အပိုင်း ၄၄
Viewers 18k

Chapter 44


ရိုကျားမော့


ကိတ်မုန့် သို့မဟုတ် မုန့်များအကြောင်းပြောလျှင် ကျန်းရှုယောင်မှာ ရှန်းကျန်းပင်း (ပဲငံပြာရည်အရသာ ပန်ကိတ်များ)၊ကြက်သွန်မြိတ်ပန်ကိတ်များ၊အမဲသားဘီးစကွတ်များ၊ ကြက်သွန်မြိတ်အဆာသွပ်မုန့်များ ကဲ့သို့သော အမျိုးအစားများစွာကိုရှိနိုင်သည်။


သို့ရာတွင် ဘန်းမုန့်နှင့်ပတ်သက်ရင် သူမစိတ်ထဲမှာ ပထမဆုံးပေါ်လာသည်က ရိုကျားမော့ဖြစ်၏။


ရိုကျားမော့သည် ရှန်းရှီမှ အထူးစားဖွယ်တစ်မျိုးဖြစ်သော်လည်း ၎င်းကို နိုင်ငံတစ်ဝှမ်းရှိ စတိုးဆိုင်များတွင် ရောင်းချကြရသည်မှာ အလွန်အရသာရှိ၍ဖြစ်သည်။


Rou (အသား) Jia (ညှပ်ပေါင်မုန့်) Mo (ဘန်းမု့န် ) သည် အသားညှပ်ဘန်းမုန့်ဖြစ်သည်။ ဘန်းမုန့်သည် မွှေးကြိုင်သော အပြင်အလွှာနှင့် အတွင်းတွင် နူးညံ့ပွရွသော အဖြူရောင်ဘန်းမုန့်ကို ရည်ညွှန်းသည်။ ဝက်သားနှပ်၊ ဝက်ပေါင်ခြောက်၊ သိုးသား အစရှိသည်တို့ ပါဝင်သော အသားများကို နုတ်နုတ်စင်းကာ ဘန်းမုန့်ဖြူဖြူ အတွင်းတွင် ခေါက်ထည့်ထားခြင်းဖြစ်၏။


ကျန်းရှုယောင် ရှဲ့ရွှင်းအတွက် စမ်းသပ် ဟင်းလျာများ ချက်ပြုတ်ရန် အလျင်စလို မလုပ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ  သူမက ချက်ပြုတ်ရသည်ကို နှစ်သက်ပေမဲ့ အလျင်လိုနေလျှင် ချမ်းမြေ့စေသည့် ခံစားချက်ကို ဆုံးရှုံးသွားပါလိမ့်မည်။


ထို့ကြောင့် နေ့လည်ခင်းနေရောင်ခြည်ကို အခွင့်ကောင်းယူပြီး ကျန်းရှုယောင် သူမ၏ မီးဖိုချောင်ငယ်ထဲသို့ ဝင်ကာ အသားများကို အရသာနှပ်ရန် မြေအိုးတစ်ခုတည်လိုက်သည်။


ကျပ်တိုက်ထားသော အသားနှင့် နှပ်ထားသော အသားများမှာ အနည်းငယ် ကွဲပြားသည်။ ဂျင်း၊ ကြက်သွန်နီနှင့် ဟင်းချက်ဝိုင် မထည့်ဘဲ ဝက်သားများကို လေးညှင်းပွင့်၊ ဖာလာစေ့၊ ဂျင်း၊ ငရုတ်ကောင်း၊ ရေခဲသစ်ကြံပိုးခေါက်၊ စမုန်နက် နှင့် အခြားသော တရုတ်ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များဖြင့်သာ ရောမွှေရသည်။ ထို့နောက် အသားထဲသို့ တရုတ်ဆေးဖက်ဝင်အပင်များ၏ ရနံ့များ စိမ့်ဝင်သွားသည်အထိ မီးအေးအေးဖြင့်တည်ပြီး အခေါက်များ ပျော့သွားသည်အထိ နှပ်ရ၏။


နေက နွေးပြီး လူတွေကို အိပ်ငိုက်စေသည်။ နေရောင်အောက်မှာ ငိုက်မျဉ်းနေသည့် ကြောင်လေးတစ်ကောင်က အသားရနံ့ကို ရုတ်တရက် အနံ့ခံလိုက်ရ၏။ အေးအေးဆေးဆေး နိုးလာပြီး အမြီးလေးထောင်ကာ မီးဖိုချောင်ဘက်ကို လျှောက်လာသည်။


ဘယ်အစေခံလေးက တောကြောင်တစ်ကောင်ကို ကောက်ယူပြီး ဒီမှာထားခဲ့မှန်း ဘယ်သူသိမှာလဲ...


