အပိုင်း ၂၉
Viewers 16k

Chapter 29


သစ်သီးသကြားလုံး


ရှဲ့ရွှင်း တူချောင်းများကို ကောက်ကိုင်လိုက်ပြီး လူတိုင်း၏အကြည့်အောက်တွင် ရေညှိထမင်းလိပ်တစ်ခုကို ယူလိုက်သည်။


ကြည်လင်သောဆန်လုံးဖြူဖြူကို ရေညှိများဖြင့် တင်းတင်းကျပ်ကျပ်ထုပ်ထားသည်။ နှမ်းဆီ၏မွှေးရနံ့က သင်းပျံ့နေသည်။ သခွားသီး၊ ကြက်ဥကြော်နှင့်ဂဏန်းအသားတွေကို အထဲမှာ ညှပ်ထည့်ထား၏။ အရောင်က တောက်ပပြီး လန်းဆန်းသော အနံ့ရှိသည်။


ရှဲ့ရွှင်း ထမင်းလူံးကို ပါးစပ်ထဲထည့်ကာ သေသေချာချာ အရသာခံလိုက်သည်။


ဆန်၏စေးကပ်မှုကို တိုးလာစေရန်အတွက် ကျန်းရှုယောင်က  ရေညှိထမင်းလိပ်ထဲသို့ ကောက်ညှင်းဆန်အနည်းငယ်ကို ထည့်ပေးခဲ့သည်။ နှပ်ထားပြီးနောက် စေးကပ်ကာ ဝါးရသည်။ အထဲက သခွားသီးကို ကိုက်ပြီးနောက် ကြွပ်ဆတ်ပြီး လန်းဆန်းသွား၏။ လတ်ဆတ်သော အသီးအရွက်ရနံ့ကို မွှေးကြိုင်သောကြက်ဥမွှေကြော်နှင့် ရောစပ်ထားသောကြောင့် လန်းဆန်းသော်လည်း မပျော့လွန်းပါချေ။


ရှဲ့ရွှင်း၏မျက်နှာတွင် ဘာအရိပ်အယောင်မှရှိမနေဘဲ နောက်ထပ်အခုရေ အချို့ သူ့ပါးစပ်ထဲသို့ ဝင်သွားသည်။ရေညှိက ပင်လယ်စာအရသာအပြည့်ဖြစ်သော်လည်း ထမင်း၏ကြာရှည်စွဲကျန်သောအရသာကြောင့် လျော့ပါးသွား၏။ ငန်ပြီး အရသာသင့်သည်။ အရသာကလေးပင်သော်လည်း အီမနေပေ။ အခုအနည်းငယ်က ပါးစပ်ထဲတွင် အရသာအနည်းငယ်သာ ချန်ထားခဲ့သည်။


သူဖြည်းညှင်းစွာစားနေသည်ကိုမြင်သောအခါ လင်းချန်က အလောတကြီးဆို၏။


 "ငါ့မြည်းကြည့်ရအောင် တစ်ခုလောက်ပေးစမ်းပါကွာ"


ရှဲ့ရွှင်း၏ မျက်လုံးများက ထမင်းလိပ်များကို သိမ်းကျုံး ကြည့်ပြီး လျှင်မြန်စွာ ရေတွက်လိုက်သည်။ အမြောက်အမြားရှိနေသည်ကို မြင်လိုက်ရသောအခါ သူက သူ့တူတွေကို ချလိုက်ပြီး လင်းချန်ကို ပေးလိုက်၏။


လင်းချန် *စားပွဲတင်ဆော့စမ်းထားသော ထမင်းလုံးတစ်ခုကို ကောက်ယူလိုက်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ထည့်လိုက်သည်။


