အပိုင်း ၃၈
Viewers 16k

Chapter 38


လန်ကျိုး အမဲသားခေါက်ဆွဲ


သူမက ဝမ်းနည်းပူဆွေးနေပြီး မတရားခံရပြီး ကလေးတစ်ယောက်လို ချွဲနွဲ့နေပုံရလေသည်။


ရှဲ့ရွှင်း၏နှလုံးသားတုန်ယင်သွားပြီး "ဘာဖြစ်လို့လဲ " ဟု စိုးရိမ်တကြီးမေးလိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတောင်မှ သူမဘက်ကို ညွှတ်လိုက်မိ၏။


ကျန်းရှုယောင်က ရှဲ့ရွှင်းကိုကြည့်ကာ စိတ်ညစ်လက်ညစ်ဆိုသည်။


 "ရှင်က အရမ်းဉာဏ်ကောင်းတာလား" 


အမှန်တွင်  သူက ကျော်ကြားသော စာပေပညာရှင်ဖြစ်သည်။


သာမန်လူတစ်ယောက်က ယခုလိုမေးလျှင် တစ်ဖက်လူက သူမကို အလွန်ရိုင်းစိုင်းပြီး တမင်တကာစိတ်ကိုဆွကာ စော်ကားနေသည်ဟုထင်မှာဖြစ်ပေမဲ့ ရှဲ့ရွှင်းက လုံးဝထိုသို့မထင်ဘဲ စိုးရိမ်တကြီးနှင့်ဆို၏။


 "ဟမ်..." 


သူမကလုံလောက်အောင် မတော်ဟု သူမခံစားနေရမှာကိုသူကြောက်သည်။


ကလေးချော့နေသလိုမျိုး သူ့အသံက ပိုပျော့ပျောင်း လာပြီး သူ့လေသံကပင်နူးညံ့လာ၏။ "ဘာဖြစ်လို့လဲ"


"ကျွန်မ တစ်ခုခုကို နားမလည်ဘူး" 


ကျန်းရှုယောင်က သက်ပြင်းချလိုက်ပြီး အလွန်စိတ်ဓာတ်ကျသွားသည်။


သူမကို ထိုသို့မြင်လိုက်ရသောအခါ ရှဲ့ရွှင်း၏ နှလုံးသားက ပျော့ပျောင်းသွားပြီး ချဉ်စူးလာခဲ့ကာ သူမ၏ဒုက္ခတွေအကြောင်း ပြောပြလိမ့်မည်ဟု မျှော်လင့်ရင်း စိတ်ရှည်ရှည်နှင့် ပြန်ဖြေခဲ့၏။


"ဘာကို နားမလည်တာလဲ" 


အမြဲတမ်း အေးစက်သောအသံက နူးညံ့သိမ်မွေ့လာသည်။


"အများကြီးပဲ" 


ကျန်းရှုယောင်ကဆိုသည်။


 "ဥပမာအိမ်ထောင်ဆိုတာ ဘာလဲ" 


လင်းရှီက ပြင်းထန်သော စိတ်ဓာတ်ရှိသော်လည်း ဆယ်နှစ်ကျော် သူမ၏အိမ်ဖြစ်ခဲ့သည့် ခြံဝင်းထဲတွင် သူမ စိတ်ဝိညာဥ်ပျောက်ဆုံးသွားခဲ့သည်။ လင်းမိသားစုက အလွန်ချမ်းသာသော်လည်း လင်းမိသားစု၏ ဒုတိယသခင်မဟူသော အဆင့်အတန်းကိုထားခဲ့ကာ သူမကို မနှစ်သက်သော၊ကိုယ်လုပ်တော်များစွာရှိသည့် ခင်ပွန်းသခင်ရှန်းယန်နှင့် အတူနေခဲ့ရသည်။


အိမ်ကထွက်လာချိန်မှာ မြင်လိုက်ရသည့်လင်းရှီ ၏ရုပ်ပုံလွှာကို ပြန်မြင်ယောင်ကြည့်ပါက နေရောင်မှိန်မှိန်လေးနှင့် ပျောက်ကွယ်သွားသလို ပိန်ပြီး အထီးကျန်ဆန်လွန်း၏။


