အပိုင်း ၃၅
Viewers 18k

Chapter 35


သူမအမေဆီ ပြန်ခြင်း


စားပြီးသောအခါ လင်းချန် သူ့အပေါ်ပိုင်းကို ဆန့်ထုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဟင်းက စားရသည်မှာ သက်တောင့်သက်သာရှိလွန်း၏။ သူ့လက်မောင်းနှင့်နောက်ကျောက ချွေးစေးတွေထွက်နေပြီး သူ့တစ်ကိုယ်လုံး ပြေလျော့သွားကာ သူ့အဆစ်တွေပင် နွေးလာသည်။


စားပြီးသည်နှင့်  သူ့ဦးနှောက်က နည်းနည်းကြည်လင်လာပြီး ခုနက ရှဲ့ရွှင်း  မပျော်ဘူးဆိုသည်ကို သတိထားမိလိုက်၏။  အလွန်အကျွံစားသည်ကို သူမုန်းပုံမပေါ်သောငြား ကျန်းရှီ လုပ်သည့်အစားအစာတွေ အများကြီးမစားစေချင်သောကြောင့်ပေလော။


အို ဘုရားသခင်၊ သူသည် မယုံနိုင်စရာ လျှို့ဝှက်ချက်အချို့ကို တွေ့ရှိခဲ့သည်။ ဒါ အူပုပ်တာလား ဒါမှမဟုတ် ...


သူလေတက်လိုက်ပြီး ရှဲ့ရွှင်း သတ်မှာကို ကြောက်သဖြင့် ပါးစပ်ကို ခပ်မြန်မြန်လေး အုပ်လိုက်၏။ 


ရှဲ့ရွှင်းက ဤကဲ့သို့ ဘဲသွေးကြာဇံဟင်းရည် ပန်းကန်လုံးကြီးကြီးတစ်လုံး ဖြည်းညှင်းစွာ ကုန်အောင် စားသည်ကိုကြည့်ရင်း လင်းချန်၏ ကြောက်မက်ဖွယ်အထင်အမြင်က တဖြည်းဖြည်း ခိုင်မာလာသည်။


ရှဲ့ရွှင်းဇနီးဖြစ်သူနှင့် လက်ထပ်ရန် အစပြုခဲ့ခြင်းမှာ  နောင်တွင် လမ်းခွဲရန် အခွင့်အရေးရှာနိုင်သည့်အတွက် မိဖုရားခေါင်ကြီး၏ လက်ထပ်ထိမ်းမြားခြင်းအမိန့်ကို ရှောင်ချင်သောကြောင့် မဟုတ်ဘဲ ကျန်းရှီက ဟင်းချက်ကောင်းသောကြောင့် ဖြစ်သည်လော။


မဖြစ်နိုင်ပေ။ဤသည်က လအောက်က လေညှင်းလေးလို လှပသည့်ရှဲ့ပေါယွမ်ဖြစ်၏။ သူက လင်းချန် မဟုတ်ချေ။ တစ်ကိုက်ကိုက်ရရန် သူ့ခန္ဓာကိုယ်ကို တကယ်စတေးမည်လော။


ယင်းက ကြောက်စရာကောင်းသည်။ တုန်လှုပ်ချောက်ချားမှုကို ထိန်းထားရန်  မကြာခဏ ညစာလာစားရန် လိုအပ်၏။


ကျန်းရှုယောင်  နေ့တိုင်း စားသောက်ပြီး ပျော်ရွှင်စွာ အနားယူနေချိန်တွင် ရှန်းယန်းအိမ်တော်မှ သတင်းတစ်ခုရောက်လာသည်။သူမ တုန်လှုပ်သွားလွန်းပြီး လှုပ်ကုလားထိုင်ပေါ်ကနေ ချက်ချင်း ခုန်ချလိုက်၏။ သခင်မရှန်းယန် ကိုယ်ဝန်ရှိနေပြီ...


