်း သူမမှန်းကြည့်နိုင်၏။


စွတ်ပြုတ်ပွက်သည့်အခါ စဥ်းတီပြားကို ကောက်ယူပြီး ဝမ်တန်များကို ရေတွက်လိုက်သည်။


၎င်းကိုမြင်သောအခါ ရှဲ့ရွှင်းကပြောလေ၏။ "ဟင်းရည်ထဲထည့်သာထည့်လိုက်...ငါကုန်တယ်"


"ညဘက်တွေ အများကြီးစားတာ မကောင်းဘူး... အိပ်မပျော်ဘဲနေလိမ့်မယ်"


ရှဲ့ရွှင်းက ဝမ်တန်တွေကို တစ်ချက်ကြည့်လိုက်ပြီး စိတ်အားထက်သန်စွာဆိုသည်။


 "စားလို့ရတယ်...ငါ့ဗိုက်က ပြည့်ခဲတယ်"


ကောင်းပြီ၊ သူ့မှာ အမြဲတမ်းစားချင်စိတ်အကြီးကြီး ရှိသည်။


ကျန်းရှုယောင် ပန်းကန်လုံးကြီးတစ်လုံးကိုယူကာ ပင်လယ်ရေမှော်နှင့် ပုဇွန်အရေခွံများထည့်ပြီး ဟင်းရည်ပူပူတစ်ဇွန်းကို ခပ်ထည့်လိုက်သည်။ ပင်လယ်ရေမှော်ကို စိမ်ထားလိုက်သည့်အခါ အရသာရှိမှုကို ချက်ချင်း ပေးစွမ်းလေသည်။


အလားတူပင်၊ သူမ ပန်းကန်သေးသေးလေးထဲတွင် သူမကိုယ်သူမအတွက် ဟင်းရည်ပန်းကန်ကို ပြင်ဆင်လိုက်သည်။


ဝမ်တန်များချက်ပြုတ်ပြီးနောက် သူမ ပန်းကန်လုံးသေးသေးလေးအတွက် ခုနစ်ခု ရှစ်ခုခန့်ခပ်ယူပြီး ကျန်သည်များကို ရှဲ့ရွှင်းထဲကို ခပ်ထည့်လိုက်သည်။


ထို့နောက် ပါးပါးလှီးထားသော ကြက်သွန်၊ ဆားအနည်းငယ်နှင့် ငရုတ်ကောင်းဖြူဖြူတို့ကို ဖြူးကာ နောက်ဆုံးတွင် နှမ်းဆီတစ်စက် နှစ်စက်ခန့်ထည့်၍ လတ်ဆတ်သော ပုဇွန်ဝမ်တန်ပူပူ ရရှိစေသည်။


(T/N–ဝမ်တန်ဆိုသည်က ဖက်ထုပ်တစ်မျိုးဖြစ်သည်။အကြမ်းအားဖြင့် တိမ်ဟုအဓိပ္ပါယ်ရ၏။ဟင်းရည်ထဲတွင် ပေါလောမျောနေသောဖက်ထုပ်များ၏အသွင်အပြင်ကိုယူ၍အမည်ပေးထားခြင်းဖြစ်သည်။)


ရှဲ့ရွှင်းက ဇွန်းနှစ်ချောင်းကို အရင်ယူလိုက်ပြီး သူတို့နှစ်ယောက်၏ပန်းကန်လုံးထဲမှာ ထည့်လိုက်၏။ ထို့နောက်  အူမားမီအနံ့လှိုင်လှိိုင်ကို ရသဖြင့် သူ ပန်းကန်ကို ကောက်ယူရန် မစောင့်နိုင်တော့ဘဲ အရှေ့တောင်ပံသို့ လျှောက်သွားခဲ့သည်။


သူက ခြေတံရှည်ရှည်နှင့်ဖြစ်ရာ သူမရှေ့တွင် လျင်မြန်စွာ လျှောက်လှမ်းနေသည်။ ကျန်းရှုယောင် ခြေလှမ်းခပ်သွက်သွက်ဖြင့် အေးအေးလူလူ သူ့ကို အမှီလိုက်လိုက်သည်။ သူမ သူ့ကိုမြင်သောအခါတွင် နှုတ်ခမ်းကို ဆက်တိုက်စူနေ၏။


