Chapter 28
နေ့လည်စာဘူး
ရှဲ့ရွှင်းအိပ်ရာထ နောက်ကျပြန်သည်။ သူ မနေ့ညက ကောင်းကောင်းအိပ်ပျော်ပြီး မနက်အိပ်ရာထရန်က တကယ်ကို ခက်ခဲ၏။
သူ မျက်နှာသစ်ပြီး အမြန်အဝတ်အစားဝတ်လိုက်သည်။ မထင်မှတ်ဘဲ သူ့မှတ်ဉာဏ်က ရုတ်တရက် နိုးထလာပြီး မနေ့ညက အပိုင်းအစတွေ အားလုံး သူ့စိတ်ထဲကို စိမ့်ဝင်သွား၏။
သူ သူ၏ ၀တ်စုံကို ကမန်းကတန်း ၀တ်ဆင်နေ ဆဲဖြစ်သော်လည်း အပ်စိုက်မှတ်တွင် အသာအထောက်ခံရသကဲ့သို့ ရုတ်တရက် သူ့တစ်ကိုယ်လုံး တန့်သွားသည်။ သူ့ဝတ်ရုံလက်တွေက သူ့လက်ထဲမှာ ရှိနေတုန်းဖြစ်ပြီး သူ့ပုံစံက အေးခဲနေ၏။
သူအေးခဲနေသည်ကိုတွေ့သောအခါ ကျိမော့ရှုပ်ထွေးသွားသည်။
"သခင် အလုပ်နောက်ကျတော့မယ်..."
သူစကားမဆုံးခင်မှာ ရှဲ့ရွှင်း၏ ပုံမှန်မဟုတ်သည့်အသွင်အပြင်ကို တွေ့လိုက်ရ၏။
သူ၏ဖြူဖွေးသောမျက်နှာက ထူးကဲလှပသော နီမြန်းမှုဖြင့် စွန်းထင်းသွားသည်။ သူ့မျက်နှာ ပူလာသည်။ အပူဒဏ်ကြောင့် သူ့မျက်လုံးများပင် မြူဆိုင်းသွားရ၏။
သူ၏ အနက်ရောင်မျက်လုံးများသည် တောက်ပပြီး အရည်လဲ့နေကာ မျက်ခုံးမွှေးများက မျက်မှောင်ကြုတ်နေလျက် သူ့မျက်နှာပေါ်ရှိ အမူအရာများက ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး နောက်ဆုံးတွင် ဒေါသနှင့် အရှက်ရမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
"သခင်..."
ကျိမော့ သူ့ကို ထပ်ခေါ်လိုက်ပြီး ရှဲ့ရွှင်း သတိပြန်ဝင်လာ၏။ သူ့မျက်နှာက ပူလာပြီး ပို၍ပင် ထိတ်လန့်သွားကာ ဖရိုဖရဲအဝတ်အစားတွေနှင့် ပြေးထွက်သွားသည်။
"သခင်... ကျောက်စိမ်းဆွဲသီးးးး"
"သခင် ...ခါးပတ် မချိတ်ရသေးဘူးးးး"
"သခင်...လည်ပင်းကြိုး...လည်ပင်းကြိုးးး"
ရှဲ့ရွှင်းက ရှေ့သို့ အလျင်အမြန် ပြေးသွားကာ လူငယ် နှစ်ယောက်က သူ့နောက်သို့ ပြေးလိုက်ကြသည်။ ရုတ်တရက် ပုံသဏ္ဍာန်တစ်ခု တွေ့လိုက်ရသောအခါ သူဘေးနားကို ပျာပျာသလဲ ပြေးသွားပြီး ချုံပုတ်ထဲ ရောက်သွားသည်။
ကျိယန် နှင့်ကျိမော့ အံသြသွားခဲ့သည်။ သူတို့အိပ်မက်မက်နေတုန်းပဲလားဟု သံသယရှိမိကြသာ်။ ဒါက သူတို့ရဲ့ တည်ငြိမ်ပြီး တင်းမာတောင့်တင်းတဲ့ သခင်လေ... ချုံပုတ်တွေထဲ ပုန်းအောင်းသလိုအရာမျိုး သူလုပ်နိုင်တာ ဘယ်လိုဖြစ်နိုင်မလဲ...
