Ch 23
Viewers 24k

(23) ကောကော ကျွန်တော့်ကို ကူညီပေးနိုင်မလား

 

ရုန်ကျန်း စက္ကန့်ပိုင်းမျှ လှုပ်ခတ်သွားခဲ့တယ်။

 

ရုန်ရုန်ကတော့ ဟမ်ခနဲအသံပြုပြီး ဆက်ပြောလာတယ်

 

ကောကော အစည်းအ၀ေးမသွားခင်တုန်းက ကျွန်တော့်အတွက် တစ်ခုခုရှိတယ်လို့ ပြောခဲ့တယ်မလား.. အမ်.. ကျွန်တော့်ကို ညာခဲ့တာလား

 

ရုန်ကျန်း ရုန်ရုန့်ကို ခပ်ဖျော့ဖျော့စိုက်ကြည့်လာတယ်။

 

ဒီကလေးက မှတ်ဥာဏ်ကောင်းလွန်းတယ်။

 

ငါနဲ့လိုက်ခဲ့

 

ရုန်ကျန်း ရုံးခန်းအတွင်းမှ အခန်းတစ်ခုဆီကိုသွားကာ တံခါးကိုဆွဲဖွင့်လိုက်တယ်။

 

ရုန်ရုန်ကတော့ သူ့နောက်ကနေလိုက်ရင်း ရွှတ်နောက်နောက်ပြောလာလေရဲ့။

 

ကောကော .. ကျွန်တော့်ကို အခန်းတံခါးပိတ်ပြီး ရိုက်မလို့လား

 

ရုန်ကျန်း အနောက်ကိုပြန်လှည့်ကြည့်လာပြီး:

 

ငါက မင်းကိုရိုက်ဖို့အတွက် တံခါးပိတ်နေစရာလိုသေးလို့လား

 

ရုန်ရုန်:!!!

 

ကောကော.. ကောကောပြောင်းလဲသွားပြီ!

 

ကောကောအရင်တုန်းကဆို ကျွန်တော့်ကို ဒီလိုမျိုး မစတတ်ဘူးလေ!

 

သေချာတာပဲ။ အမျိုးသားတွေက အလိုလိုက်ခံရရင် စိတ်ကြီးဝင်လာတတ်တယ်။ ငါ့ရဲ့အစ်ကိုကိုတော့ ဒီလိုမျိုးဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့ဘူးလေ!

 

ရုန်ရုန် စပ်စုစွာနဲ့ အခန်းထဲကို လိုက်ဝင်ခဲ့တယ်။

 

သူ အခန်းထဲကိုရောက်တယ်ဆိုရင်ပဲ ရုန်ရုန် လေထုထဲမှ အနည်းငယ်ခါးသက်သက်ရှိတဲ့ အဖြူရောင်ထင်းရှူးရဲ့ရနံ့ကို ရရှိလိုက်တယ်။

 

ရုန်ရုန် မျက်လုံးကိုမှိတ်ကာ လေထုထဲမှ ရနံ့တွေကို လေးနက်တဲ့အမူအယာနဲ့ ရှူရှိုက်နေခဲ့တယ်။

 

ခဏလောက်ကြာတော့ ခါးသက်တဲ့ရနံ့တို့က ပိတ်ကျဲစတစ်ခုလိုမျိုး ပျောက်ကွယ်သွားကာ သစ်သားရဲ့ရနံ့၊ ညှို့မှိုင်းနေတဲ့ရနံတွေနဲ့ နက်နဲကျယ်ပြောတဲ့ ကုန်းမြေပြင်လိုမျိုး၊ ဖြူရောင်ကြာပန်းတွေ ပြည့်နေတဲ့ ရေကန်ကျယ်တစ်ခုလို.. နူးညံ့ဖျော့တော့တဲ့ရနံ့တွေက ပျံ့လွင့်လာပြီး ကြည်လင်သန့်ရှင်းတဲ့မနက်ခင်းရဲ့နှင်းစက်တွေဖြင့် ပွင့်လန်းလာကြတဲ့ ကြာပန်းတွေလို သိမ်မွေ့နူးညံ့ပြီးသန့်စင်နေခဲ့တယ်။

 

ရုန်ရုန် မျက်လုံးတွေကို ဖွင့်လိုက်ပြီး ရုန်ကျန်းကို စိန်လှုပ်ရှားစွာ မေးလိုက်တယ်။

 

ဒါက အီဗန်ရဲ့ အလင်းရောင်ပဲ ဟုတ်တယ်မလား!