အပြင်းအထန် ထိုးနှက်ခံရသလိုမျိုး သူမ ပိုမသက်မသာ ခံစားလာရသည်။


ရှဲ့ရွှင်း စာအုပ်မျိုးစုံကို သင်ယူခဲ့သော်လည်း သူမမေးခွန်းကို မဖြေနိုင်ခဲ့သဖြင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။


သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို တွေးနေရင်းနှင့် သူ့လေသံက ရှုပ်ထွေးမှုရော အဆင်မပြေမှုပါ ရောထွေးနေသည်။


 "ငါ...ငါ နားမလည်ဘူး... မျိုးရိုးနှစ်ခုရဲ့ ပေါင်းစပ်မှုက ကောင်းတယ်... ပထမတစ်ခုက ဘိုးဘေးတွေအတွက်... ပြီးရင် အဲဒီမှာ လာမဲ့ နောက်မျိုးဆက်တွေအတွက်ရော..."


(သူကမသေချာတဲ့ပုံစံနဲ့ပြောလိုက်တာပါ)


ကျန်းရှုယောင်က ရထားနံရံကို ဗလာကြီး စိုက်ကြည့်ရင်း အဝေးကို မျှော်ကြည့်ကာဆိုလိုက်၏။ "ဒါက တကယ်ကို ခက်ခဲတယ်... မိန်းမတစ်ယောက်ဟာ အိမ်ထောင်ပြုတဲ့အခါ သူ့ခင်ပွန်းရဲ့ မိသားစုမှာ ခိုလှုံဖို့ လိုအပ်တယ်လို့ အမေက ပြောတယ်"


ဘာကြောင့်မှန်းမသိ၊ ရှဲ့ရွှင်း၏ နှလုံးသား အကြောင်းပြချက်မရှိဘဲ အရည်ပျော်သွားခဲ့သည်။


ခဏတာအတွင်း သူ့အိမ်ထဲလက်ထပ်ဝင်လာပြီးနောက်ပိုင်း  မရေမတွက်နိုင်အောင် များပြားလှသော ကျန်းရှုယောင်၏ ပုံရိပ်များက သူ့စိတ်ထဲတွင် ပေါ်လာသည်။ နောင်တရပြီး သူ့ကိုယ်သူ အပြစ်တင်မိ၏။ သူ ဂနာမငြိမ်ဖြစ်ပြီး  စိုးရိမ်နေမိသည်။


သူက မျက်မှောင်ကြုတ်ပြီး ရုတ်တရက် "ငါ မင်းကို စောင့်ရှောက်မယ်"ဟု လေးနက်စွာ ပြောလိုက်၏။


"ဟင်..." 


ကျန်းရှုယောင်က လင်းရှီ၏ စကားများကို ပြန်တွေးနေဆဲဖြစ်ပြီး သူပြောသည်ကို မကြားလိုက်ပေ။


ရှဲ့ရွှင်းက သူမနှင့်မျက်လုံးချင်း ဆုံပြီး သူမ၏မျက်လုံးများကို ငုံ့မိုးကြည့်လိုက်သည်။ သူ့အမူအရာက မထင်မှတ်ထားလောက်အောင် နူးညံ့သိမ်မွေ့နေပြီး "ငါ မင်းကိုစောင့်ရှောက်ပါ့မယ်"ဟု တိုးတိုးလေး ထပ်ပြောခဲ့၏။


စကားပြောပြီးနောက် သူသည် ရထားလုံးပေါ်တက်ကတည်းက သူလုပ်ချင်နေသည့်အရာကိူ လုပ်ခဲ့သည်။ —— သူ့လက်ကို မြှောက်လိုက်ပြီး ကျန်းရှုယောင်၏ ခေါင်းထိပ်ကို ညင်သာစွာ ပွတ်သပ်လိုက်တော့လေ၏။


ကျန်းရှုယောင် အိမ်တော်သို့ပြန်ရောက်ပြီးနောက် သူမသည် အရှေ့တောင်ပံခြံဝင်းဆီသို့ တန်းတန်းမတ်မတ်ပြန်သွားခဲ့သည်။


