Chapter 33
ငါးအရသာဝက်သားမျှင်ထမင်း
ရှဲ့ရွှင်း ဝါစိမ်းခြံဝင်းသို့ ပြန်ရောက်သောအခါ ကျန်းရှုယောင်က နေရာတိုင်းတွင် သူ့ကိုလိုက်ရှာနေသည်။သူက လန်းဆန်းတက်ကြွစွာပြန်လာသည်ကို သူမမြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်၏။
"ရှင် ဘယ်တွေရောက်နေတာလဲ"
ရှဲ့ရွှင်းက သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး ယောင်ဝါးဝါး ပြောလိုက်သည်။
"ခဏလောက် လမ်းလျှောက်ဖို့ ခြံဝင်းကို သွားခဲ့တယ်"
"ဒီလောက် တိုက်ဆိုင်တယ်လား"
ရှဲ့ရွှင်းက အဝေးကို လှမ်းကြည့်၏။ သူ၏ မျက်တောင်ထူထူများကို အောက်စိုက်ပြီး တောင့်တောင့်ကြီး ခေါင်းညိတ်သည်။
ကျန်းရှုယောင် သူ့တွင် အကြောသေမျက်နှာရှိကြောင်း မကြာခဏ ညည်းညူလေ့ရှိသော်လည်း သူနှင့် အချိန်အတော်ကြာအချိန်ကုန်ဆုံးပြီးနောက်တွင် သူ့မျက်နှာပေါ်ရှိ ခံစားချက်များ တဖြည်းဖြည်း မြင်တွေ့လာရသည်။
ဥပမာအားဖြင့် သူ၏မျက်နှာသည် လက်ရှိတွင် အေးစက်တည်ငြိမ်နေဆဲဖြစ်သော်လည်း အမှန်မှာ အပြစ်ရှိဟန်တို့ ပြည့်နေသည်။
သူမကို မျက်နှာမူစဥ် အဘယ်ကြောင့် အပြစ်ရှိသလို ခံစားရသနည်း။ ကျန်းရှုယောင် နားမလည်နိုင်။
"မနက်ဖြန်နေ့လည်စာအတွက် အဆင်သင့်ဖြစ်နေပြီ...ရှင် ကျွန်မနဲ့လိုက်ခဲ့လို့ရတယ်"
ရှဲ့ရွှင်း သူမ၏အကြည့်ကိုမြင်ပြီး သူသွားသည့်နေရာအကြောင်းကို ဝန်ခံလုနီးပါးဖြစ်နေသည်၊ သူမ ရုတ်တရက် အကြောင်းအရာပြောင်းသွားသည်ကို ကြားလိုက်ရသောအခါတွင် သူတိတ်တဆိတ် စိတ်သက်သာရာရသွားပြီး သူမနောက်ကို လိမ်လိမ်မာမာဖြင့် အမြန်လိုက်သွားခဲ့သည်။
ရှေးခေတ်က လက်မှုပညာသည်ကို ရှာရန် မလွယ်ပေ။ ကံကောင်းထောက်မစွာဖြင့် ကျန်းရှုယောင်က ချမ်းသာပြီး တစ်ရက်ပင်မရှိသေးခင်မှာပင် နေ့လယ်စာဘူး အမျိုးအစားအသစ်ကို ဖန်တီးရန် တစ်စုံတစ်ဦးကို တွေ့ရှိခဲ့သည်။
နေ့လယ်စာဘူးကို အရွယ်အစားအမျိုးမျိုးရှိ သစ်သားဘူး နှစ်လွှာဖြင့် ဆင့်ပြီး ပြုလုပ်ထားသည်။ အလယ်အလွှာတွင် နေရာလွတ်ရှိပြီး သားရေတစ်လွှာသည် ရေယိုစိမ့်မှုကို ကာကွယ်ရန် သံပြားများဖြင့် စီခြယ်ထားသည်။ ဘူး၏အဖုံးတွင် အပူများ လွှင့်ပါးစေရန် လေဝင်ပေါက်အပေါက်များစွာရှိသည်။ နေ့လယ်စာဘူးတစ်ခုလုံးကို ခေတ်မီ ကိုယ်တိုင်အပူပေးထမင်းဘူးများကို အခြေခံ၍ ပြုလုပ်ထားသည်။ အပူပေးအိတ်ကို ကုတ်မီးသွေးမှုန့်၊ ဆား၊ဖောက်ထုံးတို့ဖြင့် ပြုလုပ်ထားသည်။ ကုန်ကျစရိတ်က မမြင့်ဘဲ စိတ်ကူးသလောက်သာရှိ၏။