 

မသိဘူး.. ငါ အာရုံမစိုက်ခဲ့မိဘူး.. ဒီအတိုင်းအနံ့က ကောင်းပြီး စိတ်အနှောင့်အယှက်မဖြစ်စေဘူးလို့ တွေးမိရုံပဲ

 

ရုန်ကျန်း ရုန်ရုန်ကို ခေါ်လာခဲ့တဲ့အခန်းက သူအလုပ်မှာ ခဏတဖြုတ်အနားယူနိုင်စေဖို့ ပြင်ဆင်ထားတဲ့ နားနေခန်းပဲ။

 

နားနေခန်းလို့ပြောပေမဲ့ တကယ်တမ်းမှာ ဒီအခန်းက ရုန်ကျန်းရဲ့အိပ်ခန်းထက်တော့ ပိုမကျဥ်းနေခဲ့ဘူး။ အလင်းရောင်လည်းကောင်းမွန်ပြီး ခုတင်ကလည်း ကြီးမားကာ အဝတ်ဘီဒိုတစ်ခုလည်းရှိတယ်။ အပြင်အဆင်တွေက ဇိမ်ခံပစ္စည်းတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပေမဲ့ ရိုးရိုးရှင်းရှင်းနဲ့ ကောင်းမွန်နေခဲ့တယ်။

 

ရုန်ကျန်း အိပ်ယာဘေးမှ စားပွဲဆီကိုသွားပြီး အမွှေးနံ့သာထုတ်လွှတ်ပေးနေတဲ့စက်ဘေးမှ သိမ်မွေ့တဲ့ပုံစံရှိတဲ့ပုလင်းကို ယူကာ ရုန်ရုန်ဆီကိုပေးလိုက်တယ်။

 

မင်းပြောနေတာ ဒီရေမွှေးလား

 

ရေမွှေးပုလင်းပေါ်မှာ ပြင်သစ်စာလုံးတွေရေးသားထားပေမဲ့ ရုန်ကျန်းက ပြင်သစ်ဘာသာစကားကို မတတ်ကျွမ်းဘူး။

 

ဒါပဲ!

 

ရုန်ရုန်က ထိုပုလင်းကိုမြင်တာနဲ့ အီဗန်ရဲ့ အလင်းရောင်ဖြစ်ကြောင်း ချက်ချင်းသိသွားတယ်။

 

အီဗန်က ဒီဂန္တဝင်ရေမွှေးကို ထပ်ပြီးမထုတ်တော့ဘူးလေ.. သူက ဒီစီးရီးကို တစ်ကြိမ်ပဲထုတ်ဝေခဲ့တာ.. ဒါက စုဆောင်းရေးစျေးကွက်ထဲမှာ တစ်ပုလင်းကို ဒေါ်လာတစ်သောင်းလောက် တန်နေပြီ.. ကောကောဒီလောက် စျေးကြီးတဲ့ရေမွှေးကို ဝယ်လာပြီး အခန်းတွင်းသုံးတဲ့အမွှေးနံသာအဖြစ်တောင် သုံးလိုက်သေးတယ်.. ဘယ်လောက်တောင်ချမ်းသာပြီး ရက်စက်လွန်းတာလဲ!

 

ရုန်ရုန် ရုန်ကျန်းရဲ့လက်ထဲမှ အလင်းရောင်ကို လှမ်းယူလိုက်တယ်။

 

ရေမွှေးပုလင်းထဲမှာ ငါးပုံတစ်ပုံပဲ ကျန်ရှိနေတော့တာကိုကြည့်ရင်း ရုန်ရုန် သူ့ရဲ့ခံစားချက်တွေကို သုံးဖို့စကားလုံးတစ်လုံးပဲ သိတော့တယ်___ ရင်နာလိုက်တာ!