ရှဲ့ရွှင်း သူမကိုလွှတ်ထားလိုက်၏။ စာအုပ်တစ်အုပ်ကို အချိန်အတော်ကြာဖတ်ပြီးနောက် အရှေ့တောင်ပံတွင် ဖယောင်းတိုင်မီးထွန်းရန် စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။


တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်... အကြာကြီးစောင့် ကြည့်ပြီးနောက် ကျန်းရှုယောင်  အိမ်ထဲတွင်ရှိပုံမပေါ်ကြောင်း သူသဘောပေါက်လိုက်သည်။


သူ ခြံဝင်းကို စက်ဝိုင်းတစ်ဝက်ခန့် ရှာဖွေပြီးနောက် ရပ်ကာ မီးဖိုချောင်ဆီသို့ လျှောက်သွားခဲ့သည်။


မီးဖိုချောင်တွင် မီးပုံးများစွာရှိကာ အလင်းရောင်က နူးညံ့စွာတောက်ပနေပြီး ကျန်းရှုယောင်က ကောင်တာဘေးတွင် ရပ်နေသည်။


ဆံပင်ကို ဆံထုံးတစ်ခုဖြင့် သပ်သပ်ရပ်ရပ် စည်းထားသည်။ သူမ၏ ဝတ်ရုံလက်များကိုလည်း ထူးထူးခြားခြား ချည်နှောင်ထားကာ သူမတစ်ကိုယ်လုံး တင်းတင်းကျပ်ကျပ် ဖြစ်နေသည်။ သူမက မုန့်ညက်ပျော့ကြီးကို ထပ်ခါတလဲလဲ ရိုက်နှက် ဆုပ်နယ် ဆန့်ထုတ်ကာ မုန့်ညက်စွန်းများကို ညှစ်၍ အဆက်မပြတ် ရိုက်နှက်နေသည်။


တိတ်ဆိတ်နေသော မီးဖိုချောင်တွင် ကျယ်လောင်သော "တဘုန်းဘုန်း" အသံနှင့် ပြည့်နေသည်။


ရှဲ့ရွှင်းက သူမ ဘာလုပ်နေမှန်း မသိသဖြင့် သူမဆီသို့ တိုးကာပြောလိုက်၏။


 "ဒီလိုဟာမျိုးကို အစေခံတွေ လုပ်ပါစေ...ဘာလို့ ကိုယ်တိုင် လုပ်ရတာလဲ"


သူ့အသံက နူးညံ့နေသည့်အတွက် ကျန်းရှုယောင်လန့်မသွားပေ။ သူရောက်လာတုန်းက သူမဆီက ဘာတုံ့ပြန်မှုမှ မရှိပေ။


 "ကျွန်မကိုယ်တိုင်လုပ်ချင်တယ်" 


ဤသည်က သူမ၏အကျင့်ဖြစ်၏။ သူမစိတ်ဖိစီးလာသည့်အခါ ချက်ပြုတ်လေ့ရှိသည်။ မုန့်သားနယ်ခြင်း နှင့် ခေါက်ဆွဲပြုလုပ်ခြင်းသည် စိတ်ပျက်စရာအကောင်းဆုံး အလုပ်ဖြစ်သည်။


နဖူးရှေ့တွင် ဆံချည်မျှင်တစ်ချောင်း တွဲလောင်းကျနေပြီး မျက်နှာကို ကုတ်ခြစ်ကာ အနည်းငယ် ယားယံစေသည်။ ကျန်းရှုယောင်က  သူမ၏လက်ကို မြှောက်လိုက်ပြီး နှာခေါင်းကို ရှုံ့ကာ ယားယံသောနေရာကို ပွတ်သပ်လိုက်သည်။


သူမက မုန့်သားကို တစ်ဖန် ဆန့်ထုတ်ကာ စဥ်းတီပြားပေါ်တွင် ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီးနောက် ခေါက်ပြီး တစ်ဝက်ခန့် ဆန့်ကာ ဆက်လက်ရိုက်သည်။ အင်အားက အလွန်ကြီး၏။ မုန့်သားက သူမနှင့် သဘောထားကွဲလွဲမှုတချို့ရှိသော လူကြမ်းတစ်ဦးဖြစ်ပုံရသည်။ ကြည့်ရသည်မှာ နည်းနည်း မိုက်ရူးရဲဆန်၏။