သူမ ထမင်းဘူးကိုဖွင့်ကာ အပေါ်ဆုံးအလွှာကိုထုတ်ပြီး အပူပေးအိတ်ကိုညွှန်ပြ၍ ရှဲ့ရွှင်းကိုပြောလိုက်သည်။
"ကျွန်မ ဒီအပူအိတ်ကိုဒီမှာထားလိုက်တယ်...ပေါ့ပေါ့တန်တန်မရွှေ့နဲ့...လက်နဲ့မထိနဲ့နော် သိလား"
မိုက်မဲသောကလေးက သူမြင်သမျှကို ပါးစပ်ထဲထည့်မည်ကို ကြောက်ရွံ့မှုက အမြဲရှိနေသည်။
ရှဲ့ရွှင်းက ခေါင်းညိတ်ပြီးမေး၏။
"ဒါက ဘာလဲ"
ကျန်းရှုယောင် သူ့အား ဓာတုဗေဒသဘောတရားကို မရှင်းပြနိုင်သဖြင့် ဤအတိုင်းသာပြောလိုက်ရသည်။
"ဒီအရာက ရေနဲ့ထိတွေ့ရင် ပူသွားလိမ့်မယ်.. ဒါကြောင့် ရေအေးထည့်ဖို့ မမေ့နဲ့နော်...ဒီအကြောင်းကို မြင်လား... ရေအေးကို ဒီအထိထည့်လိုက်... အဲဒီထက်မကျော်စေနဲ့...ရေအေးထည့်ပြီးရင် ပိုသေးတဲ့ဘူးကို ပြန်ထည့်ပြီး အပေါက်တွေကို မထိဘဲ အဖုံးပိတ်လိုက်"
ကျန်းရှုယောင် ပြောပြီးသော်လည်း သူမ စိတ်ပူဆဲဖြစ်ပြီး ရှဲ့ရွှင်ကို နောက်က လိုက်ပြောခိုင်းသည်။
ရှဲ့ရွှင်း သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ မှတ်ဉာဏ်ကို သံသယအဝင်ခံခဲ့ရသော်လည်း စကားလုံးတစ်လုံးချင်းကို ထပ်ခါထပ်ခါ ပြောခဲ့သည်။
ကျန်းရှုယောင် ကျေနပ်သွားပြီး နောက်ဆုံးမှာ သူ့ကိုပြောလိုက်၏။
"ရှင့်ရဲ့ နေ့လည်စာကို ဒီဘူးသေးသေးလေးထဲ ထည့်ထားလိုက်မယ်... အဖုံးပိတ်ပြီးရင် ခြောက်မိနစ်၊ ခုနစ်မိ... အိုး ခဏလောက်နေရင် စားလို့ရပြီ"
ရှဲ့ရွှင်း ယခုလိုမှော်ဆန်သည့် ထမင်းဘူးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ မနက်ဖြန်နေ့လည်စာအကြောင်း တွေးပြီး စမ်းကြည့်ရန် မစောင့်နိုင်တော့ပေ။
ထမင်းဘူးကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးပြီး “ဒီလိုလုပ်ဖို့အတွက် ဘုံဘဏ္ဍာငွေကနေ ပိုက်ဆံရခဲ့တာလား” ဟုအလျင်စလို မေးလိုက်သည်။
ကျန်းရှုယောင် ပိုက်ဆံကို သိပ်ဂရုမစိုက်ပေ။ "မဟုတ်ဘူး"
ရှဲ့ရွှင်း အံ့အားသင့်သွားသည်။ ဤရက်ပိုင်း သူ့ထမင်းစားခဲ့သည် ပိုက်ဆံတွေ အားလုံးကို သူမဆီက ပေးခြင်းဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