ရှဲ့ရွှင်း ပန်းကန်လုံးကို ချလိုက်ပြီး ပန်းကန်သေးသေးလေးကို ကျန်းရှုယောင် ဆီသို့ တွန်းပို့လိုက်ပြီး သူ့ပန်းကန်လုံးအကြီးကြီးကို ကိုင်ကာ လေမှုတ်လိုက်သည်။ အပူငွေ့က သူ့မျက်နှာထက်မှာ အရသာရှိသောအနံ့နှင့်အတူ တဟုန်ထိုး ရိုက်ခတ်လာပြီး မသက်မသာဖြစ်နေသာ မူးဝေမှုက ရုတ်တရက် ပြေသွားသည်။


ဟင်းရည်သည် ကြည်လင်ပြီး ပုစွန်အရေခွံနှင့် ပင်လယ်ရေမှော်များ ပတ်ပတ်လည်တွင် ပေါလောပေါ်နေကာ မျက်နှာပြင်ပေါ်တွင် ဆီအနည်းငယ်ဝေ့သီ နေသည်။မြစိမ်းရောင် နွေ ကြက်သွန်တို့ပါဖြူးထားလေရာ လူတို့အား စားချင်စိတ်တိုးလာစေ၏။


သူက ဝမ်တန်တစ်ခုကို ကောက်ယူလိုက်သည်။ ဝမ်တန်၏အရေပြားက အလွန်ပါးလွှာသည်။ ချက်ပြုတ်ပြီးနောက်၊ ၎င်းသည် ကြည်လင်ပြတ်သားပြီး အစာကို နူးညံ့သိမ်မွေ့စွာ ထုပ်ပိုးထားကာ နူးအိနေသော အနီရောင်အသားများကို ဝိုးတဝါးမြင်ရသည်။


ကျန်းရှုယောင်  သူနှင့်မျက်စောင်းထိုးမှာ ထိုင်ချလိုက်ပြီး သူမ၏ စားချင်စိတ်လည်း မြင့်တက်လာသည်။သူမက ပြောလိုက်၏။


 "စားရအောင်” 


သူမစကားမဆုံးခင်မှာ အပူကို သတိထားဖို့ သတိပေးရန် သူမစီစဉ်ထားပေမဲ့ ရှဲ့ရွှင်းက  ဝမ်တန်ကို သူ့ပါးစပ်ထဲကို ထည့်ပြီးသားဖြစ်နေသည်။


အငွေ့တထောင်းထောင်းနှင့် ပူပူလောင်လောင် ကြွေဇွန်းနှင့်ပင် ပူနေသော ဝမ်တန်ကို ကိုက်လိုက်သည်နှင့် သူ့မျက်နှာက ပြောင်းလဲသွားသည်။ သူက စည်းမျဉ်းများကို အကျင့်ပါနေသည်ဖြစ်ရာ ပါးစပ်ကို တင်းတင်းပိတ်ကာ အသက်ရှုနေခဲ့ပြီး နာကျင်မှုကို ခံနိုင်ရည်ရှိသည်အခါမှ ဝါးစားခဲ့၏။


ဝမ်တန်အဆာကို အဆီနည်း ဝက်သားနှင့် ပုစွန်လတ်လတ်ဆတ်ဆတ်များဖြင့် ပြုလုပ်ထားသည်။ အသားကို ပျော့သွားသည်အထိ နှုတ်နှုတ်စဥ်းမထားဘဲ လျှာပေါ်အနည်းငယ် ထိတွေ့နိုင်သည့်အနေအထားကိုထိန်းထားပြီး   အနည်းငယ် မာသည်။


လတ်ဆတ်သောပုဇွန်များက အသားအဆာ၏ တစိမ့်စိမ့်အရသာကို အပြည့်အဝ နှိုးဆွပေးသည်။ အကာက ပါးလွှာပြီး အဆာက နူးညံ့သည်၊ ဟင်းရည်က"လတ်ဆတ်သည်" ဟူသော စကားလုံးမှလွဲ၍ အခြားဖော်ပြချက်များ မလိုအပ်ပါချေ။


ကျန်းရှုယောင်က မေးလိုက်၏။


 "ဘယ်လိုနေလဲ"


ရှဲ့ရွှင်း  ခေါင်းညိတ်လိုက်သည်။ ထပ်ပြောစရာ မလိုတော့ပဲ သူ၏စားချင်စိတ် ပြင်းပြမှုနှင့် ပြန်ဖြေ၏။


