Ch 27
Viewers 24k

(27) မင်းရဲ့ ဘယ်နေရာကိုများ မမြင်တွေ့ခဲ့ဖူးလို့လဲ?

 

နာရီဝက်လောက်ကြာချိန်မှာတော့ မြို့ရဲ့အရှေ့ဘက်မှ တိမ်တွေက တောင်ဘက်ခြမ်းကို ဦးတည်သွားခဲ့တယ်။

 

လေတွေက တိုက်ခတ်နေဆဲဖြစ်ကာ ကောင်းကင်ကြီးကလည်း နက်မှောင်နေဆဲ။

 

အန်တီဝူက အပေါ်ထပ်အောက်ထပ်မှာ ပြတင်းပေါက်ရှည်တွေနဲ့ အနောက်ဘက်မှ တံခါးတွေကိုပါ လျှင်မြန်စွာ ပိတ်နေခဲ့တယ်။ ပြတင်းပေါက်တွေအားလုံး ပိတ်ပြီးသွားမှသာလျှင် အန်တီဝူ အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်။

 

ဟဲယွီအမည်ရှိတဲ့ ဒုတိယသခင်လေးရဲ့သူငယ်ချင်းက ဧည့်ခန်းထဲမှာ ထိုင်နေတုန်းပဲဆိုတာကိုမြင်တော့ အန်တီဝူ အံ့သြသွားရတယ်။

 

သူမက အိမ်ထဲမှာရှိတဲ့ အခန်းအားလုံးကို လိုက်စစ်ပြီး ပြတင်းပေါက်တွေကို ပိတ်နေခဲ့တာက အနည်းဆုံးအချိန်ဆယ်မိနစ်လောက်တော့ကြာလိမ့်မယ်။ ဟုတ်တယ်မလား?

 

သူမ အပေါ်ကိုမတက်ခင်တုန်းက ဒီသခင်လေးကို သူမ အိမ်ပေါ်သွားတက်ပြီး ပြတင်းပေါက်တွေ လိုက်ပိတ်မှာဖြစ်လို့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေဖို့ပြောခဲ့တယ်ဆိုပေမဲ့ ဒါက လောကဝတ်စကားသက်သက်ပဲလေ။ အဆုံးမှာ သခင်လေးဟဲက ဒုတိယသခင်လေးရဲ့ သူငယ်ချင်းဖြစ်နေတဲ့အတွက် သူမအနေနဲ့ ဧည့်သည်ကို နှင်ထုတ်ဖို့အတွက် မဖြစ်နိုင်တာကြောင့် ပြောခဲ့ရတာ။

 

ဟဲယွီက ဧည့်ခန်းထဲမှာ နှစ်နာရီကြာအောင် စောင့်နေခဲ့တယ်။

 

အန်တီဝူက တုံ့ဆိုင်းစွာနဲ့ သူ့ရဲ့အနီးကိုသွားကာ လိမ္မာပါးနပ်စွာပြောလိုက်တယ်။

 

ဟဲသခင်လေး.. ကြည့်ပါဦး အပြင်ဘက်မှာ ရာသီဥတုက ပြောင်းလဲနေပြီ.. မကြာခင် မိုးတွေ ရွာလာလိမ့်မယ်ထင်တယ်.. ဒုတိယသခင်လေးက ဘယ်အချိန်မှ ပြန်လာမလဲဆိုတာ မသိဘူးလေ.. မိုးရွာတဲ့အချိန်မှာဆို သွားရလာရတာက ခက်ခဲတယ်မလား.. ဒါမှမဟုတ် ဟဲသခင်လေး အရင်ပြန်နှင့်လိုက်ပါလား.. သခင်ငယ်လေးပြန်လာတဲ့အချိန်ကျရင် ကျွန်မ ဟဲသခင်လေးဆီကို ဖုန်းပြန်ဆက်ပေးဖို့ ပြောပေးမယ်လေ

 

ရုန်ရုန်က သူ့ဆီကို ဖုန်းပြန်ခေါ်မှာမဟုတ်ဘူး!

 

သူ အခါတစ်ရာလောက်ခေါ်ပေမဲ့ ရုန်ရုန်က တစ်ကြိမ်လေးတောင် ပြန်မဖြေခဲ့ဘူး။ သူ့ဆီကို ပြန်ခေါ်မှာတဲ့လား!

 

ရုန်ရုန်သာ သူ့ရဲ့ဖုန်းကို ပြန်ဖြေဖို့ဆန္ဒရှိမယ်ဆိုရင် သူက ဘာလို့ အရူးတစ်ယောက်လို အချိန်အကြာကြီးထိုင်စောင့်နေမှာတဲ့လဲ? !