ရှန်းယန်အိမ်တော်မှာ ပျော်ရွှင်စရာအဖြစ်အပျက်တွေ မရှိခဲ့သည်မှာ နှစ်အတော်ကြာခဲ့လေပြီ။အစေခံအလေးယောက် လွန်စွာပျော်သွားကြသည်။ သခင်မရှန်းယန်သာ သူ့ယောက်ျားကို တစ်ရှိန်ထိုး အနိုင်ယူနိုင်ခဲ့ပါက အနောက်ခြံဝင်းရှိ ယင်းယင်း နှင့်ယန်ယန် တို့သည် မည်သို့ ဂုဏ်ယူဝံ့ကြွားနိုင်မည်နည်း။


သူတို့သည် ပျော်ရွှင်နေကြသော်လည်း ကျန်းရှုယောင် ၏မျက်နှာပေါ်တွင် စိုးရိမ်မှုတို့ မြင်လိုက်ရသည်။


"သခင်မ..."


ပိုင်ကျီက သူမကို တိုးတိုးလေးပြောလိုက်၏။


 "အိမ်လွမ်းနေတာလားဟင်"


ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး 


"မဟုတ်ဘူး...ငါ စိတ်ပူနေတယ်" 


သူမကူးပြောင်းလာပြီးနောက် မူရင်းပိုင်ရှင်၏ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့ပြီး သခင်မရှန်းယန်၏မိခင်မေတ္တာကြောင့် စိတ်ထိခိုက်ခဲ့ရသည်။ သူမ အိမ်ထောင်ကျပြီးနောက် အစားအသောက်နှင့် အဝတ်အစားအတွက် စိတ်ပူစရာ မလိုဘဲ ငွေကြေးနှင့် စည်းစိမ်ဥစ္စာများစွာ ပိုင်ဆိုင်ထားသော်လည်း တစ်ဖက်လူကို အနည်းငယ်မျှပင် ပြန်မဆပ်နိုင်ပေ။


"အမေ့ဆီ ပြန်သွားချင်တယ်" 


သူမဆုံးဖြတ်လိုက်သည်။


"သခင်မ..." 


ပိုင်ကျီ  အံ့အားသင့်သွားသည်။


 "ဘာမှ ကြီးကြီးမားမား မရှိဘဲ မိဘအိမ်ကို ဘယ်လိုလုပ်ပြန်ပြေးနိုင်မှာလဲ"


"မေမေ ကိုယ်ဝန်ရှိတာ ကိစ္စကြီး မဟုတ်ဘူးလား" သူမ အဝတ်အစားလဲပြီး ပစ္စည်းထုပ်ပိုးရန် အခန်းထဲကို လှည့်ပြန်သွားလိုက်၏။


"ဒါဆို ...ကလေးမမွေးမချင်း စောင့်ဦးလေ" 


ပိုင်ကျီက သူ့သခင်မ ဗီရိုကိုဖွင့်ပြီး အဝတ်အစားတွေ ယူလာသည်ကို မြင်သောအခါ  စိတ်တွေပူသွားသည်။


ကျန်းရှုယောင်က သူမ၏လက်များကို ဝှေ့ယမ်းကာ သက်ပြင်းချလိုက်၏။


 "ငါ အရင်တစ်ခေါက် အိမ်ပြန်ရောက်တုန်းက အမေက အစာစားချင်စိတ် မကောင်းဘူး... အခု ကိုယ်ဝန်ရှိနေပြီ...အစာစားချင်စိတ်က ပိုဆိုးလာနေမှာ... သူ ဘယ်လိုလုပ် ကိုယ်ဝန်ကောင်းကောင်းဆောင်နိုင်မလဲ...အဲဒါအပြင် သူနဲ့ ငါ့အဖေ ဆက်ဆံရေးက ဆိုးရွားနေတာ...ငါ့အဖေနဲ့ အနောက်ခြံဝင်းကယင်းယင်းနဲ့ယန်ယန်က သူ့ကို အမြဲဒုက္ခပေးတယ်...ငါ့အမေမှာ ငါ့ဆိုတဲ့ သူ့သမီးလေးတစ်ယောက်ပဲရှိတယ်...ငါသူ့ကို ဂရုမစိုက်ရင် ဘယ်သူကဂရုစိုက်မှာလဲ"


  


မူရင်းပိုင်ရှင်၏ခန္ဓာကိုယ်ကို ယူထားသောကြောင့် သူမ၏မိခင်ကို ပြုစုစောင့်ရှောက်ရမည်ဖြစ်သည်။


"ဒါပေမဲ့ ..." 


