Chapter 36
အမဲသားအချဉ်ဟင်းရည်
ကျန်းရှုယောင် သူမ၏နောက်ဆုံးစကားကိုကြားရသောအခါ အံ့အားသင့်သွားခဲ့သည်။ သူမက ထွက်သွားရန် စိတ်ကူးထားသူတစ်ဦးဖြစ်သောကြောင့် စမ်းပြောကြည့်လိုက်၏။
"ရှဲ့ပေါယွမ်က ကျွန်မကို ဂရုမစိုက်ဘူး...ကွာလိုက်ရင်ရော"
လင်းရှီက ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
"မဟုတ်ဘူး... နင့်အမေက နင့်အတွက် မြို့စားရှဲ့အိမ်တော်ကို ရွေးခဲ့တာ အကြောင်းပြချက်မရှိဘဲ မဟုတ်ဘူး...နင့်အမေမှာ နည်းဗျူဟာတွေ လုံလုံလောက်လောက်မရှိလို့ ငါ့ဘဝတစ်ခုလုံးကို စီးပွားရေးနဲ့ ကုန်လွန်စေခဲ့တယ်... ငါ အံသြသွားခဲ့ပေမဲ့ ဖြစ်မြောက်အောင် လုပ်ရဲတယ်...နင်က အသင့်တော်ဆုံးခင်ပွန်းကို ရွေးခဲ့ပြီး နင့်အဒေါ်ကလည်း သဘောတူတယ်"
ကျန်းရှုယောင်၏အဒေါ်သည် မြင့်မြတ်ကိုယ်လုပ်တော်ဖြစ်လာရန် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။
ကျန်းရှုယောင် သူမ၏စေတနာကို နားထောင်ပြီး သူမ မစဉ်းစားနိုင်မီတွင် လင်းရှီက သူမ၏ အတွေးများကို ဖြတ်တောက်ကာ ကျန်းရှုယောင် အတွက် အမဲသားဟင်းတစ်ခွက် ချက်ရန် တစ်စုံတစ်ယောက်ကို ခိုင်းခဲ့သည်။
ကျန်းရှုယောင် သတိပြန်ဝင်လာပြီး လင်းရှီကို သေချာကြည့်လိုက်သည်။ မျက်နှာက ဖြူဖျော့နေသည်ကို မြင်လိုက်ရ၏။ မိမိကိုတွေ့ပြီးနောက် အားအင်အချို့ ပြန်လည်ရရှိခဲ့သော်လည်း ထိန်းထားနိုင်ရုံသာဖြစ်သည်။ သူမကို ဆည်းဆာအလွှာပါးတစ်လွှာဖြင့် ဖုံးလွှမ်းထားသည်။ ကျန်းရှုယောင် လက်ထပ်ပြီးသည့်နောက် သူမ၏ တစ်ခုတည်းသော ကျန်ရှိနေသေးသော တိုက်ပွဲဝင်စိတ်ဓာတ်များ ပျောက်ကွယ်သွားပုံရသည်။
"မေမေက အခုတလော ထမင်းကောင်းကောင်း စားရဲ့လား"
လင်းရှီ မေးခွန်းကိုကြားပြီး သူမသမီး၏မျက်နှာကို ထိလိုက်သောအခါ အနည်းငယ် စိတ်သက်သာရာရသွားသည်။
"နင်ကကြီးပြင်းလာတဲ့အခါ နင့်အမေကို ဂရုစိုက်ရကောင်းမှန်းသိတာပဲ... အရင်ကလို ငါကတွန့်တိုတယ်လို့မထင်တော့ဘူး"
သူမမေးခွန်းကို ရှောင်နေသည်ကိုမြင်သောအခါ ကျန်းရှုယောင် မျက်မှောင်ကြုတ်ပြီး တည်ကြည်လေးနက်စွာပြောလိုက်၏။
"မေမေ...မေမေက အားနည်းနေပြီ...ဒါပေမဲ့ အခု ကိုယ်ဝန်ရှိနေပြီ၊ ကောင်းကောင်းစားရမယ်လေ"
လင်းရှီက ခေါင်းယမ်းကာ သက်ပြင်းချရင်းဆိုသည်။
"ငါကိုယ်ဝန်ရှိမရှိကို ဘယ်သူသိမှာလဲ...ဘယ်သူသိမှာလဲ ဒီကလေးက ..."
