Ch 22
Viewers 24k

(22) ကောကော ဒီအပိုင်းကို စားကြည့်

 

ရုန်ကျန်းရဲ့ရုံးခန်းထဲမှာ ကွန်ပျူတာတစ်လုံးပဲရှိတယ်။

 

ထိုရုံးကွန်ပျူတာထဲမှာ စီးပွားရေးဆိုင်ရာ လျို့ဝှက်သတင်းတွေအများကြီးပါဝင်နေနိုင်တာကြောင့် ရုန်ရုန်သွားထိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

 

အနာဂတ်မှာ သံသယဝင်နိုင်တဲ့အရာမှန်သမျှကို ရှောင်ရှားတာအကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါဆို လျို့ဝှက်ချက်တွေ မတော်တဆပေါက်ကြားတာမျိုးတွေအတွက်လည်း ရှောင်နိုင်လိမ့်မယ်။

 

ရုန်ကျန်းက သူအစည်းအဝေးက ပြန်မလာမချင်း စောင့်ဖို့မှာထားခဲ့တယ်။ အတိတ်တုန်းကသာဆို ရုန်ရုန်က နားမထောင်မှာ အသေအချာပဲ။ သူက ရုန်ကျန်းကို အလွန်အကျွံနှိပ်ကွပ်တယ်၊ ကျိုးကြောင်းမစီလျော်ဘူး လို့တောင် တွေးပြီး ရုန်ကျန်းနဲ့ စကားများရန်ဖြစ်နိုင်လောက်သေးတယ်။

 

အခုရုန်ရုန်ကတော့ ထိုသို့မတွေးတော့ဘူး။

 

သူ့အနေနဲ့ ဘဝမှာ တစ်စုံတစ်ယောက်မှ အမှန်တကယ် ဂရုစိုက်ပေးတာက ဘယ်လောက်တောင် အဖိုးထိုက်တန်သလဲဆိုတာကို သဘောပေါက်နေခဲ့ပြီလေ။

 

အစည်းအဝေးပြီးတဲ့အထိစောင့်နေလိုက်တာပေါ့။ ဘယ်လောက်မှ ကြာမှာမှမဟုတ်ဘဲ။

 

ရုန်ရုန် ဆိုဖာပေါ်မှာထိုင်ရင်း ဝီချက်ထဲမှ groupတွေကို ဝင်ကြည့်နေလိုက်တယ်။

 

အတိတ်ဘဝတုန်းက သူ ရေမွှေးချစ်သူတွေgroupနဲ့ ကုန်ကြမ်းပစ္စည်းတင်ပို့ရောင်းချတဲ့ groupတွေထဲကို ဝင်ထားခဲ့တာကိုမှတ်မိနေသေးတယ်။ သူ ဟဲယွီနဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်ပြီဆိုတော့ အနာဂတ်မှာ ကုန်ကြမ်းတွေအတွက် ကိုယ်တိုင်ရှာမှဖြစ်တော့မယ်။

 

ယုံကြည်အားထားရတဲ့ ကုန်ကြမ်းတင်သွင်းသူကို ရှာတွေ့နိုင်ရင်တော့အကောင်းဆုံးပဲ။ ဒါဆို သူလည်း ရေမွှေးကုန်ကြမ်းစျေးကွက်ကို ခဏခဏသွားနေစရာမလိုအပ်တော့ဘူး။

 

ရုန်ရုန်ရဲ့ အိပ်ပျော်နေသောအလှလေးက အိုင်းရစ်ကိုအခြေခံထားတဲ့ ရေမွှေးပဲ။ နောက်ပြီး ရေမွှေကုန်ကြမ်းအများစုကလည်း ပစ္စည်းကောင်းတွေနဲ့ဖော်စပ်ခဲ့တာ။ ဒါပေမဲ့အဓိကပါဝင်ပစ္စည်းက အိုင်းရင်းမြစ်ရဲ့ သန့်စင်တဲ့အဆီအနှစ်ဖြစ်တာကြောင့် ပိုပြီး ခက်ခဲလိမ့်မယ်။

 