ရှဲ့ရွင်းရှောင်နေသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်သောအခါ လှပပြီး တောက်ပသော တတိယသခင်မက သူတို့ဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။
နှစ်ယောက်သား နေရာမှာတင် အလန့်တကြား ဖြစ်နေသည်ကို မြင်သော်အခါ ကျန်းရှုယောင် မလွှဲမသွေ စိတ်ရှုပ်ထွေးသွားပြီးမေးလိုက်၏။
"မင်းတို့သခင် ဘယ်မှာလဲ"
နှစ်ယောက်သား ဘယ်လိုဖြေရမှန်းမသိပေ။
ကျိမော့၏ ဦးနှောက်က အနည်းငယ် တုံးပြီး မသိစိတ်က သူ့လက်ကို မြှောက်ကာ သစ်ပင်အုပ်ဆီသို့ ညွှန်ပြလိုက်သည်။
ကျိယန်က သူ့လက်ကို ဆွဲချပြီး တောင့်တောင့်ကြီး ပြုံးပြလိုက်ကာဆို၏။
"သခင်မကို ပြန်ကြားပါတယ်... သခင် ထွက်သွားပါပြီ"
ကျန်းရှုယောင်က ခေါင်းလေးစောင်းကာပြောလိုက်၏။
"တကယ်လား...ငါ သူ့ကို ဘာလို့ မတွေ့တာလဲ... သူ မထသေးဘူးလို့ ငါထင်တာ"
သူမ တိတ်တိတ်လေး ရေရွတ်လိုက်သည်။
"ငါသူ့ကို အစားအသောက်လုပ်ပေးမယ်လို့လည်း ပြောခဲ့သေးတယ်"
ရှဲ့ရွှင်းက သူတို့စကားဝိုင်းကို မကြားရပေ။ သူလည်း ဤအခွင့်အရေးကိုသုံးပြီး လစ်ထွက်ရန် ရည်ရွယ်ကာ လတံခါးဆီကို အမြန်ပြေးသွားခဲ့သည်။
ကျိမော့ နှင့် ကျိယန် ရှဲ့ရွှင်းလတံခါးကို ဖြတ်သွားတော့မည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ကျန်းရှုယောက်က ပြောပြီးနောက် လှည့်ကြည့်လိုက်ရာ ချက်ချင်း သူ့ကိုဖမ်းမိသွားသည်။
"ရှဲ့ရွှင်း..."
ကျန်းရှုယောင် သူ့ကို တားလိုက်ပြီး ထမင်းဘူးကို ကိုင်ကာ လျှောက်သွား၏။
ရှဲ့ရွှင်း ကျောက်ရုပ်ဖြစ်သွားသည်။ သူက ကူကယ်ရာမဲ့စွာ လှည့်ကြည့်လိုက်ပြီး ဤသည် ကိုအခွင့်အရေးတစ်ခုလို ဟန်ဆောင်ရန် ကြိုးစားခဲ့၏။
"ရှင်ဘယ်ကရောက်လာတာလဲ...ခုနကတွေ့ဘူး"
ကျန်းရှုယောင် ချောချောမောမော မေးလိုက်သည်။
ရှဲ့ရွှင်း ဘယ်လိုလိမ်ရမှန်းမသိပေ။ သူ၏ ဦးရေပြားက ထုံကျင်နေပြီး နောင်တွင် ထိုမျှလောက် မသောက်တော့ကြောင်း တိတ်တဆိတ် ကတိပြုခဲ့သည်။
ကံကောင်းထောက်မစွာ ကျန်းရှုယောင်က ဤကိစ္စကို ဂရုမစိုက်ပါချေ။ ထိုအစား သူမကပြောလေ၏။
"မနေ့ညက....."
ရှဲ့ရွှင်းက သူမဤသည်ကိုထည့်ပြောမည်အား အကြောက်ဆုံးဖြစ်ပြီး အမြန်ဖြတ်ပြောလိုက်သည်။
"မနေ့ညက ရုတ်တရက်ဖြစ်ခဲ့တာဆိုတော့... မင်းမေ့ပစ်လိုက်ပါ"
သူက လောဘကြီးပြီး အစားအသောက်အတွက် သူမနောက်သို့ လိုက်သွားကာ သူ့အတွက် ချက်ပြုတ်ပေးရန် ကလေးတစ်ယောက်လို ချွဲခဲ့မိသဖြင့် ရှက်သွားမိသည်။
ကျန်းရှုယောင် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားပြီး ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်၏။
"ဘာကိုရုတ်တရက်လဲ"
ဒီကိစ္စက ရုတ်တရက်ဖြစ်တာနဲ့ ဘာဆိုင်လဲ...
