အပိုင်း ၄၃
Viewers 16k

Chapter 43


ခေါက်ဆွဲအေးမီးကင်


ကျန်းရှုယောင် ထိုသို့သောအရာများပြောပြသည်ကို ရှဲ့ရွှင်းပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ သူ သက်ပြင်းချကာ သူမကို မျက်ရည်သုတ်ပေးလိုက်သည်။


"ဒါက မင်းအမေရဲ့ရွေးချယ်မှုလေ...အရာရာတိုင်းက ကံကြမ္မာအလိုကျပါပဲ...အနည်းဆုံးတော့ သူ့မှာမင်းရှိသေးပါတယ်"


"ကျွန်မသိပါတယ်" 


သူမ ရှဲ့ရွှင်း၏ပခုံးပေါ်မှီကာ မျက်ရည်များကျလာသည်။


 "သူ အဖေ့ကို မချစ်မိခဲ့ဘူးဆိုရင် အိမ်ထောင်ပြုပြီး ဒုက္ခရောက်နေစရာ မလိုပါဘူး...ချစ်ခြင်းမေတ္တာနဲ့ ရှေ့သွားနောက်လိုက်ညီမှုတွေက  ဘယ်လိုလုပ် ဒီလိုမျိူး  အဆုံးသတ်သွားရတာလဲ...သူ ဘာကြောင့် အရာအားလုံးကို ဆုံးရှုံးခဲ့ရတာလဲ"


ရှဲ့ရွှင်း သူမအားမည်သို့နှစ်သိမ့်ရမည်ကို မသိသောကြောင့် မျက်ရည်များကိုသာ သုတ်ပေး နိုင်ခဲ့သည်။


ကျန်းရှုယောင် စိတ်ဓာတ်ကျပြီး အရက်မူးခြင်းကြောင့် စတင်ရူးသွပ်လာသည်။သူမ ဘာတွေတွေးနေမှန်း၊ ဘာပြောနေမှန်းမသိတော့ပေ။ သူမ  ငိုယိုပြီး ယောကျာ်းတွေကို အပြစ်ရှိသည့်အတွက် ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။


ရှဲ့ရွှင်းက တိတ်တိတ်လေး နားထောင်ပြီး သူမ ငိုနေသည် ကြည့်နေခဲ့၏။ သူမ၏မိတ်ကပ်များက ပေပွနေပြီး မျက်ရည်များနှင့် နှာခေါင်းမှအချွဲများဖြင့် မျက်နှာက စိုစွတ်နေသည်။သူ သူမကိုစကားလုံးအနည်းငယ်ဖြင့်နှစ်သိမ့်ပေးရန် ကြိုးစားခဲ့သည်။


 “အဲလိုတော့ မဟုတ်ပါဘူး... အိမ်ထောင်သက် နှစ်အတော်ကြာသွားပြီဖြစ်တဲ့ ငါ့အစ်ကိုကြီးနဲ့ ငါ့ခယ်မအကြီးဆုံးကို ကြည့်လိုက်... အစ်ကိုကြီးက သူ့ကို ခါတိုင်းလို ချစ်နေတုန်းပဲ...အရင်အတိုင်းပဲဆက်ဆံနေတုန်းပဲ"


သူက သူမဆံပင်လေးကို သပ်ပေးရင်း သက်ပြင်းချကာဆိုလိုက်၏။


"ဖြစ်နိုင်တာက မင်းမိဘတွေရဲ့ ခံစားချက်က မနက်ရှိုင်းဘူး"


ဤစကားက ကျန်းရှုယောင်ကို တစ်နည်းနည်းနှင့် သဘောကျသွားစေသည်။ သူမ အငိုရပ်သွားပြီး ရှဲ့ရွှင်း၏ ခန္ဓာကိုယ်ကို မှီကာ ကြောင်တက်တက် စိုက်ကြည့်နေသည်။ ရှဲ့ရွှင်းက သူမအမူးပြေသွားပြီဟု ထင်လိုက်သောအခါ သူမက ရုတ်တရက် မေးလာသည်။


"ကျွန်မကရော"


