အပိုင်း ၄၅
Viewers 18k

Chapter 45


ကျင်းထွင်ကောခွေ့


ကျန်းရှုယောင် စဥ်းတီပြားပေါ်တွင် တင်ထားသော ပါးလွှာ ရှည်လျားသည့် မုန့်ညက်ပေါ်တွင် အရည်ပျော်နေသောထောပတ်အလွှာ သုတ်လိမ်းပြီး အရသာရှိသော အသားများနုတ်နုတ်စင်းများကို အညီအမျှ လိမ်းကျံပေးနေသည်။ ဓားတစ်ချောင်းကို အသုံးပြု၍ မုန့်ညက်ပေါ်တွင် အရာအနည်းငယ်ပြုလုပ်ကာ လှိမ့်ပြီး ပြားချပ်ချပ်လေး ဖိထားလိုက်သည်။


ရှဲ့ရွှင်းက လက်နှစ်ဖက်ကိုနောက်ပစ်ကာ လျှောက်သွားပြီးမေး၏။


 "ဒါက ဘယ်လိုမုန့်မျိုးလဲ"


"အိုးခမောက်"


ကျန်းရှုယောင်၏ လက်အောက်ငယ်သားတွေက သပ်သပ်ရပ်ရပ် သေသေသပ်သပ်ဆက်လုပ်နေကြသည်။


 “ရှင့်အတွက် စစ်ခမောက်လုပ်ပေးမလို့"


ကျင်းထွင်ကောခွေ့ သို့မဟုတ် စစ်အိုးခမောက်သည် စပ်သောအသားကိုဌာပနာထားသည့် ကြွပ်ရွသော မုန့်ပြားဖြစ်ပြီး စီချွမ်ရိုးရာသရေစာဖြစ်သည်။ ၎င်း၏ဇာစ်မြစ်ကို သုံးပြည်ထောင်ခေတ်ဆီ ပြန်လည်ခြေရာခံနိုင်သည်။ ထိုအချိန်တွင် တပ်မတော်သည် လေ့ကျင့်ရေးဖြစ်စေ ချီတက်ပွဲအတွက်ဖြစ်စေ ဝမ်းဖြည့်ရန်အတွက် အစာခြောက်ကို အသုံးပြုခဲ့သည်။ အိုးခမောက်များသည် သယ်ရလွယ်ကူပြီး ပုံမှန်ဘန်းမုန့်ခြောက်များထက် အရသာပိုကောင်းသောကြောင့် တဖြည်းဖြည်း လူကြိုက်များလာခဲ့သည်။


ကျင်းထွင်ကောခွေ့ကို အဓိက အစားအစာအဖြစ် တစ်မျိူးတည်း စားသုံးနိုင်သလို ပူပူချဥ်ချဥ်ခေါက်ဆွဲ၊ ဆန်ခေါက်ဆွဲ သို့မဟုတ် ထမင်းလိပ်များဖြင့် အရံဟင်းအဖြစ်လည်း စားသုံးနိုင်၏။ ကြွပ်ကြွပ်ရွရွနှင့် အသားအရသာအပြည့်ရှိလေသည်။


ကျန်းရှုယောင် ဆက်တိုက်အများကြီးလုပ်ခဲ့ကာ မနက်ဖြန် ဖြည်းဖြည်းချင်း  စားရန် စီစဉ်ထားသည်။


ဒယ်အိုးကို ဆီပူအောင်တည်ပြီး ပေါင်မုန့်ပြားများကို ဒယ်အိုးထဲထည့်လိုက်၏။ ဆီပူပူက မုန့်စိမ်းကို ဖောင်းပွလာစေပြီးနောက် မီးအေးအေးဖြင့် ဖြည်းဖြည်းချင်းကြော်ရသည်။ ရွှေရောင်ဖျော့ဖျော့ဖြစ်လာသောအခါ ပေါင်မုန့်ပြားများကို ထုတ်ယူလိုက်သည်။


ထိုအချိန်တွင် အိုးခမောက်များ၏အတွင်းပိုင်းမှာ အပြည့်မကျက်သေးပါချေ။လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ပေါင်မုန့်၏ မွှေးပျံ့သော ရနံ့ဖြင့် အပြင်ဘက် အရေပြားသည် ရွှေရောင်သန်းကာ ကြွပ်လာသည်။


"မနက်ဖြန် မနက်ကျရင် အစေခံတစ်ယောက်ကို မုန့်ဖိုထဲမှာ အိုးခမောက်ထည့်ခိုင်းလိုက်မယ် ... ထွက်သွားတဲ့အခါ ယူဖို့ မမေ့နဲ့"