ဤစကားကိုကြားသောအခါ ကျိယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မနေ့ည? ရုတ်တရက် ?မနေ့ညက သခင်က ဘယ်လိုမူးပြီး ပြန်လာတာလဲကို တွေးပြီး...
လျှာဖျားကို ဆတ်ခနဲကိုက်လိုက်မိ၏။ သခင်ရဲ့ဖြူစင်မှုလေးဆုံးရှုံးသွားပြီ...
ဘာဖြစ်နေတာလဲ...အရက်သောက်ပြီး သခင်စိတ်တွေ ကမောက်ကမ ဖြစ်နေလို့လား...ဒါမှမဟုတ် ဇနီးသည်က သူ့ကို အခွင့်ကောင်းယူနေလို့လား...
သူက အရိုင်းဆန်စွာ တွေးနေကာ ရှေ့ကို ထွက်ပြီးရှဲ့ရွှင်းကို ကူညီရန်မေ့သွားသည်။
ရှဲ့ရွှင်း ကျန်းရှုယောင်၏ အပြုံးကြောင့် ပို၍ပင် ရှက်သွားပြီး သူ့မျက်နှာမှာ သွေးထွက်နေသလို နီရဲနေသည်။
ကျန်းရှုယောင် သူမအပြုံးကိုရပ်လိုက်ပြီး နေ့လည်စာဘူးကို သူ့လက်ထဲထည့်ကာပြောလိုက်၏။
"မနေ့ညက နောက်ကျနေပြီမို့ ပြင်ဆင်ချိန်မလောက်လို့ ကျွန်မမနက်က ကြုံရာ တစ်ခုခုလုပ်ထားလိုက်တယ်... ရှင်ဗိုက်ဆာရင် စားလို့ရတယ်... ဒါပေမဲ့ အေးသွားပြီရယ်... ထမင်းဘူးကအပူကာမဟုတ်ဘူး... ကျွန်မ အဲဒါကို မြှင့်တင်ဖို့ ကြိုးစားနေတုန်းပဲ"
ထိုသို့ပြောနေစဥ်တွင် သူမက အနည်းငယ် ဂုဏ်ယူနေကာ မျက်ခုံးမွှေးများက အလွန်တောက်ပနေသည်။
"ဒီည နေ့လယ်စာဘူးအသစ်လုပ်နိုင်မယ်ထင်တယ်... မနက်ဖြန်မှာ ရှင်ပူပူနွေးနွေးစားစရာတွေ ယူသွားလို့ရပြီ"
ရှဲ့ရွှင်း သူ့လက်ထဲတွင် ထမင်းဘူးလက်ကိုင်ကို ကိုင်ထားသည်။ အနည်းငယ်ပူနေသည်ကို ခံစားရပြီး သူ့လက်အနောက်ဘက်ရှိ အပြာရောင်သွေးပြန်ကြောများ ပေါ်လာသည်။ အားမပါဘဲ ဆုပ်ကိုင်၍မရမှာကို ကြောက်ပေမဲ့ အင်အား အလွန်အကျွံသုံးမိပြီး လက်ကိုင်ကို ချိုးမိမှာကို ကြောက်နေသည်။
ကျန်းရှုယောင်က ဤမျှ ဂရုစိုက်တတ်မည်ဟု သူ မမျှော်လင့်ထားဘဲ အနည်းငယ် အံ့သြသွားမိသည်။ သူမ၏ပြီးပြည့်စုံသောပုံစံကို မြင်လိုက်ရသောအခါ သူ ထိတ်လန့်သွားပြန်သည်။သူ့မှာအနီးကပ် မကြည့်ဝံ့သလို ဘာမှလည်း မပြောနိုင်ပေ။ "ကျေးဇူးတင်ပါတယ်" ဟုသာ ခြောက်ကပ်ကပ်ပြောနိုင်ခဲ့သည်။
"ရပါတယ်"
ကျန်းရှုယောင်က ထပ်ပြီး ရယ်လိုက်၏။
"ရှင်ပဲ ကျွန်မစကားကိုပြန်ရုတ်သိမ်းလို့မရဘူးလို့ပြောတယ်လေ"
ရှဲ့ရွှင်း ၏မျက်နှာ ပူလောင်လာကာ သူ့ကိုယ်သူ တည်ငြိမ်စေရန် အပြင်းအထန် ကြိမ်းမောင်းနေရပြန်သည်။ သူဘာလို့ဒီလိုဖြစ်ရတာလဲ...ရှက်စရာကောင်းတယ်...