 ကျန်းရှုယောင်က အဆီများအသားတစ်ပိုင်းကို ပစ်ချလိုက်ရာ ချက်ချင်းဆိုသလို ပေါ်လာပြီး ကုန်စင်သွားအောင် စားလိုက်၏။


ရှဲ့ရွှင်းမှာ သူမ ချက်ပြုတ်သည်ကို ကြည့်ရန် ဤနေရာမှာ  ရှိမနေပေ။ သို့ပေမဲ့  နာခံပြီး တမြောင်မြောင်နှင့် ချွဲနေသည့် ကြောင်လေးတစ်ကောင် ရှိနေသည်။ ကျန်းရှုယောင်  ခေါင်းကို အကြိမ်ပေါင်းများစွာ လှည့်ခဲ့ပြီး ကြောင်လေး၏ သဘာဝအတိုင်းကွေးတက်နေသော ပါးစပ်ကို မြင်လိုက်ရသည်။


'ဟမ်... နည်းနည်းတူတယ်...ရှဲ့ရွှင်းကို မွေးခိုင်းဦးမှပါ'


တွေးရင်းနှင့် ဘန်းမုန့်အဖြူကို ပြင်ဆင်လိုက်၏။


ဘန်းမုန့်အဖြူကို တဆေးနှင့် ရိုးရိုးဂျုံမှုန့်ဖြင့် ပြုလုပ်ထားသည်။ မုန့်ညက်ချောသွားပြီးနောက်၊ သူမ ၎င်းကို အဝိုင်းဘောလုံးအဖြစ် ပုံဖော်ခဲ့သည်။ ဒယ်အိုးကို ဆီမပါဘဲ အပူပေးကာ ဒယ်အိုးထဲသို့ တိုက်ရိုက်ထည့်ကာ အဖုံးအုပ်ထားလိုက်သည်။ ထို့နောက် ဘန်းမုန့်၏နှစ်ဘက်လုံး ရွှေဝါရောင်ဖြစ်လာသည်အထိ သူမစောင့်ခဲ့၏။


မုန့်ဖုတ်ပြီးသောအခါ ဝက်သားနှပ်ကလည်း လုံအောင်နှပ်ပြီးသွားပေလိမ့်မည်။


မှေးစက်နေသောကြောင်လေးက နိုးလာပြီး "မြောင်~" ဟု အော်လိုက်သည်။ ကြောင်ကလေး ၏အသံမြည်လာသည်နှင့် တပြိုင်နက် နောက်ထပ် ရှင်းလင်းသော အသံတစ်ခုကဆိုလာ၏။


 "ဘာလုပ်ထားတာလဲ"


ရှဲ့ရွှင်းက အခုမှ အလုပ်ဆင်းလာပြီး သူ၏ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ပြောင်းဝတ်ထားသည်။ ခြံထဲကို လမ်းလျှောက်ဝင်လာရင်း ရနံ့ကို ရှူရှိုက်ကာ ပြောလိုက်၏။


 "ငါ့အစ်ကိုကြီးတို့ဒုတိယအစ်ကိုတို့နဲ့ ကိစ္စတချို့ ဆွေးနွေးရဦးမယ်... ဒါကြောင့် ဒီမှာ ညစာမစားဖြစ်ဘူး"


ကျန်းရှုယောင်က အိုးအဖုံးကိုဖွင့်ပြီး ဝက်သားနှပ်ကို တစ်ချက်ကြည့်လိုက်သည်။ ဝက်သားက နီညိုရောင်ရှိပြီး စိုရွှန်း တောက်ပနေသည်။သူမက မေးလိုက်၏။


 "သေချာလား" 


ရှဲ့ရွှင်းက ချီတုံချတုံဖြင့်ဆိုလေသည်။


 "...တချို့ကို သိမ်းထားနိုင်ရင် ငါ့အတွက် ကျေးဇူးပြုပြီး သိမ်းထားပေးပါ... ငါပြန်လာတဲ့အခါနွေးလိုက်မယ်"


ကျန်းရှုယောင်က မေးလိုက်ပြန်၏။


 "ရှင် အခု မစားချင်ဘူးလား"


မူလက ဗိုက်ဆာခြင်းမရှိသော ရှဲ့ရွှင်းသည် သူမ၏မေးခွန်းကြောင့် အနည်းငယ်စားချင်လာသော်လည်း ငြင်းဆန်လိုက်ဆဲပါပင်။