 

ဘယ်နားမှာ အသက်ရှူလိုက်တိုင်း အမွှေးနံ့သာအနံ့ ရရှိနေသေးလို့လဲ? အသက်တစ်ချက်ရှူလိုက်တိုင်း RMB(ပိုက်ဆံ) နံ့တွေပဲ ရနေတော့တာ!!!!

 

သူငယ်ချင်းဆီက လက်ဆောင်ရထားတာ.. မင်းသဘောကျလို့လား.. မင်းကြိုက်ရင် သူ့ဆီမှာကျန်သေးလား ထပ်မေးကြည့်လိုက်မယ်

 

ရုန်ရုန်ရဲ့မျက်လုံးတွေက တောက်ပသွားတယ်။

 

အိုခေ!

 

သူ့ရဲ့နှုတ်ခမ်းတွေက အပေါ်ကိုမြင့်တက်နေသလို သူ့ရဲ့မျက်ဝန်းတွေကလည်း အပြုံးကြောင့် ကွေးညွတ်နေခဲ့တယ်။

 

ရုန်ကျန်း ရုန်ရုန်ရဲ့ ဒီလိုမျိုးဖြူစင်တဲ့အပြုံးကိုမမြင်တွေ့ခဲ့ဖူးတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။

 

ဒါဆို သူ ရုန်ရုန်ကို နောက်ထပ်ပြသပေးမဲ့အရာတွေကိုလည်း ရုန်ရုန် အများကြီးသဘောကျလောက်လား?

 

ရုန်ကျန်း ရိုးရှင်းတဲ့အနက်ရောင်သစ်စေးသုတ် စားပွဲခုံဆီကိုသွားကာ အံဆွဲတစ်ခုကိုဆွဲဖွင့်လိုက်တယ်။

 

မင်းကိုယ်တိုင်လာကြည့်လေ.. သဘောကျမလားဆိုတာ

 

ရုန်ရုန်ရဲ့မျက်လုံးထဲမှာ အံ့ဩမှုတွေဖြတ်ပြေးသွားတယ်။

 

သူ့အစ်ကိုဆီမှာ တကယ်ကြီး သူ့ကိုပေးစရာတစ်ခုခုရှိနေတာလား?

 

ရုန်ရုန် သူ့ရဲ့လက်ထဲက အလင်းရောင်ကိုပြန်ချလိုက်ပြီး သူ့အစ်ကို သူ့ကို ဘာပေးမှာလဲဆိုတာကို သိချင်စိတ်အပြည့်နဲ့ သွားလိုက်တယ်။

 

နေရာပိုင်ဆိုင်မှုတွေများဖြစ်နေမလား?

 

သူ့ရဲ့ဆယ်ရှစ်နှစ်ပြည့်မွေးနေ့တုန်းက သူ့အစ်ကိုက သူတို့ရဲ့ကုမ္ပဏီမှတည်ဆောက်ခဲ့တဲ့ ရေကန်ဘေးကဗီလာတစ်ခုကို လက်ဆောင်ပေးခဲ့တယ်

 

အရင်တစ်နှစ်ကတော့ သူ့ရဲ့နာမည်နဲ့ ဟယ်လီကော်ပတာတစ်စီးပေးခဲ့တယ်။

 

သူ့ရဲ့ဂိုထောင်ထဲမှာထိုးထားတဲ့ Bugatti Veyron တောင်မှ သူ့ရဲ့၁၆နှစ်မွေးနေ့မှာ သူ့အစ်ကိုပေးခဲ့တာလေ။ အဲဒီတုန်းက သူ့မှာ ယာဥ်မောင်းလိုင်စဥ်တောင်မရှိသေးဘူး။

 

တိုတိုပြောရရင် သူ့အစ်ကို သူ့ကိုလက်ဆောင်ပေးတတ်တဲ့ပုံစံကို စကားလုံးလေးလုံးနဲ့ ပုံဖော်နိုင်တယ်။

 

လူမဆန်ဘူး

 

ဒီတော့ ရုန်ရုန်တစ်ယောက် ထိုအံဆွဲထဲမှာ အိမ်ရာပိုင်ဆိုင်မှုစာချုပ်တစ်ခုဖြစ်နေမလားဆိုတာ တကယ်သိချင်နေပြီ။

 

အဆုံးမှာ ရုန်မိသားစုက အိမ်ရာစီမံကိန်းလုပ်ငန်းထဲမှာလည်း ပါဝင်တာဖြစ်လို့ သူ့အစ်ကိုဆီမှာ ပိုင်ဆိုင်မှုအများဆုံးက... အိမ်တွေပဲ။

 

ရုန်ရုန် အံဆွဲအနားကို ချည်းကပ်သွားလိုက်တယ်____

 

ဒီကလေးကတော့ ကြောင်အမ်း ဆွံ့အသွားပြီ...