သူ လွတ်မြောက်ချင်ပေမဲ့ သူ့ခြေထောက်တွေက မြေပြင်မှာ ခိုင်မြဲစွာ ကပ်နေပြီး မလှုပ်ရှားနိုင်။
ဤမြင်ကွင်းမှာ သူ့သခင် အလျင်လိုနေပြီး နှောင့်နှေး၍ မရဘဲ နောက်ကျတော့မည်ဖြစ်သည်ကို ကျိယန် မြင်နေရ၏။
သို့သော် ရှဲ့ရွှင်းက ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး "မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်" ဟု ခေါင်းမာမာဖြင့် ပြောခဲ့သည်။
"ဘာမှမဟုတ်ပါဘူး"
"ငါ သေချာပေါက် ကုန်အောင်စားလိုက်ပါ့မယ်"
"အင်း...အဲ့လိုလုပ်စရာမလိုပါဘူး...အများကြီးစားတာ မကောင်းဘူး"
"... အိုး ဟုတ်...ဟုတ်တယ်... ဟုတ်တယ် "
ကျိယန် သည်းမခံနိုင်တော့ဘဲပြောလိုက်၏။ "သခင် နောက်ကျနေပြီ..."
ကျက်သရေရှိပြီး မယိမ်းယိုင်တတ်တဲ့ သခင် ဘယ်ရောက်သွားတာလဲ...
ရှဲ့ရွှင်း ထိတ်လန့်သွားသည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ကျန်းရှုယောင်ကိုပြောလိုက်၏။
"ငါ အခု သွားတော့မယ်..."
သူမဘာမှပြန်မပြောနိုင်ခင်မှာ ခပ်မြန်မြန်ထွက်သွားပေမဲ့ လမ်းတစ်ဝက်မှာ သူမကိုပြန်မကြည့်ဘဲမနေနိုင်ခဲ့ပါချေ။
ထိုနေရာ၌ ရပ်ကာ သူ့ကိုကြည့်နေသော သူမကို မြင်ပြီးသည့်နောက် အမြန်လှည့်ကာ ထွက်ပြေးသွားခဲ့သည်။ သူ၏ ၀တ်ရုံက လွင့်ပျံနေပြီး ဆံပင်များက ယိမ်းနွဲ့နေကာ တောက်ပသော နံနက်ခင်းအလင်းရောင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
ကျိယန် ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သခင်သည် ငယ်စဉ်ကတည်းက မိမိကိုကိုယ်ထိန်းကျောင်းခဲ့ပြီး စည်းကမ်းများကိုသာ လိုက်နာခဲ့သည်။ ငယ်စဉ်ကတည်းက ရင့်ကျက်ပြီး ဉာဏ်ပညာကြီးမားသူဖြစ်သည်။ ကိစ္စများ၌မွေ့လျော်ခြင်းမရှိသလို အကြင်နာမေတ္တာတို့လည်းမရှိခဲ့၊သို့သော် ယနေ့တွင် သူသည် ဆယ်ကျော်သက်တစ်ယောက်နှယ်ပင်။
*
ရှဲ့ရွှင်း အချိန်မှန်ရောက်လာပြီး တာဝန်ကျရာအခန်းဆီသို့ ပြေးသွားခဲ့သည်။ ထမင်းဘူးကို ဘေးဖယ်ထားပြီး အလုပ်စလုပ်ခဲ့၏။