 "အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုက စောင့်နေတယ်... ငါနှောင့်နှေးလို့မရဘူး"


ကျန်းရှုယောင်က သူ့နောင်တကိုမြင်ပြီး ပြုံးပြုံးရွှင်ရွှင်ဆိုလိုက်၏။  


"ဖြစ်ချင်တော့ ကျွန်မက ဒီနေ့ ဘန်းမုန့်တွေလုပ်ထားတာ... ရှင် အချိန်မနှောင့်နှေးဘဲ စားလို့ရပါတယ်"


"ဒါဆို ပိုကောင်းမယ်" 


သူမစကားကြားသောအခါ ရှဲ့ရွှင်း၏ မျက်လုံးများ တောက်ပလာသည်။


သူက ငုံ့မိုးရင်း သူမနောက်ကနေ အိုးထဲကို လှမ်းကြည့်ကာ မေး၏။


"ဘာမုန့်လဲ"


သူစကားပြောပြီးနောက် သူ့ဘေးမှာ မြောင်သံတစ်ခုထွက်လာသည်။ ရှဲ့ရွှင်း  ခေါင်းကိုလှည့်ပြီးကြည့်လိုက်ရယ အစာတောင်းနေသည့် ကြောင်ကလေးတစ်ကောင်ကို တွေ့လိုက်ရ၏။


"ကြောင်က ဘယ်ကရောက်လာတာလဲ"


သူက သာမန်ကာလျှံကာမေးလိုက်သည်။


"ဘယ်အစေခံ ခိုးမွေးထားလဲတော့ မသိဘူး...အမွေးတွေက သန့်တယ် ...ကျန်းမာမယ်ထင်တယ်"


ရှဲ့ရွှင်းက ခေါင်းညိတ်ပြပြီး နှာခေါင်းကို သန့်ရှင်းရေးလုပ်နေသည့် ကြောင်ကို ခေါင်းလှည့်ကြည့်လိုက်ကာ ရိုးရိုးစင်းစင်းပြောလိုက်သည်။


 "ကြောင်က အစားလောဘကြီးတယ်" 


ထို့နောက် ခေါင်းကို လှည့်ကာ အိုးထဲသို့ ဆက်ကြည့်နေသည်။


ကျန်းရှုယောင်က အိုးထဲမှ ဝက်သားနှပ်တစ်ပိုင်းကို အလျင်အမြန်ယူကာ စဥ်းတီပြားပေါ် ပစ်ချလိုက်သည်။ ဟင်းရည်က ဝက်သားဆီကနေ စီးကျနေ၏။


သူမ ဓားကို မြှောက်လိုက်ပြီး ခဏမျှ လှီးဖြတ်လိုက်သည်၊ ပျော့ပျောင်းပြီးစေးကပ်သော အသားကို နှစ်စက္ကန့်အတွင်း အကြမ်းဖျင်း နုတ်နုတ်စင်းထားသော အသားအဖြစ်သို့ လှီးဖြတ်ကာ  အဆီအနှစ်ပျစ်ပျစ်ကို ခပ်ထုတ်ကာ နုတ်နုတ်စဥ်းထားသော အသားနှင့် ရောမွှေလိုက်သည်။


ထို့နောက် ဒယ်အိုးအဖုံးကို လှပ်လိုက်ပြီး ဘန်းမုန့်တစ်လုံးကို ယူကာ အလယ်ကနေ လှီးဖြတ်လိုက်သည်။ နုတ်နုတ်စင်းထားသောအသားကို မုန့်နှစ်ချပ်ကြားတွင်ထည့်ကာ ငန်၊ မွှေးပြီး အဆီများသောဟင်းရည်ကို ဆယ်ယူကာ ၎င်းထဲသို့ အနည်းငယ်လောင်းထည့်ခဲ့၏။ ထို့နောက် သူမသည် ရိုကျားမော့ကို ရှဲ့ရွှင်း၏လက်ထဲသို့ ထည့်လိုက်သည်။


ရှဲ့ရွှင်း အသားညှပ်ဘန်းမုန့်ကို ကိုင်ထားပြီး အဆီရနံ့လှိုင်လှိုင်က သူ့လျှာကိုအရည်ထွက်လာစေသည်။ ဘန်းမုန်ဖြူဖြူကို ကြည့်လိုက်လျှင် ပွရွနူးညံ့နေပြီး နုတ်နုတ်စင်းထားသော အသား၏အရောင်မှာ နှင်းဆီရောင်ရှိပြီး ကြည်လင်ပြတ်သားသော အဆီအချို့ပါရှိသည်။


