Ch 21
Viewers 24k

(21) ရှောင်တိတိကိုချော့

 

ရုန်ဝေ့ရှန် လှမ်းခေါ်လာတယ်။

 

ရုန်ကျန်းက ရေခဲထုတ်ကို သူ့ညီလေးရဲ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး ဖုန်းကိုကောက်ယူကာ တစ်ဖက်ကိုလှည့်ထွက်သွားခဲ့တယ်။

 

တစ်လျှောက်လုံး သူ့အစ်ကိုရဲ့မျက်နှာကို ရုန်ရုန်မတွေ့လိုက်ရဘူး။

 

ပါး

 

ကျန်းအာ မင်းအလုပ်များနေလား

 

ပြောလို့ရတယ်

 

ပါး မင်းရဲ့ ပထမဦးလေးနဲ့ တတိယဦးလေးတို့ဆီကကြားခဲ့တယ်.. ရုန်ရုန် သူတို့နဲ့ စကားများခဲ့တယ်ဆို? အစ်ကိုကြီးတစ်ယောက်အနေနဲ့ မင်း သူ့ကို အကာအကွယ်ပေးနေခဲ့သေးတာလား

 

တတိယဦးလေးက ပါးဆီလှမ်းပြောလိုက်တာလား

 

သူ့ရဲ့နားလည်မှုအရ ပထမဦးလေးက သူ့အဖေရဲ့ ညီအစ်ကိုသုံးယောက်ထဲမှာ သူ့အဖေပြီးရင် အဆင်ပြေတဲ့သဘောထားအရှိဆုံးသူပဲ။

 

ဒီတော့ ဒီလိုမျိုး မကျေမနပ်တိုင်တန်းတာမျိုးကို ပထမဦးလေးက မလုပ်လောက်တာကြောင့် တတိယဦးလေးမှ သူ့အဖေဆီကိုလှမ်းပြောလိုက်တာဖြစ်လိမ့်မယ်လို့ ရုန်ကျန်း ခန့်မှန်းလိုက်တယ််။

 

သေချာတာပေါ့။ ဖုန်းရဲ့တစ်ဖက်ဆီမှ သူ့အဖေရဲ့ ရှက်ရွံ့မှုတွေရောနေတဲ့ အသံကထွက်ပေါ်လာတယ်။

 

အမ်

 

တတိယဦးလေးက ရုန်ရုန် သူ့ကိုဘာလို့ဆန့်ကျင်ခဲ့လဲဆိုတာကိုရော ပြောခဲ့သေးလား.. ရုန်ရုန်က သူနဲ့ဘာလို့ စကားများခဲ့တာလဲဆိုတာ ပြောခဲ့လား

 

ရုန်ပါးပါးက ထိုမေးခွန်းကြောင့် ခဏရပ်သွားပြီးတုံ့ဆိုင်းစွာ ပြန်ပြောလာတယ်။

 

ဒါက.. ပါး မင်းဦးလေးရဲ့ မကျေနပ်တဲ့စကားတွေကိုပဲ နားထောင်ခဲ့ရပြီး သူ့ကို နှစ်သိမ့်ဖို့ အလုပ်ရှုပ်နေတာနဲ့... ပါး မေ့သွားတယ်.. ဘာတွေဖြစ်ခဲ့လဲဆိုတာကို မေးဖို့ မေ့သွားတယ်

 

ဒါက သူ့ တတိယဦးလေးရဲ့ပုံစံပဲ။

 

ရုန်ကျန်း သိပ်ပြီး မအံ့သြမိဘူး။

 

ဒီနေ့ ရုန်ရုန်ရဲ့နဖူးကို ကားနဲ့ဆောင့်မိသွားတယ်

 

ရုန်ပါးပါးရဲ့ အာရုံက ချက်ချင်းပြောင်းလဲသွားပြီး စိတ်ပူမှုကိုဖော်ပြလာတယ်။

 

ရုန်ရုန်ရဲ့နဖူးကိုဆောင့်မိသွားတာလား.. ဘယ်လိုဖြစ်ရတာလဲ.. ပြင်းထန်လား? သူ မင်းရဲ့ကားနဲ့ ဆံပင်ညှပ်ဆိုင်ကိုသွားခဲ့တာမဟုတ်ဘူးလား? ရှောင်လျို့က ကားကို အရှိန်မြှင့်ပြီးမောင်းခဲ့လို့လား? မင်း ရှောင်လျို့ကို နောက်တစ်ခါ ကားကို မြန်မြန်မမောင်းဖို့ ပြောထားသင့်တယ်