(T/N–စားပွဲတင်ဆော့စ်ဆိုသည်မှာ အသုတ်တွေထဲထည့်သည့်ဆော့စ်ဖြစ်၏။ ပါဝင်ပစ္စည်းအမျိုးမျိုးနှင့်ပြုလုပ်ကြပြီး ဥပမာအားဖြင့် မဒီရည်၊မုန်ညင်း၊ကြက်သွန်နီ/ဖြူ၊ဆား၊ငရုတ်ကောင်း၊ရှာလကာရည်၊နှမ်းဆီ၊မရောနိစ် စသည်တို့ပါဝင်သည်။)


"ဒီအဖြူရောင်ဆော့စ်က စိတ်ဝင်စားဖို့ကောင်းတယ...ငန်ပြီးမွတ်နေတာပဲ... အရသာပြင်းတယ်... ဘာနဲ့လုပ်ထားလဲတော့ မသိဘူး"


ရှဲ့ရွှင်း  ဘာမှပြန်မဖြေနိုင်ခင်မှာ လင်းချန်က နောက်ထပ် ထမင်းလိပ်တစ်ခုကို မပြောမဆို  ကောက်ယူလိုက်ပြီး ဤတစ်ကြိမ်မှာ ရေညှိထမင်းလိပ်ကို စားပွဲတင်ဆော့စ်အနည်းငယ်နှင့် ပါးစပ်ထဲ ထည့်လိုက်၏။ ရေညှိက စာပွဲတင်ဆော့စ်ကြောင့် ၎င်း၏ ထင်ရှားကျော်ကြားမှုကို လုယူခံရခြင်းမရှိပါချေ။  မူလလန်းဆန်းသော ထမင်းရနံ့က သူ့နှုတ်ခမ်းနှင့် ပါးတို့ကို ချက်ချင်းပြည့်စေသည်။


ဝါးနေရင်း ခေါင်းညိတ်ပြီးမှတ်ချက်ပေးလိုက်၏။ "နည်းလမ်းက တော်တော်ရိုးရှင်းတယ်...ဒီည ပြန်ရောက်ရင် ငါ့အိမ်က ထမင်းချက်တွေကို စဉ်းစားခိုင်းပြီး မနက်ဖြန်မှ ယူလာခဲ့မယ်"


ရှဲ့ရွှင်းက သူ့ကိုအမှန်ပြင်ပေးလိုက်သည်။


 "အခက်အခဲဆိုတာ အရည်အချင်းနဲ့မဆိုင်ပါဘူး...ဦးနှောက်နဲ့ပဲဆိုင်တယ် "


လင်းချန်က သူ့ကို လျစ်လျူရှုပြီး ထိုအစား ချီးမွမ်းလိုက်သည်။


 "ဒါပေမဲ့ ဒီအဖြူရောင်ဆော့စ်က တကယ်ကို အရသာရှိတယ်... အရသာက လတ်ဆတ်တယ်၊ ချိုတယ်၊ ချဉ်တယ်...အချဉ်က ရှာလကာရည်ရဲ့ အရသာနဲ့ မတူဘူး...အထူးသဖြင့် ထမင်းစားပြီးတာနဲ့ သင်းပျံ့တဲ့အနံ့အရသာက အဆုံးမရှိကျန်နေတုန်းပဲ" 


သူကလည်း စားသောက်သည့်နေရာမှာ အတွေ့အကြုံတချို့ရှိလေသည်။


"သူချည်းကို တခြားအစားအစာတွေနဲ့ စားလို့ရတယ်"


ရှဲ့ရွှင်းက လင်းချန်မည်ကဲ့သို့ ချီးကျူးသည်ကို ဂရုမစိုက်ဘဲ သူ့မျက်နှာမှာ ငြိမ်သက်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ  ပန်းတွေပွင့်လာသည်အထိမြှောက်နိုင်ပေမဲ့  လင်းချန်က သူ့အိမ်မှာ မစားနိုင်ဆဲပါပင်။