ပိုင်ကျီက ဤတစ်ကြိမ် သူမကို အလျှော့မပေးဝံ့ပေ။ သမီးဖြစ်သူကို ပြုစုရန် အိမ်ကနေရောက်လာသည့် မိခင်အကြောင်း ကြားဖူးပေမဲ့ အမေဖြစ်သူက်ို ပြုစုရန် အိမ်ပြန်လာသည့် သမီးအကြောင်း တစ်ခါမှ မကြားဖူးပါချေ။


ကျန်းရှုယောင်က  ဤရှေးခေတ် စည်းမျဉ်းများနှင့် ကျင့်ဝတ်များကို  တစ်စိတ်တစ်ပိုင်း လိုက်လျောညီထွေပြုခြင်းအဆင့်တွင် ရှိနေဆဲဖြစ်သည်။ ပိုင်ကျီက သူမကို မပြောလျှင် သူမအနေဖြင့်  ပုံမှန်လို့ ယူဆရမည့် သူမ၏ အပြုအမူ အတိုင်းအတာကို နားမလည်ဘဲ သူမမိသားစုဆီ ပြန်သွားရန် ခေါင်းမာနေလိမ့်မည့်ဖြစ်သည်။


သူတို့နှစ်ယောက်ကြား မတိုးသာမဆုတ်သာဖြစ်နေသည့်အချိန်၌ အလုပ်ပြီးသည်နှင့် ထမင်းစားရန် အမြန်အိမ်ပြန်ခဲ့သော ရှဲ့ရွှင်းက ခြံဝင်းထဲသို့ ရောက်လာသည်။ ကျန်းရှုယောင်က ခြံဝင်းရော မီးဖိုချောင်ထဲတွင်ပါ မရှိသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။ သူမကို နေရာအနှံ့လိုက်ရှာနေချိန်တွင် အခန်းတွင်းမှ တိုးညှင်းသောအသံကိုကြားလိုက်ရသည်။


သူ သူတို့ကို ရှောင်ရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပေမဲ့ ကျန်းရှုယောင်က အခန်းထဲကနေ ရုတ်တရက် ထွက်လာ၏။ သူ့ကိုမြင်သည့်အခါ ဘာအမူအရာမှ မပြလာပေ။ သူမက ရပ်ပြီး သူ့ကိုပြောလေသည်။ 


"ကျွန်မ မိဘအိမ်ပြန်ချင်တယ်"


ဝုန်းးးး...


သူ့ခေါင်းပေါ် မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး ရှဲ့ရွှင်း၏စိတ်က ဗလာဖြစ်သွားသည်။ ခဏလောက်ကြာသည်အထိ သူဘယ်လိုတုံ့ပြန်ရမှန်း မသိရလောက်အောင် အံ့သြသွား၏။


ကျန်းရှုယောင်က သူ့ကို လျစ်လျူရှုပြီး  ခန်းမဆောင်သို့ အမြန်သွားခဲ့ကာ သခင်မကြီးအားပြောပြရန်အဆင်သင့်ဖြစ်နေသည်။


ရှဲ့ရွှင်းက ထိုနေရာတွင် ရပ်နေကာ သူ့စိတ်တွေ ထုံနေပြီး သူ့နှလုံးသား ပျာယာခတ်သွားသည်။


သေချာ မစဉ်းစားဘဲ ကျန်းရှုယောင်ကို အမီလိုက်ရန် အမြန်လျှောက်သွားခဲ့၏။


သူ့အမူအရာက မကောင်းသည်ကိုမြင်သောအခါ ကျန်းရှုယောင်က ကြောင်တက်တက်နှင့်မေးလိုက်သည်။ 


"ဘာဖြစ်နေတာလဲ"


ရှဲ့ရွှင်း  သူ့ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေပြီး နောက်ဆုံးမှာ အားမပါစွာ ပြောလိုက်သည်။