 

ဟဲယွီ သူ့ရဲ့စိတ်ကိုသာ အတင်းအကြပ်ပြန်ထိန်းထားရတယ်။ တခြားလူရဲ့အိမ်က အလုပ်သမားကို သူ စိတ်ဆိုးနေလို့မရဘူးလေ။

 

သူ ပြုံးပြနိုင်ဖို့အတွက် သူ့ကိုယ်သူ ဖိအားပေးလိုက်ရတယ်။

 

အဆင်ပြေပါတယ်.. ကျွန်တော် ဒီမှာပဲ ဆက်စောင့်နေလိုက်မယ်

 

အန်တီဝူက ဟဲယွီရဲ့ အရုပ်ဆိုးလွန်းနေပြီဖြစ်တဲ့မျက်နှာကြောင့် ထိတ်လန့်သွားရတယ်။

 

ဒီသခင်လေးက ဒီနေ့မှာ တော်တော်ကြီး ထူးဆန်းနေသလိုပဲ...

 

တီခနဲမြည်သံနဲ့အတူ တံခါးပွင့်လာခဲ့တယ်။

 

ရုန်ရုန် ကျောပိုးအိတ်ကို လက်မှာပိတ်ပြီး တစ်ကိုယ်လုံးစိုရွှဲစွာပြန်လာခဲ့တယ်။

 

သခင်ငယ်လေး.. ပြန်လာ.... အပြင်ကပြန်လာပြီလား.. အပြင်ဘက်မှာ မိုးတွေရွာနေတာလား? မင်း .. ဘာလို့ဒီလောက်တောင် စိုရွှဲလာရတာလဲ

 

အန်တီဝူက သူ့ရဲ့တစ်ကိုယ်လုံးရွှဲနစ်နေကာ ဆံပင်နဲ့ အဝတ်အစားတွေကလည်း ရေတွေတစက်စက်စီးကျနေပြီး တစ်ကိုယ်လုံး ရေထဲကို နစ်လာသလိုဖြစ်နေတဲ့ ရုန်ရုန်ကိုကြည့်ကာ ထိတ်လန့်ကြောင်အန်းသွားဝတယ်။

 

သူမ အပြင်ဘက်ကို သံသယနဲ့ကြည့်လိုက်တယ်။ အပြင်ဘက်မှာ တကယ်ကိုမှောင်ပိန်းနေပြီး မိုးပြင်းထန်စွာရွာတော့မလိုဖြစ်နေပေမဲ့ ရွာတော့ မရွာသေးဘူးလေ။

 

ခဏစောင့်ပါဦး.. ကျွန်မ အခုပဲ ရေချိုးခန်းသုံးပုဝါ သွားယူပေးမယ်

 

အန်တီဝူက အပေါ်ထပ်ကိုပြေးတက်သွားပြီး ရုန်ရုန်အတွက် ရေချိုးခန်းသုံးပုဝါသွားယူလေတယ်။

 

ရုန်ရုန်ကတော့ ဘာတစ်ခုကိုမှမကြားလိုက်သလိုပဲ။ သူက သူ့ရဲ့လက်ထဲမှ အိတ်ကိုသာ တင်းကြပ်စွာပွေ့ဖက်ကာ ခေါင်းကိုငုံ့ကိုင်းပြီး ဖိနပ်လဲနေခဲ့တယ်။

 

ရုန်ရုန်!

 

ဟဲယွီ ဆိုဖာပေါ်မှထရပ်ကာ ရုန်ရုန်ဆီကို လျှောက်လာခဲ့တယ်။

 

ဟဲယွီရဲ့အသံကိုကြားလိုက်ရတာကြောင့် နောက်ဆုံးတော့ ရုန်ရုန်တုံ့ပြန်လာခဲ့ပြီ။ သူ့ရဲ့ခေါင်းကိုမော့လာပြီး အေးစက်တဲ့ အနက်ရောင်မျက်ဝန်းတစ်စုံက ရှည်လျားတဲ့ ဆံမြိတ်တွေကိုဖြတ်သန်းပြီး ဟဲယွီကို ရေခဲတွေဖုံးလွှမ်းနေသလိုမျိုး စိုက်ကြည့်လာတယ်။

 

သူ့ရဲ့မျက်လုံးတွေက ပိုမို မည်းမှောင်သွားခဲ့ပြီ။

 

ဟဲယွီရဲ့ ဦးရေပြားတွေ အကြောင်းပြချက်တချို့ကြောင့် ထုံထိုင်းသွားရတယ်။ သူ သူ့ရဲ့အမူအယာကို ပိုပြီးနူးညံ့စေကာ :

 

ရုန်ရုန် မနေ့ညတုန်းက ငါမူးနေခဲ့လို့.. တကယ်လို့ ငါ တစ်ခုခုမှားပြောခဲ့မိပြီး မင်းကို မပျော်မရွှင်ဖြစ်စေခဲ့ရင် ငါ မင်းကို တောင်းပန်ပါတယ်.. ငါ....