ရှဲ့ရွှင်းက သူမ ဘာကိုဆိုလိုသည်ကို နားမလည်သောကြောင့် သူမကိုပဲ ကြည့်နေလိုက်သည်။


ကျန်းရှုယောင်က သူမ၏ ခေါင်းကို အနည်းငယ်မော့လိုက်ပြီး သူမ၏ အနက်ရောင် မျက်တောင်များပေါ်တွင် စိုစွတ်နေသော မျက်ရည်များ စီးကျလာသည်။ သူမက စိတ်ရှုပ်ထွေးပြီး ဝမ်းနည်းနေပုံရကာ အနည်းငယ် သနားစရာကောင်းနေသည်။


"ကျွန်မကရော... ကျွန်မကို သဘောကျတဲ့သူရှိမှာလား...ကျွန်မကို ထာဝရချစ်နေမှာလား"


ရှဲ့ရွှင်းက ခပ်ဖွဖွ ပြုံးပြီး ပွတ်တိုက်ခံထားရသော သူမနဖူးပေါ်ရှိ ရွှေရောင်ပန်းပွင့်များကို မြဲအောင်ပြန်ကပ်လိုက်သည်။ 


"ဒါပေါ့"


ကျန်းရှုယောင် ထပ်ပြီး ငိုပြန်တော့၏။


"ကြက်တစ်ကောင်လုံးကို တစ်ယောက်တည်းကိုက်စားနိုင်တဲ့ ကျွန်မလိုလူကို ဘယ်သူက လိုချင်မှာလဲ"


ရှဲ့ရွှင်း ကြောင်သွားပြီး အမြန်ပြန်ဖြေလိုက်သည်။ "သားသတ်သမား..."


(နင် နင်ဟာ...)


ကျန်းရှုယောင်  ထပ်ပြီး  ငိုကြွေးပြန်သည်၊ သူမ၏ မျက်လုံးများက ရှဲ့ရွှင်း၏မျက်လုံးများနှင့် ဆုံသွားရာ ရထားလုံးသည် ထူးဆန်းစွာ တိတ်ဆိတ်သွားလေသည်။


ထို့နောက် ရထားပေါ်မှ ငိုကြွေးသံတစ်ခု ထွက်ပေါ်လာသည်။


 "အူးးးးးးး–"


ရှဲ့ဖေးက နောက်ဖေးခန်းတွင် ထိုင်နေပြီး ငိုသံကိုကြားသောအခါ ထိတ်လန့်သွားသည်။ 'ကျန်းရှုယောင်က ပြဿနာတစ်ခုခုဖြစ်စေလို့ တတိယအစ်ကိုက သူမကို တကယ်ငိုစေခဲ့တာလား'


သူမ ရှဲ့ရွှင်းကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ကျန်းရှုယောင်ကို သူမ မကြိုက်သော်လည်း အမျိုးကောင်းသားတစ်ယောက်သည် မိန်းမတစ်ယောက်ကို အနိုင်မကျင့်သင့်ပေ။


ရှဲ့ရွှင်း မသိလိုက်ဘဲ အိုးမည်းထမ်းလိုက်ရလေသည်။


 အကြိမ်အနည်းငယ် ကျယ်လောင်စွာ အော်ဟစ်ငိုယိုပြီးနောက် ကျန်းရှုယောင်  အိပ်ပျော်သွားသည်။ သူမက ရှဲ့ရွှင်းကို မှီနေခဲ့သည်။ သူမမျက်ရည်များနှင့် နှပ်ချေးများက သူ့အပေါ် ပွတ်တိုက်ကာ သူ၏အကောင်းဆုံးဖဲစကို ဖျက်ဆီးပစ်လိုက်သည်။


[ET/N- "အိုးမည်းထမ်းသည်" ဆိုသည်မှာ အပြစ်ပုံချခံရခြင်း သို့မဟုတ် မကောင်းသောအထင်အမြင်ကို ယူဆောင်ခြင်းကို ဆိုလိုသည်။]


ရထားလုံးက မြို့စားရှဲ့အိမ်တော်သို့ရောက်ရှိပြီးနောက် ကျန်းရှုယောင်  အေးအေးဆေးဆေးနိုးလာပြီး သူမ၏အစေခံများ၏အကူအညီဖြင့် သူမ၏အခန်းသို့ပြန်သွားခဲ့သည်။ အစေခံများက သူမကိုမျက်နှာသစ်ပေးပြီးနောက် ကုတင်ပေါ် လဲကျပြီး နောက်နေ့အထိ အိပ်ခဲ့၏။