 

အဆင်ပြေပါတယ်.. နည်းနည်းလောက်ရောင်သွားရုံပဲ.. ကျွန်တော်အမွှေးလုံးလေးကို ရေခဲကပ်ပေးဖို့ ကုမ္ပဏီကိုခေါ်လာခဲ့တယ်

 

ရေခဲကပ်တာကောင်းတယ်.. အခုရော အရောင်ကျသွားပြီလား

 

ရေခဲကပ်နေတုန်းမှာ ပထမဦးလေးနဲ့ တတိယဦးလေးတို့တက်လာတယ်.. သူတို့က တခြားလူတွေဆီကနေ ကျွန်တော် ကုမ္ပဏီကို အပြင်ဘက်က ကောင်ငယ်လေးတစ်ယောက်ခေါ်လာခဲ့တယ်လို့ ကြားခဲ့ကြတဲ့ပုံပဲ.. ကျွန်တော့်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရုံခန်းထဲကို အတင်းအဓ္ဓမဝင်လာခဲ့ကြတာ

 

ရုံးခန်းရဲ့ အတွင်းရော အပြင်ရော ကြားရအောင် မေးခဲ့တယ်.. ကျွန်တော် အချိန်အခါနဲ့ နေရာဒေသတွေကို ဂရုစိုက်သင့်တယ်တဲ့.. ရုန်ရုန်က ဦးလေးတွေရဲ့ သွယ်ဝိုက်စကားတွေကိုကြားပြီး သူတို့ဆီက ရှင်းပြချက်တောင်းခဲ့တယ်

 

ရုန်ကျန်းက သူ့ဦးလေးတွေရဲ့စရိုက်ကို ကောင်းကောင်းသိထားသလို သူ့အဖေကိုလည်း ကောင်းစွာသိထားတယ်။

 

သူ့အနေနဲ့ သူသာ ဒီအကြောင်းကိုအရင်ပြောလိုက်မယ်ဆိုရင် သူ့အဖေလို ငြိမ်းချမ်းရေးသမားကြီးက မိသားစုဝင်တွေပဲဆိုပြီး ကျော်ချလိုက်မယ်ဆိုတာကို သေချာပေါက်သိထားတယ်။

 

ဒါ့အပြင် သူနဲ့ရုန်ရုန်နှစ်ယောက်လုံးက ယောကျ်ားလေးတွေဖြစ်နေတာကြောင့် သူ့အဖေက ကိစ္စကြီးအဖြစ် မှတ်ယူမှာမဟုတ်ဘူး။

 

ရုန်ကျန်းက သူ့အဖေကို ဖျန်ဖြေပေးလာဖို့ အခွင့်အရေးမပေးခဲ့ဘူး။

 

ဒါက အထင်လွဲမှုတစ်ခုထက်မပိုဘူး.. တကယ်လို့ ပထမဦးလေးနဲ့ တတိယဦးလေးတို့ကသာ တောင်းပန်ခဲ့ရင် ရုန်ရုန်က သေချာပေါက် ဖြေလျှော့ပေးခဲ့မှာပဲ.. ဒါပေမဲ့ တောင်းပန်မဲ့အစား ပထမဦးလေးနဲ့ တတိယဦးလေးက ရုန်ရုန်ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်တင်ခဲ့တယ်.. အကြီးတွေကို ပြန်ခံပြောပြီး စည်းမျဥ်းစည်းကမ်းကိုနားမလည်ဘူးလို့ ရှုံ့ချခဲ့တယ်

 

ထပ်ပြီးတော့ ရုန်ရုန်ကို ကျွန်တော်နဲ့နှိုင်းယှဥ်ပြီး ကျွန်တော့်လောက်မတော်ဘူး မကောင်းဘူးလို့ ကောက်ချက်ချခဲ့တယ်..

 

ပါး.. ပါးလည်း အဲလိုမျိုးတွေးနေတာလား? ပထမဦးလေးနဲ့ တတိယဦးလေးတို့တွေးသလို ရုန်ရုန်က ဘယ်နေရာမှာမှ ကျွန်တော့်ကိုမယှဥ်နိုင်ဘူးလို့ တွေးနေခဲ့တာလား?