သူမ ခေါင်းစဉ်တစ်ခုပြောင်း၍ အစပျိုးလိုက်၏။
"အခုတလော ငါ အစာစားချင်စိတ် ဆိုးရွားနေတာကြောင့် ချဉ်တဲ့ တစ်ခုခုပဲ စားနိုင်တယ်...ဇီးသီးချည်းပဲအမြဲ စားရတာ ပျင်းတယ်"
"ကျွန်မအချဉ်ဟင်းရည်တချို့ လုပ်ပေးရင်ရော"
"အချဉ်ဟင်းရည်က ရှာလကာရည်ဟင်းရည်လား...ဘယ်လိုလုပ်စားကောင်းမှာလဲ"
လင်းရှီက မနှစ်မြို့စွာ ပြောသည်။
ကျန်းရှုယောင်က မတ်တပ်ထရပ်ပြီး
"မကောင်းမဖြစ်ပါဘူး...မေမေ့အတွက် သမီးလုပ်ပေးမယ်...မေမေ့သမီးကိုယ်တိုင်လုပ်ရင် နောက်ထပ် နှစ်လုတ်ပိုစားမယ် မဟုတ်လားလေနော်"
လင်းရှီ ၏ သဘောတူညီချက်ကို မစောင့်ဘဲ သူမ ထွက်ပြေးသွားခဲ့သည်။ လင်းရှီက သူမထွက်ခွာသည့်လမ်းကြောင်းကို ခဏကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး ဝတ်ရုံလက်ကိုမြှောက်ကာ မျက်လုံးထောင့်များကို သုတ်လိုက်သည်။
ကျန်းရှုယောင် မီးဖိုချောင်သို့ ရောက်သောအခါ ထမင်းချက်က ဟင်းချက်ရန် အမဲသားနှင့် ပဲရွက်နုများကို ခုတ်ထစ်တော့မည်ပြုနေသည်။
ခိုင်းကျွဲ/နွားသတ်ခြင်းကို တားမြစ်သည့် ဤမင်းဆက်တွင် အမဲသားသည် ဇိမ်ခံပစ္စည်းဖြစ်သည်။ အမဲသားစွပ်ပြုတ်လုပ်လျှင် တွက်ချေမကိုက်ပေ။
ကျန်းရှုယောင်က ထမင်းချက်ကို တားလိုက်၏။ လှတပတသခင်မလေးက သခင်မရှန်းယန်အတွက် ချက်ပြုတ်ချင်နေတယ်တဲ့လား....
ထိုစကားများကိုကြားသောအခါ မီးဖိုချောင်ရှိအမျိုးသမီးများ၏လက်များသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကာ ကျန်းရှုယောင်အပေါ် သူတို့၏အကြည့်များအားလုံးကို ချောက်ချရင်း ဘေးသို့ထွက်ခွာသွားကြသည်။
သူတို့သည် အိမ်တော်ထဲက သက်ကြီး အလုပ်သမားများဖြစ်သည်။ သခင်မလေးနှင့် သူမအမေက ငယ်ငယ်လေးကတည်းက သဘောထားကွဲလွဲနေကြပြီး ခဏခဏ ရန်ဖြစ်ကြမှန်းသူတို့သိကြ၏။ ယခု ကျန်းရှုယောင်က သူတို့သခင််မအတွက် ကိုယ်တိုင်ချက်ပြုတ်သည်ကိုမြင်ရသောအခါ သူတို့အားလုံး အနည်းငယ်ပင် ခံစားသွားကြရသည်။
သူမက အိမ်ထောင်ကျပြီးသည့်နောက်မှာ ဥာဏ်ရည်ထက်မြက်လာ၏။ မြို့စားရှဲ့အိမ်တော်မှာ သူမ ဘယ်လိုဘဝမျိုးနှင့် နေထိုင်ခဲ့သည်မှာ မသေချာပါချေ။ သူမ၏ချက်ပြုတ်ပုံက တော်တော်လေး သပ်ရပ်လေသည်။