သူက ပညာတတ်ပြီး ထက်မြက်သူဖြစ်ပြီး ဝန်ကြီးချုပ်လက်အောက်တွင် ပညာသင်ကြားခဲ့ကာ နိုင်ငံခြားသို့ ခရီးထွက်ခဲ့သည်။ လူတိုင်းက သူ၏စံနမူနာအတိုင်း လိုက်နာကြပြီး အခက်အခဲများကြုံလာပါက သူနှင့် တိုင်ပင်ဆွေးနွေးကြမည်ဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သော ကွမ်ယင်းက စာရင်းစာရွက်နှင့်အတူ ရောက်လာသည်။ သူက ထိုသည်ကို ရှဲ့ရွှင်း၏ စားပွဲခုံပေါ်တင်ပြီးမေး၏။
"ပေါယွမ်... ဒီထဲမှာ ထူးဆန်းတာတစ်ခု ရှိ၊ မရှိ ကြည့်စမ်းပါ...လီဖု နဲ့ ငါ အဲဒါကို စစ်ဆေးနေတာ ရက်အတော်ကြာနေပြီ...နောက်ဆုံးတော့...ဟေ့ ဘာဖြစ်နေတာလဲ"
ရှဲ့ရွှင်း အာရုံပြန်ရလာသည်။ အပေါ်ယံတွင် သူက အလွန်တည်ငြိမ်ပြီး တိတ်ဆိတ်နေသောကြောင့် ကွမ်ယင်း သူ၏သံသယများကို လျစ်လျူရှုရန် တွေးလိုက်ခါရှိသေး ရှဲ့ရွှင်းပြောသည်ကိုကြားလိုက်ရ၏။
"ဟမ်...မင်းဘာပြောလဲ"
အိုး...
သူတို့ပတ်ပတ်လည်မှာ ပြူထွက်နေသော ခေါင်းအနည်းငယ်ရှိနေပြီး ရှဲ့ပေါယွမ်မှာ မိန်းမောနေသည်။
ကွမ်ယင်းက ပထမဦးစွာ သူ့မှန်းဆချက်အတိုင်း ပြောလိုက်ပြီး မသက်မသာခံစားလိုက်ရ၏။
"ဆည်ဆောက်တာ တစ်ခုခုဖြစ်ခဲ့တာလား"
တစ်စုံတစ်ယောက်က ဝင်အစ်အောက်လေသည်။ “ဒါမှမဟုတ် မြောက်ပိုင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှု မပြေလည်ဘူးလား”
“မဟုတ်ဘူး...သူခိုးအုပ်စုက ထပ်ပြီး ပြဿနာရှာနေတာဖြစ်မှာ"
"ဒါမှမဟုတ် မင်း စာဖတ်တာ အရမ်းများသွားတာလား"
"ဘယ်လိုဖြစ်နိုင်မှာလဲ....ဖြစ်သင့်တာက.... "
ရှဲ့ရွှင်း ခေါင်းများကို ကူကယ်ရာမဲ့ တွန်းထုတ်လိုက်ပြီး ချောင်းဟန့်လိုက်၏။
"မဟုတ်ဘူး... မနက်စာ မစားခဲ့ရလို့...နည်းနည်း ဗိုက်ဆာနေတာ"
"..."
တစ်စုံတစ်ယောက်က ပွဲကြည့်နေသည့် သူ့ခေါင်းကို ရုပ်သိမ်းခါနီးမှာ လင်းချန်က ဘယ်ကမှန်းမသိ ခုန်ထွက်လာပြီး ရှဲ့ရွှင်း၏ပုခုံးကို လက်သီးနှင့်ထိုးကာဆို၏။
"မင်း ဘယ်သူကိုလာစနေတာလဲ... မင်းအကြောင်းမသိတဲ့လူ ဘယ်သူရှိလဲ...ရှဲ့ပေါယွမ်... မင်းသုံးရက်သုံးညလုံး မစားမသောက်ရင်တောင်မှ ဒီလိုမိန်းမောနေတဲ့ပုံစံကို မမြင်ရဘူး... ပြောစမ်းပါဦး... ဘာဖြစ်တာလဲ”
"ငါမင်းကိုမလိမ်ဘူး ...ငါတကယ်ဗိုက်ဆာနေပြီ" ရှဲ့ရွှင်းက စကားမပြောဘဲ လင်းချန်၏ ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်သည်။
လင်းချန် မနေ့ညက "သူ၏ဝမ်းနည်းမှုကို ဝိုင်နှင့် နစ်မြှုပ်နေသည့်" ရှဲ့ရွှင်း၏ပုံပန်းသဏ္ဍာန်ကို တွေးပြီး သူ့ရင်ထဲမှာ နာကျင်ခံစားရ၏။