အိုင်းရစ်ပန်းပင်တွေရဲ့ သဘာဝအရ ကြမ်းတမ်းမှုတွေနဲ့သာ ကြီးထွားရှင်သန်နိုင်မှုကြောင့် ကြီးထွားဖို့အချိန်ကလည်း ကြာရှည်ပြီး နှုတ်ယူနိုင်ဖို့ကလည်း ခက်ခဲတဲ့အတွက် အိုင်းရစ်ရဲ့ အစေးတွေနဲ့ အဆီအနှစ်တို့က အခုဆိုစျေးကွက်ထဲမှာ ကောင်းကင်ကြီးတမျှ စျေးမြင့်နေခဲ့တယ်။

 

အိုင်းရစ်မြစ်အဆီအနှစ်အစစ်ကလည်း အလွန်အမင်းရှားပါးလွန်းနေခဲ့ကာ အများစုက အရောအနှောတွေသာ ဖြစ်နေခဲ့တယ်။

 

အတိတ်ဘဝတုန်းကတော့ ဟဲယွီက ရုန်ရုန်လိုအပ်တဲ့ အိုင်းရစ်အဆီအနှစ်ကို ရှာတွေ့ခဲ့တယ်။

 

ကြိုးစားကြည့်လိုတဲ့ဆန္ဒနဲ့ ရုန်ရုန် ဂရုထဲမှလူတွေကို အိုင်းရင်းမြစ်ရဲ့အစေး ဒါမှမဟုတ် အိုင်းရင်းမြစ်ရဲ့အဆီအနှစ်တွေ လက်ထဲမှာ ရောင်းဖို့ရှိလားဆိုတာကိုမေးလိုက်တယ်။ အိုင်းရစ်မြစ်ရဲ့အဆီအနှစ်တွေကိုတော့ ဖလော့ရင့်စ်ပြည်နယ်ကနေပဲ ရရှိနိုင်လိမ့်မယ်။

 

ဂရုထဲမှ များစွာသော ကုန်ကြမ်းတင်သွင်းသူတွေက သူတို့ဆီမှ ဖလော့ရင့်စ်မှလာတဲ့ အကောင်းဆုံး အိုင်းရစ်မြစ်အဆီအနှစ်ရှိကြောင်း ပြောလာကြပြီး ရုန်ရုန်ကို သူငယ်ချင်းအဖြစ် တောင်းဆိုလာကြတယ်။

 

ရုန်ရုန်လည်း ခေါင်းညိတ်ကာ လက်ခံပြီး အကုန်လုံးကို သူငယ်ချင်းအဖြစ် ပေါင်းထည့်လိုက်တယ်။

 

အရှေ့အနောက် စကားအနည်းငယ်ပြောပြီးနောက် ရုန်ရုန် သူတို့အားလုံးကို ပြန်ဖျက်လိုက်ပြန်တယ်။

 

အလိမ်အညာတွေချည်းပဲ!

 

နိုင်ငံတကာမှာ တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၆၆၀၀၀_၈၅၀၀၀ကြား စျေးပေးရတဲ့ကုန်ပစ္စည်းကတောင် ဖလော့ရင့်စ်မှလာတဲ့ သန့်စင်တဲ့အဆီဖြစ်နေလိမ့်မယ်လို့ မသေချာဘူး။ ဒါကို သူတို့က သန့်စင်တဲ့အဆီ တစ်ကီလိုဂရမ်ကို ယွမ်၅သောင်းလို့ပြောနေတယ်?

 

သူ့ကို အရူးလို့ထင်နေတာလား!

 

ရုန်ရုန် ဒေါသတကြီးနဲ့ ထိုရနံ့ချစ်သူများဂရုထဲမှ ထွက်လိုက်တယ်။ ပြီးနောက် တစ်ခြားဂရုတွေမှာ အိုင်းရစ်မြစ်အဆီအနှစ် ရှိမလား ထပ်ပြီး ရှာဖွေပြန်တယ်။

 

သူ ယုံကြည်ရတဲ့ ကုန်သည်တစ်ယောက် ရှာမတွေ့နိုင်ဘူးလို့ လုံးဝမယုံဘူး!

 

ဒေါက် ဒေါက်!