လင်းချန် သူဘာတွေတွေးနေမှန်းမသိသောကြောင့် ပေါ့ပေါ့ပါးပါးဖြင့် သူ့ရှေ့ကို ငုံ့ကြည့်လိုက်သည်။ 


"ဟေ့ ပေါယွမ်... မင်းငါ့ကို ဒီဆော့စ်တွေ ယူလာပေးပါလား"


ရှဲ့ရွှင်းက သူ့ကို ရှောင်လိုက်သည်။ 


"အဲဒါက အဆင်မပြေဘူး... ငါ့မိန်းမကို မင်းအတွက် ချက်ပြုတ်ခိုင်းလိုက်ရင် ဘယ်လိုပုံစံဖြစ်သွားမလဲ"


လင်းချန် သဘောပေါက်ပြီးနောက် အသံကအနည်းငယ် ထူးဆန်းသလိုလိုခံစားလိုက်ရသည်။ အမ်...ရှဲ့ရွှင်းရဲ့မိန်းမ ကျန်းသခင်မလေးက ရှန်းယန်အိမ်တော်ကမဟုတ်ဘူးလား...


မဟုတ်ဘူး...သူပြောခဲ့တာတွေက အမှန်ဆိုရင် မကြာသေးခင်ကမှ သူစိတ်မကောင်းဖြစ်ပြီး မစားနိုင်ဖြစ်နေတာက ဘာဖြစ်သွားတာလဲ...


ရှဲ့ရွှင်းက ငြိမ်ကျနေသဖြင့် သူဘယ်လိုအချစ်နှင့်မုန်းတီးမှုမျိုးကို မရည်ရွယ်ဘဲ ကြုံတွေ့ခဲ့ရသည်ကိုမသိခဲ့ရပါချေ။ သူရှဲ့ရွှင်းကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ကာ အလုပ်လုပ်ရန်အတွက် သူ့ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။


လူ နှစ်ယောက်၊ သုံးယောက်သာ ကျန်တော့ပြီး ရှဲ့ရွှင်းက ၎င်းတို့အား သူ၏ တူများကို ရက်ရက်ရောရော ပေးခဲ့သည်။ လူတစ်ဦးစီသည် အခုအနည်းငယ်ကို မြည်းစမ်းပြီး ချီးမွမ်းခြင်းအပြည့်ရှိကြသည်။


ထမင်းစားပြီးနောက်  ရှဲ့ရွှင်း နေ့လည်စာဘူး၏ ဒုတိယအလွှာကိုဖွင့်ကာ ဝက်သားကြွပ်ကြော် နှင့်ပြည့်နေသော ဝါးခြင်းတောင်းလေးကို ထုတ်ယူလိုက်သည်။ ဝက်သားကြွပ်ကြော်အပိုင်းသေးသေးလေးများကို ဆီပူနှစ်ကြော်ထားသော်လည်း ကျန်းရှုယောင်က  နေ့လည်စာဘူးထဲသို့ မထည့်မီ တမင်တကာ ဆီစစ်ထားခဲ့သည်။ ဝက်သားက ကြွပ်ကြွပ်လေးနှင့် ဆီမများသည့်အတွက် သရေစာအဖြစ် သင့်တော်၏။


ကျန်းရှုယောင်က ဒုတိယအလွှာတွင် တူသုံးစုံကို ပြင်ဆင်ထားသည်။ သူမက ရှဲ့ရွှင်း တူတစ်စုံတည်းဖြင့် မတူညီသော ဟင်းလျာများကို မစားမည်ကို စိုးရိမ်နေပုံရသည်။ဤသည်က အစားကြူးသည့် လုပ်ဖော်ကိုင်ဖက်တွေကို ရှဲ့ရွှင်း၏ချစ်စဖွယ်နေ့လည်စာ ဝေမျှရန် အခွင့်အရေးပေးခဲ့၏။