 

ဖီး! မင်းရဲ့ပါးက ဘယ်တုန်းက အဲလိုတွေးခဲ့လို့လဲ! မင်းက အများကြီးတော်တာအမှန်ပဲ ဒါပေမဲ့ ရုန်ရုန်က ဘယ်နားက မင်းထက်ဆိုးရွားနေလို့လဲ? ရုန်ရုန်ရဲ့ လက်တွေက ဘယ်လောက်တောင် အရည်အချင်းပြည့်ဝလိုက်သလဲ..

 

ငါ့ရဲ့ ဓာတ်စက်အဟောင်းနဲ့ မင်းအဖွား မင်းအမေအတွက် ချန်ထားပေးခဲ့တဲ့ အိတ်ဆောင်နာရီတွေပျက်တာကို ရုန်ရုန်ပဲ ပြင်ပေးခဲ့တာမဟုတ်ဘူးလား?

 

ရုန်ရုန်က ဘယ်လောက်တောင်ဥာဏ်ကောင်းလိုက်သလဲ.. သူက တစ်ခါပြတာနဲ့ အကုန်လုံးကို လိုက်ပြီးသင်ယူနိုင်တယ်.. အထူးသဖြင့် သူ့ရဲ့နှာခေါင်းတွေက ဘယ်လောက်တောင် အာရုံခံကောင်းလိုက်သလဲ.. သူက ရေမွှေးနဲ့ပတ်သက်ပြီး အရည်အချင်းရှိလွန်းတယ်..

 

အောင်မြင်ကျော်ကြားတဲ့ပညာရှင်တွေတောင် ကုမ္ပဏီတွေအများကြီးဆီကနေ ဖိတ်ကြားမခံရနိုင်ဘူး.. ရေမွှေးပညာရှင်ဂျိမ်းစ်ကတောင် ငါတို့ရုန်ရုန်ကို ချီးကျူးခဲ့ပြီး သူ့ရဲ့စတူဒီယိုကိုလာဖို့ သူ့ဖက်ကနေ အရင်ဖိတ်ခေါ်ခဲ့တာ.. အနာဂတ်မှာ ရုန်ရုန်က ထိပ်တန်းရေမွှေးပညာရှင်တစ်ယောက်ဖြစ်လာမယ်ဆိုတာ အသေအချာပဲ..

 

နောက်ပြီးအခုဆို သူက ချက်ပြုတ်တတ်နေပြီ.. ဘယ်နေရာမှာ မင်းကိုမယှဥ်နိုင်လို့လဲ!

 

ရုန်ဝေ့ရှန်က ဒီတစ်ကြိမ်မှာတော့ တကယ်ကို ဒေါသထွက်နေပြီ။ ဒီစိတ်ရင်းကောင်းလွန်းတဲ့အမျိုးသားကြီးက ပထမဆုံးအကြိမ် သူ့ရဲ့သားကြီးကို ဖုန်းထဲကနေ လှမ်းဆူနေခဲ့တယ်။

 

တကယ်တမ်းမှာ သူဒေါသထွက်နေတာက သူ့ရဲ့အစ်ကိုနဲ့ ညီဖြစ်သူကိုပဲ။

 

ရုန်ရုန်က ဘယ်နေရာမှာ သူ့အစ်ကိုလောက်မကောင်းနေလို့လဲ?

 

ဒါက သူနဲ့ ရှောင်လန်ကို တကယ်စိတ်တိုစေတယ်!

 

ရုန်ဝေ့ရှန် ထိုစကားတွေကိုပြောနေစဥ်မှာ ရုန်ကျန်းစပီကာဖွင့်ထားခဲ့တယ်။ သူ့ရဲ့ညီငယ်လေးကြားနိုင်စေဖို့အတွက်ပေါ့။

 

သူက သူ့ရဲ့ညီငယ်လေးကို နားလည်စေချင်ခဲ့တာ။

 

အပြင်လူတွေရဲ့ စကားနဲ့အတွေးတွေကဘယ်လိုပဲဖြစ်နေပါစေ သူ့အဖေနဲ့ သူကိုယ်တိုင်ရဲ့တကယ်အတွေးအမှန်တွေက ၊ မိသားစုဝင်တွေက ဘယ်လိုတွေးတာလဲဆိုတာကိုပေါ့။

 

အမွှေးလုံးလေး ဘယ်မှာလဲ.. မင်းရဲ့ရုံးခန်းထဲမှာပဲလား

 

အမ်.. ရှိသေး.....