ရှဲ့ရွှင်းက ထွက်လည်းမသွားသလို အသံလည်းမထွက်ပေ။ ငြိမ်ငြိမ်လေးရပ်ပြီး ခဏလောက် စောင့်ကြည့်နေလိုက်သည်။ သူ့ပါးစပ်က မနေနိုင်ဘဲ ပြုံးမိ၏။


နှစ်ယောက်သား စကားမပြောဖြစ်ကြ။ တစ်ယောက်က သူ့အလုပ်ကို အာရုံစိုက်ပြီး နောက်တစ်ယောက်က စောင့်ကြည့်သည်။


ကျန်းရှုယောင်  နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး သူမ၏စိတ်ထဲရှိ စိတ်ဓာတ်ကျမှုမှာ များစွာလျော့ကျသွားခဲ့သည်။ သူမက ရှဲ့ရွှင်းဆီသို့ ခေါင်းလှည့်လိုက်ပြီး အသက်ရှူသံမတည်မငြိမ်ဖြင့် ရက်ရက်စက်စက် ပြောလိုက်၏။


 "စားရအောင်..."


အဲဒီလောက် အာဃာတကြီးတာလား...


ရှဲ့ရွှင်း  မရယ်ဘဲမနေနိုင်ပေ။ သူ၏ အနက်ရောင် မျက်လုံးများတွင် ဖယောင်းတိုင်မီး အနည်းငယ် ရောင်ပြန်ဟပ်နေကာဆိုသည်။


 "ကောင်းပြီ"


ကျန်းရှုယောင်က သူမလက်ပေါ်မှာ ဂျုံမုန့်ကို ပွတ်လိုက်ပြီးအောင်ပွဲခံစွာ ပြောလိုက်၏။


 "ရှင့်ကို တစ်ခုခု ပြမယ်" 


သူမက စဥ်းတီပြားကို ဆီလိမ်းကာ ချောမွတ်နေသော မုန့်စိမ်းကို ကောက်ကိုင်၍ အစွန်းနှစ်ဖက်လုံးကို လက်များပေါ်တင်လျက် အပြင်သို့ အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ၎င်းနောက် တစ်ဝက်စီခေါက်သည်။ သူမ၏ လက်ချောင်းများက တဖျပ်ဖျပ်ခတ်ကာ လက်ကောက်ဝတ်များ တုန်ခါရင်း သူမ ထပ်မံဆန့်ထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မုန့်စိမ်းက သူမလက်ထဲမှာ ရှုပ်ထွေးနေသည့် ခေါက်ဆွဲများဖြစ်သွား၏။


ရှဲ့ရွှင်းက သိချင်ဟန်ဖြင့်မေးလိုက်သည်။


 "ဒါကို မင်းဘယ်က သင်ယူခဲ့တာလဲ"


ကျန်းရှုယောင်က လိမ်ရန် ပျင်းလွန်းသောကြောင့် သူပါးစပ်ပိတ်သွားအောင် ယခုလိုသာပြောလိုက်၏။


 "ဆရာလိုသေးလို့လား"


ရှဲ့ရွှင်း  နှုတ်ပိတ်လိုက်သည်။


ဟင်းရည်က လန်ကျိုး အမဲသားခေါက်ဆွဲ၏အနှစ်သာရဖြစ်သည်။လင်းရှီက ကျန်းရှုယောင်ကို အတင်းပြန်ယူသွားခိုင်းခဲ့သည့် ခြေထောက်အရိုးတွေ၊ ကြက်သားနှင့်အမဲသားတွေနှင့် ပြုလုပ်ထား၏။ ဟင်းခတ်အမွှေးအကြိုင်များနှင့် တရုတ်ဆေးဖက်ဝင်အပင်များဖြင့် ဖြည်းဖြည်းချင်း ပြုတ်ထားသည်။ ဟင်းရည်က ကြည်လင်နေသော်လည်း အရသာက ဟင်းရည်ထဲကို လုံးလုံးလျားလျားပေါင်းထည့်ထား၏။ အသားအရိုးမျိုးစုံထည့်ထားလျှင်ပင် ဟင်းရည့်က ကြည်လင်ပြီး အရသာရှိမှာဖြစ်သည်။


