Ch 24
Viewers 24k

(24)နားရွက်ဖျားလေးတွေက နီဆွေးနေပြီ

 

ရုန်ကျန်း သူ့ကို လက်ကမ်းပေးလိုက်တယ်။

 

ရုန်ရုန်က ရုန်ကျန်းရဲ့လက်ကို လှမ်းဆွဲကာ ရုန်ကျန်း ဆွဲထူပေးတဲ့အားနဲ့ ထရပ်လိုက်တယ်။ ပြီးနောက် ရုန်ကျန်းရဲ့ထောက်ပံ့မှုနဲ့အတူ ရုံးခန်းထဲမှာ ထော့ကျိုးတော့ကျိုးနဲ့ အသာထွက်လာခဲ့တယ်။

 

အတွင်းရေးမှူးရုံးခန်းထဲမှ အတွင်းရေးမှူးသုံးယောက်ကတော့ ထွက်ခွာသွားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ နောက်ကျောကို ပေါက်ထွက်လုမတတ် ကြည့်နေခဲ့ကြတယ်။

 

အတွေးတွေကလည်း နက်ရှိုင်းလွန်းနေပြီ။

 

ညီအစ်ကိုတွေလို့ ပြောခဲ့တာမဟုတ်ဘူးလား?

 

ဒါဆို ဘာလို့.. ဒုတိယသခင်လေးရဲ့ခြေထောက်တွေက မနက်ပိုင်းဝင်လာတုန်းက အကောင်းကြီးကို အခုကျ ဘာလို့ အားနည်းပြီး ထော့ကျိုးတော့ကျိုးဖြစ်နေရတာလဲဟင်?

 

 

သူတို့တွေ ဓာတ်လှေကားထဲမှ ပြန်မထွက်နိုင်သေးခင်အချိန်ထိ ရုန်ရုန်ရဲ့ခြေထောက်တွေက ထုံကျဥ်နေတုန်းပဲ။

 

ကုမ္ပဏီရဲ့ကန်တင်းက အတော်ကြီးမားလွန်းလှပြီး တရုတ်စာနဲ့ အနောက်တိုင်းစာတို့ကို ဘူဖေးအဖြစ် ခင်းကျင်းထားတယ်။

 

ရုန်ကျန်းက အမြဲတမ်း တရုတ်စာဘက်ကိုသာ သွားလေ့ရှိတယ်။

 

အနောက်တိုင်း စားသောက်ဆိုင်တန်းဘက်မှာ စုံတွဲတွေနဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့သူတွေသာရှိကြတယ်။

 

ရုန်ကျန်း ရုန်ရုန်ကို တရုတ်စာစားမလား၊ အနောက်တိုင်းစာစားမလားမေးလိုက်တယ်။

 

တရုတ်စာ

 

အနောက်တိုင်းစာတွေက တရုတ်စာလောက် ဗိုက်ပြည့်မလွယ်ဘူး။

 

ဒီတော့ ရုန်ရုန်ရဲ့ ပထမဆုံးရွေးချယ်မှုမဟုတ်ဘူး။

 

ဟင်းပွဲတွေမှာဆို တရုတ်စာတွေက အနောက်တိုင်းစာထက် ပိုပြီး များပြားရတယ်လေ။

 

ရုန်ကျန်း ရုန်ရုန်ကို တရုတ်စာဘက်ကို ခေါ်သွားလိုက်တယ်။

 

ရုန်ကျန်းက လှပလွန်းတဲ့လူငယ်လေးကို အလုပ်ကိုခေါ်လာခဲ့တယ်။ ကုမ္ပဏီမှ လူအများစုက ဒီအကြောင်းကို ကြားထားခဲ့ကြပေမဲ့ လူကိုယ်တိုင်ကတော့ မမြင်ဖူးကြသေးဘူး။

 

ဒီတော့ အခုချိန် နှစ်ယာက်သား ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားနဲ့ ကုမ္ပဏီရဲ့ကန်တင်းမှာ မဖုံးမကွယ်ပဲ ပေါ်လာတာကိုတွေ့တော့ ကန်တင်းထဲမှာ စားသောာ်နေဆဲ ဝန်ထမ်းတွေက တနည်းနည်းနဲ့ ရှုပ်ထွေးသွားကြတယ်။

 

ဥက္ကဋ္ဌ.. ဒါက ဘီဒိုထဲကနေ ထွက်တော့မယ့်အကြောင်း အရိပ်အခြေပြနေတာလား?