ကျန်းရှုယောင် အနည်းငယ် သက်သာရာ သွားသော အကြည့်များအောက်တွင် အမဲသားကိုယူကာ ပါးပါးလေးများ လှီးထားလိုက်သည်။ ခြစ်တံ ဖြင့်ပြုလုပ်ထားသော အချပ်ပါးပါးများနှင့် နှိုင်းယှဉ်ပါက သူမက ပိုထူသောအချပ်များကို နှစ်သက်သည်။ ပွက်ပွက်ဆူပြီးနောက် ၎င်းသည် အနည်းငယ် ပါးလျသောအနေအထားအထိ ရှိမည်ဖြစ်ပြီး အချိန်ကြာမြင့်စွာ ချက်ပြုတ်ပြီးနောက် ပျော့ပြဲသွားမည်မဟုတ်ပေ။ အဆီများသော အမဲသား၏ နူးညံ့ပြီး နူးအိသော အရသာကို ထိန်းထားနိုင်မည်ဖြစ်သည်။
ဤဟင်းရည်အတွက် အဓိကအချက်မှာ ချဉ်ချဥ်စပ်စပ်အရသာဖြစ်။။ ဟင်းရည်က လေးပင်ပြီး မွှေးနေရပါမည်။ သို့သော် ငရုတ်ကောင်းမရှိခြင်းကြောင့် ထူးခြားသော ပူပူချဉ်ချဥ်အရသာကို ကော်နယ်ဆီဖြင့် အစားထိုးနိုင်သည်။ အခြားပြဿနာမှာ လင်းရှီက အစာစားချင်စိတ်မရှိခြင်း ဖြစ်သည်။ ထိုအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အစပ်အရသာရှိသော အစားအစာတွေကို ရှောင်သည်က အကောင်းဆုံးဖြစ်သောကြောင့် ချဉ်စပ်ဟင်းရည်မှာ စပ်သည့်အရသာကို ပေးစွမ်းရန်အတွက် ဂျင်းချဉ်နှင့် ကြက်သွန်ဖြူကိုသာ အသုံးပြုခဲ့သည်။
အချဉ်ဟင်းရည်၏ လတ်ဆတ်သည့်ရနံ့ကိုရရှိစေရန် ဆီကို ကြက်ဆီကနေ သုံးထား၏။ ကြော်ပြီးနောက် အိုးထဲကို ရေစိမ်ထားသည့်ဂျင်းနှင့် ကြက်သွန်ဖြူထည့်ရသည်။ ခဏလောက်ဆီပူလိမ့်ပြီးလျှင် ဟင်းရည်ထဲကို ထည့်မွှေပြီး အကြွင်းအကျန်တွေကို ဇကာစစ်ထား၏။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များနှင့် သင့်လျော်သောဝိုင်ပမာဏကို ထည့်ပြီး ဟင်းရည်က တဖြည်းဖြည်း အရသာကြွယ်ဝလာသည်။ ပြီးလျှင် အမဲသားအချပ်များထည့်ကာ ခဏပြုတ်ပြီး ပဲပင်ပေါက်အပြည့်ရှိသော ပန်းကန်ထဲသို့ လောင်းထည့်လိုက်သည်။ ချဉ်စပ်ဟင်းရည် အဆင်သင့်ဖြစ်ပါပြီ။
ယေဘုယျအချဉ်အရသာနှင့် ကွဲပြားသည်၊ အချဉ်စွပ်ပြုတ်တွင်ရှိသော အမဲသား၏အချဉ်ဓာတ်သည် အီစိမ့်မှုနည်းပါးစေ ပြီး အနည်းငယ်အရသာပိုရှိပြီး ကြာရှည်စွဲကျန်စေသည်။ အနည်းငယ် အနံ့ခံပြီးနောက်တွင် လျှာအမြစ်များ ယိုစိမ့်လာသည်ကို ခံစားရသည်။
အစေခံများက လင်ရှီရှေ့မှာ အချဉ်ဟင်းကို လာတင်သည့်အခါ ဤရက်ပိုင်း သူမ အစာစား၍ မကောင်းသော်ငြား သွားရည်မယိုဘဲမနေနိုင်ပေ။