မီးဖိုချောင်ငယ်တစ်ခုဖွင့်ခြင်းသည် ပင်မမီးဖိုချောင်သို့ လမ်းဖြတ်ကူးရန် ရည်ရွယ်ပြီး ဘုံဘဏ္ဍာငွေမှ ပါဝင်ပစ္စည်းများနှင့် အခြားဝယ်ယူမှုများအားလုံးကို ပေးဆောင်သည်ဟု သူထင်ခဲ့သည်။ သို့သော် ချမ်းသာသောအမျိုးသမီး ကျန်းရှုယောင်က မီးဖိုချောင်ငယ်လေးဖွင့်ရန် ရှုရှီ နှင့် ဆွေးနွေးနေချိန်က ကုန်ကျစရိတ်အားလုံးကို သူမဘာသာသူမ ပေးမည်ဟု ပြောခဲ့သည်ကို သူ မသိပေ။
ကျန်းရှုယောင်က အလွန်ချမ်းသာသည်။ ယင်းကို ပေကျင်းမှာ မသိသူမရှိပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် တဟုန်ထိုးဖြင့် အထည်ဆိုင်တစ်ဆိုင်ကို အပြောင်ရှင်းလုနီးပါးဖြစ်ခဲ့သည်။ ရှဲ့ရွှင်း သူ သူမပိုက်ဆံကို အကြွေးတင်မှာကြောက်ပြီး နောက်ပိုင်းမှာ သူမဝယ်ခဲ့သည့် ယောက်ျားအဝတ်အစားတွေအားလုံးကို သခင်ရှန်းယန်ထံ ပို့ပေးခဲ့၏။ ထို့နောက် ရှဲ့ရွှင်း သက်သာရာရသွားခဲ့သည်။
သူက ကျန်းရှုယောင်ကိုပြောလိုက်၏။
"ငါ့ကိုစောင့်ပါ"
ထို့နောက် ကမန်းကတန်း ပြေးထွက်သွားခဲ့သည်။ ခဏအကြာတွင် သစ်သားသေတ္တာငယ်တစ်လုံးနှင့် သူရောက်လာသည်။
သူက သစ်သားသေတ္တာကို စားပွဲပေါ်တင်ကာ သော့ကိုဖွင့်၍ ထူထဲသော ငွေတေးလ်ဘဏ်တိုက် စာရွက်တစ်ထပ်ကို ထုတ်ယူပြီးဆို၏။
"ဒါက ငါ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ဟာ...ဒါက ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်း....."
ကျန်းရှုယောင်က သူ့ကို ကမန်းကတန်း တားလိုက်သည်။
"ဟေး ဟေး ခဏလေး... ရှင်ဘာလုပ်နေတာလဲ"
ရှဲ့ရွှင်းလည်း သူ အတော်လေးနောက်ကျလွန်းနေသည်ကို သတိထားမိပြီး ချောင်းဟန့်လိုက်၏။
"ငါ့မှာ ကျသင့်ငွေပြန်ပေးဖို့ လုံလောက်တဲ့ စုဆောင်းငွေတွေ ရှိတယ်လို့ ပြောချင်တာပါ"
သူက ငွေဘဏ်တိုက်စာရွက်တွေကို ထုတ်ယူပြီး ကျန်းရှုယောင် ရှေ့မှာ ထားလိုက်ကာဆိုသည်။ "ငါ့လစာက မများပေမဲ့ လစဉ်ငွေက နေ့စဉ် ပါဝင်ပစ္စည်းတွေအတွက် ပေးဆောင်ဖို့ကာမိပါတယ် "
သူက ပြောပြောဆိုဆို သူ့ပိုက်ဆံအိတ်ကို ဖြုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။