သူတို့က စကားမပြောဘဲ သူ့ဘေးမှာ ရပ်နေကြသည်။ သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်နှင့် လေးနက်စွာ စိုက်ကြည့်နေကြသည်။ ရှဲ့ရွှင်း၏ မျက်ခုံးများ အကြိမ်အနည်းငယ်ခန့် လှုပ်သွားကာ သည်းမခံနိုင်တော့ဘဲ "တူတွေယူလိုက် အတူတူစားကြရအောင်"ဟု ဆိုလိုက်၏။


ထို့သို့ဖြင့် ဝက်သားအတုံးသေးသေးလေးများခမျာ ပြောင်စင်နေအောင် လုယူခြင်းခံလိုက်ရသည်။ ကြွပ်ကြွပ်ရွရွနှင့် အနည်းငယ်စပ်ပြီး ကြွပ်ဆတ်သောအရေကို ကိုက်ပြီးနောက် အတွင်းသားက လတ်ဆတ်ပြီး အရည်ရွှမ်းကာ နူးညံ့ပြီး အရသာရှိသည်။ ဆား နှင့် ငရုတ်ကောင်း ဟင်းခတ်အနှစ်တို့ဖြင့် ဝါးလေလေ မွှေးလေလေပါပင်။


ဝက်သားကြော်အတွက် ပါဝင်ပစ္စည်းများမှာ အဆီနည်းအသားနှင့် အဆီတို့မျှတသည့် နူးညံ့သောအသားဖြစ်သည်။ အဆီနည်းလွန်းလျှင် ကြော်သည့်အခါ ခြောက်သွေ့သွားမှာ ဖြစ်ပြီး အဆီများလွန်းလျှင်မူ ဆီရွှဲလွန်းနေမှာဖြစ်၏။ အဆီနှင့် အသားများ မျှတမှသာ ကြွပ်ကြွပ်ကြော်ထားသော အသားက မွှေးပြီး ဆီမရွှဲမှာဖြစ်သည်။ ကြော်နေစဉ်တွင် အဆီများ အရည်ပျော်သွားသဖြင့် ကြက်ဥအကာဖြင့် ပြုလုပ်ထားသည့် အပြင်ဘက်အပေါ်သားတွင် အဆီများဆီမှ ထူးခြားသော အဆီအနံ့ကိုလည်း ရရှိမည်ဖြစ်သည်။


လူအနည်းငယ်က တစ်ကိုက်ကိုက်ပြီး တကျွတ်ကျွတ်ဝါးကြသည်။ ကြွပ်ရွပြီး အရသာရှိကာ ငန်စပ်၏။အသား၏ ငရုတ်ကောင်း နှင့် တစိမ့်စိမ့်အရသာက လူများကို စွဲလမ်းစေသည်။


“နေ့တိုင်း စားပွဲပေါ်မှာ ဒီလို အဆာပြေမုန့်တွေ ရှိနေရင် နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးရတာ ပျင်းမှာ မဟုတ်ဘူး”


"မှန်တယ်....အတိအကျပဲ" 


လူပါးဝသော လူအနည်းငယ်က ရှဲ့ရွှင်း ၏ အဆာပြေမုန့်များကို ရှင်းလင်းသုတ်သင်လိုက်ကြပြီး အဆုံးမရှိသော အရသာများဖြင့် စွဲကျန်ရစ်ခဲ့သည်။ ယခု သူတို့က ဂရုမစိုက်ဘဲ ရှဲ့ရွှင်း၏ အစပ်ဂျယ်လီပေါ်သို့ ၎င်းတို့၏ တူများကို ဆန့်လိုက်ကြသည်။


ရှဲ့ရွှင်း ထမင်းဘူးကို အေးအေးဆေးဆေး ကောက်သိမ်းပြီး သူ့ကုလားထိုင်အောက်တွင် ထားကာ နေ့လည်စာစားချိန်ကို စောင့်ဆိုင်းနေခဲ့သည်။