 

ရုန်ကျန်း အစားအသောက်တန်းရဲ့ ပြတင်းပေါက်မှာရပ်လိုက်ပြီး ဘေးမှာရပ်နေတဲ့ ရုန်ရုန်ကိုမေးလိုက်တယ်။

 

မင်း ဘာစားချင်လဲ

 

ရုန်ရုန် မူလတုန်းကတော့ သူအစားမရွေးပဲ အကုန်စားတယ်ဆိုပြီး ပြောချင်ခဲ့တယ်။

 

သို့ပေမဲ့ ခဏလောက်တွေးပြီးနောက် သူ့ရဲ့ခေါင်းကို ရုန်ကျန်းဘက်သို့လှည့်ပြီး အပြုံးလေးနဲ့ပြောလိုက်တယ်။

 

ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ ကန်တင်းကို ကျွန်တော် ပထမဆုံးရောက်ဖူးတာလေ.. ဒီတော့ ကောကော ကျွန်တော့်ကို အကြံပေးချင်တာရှိလား

 

ကုမ္ပဏီရဲ့စားဖိုမှူးက ငါတို့ဟိုတယ်ကနေ အငြိမ်းစားယူပြီး ဒီမှာ ချက်ပေးနေတာ.. ဟင်းပွဲတိုင်းက အရသာရှိတယ်.. မင်း ပင်လယ်စာနဲ့ အသားကို မကြိုက်ဘူးလား? မင်း ဝက်ဗိုက်သားကြော်၊ ဝက်ချိုချဥ်ကြော်၊ ဝက်သားနဲ့ အသီးအရွက်မွှေကြော် နဲ့ နောက်တစ်ခုခုမှာလို့ရတယ်.. အသီးအရွက်စိမ်းနည်းနည်းနဲ့ ပန်းဂေါ်ဖီစိမ်းမှာရအောင် အိုခေ?

 

ရုန်ရုန် ပါးစပ်ဟလိုက်တယ်။

 

ရုန်ရုန်က ဂဏန်းတွေ အသားတွေစားရတာကိုကြိုက်တယ်။ ပန်းဂေါ်ဖီစိမ်းလို အသီးအရွက်တွေကတော့ ဆန့်ကျင်ဘက်ပဲ။ သူတို့တွေ ဘယ်လိုမှ စားခိုင်းလို့မရဘဲ တစ်လုပ်စာလေးစားခိုင်းရင်တောင် တူကို မြှောက်မလာချင်ခဲ့ဘူး။

 

ရုန်ရုန် ပြုံးလိုက်တယ်။

 

ဟင့်အင်း.. ကျွန်တော်က ကောကောအကြံပေးတာတွေအားလုံးက ကောင်းတယ်လို့ပြောမလို့ပါ.. အားရီ ကျွန်တော့်အစ်ကိုပြောတာတွေကို တစ်ခုစီထည့်ပေးပါဦး

 

အတိတ်ဘဝတုန်းကတော့ သူ ပန်းဂေါ်ဖီစိမ်းကို တကယ်လုံးဝမစားနိုင်ခဲ့ဘူး။

 

ဒါပေမဲ့ ဒါက ရုန်မိသားစုရဲ့ဒုတိယသခင်လေးဖြစ်နေတုန်းကပဲ။

 

နောက်ပိုင်းနေ့ရက်တွေမှာတော့ သူအလွန်အမင်းဆာလောင်ပြီး ဘာတစ်ခုကိုမှ ဝယ်မစားနိုင်တော့တဲ့အချိန်တွေမှာ၊ သူ့ရဲ့လုပ်အားခကလည်း မရသေးတဲ့အချိန်တွေမှာဆို တစ်ရက်လုံး သူ့ရဲ့အစာအိမ်ကို ရေတစ်ခုတည်းနဲ့ ဖြည့်ထားရတဲ့နေ့တွေတောင်ရှိခဲ့တာပဲ။

 

ထိုသို့အခြေအနေကိုရောက်ရှိနေတဲ့လူတွေက အစားအသောက်ဂျီးများနေခွင့် ဘယ်လိုလုပ်ရှိနိုင်မှာလဲ?