သူ သူ့စားပွဲဆီသို့ အလျင်အမြန်ပြန်ပြေးကာ ရှဲ့ရွှင်း၏ စားပွဲသို့ မုန့်တစ်ထုပ် ယူလာပြီးဆိုလိုက်သည်။
"ဗိုက်ထဲအစာရှိအောင်မုန့်လေးစားထားလိုက်"
ရှဲ့ရွှင်း အရှေ့နန်းဆောင်ရှိ ကိတ်မုန့်များကို ငြီးငွေ့နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး လင်းချန်ကို သူ၏ ကြင်နာမှုအတွက် ကျေးဇူးတင်လိုက်သည်။
သူက လည်ပင်းကို မတ်မတ်ထားကာ မေးစေ့ကို အနည်းငယ်မော့ပြီး လေသံ တည်တည်ငြိမ်ငြိမ်ဖြင့်ပြောခဲ့၏။
"ငါ အိမ်က စားစရာလာယူခဲ့တယ်"
လင်းချန် နှင့် ရှဲ့ရွှင်း တို့သည် ငယ်စဉ်ကတည်းက အတူတွဲကစားခဲ့ကြသည်။ သူက ရှဲ့ရွှင်းကို ကောင်းကောင်းသိသည်။ သူဘယ်ညာ ကိုကြည့်လိုက်ပြီး ရှဲ့ရွှင်းလေသံက ထူးဆန်းနေသလိုလိုခံလိုက်ရ၏။
သူ သိပ်ပြီး မစဉ်းစားခဲ့ဘဲပြောလိုက်သည်။
"မင်း မုန့်တွေ ယူလာမယ်လို့ မမျှော်လင့်ထားဘူး...မင်းက ဗိုက်ဆာနေတာနဲ့ဆိုတော့ ကွက်တိပေါ့....အပိုင်းတချို့ ထုတ်ပြီး စားသင့်တယ်"
ရှဲ့ရွှင်းက သူ၏နောက်ဆုံးစာကြောင်းကို လျစ်လျူရှုကာ "မုန့်မဟုတ်ဘူး" ဟု အမှန်ပြင်ပေး လိုက်သည်။
"မုန့် မဟုတ်ဘူးလား...အစားအသောက်က အေးသွားရင် မကောင်းဘူး...ငါဆို ထမင်းထုပ်လာဖို့မကြိုးစားတာ ကြာလှပေါ့"
ရှဲ့ရွှင်းလည်း ကျန်းရှုယောင် သူ့အတွက် ဘာထုပ်ပိုးပေးလိုက်သည်ကို သိချင်သည်။ သူထပြီး သူ့နောက်က ထမင်းဘူးကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
စိတ်လှုပ်ရှားစွာ နားထောင်နေသော လူတိုင်းက နားရွက်ကို ခေါင်းပေါ်တင်လျက် ရှိနေကြသည်။ သူ့လှုပ်ရှားမှုတွေကို မြင်လိုက်ရသောအခါ အားလုံး၏ မျက်လုံးတွေက သူ့ထမင်းဘူးကို စိုက်ကြည့်နေကြ၏။
ရှဲ့ရွှင်း၏ စိတ် ခဏလောက်ညံ့သက်သွားရသည်။
သူက မြန်မြန်စဉ်းစားနေကာ သူ့အမူအရာက သဘာဝကျပြီး အေးအေးဆေးဆေးထိုင်နေ၏။ "ဘာမှ အသစ်မရှိဘူး...မင်းတို့ ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေလို့ရတယ်"
လူအများစုက သူ့ကိုယုံကြည်ကြပြီး လူအနည်းငယ်ကသာ သူ့စားပွဲတွင် ရပ်ပြီး သူ့ကို စိုက်ကြည့်နေကြသည်။
ရှဲ့ရွှင်း ဤလူများကို မောင်းထုတ်ရန် ရှက်လွန်းလှသည်။ သူ အနည်းငယ် စိတ်လှုပ်ရှားနေပြီး လက်ထဲက ထမင်းဘူးအဖုံးကို ဖွင့်လိုက်၏။