သူ စိတ်ထဲတွင် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာ သူတို့က အစပ်ဂျယ်လီပန်းကန်ကို မထိခဲ့ကြပေ။ ကျန်းရှုယောင်  ပထမဆုံးအကြိမ်ပြုလုပ်သော အစပ်ဆီဖြင့် ဟင်းလျာများကို စားစဥ်က သူ့ကိုယ်တိုင်ပင် တင်းကားနေအောင်စားခဲ့ကာ မရပ်ချင်ခဲ့။ ယခုလို အစားကြီသူများဆိုလျှင်ကား ထည့်ပြောစရာပင်မလို၊ သူတို့အတွက် အသက်ရှင်ရန် မဖြစ်နိုင်တော့ပါချေ။


ထို့အပြင် ယနေ့အစပ်ဆီက ပိုမိုသန့်စင်ပြီး အရသာရှိပုံရသည်။ ပူစပ်ချဉ်အရသာကို အနံ့ခံရုံဖြင့် မည်မျှ အံ့သြဖွယ်ကောင်းမည်ကို သူတွေးကြည့်နိုင်သည်။


ကိစ္စအဝဝကို ကိုင်တွယ်ဆောင်ရွက်နေစဉ်တွင် လင်းချန်အား မွန်းတည့်ချိန်တွင် ကျန်ရှိသော အစားအစာအချို့ကို ဝေငှရန် စီစဉ်ထားခဲ့သည်။ ကောင်းပြီ၊ သို့ပေမဲ့ သူ အများကြီး စား၍မရပေ။ မြည်းကြည့်ရုံသာရပြီး ရှဲ့ရွှင်းအနေဖြင့် သူ့ကိုယ်သူအတွက်ပင် မလောက်ပေ။



နေဝင်ချိန်မှာ အရာရှိတွေက နန်းတော်ထဲက တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြ၏။


လင်းချန် ရှဲ့ရွှင်းကို "သာမန်ကာလျှံကာ" အမှီလိုက်ပြီး သူနှင့်အိမ်အတူပြန်ရန် ကြိုးစားခဲ့သည်။


ဤရက်ပိုင်းမှာ ရှဲ့ရွှင်းက အမြဲတမ်း စောစော အိမ်ပြန်လေ့ရှိပြီး လင်းချန်လည်း ကျင့်သားရနေပြီဖြစ်၏။ မြင်းပေါ်တက်ပြီးနောက် မသိစိတ်ဖြင့် အိမ်ဆီသို့ သွားခဲ့သည်။ သို့သော် ရှဲ့ရွှင်းက လမ်းရှည်မှ ထွက်လာပြီး ဈေးသို့သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


လင်းချန် သူ့မြင်းကို အမှီလိုက်ရန် လျင်မြန်စွာမောင်းလိုက်ပြီး ရှဲ့ရွှင်းက မတ်တပ်ရပ်ကာ မြင်းပေါ်မှ ဆင်း၍ စာအုပ်ဆိုင်များ တန်းစီနေသော လမ်းဆီသို့ လမ်းလျှောက်သွားသည်ကို တွေ့ရသောအခါ ဝမ်းသာသွားသည်။


ဤသည်က သူသိသည့် ရှဲ့ပေါယွမ်ဖြစ်၏။


သူက ခပ်သွက်သွက်အမှီလိုက်ပြီး ပြောလိုက်သည်။


 "ပေါယွမ်... ငါတို့ ဒီမှာ စာအုပ်ရှာဖို့ မရောက်တာကြာပြီနော်"


 


ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်သည်။


 "ဒီက စာအုပ်တွေက စာကြည့်တိုက်ထဲက စာအုပ်တွေလောက် မကောင်းဘူး"


"မှန်ပါတယ်... ဒါပေမဲ့ တချို့ပစ္စည်းတွေက ရှားပါတယ်" 