နှစ်ယောက်သား ကိုက်လိုက်သည်နှင့် အရသာရှိသောအချိုရည်များက ပါးစပ်ထဲသို့ စီးကျသွားသည်။ များများဝါးလေလေ ပိုလတ်ဆတ်လေလေ ပါပင်။ တစိမ့်စိမ့်အရသာက မျိုချပြီးနောက် အကြာကြီးစွဲကျန်နေလိမ့်မည်ဖြစ်၏။


ဟင်းရည်ထဲတွင် ပေါလောမျောနေသော ပင်လယ်ရေမှော်နှင့် ပုဇွန်အရေခွံများက ဖြည့်စွက်ဟင်းလျာများ ဖြစ်လာပြီး ဝမ်တန်တစ်ပန်းကန် ကြွယ်ဝသောအရသာကိုပေးစွမ်းနေသည်။ ဝမ်တန်များက လေးပြီး လတ်ဆတ်ကာ ကြည်လင်သော ဟင်းရည်ကအရသာ ပေါ့ပါးသည်။ နှစ်ခုပေါင်းစပ်မှုက အလွန်အမင်းအရသာရှိ၏။


လန်းဆန်းပြီး အရသာရှိသော ဟင်းရည်ကို တစ်ငုံသောက်ပြီးနောက် သူ့ဗိုက်က ပူနွေးလာကာ အရည်ပျော်သွားသည်။ အရက်သောက်ခြင်းကြောင့် ရှဲ့ရွှင်း၏ဗိုက်က အဆင်မပြေဖြစ်နေခဲ့သော်လည်း နွေးထွေးမှုကို ချက်ချင်းခံစားလိုက်ရသည်။


သူက စကားမပြောသော်လည်း အသံမထွက်ဘဲ မြန်မြန်နှင့် ငြိမ်သက်စွာ စားသောက်နေကာ သူ့ကိုယ်သူ အစားထဲမှာနှစ်မြုပ်ထား၏။


ကျန်းရှုယောင် သတိမထားမိခင်မှာ ပန်းကန်တစ်ဝက်ကို စားပြီးသွားလေပြီ။


ခုနလေးက သူ့အစားအစာကို ကြိုက်ပါ့မလားဆိုပြီး စိုးရိမ်နေတုန်းဖြစ်သော်လည်း ယခု သူ ဝမှဝပါ့မလားဟု တွေးမိလာသည်။


သူမလုပ်ထားသည့် အစားအသောက်တွေကို တခြားလူစားနေသည်ကိုမြင်ပြီး ကျန်းရှုယောင် အင်မတန်ပျော်သွားကာ စားချင်စိတ်လည်း တိုးတက်လာ၏။ ဝမ်တန်တွေက ခါတိုင်းထက် နည်းနည်းပိုအရသာရှိသည်ဟုသူမခံစားရသည်။


စားပြီးနောက် သူမ၏တစ်ကိုယ်လုံး ဆွဲဆန့်လိုက်၏။


ကျန်းရှုယောင်  ကြွေဇွန်းကိုချ၍ ပါးစပ်ကိုသုတ်ကာ မေးထောက်ရင်း ရှဲ့ရွှင်းစားသောက်နေသည်ကို ကြည့်နေသည်။


သူက ကြည့်ကောင်းပြီး ပျော်ပျော်ကြီးစားနေ၏။ ထိုသို့သော ပုဂ္ဂိုလ်ကိုလည်း နေ့တိုင်း ကျွေးရန်ကောင်း၏။


ရှဲ့ရွှင်း  ပန်းကန်လုံးထဲရှိ ဝမ်တန်များကို ပြောင်လက်မသွားမချင်း ဟင်းရည်ကိုပင် အလွှတ်မပေးဘဲ စားသောက်နေသည်ကို ကျေနပ်စွာ ကြည့်နေခဲ့သည်။ အကြည်ရောင် ဟင်းရည် နောက်ဆုံးတစ်ဇွန်း ပြီးသောအခါမှ သူကဇွန်းကို ချလိုက်၏။ 


မသက်မသာဖြစ်နေသော ဗိုက်က ပိုကောင်းလာပြီး ချွေးအလွှာပါးက သူ့ခန္ဓာကိုယ်ပေါ် တက်လာသည်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများက ဝမ်တန်ပူပူ တစ်ပန်းကန်ထဲမှာ အရည်ပျော်သွား၏။ ရှဲ့ရွှင်းက မျက်ခုံးပင့်ကာ စိတ်ရင်းဖြင့် ချီးမွမ်းလိုက်သည်။