 

ရုံးတံခါးခေါက်သံထွက်ပေါ်လာတယ်။

 

ဒါက ရုန်ကျန်းရဲ့ရုံးခန်းဖြစ်ပြီး ရုန်ရုန်အနေနဲ့ သူမရှိခင်မှာ ဧည့်သည်ကိုသွားမကြည့်တာက မမှန်သေးဘူးလို့ တွေးမိတာကြောင့် တံခါးကို သွားဖွင့်ပေးလိုက်တယ်။

 

ဒါက ကောင်တာရှေ့က အတွင်းရှေးမှုးပဲ။

 

ဟဲလို

 

ရုန်ရုန် ထိုအတွင်းရေးမှူးရဲ့လက်ထဲမှ နို့လက်ဖက်ရည်နဲ့ မုန့်တွေပါတဲ့ဗန်းကိုမြင်တော့ သဘောပေါက်သွားတယ်။

 

သူ့ရဲ့အစ်ကိုက သူပျင်းနေမှာစိုးလို့ သူ့အတွင်းရေးမှုးကို သူ့အတွက် အစားအသောက်နဲ့ မုန့်တွေ ပို့ခိုင်းခဲ့တာပဲ။

 

ရုန်ရုန် သတိရသွားတယ်။ သူငယ်ငယ်တုန်းက စိတ်မပျော်မရွှင်ဖြစ်နေရင် သူ့အစ်ကိုက အမြဲတမ်း အစားအသောက်တွေနဲ့ ချော့မြူလေ့ရှိတယ်။ ဒါမှမဟုတ် ပုံပြင်တွေပြောလေ့ရှိတယ်။ ဒီလိုမှမဟုတ်ရင် မျက်လှည့်ပြကွက်တွေနဲ့ သူ့ကို သရုပ်ဖော်ပြလိမ့်မယ်...

 

မကြာခင်တုန်းက ကုန်သည်တွေကြောင့် မကျေမနပာဖြစ်နေတဲ့စိတ်တွေက နို့လက်ဖက်ရည်နံ့ကြောင့် ချက်ချင်းပဲ လွင့်ပျောက်သွားခဲ့ပြီ။

 

ရုန်ရုန် နို့လက်ဖက်ရည်ကိုယူပြီး တစ်ငုံသောက်လိုက်တယ်။

 

ချောမွတ်ပြီးနူးညံ့လွန်းစွာနဲ့ အတွင်းရေးမှုးကို ကျေးဇူးတင်လိုက်တယ်။

 

အရသာရှိလိုက်တာ ကျေးဇူးတင်ပါတယ်

 

အား!!!

 

သူက ချောချောရုံတင်မကဘူး အသံကလည်းချိုမြိန်နေသေးတယ်။ ကောင်းမွန်ထင်ရှားတဲ့စရိုက်ရှိတဲ့အပြင် ယဥ်လည်း ယဥ်ကျေးသေးတယ်။ ဒါက ဥက္ကဋ္ဌရဲ့ဘေးနားကို ထိပ်တန်းရှောင်ရှို့လေး ရောက်လာတာ အသေအချာပဲ!!

 

သူမ ရည်မွန်တဲ့အပြုံးနဲ့ပြန်ပြောလိုက်တယ်။

 

ကြိုဆိုပါတယ်

 

သူမက လက်ထဲမှ ဗန်းကို ကိုင်ရင်း ရုံးခန်းထဲမှ ဂုဏ်ကျက်သရေရှိတဲ့ဟန်ပန်နဲ့ ပြန်ထွက်သွားခဲ့တယ်။

 

သို့ပေမဲ့ ရုံးခန်းအပြင်ဘက်ကို ပြန်ရောက်သွားချိန်မှာတော့ သူမက ဒေါက်မြင့်ဖိနပ်စီးထားတာကိုတောင် သတိမမူတော့ပါပဲ ပျံသန်းတော့မလိုမျိုး ပြေးလွှားသွားခဲ့လေတယ်။

 

ကျဲကျဲဲ ကျဲကျဲ! သူ ကျွန်မကို ပြုံးပြလိုက်တယ်! အား အား အား!!!!

 

**”

 

အစည်းအဝေးပြီးနောက်မှာ ရုန်ကျန်းနဲ့ လက်ထောက်လျို့ရှင်းတို့ ဥက္ကဋ္ဌရုံးခန်းဆီကိုပြန်လာခဲ့ကြတယ်။

 

သူက အတွင်းရေးမှူးစားပွဲရှေ့မှာရပ်လိုက်တယ်

 

ရုံးခန်းထဲကတစ်ယောက် ရှိနေသေးလား

 

ကောင်တာမှ အတွင်းရေးမှူးက လေးစားမှုအပြည့်နဲ့ပြန်ဖြေလာတယ်။

 

