Chapter 49
ဝက်ဆီထမင်းနှင့် ခရမ်းသီးနှပ်
ရှဲ့ရွှင်း သူ၏ အစားအသောက်ပုံးထဲသို့ ဟင်းရည်များ ဖိတ်ကျမည်ကို စိုးရိမ်သဖြင့် ယနေ့ မြင်းစီးမည့်အစား ရထားလုံးစီးရန် ရွေးချယ်ခဲ့သည်။
အရှေ့နန်းတော်သို့ ရောက်သောအခါ လင်းချန်က သူ့ကို တားလိုက်သည်။
"ဒီနေ့ ဟင်းရည်ယူလာတာလား" ဟု သူက မှင်တက်စွာပြောသည်။
ရှဲ့ရွှင်းကဆို၏။
"မင်းဘယ်လိုသိလဲ"
"ဒီလိုပုံစံနဲ့ကို မြင်ရင်ဘယ်သူကမသိဘဲနေမလဲ"
ပုံမှန်အားဖြင့် ရှဲ့ရွှင်းက ခပ်မှန်မှန်လျှောက်တတ်သော်လည်း သိမ်ပြီးတောင့်တောင့်ကြီးရှိမနေ ပေ။ ယနေ့ သူလမ်းလျှောက်သည့်အခါ သူ့ဝတ်ရုံထောင့်ပင် မလှုပ်ပေ။သူက နာမည်ကျော် သခင်မလေးကောချင်ရှုနှင့် သိပ်မကွာလှပါချေ။
မှန်သည်၊ လင်းချန် ၎င်းကို မပြောဝံ့ပါချေ။ မည်သို့ပင်ဖြစ်စေ သူ့နေ့စဉ်နေ့လယ်စာက ရှဲ့ရွှင်း၏ စိတ်အခြေအနေပေါ်မူတည်နေသည်။
ရှဲ့ရွှင်းရဲ့အိမ်ထောင်ရေးကံက အရမ်းကောင်းတယ်ကွာဟု ညည်းညူမြည်တမ်းရင်း သူက တဟီးဟီး ရယ်မောလိုက်၏။ တစ်ချိန်တည်းမှာပင် သူ သက်ပြင်းချလိုက်သည်။
'ငါလည်းမိန်းမယူရင် ငါ့ဘဝက ပိုကောင်းလာမှာ မဟုတ်ဘူးလား'
မွန်းတည့်အချိန်၌ လင်းချန်းက ရှဲ့ရွှင်း၏ မျက်စောင်းထိုးတွင် နာခံမှုရှိရှိဖြင့် ထိုင်ကာ ယနေ့နေ့လည်စာဘူးကို မျှော်တလင့်လင့် ကြည့်နေသည်။
ရှဲ့ရွှင်း အရင်ဆုံး တစ်ချက်ကြည့်လိုက်သည်။ယနေ့ ဟင်းပွဲတွေက အလွန်ကို အလျှံအပယ်ဖြစ်၏။
မနေ့ညက အဝါရောင်ကြက်သားနှပ်အပြင် အရောင်တောက်တောက်တောက် အသားနိုင်းချင်းနှင့် ခရမ်းသီးဟင်းလည်း ရှိသေးသည်။
ထမင်းကိုကြည့်လိုက်သောအခါ အပေါ်မှာ ဝက်ဆီတစ်ဇွန်း ရှိနေ၏။ ဝက်ဆီကို ပါးပါးလှီးထားသော နွေကြက်သွန်နှင့် ပဲငံပြာရည်တို့ဖြင့် ဖြူးထားပြီး ဘေးတစ်ဖက်တစ်ချက်တွင်လည်း ဝက်ဆီအကြွင်းအကျန်များ ရှိနေသည်။
လင်းချန်က မျက်မှောင်ကြုတ်ကာ မေးသည်။ "ဒါက ဘာလဲ"
သူက ဝန်ကြီးချုပ်မိသားစု၏ အလိုလိုက်အကြိုက်ဆောင်ခံရသောသားဖြစ်သည်။ ဝက်ဆီ တစ်ခါမှ မတွေ့ဖူးသည်က သာမာန်ပါပင်။
ရှဲ့ရွှင်းက နိုင်ငံရပ်ခြားသို့ ခရီးထွက်ခဲ့ပြီး အနည်းငယ်သိခဲ့သည်။
"ဝက်ဆီ"
လင်းချန် အံ့သြသွားသည်။
"ထမင်းပေါ်မှာ ဝက်ဆီ... ပြီးတော့ အစိမ်းလိုက်ကြီး ရှိတုန်းပဲ..."
ရှဲ့ရွှင်းက သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည်။
"ဝက်ဆီကအစိမ်းလား"
လင်းမိသားစုသည် ဝန်ကြီးချုပ်လင်း၏မျိုးဆက်ကတည်းက ဝက်သားကို မကြိုက်က သော်လည်း လင်းချန်က ဝက်ဆီသည် ဟင်းချက်ရန်အသုံးပြုကြောင်း သိနေသေးသည်။
'ထမင်းပေါ်မှာ ဝက်ဆီအများကြီးထည့်ထား...'