"ဒီအပိုဘဏ်တိုက်စာရွက်ကို ငါရဲ့ အပေါင်ပစ္စည်းအနေနဲ့ ကြိုယူထားလိုက်ပါ...ဒါ့အပြင် ချက်ပြုတ်ခြင်းက မင်းရဲ့စွမ်းအင်ကို သုံးစွဲပြီးတော့ ဈေးနှုန်းတစ်ခုတည်းနဲ့ တိုင်းတာလို့ မရဘူး"
ကျန်းရှုယောင် ဘဏ်တိုက်စာရွက်၏တန်ဖိုးကို တစ်ချက်ကြည့်လိုက်ပြီး အတန်ငယ် ကူကယ်ရာမဲ့ ဖြစ်နေသည်။
"ဒါက များလွန်းတယ် မဟုတ်လား...ရှင်က တစ်သက်လုံးထားဖို့ စီစဉ်နေတာလား"
မှန်သည်ပင်၊ကျန်းရှုယောင်က "သူ့တစ်သက်စာအတွက် စားစရာအားလုံးကို ပေးချေရန်" ဟုဆိုလိုခဲ့သော်လည်း ရှဲ့ရွှင်းက နားလည်မှုလွဲကာ ရုတ်တကြီး ကြောင်အမ်းသွားပြီး စကားများထစ်ကုန်၏။
"ဟင့်အင်း... အဲလို အဓိပ္ပါယ်မဟုတ်ဘူး"
ကျန်းရှုယောင်က သူ့အတွေးကို လုံးဝမသိလိုက်ပေ။ သူမက ပိုက်ဆံအိတ်ကိုပဲယူပြီ အကြိမ်အနည်းငယ် ချိန်ဆကြည့်လိုက်သည်။
"ဒါဆို လုံလောက်ပြီ...ကျွန်မက နေ့စဉ် ဟင်းချက်ဖို့ ဘာစားကောင်းသောက်ဖွယ်မှ မသုံးဘူးလေ"
အခုလေးတင်က ကျန်းရှုယောင်၏ မှတ်ချက်ကြောင့် ရှဲ့ရွှင်းက မှင်တက်နေဆဲဖြစ်၏။ သူအများကြီးမပြောဘဲ သူမစကားကြားသော ခေါင်းပဲညိတ်ပြလိုက်သည်။
"ဒါဆို ငါမင်းကို ပိုက်ဆံမှန်မှန်ပေးမယ်"
"ကောင်းပြီ"
ကျန်းရှုယောင်က မငြင်းပေ။
*
နောက်တစ်နေ့နံနက်စောစောတွင် ရှဲ့ရွှင်း နံနက်စာစားရန် အစောကြီးထခဲ့ပြီး ကောင်းကင်မတောက်ပမီတွင် သူက ကိုယ်လက်သန့်စင်ပြီးသားဖြစ်နေသည်။
ကျန်းရှုယောင် ထမင်းစားရန်ထချိန် သူ့အတွက်နေ့လည်စာထုပ်ပြီး တစ်စုံတစ်ယောက်ကို စာကြည့်ခန်းထဲပို့ခိုင်းလိုက်သည့်အခါ သူက ကိုယ်လက်သန့်စင်ပြီးခါနီး ဟန်ဆောင်လိုက်၏။
အိမ်နှင့်မနီးမဝေးတွင် မြင်းစီးပြီး ပေါင်မုန့်စားနေသော လင်းချန်နှင့် သူတိုးသွားခဲ့သည်။
လင်းချန်က သူ့ကိုမြင်သောအခါ မြင်းကိုမောင်းလာပြီး သူသယ်လာသည့် ထမင်းဘူးကို ချက်ချင်း လက်ညှိုးပြလာ၏။
"ကြည့်ပါဦး ပေါယွမ်... ငါလည်း ဒီနေ့ ထမင်းထုပ် ယူလာခဲ့တယ်"
ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်သည်။
"ငါပြန်သွားတော့ အိမ်က စားဖိုမှူးကို မင်းယူလာတဲ့ အစားအသောက် အမျိုးအစားအကြောင်း ပြောပြလိုက်တယ်... နည်းနည်းစဉ်းစားပြီးမှ သူတို့က ပုံစံတူ တစ်ခုခုလုပ်ခဲ့တယ်ကွာ"
လင်းချန်က အောင်ပွဲခံရင်း ပြောသည်။