နေ့လည်စာဘူး၏ အပေါ်ဆုံးအလွှာကို ရေညှိထမင်းလိပ်အလွှာဖြင့် သပ်သပ်ရပ်ရပ် စီတန်းထားသည်။ ကော်လံတစ်ခုစီတွင် ရေညှိထမင်းလိပ်မျိုးစုံရှိနေပြီး ကြက်ဥအနှစ်နှင့် ဝက်သားနုတ်နုတ်စဥ်းရေညှိထမင်းလိပ်၊ သကြားပြောင်းဖူးနှင့် ဝက်သားမျှင်ရေညှိထမင်းလိပ်နှင့် ဂဏန်းအသားရေညှိထမင်းလိပ်များ ပါဝင်ပြိး မတူညီသောပုံစံတစ်ခုစီရှိကြသည်။
ကြည့်လိုက်သည်နှင့် အဝါ၊ အစိမ်း၊ အဖြူနှင့် ပန်းရောင်တို့ကို တောက်ပသောအရောင်များဖြင့် ရောနှောထားကိုမြင်ရသည်။ ထမင်းလိပ်လေးတွေက သေးသေးဝိုင်းဝိုင်းဖြစ်ပြီး လက်ရာမြောက်ပြီး ဆန်းသစ်ကာ လူတို့အား သူတို့၏အရသာကို မသိချင်မိဘဲမနေနိုင်ဖြစ်စေ၏။
"ဒါက ထမင်းလား...ဒီလိုမျိုး လုပ်လို့ရတာလား... အခန်းအပူချိန်မှာ အရသာရှိမှာလား"
"အောက်ဆုံးအလွှာမှာ ဘာရှိလဲ ကြည့်စမ်းပါ"
ရှဲ့ရွှင်း သူ့လက်ကို အောက်ဆုံးအလွှာပေါ်တွင် တင်လိုက်သည်။ ခေတ္တရပ်ပြီး ခါတိုင်းလို လူသေလိုမျက်နှာပေးကို ဆင်မြန်းလျက်ဆိုလိုက်၏။
"မင်းတို့ အရမ်းအားနေသလား... အလုပ်ပြန်လုပ်ဖို့ မလိုဘူးလား"
သူပြောသည်ကို ဘယ်သူမှ ဂရုမစိုက်သည်က သနားစရာပါပင်။ ခါတိုင်းလိုဆိုလျှင် အလှည့်စားခံသွားရနိုင်၏။ သို့ရာတွင် ယခုလို ဆန်းပြားသည့် အစားအစာတွေဆီကနေ မည်သို့ ရုန်းထွက်နိုင်မည်နည်း။
"မြန်မြန်လုပ်စမ်းပါကွာ...ငါတို့ကြည့်ပါရစေ"
ရှဲ့ရွှင်း မလွတ်မြောက်နိုင်သောကြောင့် အောက်ဆုံးအလွှာကို သူတို့ရှေ့တွင် ဖွင့်ရုံသာတတ်နိုင်ခဲ့သည်။
ကြွေပန်းကန်လုံးတစ်လုံးတွင် ခရစ်စတယ်လိုကြည်လင်သော ဂျယ်လီများဖြင့် ဖြည့်ထားပြီး အနီရောင်ဆော့စ်နှင့် အစပ်ဆီတို့စမ်းထားကာ ပါးပါးလှီးထားသော ကြက်သွန်တို့ဖြူးထား၏။ အနီရောင်နှင့် အစိမ်းရောင်ရှိပြီး ဘူးကိုဖွင့်လိုက်သောအခါတွင် စပ်စပ်ချဉ်ချဉ်အနံ့လေး ထွက်လာသည်။
ငရုတ်ကောင်းဝက်သားအကြွပ်ကြော် တစ်ကိုက်စားအရွယ်တုံးလေးတွေ ထည့်ထားသည့် ဝါးခြင်းတောင်းသေးသေးလေးတစ်ခုလည်း ရှိ၏။ အရေခွံက ကြွပ်ပြီး ရွှေအိုရောင်သန်းနေကာ လက်ချောင်းအရွယ်အမြှောင်လေးများ လှီးထားသည်။ အပေါ်ယံမှာ ငရုတ်ကောင်းအလွှာပါးပါး ဖြူးထားပြီး အစိမ်းရောင် ကရဝေးရွက် နှစ်ရွက်ကို အလယ်တွင် ထားထားကာ အနံ့က မွှေးပျံ့နေသည်။ ကြော်ထားသော အစားအစာများတွင် အနည်းငယ် ဆီရွှဲသော အနံ့ရှိသော်လည်း ယခုတွင် ဆီရွှဲသောအနံ့ရှိမနေပါချေ။