ဤသည်က အိုးခမောက်တွေ၏ အနှစ်သာရဖြစ်သည်။မုန့်ဖိုထဲသို့ထည့်ကာ ဖြည်းဖြည်းချင်းဖုတ်ပြီးနောက်၊ အပြင်ဘက်အရေပြားသည် ကြွပ်ရွသောအကြော်ပုံစံကို ထိန်းသိမ်းထားနိုင်သော်လည်း အတွင်းပိုင်းသည် အလွန်နူးညံ့သည်။


နူးညံ့သောမုန့်သားအလွှာက နုတ်နုတ်စင်းထားသောအသားကို အသာညှပ်ပေါင်မုန့်လို ညှပ်ပစ်လိမ့်မည်။ အသားနံ့မွှေးကြိုင်ပေမဲ့ အသားကို မမြင်ရပေ။ နူးညံ့သော ပေါင်မုန့် နှင့် မွှေးကြိုင်သော အသားများကို ပေါင်းစပ်ထားသည်။ လတ်ဆတ်ပြီး ဆီမများချေ။


ယခုအချိန်မှာ ရှဲ့ရွှင်း၏ဗိုက်က ပြည့်နေ၏။ အနည်းငယ် သွားရေယိုနေသော်လည်း ဗိုက်မဆာသောကြောင့် ခေါင်းညိတ်ကာ ဆိုလိုက်သည်။


 "ကောင်းပြီ ကျေးဇူးအများကြီးတင်ပါတယ်"


ကျန်းရှုယောင်က နောက်ဆုံး အိုးခမောက်ကို ဖုတ်ပြီး ကျေနပ်စွာ ထွက်သွားသည်အထိ သူ မထွက်ခွာခဲ့ပေ။


---


နောက်နေ့မနက်စောစော မိုးမလင်းခင် ရှဲ့ရွှင်း  အိပ်ရာထသည်။ မနေ့ညက သူပြင်ဆင်ထားသည့် ယုန်သားရေအိတ်ကိုယူပြီး လတံခါးကနေ မီးဖိုချောင်ဘက်ကို လှည့်သွား၏။ သူ့ကိုစောင့်နေသည့် အစေခံက မုန့်ဖိုကို ချက်ချင်းဖွင့်ပြီး သူ့အတွက် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသည့် အိုးခမောက်ကို ထုတ်ယူလိုက်သည်။


လတ်လတ်ဆတ်ဆတ် မီးဖုတ်ထားသော အိုးခမောက်တွင်  ထောပတ်ရနံ့ပြင်းပြင်း ပါရှိပြီး မုန့်ဖိုမှ အပူရှိန်က ဆွဲမက်စရာကောင်းသော အသားနံ့ကို ပြန်လည်အားသစ်လောင်းပေး၏။ ရှဲ့ရွှင်း ခဏစဉ်းစားပြီးမေးလိုက်သည်။


 "ဘယ်နှစ်ခုဖုတ်ပြီးပြီလဲ"


အစေခံက ပြန်ဖြေ၏။


"သခင့်ကိုပြန်ကြားပါတယ်...ခြောက်ခုပါ"


ရှဲ့ရွှင်း သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ပြီးပြောလိုက်သည်။


 "ကောင်းပြီ...ငါစားဖို့ တစ်ခုယူမယ်... ပြီးရင် နှစ်ခုကို လမ်းအတွက်ယူသွားမယ်" 


၎င်းကိုကြားသောအခါ အစေခံက ပြုံးသည်။


 “သခင်မက ဒီလို စီစဥ်ထားပြီးသားပါ... သခင်လေးကို တစ်ခုစား ၊နှစ်ခုကို ထုပ်ယူသွားခိုင်းပြီး အကြီးဆုံးသခင်လေး နဲ့ ဒုတိယသခင်လေးအတွက် တစ်ခုစီ ယူသွားဖို့ သူကပြောပါတယ်"


ပထမပိုင်းကို နားထောင်လိုက်သောအခါ ရှဲ့ရွှင်း၏ နှုတ်ခမ်းထောင့်များ မသိစိတ်ဖြင့် ကြွတက်လာသော်လည်း ဒုတိယပိုင်းကို သူပြုံး၍မဆုံးမီ ကြားလိုက်ရသည်။


"ဘာလို့ သူတို့အတွက် တချို့လုပ်ပေးတာလဲ" 


ရှဲ့ရွှင်းပျော်မနေ။ သူတို့သည် သူ့အစ်ကိုအရင်းများဖြစ်သော်လည်း ညီအစ်ကိုများကလည်း အစားအသောက်ကို တွက်ရန် လိုအပ်သည်။