နှစ်ယောက်သား စကားစမြည်ပြောနေကြသည်။ ရှဲ့ရွှင်းက လင်းချန်ကို အကျော်ကြားဆုံး စာအုပ်ဆိုင်သို့ ခေါ်ဆောင်သွားကာ ခဏအကြာ လှည့်ကြည့်ကာ သူလိုချင်သည်ကို ရှာမတွေ့သဖြင့် နောက်တစ်ဆိုင်သို့ သွားခဲ့သည်။


သူ စာအုပ်ဆိုင်များသို့ တစ်ခုပြီးတစ်ခုသွားကာ  ဂရုတစိုက်ရှာဖွေသော်လည်း မကျေနပ်ခဲ့ပေ။


လင်းချန်က စပ်စုလိုက်၏။


 "ပေါယွမ်... မင်းရှာချင်တဲ့ အမျိုးအစားရှိသလား"


ရှဲ့ရွှင်း၏ မျက်လုံးများက စင်ပေါ်ရှိ စာအုပ်တန်းများကို ဆက်ကြည့်နေသည်။


 "ဟုတ်တယ် ဒါပေမဲ့ ဒီစာအုပ်မျိုးကို ငါမဖတ်ဖူးဘူး"


နောက်ဆုံးတွင် လမ်းအဆုံးရှိ စာအုပ်ဆိုင်ငယ်လေးတွင် ရှဲ့ရွှင်း  နောက်ဆုံး၌ မည်သူမျှ ဂရုမစိုက်သော စာအုပ်အနည်းငယ်ကို ရှာတွေ့ခဲ့သည်။


လင်းချန် ထူးဆန်းသော စာအုပ်တစ်အုပ်ဟု ထင်ခဲ့သည်။ သူခိုးကြည့်လိုက်ရာ မျက်နှာဖုံးမှာ "ဖုန့်ယွဲ့လု" ဟုရေးထားသည့်စာလုံးအကြီးကြီး သုံးလုံးပါသည်ကို တွေ့လိုက်ရ၏။


[ET/N: "Feng Yue Lu" သည် စာသားအရ "လေနှင့်လမှတ်တမ်း" ဟု ဆိုလိုသည်။ ၎င်းက အခြေခံအားဖြင့် အချစ်ဝတ္ထုဖြစ်သည်။]


သူ့လက်ထဲမှာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ထားသလိုမျိုး ရှဲ့ရွှင်း၏ မျက်နှာက မပြောင်းလဲပါချေ။ သူက အေးအေးဆေးဆေး ပိုက်ဆံပေးပြီး ပါရမီရှင်  စာပေပညာရှင်များနှင့် ချောမောလှပသည့် မိန်းမတသိုက် အကြောင်း စာအုပ်တစ်အုပ်နှင့် ထွက်သွားခဲ့သည်။


လင်းချန် နှလုံးခုန်နှုန်းများမြန်လာ၏။ ဘုရားရေ ဘာဖြစ်ခဲ့တာလဲ... ပေါယွမ် ဒီလိုမျိုး စာအုပ်တွေကို ဖတ်ပြီး သူ့ကိုယ်သူ နှစ်သိမ့်စေခဲ့အောင်...


ရှဲ့ရွှင်း ဝတ္ထုကိုဝယ်ပြီး အနာဂတ်တွင် ဤစာအုပ်ကို ဖတ်နိုင်မည်ဟု တွေးကာ သွက်လက်စွာ ထွက်လာခဲ့သည်။


ညနေခင်းသည် ဈေးထဲတွင် တက်ကြွသောအချိန်ဖြစ်သည်။ ရှဲ့ရွှင်း လူအုပ်ကြားထဲ လျှောက်သွားခဲ့သည်။ သူ့ဘေးနားက ဈေးသည်တစ်ယောက်ကိုတွေ့သောအခါ တုံ့ဆိုင်းသွားပြီး ဆိုင်ရှိရာဆီ လျှောက်သွားခဲ့၏။