 "မင်း ငါ့အတွက် နောက်ထပ်တစ်ခု လုပ်ပေးနိုင်မလား"


စကားဆုံးသွားပြီးနောက် သူက "ဒီည ကျန်တာရှိရင် ငါ့အတွက် သိမ်းထားပေး... ညဘက်ပြန်လာစားလှည့်မယ်" ဟု တုံ့ဆိုင်းစွာပြောသည်။


သူ၏စားချင်စိတ်က အလွန်ကြီးမှန်းသိသဖြင် ကျန်းရှုယောင် သူ့အတွက် နောက်တစ်ခုလုပ်ပေးပြီးပြောလိုက်၏။


 "ဘန်းမုန့်ကို ပူနေအောင် ကျန်တဲ့အပူကို ကျွန်မသုံးလိုက်မယ်...အသားကိုလည်း မီးအေးအေးနဲ့တည်ထားလိုက်မယ်... မဝရင် ဒီကိုလာဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်ပါ...ရှင့်အတွက် ကျွန်မလုပ်ပြီး ပို့ပေးလိုက်မယ်"


ရှဲ့ရွှင်းက ဝမ်းသာအားရဆိုလေသည်။


 "အရမ်းကောင်းတယ်...အရမ်းကောင်းတယ်"


အသားညှပ်ဘန်းမုန့်နှစ်ခုကို သပ်သပ်ရပ်ရပ် ကိုင်ဆောင်ကာ မဏ္ဍပ်အတွင်းရှိ အစ်ကိုများကို ရှာဖွေရန် သွားခဲ့သည်။


သူတို့ ဗိုက်ဆာနေလျှင်ပင် အစည်းအဝေးမှာ မစားမသောက်နိုင်သည့် ခေတ်နောက်ကျနေသည့် အစ်ကိုကြီးကို ကျေးဇူးတင်ရမည်ပင်။


လူတွေက ကိစ္စတွေကို လေးလေးနက်နက် ဆွေးနွေးကြသည့်အခါ သူတို့ဘေးမှာ တစ်စုံတစ်ယောက် ထမင်းလာစားနေလျှင် ထူးဆန်းနေပေလိမ့်မည်။


ထို့ကြောင့် ရှဲ့လီနှင်ရှဲ့လန်တို့က ဗိုက်ဆာလျှင်ပင် ဘယ်သူမှ မစားကြပေ။ အများစုမှာ ကိတ်မုန့်အချို့ကို မျိုချပြီး ဗိုက်ကို ထိန်းထားရသည်။ သို့သော် လူကြီးလူကောင်းများသည် အချိုများကို မကြိုက်သောကြောင့် နှစ်ခုစီလောက် စားပြီးနောက် ပန်းကန်ကို ဖယ်ပစ်လိုက်ကြသည်။


ရှဲ့ရွှင်းက ထိုအချိန်တွင် ရောက်ရှိလာပြီး စားပွဲကို ရှင်းကာ ဆွေးနွေးရန် ပြင်ဆင်ကြသည်။


ညီအစ်ကိုနှစ်ယောက် ခေါင်းကိုမော့လိုက်သည်နှင့် ထင်းရှူးဝါးကဲ့သို့ အရပ်ရှည်သော်လည်း အရူးတစ်ယောက်လို လက်တစ်ဖက်စီတွင် အသားညှပ်ဘန်းမုန့်ကို ကိုင်ထားသည့် ရှဲ့ရွှင်း ၏ ကိုယ်ဟန်အနေအထားကို တွေ့လိုက်ရ၏။


ရှဲ့ရွှင်းသည်  အစေခံများက တစ်ဝက်ပြောင်နေသော မုန့်ပန်းကန်ကို ယူသွားသည်ကို မြင်ပြီး လျှင်မြန်စွာ တားလိုက်သည်။


"ခဏ...ဒီပန်းကန်ကို ထားခဲ့လိုက်"


စကားပြောသည်နှင့် ရှေ့ကိုလှမ်းပြီး ဘယ်ဘက်လက်ထဲက အသားညှပ်ဘန်းမုန့်ကို  ပန်းကန်ပြားပေါ်တင်လိုက်၏။ ထို့နောက် သူကထိုင်ပြီး "ကောင်းပြီ...စလိုက်ကြရအောင်" ဟုဆိုသည်။