 

မင်းဘာလို့မပြောခဲ့ရတာလဲ? အမွှေးလုံးလေးက အခုမင်းရုံးခန်းထဲမှာပဲလား

 

ရုန်ကျန်း ဖုန်းကို တိတ်တဆိတ်လှမ်းပေးလိုက်တယ်။

 

ရုန်ရုန်းအနားကို လျှောက်သွားကာ ရုန်ကျန်းရဲ့လက်ထဲမှဖုန်းကိုကိုင်ရင်း အသံတိုးတိုးနဲ့ခေါ်လိုက်တယ်။

 

ပါး

 

ပါး ကျေးဇူးတင်ပါတယ်

 

သူ့ရဲ့အတိတ်ဘဝတုန်းက သူ့ရဲ့မိဘတွေ သူ့ကိုမချစ်ဘူးလို့ ဘာလို့တွေးခဲ့ရတာလဲ?

 

ဖုန်းတစ်ဖက်မှာရှိနေတဲ့ ရုန်ဝေ့ရှန်က သူ့သားရဲ့ငိုသံပါနေတဲ့စကားသံကိုကြားတော့ ချက်ချင်းပဲ စိတ်ပူပန်ပြီး ပြာယာခတ်သွားရတယ်။

 

အမွှေးလုံးလေး.. ငိုနေတာလား.. ကလေးလေး မငိုနဲ့နော်! မငိုပါနဲ့! ပါးကိုစောင့်နေနော်! ပါး အခုပဲလာခေါ်လိုက်မယ်! အခုပဲလာခေါ်မယ်! မင်းရဲ့ဦးလေးတွေကတော့! ငါတို့ရဲ့ရတနာလေး(ပေါင့်ပေ့)ကို ဘယ်လိုများ ဒီလိုစကားတွေပြောရတာလဲ! ငါတို့ရဲ့ပေါင်ပေ့က သူ့အစ်ကိုကို ဘယ်နားက မယှဥ်နိုင်လို့လဲ! မဖြစ်နိုင်တာကို!

 

ရုန်ဝေ့ရှန် ဖုန်းထဲကနေ သူ့ညီကို လှမ်းဆူလိုက်ပြီး သားငယ်လေးကို နူးညံ့တဲ့အသံနဲ့ ထပ်ချော့ပြန်တယ်။

 

ပါးရဲ့ချစ်ရတဲ့ပေါင်ပေ့.. မင်းရဲ့ အစ်ကိုကို ဖုန်းပေးလိုက်ပါဦး

 

ရုန်ရုန်က မငိုပဲ ထိန်းထားဆဲပဲ။ ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက သူ့အသံကိုကြားပြီး ချက်ချင်းသိသွားခဲ့တယ်။

 

သူက ကလေးအရွယ်ကတည်းက ငိုခဲလွန်းတယ်။ သို့ပေမဲ့ ဒီအချိန်မှာ သူမျက်ရည်တွေကျမနေရင်တောင် မျက်လုံးတွေကတော့ နီရဲနေမှာ အသေအချာပဲ။ သူ ခေါင်းကိုငုံ့ပြီး သူ့အစ်ကိုကို ဖုန်းပြန်ပေးလိုက်တယ်။

 

ပါး

 

ရုန်ဝေ့ရှန် ဖုန်းတစ်ဖက်ဆီမှ လေသံပြောင်းသွားတာကို ကြားလိုက်ရပေမဲ့ ရုန်ရုန် ကြားသွားမှာစိုးတာကြောင့် လေသံတိုးတိုးလေးနဲ့ စိတ်ပူပန်စွာ လောဆော်လာတယ်။

 

ကျန်းအာ မြန်မြန်လေး! မင်းရဲ့တိတိကို ပါးကိုယ်စား ချော့ပေးပါဦး!

 

ရုန်ကျန်း:....

 

ရုန်ကျန်းက ကလေးအရွယ်ကတည်းက သူ့ညီလေးကို ချော့မြူတဲ့နေရာမှာ အရည်အချင်းရှိတယ်။

 

ရုန်ကျန်း ကလေးအရွယ်တုန်းက ရုန်ရုန်က မွေးဖွားပြီး နှစ်အနည်းငယ်လောက်သာရှိသေးပေမဲ့ ရုန်ဝေ့ရှန်တို့ ဇနီးမောင်နှံနှစ်ယောက်က အလွန်အမင်းအလုပ်ရှုပ်ခဲ့ကြတယ်။

 