ရေဆူသည့်အခါ ကျန်းရှုယောင်က ခေါက်ဆွဲကို ပွက်ပွက်ဆူနေသည့်ရေထဲကို ပစ်ချလိုက်၏။ခဏပြုတ်ပြီး အချိန်တန်လျှင်ဆယ်ထုတ်လိုက်ကာ ခေါက်ဆွဲသားက သန်မာပြီး ပျော့ပြောင်းနေပေလိမ့်မည်။


သူမက လတ်ဆတ်ပြီး မွှေးကြိုင်သော ဟင်းရည်ဇွန်းကြီးတစ်ဇွန်းကို လောင်းထည့်ကာ ပြုတ်ထားသော မုန်လာဥအတုံးများ နှင့် အမဲသားချပ်များ ၊ နံနံပင် နှင့် လှီးထားသော ကြက်သွန်စိမ်း တို့ကို ဖြူးကာ ရှာလကာရည်အညို အနည်းငယ် လောင်းထည့်လိုက်သည်။ ရုတ်တရက် ရှာလကာရည်နံ့က လေထဲမှာ မွှေးပျံ့လာ၏။ အရသာက ကြည်လင်ပေမဲ့ မပျော့ပေ။


ရှဲ့ရွှင်းက ပန်းကန်ကို စေတနာအလျောက် သယ်ပေးပြီး နှစ်ယောက်သား အရှေ့တောင်ပံသို့ ပြန်၍ စားသောက်ကြသည်။


ဟင်းရည်က ကြည်လင်ပြီး ခေါက်ဆွဲက အဖြူ၊ ကြက်သွန်က စိမ်းကာ မုန်လာဥအတုံးများက ဖြူ၏။ အရောင်ဖျော့ဖျော့ကြောင့် အမဲသားချပ်များကို အလွန်မျက်စိဖမ်းစားစေသည်။ ကြည့်လိုက်ရုံနှင့် နူးညံ့သည့် အမဲသားကို စိတ်ကူးကြည့်နိုင်၏။


ရှဲ့ရွှင်း  ခေါက်ဆွဲအမြောက်အမြားကို ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ခေါက်ဆွဲများသည် ပါးလွှာသော်လည်း ရှည်လျား၊ ပျော့ပျောင်းပြီး ခိုင်မာသည်။ ဟင်းရည်ပျစ်ပျစ်ထဲကို ခေါက်ဆွဲသားပါးပါး စိမ်ထားပြီး ခေါက်ဆွဲမျှင်တိုင်းက အရသာရှိ၏။


ခေါက်ဆွဲပြုတ်မှာ ရှာလကာရည်ရနံ့ အနည်းငယ်ရှိသည်။ ယင်းက အရသာရှိပြီး လန်းဆန်းစေလေသည်။ ဟင်းရည်များနှင့်ထုပ်ပိုးထားသည့် ခေါက်ဆွဲကို သက်တောက်သက်သာရှိစွာ တရှူးရှူးစုပ်သောက်လိုက်၏။


"အရသာရှိတယ်" 


ရှဲ့ရွှင်းက ထအော်သည်။ သူ ဒီညလယ်စာစားပွဲကို အရမ်းချစ်တယ်...


ကျန်းရှုယောင်ကဆို၏။


 "ဟုတ်တယ်"


ရှဲ့ရွှင်းက သက်ပြင်းချလိုက်ပြီး ကြက်သွန်စိမ်းနှင့် ခေါက်ဆွဲဆီများကိုမှုတ်ရန် ခေါင်းငုံ့လိုက်သည်။ ၎င်းနောက် ပူစပ်စပ် ဟင်းရည်ကိုသောက်လိုက်သည်။ သက်တောင့်သက်သာရှိလွန်း၍ လောဘကြီးသည့် ကြောင်တစ်ကောင်လို မျက်လုံးကို မှိတ်ထားလိုက်၏။


သူက အရပ်ရှည်ပြီး ပိန်သည်ထင်ရပေမဲ့ တကယ်တမ်းမှာ သူက အများကြီးစားနိုင်သည့် ဆရာသခင်တစ်ဦးဖြစ်သည်။