"ဒါပေမဲ့ မနေ့က မင်းယူလာတဲ့ ချဉ်ချဉ်စပ်စပ်အစားအစာကို သူတို့ တစ်ခါမှ မကြားဖူးဘူး... ဟေ့ အသီးအရွက်တွေနဲ့တွဲစားတဲ့ ဟင်းရည်က တကယ်ကို အရသာရှိတယ်"
ရှဲ့ရွှင်းက သူ့မျက်လွှာပင့်ကာ ဘာမှမထူးခြားဟန်ဖြင့် သူ့ကိုကြည့်သည်။ သူက လင်းချန်ကို မနေ့က သူ့ဂျယ်လီကို ဝေမျှနိုင်သည်ဟု ပြောခဲ့ပေမဲ့ တူတစ်စုံသာ ယူနိုင်ခဲ့၏။ သူက ရသည်ဟုပြောပေမဲ့သူ့ဂျယ်လီ ပန်းကန်လုံး တစ်ဝက်လောက်ကို သူ၏တူတစ်စုံက ယူသွားခဲ့သည်။
လင်းချန်က ထိုနေရာတွင် ပေါက်ပေါက်ဖောက်နေဆဲဖြစ်သည်။
"မနေ့က သူတို့အကုန်လုံးက မင်းယူလာတဲ့ အကြော်တွေက အရသာရှိတယ် လို့ ပြောတယ်.. ဒီနေ့တော့ ငါလည်း ငါးအကြွပ်ကြော်လေးတွေ ယူလာခဲ့တယ်... ဗိုက်ဆာတဲ့အခါ အဆာပြေ စားလို့ရတယ်"
သူစကားပြောပြီးသွားသောအခါ ရှဲ့ရွှင် နေ့လည်စာဘူးကိုတွေ့ပြီးမေးလေ၏။
"မင်းကော ဘာယူလာတာလဲ"
ရှဲ့ရွှင်း "ဒါက ပုံမှန်အစားအစာပဲ"ဟုသာဆိုသည်။
လင်းချန် ရိုးအစွာ ယုံကြည်ခဲ့သည်။
နေ့လယ်စာစားချိန်ရောက်သောအခါတွင် လူတိုင်းသည် စားပွဲပေါ်မှ တယောက်ပြီး တယောက်ထကာ စားသောက်ခန်းဆီသို့ နှစ်ယောက် သို့မဟုတ် သုံးယောက်တွဲ လျှောက်သွားကာ ကိစ္စအကြောင်း စကားစမြည်ပြောနေကြသည်။
လင်းချန်က အသားစွပ်ပြုတ်နှင့် အရံဟင်းလျာများကို ယူကာ မကျေမနပ်ညည်းညူ၏။
"ဘာလို့ အခန်းအပူချိန်က နေ့တိုင်းဖြစ်နေတာလဲမသိဘူးးး...နေ့လည်စာထမင်းပူပူကို ဘယ်တော့မှ စားရမှာလဲကွာ"
ရှဲ့ရွှင်းက ဘာမှပြန်မပြောဘဲ "မင်းငါ့ကိုကူယူစရာမလိုဘူး" ဟုသာပြောလိုက်သည်။
"ဒါက အလုပ်မဖြစ်ဘူး... မင်း တစ်ခုခုစားရမယ်... မဟုတ်ရင်နေ့ခင်းမှာ ဗိုက်ဆာလိမ့်မယ်"
ရှဲ့ရွှင်း အနည်းငယ်ရှက်သွားပြီး
"ငါ ထမင်းလာယူခဲ့တယ်"
လင်းချန်က သူ့ကို ဖြောင့်ဖြ နေဆဲဖြစ်၏။
"အခန်းအပူချိန် အစားအသောက်က အေးတဲ့ အစားအစာထက် ပိုကောင်းတယ်ကွ"(အခန်းအပူချိန်ဆိုတာ မပူတော့ပေမဲ့ အေးစက်မနေသေးတာကိုပြောတာပါ)
ရှဲ့ရွှင်းက ကျန်းရှုယောင်သူ့ကိုပြောသည့် အစားအစာပူအောင် လုပ်ပေးသည့်နည်းလမ်းကို ယုံကြည်ခဲ့သည်။ သူ တစ်ခါမှ မစမ်းဖူးသည့်အတွက်ကြောင့် ရှဲ့ရွှင်း အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။
"ပူမှာပါ"
"ဟင်..."