အစေခံမလေးခမျာ သူ၏ ရုတ်တရက် အေးစက်သောအမူအရာကြောင့် အံ့အားသင့်သွားပြီး ခေါင်းကို လေးလေးစားစား အမြန်ငုံ့လိုက်သည်။


 “သခင်မက အကြီးဆုံးသခင်လေး နဲ့ ဒုတိယ သခင်လေးက ငြင်းရင်လည်းအဆင်ပြေတယ်... ပြန်ပဲယူလာခဲ့ပါတဲ့... ဘာပဲဖြစ်ဖြစ် အိုးခမောက်က တစ်နေကုန် အရသာရှိနေမှာပါ”


ရှဲ့ရွှင်းက နှာမှုတ်ပြီး တင်းမာစွာပြော၏။


 "သူတို့က ငြင်းမှာမဟုတ်ဘူး... အပါးဝပြီးနှစ်ခုထပ်မတောင်းရင်ကို ကောင်းနေပြီ"


အစေခံက မဖြေဝံ့၊ ရှဲ့ရွှင်းလည်း  သူမကို(အစေခခံ) အရှက်မရစေချင်ပေ။အစေခံက  အိုးခမောက်ငါးခုကို ဆီစိမ်စက္ကူဖြင့်ထုပ်ပြီးသောအခါ ရှဲ့ရွှင်းက သူ့အိတ်ထဲတွင် အိုးခမောက် နှစ်ခုကို ထည့်ပြီး ဆီစိမ်စက္ကူအိတ်သုံးလုံးကို တုံ့ဆိုင်းစွာ သယ်ဆောင်ကာ ထွက်လာခဲ့သည်။


အစေခံက တားပြီးဆိုလာ၏။


 “သခင်... သခင်မက သခင့်အတွက် ရေအိတ်လည်း ပြင်ထားပါတယ်” 


ရှဲ့ရွှင်း  ထူးဆန်းသည်ဟု ထင်ခဲ့သည်။ 


"ငါ့မှာ ရေအိတ်ရှိတယ်"


နောက်ထပ် အစေခံတစ်ယောက် မီးဖိုချောင်ထဲက ထွက်လာသည်။ သူမက ရေအိတ်ကို ရှဲ့ရွှင်းအား ပေးကာဆို၏။


 "သခင်...ရေအိတ်ထဲမှာ သခင်မက ဒီအစေခံကို ကြိတ်ခိုင်းထားတဲ့  ပဲနို့နဲ့ ပြည့်နေပါတယ်" 


ရှဲ့ရွှင်း ရေအိတ်၏ အပူချိန်ကို ခံစားလိုက်ရပြီး သူ့နှလုံးသား နွေးထွေးသွားသည်။ မိန်းမယူခဲ့သည်မှာ ကောင်း၏။


ရေအိတ်နှင့် ဆီစိမ်စက္ကူအိတ်သုံးလုံးကို  ထုပ်ပိုးလိုက်ပြိး ခြံရှေ့မှာသူ့အစ်ကိုနှစ်ယောက်ကိုတွေ့ရန်သွားခဲ့သည်။


ရှဲ့လန် နှင့် ရှဲ့လီတို့ ရှဲ့ရွှင်း ကိုင်ထားသော ဆီစိမ်စက္ကူအိတ်များကို တွေ့လိုက်ကြပြီး သူတို့ အခွင့်ကောင်းယူနေမိမှန်း သိလိုက်သည်။ ထို့ကြောင့် သူတို့ ၎င်းကို အမြန်ဆွဲယူလိုက်ပြီး ရှဲ့ရွှင်းအား  တတိယခယ်မကို ကျေးဇူးတင်ကြောင်း တဆင့်ပြောပေးရန် တောင်းဆိုခဲ့သည်။


ရှဲ့ရွှင်း၏ အေးစက်သောမျက်နှာပေါ်ရှိ ဝန်လေးခြင်းအတွက်မူ သူတို့ မမြင်ချင်ယောင်ဆောင်နေခဲ့သည်။


စျေးသွား မုန့်ဝယ်ရန်လည်း စီစဉ်ထားသောကြောင့် သူတို့ယူလာသည့် သားရေအိတ်တွေက ချက်ချင်းအသုံးဝင်လာ၏။


ဆီစိမ်စက္ကူအိတ်ကနေတစ်ဆင့် ထောပတ်ရနံ့နှင့် ငရုတ်ကောင်းနံ့တို့ ပျံ့လွှင့်နေသည်။ နှစ်ယောက်သား မနေနိုင်ဘဲ   'ရှဲ့ရွှင်း မိန်းမယူထားတာ ကောင်းပါတယ်... နှစ်ယောက်သား ဘယ်လိုနှစ်ပါးသွားနေလဲတော့ မသိဘူး'ဟု ညည်းတွားမိလိုက်ကြ၏။