သူ ဥက္ကဋ္ဌရဲ့ရုံးခန်းထဲမှပဲနေပြီး အပြင်ကိုတစ်ခေါက်မှ ထွက်မလာခဲ့ပါဘူး

 

ရုန်ကျန်းအနေနဲ့ ရုန်ရုန်ကို သူပြန်လာတဲ့အထိစောင့်နေဖို့မှာထားခဲ့ပေမဲ့ တစ်ဖက်လူက နားထောင်ပါ့မလားဆိုတာကို မသေချာခဲ့ဘူး။

 

ရုန်ကျန်း အစည်းအဝေးတုန်းက အချက်အလက်တွေအားလုံးကို လျို့ရှင်းဆီပေးလိုက်တယ်။

 

ဒီနေ့ ဌာနတိုင်းက တင်ပြလာတာတွေအားလုံးကို ကွန်ပျူတာဖိုင်အဖြစ်ပြောင်းလိုက် .. ပြီးတော့ မင်းအလုပ်မသိမ်းခင်မှာ အကျဥ်းချုပ်တွေကို ငါ့ရဲ့ emailဆီပို့ပေး

 

သူ အမိန့်ပေးပြီးနောက် ရုံးခန်းဆီကို အလျှင်အမြန်လျှောက်သွားခဲ့တယ်။

 

ဥက္ကဋ္ဌရဲ့ရုံးခန်းက ပိတ်သွားခဲ့ပြီ။

 

ကောင်တာနောက်မှ အတွင်းရေးမှူးက လျို့ရှင်းဆီကို အသာတိုးကပ်သွားပြီး တိုးတိုးလေးမေးလိုက်တယ်။

 

လက်ထောက်လျို့.. ရုံးခန်းထဲက တိတိအလှလေးနဲ့ ဥက္ကဋ္ဌရဲ့ဆက်ဆံရေးက ဘာလဲဟင်? ဥက္ကဋ္ဌ ဒီလိုမျိုး စိတ်လှုပ်ရှားနေတာကို ကျွန်မ တစ်ခါမှ မမြင်ဖူးလို့

 

လက်ထောက်လျို့.. ကျွန်မတို့ကို ပြောပြပါ! ဥက္ကဋ္ဌက တကယ်ပဲ ချစ်သူကောင်လေးရှိတာလား? အထဲက တိတိအလှလေးက ဥက္ကဋ္ဌရဲ့ချစ်သူလား? နောက်တစ်ခါ သူ ဥက္ကဋ္ဌရဲ့ရုံးခန်းကိုလာရင် ကျွန်မတို့ သူ့ကိုဘယ်လိုခေါ်ရမလဲဆိုတာ သိချင်လို့ပါ

 

လူထုဆက်ဆံရေး အတွင်းရေးမှူးကလည်း ခေါင်းညိတ်လာတယ်။

 

ဟုတ်တယ်

 

မိန်းကလေးသုံးယောက်က လျို့ရှင်းဆီကို တညီတညွတ်တည်း ကြည့်နေကြတယ်။

 

ဒီအဖြောင့်အမျိုးသားက သူ့ရဲ့ဘော့စ်ကလွဲရင် အမျိုးသမီးတပ်စုသာရှိတဲ့ ဒီလိုပတ်ဝန်းကျင်မှာ နေ့စဥ်နေ့တိုင်း အလုပ်လုပ်နေရတယ်။

 

တခြားသော အဖြောင့်ကောင်တွေကတော့ ဘယ်လိုတွေးတောမလဲဆိုတာကို သူမသိဘူး။ ဒါပေမဲ့ လျို့ရှင်းအတွက်တော့.. ဒီလိုမိန်းကလေးတွေရဲ့အဝန်းရံခံနေရတာက တခြားလူတွေလိုမျိုး ပျော်ရွှင်စရာလို့ ထင်ရနိုင်ပေမဲ့ သူ့အတွက်ကတော့ ဒါက တကယ့်ကိုအန္တရာယ်တွင်းကြီးပဲ!

 

သူ အသံတိုးတိုးနဲ့ပြောလိုက်တယ်။

 

ကျယ်မေ့တို့ ငါမင်းတို့ကို တောင်းပန်ပါတယ်.. ဒီစကားတွေကိုကြားရတာ ငါ့အတွက်ကိစ္စမရှိပေမဲ့ ဥက္ကဋ္ဌရုန်ကိုတော့ လုံးဝ မကြားသွားစေနဲ့! အထဲကတစ်ယောက်က ဥက္ကဋ္ဌရုန်ရဲ့ ညီလေးပဲ!