လင်းချန်က သူ့ပါးစပ်ထဲတွင် ကြော်ထားသော ငါးအကြွပ်ကြော်ကို ကိုက်ထားဆဲဖြစ်သည်။ သူ့မျက်လုံးများက ပြူးကျယ်စွာ စိုက်ကြည့်နေသည်။
"မနက်ခင်းမှာ မင်းယူလာတဲ့ အစားအစာက ဘယ်လောက်ပူနေပါစေ အခုချိန်မှာ အေးသွားလိမ့်မယ်”
ရှဲ့ရွှင်းက က သူ့အတွက် ကျန်းရှုယောင် လုပ်ထားသည့် နေ့လယ်စာဘူးကို ထုတ်ယူလိုက်ပြီး သူမ၏ ညွှန်ကြားချက်တွေကို လိုက်နာကာ ရေအေး လောင်းထည့်ပြီး အဖုံးကို ပိတ်လိုက်ပါသည်။
သူ၏လှုပ်ရှားမှုကြောင့် လင်းချန် မျက်စိများပြာပြီး အံ့အားသင့်သွားသည်။
"ပေါယွမ် မင်း ဘာလုပ်နေတာလဲ...မင်းလျှောက်ကစား နေတာလား"
သူ ရှဲ့ရွှင်းကို စနောက်ရန် ရည်ရွယ်ထားပေမဲ့ တိတ်ဆိတ်နေသည့် သစ်သားဘူးက ကျယ်လောင်စွာ ဆူညံသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။ အပေါ်က အပေါက်ငယ်လေးက ဆက်တိုက် အပူတွေထွက်လာပြီး အခန်းတစ်ခုလုံး ဒီဘက်ကို လှမ်းကြည့်လာကြ၏။
ထမင်းပူလာသည်နှင့်အမျှ အနံ့က တဖြည်းဖြည်း လျှံထွက်လာသည်။ အခန်းအပူချိန်ထမင်းကို အချိန်အကြာကြီး စားသုံးနေကျ လုပ်ဖော်ကိုင်ဖက်များသည် ထမင်းပူပူ၏ မွှေးရနံ့ကို အနံ့ခံလိုက်ရသောအခါတွင် ၎င်းတို့၏ တူများကို ချပြီး ရှဲ့ရွှင်းကို ဝိုင်းထားကြသည်။
ရှဲ့ရွှင်း၏ မျက်နှာမှာ ဘာမှ မပေါ်သော်လည်း သူ့စိတ်ထဲတွင် "ကြွစောင်းစောင်း" ခံစားလိုက်ရသည်။
အချိန်နီးလာသောအခါ ရှဲ့ရွှင်း အဖုံးကိုဖွင့်လိုက်သည်။
ထမင်းရနံ့နှင့် ရောနှောပြီး ထူထဲသော ရေနွေးငွေ့များ တက်လာပြီး မြူမှုန်များ ကင်းစင်သွားသောအခါတွင် သူ၏ ထမင်းဘူးထဲရှိ အစားအစာကို လူတိုင်း မြင်နိုင်ကြသည်။
ထမင်းဘူးက လေးထောင့်ဘူး။ ဘူးကို နှစ်ပိုင်းခွဲရန် ညာဘက်တွင် သစ်သားပြားတစ်ခုရှိသည်။ ဘယ်ဘက်ခြမ်းမှာ ကြည်လင်ပြတ်သားသောထမင်းဖြင့် အပြည့်ထည့်ထားပြီး နီညိုရောင် ငါးအရသာဝက်သားမျှင် တစ်ဇွန်းစမ်းထားကာ ဝက်သားနုတ်နုတ်စင်းနှင့် မုန်လာဥနီတို့ကို ပေါင်းထားသည်။ သစ်နားရွက် မှိုတွေလည်း ရောထည့်ထားပြီး အရောင်အသွေး ကြွယ်ဝပြီး ဆော့စ်ကပျစ်၏။
ညာဘက်တွင် တောက်ပသော အနီမှိုင်းရောင် အရောင်ရှိသော အသားအနည်းငယ်ရှိသည်။ လူတိုင်းက ဘာလဲဆိုသည်ကို မပြောနိုင်ပေမဲ့ ရှဲ့ရွှင်းကား သိသည်။ ကျန်းရှုယောင် ခုတ်ထစ်ထားသော ဝက်ခြေထောက်နှပ်များဖြစ်လိမ့်မည်။ အရွယ်အစားက တစ်ကိုက်စာ အနေတော်ဖြစ်ကာ ပါးစပ်ထဲထည့်ပြီး အရိုးတွေကို ဖြည်းညှင်းစွာ ထွေးထုတ်လျှင် သိပ်ရုပ်ဆိုးမှာ မဟုတ်ပေ။