သူတို့ဇနီးမောင်နှံက အလုပ်ကိစ္စအတွက်လည်း မကြာခဏခရီးထွက်ခဲ့ရပြီး ဆယ်ရက်ကနေ လဝက်လောက်အထိ ကြာတတ်တယ်။ အိမ်မှာ နာနီနဲ့ပဲထားခဲ့ရတာ။

 

ဒီတော့ ရှောင်ရုန်ရုန်က မိဘတွေထက် သူ့အစ်ကိုနဲ့သာ ပိုပြီးနီးကပ်ခဲ့တယ်။

 

မူကြိုမှာ ကလေးတွေဆီက အနိုင်ကျင့်ခံရတော့လည်း သူက သူ့အစ်ကိုကိုပဲ သွားရှာခဲ့တယ်။

 

ကလေးအရွယ်ကတည်းက ရုန်ကျန်းဆီမှာ ရုန်ရုန်ကိုချော့မြူဖို့ နည်းလမ်းရှိခဲ့တယ်။ ရှောင်ရုန်ရုန် ငိုရင် သူက ပွေ့ချီပြီး ချော့မြူလိမ့်မယ်။ အနည်းငယ်ကြီးလာချိန်မှာတော့ သူက ထိုအမွှေးလုံးလေးနဲ့အတူ အတုံးဆက်နည်းတွေအတူကစားပြီး ချိုချဥ်တွေ ရေခဲမုန့်တွေ ကျွေးလိမ့်မယ်။

 

ဒီတော့ ရုန်ကျန်းက သူ့ရဲ့ညီလေးကို ချော့မော့တဲ့နေရာမှာ တော်တယ်လို့ ပြောနိုင်တယ်။

 

ပြသနာက အဲဒါက အမွှေးလုံးပေါက်စလေးတုန်းကလေ။

 

ရုန်ကျန်း ရုံးခန်းအတွင်းမှ ရေချိုးခန်းတံခါးကို စိုက်ကြည့်လိုက်တယ်။

 

အခုအရွယ်မှာ ဘယ်လိုများချော့ရမှာလဲ?

 

ဥက္ကဋ္ဌ နောက်ငါးမိနစ်နေရင် အစည်းအဝေးစပါမယ်

 

လက်ထောက်လျို့ရှင်းက တံခါးကိုခေါက်ပြီး အသာတွန်းဖွင့်ကာ သတင်းတင်ပြလာတယ်။

 

ထိုအချိန်မှာပဲ ရုန်ရုန်သည်လည်း ရေချိုးခန်းတံခါးကိုတွန်းဖွင့်ကာ အပြင်ကိုထွက်လာခဲ့တယ်။

 

သူ့ရဲ့မျက်နှာပေါ်ကိုတစ်သျူးနဲ့သုတ်နေဆဲဖြစ်ပြီး မျက်နှာသစ်ထားဟန်ရှိတယ်။ သူစကားပြောတဲ့အချိန်မှာ နှုတ်ခမ်းထောင့်တွေက အပေါ်ကိုကွေးတက်နေခဲ့ပြီး သူ့ရဲ့မျက်လုံးတွေနီရဲနေတာကိုတော့ ဘယ်သူမှ မရိပ်မိနိုင်လောက်ဘူး။

 

ရုန်ရုန် မျက်နှာသုတ်ပြီးနောက် လက်ကိုထပ်သုတ်လိုက်တယ်။

 

ကောကော အလုပ်အရင်သွားလိုက်လေ.. ကျွန်တော်လည်း ဆံပင်သွားညှပ်တော့မယ်

 

ရုန်ကျန်း သူ့ကိုစိုက်ကြည့်လိုက်တယ်။

 

ဒီလိုပုံစံဖြစ်နေတာကို ဆံပင်သွားညှပ်ဦးမလို့လား

 

ရုန်ရုန်က ဖုန်းကင်မရာကိုဖွင့်ကာ သူ့ကိုယ်သူ ဓာတ်ပုံရိုက်လိုက်တယ်။

 

ချောနေတုန်းပါပဲ

 

သူ ကင်မရာထဲမှပြန်ထွက်လိုက်ပြီး သူ့အစ်ကိုကိုပြုံးပြလိုက်တယ်။

 

ဆံပင်ညှပ်လိုက်ရင် ပိုပြီးချောသွားလိမ့်မယ်

 

ရုန်ကျန်း: ... ဒီမှာနေပြီး ငါအစည်းအဝေးကပြန်လာမှာကိုစောင့်နေ.. ပျင်းလာရင် ကွန်ပျူတာနဲ့ကစားနေလို့ရတယ်