အရသာက ဆွဲဆောင်မှုရှိရုံတင်မကဘဲ ချဉ်စပ်ဟင်းရည်ထဲက အမဲသားကလည်း အရသာရှိ၏။ ရွှေဝါရောင်ဟင်းရည်က မျက်နှာပြင်ပေါ်တွင် ပေါလော ပေါ်နေသော အနှစ်ကဲ့သို့ အလွန်ပျစ်နေပုံရသည်။ အညိုဖျော့ရောင် အမဲသားတုံးများကို ရွှေရောင်ဟင်းရည်ထဲတွင် ထည့်ထားသည်။ နို့ဖြူရောင် အဆီများသည့် အပြင်ပိုင်းကပင် ကြည့်ရသည်မှာ အရသာရှိ၏။
ကျန်းရှုယောင်က လင်းရှီ၏ ဆန့်ကျင်ဘက်တွင် ထိုင်ကာ ဇွန်းယူရန် အစေခံအား အမိန့်ပေးလိုက်သည်။
"မေမေ... အချဉ်ဟင်းရည်နဲ့ အမဲသားကို ဇွန်းနဲ့စားတာ အလွယ်ဆုံးနည်းပဲ"
ထို့နောက် လင်းရှီက သူမထမင်းပေါ် ဟင်းရည်တစ်ဇွန်းကို ခပ်ထည့််လိုက်သည်။ ရွှေရောင်ဟင်းရည်နှင့် ပေါင်းစပ်ထားသည့် ထမင်းဖြူက အရောင်အသွေး စွဲဆောင်မှုရှိပြီး အနံ့မွှေးလေသည်။
ဤမြင်ကွင်းကို ကြည့်ကာ လင်းရှီ သူမ စားချင်စိတ်ကြီးစဥ်က နောက်ဆုံးအမှတ်တရကို အမှတ်တမဲ့ သတိရသွားပြီး ဟင်းရည်စမ်းထားသည့် ထမင်းဖြူတစ်ဇွန်းကို ပါးစပ်ထဲ ထည့်လိုက်၏။
ဟင်းရည်က ပါးစပ်ထဲဝင်သွားပြီး ခပ်ပြင်းပြင်း အချဉ်ရနံ့က လျှာအမြစ်အထိ ပျံ့နှံ့သွားသည်။ ယင်းက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော သူမ၏ အရသာခံဖူးများကို လှုံ့ဆော်ပေးလာသည်။ အချဉ်သည် လန်းဆန်းမှုအပြည့်ရှိပြီး လျှာအမြစ်မှ လည်ချောင်းအထိ ပျံ့နှံ့သွားပြီး အစာအိမ်ကို နိုးကြားစေသည်။ သူမသည် ဗိုက်ဆာသလို ခံစားခဲ့ရသည်။
ပေါင်းထားသော ထမင်းဖြူက နူးညံ့ပွရွပြီး မွှေး၏။ ထမင်း၏ ချိုမြိန်သော ရနံ့ အနည်းငယ်မွှေးပြီး အရသာရှိသော ချဉ်စပ်ဟင်းရည်နှင့်အတူ အရသာက အံ့မခန်းပါပင်။
အမဲသားက ဝါးရပေမဲ့ မမာပါချေ။ အလွန်နူးညံ့ပြီး နူးအိသည်။ ဟင်းရည်က အရသာကောင်းပြီး ဝါးသည့်အခါ သူမခံတွင်းက မွှေးရနံ့တွေ ပြည့်နေ၏။ ဟင်းရည်ချဥ်ချဥ်ကြောင့် အဆီဓာတ်ကို ဖယ်ရှားပြီး အလွန်လတ်ဆတ်သော အသားရနံ့သာ ကျန်ရစ်ကာ အဆီများသော အသားများကိုပင် လန်းဆန်းစေသည်။
ဤဟင်းက စားချင့်စဖွယ်ရှိပြီး မအီနောက်ပါချေ။ နှစ်ဇွန်းလောက် သောက်ပြီးနောက် လင်းရှီ ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပူနွေးလာသည်။ သူမ ပါးစပ်ထဲတွင် ချဉ်သွားပြီးနောက် အပေါ့အငန် အရသာ ခံစားနိုင်ရန် နောက်ထပ် ဇွန်းရေ အနည်းငယ် သောက်လိုက်သည်။
အမဲသားချဉ်စပ်ဟင်းရည်က တကယ်စားကောင်းပြီး ပန်းကန်သေးသေးလေး၏ တစ်ဝက်လောက်ကုန်သည့်အခါ လင်းရှီ နှေးကွေးသွား၏။