 

3,885,879.. တစ်ယွမ်မှ မလျော့စေနဲ့

 

ရုန်ရုန် ဟဲယွီရဲ့စကားကို အေးစက်စွာနဲ့ကြားဖြတ်နှောင့်ယှက်လိုက်တယ်။

 

စကားကောင်းကောင်း ချိုချိုလေးတွေပြောပြီး ပိုက်ဆံကိုတော့ လျှော့ပြီးပေးချင်တာတွေ၊ လုံးဝမပေးတော့တာတွေ လုပ်လာလိမ့်မယ်။ ဒီကမ္ဘာပေါ်မှာ ဒီလောက်ထိ စျေးပေါတာ ဘယ်မှာများရှိနေလို့လဲ?

 

ဟဲယွီရဲ့မျက်နှာက ချက်ချင်းပဲ အရုပ်ဆိုးသွားရကာ ချက်ချင်းပဲ ရုန်ရုန်ကို အော်ဟစ်လာတယ်။

 

ရုန်ရုန်! ငါ မင်းကို ဘယ်သောက်ငရဲလို အပြစ်ကျူးလွန်မိခဲ့လို့လဲ?! မင်းက ငါကို ဒီလိုမျိုး ဆက်ဆံချင်နေတယ်! ဒီနှစ်တွေထဲမှာ မင်းရဲ့သူငယ်ချင်းအဖြစ်နဲ့ ငါမင်းကို လုံလုံလောက်လောက် မချော့မော့ခဲ့လို့လား.. မင်း ငါ့ကိုစိတ်ဆိုးနေတာလား? ငါက မင်းကို အဖိုးတစ်ယောက်လိုမျိုး ဆက်ဆံပေးခဲ့တာလေ! မင်းက ဘာတွေကို မကျေမနပ်ဖြစ်နေတာလဲ? မင်းက ငါ့ကိုသတ်ရမှ ကျေနပ်မှာလား?!!

 

သုံးမီလီယံကျော်တောင်။ သူဘယ်ကများရနိုင်မှာလဲ?

 

ဒါက သေချာပေါက် သူ့ကိုသေစေချင်နေတာပဲ!

 

ရုန်ရုန် ရပ်တန့်သွားတယ်။

 

သူ့ရဲ့လက်က လှေကားလက်ရမ်းကိုကိုင်ရင်း ဧည့်ခန်းထဲမှာရပ်နေတဲ့ ဟဲယွီကို ငုံ့ကြည့်လိုက်တယ်။

 

မင်း ဘာလို့ ဒီလိုပြောရတာလဲ? သုံးမီလီယံကျော်က အိမ်တစ်လုံးရောင်းလိုက်ရုံပဲမလား? ဟဲရှောက် .. တခြားလူရဲ့အစားအသောက်ကို စားပြီးတာနဲ့ ပါးစပ်ကို သုတ်ပြီး ထွက်သွားချင်တယ်ဆိုရင် အဲဒီလူဆီမှာ အရိုက်ခံရတဲ့အချိန်မှာ အပြစ်တင်လို့မရဘူးလေ ဟုတ်တယ်မလား?

 

ဟဲယွီ အံကိုကြိတ်ရင်းပြောလာတယ်။

 

မင်း ငါ့အဖေ့အကြောင်းကို မသိတာလည်းမဟုတ်ဘူး.. တကယ်လို့ ငါသာ အိမ်ကိုရောင်းလိုက်ရင် သူ ငါ့ကိုသတ်ပစ်နိုင်တယ်!

 

စိတ်မပူပါနဲ့.. တစ်ပတ်အတွင်း မင်း ပိုက်ဆံကိုပြန်မပေးရင် ရုန်လုပ်ငန်းစုရဲ့ ရဲ့ရှေ့နေတွေက မင်းကိုလာခေါ်လိမ့်မယ်.. နောက်ပြီး မင်းရဲ့အဖေက မင်းကိုသတ်မှာမဟုတ်လောက်ပါဘူး.. သူက သူ့ချစ်သူလေး အပြင်မှာမွေးပေးထားတဲ့ သားကိုပဲ အိမ်ထဲကို ခေါ်လာလောက်မှာပါ

 

ဟဲယွီ ခဏလောက် ရှော့ရသွားခဲ့တယ်။

 

ရုန်ရုန်က သူ့ရဲ့အဖေဆီမှာ တရားမဝင်ကလေးတစ်ယောက်ရှိနေတယ်လို့ ပြောချင်တာလား?