 "မင်းသာ မျိုးရိုးမြင့်အိမ်တော်မှာ မမွေးဘူးဆိုရင် မင်း ဒီလက်ရာနဲ့ ချမ်းသာနိုင်လိမ့်မယ်"


ကျန်းရှုယောင် သူ့ကြောင့် ထပ်ပြီး ရယ်မိသွားပြီဟာသလုပ်လိုက်၏။ 


 "မနက်ဖြန် အိပ်ရာထတဲ့အခါ ရှင်သေချာပေါက် နောင်တရလိမ့်မယ်"


ရှဲ့ရွှင်း  သူမ ဘာကိုဆိုလိုသည်ကို နားမလည်သလို မည်သို့ဖြေရမည်ကို မသိပေ။


သူ့အကြည့်တွေက ပန်းကန်အလွတ်ထဲကို ကျသွားပြီး “ဒါကို နေ့တိုင်းစားနိုင်ရင် ကောင်းမယ်” ဟုဆိုကာ သက်ပြင်းချလိုက်သည်။


"အဲဒါ မကောင်းဘူး...အများကြီး စားရင် မုန်းသွားလိမ့်မယ်"


"မမုန်းပါဘူး..ယနေ့တိုင်းစားရတာ ငြီးငွေ့ နေရင်တောင် အရှေ့နန်းဆောင်က အစားအသောက်ထက် ပိုကောင်းနေသေးတယ်"


သူမှာ နန်းတော်ရှိ မီးဖိုချောင်အတွက် နက်နက်ရှိုင်းရှိုင်းနာကြည်းနေပုံရသည်။ ကျန်းရှုယောင်  ယနေ့ညတွင် သူက အလွန်နှစ်သက်ဖွယ်ကောင်းသည်ကို တွေ့ရှိခဲ့သည်။ ထို့အပြင် မူရင်းပိုင်ရှင်ကြောင့် ယနေ့တွင် အရှက်တရားဖြင့် စွန်းထင်းခဲ့ရသော်လည်း သူက သူမကို အပြစ်မတင်ခဲ့ပေ။ သူမ သူ့အတွက် အပြစ်ရှိသလို ခံစားရသည်။ သူမ၎င်းကို တွေးပြီးပြောလိုက်၏။


 "အစားအသောက် ချက်ပြုတ်နည်းတချို့ကို တွေးကြည့်ဦးမယ်...ရှင်နေ့လယ်မှာ စားဖို့ အပြင်ကို သယ်သွားလို့ရတယ်..."


သာမန်အစိုးရရုံးများအတွက် အဆင်ပြေစေမည့် အရာတစ်ခုခုဖြစ်သည်။ အတိအကျပြောရလျှင် အရှေ့နန်းဆောင်က နန်းတော်ထဲမှာရှိပြီး အစားအသောက်တွေ ပို့ပေးရန် မဖြစ်နိုင်ပါချေ။ သူ့အနေဖြင့် ထမင်းဘူးကိုပဲသူနှင့်အတူ ယူသွား၍ရလေသည်။


ရှဲ့ရွှင်း ထိုစကားကိုကြားသောအခါ အနည်းငယ် အံ့သြသွားပြီးနောက် အံ့သြမှုက တောက်ပသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ ရယ်မောရင်း ဖြူဖွေးသော သွားတစ်တန်း ထွက်လာသည်၊ သူ့မျက်လုံးများက လခြမ်းပုံသဏ္ဍာန်ရှိပြီး ပါးပြင်ပေါ်တွင် သစ်တော်သီးပုံသဏ္ဍာန် ပါးချိုင့်လေးများ ရှိနေသည်။


"အဲဒါ ကတိနော်... မင်းစကားကိုပြန်ရုပ်သိမ်းလို့မရ တော့ဘူး"


ကျန်းရှုယောင် သူ့ကို ဤကဲ့သို့ မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားက နားမလည်နိုင်လောက်အောင် အရည်ပျော်သွားပြီး  ပြုံးလိုက်သည်။ သူမ မျက်နှာကို အုပ်ကာ ရယ်မောလိုက်မိ၏။


Xxxxx