ငါးအရသာ ဝက်သားမျှင်ထမင်းပန်းကန်လုံးသည် အပူပေးပြီးနောက် အနံ့များ လွှမ်းမိုးနေသည်။ တစိမ့်စိမ်အရသာရှိပေမဲ့ ချဉ်ပြီး ချို၏။ အနံ့ခံရုံနှင့် စားချင်စိတ်ကို တိုးစေသည်။
ထမင်းဖြူထဲကို စိမ်ထားသည့်အဆီအနှစ်ကို ကြည့်လိုက်လျှင် နီညိုရောင် တောက်တောက် ဟင်းရည်ထဲမှာ တင်းဖောင်းနေသည့် ထမင်းများက အလွန် ကြည့်ကောင်း၏။
ရှဲ့ရွှင်း သူ၏တူများကို ကောက်ကိုင်လိုက်ပြီး လူတိုင်း၏ အကြည့်များက သူ့တူချောင်းထိပ်ပေါ်သို့ ကျရောက် သွားသည်။
သူ ထမင်းနှင့်ဆော့အစပ် အနည်းငယ် နယ်လိုက်ပြီး ထမင်းပူပူ နှင့် ငါးအရသာ ဝက်သားမျှင်တို့ကို မွှေကာ ပါးစပ်ထဲ ထည့်လိုက်၏။ ပူလောင်သောအပူရှိန်ကြောင့် သူ့ပါးစပ်ကို ထိန်းမနိုင်သိမ်းမနိုင်နီးပါးဖြစ်စေကာ အသက်ရှူမဝဖြစ်ခဲ့ရသည်။ ရောမွှေ ထားသော ထမင်းက ချိုချဉ်ချဥ် ငါးရနံ့တို့ဖြင့် စွန်းထင်းနေပြီး ငါးအရသာဝက်သားမျှင်များ၏ အငန်အရသာလည်း ပျက်ပြယ်သွားသည်။
ချိုချဉ်အရသာက အစပ်ဓာတ်အနည်းငယ် ထုတ်လွှင့်နေသော်လည်း အစပ်ကသာ အရသာကို တစ်ခုတည်းသော ဖြည့်စွက်ပေးမှုဖြစ်သည်။ သာမန်အစပ်လောက် နှိုးဆွပေးမှာမဟုတ်ပေမဲ့ ချိုချဉ်ချဉ်ဆော့စ်၏မွှေးကြိုင်သည့်ရနံ့ကို ဖြည့်စွက်ပေးမှာဖြစ်ကာ ဝါးပြီး မျိုချပြီးနောက် သူ့ပါးစပ်မှာ အရသာ အပြည့်ရှိသည်။
လင်းချန် အတော်လေး စားချင်နေသော်လည်း အခြားသူများ၏ ပစ္စည်းများကို တောင်းရန် ရှက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေရုံသာ ရှိတော့သည်။
ရှဲ့ရွှင်း ၎င်းတို့၏ စိုက်ကြည့်ခြင်းကို အလွန် စိတ်မသက်မသာ ဖြစ်နေသည်။ သူကနည်းမျိုးစုံဖြင့် လုံးထွေးလျက်ရှိပြီး နောက်ဆုံးတွင် ပန်းကန်လုံးထဲသို့ တူးရန် အသီးအသီးအတွက် တူတစ်စုံစီပေးကာ ဝက်ခြေထောက်တစ်တုံးစီ ပေးခြင်းဖြင့်အဆုံးသတ်သွားရ၏။
ငါးအရသာ ဝက်သားမျှင်ထမင်းကို စားရန် မစောင့်နိုင်ခဲ့ပေမဲ့ စားပြီးသည်နှင့် နောင်တရသွားကြသည်။ အသားအရသာက သူတို့ ကိုင်ထားသည့် သတ်သတ်လွတ်ဟင်းရည်ကို ငြီးငွေ့စရာကောင်း သွားအောင်သက်သက်လုပ်လိုက်သလိုပါပင်။သူတို့က ထမင်းကိုမဝါးဘဲ မျိုချလိုက်သလိုပဲ ချိုချဉ်အရသာပဲ ပါးစပ်ထဲမှာ ကျန်ရစ်နေတော့သည်။