ရှဲ့ရွှင်းက သူ့မြင်းကို သူတို့နှစ်ယောက်နှင့်ခပ်ဝေးဝေးမှာ ရှိအောင်ထိန်းထားသည်။ သူက သူ့လက်မှာကိုင်ထားသည့် အိုးခမောက်ကို တိတ်တဆိတ် ကိုက်လိုက်ပြီး တခြားဆီစိမ်စက္ကူအိတ်နှစ်လုံးကို ထိလိုက်ကာ ၎င်း၏အလေးချိန်ကို ခံစားလိုက်သည်။ နောက်ဆုံးမှာ သူ အဆင်ပြေသွားသလို ခံစားလိုက်ရ၏။



နံနက်အရုဏ်ဦး၌ စုဝေးပွဲစတင်သောအခါ နံနက်အလင်းရောင်က ထွန်းလင်းစပြုလာသည်။ အချို့သော ထုံးတမ်းစဉ်လာများ ပြီးနောက် နေမင်းကြီးသည် တဖြည်းဖြည်း တောက်ပလာသည်။


အရာရှိဝတ်စုံများက ပွယောင်းပြီး ထူထဲကာ ငှက်များစွာဖြင့် ပန်းထိုးထား၍ တင့်တယ်ပြီး ခမ်းနားထည်ဝါသည်။ ကြည့်ကောင်းပေမဲ့ သက်တောင့်သက်သာဆိုသည်က ရုပ်ထွက်နှင့် အတူတူကား မဟုတ်ပါချေ။


လင်းချန့်က ရှဲ့ရွှင်း၏ဘေးတွင် ရပ်နေသည်။ နေရောင်ကြောင့် ပင်ပန်းနွမ်းနယ်နေပြီး ခြေထောက်များ ထုံကျင်လာသည်။ သူ့ခန္ဓာကိုယ်ကို အနည်းငယ်လိမ်လိုက်စဥ် သူ့နှင့်ဓားလွယ်ခုတ်မှာ ရပ်နေသည့် လူတစ်ယောက်က ရေအိတ်ကိုထုတ်ပြီး တိတ်တဆိတ် သောက်နေသည်ကို တွေ့လိုက်ရ၏။


သတိမထားမိအောင် ရေကို ဂရုတစိုက်သောက်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်သော်လည်း လင်းချန်တွင် အတွေ့အကြုံများစွာရှိသည်။


သူက ခေါင်းကိုငုံ့ပြီး သူ့ဝတ်ရုံလက်ကို မြှောက်ကာ ချွေးသုတ်ဟန်ဆောင်ပြီး အပိတ်ကို အမြန်ဆွဲထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် အလုပ်ပေးလိုက်ပြီး ရေချိုကို တစ်ငုံသောက်လိုက်ရာ သူ့ခန္ဓာကိုယ်က ချက်ချင်း ပိုသက်တောင့်သက်သာ ခံစားလာရသည်။


သူ့ဝတ်ရုံလက်စွပ်တွေကို ချွတ်လိုက်တော့ သူ့မျက်လုံးထောင့်က ရှဲ့ရွှင်းလည်း လှုပ်ရှားနေသည်ကို တစ်ချက်တွေ့လိုက်ရ၏။


ရှဲ့ရွှင်း၏ ကိုယ်ဟန်အနေအထားသည် သူ့ထက် များစွာတည်ငြိမ်နေပြီး သူ့ဝတ်ရုံလက်ကို မြှောက်လိုက်သည့်တိုင် ချောမောတင့်တယ်သည်။လင်းချန် သူ ချွေး တကယ်သုတ်နေသည်ဟု ထင်လိုက်ချိန်မှာ သူ့ဝတ်ရုံလက်ထဲက ရေအိတ်ကို ထုတ်ယူသည်ကို တွေ့လိုက်ရ၏။


ထိုရေအိတ်၏အဖုံးက အနည်းငယ်ထူးဆန်းနေပုံရသည်။ ရှဲ့ရွှင်းက ဝက်အူရစ်ကို ဖြည်လိုက်ပြီး အဖုံးကိုဖွင့်လိုက်ပြီးနောက် အထဲမှာ ကျူရိုးတစ်ချောင်းကိုမြင်လိုက်ရ၏။


လင်းချန် ၎င်းကိုမြင်သောအခါ အလွန်အံ့သြသွားသည်။ ဟုတ်တယ်...ဒီနည်းလမ်းကို သူဘာလို့ မစဉ်းစားခဲ့တာလဲ... စောစောက ရေလေးတစ်ငုံသောက်ပြီးနောက် သူ့မျက်နှာက နာကျင်သွားရတယ်...