 

ကောင်တာမှ အတွင်းရေးမှူးက အံ့ဩတကြီးကြည့်လာတယ်။

 

တိတိလား?

 

မိတ္တူအတွက်တာဝန်ရှိတဲ့အတွင်းရေးမှူးက ထပ်မေးလာတယ်။

 

ဥက္ကဋ္ဌရဲ့အဖေအမေတူတဲ့ ညီလေးလားဟင်

 

လူထုဆက်သွယ်ရေးအတွင်းရေးမှူးကလည်း ဖရဲသီးစားဖို့ အွန်လိုင်းတက်လာတယ်။

 

လျို့ရှင်းက ရှင်းပြလို့မရနိုင်စွာကြည့်လာတယ်။

 

ဟမ် ? မဟုတ်ရင်ရော? ငါ့ရဲ့ညီလေးဖြစာမယ်ထင်လို့လား

 

အတွင်းရေးမှူးသုံးယောက်က တပြိုင်တည်းတိတ်ဆိတ်သွားခဲ့ကြတယ်။

 

လက်ထောက်လျို့.. ရှင် စကားဆက်မပြောသင့်တော့ဘူး။

 

သူတို့ရဲ့မျက်နှာအရောင်တွေက ပြောင်းသွားရပြီလေ။

 

 

ရုန်ကျန်းကတော့ တံခါးကိုတွန်းဖွင့်ကာဝင်သွားလိုက်တယ်။

 

အထဲမှာ ရုန်ရုန်က ကွတ်ကီးစားနေဆဲဖြစ်ကာ တံခါးဖွင့်သံကိုကြားတော့ ဆိုဖာပေါ်မှာထိုင်နေရာမှ ခေါင်းကိုလှည့်ကြည့်လာတယ်။

 

သူက လက်ထဲမှာ ကွတ်ကီးကို ကိုင်ထားဆဲဖြစ်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်မှာလည်း ကွတ်ကီးမှုန့်တွေ ပေနေခဲ့တယ်။

 

သူက ရောက်လာတဲ့သူက ရုန်ကျန်းဆိုတာကိုမြင်တော့ ကြွေပန်းကန်ထဲမှ ဘီစကစ်ကိုလှမ်းယူပြီး အစ်ကိုဖြစ်သူဆီ လှမ်းပေးလာတယ်။

 

ကောကော ဒီတစ်ခုကိုစားကြည့်.. ဒါက ဗာဒံစေ့မပါဘူး

 

ရုန်ကျန်း ဘီစကစ်ကိုလှမ်းယူလိုက်တယ်။

 

ရုတ်တရက်ပဲ သူတစ်စုံတစ်ခုကို တွေးမိကာ မျက်လုံးက နက်မှောင်သွားရတယ်။

 

အဲဒီနှစ် နွေဦးပွဲတော်တုန်းက မင်း နို့ကိတ်ကို တွန်းချလိုက်တာ နို့ကိတ်ထဲက ဗာဒံစေ့နံ့ရခဲ့လို့မလား.. ဟုတ်တယ်မလား

 

ရုန်ကျန်းက ဗာဒံစေ့နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဓာတ်မတည့်မှုရှိတယ်။ တကယ်လို့ သူသာ မတော်တဆစားမိမယ်ဆိုရင် အသက်ရှူကျပ်လာမှာဖြစ်ပြီး ပြင်းထန်မယ်ဆိုရင် သတိပါလစ်သွားလိမ့်မယ်။

 

တစ်ခုသောနွေဦးပွဲတော်တုန်းက ရုန်ဝေ့ရှန်နဲ့ ယင်းလန်တို့က လုပ်စရာကိစ္စတစ်ခုကြောင့် ပြည်ပကနေအချိန်မှီရောက်မလာခဲ့ကြဘူး။ ဒီတော့ ရုန်ကျန်းနဲ့ ရုန်ရုန်တို့ ညီအစ်ကိုနှစ်ယောက်ကို နွေဦးပွဲတော် ကျင်းပဖို့အတွက် အိမ်ဟောင်းဆီသို့ ခေါ်သွားခံရခဲ့တယ်။

 