 

ကန်တင်းမှ အစားအစာထည့်ပေးတဲ့အန်တီက အတော်လေးစကားကောင်းလွန်းတဲ့သူပဲ။ သူမက ရုန်ရုန်ရဲ့ဝေစုကို အမြန်ထည့်ပေးနေရင်းကနေ ထိုစကားတွေကိုကြားတော့ စပ်စုစွာမေးလာခဲ့တယ်။

 

ဥက္ကဋ္ဌရုန်.. ဒီ အနုပညာရှင်တစ်ယောက်လို ချောမောလွန်းတဲ့လူငယ်လေးက ဥက္ကဋ္ဌရုန်ရဲ့ညီလား

 

ရုန်ကျန်းက ရိုးသားပြီး ယဥ်ကျေးစွာ ပြန်ပြောလိုက်တယ်။

 

အင်း ဒါ ကျွန်တော့်ရဲ့ညီလေးလေ

 

ပြီးနောက် သူက သူကြိုက်တဲ့ ဟင်းပွဲတချို့ကို မှာယူလိုက်တယ်၊

 

ကောင်းလိုက်တာ

 

ကန်တင်းမှ အန်တီရဲ့လေသံက အတော်လေးကျယ်လောင်တယ်။

 

ဒီတော့ သူမ အခုလေးတင်မေးမြန်းလိုက်ချိန်မှာ ကန်တင်ထဲမှ ဝန်ထမ်းတွေအားလုံးက သူတို့ရဲ့ နားရွက်ကို မြှောက်ထားခဲ့ကြတာ။

 

သူတို့က ကန်တင်းမှ အန်တီရဲ့မေးခွန်းကိုသာမကဘဲ ရုန်ကျန်းရဲ့အဖြေတစ်လုံးချင်းစီကိုလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။

 

ဒါဆို သူတို့အားလုံးမှားယွင်းနေတာလား?

 

ဥက္ကဋ္ဌခေါ်လာတဲ့ ကောင်လေးက ဥက္ကဋ္ဌရဲ့ချစ်သူလေးမဟုတ်ဘူးပေါ့?

 

ဒါက ဥက္ကဋ္ဌရဲ့ ညီငယ်လေးတဲ့လား? ညီအရင်းလား?

 

ကန်တင်းမှ အန်တီက အပြုံးနဲ့ ထပ်ပြောလာပြန်တယ်။

 

ကျွန်မ အရင်တုန်းက ဥက္ကဋ္ဌမှာ တက္ကသိုလ်တက်နေတဲ့ ညီလေးတစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်း ဥက္ကဋ္ဌပြောတာကို ကြားဖူးတယ်.. အဲဒီကလေးက ရုပ်လည်းချောပြီး ဥာဏ်ကလည်း အရမ်းကောင်းတယ်ဆိုပဲ.. ဒီနေ့တော့ ကျွန်မ တွေ့လိုက်ရပြီ.. သေချာပေါက် ဥက္ကဋ္ဌပြောခဲ့ဖူးတဲ့အတိုင်းပဲ.. ဥက္ကဋ္ဌရဲ့ညီလေးက တကယ်ကိုချောမောပြီး ထက်မြတ်နဲ့အရှိန်အဝါတွေရှိတယ်! ဥက္ကဋ္ဌလိုမျိုးပဲ!

 

ရုန်ရုန် ကြောင်အမ်းသွားတယ်။

 

သူ့အစ်ကိုက လူတွေရှေ့မှာ သူ့အကြောင်းကို မကြာခဏထုတ်ပြောလေ့ရှိတာလား?

 

နောက်ပြီး သူ့ကိုတောင် ချီးကျူးထားသေးတယ်ပေါ့?

 

 

ရုန်ရုန် သူ့ခေါင်းကို အသာလှည့်ကြည့်လိုက်တယ်။

 

ကောကော .. ကောကောက....