ဟင်းက အလွန်ကောင်းသည်၊ အဆီများသည်က စား၍ကောင်းပြီး ပန်းကန်အောက်ခြေမှာ ပဲပင်ပေါက်တွေပဲ ကျန်တော့၏။ လင်းရှီ ပဲပင်ပေါက်ကို ဖြည်းဖြည်းချင်းစားခဲ့သည်။ အနည်းငယ် ချိုမြိန်သောအရသာဖြင့် ကြည်လင်လန်းဆန်းနေသည်။လေးပင်သောဟင်းရည်အတွက်အလွန်သင့်လျော်သည်။
ကျန်းရှုယောင် လင်းရှီ သူမဘေးတွင် စားသောက်နေသည်ကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသည်။ လင်းရှီ ကောင်းကောင်းစားနိုင်လျှင် သူမ စိတ်ပူနေမှာ မဟုတ်ပေ။
ယင်းကိုတွေးပြီး အချဉ်၊အငန်နှင့်အရသာရှိသည့် ဟင်းပွဲတချို့ကို တွေးကြည့်မိသည်။ သူမ အာဟာရမြင့်မားသော ဟင်းလျာအချို့ကို ရွေးထုတ်ကာ စိတ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။ ထမင်းစားပြီးသည်နှင့် ဟင်းချက်နည်းတွေကို တစ်ခုပြီးတစ်ခု ချရေးပြီး ထမင်းချက်တွေကို သေချာသင်ပေးခဲ့၏။
သို့သော်လည်း နောက်တစ်နေ့တွင် သူတို့သည် ကျန်းရှုယောင်၏ သေချာတွေးတောထားသော ဟင်းချက်နည်းများကို မသုံးခဲ့ကြပေ။ လင်းရှီက အမဲသားအချဉ်ဟင်းရည်ကိုပဲ ထပ်ချက်ခိုင်းခဲ့သည်။
ဤတစ်ခါတွင် သူမက သိပ်ဇီဇာကြောင်မနေပေ။ ထမင်းဖြူကို ချဉ်စပ်ဟင်းရည်ထဲကို တိုက်ရိုက်လောင်းချပြီး စားပါတော့သည်။
ထမင်းကို ဟင်းရည်မှာစိမ်ထားသည့်အခါ ဆန်လုံးတစ်ခုချင်းစီကို ကွဲသွား၏။လေးပင်ပြီး မွှေးကြိုင်သည့် ဟင်းရည်အရသာက ထမင်းထဲကို စိမ့်ဝင်သွားသည်။ဟင်းရည်စိမ်ပြီးနောက် ဆန်လုံးက ပျော့ပျောင်းပြီး ပြန့်ကားလာသော်လည်း ဆန်လုံး၏ အိစက်သော အရသာကို ထိန်းထားနိုင်သည်။ သို့ရာတွင် အရသာကမူ ဟင်းရည်လို အရသာရှိနေပေမည်။
လင်းရှီ အလုတ်သေးသေးများဖြင့်စားနေပြီး သူမ၏ တစ်ကိုယ်လုံး ချွေးအနည်းငယ်ထွက်နေချိန်တွင် ထမင်းမစားတော့သော်လည်း ဟင်းရည်ကို သောက်နေဆဲဖြစ်သည်။
ကျန်းရှုယောင် အနည်းငယ် အကူအညီမဲ့နေပြီး အလားတူ ဟင်းချက်နည်းအချို့ကို တွေးတောနေခဲ့သည်။ ကိုယ်ဝန်ရှိစဉ်အတွင်း လင်းရှီ ၏အကြိုက်ကို မှန်းဆခြင်းမှာ မှားခဲ့သည်။
လင်းရှီက ဤဟင်းကို အတော်ကြိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ နေ့လယ်စာနှင့် ညစာအတွက်ပင် သူမက အမဲသားအချဉ်ဟင်းရည်ကို စားနေဆဲဖြစ်သည်။