ကျန်းရှုယောင် ဘယ်မှာရှာတွေ့ခဲ့မှန်းမသိသော ဧရာမပန်းကန်လုံးကြီးက သူ့သီးသန့်ပန်းကန်လုံးဖြစ်လာသည်။ ကျန်းရှုယောင်ကြွေပန်းကန်လုံးသေးသေးလေးနှင့် သူ့ပန်းကန်အကြား ကွာခြားချက်က သေးငယ်ခြင်းမရှိပါချေ။


သူမက ခါတိုင်းလို “အများကြီးမစားနဲ့”ဟု သတိပေးနေတုန်းပါပင်။


ရှဲ့ရွှင်းက သူ့မျက်နှာကို ပန်းကန်လုံးထဲတွင် မြှုပ်ထားပြီး နှာခေါင်းမှ "အွန်း"ဟု အသံပြုကာ ခေါက်ဆွဲကို ဆက်စားသည်။


သူ့မျက်နှာပေါ်ရှိ အခိုးအငွေ့များက သူ့ပါးပြင်များကို နီမြန်းစေသည်။ သူ့နှာခေါင်းနှင့် ပါးစပ်မှာ အရသာရှိမှု အပြည့်ရှိသည်ကို ခံစားရသည်။ ကြည်လင်ပြီး စွတ်စိုနေသော ဟင်းရည်က ဤကဲ့သို့ မွှေးကြိုင်သောရနံ့ကို မည်ကဲ့သို့ရနိုင်သည်ကိုတွေးရင် သူ ထပ်မံသက်ပြင်းချမိသည်။


ညက အေးအေးလူလူရှိ၏။ သူသည် အရသာရှိသော အစားအသောက်များတွင် နှစ်မြှုပ်ပြီး ခေါက်ဆွဲနှင့် စွပ်ပြုတ်ကို စားခဲ့သည်။ ခေါက်ဆွဲ ဝါးခြင်းက အပျော်ရဆုံး အလုပ် ဖြစ်မည်ဟု သူ ခံစားခဲ့ရသည်။


ကျန်းရှုယောင် စားပြီးသောအခါ သူလည်း ပြီးသွားခဲ့သည်။


စားပြီးလျှင် ဘယ်သူမှ မလှုပ်ချင်ကြပေ။ သူက သက်တောင့်သက်သာ မှီလိုက်ပြီး ချွေးများ ဖြည်းညှင်းစွာ စိမ့်ထွက်သည်ကိုစောင့်ဆိုင်းနေခဲ့သည်။


ရှဲ့ရွှင်း  ရုတ်တရက် တစ်ခုခုကို တွေးပြီး သူမကိုသတိပေးလိုက်၏။


 "မနက်ဖြန် မင်းသမီးရဲ့ စံအိမ်မှာ ပွဲသွားတက်ရမယ် ဆိုတာကို မမေ့နဲ့"


"အင်း...ပိုင်ကျီ ပြောထားတယ်"


"အဝတ်အစားကြောင့် အချိန်မလွတ်စေနဲ့" 


သူတို့နှစ်ယောက် နောက်ဆုံးအကြိမ် အပြင်ထွက်တုန်းက စောင့်ရသည်မှာ လုံလောက်နေပြီဖြစ်သည်။


"မဟုတ်ဘူး...ကျွန်မ စောစောထရမယ်"


ကျန်းရှုယောင်  အများကြီး ပို စိတ်အေးလက်အေးခံစားရပြီး သူမမျက်နှာမှာ မှုန်မှိုင်းမှုတို့ မရှိတော့ပေ။


ရှဲ့ရွှင်းက အခွင့်အရေးကိုမြင်ပြီးမေးလိုက်သည်။ "ရှန်းယန်အိမ်တော်မှာ ဘာဖြစ်ခဲ့တာလဲ"


သူ့အကြောင်းအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ကျန်းရှုယောင်က သူဘာကြောင့် ယခုလိုပြောရသည်လဲဆိုပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေပေမဲ့ ဤအကြောင်းအရာကို သူမ မရှောင်ခဲ့ပါချေ။ သူမ ခေါင်းယမ်းပြီးပြောလိုက်၏။