 

သွားမယ်

 

ရုန်ကျန်းက ကန်တင်းမှ အန်တီပေးလာတဲ့ ပန်းကန်ကိုယူပြီး ရုန်ရုန် စကားဆက်မပြောနိုင်အောင် ကြားဖြတ်ပြောလိုက်တယ်။

 

ရုန်ရုန် သူ့အစ်ကိုက ဒါက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်လို့ သံသယဝင်မိပေမဲ့ သက်သေပြစရာမရှိဘူးလေ။

 

ရုန်ကျန်းက ထိုင်စရာနေရာကိုတွေ့တော့ သူ့လက်ထဲက ဗန်းကို စားပွဲပေါ်သို့ချလိုက်တယ်။

 

ပြီးနောက် သောက်စရာအတန်းသို့သွားကာ ရုန်ရုန်အတွက် ဆိုဒါတစ်ဗူးယူလိုက်တယ်။ ရုန်ရုန်က ဒီလို ကာဗွန်နိုက်ပါတဲ့သောက်စရာတွေကို သဘောကျတယ်လေ။

 

သူကိုယ်တိုင်အတွက်တော့ ကော်ဖီအေးတစ်ခွက်ယူလာခဲ့တယ်။

 

ထမင်းစားတဲ့အချိန် ကော်ဖီအေးကိုတွဲသောက်တာက အကျင့်ဆိုးပဲ.. အဲဒါက ကောကောရဲ့ အစာအိမ်ကိုနာကျင်စေလိမ့်မယ်.. ကောကော ကျွန်တော် ကောကောအတွက် မျှတတဲ့အပူချိန်ရှိတဲ့သောက်စရာတစ်ခုယူပေးမယ်.. ကောကော ဘာသောက်ရတာကြိုက်လဲ

 

ရုန်ရုန် သူ့အစ်ကိုဆီက ကော်ဖီအေးခွက်ကို ဆွဲယူလိုက်တယ်။

 

သူ့ရဲ့ညီငယ်လေးက သူ့ကို ဂရုစိုက်ပေးနေတာလား?

 

ရုန်ကျန်းတစ်ယောက်ကတော့ သူ့ရဲ့ညီငယ်လေး နောက်ဆုံးတော့ အရွယ်ရောက်လာခဲ့ပြီဆိုတဲ့ခံစားချက်မျိုးနဲ့အတူ စိတ်ပျော်ရွှင်လာခဲ့တယ်။

 

သူ နူးညံ့တဲ့လေသံနဲ့ :

 

ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်

 

ဒါဆို ကျွန်တော် ကောကောအတွက် ဖရဲသီးဖျော်ရည်ယူလာခဲ့မယ်လေ? ဖရဲသီးဖျော်ရည်က နွေရာသီအတွင်း ကောကောရဲ့လည်ပင်းခြောက်တာကို ပြေပျောက်စေလိမ့်မယ်

 

ကောင်းပြီ

 

ရုန်ရုန် ဖရဲသီးဖျော်ရည်နဲ့ အတူပြန်လာခဲ့တယ်။

 

အား ပိုက်ယူဖို့မေ့သွားတယ်.. ကောကော ခဏလောက်စောင့်ဦးနော်

 

ရုန်ရုန် နောက်တစ်ခေါက်ထွက်သွားပြန်တယ်။

 

ရုန်ကျန်း ရုန်ရုန်ထွက်သွားတာကိုစိုက်ကြည့်ပြီး သူ့ရဲ့လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်တယ်။

 

ဒီလိုနဲ့ ရုန်ရုန်ပိုက်ယူပြီးပြန်လာချိန်မှာ သူ့ရဲ့အစ်ကိုကြီးက စားပွဲပေါ်မှစားစရာတွေကို ဓာတ်ပုံရိုက်နေကြောင်း အဝေးကနေမြင်တွေ့လိုက်ရတော့တယ်။

 

ရုန်ရုန်:....

 

ပုံမှန်အားဖြင့် လူတစ်ချို့ အစားအသောက်မစားခင် ဓာတ်ပုံရိုက်လေ့ရှိတယ်ဆိုတာ သူတို့ရဲ့ အကောင့်မှာတင်ဖို့အတွက်ပဲ။

 

ရုန်ရုန်အနေနဲ့ သူ့ရဲ့တည်ကြည်လေးနက်လွန်းလှတဲ့အစ်ကိုဖြစ်သူ ရုန်ကျန်းကို အစားအသောက်မစားခင်မှာ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့သူငယ်ချင်းရပ်ဝန်းဆီမှာတင်တတ်တဲ့သူတစ်ယောက်အဖြစ် ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရနိုင်ခဲ့ဘူး။

 

သူက ဒီဟင်းပွဲတွေကို စိတ်မကျေနပ်တာတစ်ခုခုရှိလို့ ဓာတ်ပုံရိုက်ပြီး ကန်တင်းကိုအကြံပေးချင်တာများရှိနေလို့လား?