"တစ်ယောက်ယောက် ပြဿနာလာရှာလို့လား"


"အယ်...မဟုတ်ဘူး" 


ကျန်းရှုယောင် ပို၍ပင်ကြောင်တက်တက်ဖြစ်သွား၏။


"ဒါဆို မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ"


"မဟုတ်ဘူး" 


ကျန်းရှုယောင်  ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမမှာ အတင်းတုပ်ရန် အချိန်မရှိပေ။ 


"ရှင့်မှာ တစ်ခုခုရှိရင် တည့်ပြောပါ...ကျွန်မရှို့နင်ဆောင်ကို ကိစ္စနဲ့ သွားရမှာ"


ထို့နောက် သူမပြောပြီးနောက် ရှဲ့ရွှင်းက နှုတ်ခမ်းတင်းတင်းစေ့ကာ ဘယ်လိုပြောရမည်ကို မသိဖြစ်နေသောကြောင့် သူမ ထွက်သွားခဲ့သည်။


ရှဲ့ရွှင်း သူမ၏ကျောပြင်နှင့် သူမ ပြတ်ပြတ်သားသား ထွက်သွားပုံတို့ကို ကြည့်နေသော်လည်း သူ လိုက်မမီနိုင်တော့ပေ။


အစမှာ တစ်ခုခု မှားသွားလျှင် ဆက်လုပ်ရန် ခက်လိမ့်မည်။


သူ စူပုတ်ပုတ်ဖြင့် ထိုနေရာတွင် ရပ်နေလိုက်သည်။


အစပိုင်းတွင် ကျန်းရှုယောင်က သူ့ကို အသက်အန္တရာယ် ခြိမ်းခြောက်မှုနှင့် မိဖုရား၏ တန်ခိုးဖြင့် ဖိအားပေး လက်ထပ်ခိုင်းခဲ့သည်။ သူအမြဲမပျော်မရွှင်ဖြစ်နေခဲ့၏။သူမအိမ်တော်ထဲဝင်လာပြီးကတည်းက သူ သူမကို အေးစက်စွာ ဆက်ဆံခဲ့သည်။ သူ့မိသားစုဝင်တွေက သူမကိုခက်ခဲအောင် မလုပ်ခဲ့ကြပေမဲ့ အေးစက်ပြီး ကြမ်းတမ်းသည့် ဆက်ဆံမှုတွေ အများကြီးရှိနေဆဲပါပင်။


ကျန်းရှီနှင့် ပတ်သတ်ပြီး သူဘယ်လိုခံစားခဲ့ရလဲ ဆိုသည်ကိုလည်း သူမပြောတတ်ပါချေ။သူမအိမ်သို့ ပြန်သွားမည့်အကြောင်း ကြားသောအခါ ထုံထိုင်းပြီး အသက်ရှူကျပ်လာသည်။ဤစိတ်ဓာတ်ကျမှုက နားမလည်နိုင်လောက်အောင်ပါပင်။


အဲ့ဒါက သူငယ်ချင်းမို့လို့လား...


ကျန်းရှုယောင် ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်ရန် ခေါင်းကိုမော့လိုက်သည်။


ဟုတ်တယ်...သူတို့က သူငယ်ချင်း...


သူငယ်ချင်းတစ်ယောက်ဒုက္ခရောက်ရင် သူ ဘယ်လိုလုပ် ဘေးကနေရပ်ကြည့်နိုင်မှာလဲ...