 "ဘာမှမဟုတ်ပါဘူး အမေပါ... မျှော်လင့်ချက်တွေ ဆုံးရှုံးသွားပြီး တိုက်ပွဲဝင်စိတ်ဓာတ် မရှိတော့သလို ခံစားရတယ်...သူ့မှာ ခွန်အားလည်း မရှိဘူး" 


သူမက သူ့ကို ပြောပြ လိုစိတ်ရှိသဖြင့် ရှဲ့ရွှင်း  အနည်းငယ်ပျော်သွားသည်။ သူ့က သူမ အခက်အခဲတွေကို ဖြေရှင်းပေးချင်သဖြင့်ပြောလိုက်၏။


 "မင်းအမေက ဘာလုပ်ရတာ သဘောကျလဲ"


ကျန်းရှုယောင်  ခဏလောက်စဉ်းစားပြီး


 "အချစ်... ပိုက်ဆံရှာရတာ..." 


 သူမ ကူးပြောင်းလာချိန်ကို ပြန်အမှတ်ရမိပြီးပြောလိုက်သည်။ 


 “သာမန်နေ့တွေမှာ ကိုယ်လုပ်တော်တွေနဲ့ ပြဿနာရှာတတ်တယ်၊ စာရင်းတွေရှင်းတယ်...သူ့လုပ်ငန်းလုပ်တယ်...ပြီးတော့ ကျွန်မမြန်မြန်လက်ထပ်ဖို့ မျှော်လင့်တယ်…..”


ထို့နောက် သူမ ရှက်ရွံ့စွာ တိတ်ဆိတ်သွားခဲ့သည်။ တကယ်တမ်းတွင် သူမနှင့်ရှဲ့ရွှင်းတို့ကြားက အိမ်ထောင်ရေးက သာယာပျော်ရွှင်စရာ မဟုတ်သည်က သေချာလေသည်။ 


ရှဲ့ရွှင်းက သူမ၏ အတွေးများကို သတိမထားမိဘဲ သူမစကားကြားပြီးနောက် ရယ်မောလိုက်သည်။ 


"ဒါဆို သူ့ကိုစိတ်ဓာတ်လှုံ့ဆော်မှု(မိုတီ) ပြန်ရှာပေးလိုက်ပေါ့ " 


သူမကို အနှောက်အယှက်ပေးနေသော ပြဿနာများသည် သူတွေးထားသလောက် မခက်ခဲလှပေ။ ရှဲ့ရွှင်းက စိတ်သက်သာရာရစွာ သက်ပြင်းချရင်းဆိုလိုက်၏။


 "မင်းအမေက စီးပွားရေးကို ချစ်တယ်... ဒါကြောင့် သူ့လုပ်ငန်းကို လုပ်ခွင့်ပေးလိုက်ပါ...သူပါဝင်ခဲ့တဲ့ လင်းမိသားစုစီးပွားရေးက အခုလုပ်ငန်းရဲ့ ထိပ်တန်းဖြစ်နေပြီမို့ တခြားလုပ်ငန်းကို ပြောင်းခိုင်းလိုက်"


"ဥပမာ..." 


ကျန်းရှုယောင်၏ မျက်လုံးများ တောက်ပလာသည်။ သူမဦးနှောက်က အကြံတစ်ခုရသွား၏။


ရှဲ့ရွှင်းက သူ့မျက်နှာပေါ်တွင် တက်တက်ကြွကြွ အပြုံးဖြင့် အနည်းငယ် မတ်မတ်နေလိုက်ပြီးဆိုလေသည်။


 "ဥပမာ... အစားအသောက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ...မင်း မြို့စား ရှဲ့အိမ်တော်မှာ မင်းရဲ့ အချက်အပြုတ်ကျွမ်းကျင်မှု အားလုံးကို ဖြုန်းတီးလို့ မရဘူးလေ"


"ပေါ့ပ်..."