 

မင်း .. မင်း ဘာပြောလိုက်တာလဲ!

 

သူ့အဖေက သူငယ်ငယ်လေးကတည်းက သားကြောဖြတ်ထားတာလေ။ ဘယ်နေရာက သူ့ရဲ့ချစ်သူလေးဆီမှာ သားတစ်ယောက်ရလာတာလဲ!

 

မင်း ငါ့ကို လာနောက်နေတာလား!

 

ရုန်ရုန်ရဲ့ နှုတ်ခမ်းတို့က ရန်စလိုတဲ့အပြုံးတစ်ခုထွက်ပေါ်တယ်။

 

ချင်းချန် ကျင်းရှု အထပ်မြင့်အိမ်ရာ၊ အခန်းနံပါတ် (1204)၊ ယူနစ်(2)၊ အဆောက်အအုံ(3).. မင်းရဲ့ ညီအသစ်လေးအကြောင်း သတင်းကို အချိန်မရွေး နေရာမရွေး သိဖို့ ထိုက်တန်တယ်လေ

 

ဟဲယွီ ရုန်ရုန်ကို စူးရဲစွာစိုက်ကြည့်လာတယ်။

 

မင်း လှည့်ဖျားနေတာ မဟုတ်ရင်ကောင်းလိမ့်မယ်.

 

အန်တီဝူ ဧည့်သည်ကို လိုက်ပို့ပေးလိုက်ပါ

 

အန်တီဝူက ရေချိုးခန်းသုံးတဘက်ကို လက်မှာကိုင်ရင်း ဒုတိယထပ်မှ ဝင်ပေါက်နားမှာရပ်နေခဲ့တာ။ အောက်မှာရှိနေတဲ့ လေထုက သိပ်ပြီးမမှန်တာကိုမြင်တဲ့အတွက် သူမ အသံမထွက်ရဲခဲ့ဘူး။

 

အခု ရုန်ရုန်ရဲ့ အမိန့်စကားကိုကြားမှ အန်တီဝူ အလျှင်အမြန်လှုပ်ရှားလာခဲ့တယ်။

 

မင်း နှင်လွှတ်နေစရာမလိုဘူး.. ငါ့ဘာသာငါသွားလို့ရတယ်!

 

ဟဲယွီ လက်သီးနှစ်ဖက်ကို တင်းကြပ်စွာဆုတ်ရင်း ရုပ်ဆိုးလွန်းလှတဲ့မျက်နှာနဲ့ ထွက်သွားခဲ့တယ်။

 

သခင်လေး....

 

အန်တီဝူက အနေရခက်စွာနဲ့ သူမရဲ့လက်ထဲမှ တဘက်ကို ရုန်ရုန်ဆီကိုလှမ်းပေးလာတယ်။

 

ရုန်ရုန် လှမ်းယူလိုက်ပြီး သူ့ရဲ့ခေါင်းကိုသုတ်ကာ အန်တီဝူဆီကို ပြောလိုက်တယ်။

 

အန်တီဝူ .. ဒီနေ့ ကျွန်တော်မိုးမိလာတာနဲ့ ဟဲယွီ ရောက်လာတဲ့အကြောင်းကို ကျွန်တော့်ရဲ့မိဘတွေနဲ့ ကောကောကိုမပြောလိုက်နဲ့နော်.. သူတို့ကို စိတ်မပူစေချင်ဘူး

 

အိုး ကောင်းပါပြီ ကောင်းပါပြီ.. ကျွန်မ နားလည်ပါတယ်

 

ရုန်ရုန် အပေါ်ကို ဆက်တက်သွားခဲ့တယ်။

 

သူ အခန်းတံခါးကို ပိတ်လိုက်တယ်ဆိုရင်ပဲ ရုန်ရုန်တစ်ယောက် သူ့ရဲ့ ခွန်အားတွေအားလုံးကို ဆုံးရှုံးသွားခဲ့ရပြီး ကြမ်းပြင်ပေါ်ကို လဲပြိုကျလုနီးပါးဖြစ်သွားရပြီး သူ့ရဲ့လက်တွေနဲ့ ကြမ်းပြင်ပေါ်ကို အချိန်မှီ လှမ်းထောက်လိုက်ရတယ်။