 

များပြားလှစွာသော အောင်မြင်ကျော်ကြားတဲ့ ရေမွှေးတွေ၊ သစ်စေးနဲ့ အဆီအနှစ်တွေလိုမျိုး ကုန်ကြမ်းအတွက်ပစ္စည်းပေါင်းများစွာ...

 

ရုန်ရုန်ရဲ့ပါးစပ်က အနည်းငယ်ပွင့်ဟသွားခဲ့တယ်။

 

အချိန်အတော်လေးကြာမှသာ ရုန်ရုန် သူ့ရဲ့အသံကို ပြန်လည်ရရှိသွားတယ်။

 

ကောကော ဒီလောက်ရေမွှေးအမျိုးအစားအများကြီးကို ဘယ်ကနေရခဲ့တာလဲ

 

သူ့ရဲ့အသံက စိတ်လှုပ်ရှားမှုကြောင့်အနည်းငယ်တုန်ခါနေခဲ့တယ်။

 

သူငယ်ချင်းဆီက

 

နောက်ထပ် သူငယ်ချင်းဆီက လက်ဆောင်ပဲလား?!!!!

 

မင်းကြိုက်တာကို ဖြေးဖြေးချင်းရွေးလေ.. ငါ အလုပ်သွားလုပ်လိုက်ဦးမယ်.. မင်း...

 

ရုန်ကျန်း စကားပြောလို့မပြီးခင်မှာပဲ ရုန်ရုန်က ခေါင်းကိုတောင်မော့မကြည့်ပဲပြန်ပြောလာတယ်။

 

အမ်... ကောကော လုပ်စရာရှိတာသွားလုပ်လေ!

 

ရုန်ကျန်း:....

 

ရုန်ကျန်း အပြင်ကိုပြန်ထွက်ပြီး တံခါးပြန်စေ့ပြီး ထွက်မသွားခင်မှာ ရုန်ရုန်က ပုလင်းတွေ၊ ဘူးတွေကို လက်နှစ်ဖက်နဲ့အပြည့်ကောက်ယူနေတာကိုမြင်လိုက်ရတယ်။ သူ့ရဲ့မျက်ဝန်းတွေကလည်း တလက်လက် တောက်ပနေလေရဲ့။

 

 ကြည့်ရတာ ပင်လယ်ဓားပြတစ်ယောက်က ရွှေငွေရတနာတွေပြည့်နေတဲ့ ကျွန်းတစ်ကျွန်းကို မတော်တဆရောက်ရှိသွားသလိုမျိုး။

 

အမ်....

 

သူ သူ့ရဲ့ညီငယ်လေးကို ဒီလိုမျိုးတော့ မတွေးသင့်လောက်ဘူးထင်တယ်။

 

ရုန်ကျန်း တံခါးကိုပိတ်ပြီး အလုပ်ပြန်လုပ်ဖို့ထွက်သွားခဲ့တယ်။

 

 

ဒေါက် ဒေါက် ဒေါက်--

 

ရုန်ကျန်းရဲ့ရုံးခန်းမှ တံခါးခေါက်သံထွက်ပေါ်လာတယ်။

 

ဝင်ခဲ့

 

လျို့ရှင်း တံခါးကိုဖွင့်ပြီးဝင်လာတယ်။

 

ဥက္ကဋ္ဌ.. ဒုတိယသခင်လေးအတွက် နေ့လည်စာမှာပေးရမလား

 

ရုန်ကျန်း ဖိုင်တွေကိုစစ်ကြည့်နေရာမှ ခေါင်းကိုပြန်မော့ကြည့်လာတယ်။ ပြီးနောက် ကွန်ပျူတာရဲ့ ညာဘက်အောက်ခြေထောင့်နားမှ အချိန်ကိုစစ်ကြည့်ကာ အနည်းငယ်ရပ်တန့်သွားတယ်။

 

နေ့လည်ချိန်တောင်ရောက်တော့မှာလား?