ကျန်းရှုယောင် ရုတ်တရက် ထရပ်လိုက်သည်။ သူမ၏ဝတ်ရုံစွန်းက ပန်းကန်လုံးအား မြေကြီးပေါ်သို့ တိုက်ချပစ်ကာ စကတ်ကိုကိုင်ပြီး ရှဲ့ရွှင်း အနားသို့ အလျင်အမြန်ပြေး၍ ထိုင်ချလိုက်လေသည်။


"အသေးစိတ်ပြောပြ"


သူမက နီးကပ်စွာ တိုးမှီနေပြီး သူမ၏မျက်လုံးများက ရွှန်းစိုလှပသော အမူအရာများ ပြည့်နှက်နေပြီး သူ့ကို ပျော်ရွှင်စွာ ကြည့်နေသည်။ ရှဲ့ရွှင်း  အနည်းငယ်ရှက်ရွံ့သွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးကို မျိုသိပ်ထားလိုက်သည်။


"လင်းမိသားစုက အခု မူလလုပ်ငန်းရဲ့ ထိပ်ပိုင်းကို ရောက်နေပြီ...ရှေ့ဆက်သွားဖို့က အဓိပ္ပါယ်မရှိပေမဲ့ တခြားလုပ်ငန်းကို ပြောင်းရင်တော့ မတူတော့ဘူးလေ ... အားလုံးကို အစကနေစရပြီး ရှေ့ဆက်ရမယ့်လမ်းကို မသိနိုင်ဘူး... အသစ်ဖြစ်ပြီး ဆန်းသစ်လိမ့်မယ်... စီးပွားရေးကို နှစ်သက်တဲ့ ယောက္ခမက ဒါကို စိတ်ဝင်စားလိမ့်မယ်လို ယူဆရနိုင်တယ်"


ကျန်းရှုယောင်က ကြမ်းပြင်ကို လက်နှစ်ဖက်ဖြင့် ပုတ်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။


 "အဲဒါက အဓိပ္ပာယ်ရှိတယ်... ဒါပေမဲ့လင်းမိသားစုစားသောက်ဆိုင်က ဘယ်လိုလုပ် ထူးထူးခြားခြား ရပ်တည်နိုင်မှာလဲ"


ရှဲ့ရွှင်း  သူမအလွန်စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ ရယ်မိပြန်သည်။ သူ့မျက်ခုံးတွေက ချောမောပြီး နူးညံ့နေ၏။


 "ဒါက မင်းအပေါ်မှာပဲ မူတည်တယ်... ဒါပေမဲ့  ငါ့မှာ အကြံတစ်ခုရှိတယ်...လင်းမိသားစုက ချမ်းသာတယ်... ငွေရှာတာကို မင်းတကယ် ဂရုမစိုက်ဘူးလို့ ငါထင်တယ်... ပြီးရင် အာရုံကိုပြောင်းလိုက်... ဥပမာ ပြည်သူကို အကျိုးပြုတာတစ်ခုခုလုပ်ရင်း ငွေရှာတာ...”


"ဒါ... ခက်မယ်ထင်တယ်" 


ကျန်းရှုယောင် ရှဲ့ရွှင်းက သူမကို ကြီးကျယ်မြင့်မြတ်သော တာဝန် ထမ်းဆောင်ခိုင်းရန် မမျှော်လင့်ခဲ့ပေ။


ရှဲ့ရွှင်းကဆိုသည်။


 "သာမန်လူတွေကို ကယ်တင်ဖို့က ကြီးကြီးမားမား အကြောင်းပြချက် မဟုတ်ဘူး... မျက်မှောင်ကြုတ် မနေပါနဲ့...အဲဒါက မခက်ပါဘူး... ဥပမာ၊ မင်းတို့လင်းမိသားစုရဲ့ သင်္ဘောလိုင်းက လမ်းကြောင်းကို ဦးဆောင်...မြစ်ချောင်းတွေက ဓားပြတွေကို ရှင်းလင်းစေပြီး ပြည်သူတွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အတွက် ခရီးသွားဖို့ ပိုလွယ်ကူစေတယ် ...ဒီအရာက လူတွေအတွက် အကျိုးပြုတယ် မဟုတ်ဘူးးလား... အဲဒါက လင်းမိသားစုကို ဧကရာဇ်ထိုက်ဇူက ပံ့ပိုးရခြင်းရဲ့ အကြောင်းပြချက်ပဲဖြစ်တယ်"


Xxxxx