ရှဲ့ရွှင်းက ကျူရိုးကို သပ်သပ်ရပ်ရပ် ဆုပ်ကိုင်လိုက်ပြီး ပဲနို့အနည်းငယ်ကို အေးအေးဆေးဆေး သောက်လိုက်သည်။


ပဲနို့ကအေးသွားပြီးနောက် ပဲပိစပ်၏လတ်ဆတ်သောရနံ့ဖြင့် ချိုမြိန်နေဆဲဖြစ်သည်။ ပါးစပ်အနည်းငယ်ဟပြီးသောအခါတွင် သူ၏စိတ်တိုခြင်းနှင့် အပူဒဏ်တို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။


လင်းချန်က ရှဲ့ရွှင်း၏ နံဘေးကို အနည်းငယ် တိူးလိုက်ပြီးမေးသည်။


 "ပေါယွမ် မင်း ဘာသောက်နေတာလဲ" 


ရေသောက်နေတာမဟုတ်ဘူးလို့ သူခံစားရတယ်...


ရှဲ့ရွှင်းက "ပဲနို့" ဟု အသံတိုးတိုးဖြင့် ပြန်ပြောသည်။


လင်းချန်ကဆိုလိုက်၏။


 "ငါ့ကို ခဏလောက်ပေးသောက်"


ရှဲ့ရွှင်းတစ်ယောက် လင်းချန်လည်း သူ့ပဲနို့ကို လိုချင်မည်ဟု မမျှော်လင့်ထားဘဲ သူ့ဝတ်ရုံလက်ထဲက အိုးခမောက်များကို ရုတ်တရက် စိတ်ပူသွားသည်။


သို့ရာတွင် ကျန်းရှုယောင်၏ပဲနို့က တကယ်ကို ကောင်းမွန်၏။ အကြာကြီး အရသာစွဲကျန်ကာ ချိုမြိန်ပြီးရေငတ်ပြေစေသည်။ နောက်မှ အိုးခမောက်နှင့် တွဲသောက်ရန် တွေးလိုက်သောအခါ ပိုပျော်သွားသလို ခံစားရပြီး နေရောင်အောက်မှာ အခြောက်လှမ်းခံပြီး ရပ်နေရသည်ကိုပင်  ပျင်းစရာမရှိတော့ပါချေ။


နေထွက်လာသည်နှင့်အမျှ ဖန်ပန်းပြည်ထောင်မှ မင်းသားတစ်ပါးက ဧကရာဇ်မင်းမြတ်အား လက်ဆောင်ပဏ္ဍာဆက်သရန် အရပ်ဘက်နှင့် စစ်ဘက်အရာရှိ ရာပေါင်းများစွာထဲမှ ထွက်ခွာလာခဲ့သည်။


ထိုအချိန်တွင် ရုံးတော်၏ ခမ်းနားကြီးကျယ်သော ခံစားချက်သည် အနည်းငယ် ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုဖြင့် အစားထိုးလာသည်။


အဆီတရွှဲရွှဲ အရာရှိအိုများနှင့် ရေပေါ်ဆီအရာရှိငယ်များသည် သူတို့၏ စိတ်နှလုံးကို နှိုးဆော်နေကြသည်။


မွန်းတည့်ချိန်နီးနေပြီ၊ လူတိုင်း ဗိုက်ဆာနေသည်မှာ ကြာလေပြီ။ သူတို့၏ဝတ်ရုံများသည် ပတ်ပတ်လည် ပွတ်တိုက်မှုကြောင့် ပွတ်တိုက်သံများထွက်နေပြီး အသီးသီးမိမိစားစရာမှာကို တိတ်တဆိတ် ထုတ်ယူကြ၏။


တချို့က မုန့်တွေရှိသည်၊ တစ်ချို့က ပဲကိတ်တွေရှိသည်၊ တစ်ချို့က သကြားဘန်းမုန့်တွေရှိသည်...


ရှဲ့လီသည် ရှေ့တွင်ရှိပြီး အရာရှိလောက အမှတ်အသားများဖြင့် ပန်းထိုးထားသော ဦးဆောင်းကို ၀တ်ဆင်ထားပြီး ရွှေဓားကို ဆင်ယင်ထားသည်။ သူသည် ခံ့ညားထည်ဝါစွာ ကြည့်နေသည်။


သူ့အနောက်မှာ ရပ်နေသည့် အရာရှိက သူ၏တည်ကြည်သောအရှိန်အဝါကြောင့် အနည်းငယ် ရှက်သွားသလို ခံစားရသည်။ ရှဲ့လီက သူ့ကိုယ်ပိုင် လှုပ်ရှားမှုလေးတွေကို မြင်သွားမှာကို စိုးရိမ်သဖြင့် တိတ်တဆိတ် ကြည့်နေခဲ့သည်။