 

တွေးကြည့်ရင် ရုန်ကျန်းရဲ့စရိုက်လက္ခဏာနဲ့ဆို ထိုအရာကသာ ပိုပြီးဖြစ်နိုင်ချေများတယ်လေ။

 

ကောကော

 

ရုန်ရုန်ရဲ့အသံကိုကြားတော့ ရုန်ကျန်းရဲ့ဖုန်းကိုင်ထားတဲ့ လက်က တောင့်တင်းအေးခဲသွားတယ်။

 

ရုန်ရုန် ထိုင်လိုက်ပြီးနောက် သူ့လက်ထဲက ပိုက်ကို ရုန်ကျန်းဆီလှမ်းပေးလိုက်တယ်။

 

ရုန်ကျန်းကတော့ သူ့လက်ထဲကဖုန်းကို တည်ငြိမ်စွာချလိုက်ပြီး ရုန်ရုန်ပေးလာတဲ့ ပိုက်ကို လှမ်းယူလာတယ်။

 

 

ရုန်ရုန်တစ်ခုခုပြောဖို့လုပ်ပေမဲ့ ထိုအချိန်မှာပဲ သူ့အိတ်ကပ်ထဲမှ ဖုန်းကထမြည်လာတယ်။

 

ရုန်ရုန် ထုတ်ကြည့်လိုက်တော့ ဟဲယွီဆိုတဲ့ စကားလုံးကို မြင်လိုက်ရတာကြောင့် စဥ်းစားမနေဘဲ ဖုန်းချလိုက်တယ်။

 

ထိုနတ်ဆိုးဘောပင်လိုကောင်က မနေ့တုန်းက အသောက်လွန်ထားပြီး အခုချိန်မှ ကောင်းကောင်းနိုးလာတာဖြစ်လိမ့်မယ်။

 

ဒီအချိန်မှာ သူက ၈၀%လောက်ကိုမှတ်မိနိုင်ပြီး မနေ့ညတုန်းက သူနဲ့ ပိုက်ဆံပြန်ဆပ်ဖို့စကားများခဲ့တာကို မှတ်မိတဲ့အတွက် သူ့ကိုဖုန်းဆက်ပြီး တောင်းဆိုတာတွေ ၊ တောင်းပန်တာတွေ လုပ်ချင်တာဖြစ်လိမ့်မယ်။ ပြီးတော့ ပိုက်ဆံပမာဏာ လျော့နည်းသွားစေဖို့အတွက်ပဲဖြစ်ဖြစ်၊ သနားစရာကောင်းအောင် ငိုပြတာတွေ လုပ်လာလိမ့်မယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ စိတ်အနှောင့်အယှက်အဖြစ်ခံပြီးနားထောင်နေမှာမဟုတ်ဘူး။

 

သူ တခြားဟာတွေအတွက် တွေးမနေဘဲ သူ့ရဲ့ပိုက်ဆံကိုပဲပြန်ဆပ်သင့်တယ်။

 

ရုန်ရုန် ဖုန်းကိုမပိတ်ပဲ အသံကိုပဲပိတ်ထားလိုက်တယ်။ သူ့ဘာသာသူ ခေါ်နေပါစေပေါ့။ ဘာပဲ​ဖြစ်ဖြစ် သူ့ဖုန်းက ပင်ပန်းတတ်တာမှမဟုတ်တာ။

 

ရုန်ရုန်မှာ သူငယ်ချင်း များများရှိတာမဟုတ်ဘူး။ ဒီတော့ ထိုဖုန်းခေါ်ဆိုမှုက ဘယ်သူ့ဆီကလဲဆိုတာ ရုန်ကျန်းခန့်မှန်းနိုင်တယ်။

 