ထန်ဟုလုရောင်းသူက ဆိုင်ပိတ်ရန် ပြင်ဆင်နေချိန်တွင် မြင့်မြတ်သူအဝတ်အစားဝတ်ထားသူ လူငယ်တစ်ဦး သူ့ဆီသို့ လျှောက်လာနေသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။မျိုးရိုးမြင့်များကို မရည်ရွယ်ဘဲ စိတ်ဆိုးစေမိမည်ကို စိုးရိမ်သဖြင့် အနည်းငယ် တုန်လှုပ်သွားသည်။


မမျှော်လင့်ဘဲ မျိုးရိုးမြင့်သခင်လေးက အဖိုးအခကိုပင် မမေးဘဲ "ငါ့ကို တစ်ခု... မဟုတ်ဘူး...ဒီနှစ်ခု ပေးပါ" ဆိုပြီး တိုက်ရိုက်ပြောခဲ့၏။ 


စျေးသည်လည်း ကမန်းကတန်းပြုံးကာ ရှဲ့ရွှင်း အတွက် ထန်ဟုလူနှစ်ချောင်း ယူပေးလိုက်သည်။


လင်းချန် စိတ်ရှုပ်ထွေးနေပြီး သူ့သူငယ်ချင်းက သရဲတစ္ဆေ သို့မဟုတ် တစ်ခုခုထံကနေ ပြုစားခံထားရသည်ဟု ထင်မိ၏။ 


ရှဲ့ရွှင်းက မြင်းပေါ်တက်ပြီး အမျိုးမျိုးသော စာအုပ်များကို မြင်းပေါ်မှ ဆွဲတင်လိုက်သည်။ သူသည် လက်ထဲတွင် ထန်ဟုလူ နှစ်ချောင်းကို ကိုင်ထားဆဲဖြစ်ပြီး မြင်းဇက်ကြိုးကို ပေါ့ပေါ့တန်တန် ဆုပ်ကိုင်ကာ အိမ်သို့ အေးအေးဆေးဆေး ခရီးနှင်ခဲ့သည်။


နေရောင်ခြည်က ရှဲ့ရွှင်း၏မျက်နှာပေါ်သို့ ဖြန်းပက်နေပြီး သူ့ပတ်ဝန်းကျင်တွင် မှုန်ရီပြီး နွေးထွေးသော အလင်းစက်ဝန်းတစ်ခုကို ရေးဆွဲထားကာ ဖြောင့်မတ်နေသော သူ့ကျောပြင်ကို အနည်းငယ် ပျင်းရိနေဟန် ထင်ရှားစေသည်။ လင်းချန် ထမင်းဘူးများနှင့် မြင်းပေါ်တွင်ဆွဲထားသော စာအုပ်မျိုးစုံကို ကြည့်ရှုပြီးနောက် ချိုမြိန်သော ထန်ဟူလူများကို သပ်ရပ်စွာ ကိုင်ဆောင်ထားသည်ကို ကြည့်ကာ မျက်ခွံများ လှုပ်ယမ်းသွားသည်။ ငယ်ငယ်လေးကတည်းက ရှဲ့ပေါယွမ်မှာ ထင်ပေါကျော်ကြားမှုတချို့ရှိလာလိမ့်မည်ဟု သူ မျှော်လင့်ခဲ့ပေမဲ့ ယခုလိုပုံစံနှင့်ကားမဟုတ်ပါချေ။


ရှဲ့ရွှင်း အိမ်တော်သို့ ပြန်သွားပြီး အစေခံများက အပြေးအလွှား သူ့အတွက် စာအုပ်များ ယူဆောင်သွားကြသည်။ သူက ထန်ဟုလူများကို ကိုင်ကာ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ခြံဝင်းအတွင်းသို့ လျှောက်သွားလိုက်သည်။


Xxxx