ကံကောင်းထောက်မစွာ ရှဲ့လီက ရှေ့ကို လှမ်းကြည့်နေသည်။ သူတို့ စိတ်သက်သာရာ ရသွားကြ၏။ သူတို့ လှုပ်ရှားရန် ပြင်ဆင်နေချိန်မှာပဲ ရှီလီက သူ့လက်တွေကို အနည်းငယ် ရွှေ့လိုက်သည်။


အားလုံးက ခေတ္တရပ်ပြီး သူ့ကိုစွေကြည့်လိုက်ကြသည်။


ရှဲ့လီက မြင့်မားသောစင်မြင့်ပေါ်ရှိ ဧကရာဇ်မင်းမြတ်၏ အခမ်းအနားအစောင့်အကြပ်ကို လှမ်းကြည့်လိုက်သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည့်အခါ မျက်ခုံးပေါ်ရှိ အရေးအကြောင်းများက နက်နဲလာ၏။ သူ့အမူအရာက ပိုလေးနက်လာသည်။


လူတိုင်းက မရှက်ဘဲ မနေနိုင်ကြပါချေ။


 'ဟုတ်တယ်၊ ဖန်ပန်းက တိုင်းတစ်ပါးသားတွေက ငါတို့နိုင်ငံကို ဂုဏ်ပြုတဲ့အနေနဲ့ လာပြီးတော့ ငါတို့နိုင်ငံရဲ့ တန်ခိုးနဲ့ ဂုဏ်သိက္ခာကို ပြသတဲ့ လက်ဆောင်တွေ ဆက်သကြသည်...ဆာလောင်ခြင်းအကြောင်းကိုသာ ငါတို့ အဘယ်သို့ တွေး၍ဖြစ်မည်နည်း'


'သခင်ရှဲ့ကမျှော်လင့်ထားသည့်အတိုင်း  မိမိကိုယ်ကို အမှန်ပင် ချုပ်တည်းကာ ဧကရာဇ်မင်းထံ ကြင်နာမှုပြန်ပေးဆပ်ခဲ့ချေသည်... သူသည် မျိုးဆက်တစ်ခုအတွက် စံနမူနာပါပင်တကား'


'ဒီလိုပူပြင်းတဲ့နေရောင်မျိုးမှာတောင် သခင်ရှဲ့က နည်းနည်းမှ မလှုပ်သေးဘူး... မဟုတ်ဘူး သခင်ရှဲဲ့က အခုပဲ လှုပ်နေတယ်'


ကြီးကျယ်ခမ်းနားပြီး ဂုဏ်သိက္ခာရှိသော သခင်ရှဲ့သည် ခေါင်းငုံ့ကာ သူ၏ဝတ်ရုံလက်ကို အမှီပြု၍ ဝတ်ရုံလက်ထဲမှ ဆီစိမ်စက္ကူအိတ်ကို ထုတ်ယူလိုက်သည်။


သူသည် သူ့လက်ကို တည်တည်ငြိမ်ငြိမ်  ဆုတ်ခွာပြီး သူ့ဝတ်ရုံလက်နှင့် ကာထားကာ သူ့ကိုယ်ဟန်အနေအထားမှာ သေးငယ်သည့် လှုပ်ရှားမှုမျိုး တစ်ခါမှ မလုပ်ဖူးသကဲ့သို့ မတ်မတ်ရပ်နေဆဲဖြစ်၏။


လူတိုင်း: ......?


ရှဲ့လီက ဆီစိမ်စက္ကူကိုဖွင့်လိုက်ပြီး ထောပတ်ရနံ့က သူ့နားတဝိုက်မှာ ချက်ချင်း သင်းပျံ့သွားသည်။


သူက တည်တည်ငြိမ်ငြိမ်ပင်ပြုမူနေကာ သူ့ဝတ်ရုံလက်များကိုမြှောက်၍ ချွေးသုတ်ဟန်ဆောင်လိုက်ပြီး ၎င်းနောက် အိုးခမောက်ကို"ဂျွတ်"ခနဲကိုက်လိုက်၏။


အိုးခမောက်က အနည်းငယ်ပူနွေးနေဆဲဖြစ်သည်။အပြင်အရေခွံက ကြွတ်ရွပြီး ပါးစပ်ထဲမှာ ဝါးရလွယ်လေသည်။ဝါးလိုက်သောအခါတွင် ပေါင်မုန့်က မွေးကြိုင်မှုတို့အပြည့်ရှိနေ၏။