အခုလေးတင် သူ့ရဲ့ညီငယ်လေးက နှလုံးသားနူးညံ့လွန်းတာကြောင့် ဟဲယွီရဲ့ဖုန်းကို လက်ခံလိုက်မှာကို သူအနည်းငယ်စိတ်ပူနေခဲ့တာ။

 

သူ့ရဲ့ညီလေးက သူ့လိုမျိုးပြတ်သားတတ်သားပဲ။

 

ရုန်ရုန် ဖုန်းကို အသံပိတ်ပြီးတော့ ခေါ်ဆိုမှုထဲမှ ပြန်ထွက်လိုက်ချိန်မှာ သူ့ရဲ့လက်ချောင်းက မတော်တဆ ဝီချက်ကိုသွားထိမိသွားတယ်။ နောက်ပြန်ထွက်ဖို့လုပ်လိုက်ချိန်မှာ သူ သံသယစိတ်အနည်းငယ်နဲ့သူငယ်ချင်းရပ်ဝန်းကို သွားပြီးဖွင့်ကြည့်လိုက်မိတယ်။

 

ရုန်ရုန်က သူ့ရဲ့သူငယ်ချင်းတွေကို ရှင်းလင်းထားပြီးပြီဖြစ်တာကြောင့် လက်ရှိ သူငယ်ချင်းရပ်ဝန်းသည်လည်း အတော်လေးသန့်ရှင်းနေခဲ့ပြီ။

 

သူ အသာဆွဲချရင်း ရုန်ကျန်းရဲ့ သူငယ်ချင်းရပ်ဝန်းကို ဖွင့်ကြည့်လိုက်တယ်။ အပေါ်ဆုံးမှာရှိနေတာက ဖရဲသီးဖျော်ရည်ရဲ့ပုံပဲ။

 

ရုန်ရုန် ကြောင်အမ်းသွားတယ်။ သူ့ရဲ့ကောကောက သူ့ညီကို သူတွေးထင်ထားတာထက် အများကြီးပိုပြီး ဂရုစိုက်တာလား?

 

စားသောက်နေချိန်မှာ ဖုန်းမဆော့နဲ့

 

ရုန်ကျန်းကတော့ ရုန်ရုန် သူ့ရဲ့သူငယ်ချင်းရပ်ဝန်းဆီ ဝင်ကြည့်နေမှန်းမသိပါပဲ အသာလှမ်းပြောလိုက်တယ်။

 

အိုး

 

ရုန်ရုန် ဖုန်းကို ပြန်ချလိုက်တယ်။

 

ခဏလောက်ကြာတော့ ရုန်ရုန် အသားတစ်ပိုင်းကို တည်ငြိမ်စွာ လှမ်းယူလိုက်ပြီး စွပ်ပြုတ်နဲ့ ရောကာ ပါးစပ်ထဲကိုထည့်လိုက်တယ်။ ပြီးနောက် ဖောင်းကားနေတဲ့ ပါးတွေနဲ့ :

 

ကောကော .. တခြားလူတွေဆီ ကျွန်တော့်အကြောင်းကို အမြဲတမ်းထည့်ပြောတတ်တာလား

 

ပါးစပ်ထဲမှ အစားအစာတွေကြောင့် စကားလုံးတွေက အနည်းငယ်ပလုံးပထွေးဖြစ်နေခဲ့တယ်။

 

သို့ပေမဲ့ ရုန်ကျန်း နားလည်နေတုန်းပဲ။

 

သူ့ရဲ့နားရွက်ဖျားတွေက အနည်းငယ်နီရဲလာခဲ့တယ်။

 

သူက ဖြည်းညင်းစွာဝါးစားနေရင်း သူ့ရဲ့မျက်လွှာကို အသာ ပင့်,မလာတယ်။

 

မင်းစားနေတုန်းမှာ စကားပြောနေတာကို မရပ်ထားနိုင်ဘူးလား?

 

သူ မငြင်းဆန်ခဲ့ဘူး....

 

ဒါက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာမို့လို့လား?

 

ရုန်ရုန် သူ့ရဲ့တူကို ကိုက်ခဲရင်း မျက်ခုံးတွေကို ပင့်,မကာ ငါးခြောက်ခိုးထားတဲ့ကြောင်လေးတစ်ကောင်လိုမျိုး ပြုံးနေခဲ့တယ်။