ရှဲ့လန်နှင့်ရှဲ့လီ သူ့ကို ဘယ်လိုကြည့်ရမလဲ မသိတော့ပေ။


ရှဲ့ရွှင်း၏အမူအရာမှာ တုံးတိတိပင်။


 "အစ်ကိုကြီး...မင်းရဲ့ထင်မြင်ချက်ကို အရင်ပြောပါ... ငါနားထောင်မယ်"


ရှဲ့လီက အသက်ပြင်းပြင်းရှူလိုက်ပြီး ဆေးဖက်ဝင်အပင်ရနံ့နှင့် အသားနံ့ကြိုင်ကြိုင်လှိုင်လှိုင်တို့ဖြင့် ရောစပ်ထားသော အဆီရနံ့ကို ရှူရှိုက်လိုက်သည်။


"အဟမ်း" 


သူက ချောင်းဟန့်လိုက်သည်။


 "ကိစ္စဆွေးနွေးပြီးမှ စား"


ရှဲ့ရွှင်းကပြန်ဖြေသည်။


 "ဒါက ပြဿနာ မဟုတ်ဘူး... ငါကအသံထွက်မှာမဟုတ်ဘူး... စားရတာ အဆင်ပြေပါတယ်... ငါမျိုချပြီး အချိန်မရွေး စကားပြောနိုင်တယ်"


ရှဲ့လီ သူ၏ရေခဲတုံးမျက်နှာ ညီဖြစ်သူအတွက် အကူအညီမဲ့ဖြစ်နေသောကြောင့်  အလုပ်ကိစ္စအကြောင်း စတင်ပြောဆိုခဲ့သည်။


ရှဲ့ရွှင်းက အလွန်အလေးအနက်နားထောင်ခဲ့ပြီး သူ၏အမူအရာက အလွန်လေးနက်သော်လည်း သူ၏လုပ်ရပ်များက သူ့မျက်နှာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ သူက ရိုကျားမော့ ကို အစွန်းနှစ်ဖက်ကို ဆွဲကိုင်ကာ မည်သို့စတင်စားသောက်ရမည်ကို မသိဖြစ်နေ၏။


သူ နံဘေးမှ ဦးစွာကိုက်ခဲ့သော်လည်း ကြီးလွန်းသည်။သူ မုန့်ထဲက အသားကို အနည်းငယ် ညှစ်ထုတ်လိုက်သည်၊ မွှေးကြိုင်သော အဆီအနှစ်များ ရုတ်တရက် ထွက်လာပြီး သူ့လက်ထဲသို့ ယိုစီးကျလုနီးပါး ဖြစ်သွား၏။


ယင်းက ရိုကျားမော့၏ အထူးဆွဲဆောင်မှုရှိသော အကြောင်းရင်းအတိအကျဖြစ်သည်။ မုန့်အတွင်းသားက ဖောင်းပွနေပြီး ဟင်းရည်ပူပူနှင့် ပြည့်နေ၏။ ဘယ်လောက်အရသာရှိလဲ တွေးသာကြည့်လိုက်ပါလေ။


ရှဲ့လန်၏အသံက တိုးတိုးလေးပြောသည်။


"ဒါက တတိယခယ်မက တတိယညီငယ်အတွက် လုပ်ထားတာလား"


ရှဲ့ရွှင်းက သူ့ပါးစပ်ထဲက အရာတွေကို မျိုချလိုက်ပြီး "ဟုတ်တယ်" ဟု ပြန်ဖြေသည်။


ရှဲ့လီ အံ့သြသွားပြီး


 "ဘယ်လိုဖြစ်လို့ ညစာအတွက် ဘန်းမုန့်ကို စားတာလဲ"


"ကျန်းရှီက မနက်ဖြန် ငါဗိုက်ဆာမှာကြောက်နေတယ်... အဲဒါကြောင့် အေးနေရင်တောင် စားလို့ရတဲ့ မုန့်လုပ်ချင်နေတာ"


ရှဲ့လီကဆို၏။


 "ဒီလိုမျိုးဖြစ်မယ်မထင်ခဲ့မိဘူး"


ရှဲ့ရွှင်းက ခေါင်းညိတ်ပြီးပြန်ပြောလေသည်။ "ဟုတ်တယ် ဒါပေမဲ့ ဘာလို့ မဖြစ်ရမှာလဲ... မနက်ဖြန် တစ်ရက်လုံး ဗိုက်မဆာအောင် ဒီည နောက်ထပ် နှစ်ခုထပ်စားမှာ"