ပေါင်မုန့်ပြား၏အတွင်းက အလွှာများစွာပါရှိသည်။ မုန့်သားနှင့်အသားက တစ်လွှာပေါ်တစ်လွှာဆင့်နေ၏။အတွင်းပိုင်းက ပါးလွှာပြီးနူးညံ့နေသည်။အသားက ကောင်းစွာလှီးဖြတ်ထားသဖြင့် နူးညံ့သော မုန့်သားထက် သိပ်မမာပါချေ။ အသားကအရသာအပြည့်ရှိနေကာ ဝါးစရာမလိုပေ။


ပေါင်မုန့်၏ရနံ့က နုတ်နုတ်စဥ်းထားသောအသားထဲသို့ စိမ့်ဝင်သွားပြီး နုတ်နုတ်စင်းထားသောအသား၏ဆီမွှေးရနံ့သည်လည်း မုန့်ထဲသို့ စိမ့်ဝင်သွားသည်။ ပေါင်မုန့်ပေါ်တွင်ဖြူးထားသော ငရုတ်ကောင်းက အသား၏ အီစိမ့်မှုနှင့်အညှီဓာတ်တို့ကို ဖယ်ရှားရန် လုံလောက်ပြီး ၎င်းသည် ကြွပ်ရွပြီး ထုံကျင်သော ခံစားချက်နှင့် ပြည့်နေသည်။


ပထမအကိုက်ပြီးနောက် သူ မရပ်နိုင်တော့ပေ။ တစ်ချက်ကိုက်ပြီးနောက် ငရုတ်ကောင်းရနံ့နှင့် အသားနံ့တို့ ပေါင်းစပ်သွားကာ သူ့ခံတွင်းတွင် မွှေးရနံ့များ ပြည့်နှက်နေသည်။ သူစားပြီးနောက်တွင် ပါးစပ်ထဲတွင် ထုံကျင်မှုအနည်းငယ်ရှိနေပြီး အဆုံးမရှိ အရသာစွဲကျန်နေသည်။


သူ့ပတ်ဝန်းကျင်တွင် ရှဲ့လီ၏ "တဂျွတ်ဂျွတ်" ကိုက်သံကို လူတိုင်းကြားနေရသည်။ သူတို့သည် လေထဲရှိ မုန့်နှင့် အသား၏ မွှေးရနံ့ကို ရှူရှိုက်လိုက်ကြသည်။


သူ့ဘေးရှိအရာရှိက သူ့လက်ထဲက ဘဲသားပန်ကိတ်ကို ငုံ့ကြည့်နေ၏။ အပေါ်ယံလွှာက ဆီများသဖြင့် စေးကပ်နေသည်။ အရသာမရှိရုံတင်မကဘဲ အီသလိုလိုပါပင်။ အထဲရှိ ဘဲသားက နွေးနေပေမဲ့ အညှီနံ့သာရပြီး မလတ်ဆတ်သလို အသားနိုင်းချင်းရနံ့လည်း မရှိပါချေ။


'ဟေ့ ငါ့လက်ထဲက ပန်ကိတ်က ရုတ်တရက် ကြည့်မကောင်းတော့ဘူး'


တစ်ဖက်တွင် ရှဲ့ရွှင်းကလည်း သူ၏ ပထမဆုံး ပေါင်မုန့်ပြားကို အပြီးသတ်လိုက်ပြီး  အရသာကောင်းမွန်လွန်း၍ သူ သွားရည်ကျနေ၏။


လင်းချန်က အသက်အောင့်ထားရင်း ရှဲ့ရွှင်းကိုခေါ်လိုက်သည်။ 


 "ကျေးဇူးပြုပြီး တစ်ကိုက်ပေးပါကွာ" 


၎င်းနောက် သူက “ငါ ပဲစေ့ကိတ်၊နှမ်းကိတ်နဲ့ မြေပဲကိတ်ယူလာခဲ့တယ်” ဟု  ဆက်ပြောသည်။


ရှဲ့ရွှင်းကဆို၏။


"မင်းအသံကို ထိန်းစမ်း"


"မင်း ငါ့ကို တစ်ခုခု ပေးရမယ် ပေါယွမ်... ငါစားရရင် မင်းကို မခေါ်တော့ဘူး"


ရှဲ့ရွှင်း ကူကယ်ရာမဲ့စွာပြောလိုက်သည်။


 "မင်းဘာလို့ ငါ့စားစရာကိုပဲ ဆက်တိုက်လိုချင်နေတာလဲ"


"ရှဲ့ပေါယွမ်... မင်းက ဒီလောက် ကပ်စေးနဲတဲ့လူမဟုတ်ပါဘူး"