ရုတ်တရက် သူ အဖြေရှာနိုင်သွား၏။ ချက်ချင်းဆိုသလိုပင် သူ့စိတ်တွေ တက်ကြွလာပြီး သူ့ကျင့်ဝတ်ကို လျစ်လျူရှုကာ ရှို့နင်ခန်းမဆောင် ဆီသို့ ပြေးသွားခဲ့သည်။


သူ့အမေက သူမကို အရှက်ရစေလျှင် သူ တားရမည်။ ကျန်းရှုယောင်က သူမ၏ကိုယ်ပိုင်နေရာကိုသွားလိုပါက သူမ၏သူငယ်ချင်းအနေဖြင့် သူ သူမအား ပံ့ပိုးပေးရမည်ဖြစ်သည်။


သူက သွေးရူးသွေးတန်း ပြေးသွားပြီး ရှို့နင်ခန်းမဆောင်၏ တံခါးဝတွင် ကျန်းရှုယောင်ကို မီသွားသည်။


သူ၏ သပ်ရပ်သောဆံပင်များက ရှုပ်ပွနေပြီး၊ ဆံချည်မျှင်များက သူ့ပုခုံးပေါ် ပြုတ်ကျနေကာ အသက်ရှုသံက မတည်မငြိမ် ဖြစ်နေသည်။ ကျန်းရှုယောင်  က ဘာမှပြန်မပြောခင်မှာ သူက ပင့်သက်ရှိုက်ပြီးမေးလိုက်၏။


 "မိဘအိမ်ကို ပြန်မှာလား"


ကျန်းရှုယောင် ယနေသူဘာဖြစ်နေသည်ကို နားမလည်ဘဲ "ဟုတ်တယ်" ဟု ပြန်ဖြေလိုက်သည်။


သူမမျက်ခုံးကြားမှာ စိတ်မရှည်တို့ဖြင့် အမြန်ပြန်ဖြေသည်ကိုမြင်သောအခါ ရှဲ့ရွှင်းတစ်ယောက် ရုတ်တရက် အတွေးဆိုးတစ်ခု ဝင်လာပါတော့၏။


"မင်း တမင်တကာ....." 


"ကွာရှင်းခြင်း" ဟူသော စကားလုံးက သူ့လျှာဖျားတွင် ရစ်ပတ်လာသည်။ သို့သော်လည်း သူက မပြောဘဲ "တမင်တကာထွက်သွားတာလား" ဟူသော စကားလုံးကို ပြောင်းခဲ့သည်။


ဒါက အဓိပ္ပာယ်မရှိဘူးမလား...


ကျန်းရှုယောင်  သူဘာကိုဆိုလိုနေပါစေ သူ့ကို တွန်းထုတ်ချင်နေခဲ့၏။


"ဟုတ်တယ်"


ရှဲ့ရွှင်း၏နှလုံးသာ အဖျစ်ညစ်ခံနေရသလိုပါပင်။ ဝမ်းနည်းပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။


သူဘာကြောင့် ဤမျှလောက်ထိ အဆင်မပြေဖြစ်နေရသည်လဲ မသိ။ သူ့မှာ အတွန်းခံရပြီး ကယိမ်းကယိုင်ဖြစ်သွားသည်။ သူမ မဆိုင်းမတွ အိမ်ထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသည့်အခါ သူ့တွင် စဉ်းစားရန် အချိန်မရှိတော့ဘဲ သူတွေးနေသည့် အရာကို ကျယ်ကျယ်လောင်လောင် ပြောလိုက်မိတော့၏။


 "ငါ မင်းကို စာတစ်စောင် ပေးမယ်"


သူ ခေါင်းကိုမော့လိုက်ပြီး ကျန်းရှုယောင် လှည့်ကြည့်သည်ကိုမြင်လိုက်ရသည်။ သူ့စိတ်ကိုငြိမ်အောင်ထားပြီး အလွန်ကို လေးလေးနက်နက်ပြောလိုက်၏။


 "မင်းနဲ့ငါကြားမှာ ဆက်ဆံရေးမရှိဘူးလို့ ငါရေးမယ်..."