---


သူမနိုးလာပြီးနောက် သူမ မနေ့က အရက်မူးနေပြီး  ရှဲ့ရွှင်းအဝတ်အစားတွေကို ဖျက်ဆီးပစ်လိုက်သည်ကိုလုံးလုံးမေ့သွားသည်။


ဖြစ်ချင်သောအခါ ထိုနေ့တွင် သူမ၏ အောက်ခြေပြား ဇောက်တိမ်သည့် သံဒယ်အိုးကရောက်ရှိလာသည်။ သူမ အိပ်ရာက နိုးလာပြီး စားချင်စိတ်မရှိဖြစ်နေ၏။ သရေစာပဲ စားချင်သောကြောင့် ခေါက်ဆွဲအေးမီးကင်ချက်ရန် စိတ်ကူးနေသည်မှာ ကြာလေပြီ။


ခေါက်ဆွဲအေးမီးကင်အတွက်သုံးသော ခေါက်ဆွဲအေးက အလွန်နူးညံ့သည်။ ဂျုံမှုန့်၊ ပန်းဂျုံမှုန့်၊ ကော်ရည်၊ ဆားနှင့် အယ်ကာလိုင်းရေတို့ကို အသုံးပြုထားသည်။ နှံ့အောင်ရောမွှေပြီး ပိုမာသည့် မုန့်ညက်ဖြစ်အောင် ရေအေးနှင့်မွှေပြီး နာရီဝက်လောက် ပွအောင်ထားပြီး လှိမ့်ရသည်။ ပြီးလျှင် ခေါက်ဆွဲကို ရေနွေးနှင့်ပြုတ်ပြီး ရေအေးနှင့်ချက်ချင်းဆေးချကာ ခြောက်အောင်ထားရ၏။


မုန့်သား အခြောက်ခံနေချိန်မှာ ကြက်အူချောင်းကို သူမစလုပ်သည်။ ပင်မမီးဖိုချောင်မှ နုတ်နုတ်စဥ်းထားသော ကြက်သားက အသုံးတည့်လာသည်။ အရသာအတွက် ဟင်းခတ်အမွှေးအကြိုင်များထည့်ကာ နောက်ဆုံးတွင် ကောက်ညှင်းမှုန့်ကော်ရည်ထည့်ပြီး ရောမွှေရသည်။ နုတ်နုတ်စဥ်းထားသောအသားကိုယူ၍ ဆီစိမ်စက္ကူကိုအသုံးပြု၍ အမြှောင်း များခွဲကာ မီးဖို၌ဖုတ်ရ၏။ အသားပါဝင်မှုအပြည့်ရှိသော ကြက်အူချောင်း အဆင်သင့်ဖြစ်လေပြီ။


ဆော့စ်ကို အိမ်လုပ်အချဥ်ဖောက်ထားသောချိုချဉ်အရသာပဲငံပြာရည်၊ အစပ်အရသာပဲငံပြာရည်၊ ကြက်သွန်ဖြူဆော့စ်တို့ဖြင့် ပြုလုပ်ထားသည်။ငန်၊ ချို၊ စပ်ပြီး အလွန်မွှေးကြိုင်သည်။


ခေါက်ဆွဲ အနည်းငယ် ခြောက်သွားပြီးနောက် သံဒယ်အိုးပေါ်တွင် ဆီလောင်းကာ ခေါက်ဆွဲထည့်လိုက်ပြီး ဆူဆူညံညံများ အသံထွက်လာသည်။


၎င်းပေါ်မှာ ကြက်ဥကိုခေါက်ထည့်ပြီး  ယောက်မနှင့် ဖြန့်လိုက်၏။ ကြက်ဥက တဖြည်းဖြည်း မာလာပြီး ဆော့စ် အထူတစ်လွှာ သုတ်ပေးလိုက်သည်။