ရှဲ့လီ နှုတ်ဆိတ်သွားသည်။


ရှဲ့လန်က သူ့အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး "ကောင်းပြီ ...ညီလေး ဒီကိစ္စကို အရင်ပြောရအောင်" 


သူ ထိုအကြောင်းအရာကို အလုပ်ကိစ္စဆီသို့ ပြန်ခေါ်လာခဲ့သည်။


ရှဲ့လီက ပိုက်ဆံအကြောင်း စပြော၏။ ရှဲ့ရွှင်းက အဆိုပြုချက်များကို ဆွေးနွေးရန် အခါအားလျော်စွာ ၎င်းတို့နှင့် ပူးပေါင်းခဲ့သည်။ အလုပ်အကြောင်းတွေးရင်း အသားညှပ်ဘန်းမုန့်စားရင်း ဆွေးနွေးမှုက ကြည်နူးစရာဖြစ်လာသည်ဟု သူခံစားခဲ့ရ၏။


သူက စိတ်လှုပ်ရှားစွာစားနေသော်လည်း ရှဲ့လီက  စားပွဲပေါ်ကနေဖြတ်ပြီး အနံ့ရနေသဖြင့် သည်းမခံနိုင်တော့ဘဲပြောလိုက်သည်။


 "ဒီနေ့ တတိယခယ်မ အများကြီးလုပ်ထားသလားမသိဘူး"


ရှဲ့ရွှင်း သူ့နှလုံးသားထဲတွင် အချက်ပေး ခေါင်းလောင်းသံကို ချက်ချင်းကြားလိုက်ရသည်။ သူတို့ နှစ်ယောက် ဘယ်လောက် အစားကြူးကြသလဲ ဆိုသည်ကိုပဲ သူ သတိရမိသည်။


လက်ဆန့်ကာ ပန်းကန်ပြားကို ဆွဲယူပြီး စားပွဲအစွန်းမှာ တင်းတင်းကျပ်ကျပ်ချထားလိုက်၏။


 "အဲဒါတော့ မသိဘူး ...ဘာဖြစ်လို့လဲ  အစ်ကိုကြီး"


သူ့အနေဖြင့်  စားချင်သော်ငြားလည်း ညီဖြစ်သူထံမှ စားစရာကို ခခယမတောင်းနိုင်ဆဲဖြစ်လေသည်။ "ဘာမှမဟုတ်ပါဘူး သိချင်ရုံပဲ" ဟု သူပြောလိုက်သည်။


ရှဲ့လန်လည်း စကားမပြောနိုင်ဘဲ သူတို့နှစ်ယောက်လုံးက ရှဲ့ရွှင်းကို တစ်ပြိုင်နက် စိုက်ကြည့်နေကြသည်။


ရှဲ့ရွှင်း သည်းမခံနိုင်တော့ဘဲပြောလိုက်၏။ "နောက်တစ်ခုပြီးမှ ဒါကိုစားမယ်"


သို့သော် ရှဲ့လန်က ခပ်တည်တည်ဆိုလာသည်။


 "ဒါပေမဲ့ မင်းပန်းကန်ထဲမှာ အေးသွားမှာမဟုတ်ဘူးလား"


'ဟမ့် မင်းက ငါ့စားစရာကို လုချင်တယ်ပေါ့'


ရှဲ့ရွှင်းက အေးစက်စွာပြောလိုက်၏။


 "ပူသေးတယ်...မအေးဘူး"


"တတိယညီ" 


ရှဲ့လီက ဆိုသည်။


 "ဒါဆို ဒီစကားမဆက်ခင် ညစာအရင်စားကြရအောင်...  ဒုတိယညီနဲ့ ငါ ဗိုက်ဆာနေသေးတယ်"


ထိုသို့ဖြင့် ရှဲ့ရွှင်းသည် သူကိုယ်သူ  စားသောက်မှုနှင့် လုပ်ငန်းနှောင့်နှေးခြင်းအတွက်သာ ပူပန်နေရသော အမြင်ကျဥ်းပြီး တစ်ကိုယ်ကောင်းဆန်သူတစ်ဦးဟု ရုတ်တရက် ခံစားလိုက်ရသည်။


သူ ပန်းကန်ကို တွန်းပြီးပြောလိုက်ရ၏။


 "မင်းတို့စားလို့ရတယ်" 


 ထို့နောက် သူက အစေခံကို ဝင်လာခိုင်းပြီး ကျန်းရှုယောင်ကိုရှာပြီး အသားညှပ်ဘန်းမုန့် နှစ်ခု ထပ်ယူဖို့ ဝါးစိမ်းခြံဝင်းကို သွားခိုင်းလိုက်၏။ 