ဤနည်းဖြင့် သူမ ပြီးပြည့်စုံသော လက်တွဲဖော်ကို ရှာဖွေနိုင်သည်။


လင်နှင့်မယား ကွဲကွာပြီးလျှင် သူမ ဆံပင်ကို ပြန်ဖြီး၊ လခြမ်းကွေး မျက်ခုံးလေးများကို လှလှပပဆွဲကာ အဆင့်မြင့်အရာရှိများထဲကနေ ခင်ပွန်းသည်ကို ရွေးချယ်ရန် သူမျှော်လင့်မိသည်။ အရိပ်တရားရုံးတော်ရှေ့တွင် သူမ၏အလှက ဂီတနှင့် လိုက်ဖက်ညီနေပေလိမ့်မည်။


ထိုအကြောင်းကို တွေးတောရင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့သည်။ သူ၏ သိမ်မွေ့နက်နဲသည့်(မသိမသာ) မကျေနပ်မှုတွေကို ဘေးဖယ်ထားပြီး စိတ်သက်သာရာရသည့်အပြုံးတစ်ခု ပြုံးပြလိုက်၏။


"သွားရအောင်... ငါ မင်းနဲ့(အထဲ) လိုက်ခဲ့မယ်"


နောက်ဆုံးတွင် ကျန်းရှုယောင် ခရီးတစ်လျှောက်လုံးအပြီနောက် စကားတစ်ခွန်းထက်ပိုပြောခဲ့သည်။


"ရှင်ဘယ်အကြောင်းပြောနေတာလဲ" 


သူမလက်မောင်းနှစ်ဖက်ကို ဖြန့်ပြီး ပဟေဠိဖြစ်သွား၏။


 "ဘာကိစ္စလဲ...ရှင်ဘာတွေပြောနေတာလဲ...ရှင်ကျွန်မကိုကွာရှင်းတော့မှာလား"


စိတ်သက်သာရာရသည့်အပြုံး ပြုံးပြခဲ့သော ရှဲ့ရွှင်းက သူ့သူငယ်ချင်းကို နှုတ်ဆက်တော့မည်လုပ်နေခြင်းဖြစ်၏။ သူ့မျက်နှာ တောင့်တင်းသွားပြီး အပြုံးက ပျောက်ကွယ်သွားသည်။ 


"မင်း... ငါ့ကို မထားခဲ့ချင်ဘူးလား..."


ကျန်းရှုယောင် သူမ၏နှာခေါင်းပေါက်မှ "ဟင်း"ခနဲအသံ ထွက်လာသည်။ သူမက သူ့ကို စိုက်ကြည့်လိုက်ပြီး ရှို့နင်ခန်းမဆောင် ထဲကို လှည့်ဝင်ကာ စကားတစ်ခွန်းပစ်လွှတ်လိုက်၏။


 "ကျွန်မအမေ ကိုယ်ဝန်ရှိနေပြီ...အိမ်ကို ပြန်သွားပြီး တွေ့မလို့" 


ရှဲ့ရွှင်း စိတ်ရှုပ်ထွေး သွားပြန်သည်။ ကျန်းရှုယောင်  ကန့်လန့်ကာကို မပြီး အိမ်ထဲဝင်သွားသည်ကို မြင်သောအခါ  ရွှံ့ဦးနှောက်ကို ခါယမ်းလိုက်ပြီး သူမနောက်ကို အမြန်လိုက်သွားခဲ့၏။


မည်သို့ပင်ဖြစ်စေ  သူ့သူငယ်ချင်းတွေအတွက် ပြဿနာဖြေရှင်းရေး ပန်းတိုင်က အတူတူပါပင်။ ကျန်းရှုယောင်  မိဘအိမ်ပြန်ချင်သောကြောင့် သူ့အနေဖြင့် ကူညီရန် ပါးစပ်ကို ဖွင့်ထားရပေမည်။


ရှဲ့ရွှင်းက ကျန်းရှုယောင်နှင့်ရင်ဆိုင်ရသည့်အခါ အမြဲတမ်း မိုက်မဲသူဖြစ်ပြီး ပုံမန်အသိတရားနှင့် မလုပ်ဆောင်တတ်ပေမဲ့ တခြားသူတွေနှင့် ရင်ဆိုင်ရသည့်အခါ အမြဲတမ်း တည်ငြိမ်နေခဲ့သည်။ 


ကြာပန်းလျှာနှင့် ပါးနပ်သော စကားလုံးများဖြင့် ကျန်းရှုယောင် သူမ၏ မိဘအိမ်သို့ပြန်ခြင်းကို စကားနှစ်လုံးသုံးလုံးဖြင့် သခင်မကြီး သဘောတူအောင် ခပ်ပါးပါးပုတ်ခဲ့သည်။သို့သော်လည်း သူမ ကြာကြာနေ၍မရ၊ နှစ်ရက်ဆို လုံလောက်ပြီဖြစ်သည်။