ကျန်းရှုယောင် ပျော်လည်းပျော် စိတ်လည်းပူသွားသည်။ အမဲသားပြီးလျှင် မနက်ဖြန် ဘာလုပ်ရမလဲ စဉ်းစားနေချိန်တွင် တစ်ယောက်ယောက်က သူမခင်ပွန်း လာနေပြီဟုပြော၏။
သူမ မေးစေ့ကို ထိပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်မှာ မီးခိုးပြာရောင် မှိန်ဖျော့ဖျော့ရှိနေပြီး အိမ်ကြီးထဲမှာ မီးပုံးတွေ လင်းနေလေပြီ။
ရှဲ့ရွှင်းက အမှန်တကယ်တွင် သူမကိုရှာရန်ရန် လာခဲ့ခြင်းမဟုတ်ပေ။ ညစာစားပြီးနောက် စာကြည့်ခန်းထဲမှာ စာအုပ်တစ်အုပ်ကို သူဖတ်ခဲ့သော်လည်း ခြံဝင်းက တိတ်ဆိတ်လွန်းသည်ဟု ခံစားမိသည်။ ထို့ကြောင့် မီးပိတ်ပြီး ခြံထဲမှာ လမ်းလျှောက်သွားခဲ့၏။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ ဗလာဖြစ်နေသော ခြံဝင်းကို မကြိုက်တော့ဘဲ ခြံဝင်းထဲမှ တည့်တည့်ထွက်လာခဲ့သည်။ ညစာစားပြီးသည်နှင့် အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေသဖြင့် စိတ်လှုပ်ရှားမှုရှာရန် လမ်းပေါ်ထွက်ခဲ့သည်။
မမှောင်မီတွင် လက်ဖက်ရည်ဆိုင်နှင့် ဝိုင်ဆိုင်သည် မီးပုံးများကို ချိတ်ဆွဲထားသဖြင့် လမ်းဘေးဈေးသည်များလည်း ဈေးဆိုင်များနှင့်အတူ ရောက်လာကြသည်။ ဖောက်သည်များက အိမ်တွင်ရှိနေဆဲဖြစ်ပြီး ယခင်ကလူစည်ကားသောလမ်းက တိတ်ဆိတ်နေပြီး အထီးကျန်နေပုံရသည်။
ရှဲ့ရွှင်း ရှည်လျားသောလမ်းတစ်ဝိုက်တွင် လျှောက်သွားကာ မြို့လယ်ကောင်ကို ဖြတ်လျှောက်၍ ကွေးညွတ်နေသော တံတားပေါ်ကို လှမ်းတက်လိုက်သည်... နောက်ဆုံးတွင် သူ ရှန်းယန်အိမ်တော် အဝင်ပေါက်ဆီသို့ ရောက်သွားခဲ့ပြိး သူ့လက်ထဲတွင် ဆီစိမ်စက္ကူအိတ်နှစ်လုံးကို ကိုင်ထားသေး၏။
သူတမင်တကာ ဝယ်ခဲ့ခြင်းမဟုတ်ပေ။ သူက စျေးဆိုင်သေးသေးတစ်ခုရှေ့တွင် ရပ်နေရင်း သူမ ထန်ဟုလူမစားရတာကြာပြီဟု ကျန်းရှုယောင်ညည်းညူသည်ကို ရုတ်တရက် သတိရသွားသည်။ ထို့ကြောင့် သူမလမ်းဘေးမုန့် မစားရသည်မှာ ကြာပြီဟု သူထင်ကာ ကြေးဒင်္ဂါးပြားအချို့ကို ထုတ်ကာ နှစ်ထုပ်ဝယ်ခဲ့သည်။
အိမ်တော်တံခါးဝသို့ သူရောက်ရှိသည့်အခိုက်အတန့်လေးတွင် သူရုတ်တရက် ပြန်အသိဝင်လာသည်။
သူ့လက်ထဲက ဆီစိမ်စက္ကူအိတ်ကို ကြည့်လိုက်ရင်း သရဲများပြုစားခံရသလားဟု သံသယဖြစ်မိသည်။ သူဘာကြောင့် ဒီလောက် ရှင်းမပြနိုင်အောင်ပြုမှုရတာလဲ...