ရှဲ့လီ နှင့် ရှဲ့လန် ပန်းကန်ပြားပေါ်ရှိ ဝက်သားညှပ်ဘန်းမုန့်ကို စိုက်ကြည့်ရင်း တစ်ချိန်တည်းတွင် မျက်လုံးများ ပင့်သွားသည်။ သူတို့မျက်လုံးချင်းဆုံလိုက်သည်နှင့် မီးတောက်တစ်ခုပေါ်လာသည်။


ရှဲ့လန်က မြန်မြန်ဆန်ဆန်နှင့်အရင်ယူလိုက်၏။


ဘန်းမုန့်က ပူနေတုန်းဖြစ်ပြီး အတွင်းထဲကအသားတွေကလည်း ဆူနေတုန်းပါပင်။ ရှဲ့လန်  အနံ့ခံလိုက်သောအခါ သွားရေယိုသွားသည်။ သူက အသားညှပ်ဘန်းမုန့်ကို ညစ်ပြီး ကိုက်လိုက်၏။


မွှေးကြိုင်သော အဆီအနှစ်တို့က ညှစ်ထုတ်ခံလိုက်ရပြီး အစွန်းမှ အောက်သို့စီးချကာ ဘန်းကိုစိုရွှဲသွားစေသည်။


ဘန်းမုန့်ဖြူဖြူက ကြွတ်ရွသောမျက်နှာပြင်ရှိသော်လည်း အတွင်းပိုင်းတွင် နူးညံ့ပြီး ပွရွနေသည်။ အဆီအနှစ်ကို မုန့်ထဲတွင် အပြည့်အဝ စုပ်ယူထားသည်။ မုန့်၏အတွင်းပိုင်းအလွှာက နူးအိပြီး ဆားငန်သော်လည်း အရသာရှိကာ အတွင်းတွင်ရှိသော  ဝက်သားနှပ်ကြွပ်ကြွပ်ရွရွများကိုကား ထည့်ပြောစရာပင်မလိုချေ။


ဟင်းရည်က အရသာကြွယ်ဝ၏။ဆေးဖက်ဝင်အပင်များ နှင့်အသားတွေ၏ ရနံ့ကို အပြည့်အဝ စုပ်ယူနိုင်ပြီး အသားကလည်း အတူတူပါပင်။


အဆီနည်းအသားကို နူးညံ့ နူးအိသည်အထိချက်ထားပြီး ပါးလွှာသော်လည်း မခြောက်ပါချေ။ အဆီများသောအသားက ကြွပ်ရွပြီး တရုတ်ဆေးဖက်ဝင်အပင်များ၏ ရနံ့ကို ရောစပ်ထားသည်။ အဆီဖြစ်သော်လည်း မအီပေ။ ပါးစပ်ထဲမှာ အရည်ပျော်သွားပြီး စေးကပ်ပေမဲ့ ချောမွေ့နေ၏။


အသားနှင့် ဆေးဖက်ဝင်အပင်များ၏ အနံ့တို့က ရောနှောပြီး အချင်းချင်း ဖြည့်တင်းပေးနေ သည်။ စကားလုံးများဖြင့် မည်သို့ဖော်ပြနိုင်မည်နည်း။


ရှဲ့လန်က သန့်ရှင်းသပ်ရပ်စွာစားခဲ့သည်။ သို့သော် သူ မဝသေးဘဲ ပို၍ပင် လောဘကြီးလာသလို ခံစားရသည်။


ထို့နောက် ကျန်းရှုယောင်၏ လတ်လတ်ဆတ်ဆတ်လုပ်ထားသော ရိုကျားမော့ ရောက်ရှိလာပြီး ရှဲ့ရွှင်းက သဘာဝအတိုင်း တစ်ခုယူကာ ကျန်တစ်ခုကို ရှဲ့လီအား ပေးခဲ့သည်။


ရှဲ့လီ စားချင်နေသည်မှာကြာပြီဖြစ်ပြီး နောက်ဆုံးတွင် သူစားရမည့်အလှည့်ရောက်လာသည်။


ကိုက်ပြီးနောက် သူ အံ့ဩသွားသည်။ တခြားဘာတွေ ဆွေးနွေးဖို့ လိုသေးလဲ... ခဏလောက်စောင့်ပြီး အသားညှပ်ဘန်းမုန့်ကို ဖြည်းညှင်းစွာ မြည်းစမ်းတာက ပိုကောင်းမလား...