 

အခုက အလုပ်ဆင်းချိန်အရောက်သေးပေမဲ့ လျို့ရှင်းနဲ့ အတွင်းရေးမှူးတွေက နေ့လည်စာမှာဖို့အတွက် ကြိုတင်မေးလာခဲ့ကြတာ။

 

တကယ်လို့ နေ့လည်စာစားချိန်ရောက်မှ မှာမယ်ဆိုရင် အတော်လေးနောက်ကျသွားလိမ့်မယ်။

 

ရုန်ရုန်က အစားအသောက်နဲ့ပတ်သက်ရင် အမြဲတမ်း ချေး(ဂျီး)များလေ့ရှိတယ်။ နောက်ပြီး သူ အစားအသောက်မှာယူတတ်တဲ့စားသောက်ဆိုင်က သူ့ညီလေးရဲ့အကြိုက်နဲ့ ကိုက်ညီပါ့မလားမသိနိုင်ဘူး။

 

ရုန်ကျန်း သူ့လက်ထဲမှ ဖိုင်တွေကို ပြန်ချလိုက်တယ်။

 

ငါသူ့ကိုအရင်မေးလိုက်မယ်.. မင်းတို့ပဲ အရင်မှာလိုက်ကြ

 

ကောင်းပါပြီ

 

လျို့ရှင်း ပြန်ထွက်သွားခဲ့တယ်။

 

ဒေါက် ဒေါက်--

 

ရုန်ကျန်း အခန်းတံခါးခေါက်လိုက်တယ်။

 

ဘယ်သူမှ ပြန်တုံ့ပြန်မလာဘူး။

 

ရုန်ကျန်းရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့ကာ တံခါးကို အလျှင်အမြန်ဖွင့်လိုက်တယ်။

 

ရုန်ရုန်က ကြမ်းပြင်ပေါ်မှာ ခြေထောက်တင်ပြင်ခွေလျှက်ထိုင်နေပြီး သူ့ရဲ့လက်ထဲမှာ ရနံ့စစ်စက္ကူအပိုင်းလေးကိုကိုင်ထားကာ မျက်လုံးတွေကိုပိတ်ထားပြီး အနံ့စစ်စက္ကူကို အာရုံစိုက်ပြီး အနံ့ခံနေခဲ့တယ်။

 

ကြမ်းပြင်ပေါ်မှာတော့ အစေးနဲ့ အဆီအနှစ်တွေ ပုလင်းပေါင်းစုံချထားကာ ဘေးနားမှာ မှတ်စုစာအုပ်နဲ့ ဘောပင်ကိုပါချထားခဲ့တယ်။

 

ရုန်ရုန် မတိုင်ခင်တုန်းက သူ့ဆီက စာအုပ်နဲ့ ဘောပင်လာတောင်းခဲ့တာ။

 

ရုန်ကျန်းဆီမှာ စာအုပ်ကိုင်တတ်တဲ့အလေ့အထမရှိတာကြောင့် အရှေ့ဘက်မှ အတွင်းရေးမှူးဆီမှငှားရမ်းပေးထားခဲ့တယ်။

 

အနံ့ခံတာက အာရုံစူးစိုက်မှုတွေလိုအပ်တယ်။ ဒါကြောင့် ရုန်ကျန်း အသံမထွက်စေပဲ ဘေးမှာပဲ ရပ်နေပေးလိုက်တယ်။

 

တစ်မိနစ်လောက်ကြာတော့ ရုန်ရုန် သူ့ရဲ့မျက်လုံးတွေကို ပြန်ဖွင့်လာပြီ။

 

သူက သူ့ရဲ့ဒူးပေါ်မှာ စာအုပ်ကိုတင်လိုက်ပြီး ထိုမျိုးစိတ်ရဲ့ရနံ့ကို ချရေးနေခဲ့တယ်။ ပြီးနောက် ဘောပင်အဖုံးကိုပြန်ပိတ်လိုက်တယ်။