သူထွက်သွားခါနီးမှာ အသံကျယ်ကျယ်တစ်ခုကိုကြားလိုက်ရ၏။
"သခင်လေးးးး"
သူ လန့်လွန်း၍ ဆီစိမ်စက္ကူအိတ်က မြေပြင်ပေါ်ကို ပြုတ်ကျလုနီးပါးဖြစ်သွားသည်။
ကျန်းရှုယောင်အိမ်ကိုပြန်ရန် သူလိုက်သွားချိန်မှာ ရှန်းယန်အိမ်တော်၏ လက်အောက်ငယ်သားတွေက ရှဲ့ရွှင်းကိုတွေ့လိုက်ကြပြီး ခဏအကြာမှာ သူ့၏အသွင်အပြင်ကို မှတ်မိသွားကြ၏။ မြို့တော်တွင် ချောမောသော သခင်လေးများ နည်းပါးလွန်းလှသည်။ ယနေ့ အိမ်တော်တံခါးဝမှာ ရပ်နေသည်ကို မြင်လိုက်ရသောအခါ သူ့ကို တစ်ချက်တည်းနှင့် မှတ်မိသွား၏။
တစ်ယောက်ပြီး တစ်ယောက် ကျယ်လောင်စွာအော်သံနှင့်အတူ ရှဲ့ရွှင်း ထွက်လည်းသွားမရ နေလည်းမနေနိုင်ပေ။ ကျန်းရှုယောင်ကိုအကြောင်းကြားရန် လက်အောက်ငယ်သား၏ ခြေထောက်များ လျင်မြန်စွာ ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် ဆီစိမ်စက္ကူထုပ်ကို သူ့ဝတ်ရုံလက်များထဲသို့ အမြန်ထည့်လိုက်သည်။
သူ့ဝတ်ရုံလက်ထဲမှာ ဆီစိမ်စက္ကူအိတ်တွေကို ဝှက်ထားရသည်မှာ သိပ်အဆင်မပြေပေ။ ရှဲ့ရွှင်း ဆီစိမ်စက္ကူက အထည်အလွှာများစွာကိုဖြတ်၍ သူ့လက်မောင်းတွင် ကပ်နေသလိုခံစားရသည်။ ပူနွေးမှုက သူစိတ်ရှုပ်နေသည်ဆိုခြင်း၏ သက်သေပါပင်။
ကျန်းရှုယောင်က ရှဲ့ရွှင်းမှာ သူမနှင့်ပတ်သတ်ပြီး တစ်ခုခုရှိနေသည် ထင်ပြီး အမြန်ထွက်ခဲ့ပေမဲ့ တံခါးဝမှာ ရပ်ပြီး သူမကို ကြောင်တက်တက် စိုက်ကြည့်နေသည်ကို သူမတွေ့လိုက်ရသည်။ သူမက ခြေလှမ်းအနည်းငယ်လှမ်းကာ သူ့ဝိညာဉ်ကို ပြန်ဆွဲထည့်လိုက်သည်။
"ရှင် ဘာဖြစ်နေတာလဲ"
ရှဲ့ရွှင်း သတိပြန်ဝင်လာသည်။ သူမအမေးကို ကြားလိုက်ရသောအခါ ရှက်ရွံ့သွားပြီး “ငါ ဖြတ်သွားတာနဲ့ကြုံသွားတယ်” ဟု ရှင်းပြသည်။
"ဖြတ်သွားတာလား"
ကျန်းရှုယောင်က သူမလေသံကို မြှင့်လိုက်သည်။
ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး
"အိမ်ကြီးက ငြီးငွေ့စရာလို့ငါထင်တာနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်... အရှေ့လမ်းကနေ လှည့်ပြီး ဒီကိုရောက်လာတာ... တံခါးစောင့်က ငါ့ကို မှတ်မိပြီး တားလိုက်တာ... သူတို့က ငါ့မှာမင်းနဲ့ပတ်သတ်ပြီးတစ်ခုခုရှိတယ်လို အထင်လွဲနေတာ ဖြစ်နိုင်တယ်... ငါမရှင်းပြခင်မှာ မင်းကို ရှာဖို့ ပြေးသွားတာ"