ခေါက်ဆွဲအေးကင်လုပ်သည့်အခါ အကြီးမားဆုံး တားမြစ်ချက်မှာ ခေါက်ဆွဲခြောက်ကို အခြောက်လွန်အောင်ထားခြင်းဖြစ်၏။ ထို့ကြောင့် သူမ ခေါက်ဆွဲအောက်မှာ ရေကို ဆက်ဖြန်းပြီး ခေါက်ဆွဲနှင့်ကြက်ဥတွေ အားလုံး ကျက်သည်အထိ စောင့်ပြီးမှ ကြက်အူချောင်းလှီးထားသည်များ ထည့်လိုက်သည်။ နောက်ဆုံးမှာ ကြက်သွန်နှင့် နံနံတို့ကို ဖြူးပြီး အလိပ်လိုက် လှီးဖြတ်ကာပန်းကန်တစ်လုံးထဲ ထည့်ကးလိုက်၏။


ခေါက်ဆွဲအေးမှာ အဖြူရောင်နှင့် အဝါရောင်ရှိသည်။ ၎င်းကိုလှီးဖွင့်ပြီးနောက်၊ အဖြူနှင့်အဝါရောင်ကြက်ဥမွှေကြော်အလွှာနှင့် ပန်းခရမ်းရောင်  ကြက်အူချောင်းတို့ကို ထင်ရှားစေပြီး နွေကြက်သွန်နှင့်နံနံတို့ကို ၎င်းတို့ကြားတွင် ညှပ်ထည့်ထားသည်။ အလွန်ကို အရောင်စုံလင်ပေ၏။


အထူးသဖြင့် အညိုရောင်ဆော့စ် နှင့် နှမ်းစေ့များက အရောင်ပိုရင့်စေသည်။ အချို့နေရာများတွင် စိမ်းမြမြ နံနံပင်ကို ဖြူထားသောကြောင့် ပိုမိုအရသာရှိပုံပေါ် စေသည်။


ခေါက်ဆွဲအေးမီးကင်၏အနှစ်သာရမှာ အရသာ ခိုင်ခံ့ပြီး ဝါးရကာမာကျောသည့်ခေါက်ဆွဲပေါ်မှာ တည်ရှိ၏။ ကြော်နေစဥ်နှင့် ကင်နေစဉ်အတွင်း ရေကို အဆက်မပြတ် ဖျန်းပေးထားသောကြောင့် အပြင်ဘက်အလွှာက အလွန်မာကျောခြင်းမရှိဘဲ အနည်းငယ် စိုစွတ်ပြီး နူးညံ့သည်။


လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ခေါက်ဆွဲအေးဆော့စ်က အလွန်ရနံ့ကြိုင်လှိုင်သည်။ ဆော့စ်က အရသာရှိ၏။ စပ်သော ကြက်သွန်ဖြူဆော့စ် နှင့် ဆော့စ်အချို၏အနည်းငယ်ချိုသောအရသာတို့ ရောစပ်ထားသည်။ ကိုက်ပြီးနောက် ဆော့စ်၊ ကြက်ဥနှင့် အသားတို့၏ အရသာက ခံတွင်းတစ်ခုလုံး ပြည့်လျှံသွားသည်။


ကျန်းရှုယောင်က အစပ်မကြောက်သောကြောင့် သူမ ခေါက်ဆွဲအေးပါးစပ်အပြည့်အလုတ်အနည်းငယ်ကို ဗိုက်ထဲသို့ထည့်လိုက်ကာ သက်သာရာရသွားသည်။


ဤသည်က အမှန်တကယ်ကို သူမ တွေးနေသည်မှာကြာပြီဖြစ်သည့် ခေါက်ဆွဲအေးမီးကင်တစ်ဖြစ်လဲ လမ်းဘေးအစားအစာလောက၏ ပြိုင်ပွဲဝင်တစ်ဦးပါပင်။ ဤအရသာက ပြင်ဆင်ရမှုအားလုံးကို ထိုက်တန်စေသည်။


သူမ ပန်းကန်တစ်ချပ်ကို အမြန်လက်စသတ်ကာ နောက်တစ်ချပ် ဖုတ်လိုက်ပြီး ဗိုက်တအားပြည့်သွားသည့်အခါမှရပ်လိုက်၏။


နေ့လည်စာစားချိန်ရောက်သောအခါ သူမ မစားချင်တော့ပေ။ သို့ပေမဲ့  သူမ ခေါက်ဆွဲအေး နှစ်ချပ်ကို ထပ်မံပြင်ဆင်ခဲ့သည်။ မဝသေးသဖြင့် ညစာစားနေချိန်တွင် သူမ ဆက်စားရန် စီစဉ်ခဲ့သည်။