 

ရုန်ရုန် သူ့ရဲ့ကြွက်သားတွေကိုပြေလျော့စေဖို့ အကြောဆန့်လိုက်ချိန်မှာ သူ့လက်က တစ်စုံတစ်ခုကို ထိမိသွားပြီး အေးခဲသွားရတယ်။ သူ လည်ပင်းကို လှည့်ကာ ခေါင်းကိုဖြည်းညှင်းစွာလှည့်ကြည့်လိုက်တယ်။

 

ကောကော.. ဘာလို့ရောက်နေတာလဲ? ကျွန်တော့်ကို လန့်အောင်လုပ်နေတာပဲ!

 

ငါ တံခါးခေါက်သေးတယ်.. ဒါပေမဲ့ မင်းက မတုံ့ပြန်ဘူးလေ.. ဒါကြောင့် အထဲကိုဝင်ကြည့်တော့ မင်း အနံ့တွေစစ်ဆေးနေတာတွေ့လို့ မင်းကို မနှောင့်ယှက်ပဲစောင့်နေတာ

 

ရုန်ရုန်:အိုး

 

သူ သူ့အစ်ကိုရဲ့ တံခါးခေါက်သံကိုမကြားခဲ့ရတာ အံ့ဩစရာမရှိတော့ဘူး။ ရုန်ရုန် စာအုပ်ကိုပြန်ချပြီး အမွှေးနံ့သာဆီပုလင်းကို ကောက်ယူလိုက်တယ်။

 

သို့ပေမဲ့ ရုန်ကျန်းက သူ့လက်ထဲကပုလင်းကို ပြန်ယူသွားပြီး အောက်ကိုပြန်ချလိုက်တယ်။

 

နေ့လည်စာ စားချိန်ရောက်ပြီ

 

ရုန်ရုန် အံ့ဩသွားတယ်။

 

ဘယ်အချိန်ရှိနေပြီလဲ

 

နေ့လည်စာတောင် စားရတော့မှာလား?

 

ရုန်ကျန်း: မော့ပြီး လေးခုမြောက်နေရာက နာရီကိုကြည့်လိုက်

 

ရုန်ရုန် နာခံစွာနဲ့ ခေါင်းမော့ကြည့်လိုက်တော့ မီးခိုးညိုရောင်နံရံပေါ်မှ အဖြူရောင်နာရီကိုမြင်လိုက်ရတယ်။ တွဲစပ်မှုက အတော်ကြီးကွာခြားလွန်းနေသလိုပဲ။

 

ရုန်ရုန်:....

 

ကောကော ပုံမှန်ဆိုရင် ဘာတွေစားလဲ

 

ကန်တင်းဖြစ်ဖြစ် မဟုတ်ရင် အပြင်ကနေ မှာစားတယ်

 

အပြင်က မှာစားတာက ကန်တင်းထက်အများကြီးစျေးပိုကြီးလိမ့်မယ်။ ဒါက မတန်ဘူး။

 

ရုန်ရုန် ဆုံးဖြတ်လိုက်တယ်။

 

ဒါဆို ကန်တင်းမှာပဲစားရအောင်

 

ရုန်ကျန်း ခဏလောက်တိတ်ဆိတ်သွားတယ်။

 

သေချာလား

 

အမ်

 

ဒါဆိုလည်း သွားကြတာပေါ့

 

ရုန်ကျန်း အရှေ့ကနေ ဦးဆောင်ထွက်သွားလိုက်တယ်။

 

ကောကော

 

ရုန်ကျန်း ရပ်တန့်လိုက်ပြီး ခေါင်းပြန်လှည့်ကြည့်လာတယ်။

 

ရုန်ရုန်က ကြမ်းပြင်မှာထိုင်နေတုန်းပဲဖြစ်ကာ ခေါင်းကိုမော့ပြီး မျက်တောင်အသာခတ်ရင်း သနားစရာကောင်းစွာကြည့်လာတယ်။

 

ကောကော ကျွန်တော့်ကို ကူညီပေးနိုင်မလားဟင်

 

ကြမ်းပြင်မှာ အကြာကြီးထိုင်နေတာက ခြေထောက်တွေကို ထုံကျင်စေတယ်လေ။