ရှဲ့ရွှင်း နှင့် ရှဲ့လီ စားသောက်ပြီးသောအခါတွင် အားလုံးသည် နောက်ဆုံး၌ ကိစ္စများကို စတင်ဆွေးနွေးကြလေသည်။


ဟိုင်ရှီ၏အစတွင် ရှဲ့လီ မတ်တပ်ထရပ်ပြီး သွားရန်ပြင်ဆင်သော်လည်း ရှဲ့လန်က သူ့ကိုတားလိုက်သည်။


[ET/N–ဟိုင်ရှီသည် ည ၉ နာရီမှ ၁၁ နာရီကြားဖြစ်သည်။]


"တတိယညီ... မနက်ဖြန် တတိယခယ်မ မင်းအတွက် ဘာလုပ်ပေးမယ်မသိဘူး"


"မသိဘူး... ဘာမှလုပ်မပေးလောက်ဘူး... သူ့မှာ စိတ်ကူးရှိတယ်မထင်ဘူး" 


ရှဲ့ရွှင်းက သာမန်ကာလျှံကာ ပြန်ဖြေသည်။


"သူ လုပ်ပေးရင်--" 


ရှဲ့လန် တုံ့ဆိုင်းသွားသည်။


ရှဲ့ရွှင်း  တစ်ခုခုမှားနေသည်ကို သတိထားမိပြီး ဤတစ်ခါတွင် သူတကယ်ကို ဒေါသဖြစ်သွား၏။


သူက မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။


 “ဒုတိယအစ်ကို...အဲဒီလိုအရာမျိုး မရှိဘူး...ငါ့အစ်ကိုက ငါ့ဇနီးကို ချက်ပြုတ်ဖို့ ဘယ်လိုလုပ် ဒုက္ခပေးလို့ရမှာလဲ” 


သူက မပျော်မရွှင်ဆို၏။ 


"ကျန်းရှီက သူကိုယ်တိုင် ချက်ရတာကို ကြိုက်တယ်... မင်းအတွက် ချက်ပေးရင် ပင်ပန်းမယ်မဟုတ်ဘူးလား"


သူ့ညီဖြစ်သူက ကရုဏာမဲ့စွာ စကားဆိုသောကြောင့် ရှဲ့လန်ပြောလိုက်ရသည်။


 "ငါ့ခယ်မကိုယ်တိုင် တကယ်လုပ်ခဲ့တာကို ငါမသိခဲ့ဘူး...ငါ့အမှားပဲ...တတိယညီ ငါ့ကို စိတ်မဆိုးပါနဲ့"


ရှဲ့ရွှင်း၏အမူအရာမှာ အနည်းငယ် ကိုးရိုးကားယားဖြစ်သွားလျက်ဆိုလေ၏။


 "ငါ သူ့ကို ပြန်မေးလိုက်မယ်"


ရှဲ့ရွှင်း ဤအကြောင်းကို တွေးရင်း ဝါးစိမ်းခြံဝင်းသို့ ပြန်လာပြီး သူ့အစ်ကို၏ တောင်းဆိုချက်က သူမကို မလေးစားခြင်းဟု ကျန်းရှုယောင် ထင်မြင်မည်ကို စိုးရိမ်မိသည်။မည်သို့ပင်ဖြစ်စေ သူမက ထမင်းချက်မဟုတ်ဘဲ မျိုးရိုးမြင့်သခင်မလေး တစ်ဦးဖြစ်၏။


သူ ထိုအကြောင်းတွေးပြီး အနည်းငယ် ဒေါသဖြစ်မိသည်။ ခြံထဲမှာ ခဏတာ မပျော်မရွှင် ရပ်နေခဲ့၏။


သူစဥ်းစားပြီးနောက် ကျန်းရှုယောင်ကိုရှာရန် အရှေ့တောင်ပံသို့ပြေးသွားသော်လည်း သူမကိုမတွေ့သဖြင့် မီးဖိုချောင်သို့သွားခဲ့ကာ နောက်ဆုံးတွင် သူမကိုတွေ့လိုက်ရသည်။


ကျန်းရှုယောင်က မနက်ဖြန်အတွက်မုန့်လုပ်နေသည်။ ရှဲ့ရွှင်း ရောက်လာသည်ကိုမြင်သောအခါ သူမက ပြောလိုက်၏။


 "မနက်ဖြန်အတွက် ရှင့်ဖို့မုန့် ဖုတ်နေတာ"


Xxx