"ဒီလိုအစားအစာမျိုး မတွေ့ဖူးသေးဘူး... အဲဒါတွေက ဘာနဲ့လုပ်ထားတာလဲ"
"ဒါက အကြော်ပဲလား...အနံ့ရတာနဲ့ ဗိုက်ဆာတယ်... မင်းမှာ တူတွေ အများကြီးရှိလား...တစ်စုံပေးစမ်းပါ"
"ခဏနေပါဦး ...ငါထမင်း မှာလိုက်မယ်... ထမင်းစားခန်းထဲသွားပြီး ဟင်းရွက်ဟင်းချိုတောင်းလိုက်မယ်... ဒီဟင်းတွေနဲ့ သွားစားချင်တယ်"
ရှဲ့ရွှင်းက သူဘာတွေးနေမှန်း သေချာမသိရဘဲ နွေးထွေးပြီး ဂရုမစိုက်သော အမူအရာဖြင့် မျက်လွှာချထားသည်။
လင်းချန်က စိတ်ခံစားချက်နှင့်သက်ပြင်းချရင်းဆို၏။
"အရင်တစ်ခေါက် မနက်ခင်းကြီး မင်းကို ငါတွေ့တုန်းက မင်းလက်ထဲက ပန်ကိတ်အတွက် ငါ့မှာ သွားရည်ကျနေတာ... အခု ပိုအရသာရှိတဲ့ အစားအစာတွေ အသစ်ထပ်ရှိလာဖို့ မမျှော်လင့်ထားဘူး...မင်းတို့အိမ်က စားဖိုမှူးကို ဘယ်မှာရှာတွေ့တာလဲ"
တိတ်ဆိတ်နေသော ရှဲ့ရွှင်းက ရုတ်တရက် ခေါင်းမော့လာသည်။ သူ၏ ထူထဲသော မျက်တောင်များက အနက်ရောင် မျက်လုံးများမှ တောက်ပသော အပိုင်းအစများဖြင့်အတူ ရွှန်းလဲ့နေပြီး "ထမင်းချက် မဟုတ်ဘူး" ဟု ပြောလိုက်သည်။
တတွတ်တွတ်ပြောဆိုနေကြသော လူများ အံ့အားသင့်သွားကြသည်။
ရှဲ့ရွှင်းကဆို၏။
"ဒါက ငါ့...အဟွတ်... အိမ်...အိမ်သူ"
ဤစကားကို သူပထမဆုံးပြောဖူးပုံရလေသည်။ သူ ကျင့်သားမရဖြစ်နေသာည်။အနှီ ခင်ခင်မွတ်မွတ် ရင်းရင်းနှီးနှီးပုံစံဖြင့် သူမကိုအမည်တပ်ခြင်းက သူ့ကို အရှက်ရစေပြီး အစခံရမည်ကို သူကြောက်မိသည်။
လင်းချန် သူ့မှာ အေးစက်သည့် မျက်နှာလေး ရှိနေဆဲဖြစ်သည် မြင်လိုက်ရပေမဲ့ အနီးကပ်ကြည့်လိုက်သောအခါ ရှဲ့ရွှင်း ပါးစပ်က ခပ်ပါးပါးလေးစုဝိုင်းနေကာ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေးနေပြီး ရှက်ပြုံးလေးတစ်ခု စွန်းထင်းနေသည်ကို တွေ့လိုက်ရ၏။
ဟစ်....ကြောက်စရာ...
နေပူထဲမှာ ဆော့ရတာ နှစ်သက်ပြီး ပျော်တဲ့အခါမေးလေးတမော့မော့ရှိတတ်တဲ့ သူ့မိသားစုက မိုက်မဲတဲ့ကြောင်ရဲ့ အရိပ်ကို သူဘာလို့ တွေ့လိုက်ရတာလဲ...
Xxxxx