သို့သော် ရှဲ့ရွှင်းက ညဘက်တွင် ပြန်ရောက်လာသည်။ မီးဖိုချောင်ထဲမှာ ကျန်ခဲ့သည့် ခေါက်ဆွဲအေးကင်နှစ်ခုအကြောင်း သူမတွေးမိသည့်အခါ ကျန်းရှုယောင်  တုံ့ဆိုင်းသွား၏။


ရှဲ့ရွှင်း  သူမ မျက်နှာမကောင်းကြောင်း မြင်လိုက်ရပြီး မနေ့က အရက်မူးသည့်ကိစ္စကို စိတ်အနှောက်အယှက်ဖြစ်နေဆဲဟု သူထင်ခဲ့သည်။ ရယ်စရာကောင်းသည်ဟု သူမြင်မိ၏။


သူက ကျန်းရှုယောင် ဆီသို့ လျှောက်သွားပြီး ဆီစိမ်စက္ကူအိတ်ကို ပေးလိုက်သည်။ 


"အပြန်လမ်းမှာ မုန့်ကြိုးလိမ်ကြော်ရောင်းတဲ့သူကိုတွေ့လို့ တစ်အိတ်ယူလာပေးတာ"


ကျန်းရှုယောင် ခပ်တုတ်တုတ် မုန့်ကြိုးလိမ်ကြော်ပါသော ဆီစိမ်စက္ကူအိတ်ကို ဖွင့်လိုက်သည်။ ပူနေတုန်းဖြစ်ပြီး လောလောလတ်လတ်  ကြော်ထားခြင်းဖြစ်လေသည်။ အရောင်မှာ ရွှေဝါရောင်နှင့် အနီရင့်ရောင်ကြားတွင်ရှိသည်။


သူမ အပိုင်းတစ်ခုကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အပြင်ဘက်အလွှာသည် ကြွပ်ရွပြီး ဆီရွှဲသော်လည်း အတွင်းအလွှာက ဆီစိုခြင်းမရှိပေ။  သန့်စင်သော မုယောအညှောင့်ခြောက်အနံ့ရှိ၍ ကြော်ထားသော်လည်း ဆီများခြင်းမရှိပေ။


အရသာက နူးညံ့ပြီး ချိုမြိန်၏၊ ကိုက်သည့်အခါ ကြွပ်ကြွပ်လေးနှင့် ဆီကြော်ရနံ့သင်းသင်းလေးဖြင့် အင်မတန် စွဲလမ်းစေသည်။


ကျန်းရှုယောင် ကျန်မုန့်ကြိုးလိမ်ကြော်ကို ထုပ်ပိုးပြီး ရှဲ့ရွှင်းကို ခေါက်ဆွဲအေးတစ်ပိုင်းကို ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။


သူမ ချက်ပြုတော့မည့်အခါ ရှဲ့ရွှင်းလိုက်ကြည့်နေကျဖြစ်၏။ ထုံးစံအတိုင်း သူမနောက်ကနေ မီးဖိုချောင်သို့ လိုက်သွားခဲ့သည် ။


မီးဖိုချောင်ထဲမှာ သံဒယ်အိုးအသစ်တစ်လုံးကိုမြင်သောအခါ သူက "ဘာလို့ ဒီလိုပုံစံနဲ့ သံဒယ်အိုးလုပ်တာလဲ" ဟု စပ်စပ်စုစုမေးသည်။


ကျန်းရှုယောင်က ရှင်းပြ၏။


 "ဒီလို ဒယ်အိုးမျိုးက ဟင်းအမယ် တော်တော်များများကို ချက်ပြုတ်နိုင်တယ်...ကျွန်မမှာထားတဲ့ သံမီးဖိုရောက်လာတဲ့အခါ အသားကင်တောင် စားလို့ရတယ်"


ခေါက်ဆွဲအေးကင်ကို မြည်းစမ်းကြည့်ပြီးနောက် သူ၎င်းတို့ကို အနပ်တိုင်းအတွက် တစ်နေ့ပြီးတစ်နေ့ စားချင်လာသည်။ သံဒယ်အိုးကရောင်းလျှင် တကယ်ကိုပေါက်လိမ့်မည်ဟု သူထင်မိ၏။


