အပိုင်း (၁၃၉)
Viewers 31k

Part 139


စုန့်ထင်ရှန်းက ညင်သာစွာ ဖြေလိုက်သည်။ 


“ကိုယ့်အဖေဘက်က အဒေါ်ရဲ့ အိမ်ကို သွားနေတာ..မိဘတွေရဲ့ အုတ်ဂူဆောက်ပေးဖို့ ဒီကိုပြန်လာတာဆိုတော့ အမျိုးတွေနဲ့ တွေ့မှဖြစ်မှာ…ကိုယ်ဒီကို ပြန်လာတော့ သူတို့ဆီကို သွားလည်ရမယ်..လေယာဉ်ပေါ်က ဆင်းဆင်းချင်း သူတို့အိမ်တိုက်ရိုက်လာဖို့  ဖုန်းဆက်ထားတယ်…အဲ့ကို ညစာစားချိန်အမှီ ရောက်လိမ့်မယ်”


သူသည် ယွမ်ရှ အတွေးများ၍ စိုးရိမ်နေမှာ စိုးသောကြောင့် ထပ်ပြောလိုက်သည်။ “စိတ်မပူပါနဲ့..ကိုယ်တို့ ညစာအမှီရောက်မှာပါ..”


သူမ စုန့်ထင်ရှန်း မိဘများနှင့် မတွေ့ရသေးသော်လည်း သူ့မိသားစုနှင့် တွေ့ရမှာ တစ်မျိုးဖြစ်နေသည်။ ယွမ်ရှသည် ထိုကဲ့သို့သော ဖြစ်ရပ်များကို အတွေ့အကြုံ ရှိသူမဟုတ်ပေ။ ထိုအကြောင်းကို စဉ်းစားပြီးနောက် မေးလိုက်သည်။ “ ဝမ်လေးနဲ့ ကျွန်မက ခုမှ ပထမဆုံးတွေ့ရမှာဆိုတော့ လက်ဆောင်ပစ္စည်း ပြင်ဆင်ထားသင့်တယ်”


စုန့်ထင်ရှန်းက ခေါင်းရမ်းလိုက်သည်။ “ဘာမှ ပြင်ထားစရာ မလိုပါဘူး”


ယွမ်ရှ ရုတ်တရက် တစ်ခုခု လိုနေသည်ကို သတိပြုမိသွားသည်။ သူမ၏ စုန့်ထင်ရှန်းအကြောင်းသိသလောက်အရ သူသည် အလွန်ယဉ်ကျေးသော သူဖြစ်သည်။ သူသည် သူမ၏ မိဘများဆီ သွားလည်တာတောင်မှ လက်ဗလာဖြင့် မသွားပေ။ သစ်သီး အချို့အမြဲဝယ်သွားလေ့ရှိပြီး အဖေယွမ် အတွက် စီးကရက်၊ ဝိုင် သို့မဟုတ် လက်ဖက်ရည် ဝယ်သွားပေးလေ့ရှိသည်။ ယခုတွင် သူသည် နှစ်အတော်ကြာမှ နေရပ်သို့ ပြန်လာချိန်တွင် လူကြီးအိမ်ကို လက်ဗလာဖြင့် ညစာသွားစားဖို့ လုပ်နေသည်။ သူက ယွမ်ရှကို ဘာမှ မပြင်ဆင်ရန် ပြောနေသည်။ သူနှင့် သူ့အဒေါ်သည် ရင်းနှီးသော ဆက်ဆံရေးလား ဒါမှမဟုတ် ဆိုးဝါးတဲ့ဆက်ဆံရေးလား…


သူ့အဒေါ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိမည်ဆိုလျှင် စုန့်ထင်ရှန်း၏ အမျိုးက ဘာကြောင့် သတိတရမရှိနေတာလဲ။ တစ်ခြားဘက်က တွေးကြည့်မည် ဆိုလျှင် မိသားစုထဲက တစ်ယောက်ယောက် အရမ်းချမ်းသာလာချိန်တွင် အထူးသဖြင့် စုန့်ထင်ရှန်းလို ဖြစ်လာချိန်တွင် အမျိုးအများစုသည် မျက်နှသာရရန် ကြိုးစားကြသည်။ 


သူ့အမျိုးများက မာနကြီးပြီး တစ်သီးတစ်ခြားနေတတ်သူများ ဖြစ်နိုင်သည်။ သူတို့သည် တစ်ခြားသူကို အထင်သေးပြီး စုန့်ထင်ရှန်း၏ အောင်မြင်မှုကို အဖက်မလုပ်တာလဲ ဖြစ်နိုင်သည်။