စားပွဲပေါ်မှာ သံလွင်နံ့မွှေးပျံ့တဲ့ နွားနို့ကိတ်မုန့်တစ်ခုရှိခဲ့ပြီး ထိုအထဲမှာ ဗာဒံစေ့တွေပါနေတာကို ဘယ်သူမှ မသိခဲ့ကြဘူး။ ရုန်ကျန်းကိုယ်တိုင်အပါအဝင်ပဲ။

 

မိသားစုရဲ့ အကြီးအကဲက သူ့ဆီကို ကိတ်မုန့်တစ်စိတ် လှမ်းပေးလာခဲ့တယ်။ သို့ပေမဲ့ ရုန်ကျန်းရဲ့ဘေးနားမှာထိုင်နေတဲ့ ရုန်ရုန်က စကားတစ်ခွန်းမှ ဟမလာခဲ့ပဲ ရုန်ကျန်းရဲ့လက်ထဲမှ စားခါနီးကိတ်မုန့်ကိုသာ လက်နဲ့ ရိုက်ချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကျသွားစေလိုက်တယ်။

 

ထိုအချိန်မှာ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက အရင်တုန်းကလိုမျိုး ကောင်းမွန်မနေတော့ဘူး။ ရုန်ရုန်က မြီးကောင်ပေါက်အရွယ်ကိုရောက်နေခဲ့ပြီး ခေါင်းမာကာ ပုန်ကန်ထကြွတဲ့အချိန်ကာလကို ရောက်နေခဲ့တယ်။

 

လူတိုင်းက ရုန်ရုန်ကို အပြစ်တင်ရှုံ့ချခဲ့ပေမဲ့ ရုန်ကျန်းတစ်ဦးတည်းကသာ ရုန်ရုန်ကို သူ့ရဲ့ဘေးကိုအသာခေါ်ပြီး ထိုကိတ်မုန့်က အနံ့တစ်ခုခုရလို့လားဆိုတာကို မေးမြန်းခဲ့တယ်။

 

ထိုအချိန်တုန်းကတော့ ရုန်ရုန်က အေးစက်စွာငြင်းဆန်ခဲ့တယ်။ သူက ရုန်ကျန်းကို အတွေးလွန်နေပြီဆိုပြီးတော့တောင် လှောင်ပြောင်ခဲ့သေးတယ်။

 

ရုန်ရုန် အာ ခနဲ အသံပြုကာ ပြုံးလိုက်တယ်။

 

ကောကောက ဒီလောက်အချိန်ကြာသွားတာတောင် မှတ်မိနေတုန်းပဲလား

 

ရုန်ကျန်းက ရုန်ရုန် ရယ်မောပြီးကျော်သွားမှာကိုခွင့်မပြုခဲ့ဘူး။ သူက နှုတ်ခမ်းကို ဖိထားခဲ့ကာ ထပ်ပြောလာတယ်။

 

အဲဒီအချိန်တုန်းက ဘာလို့မရှင်းပြခဲ့တာလဲ? ဘာလို့ အမျိုးတွေကို အထင်လွဲခွင့်ပေးလိုက်ရတာလဲ

 

ရုန်ရုန် မျက်လွှာချလိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းတွေကတော့ အပေါ်ကိုကွေးတက်နေတုန်းပဲ။

 

အရွယ်ရောက်ကာစလူငယ်တွေရဲ့ ထူးဆန်းတဲ့ ပုန်ကန်ထကြွချင်စိတ်ကြောင့် ဖြစ်လိမ့်မယ်.. သူတို့က(အရွယ်ရောက်ကာစမြီးကောင်ပေါက်အရွယ်တွေက) ဝန်မခံချင်ကြဘူးလေ.. တခြားလူတွေက အမြဲတမ်း နှိုင်းယှဥ်ပြီး ငြင်းဆန်နေခဲ့ရင်တောင် ညီလေးတစ်ယောက်အနေနဲ့ သူ့အစ်ကိုကို အစ်ကိုကောင်းတစ်ယောက်လို့ သတ်မှတ်ထားတုန်းပဲ.. ဘယ်လိုလုပ် သူတို့လိုချင်သလို မုန်းတီးခဲ့မှာတဲ့လဲ

 

ကောကောက ကျွန်တော့်ရဲ့ ဂုဏ်ကျက်သရေပဲ..

 

အမြဲတမ်းအတွက်။

 

ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။