အပြင်မှာစောင့်နေသည့် ပိုင်ကျီက ကျန်းရှုယောင် ပြောသည်ကို ကြားသောအခါ ထိတ်လန့်အံ့ဩမှုကြောင့်  သူမ၏မေးရိုးများပြုတ်ကျသွား၏။


ရှဲ့ရွှင်းက အနောက်အရပ်သို့ ဗုဒ္ဓကိုစေလွှတ်ခဲ့ပြီး ယခု ကျန်းရှုယောင်ကို ရှန်းယန်အိမ်တောင်တံခါးဆီသို့ စေလွှတ်လိုက်သည်။ ရထားပေါ်မှဆင်းကာ လှည့်၍ အိမ်ကြီးထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသည်နှင့် သူမနေနိုင်ဘဲ လှမ်းအော်လိုက်သည်။  "နှစ်ရက်အတွင်း ငါမင်းကို လာခေါ်မယ်..."


ကျန်းရှုယောင် ခေါင်းလှည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။


 "ဟမ်..."


ရှဲ့ရွှင်း ပြောမတတ်အောင် ကြောက်လန့်သွားသည်။ သူ သက်ပြင်းချလိုက်ပြီး "မမေ့နဲ့" ဟု တိုးတိုးလေးပြောလိုက်၏။ မကျေမနပ်မှုတို့တချို့လည်းရှိနေပြီး သူ ထပ်ဖြည့်ပြောလိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ မင်းကို ငါကူညီမယ်... တစ်ခေါက်လာတာနဲ့ ဒုတိယနဲ့ တတိယအခေါက်တွေလည်း ရှိလာလိမ့်မယ်"


ကျန်းရှုယောင်  ရုတ်တရက် သူ့ဆီသို့ တိုးလာပြီး ရှဲ့ရွှင်း  ခြေလှမ်းအနည်းငယ် နောက်ပြန်မဆုတ်မိဘဲမနေနိုင်ပေ။


သူမက သူ့ရှေ့တွင် ရပ်နေကာ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်ရာ ရှဲ့ရွှင်းက ဘာ့ကြောင့်မှန်းမသိ  အပြစ်ရှိစိတ်ရှိနေသည်ကို တွေ့လိုက်ရသည်။


"မစားရမှာကိုကြောက်လို့လား"


ရှဲ့ရွှင်း၏ တွဲလောင်းကျနေသော နှလုံးသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း သူပြန်၍ ကောက်ယူလိုက်သည်။ 


"ဘာလို့ ငါ့ကိုဒီလိုထင်ရတာလဲ--" 


သူပြောရင်းနှင့် ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။ အစားကြောင့် မဟုတ်ဘဲ အဘယ်ကြောင့်နည်း။


ကျန်းရှုယောင်  နားလည်မှုလွဲသွားအောင် သူ့ပါးစပ်ကိုပိတ်ထားလိုက်၏။


ကျန်းရှုယောင်က သူ့ကို ဗလာမျက်လုံးတွေနှင့်ကြည့်နေသည်။ သူ မရှောင်လွှဲနိုင်တော့ခင်မှာ သူမက ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး သူ့ပုခုံးကို ပုတ်ကာ ပြုံးပြလိုက်သည်။


 "ကျွန်မ ပြန်လာတာကိုစောင့်" 


 ပြောပြီးသည်နှင့် သပ်သပ်ရပ်ရပ်လှည့်ပြီး အိမ်ထဲကို ဝင်သွား၏။


ရှဲ့ရွှင်းက အိမ်တံခါးပိတ်သည့်တိုင် တောင့်တောင့်ကြီး ရပ်နေဆဲဖြစ်သည်။


ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားသော်လည်း နားမလည်သေး။ နောက်ဆုံးတွင် သူ့ပခုံးကို ထိလိုက်သည်။


ထူးဆန်းတယ်...အတော်လေး မလှုပ်နိုင်မရှားနိုင်အောင်ဖြစ်သွားတယ်...