နှစ်ယောက်သား စေ့စေ့စပ်စပ်လျှာသပ်ပြီးနောက်  ကျန်းရှုယောင် သူမ ညစာပြင်ရန် မေ့သွားသည်ကို သတိထားမိလိုက်သည်။


ထိုသို့ဖြင့် နှစ်ယောက်သား ပင်မမီးဖိုချောင်ကို ညစာသွားစားခဲ့ရ၏။


---


နောက်တစ်နေ့တွင် ကျန်းရှုယောင်  သခင်မကြီးအား ဂါရုဝပြုရန် ရှို့နင်ခန်းမဆောင်သို့သွားခဲ့ပြီး အစ်ကိုနှစ်ယောက်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။


ကျန်းရှုယောင်က သူတို့ စကားပြောနေတုန်း ဝင်လာသည်။ နှစ်ယောက်စလုံးက ကျန်းရှုယောင်အပေါ်မှာ အထင်အမြင်ကောင်းများရှိကြသဖြင့် သူမကို ခေါင်းတညိတ်ညိတ်သာ လုပ်နေကြသည် ။


သို့သော် သခင်မကြီးကစိတ်ပူနေဟန်ရှိကာ နှုတ်ခမ်းထောင့်များမဲ့နေ၏။ညီအကိုနှစ်ယောက်က ၎င်းကို သတိမထားမိဘဲ အစောပိုင်းကပြောလက်စ ခေါင်းစဉ်ကို ဆက်ကောက်လိုက်သည်။


 လက်အောက်ခံနိုင်ငံများက ရက်အနည်းငယ်အကြာတွင်  လက်ဆောင်ပဏ္ဍာဆက်သရန် လာရောက်ကြမည်ဖြစ်ပြီး ဧကရာဇ်မင်းမြတ်က အင်ပါယာတွေဆုံပွဲကို ကျင်းပကာ တည်ထောင်သူဧကရာဇ်ထိုက်ဇူကို ပူဇော်ပသရန်ဧကရာဇ်ဗိမာန်တော်သို့ သွားရောက်ရန်စီစဥ်ထား၏။


ဝန်ကြီးချုပ်ကနေ အငယ်တန်း အရာရှိတွေအထိ ကွင်းထဲမှာ ရပ်နေရမည်ဖြစ်သည်။ မိုးမလင်းခင် ထိုနေရာကို အရောက်သွားရမည်။ အင်ပါယာတွေ့ဆုံပွဲမှ ဧကရာဇ်ဗိမာန်တော်အထိ အခမ်းအနားသည် တစ်နေကုန်နီးပါး ကြာမည်ဖြစ်သည်။


သခင်မကြီး ယင်းကိုကြားသည့်အခါ အတော်လေး  စိုးရိမ်သွား၏။ သူမက ဆိုလေသည်။ 


"မုန့်တွေ ယူသွားဖို့ မမေ့နဲ့... ဗိုက်ဆာတဲ့အခါ အဆာပြေ စားဖို့"


ကျန်းရှုယောင်က ထိုစကားကို နားထောင်ပြီး ရှဲ့ရွှင်း ပြန်လာချိန်မှာ မေးလိုက်၏။ ရှဲ့ရွှင်းက ဤအရာမျိုးကို ကျင့်သားရနေသည်။ 


"တစ်ရက်ပဲ ဗိုက်ဆာနေမှာ... ပြဿနာ မရှိပါဘူး...  ချိုပြီးဆီများတဲ့ ကိတ်မုန့်တွေ စားတာက နေရောင်နဲ့ ထိတွေ့တဲ့အခါဗိုက်ဆာတယ်"


ကျန်းရှုယောင်က စိတ်ဝင်တစား မေးသည်။


 "ဒါဆို မုန့်တွေ မယူသွားဘူးလား"


"ပုံမှန်အားဖြင့်တော့ ငါတို့က မယူဘူး... ပေါင်းထားတဲ့ မုန့်ပေါင်းတွေက အေးပြီး ခြောက်သွားမယ်... မုန့်တွေက အေးပြီး ညှီစော်ညံလိမ့်မယ်"