ကျန်းရှုယောင်က မြို့တော်၏ မြေမျက်နှာသွင်ပြင်ကို နားမလည်ပါချေ။ ၎င်းကိုကြားသောအခါ သူမ အံံ့ဤစွာ ငေးကြည့်နေမိသည်။
ရှဲ့ရွှင်းက သူမမယုံဘူးဟုထင်သည့်အတွက် သက်သေအဖြစ် ဝှက်ထားသည့် ဆီစိမ်စက္ကူထုပ် အမြန်ထုတ်လိုက်ပြီးဆို၏။
"အဲဒီကိုရောက်တာနဲ့ မုန့်နှစ်ထုပ်ဝယ်ခဲ့တယ်"
ယင်းက ကျန်းရှုယောင်၏အာရုံကို စွဲဆောင်သွားပြီး သူ့လက်ထဲက ဆီစက္ကူအိတ်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"ဒါဘာလဲ"
ရှဲ့ရွှင်း ထုပ်ထားသော ဆီစိမ်စက္ကူထုပ်ကိုဖွင့်ကာ အဖြူရောင်ဌာပနာဖြင့် အနက်ရောင်ကောက်ညှင်းကိတ်နှင့် အဝါရောင်အနားကွပ်ဖြင့်အဖြူရောင်ဂျူံကိတ်တို့ကိုပြလိုက်သည်။
"ဒါက သဲကိတ်... ဒါက အကြော်"
သူက မိတ်ဆက်ပေးလိုက်၏။
"ဒါက တော်တော်ဆန်းတယ်နော် "
ကျန်းရှုယောင် အကဲခတ်နေစဉ် ဤမုန့်လုပ်နည်းကို တိတ်တဆိတ် ခန့်မှန်းခဲ့သည်။
“သူမ” ဘာမှလုပ်စရာမရှိသည့်အခါ လမ်းပေါ်မှာ လျှောက်လည်ခဲ့ဖူး၏။ ဤမုန့်တွေကို တစ်ခါမှ မစားဖူးသည်က အလွန်ထူးဆန်း၏။
သို့သော်လည်း ရှဲ့ရွှင်းက သူမထိုသို့ပြောသည့်အခါ စိတ်အေးသွားပြီး ဆီစိမ်စက္ကူကို သူမဆီ ပေးလိုက်သည်။
"မင်း စားကြည့်ချင်လား"
တစ်ယောက်က အိမ်ထဲကို ၀င်ပြီး စကားပြောရန် ခင်ပွန်းကို မဖိတ်ချင်သလို တစ်ယောက်ကလည်း အိမ်တံခါးရှေ့မှာ မုန့်စားရန် မသင့်တော်ဘူးဟု မထင်သောကြောင့် တစ်ယောက်က မုန့်ကို ကိုင်ပြီး တစ်ယောက်က မေးဆန့်ကာစားလေ၏။
သဲကိတ်မုန့်ကို အထဲမှာ နှမ်းစေ့၊ သကြားမှုန့်များဖြင့် ကောက်ညှင်းမှုန့်နှင့် ပေါင်းထားသည်။ အရသာက နူးညံ့ပြီး ဖယောင်းကဲ့သို့ဖြစ်၏။ အပြင်အလွှာက စေးကပ်နေကာ အတွင်းအလွှာက အနည်းငယ်ချိုပြီး ဝါးလိုက်သည်နှင့် ကောက်ညှင်းနံ့မွှေးမွှေးလေး ရှိသည်။
"ဒါက အရသာရှိတယ်"
သူမက ခေါင်းညိတ်ပြီး မှတ်ချက်ပေးသည်။
ရှဲ့ရွှင်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ အခြား အရသာကို မြည်းစမ်းကြည့်ခိုင်းလိုက်သည်။ကျန်းရှုယောင်က မဆိုင်းမတွ သဘောတူလိုက်သည်။
X