ဒါပေမဲ့ သူမ အားအများကြီး မသုံးခဲ့ပါဘူး...သူ ဘယ်လိုလုပ် ထုံကျင်သွားတာလဲ...


သူနားမလည်ပေ။ သူ့မြင်းကိုလှည့်ပြီး အိမ်တော်ဆီ ပြန်သွားခဲ့သည်။ သူမ ခုနက လုပ်လိုက်သော ဝင်းလက်တောက်ပသည့်အပြုံးကို တွေးပြီး သူ့ နှုတ်ခမ်းထောင့်တွေ မြင့်တက်လာသည်။


သူသည် မြင်းကို ဖြည်းညှင်းစွာ မောင်းနှင်ကာ ကောင်းကင်ယံ၌ နေဝင်ချိန်ကို အလွန်စိတ်ကောင်းဝင်နေစွာ ခံစားနေသည်။ အလင်းက နွေးထွေးနူးညံ့သည်။ တိမ်လွှာများက နီမြန်းသော အနီရောင်များဖြင့် စွန်းထင်းနေပြီး အနားစွန်းများသည် ကျန်း.....လုပ်ထားသည့်   ငါးအရသာ ဝက်သားထဲက မုန်လာဥနီကဲ့သို့  ရွှေရောင်သန်းနေသည်။


ခဏလေး... ကျန်းရှုယောင်က သူမမိဘအိမ်ပြန်သွားပြီးဆိုတော့ မနက်ဖြန် ထမင်းပူပူမစားရဘူးလို့ မဆိုလိုဘူးလား...


ရှဲ့ရွှင်း၏ အပြုံးပျက်ပြယ် သွားသည်။



ကျန်းရှုယောင်  အိမ်သို့ ရောက်ရှိလာသောအခါ  သခင်မရှန်းယန်က သူမကို ဆူပြီး သူမကို လက်ထပ်ပြီးသည့်နောက် မိဘအိမ်သို့ ပြေးလာသည့်အတွက် အပြစ်တင်သော်လည်း သူမ ပြန်လာသည်ကို တွေ့ရတော့ ဝမ်းသာသွားသည်။


"မြန်မြန် နင့်အတွက် ထမင်းဟင်းချက်ဖို့ မီးဖိုချောင်ကို ခိုင်းလိုက်...တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ အမဲသား ဖြစ်နေတယ်... နင်က အချိန်ကိုက်ရောက်လာတာပဲ"


သူမက တက်ကြွမှုအချို့ကို ပြန်လည်ရရှိလာပြီး ကျန်းရှုယောင် ကို ဆွဲကာ အပေါ်မှအောက်သို့ ကြည့်လိုက်သည်။ 


"ဘာလို့ ကိုယ်အလေးချိန် အရမ်းတက်လာတာလဲ"


"မေမေ...သမီးက ဘယ်လိုလုပ်ဝမှာလဲ" 


မူလပိုင်ရှင်သည် ယခင်က အလွန်ဆာလောင်နေကျသဖြင့် သူမ၏ မျက်နှာက အဝါရောင် သန်းပြီး ပိန်နေတတ်ကာ ယခုအခါတွင် အသားအနည်းငယ် ကြီးထွားလာပြီး သူမ၏ မူလအသွင်အပြင်ကို မြင်တွေ့နေရပြီဖြစ်သည်။


လင်းရှီက စကားရပ်လိုက်ပြီး နောက်ဆုံးမှာ တခစ်ခစ်ရယ်လိုက်၏။


 "ဟုတ်တယ်... နင်က လက်ထပ်ပြီးပြီမို့ နင့်အမေက ဒါကို လျစ်လျူရှုလိုက်မယ်" 


 သူမက ကျန်းရှုယောင်၏လက်ကိုကိုင်လိုက်ပြီး "ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ပါကွယ်... ဘာလိုချင်လဲ မြို့စားရှဲ့အိမ်တော်ကိုပဲ အားကိုးလိုက်"


Xxxx