 

သူပြောပြီးနောက် ရုန်ရုန်ကိုပြန်ငြင်းခွင့်မပေးတော့ပဲ လျို့ရှင်းနဲ့ထွက်သွားတော့တယ်။

 

ရုန်ရုန် နောက်ကလိုက်ဖမ်းလိုက်တယ်။

 

ကောကော .. ကောကော ဒီလိုလုပ်လို့မရဘူးလေ! ကောကောက အစည်းအဝေးသွားမှာကို ကျွန်တော်က ဒီမှာဘာလုပ်နေရမှာလဲ

 

အစည်းအဝေးပြီးသွားရင် မင်းကိုတစ်ခုခုပေးမယ်

 

ရုန်ရုန် သူ့အစ်ကိုက သူ့ကိုချော့မြူဖို့ရန်အတွက် သူပြန်လာမဲ့အချိန်ကိုစောင့်ခိုင်းနေတာလားဆိုတာကို သံသယဝင်မိတယ်။

 

ကောင်ဆိုးလေးက ပူးပေါင်းမှုမရှိဘဲ သူ့ရဲ့လက်ဖဝါးကိုဖြန့်ပေးလာတယ်။

 

အခုပေးလိုက်လေ

 

ရုန်ကျန်းကလည်း ပေးမလာဘူး။

 

ပြန်လာရင်ပေးမယ်

 

လျို့ရှင်းက ရုံးခန်းတံခါးအပြင်မှာစောင့်နေခဲ့တယ်။

 

ရုန်ကျန်း တံခါးဝနားမှ လျို့ရှင်းကိုကြည့်လိုက်တော့ ထိုသူက အပြင်ဘက်ရုံးခန်းကိုသာမျက်နှာမူထားပြီး အတွင်းဘက်ကိုလှည့်ကြည့်မနေခဲ့ဘူး။

 

ထိုအခါမှ ရုန်ကျန်း သူ့ရဲ့လက်ကိုမြှောက်ပြီး ရုန်ရုန်ရဲ့ခေါင်းကိုပွတ်ပေးလိုက်တယ်။

 

ကောကော ပြန်လာတာကိုစောင့်နေ

 

ရုန်ရုန်:....

 

သူ့အစ်ကိုက အခုဆို သူ့ခေါင်းနဲ့ ပိုပိုပြီးရင်းနီးလာသလိုပဲနော်?

 

ဒါပေမဲ့လည်း....

 

ရုန်ရုန်ရဲ့နှုတ်ခမ်းတွေက အပေါ်ကိုကွေးတက်နေခဲ့တယ်။ သူ သဘောမကျတာမျိုး လုံးဝမခံစားရဘူး။

 

ရုန်ကျန်း ရံးခန်းထဲမှ ထွက်သွားပြီး အရှေ့ဘက်ကောင်တာကိုဖြတ်သွားချိန်မှာ အတွင်းရေးမှူးကိုညွှန်ကြားလိုက်တယ်။

 

နို့လက်ဖက်ရည်တစ်ခွက်နဲ့ မုန့်နည်းနည်းလောက် အထဲကိုယူသွားပေးလိုက်

 

သူက ခဏလောက်တွေးပြီး ဆက်ပြောလိုက်တယ်။

 

နောက်ပြီး အထဲကလူ ဘာပဲလိုချင်ချင် အတတ်နိုင်ဆုံးစိတ်ကျေနပ်အောင်လုပ်ပေးလိုက်.. မင်းတို့မဖြေရှင်းနိုင်တာရှိရင် ငါ့ကိုခေါ်လိုက်

 

ကောင်တာနောက်မှ အတွင်းရေးမှုးက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်မိတယ်။

 

ဥက္ကဋ္ဌက အစည်းအဝေးလုပ်နေချိန် နှောင့်ယှက်တာကို အမြဲတမ်းမုန်းတီးတတ်တယ် မဟုတ်ဘူးလား?

 

ကောင်းပါပြီ ဥက္ကဋ္ဌ

 

ရုန်ကျန်း ထွက်သွားပြီးနောက် အတွင်းရေးမှူးက ဥက္ကဋ္ဌရုံးခန်းကို လှက်ကြည့်လိုက်မိတယ်။ အထဲက တိတိအလှလေးက ဥက္ကဋ္ဌရဲ့စိတ်ထဲမှာ အထူးနေရာတစ်ခုကိုရထားတာဖြစ်မယ်။