ပြောရလျှင် စုန့်ထင်ရှန်းသည် သူ့အမျိုးများနှင့် သိပ်မရင်းနှီးတာကိုတော့ သူမ သေချာသိပေသည်။


စုန့်ထင်ရှန်း၏ အဖေဘက်က အဒေါ်..ထိုတစ်ယောက်သည် သူ၏ အကြီးဆုံး အဒေါ်ဖြစ်ပုံပေါ်ပြီး အသက်ငယ်မည့်ပုံ မပေါက်ပေ။ စုန့်ထင်ရှန်း၏ အဖေရှိနေသေးလျှင် အသက်၆၀ကျော် ဖြစ်နိုင်သည်။


ယွမ်ရှသည် သူ၏ အဒေါ်အကြီးဆုံးကို အသက်၇၀ဆယ်လောက် ရှိမည်ဟု ထင်ခဲ့သောကြောင့် တွေ့သောအခါ အသက် ၆၀ကျော်ဖြစ်ပြီး နုပျိုနေသေးသောကြောင့် သူမအံ့ဩသွားသည်။


စုန့်ထင်ရှန်း၏ အဒေါ်အကြီးဆုံးက ဝမ်လေးကို ဒါလင်လို့ခေါ်၍ ဖက်လိုက်သည်။ သူမ၏အသံသည် ကျယ်လောင်ပြတ်သားသည်။ သူ၏ အဒေါ်က ကျန်းမာသန်စွမ်းဆဲဖြစ်သည်ကို ယွမ်ရှ တွေ့ရသည်။


ဝမ်လေးက ယွမ်ရှကို တိုးတိုးလေး ပြောလိုက်သည်။ “ပါပါးရဲ့ အဒေါ်က အရမ်းထူးဆန်းတယ်..သူမက သားကို ပွေ့တဲ့ချိန် လက်ကောက်ကို ကိုင်နေတာ”


ယွမ်ရှ”….”


ဝမ်လေးက အဖွားယွမ် ဝယ်ထားပေးသော ရွှေရောင်လက်ကောက်တစ်စုံကို ဝတ်ထားသည်။  အဖွားယွမ်က သူမွေးတုန်းက အဲ့တာတွေကို ဝယ်ထားပေးတာဖြစ်ပြီး လွန်ခဲ့သောနှစ်နှစ်ကမှ သူ့လက်ကောက်ဝတ် ဖောင်းဖောင်းလေးတွင် စဝတ်ခဲ့တာဖြစ်သည်။


စုန့်ထင်ရှန်း၏ အဒေါ်အိမ်သည် ကြီးမားပြီး သူမ၏ တစ်မိသားစုလုံး ဒီမှာပင် နေထိုင်ကြသည်။ ဘေးတွင် အမျိုးအိမ်များ ရှိပြီး မိသားစု သုံးယောက် အိမ်ထဲဝင်လာကြသည်။


လက်ဖက်ရည်သောက်ပြီး နှုတ်ဆက်စကားပြောပြီးနောက် စုန့်ထင်ရှန်းက သူ့အိတ်ကပ်ထဲမှ ယွမ် ၃၀၀ထုတ်၍ သူ့အဒေါ်ကို ပေးလိုက်သည်။ 


“ဝမ်လေးရဲ့ အမေက မြို့ထဲက လက်ဆောင်တွေ ဝယ်ခဲ့ပေးချင်နေတာ ဒါမယ့် ကျွန်တော်တို့က ရင်းနှီးတယ်လို့ သူမကို ပြောပြီး ခမ်းခမ်းနားနား မလိုဘူးလို့ ပြောထားတာ..အဒေါ် ယွမ် ၃၀၀ကို ယူပြီး စားချင်တာ ဝယ်စားပါ..အရမ်း မခြွေတာပါနဲ့..ကျွန်တော့် အပေါ် အရမ်း မယဉ်ကျေးပါနဲ့…”


စုန့်ထင်ရှန်း၏ အပြုအမူသည် ယွမ်ရှကို အံ့ဩသွားစေသည်။ 


ကုမ္ပဏီကြီး၏ CEO တစ်ယောက်အနေနဲ့ လက်ဆောင်မဝယ်တာ တစ်ခုခုတော့ ရှိရမည်။ အခု သူက သူ့အဒေါ်ကို ယွမ် ၃၀၀ပေးတယ်…


သူဒီစကားတွေကို ပြောတုန်းက သူ့အသံက ပို၍ ထူးဆန်းစရာကောင်း၏။ မသိသောလူများက သူ သူ့အဒေါ်ကို သုံးမီလီယံ ပေးသည်ဟု ထင်ကြပေလိမ့်မည်။