လူတိုင်းသည် နေ့လယ်စာပြင်ဆင်နည်းကို မိန်းမစိုးများနှင့် ဆွေးနွေးရန် ပြင်ဆင်နေကြသည်။ အရင်က အဆင်ပြေပေမဲ့ ယခု ရှဲ့ရွှင်း ၏ဟင်းချက်၊တစိမ့်စိမ့်အရသာရှိပြီး အရသာရှိသည့် ထမင်းဗူးကို ကြည့်လိုက်လျှင် မည်သူက ခံနိုင်ပါမည်နည်း။
တွေးနေရင်းနှင် ဝက်ခြေထောက်များကို ပါးစပ်ထဲကို ပစ်ထည့်လိုက်ကြ၏။
ဝက်ခြေထောက်များသည် ယခင်က မစားဖူးသော ပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ အရိုးများ ချိတ်ဆက်ထားသည့်နေရာသည် ပိန်လှီသော်လည်း ကျန်အထူမှာ အနှစ်သာရဖြစ်သည်။ နူးညံ့ပေမဲ့ မပျော့ပေ။ အဆီများသော်လည်း ဆီမများချေ။ ၎င်းသည် နူးညံ့ပြီး ပြင်းထန်သော အသားရနံ့ရှိသော်လည်း ပိုမွှေး၊ ပိုဝါးရကာ ပိုချိုသည်။
ဝက်ခြေထောက်စတူးများက အရသာရှိစွာ နှပ်ထားပြီး အရိုးများကိုပင် စတူးထဲတွင် စိမ်ထားသည်။ အရိုးပေါ်မှာထုပ်ထားသည့် အသားတွေကို စားပြီးသည့်အခါ လူတိုင်းက အရိုးတွေကို လျှာဖျားမှာ တင်၊ လိပ်ပြီး ပါးစပ်ကို ဝတ်ရုံလက်ဖြင့်ကာကာ ထွေးထုတ်ကြ၏။
အခုလေးတင်ရှိ သူတို့ခံတွင်းထဲက ချိုချဉ်အရသာ ငါးစွပ်ပြုတ်အနံ့အရသာက စပ်ပြီး လတ်ဆတ်သည့် တရုတ်ဆေးဖက်ဝင်အပင်တွေ၏ ချိုမြိန်ပြီး လန်းဆန်းသည့်အရသာနှင့် အစားထိုးခံလိုက်ရသည်။ယင်းက အလွှာများစွာပါရှိပြီး ရနံ့ကလည်းကြာရည်စွဲကျန်နေခဲ့၏။
သူတို့၏အကြည့်ကို ရှဲ့ရွှင်းထံသို့ပြောင်းကြည့်လိုက်ကြသည်။ သူတို့ထဲက တချို့က ရှဲ့အိမ်တော်က ထိပ်တန်းစားဖိုမှူးတွေကို ဘယ်ကတူးထားလဲဆိုသည်ကို ရှာဖွေရန် စီစဉ်ထားပြီးဖြစ်ကာ သူတို့မှာ ထိုသို့သော ကျွမ်းကျင်မှုတွေ ရှိလေသည်။ဤသည်ကို ရှဲ့ရွှင်းက သူ့မိန်းမပြင်ဆင်ထားသည့်အရာတွေဖြစ်ဟုထည့်ပြောသော်ငြား အခန်းထဲက ဘယ်သူမှ မယုံကြပေ။ ကျန်းရှုယောင်ဦးနှောက်မရှိခြင်း၏ ဂုဏ်သတင်းမှာ အဟန့်ကောင်းလှသည်။
တချို့က ဝက်ခြေထောက်များအကြောင်း စားမြုံ့ပြန်နေကြတုန်းဖြစ်ပြီး "ပေါယွမ် အဲဒါက ဘာပစ္စည်းတွေနဲ့ လုပ်ထားတာလဲ" ဟုမေးကြ၏။
ရှဲ့ရွှင်းက သူ့ပါးစပ်ထဲက ထမင်းကို မျိုချလိုက်ပြီး "ဝက်ခြေထောက်" ဆိုသည့် စကားနှစ်လုံးကို ပြတ်ပြတ်သားသား ပြောလိုက်သည်။
Xxx