ကျန်းရှုယောင်က မျက်ခုံးပင့်ပြီးပြောလိုက်သည်။ "ဘယ်လိုလုပ် ညှီစော်နံရမှာလဲ...ရှင့်အတွက် ကျွန်မလုပ်ပေးမယ်လေ... တစ်နေ့လုံး ဗိုက်မဆာဘူးဆိုတာ သေချာစေနိုင်တဲ့ အမျိုးအစားတွေ အများကြီးရှိတယ်" 


သူမ လက်ခုပ်တီးပြီး ကြိုးစားချင်စိတ် ပြင်းပြလာသည်။


---


[ET/N- Wikipedia မှ- ခေါက်ဆွဲအေးကင် (တရုတ်: 烤冷面, pinyin: kǎolěngmiàn) သည် တရုတ်နိုင်ငံ Heilongjiang ပြည်နယ်၏ ဒေသထွက် အထူးပြုလုပ်ထားသော သရေစာဖြစ်သည်။ အရံဟင်းတစ်မျိုးဖြစ်ပြီး များသောအားဖြင့် စားသောက်ဆိုင်များတွင်မဟုတ်ဘဲ ညဈေးများ သို့မဟုတ်  လမ်းဘေးဆိုင်များတွင် ရောင်းချလေ့ရှိသည်။


ကြက်ဥ၊ ကြက်သွန်နီ နှင့် အခြားသော ဖြည့်စွက်ပါဝင်ပစ္စည်းများဖြင့် စက္ကူကဲ့သို့ ပါးပါးလေးဖြင့် ပြုလုပ်ထားသော ခေါက်ဆွဲအေးခြောက်။ အဓိက ဟင်းခတ်အမွှေးအကြိုင်က ပဲငံပြာရည် သို့မဟုတ် gochujang ဖြစ်၏။


ရိုးရာအရ ခေါက်ဆွဲအေးကင်တွင်  ကင်၊ ကြော်နှင့် teppanyakiသတ္တုပြားပေါ်တို့ အပါအဝင် အကင်ချက်ပြုတ်နည်းသုံးမျိုးရှိသည်။


ဒဏ္ဍာရီအရ၊ Mishan City ဒုတိယအလယ်တန်းကျောင်းနောက်မှာ အဆာပြေရောင်းသည့် ကိုရီးယားအမျိုးသားတစ်ယောက်က ဝိုင်နှင့်တွဲစားသော ဟင်းအဖြစ်  ခေါက်ဆွဲအေး တချို့ကို သူ့ကိုယ်သူအတွက် ကင်ရသည်ကိုကြိုက်သည်ဟု ဆိုပါသည်။မထင်မှတ်ပဲ Mishan City ၏ ဒုတိယအလယ်တန်းကျောင်းမှ ကျောင်းသားများသည် ခေါက်ဆွဲအေးကင်က အလွန်အရသာရှိသည်ဟု ထင်ကြပြီး ခေါက်ဆွဲက Mishan တွင် အလွန်ရေပန်းစားလာခဲ့သည်။


သို့ပေမဲ့  ရိုးရိုးခေါက်ဆွဲအေးက ကောင်းကောင်း မပျော့သည့်အတွက် ဝါးရသည်မှာ နည်းနည်းခက်၏။ ခေါက်ဆွဲပျော့ကို ချက်ပြုတ်သူ များလာပြီးနောက်၊ ဟင်းလျာကို တရုတ်နိုင်ငံတစ်ဝှမ်းရှိ လူများက တဖြည်းဖြည်း လက်ခံလာခဲ့သည်။]


[ET/N: Mahua သို့မဟုတ် Fried Dough Twist သည် မြေပဲဆီတွင် ကြော်ထားသော တရုတ်မုန့်ကြိုးလိမ်ဖြစ်သည်။ တောက်ပပြီး ရွှေရောင်အဆင်းရှိသည်။ အချိုမှ အစပ်အထိ ကွဲပြားသော အရသာအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ပြင်ဆင်ကြပြီး များသောအားဖြင့် တုတ်ပြီး ကြွပ်ရွသော အသွင်အပြင်ရှိသည်။ အချိုသည် ကောက်ထားသော ဒိုးနပ်နှင့် ခပ်ဆင်ဆင်တူသည်။]


Xxxx