ရှဲ့ရွှင်း  သူ့ရင်ထဲမှာ ညည်းတွားပြီး ဘာမှပြန်မပြောနိုင်။ ၎င်းနောက် သူက အိုးခမောက်ကို ထုတ်ရန် တုံ့ဆိုင်းနေပြီး  “မင်းကို ဘယ်လိုလုပ်ပေးရမလဲ” ဟု တိုးတိုးလေးပြောလိုက်သည်။


"ဧကရာဇ်မင်းမြတ် မြင်းစစီးတဲ့အခါ မင်းငါ့ကိုပေးလို့ရတယ်"


ရှဲ့ရွှင်းက သဘောတူပြီး ဧကရာဇ်မြင်းစီးပြီး ဝန်ကြီးတစ်ရာကျော် ထွက်ခွာသွားသည့်အခါ လင်းချန်ကို အိုးခမောက် ထိုးထည့်ပေးလိုက်သည်။


လင်းချန်မှာ သူ့ကို ပွေ့ဖက်ပြီး ငိုဖို့ မစောင့်နိုင်တော့ပေ။သူက ရှိုက်ရင်းပြောလိုက်၏။


 “မင်းက တကယ်ကို ငါ့ရဲညီအစ်ကိုကောင်းပဲ”  


ထိုအဖြစ်အပျက်၏ လေးနက်မှုကြောင့် သူအချိန်အတော်ကြာ သည်းခံခဲ့ရသည်။


ကြွပ်ရွမွှေးကြိုင်သော အိုးခမောက်ကို ကိုက်စားပြီးနောက် နောက်ဆုံးတွင် သူ မထိန်းနိုင်တော့ပေ။ သူ ခေါင်းငုံ့ကာ အနည်းငယ် လှုပ်ရှား၍ ရှဲ့ရွှင်းကိုပြောလိုက်သည်။ 


"ပေါယွမ်...  နောင်မှာ မင်းဒုက္ခရောက်ရင် ငါ့အသက်ကို စွန့်လွှတ်ရရင်တောင် မင်းကို ငါကူညီမယ်ကွာ" 


ရှဲ့ရွှင်းက စိတ်တိုတိုဖြင့် ပြောသည်။


 "... အရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးရုံနဲ့တင်ရပါတယ်"


လင်းချန်က ပါးစပ်ကိုပိတ်ပြီး အိုးခမောက်ကို ဆက်ဝါးနေလိုက်၏။


လမ်းကြားလေး၏ အဆုံးဆိုင်က သိုးသားဘန်းမုန့်ကို စားနေကျဖြစ်ပေမဲ့  ယခုအချိန်မှာ ကျန်းရှုယောင်၏လက်ရာကို စားသုံးရင်း 'မုန့်က ဒီလိုအရသာရှိနေတုန်းပဲ'ဟု ညည်းတွားမိလိုက်သည်။


အပြင်ဘက်အခွံရှိ ဆီများကို ခြောက်သွေ့အောင်ဖုတ်ထားပြီး ရနံတစ်ခုတည်းကိုသာချန်ထားကာ အီစိမ့်ခြင်းမရှိပါချေ။ အထဲရှိ အသားက လတ်ဆတ်ပြီး အရသာရှိလှငည်။ အသား၏အဆီနည်းသောအပိုင်းက နူးညံ့ပြီး အဆီများသည့်အသားကလည်း ကင်ထားကာ ဆီကြော်အရသာကို နူးညံ့ပျော့ပျောင်းသော မုန့်စိမ်းထဲတွင် နှစ်မြှုပ်ထားသည်။တကယ်ကို အရသာရှိတယ် အရသာရှိတယ် အရသာရှိတယ်ပါပင်။


သူစားပြီးသွားသောအခါ ပတ်ဝန်းကျင်က အရာရှိတွေက သူ့အသံကြောင့် သေအောင် ဒေါသထွက်နေကြပြီဖြစ်၏။ သူကဆိုလေသည်။


 “ပေါယွမ် မင်းမိန်းမရဲ့ မိသားစုမှာ ဝမ်းကွဲတစ်ယောက်လောက်များ ရှိလား”  


 သူ့အသံက နည်းနည်းရှက်သွားသလိုဖြင့်


“ရှိရင် ရှိရင် သူက မင်းမိန်းမနဲ့တူရင် ငါလိုချင်—”


"ဟ" 


ရှဲ့ရွှင်းက တခစ်ခစ်ရယ်ကာ သူ၏နေ့ခင်းအိပ်မက်ကို(စိတ်ကူးယဥ်) နှောင့်ယှက်လိုက်ပြီးဆိုလေသည်။


 "လင်းချန်... မင်း ငါ့စားစရာကို နောက်တစ်ခါ ထပ်မစားချင်တော့ဘူးလို့ ထင်မိတယ်"


Xxxxx