 

ရုန်ရုန် သူ့ရဲ့လက်တွေကို စိုက်ကြည့်လိုက်တော့ သူ့လက်တွေက တုန်ယင်နေခဲ့ပြီ။

 

သူ့ရဲ့လက်ရှိခန္ဓာကိုယ်က အားနည်းလွန်းတယ်။

 

ပန်းအိုး၂၀လောက်ရွှေ့ပြောင်းခဲ့ရုံလေးပဲလေ။

 

ဒါက ကျင်းရီ နေ့တိုင်းလုပ်နေရတဲ့အရာတွေပဲ။

 

 

မိုးတွေရွာလာခဲ့ပြီ။

 

မိုးတွေက ပိုမိုသည်းထန်စွာရွာလာခဲ့ပြီး အလုပ်သိမ်းချိန်ကိုရောက်ပြီဖြစ်တာကြောင့် ရုန်ကျန်းလည်း ခါဆိုင်းလိုအချိန်ပိုမဆင်းတော့ပဲ ပြန်လာခဲ့တယ်။

 

အန်တီဝူက ရုန်ကျန်းထံမှ ထီးနဲ့ လက်ဆွဲအိတ်ကိုလှမ်းယူလိုက်တယ်။

 

ရုန်ကျန်း:ရုန်ရုန် အိမ်မှာလား

 

အိမ်ကိုရောက်ပါပြီ.. အခန်းထဲကိုဝင်သွားပြီး ထွက်လာတာကို မတွေ့ရသေးဘူး

 

ရုန်ကျန်း ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် အန်တီဝူကို ကျေးဇူးတင်စကားဆိုပြီး အပေါ်ထပ်ကို တက်သွားခဲ့တယ်။

 

ရုန်ရုန်ရဲ့အခန်းရှေ့ကိုရောက်တော့ ရုန်ကျန်း တံခါးခေါက်လိုက်တယ်။

 

ဘယ်သူမှ ပြန်မဖြေလာခဲ့ဘူး။

 

ထပ်ပြီး အနံ့တွေစစ်ဆေးနေပြန်တာလား?

 

ရုန်ကျန်း တံခါးကို တွန်းဖွင့်လိုက်တယ်။ အချိန်ကိုက်ပဲ ရုန်ရုန်သည်လည်း ရေချိုးခန်းထဲမှ ထွက်လာခဲ့လေတယ်။

 

ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။

 

ရုန်ရုန်ရဲ့ဆံပင်နဲ့ ခန္ဓာကိုယ်မှ ရေတွေက စီးကျနေတုန်းပဲ။

 

ရုန်ကျန်း မျက်မှောင်ကြုတ်လိုက်မိတယ်။

 

ရေချိုးပြီးရင် ခန္ဓာကိုယ်ကို ရေအရင်မသုတ်ဘဲ ဘာလို့ ထွက်လာရတာလဲ

 

ရုန်ရုန် တိတ်တဆိတ် တံတွေးမြိုချလိုက်မိတယ်။

 

ကောကော .. ပထမဆုံး အရင်ရှောင်ပေးလို့ရမလား?

 

ရုန်ကျန်းက ရေချိုးခန်းဆီကိုဝင်သွားပြီး ခြောက်သွေ့သန့်စင်တဲ့ တဘက်တစ်ထည်ကို ယူကာ ပြန်ထွက်လာတယ်။ ပြီးနောက် ရုန်ရုန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတင်လိုက်ကာ :

 

မင်းခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုများ ငါ မမြင်ဖူးတာရှိလို့လဲ?

 

သူတို့ရဲ့မိဘတွေ အိမ်မှာမရှိတဲ့အချိန်မှာ ရုန်ရုန်ကို ရေချိုးပေးခဲ့ရတာက သူကိုယ်တိုင်ပဲလေ။

 

သူ ရုန်ရုန်ကို ရေချိုးပေးခဲ့ဖူးတဲ့အကြိမ်အရေအတွက်က သူ့အမေ ရုန်ရုန်ကိုချိုးပေးဖူးတာထက်တောင် ပိုပြီး များနေဦးမှာ။

 

ရုန်ရုန်ရဲ့ လည်တိုင်က နီဆွေးလာတယ်။

 

ဒါက မတူဘူးလေ!

 

ရုန်ကျန်း ငုံ့ကြည့်လိုက်တယ်။

 

အမ်.. ဒါက မတူတော့ဘူး.. အခု မင်းက အရွယ်ရောက်လာပြီ