သူက ရှဲ့ရွှင်းမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး 'အိုး... လူငယ်လင်မယား ရန်ဖြစ်ကြတာလား'
ရှဲ့ရွင်းက သူဘာတွေတွေးနေမှန်းမသိပေ။ ထမင်းဘူးထဲသို့ ရေအနည်းငယ်လောင်းထည့်ကာ အဖုံးဖြင့်အုပ်ထားသည်။ ခဏကြာပြီးနောက် ရေဆူလာပြီး ရေနွေးက ဟင်းကို ဖြည်းဖြည်းချင်း အပူပေးသည်။
အစားအသောက်ဘူးကို ဖွင့်လိုက်သောအခါ ဟင်းပွဲများ၏ အနံ့က လွှမ်းခြုံသွားသည်။ မှန်ပေသည် ၊ ဆွဲဆောင်မှုအရှိဆုံးက အဝါရောင် ကြက်သားနှပ်၏ မွှေးပျံ့သည့်ရနံ့နှင့်ခရမ်းချဉ်သီး၏ ချိုချဉ်မွှေးရနံ့လေးပါပင်။
သို့ရာတွင် လင်းချန် ထမင်းထံ၌အကြည့်တို့ချောက်ချနေမိသည်။ အဖြူရောင် ကြည်လင်သောဝက်ဆီက လုံးဝအရည်ပျော်သွားပြီး ဖောင်းနေသောဆန်ကို ပြောင်လက်သောအဆီဖြင့် ဖုံးအုပ်ထားသည်။ ရှဲ့ရွှင်း ၎င်းကို ဇွန်းဖြင့် ရောမွှေလိုက်၏။ ပဲငံပြာရည်၊နွေကြက်သွန်၊ ဝက်ဆီလက်ကျန်နှင့် ဆန်တို့ကို ရောမွှေလိုက်သည်။ အရောင်က ပေါ့ပါးသော်လည်း လင်းချန် ၎င်း၏အရသာကို ပြောမပြနိုင်လောက်အောင် သိချင်နေသည်။
ရှဲ့ရွှင်းသည်လည်း ဤဝက်ဆီရောစပ်ထားသော ထမင်း၏အရသာနှင့် ပတ်သက်၍ သံသယအချို့ရှိကာ တစ်ဇွန်းကို ပါးစပ်ထဲသို့ အစမ်းသဘောထည့်လိုက်သည် ။
"ဘယ်လိုလဲ"
လင်းချန်က သူ့ကို ဝေခွဲမရစွာ ကြည့်လိုက်သည်။
အရသာကို ဖော်ပြရန် ခက်လေသည်။ ထမင်းပေါ်မှာ ရိုးရိုးဝက်ဆီပဲ ရှိမှန်း သိသာပေ၏။ ထမင်းထဲကို ဝက်ဆီပျော်ဝင်သွားသည့်အခါ လတ်ဆတ်ပြီး ဆီစိုသည့် အရသာရှိသည်-- လှီးထားသည့် ကြက်သွန်စိမ်းက အဆီဓာတ်ကို ဖယ်ရှားပေးသောကြောင့် ဖြစ်နိုင်သည်။ တနည်းအားဖြင့် ပဲငံပြာရည်က လတ်ဆတ်ပြီး အထူးရနံ့တစ်မျိုးရှိသောကြောင့် ဖြစ်နိုင်သည်။ ယခုလို ရိုးရှင်းသည့် စားသောက်နည်းက သူ့ကို စိတ်ကျေနပ်မှု ပေးခဲ့သည်။
ကျန်းရှုယောင်က ပဲငံပြာရည်ကို အထူးပြုလုပ်ထားသည်။ ဝက်ဆီ၏ အဆီရနံ့ဖြင့် ဖြည့်သွင်းထားသော ချိုမြိန်မှု နှင့် အငန်ဓာတ် အရိပ်အမြွက် တို့နှင့် သင်းပျံ့သော ရနံ့ ရှိသည်။ ၎င်းကို ဖော်ပြနိုင်သည့် စကားလုံးတစ်လုံးတည်းရှိသည်- မွှေးကြိုင်သည်။
သူက "တဂျွတ်ဂျွတ်" အသံဖြင့် ဝက်ဆီအကြွင်းအကျန်ကို ဝါးလိုက်သည်။ သာမန်လူတွေနှင့် ကလေးတွေ၏မျက်လုံးများတွင် ဝက်ဆီအကြွင်းအကျန်တွေက အဖိုးတန်ပေမဲ့ သူစားဖူးသည်က ယခုပထမဆုံးအကြိမ်ပါပင်။ ကြွပ်ရွပြီး အနည်းငယ် မာကျောသော်လည်း ကိုက်ပြီးနောက် အရည်ပျော်သွားသည်။ ရနံ့က သူ့ပါးစပ်ထဲမှာ ပျံ့သွား၏။ များများဝါးလေလေ အရသာပိုရှိလေပါပင်။
"အင်း"
ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်သည်။ ဤဟင်းပွဲတွေကို မြည်းစမ်းကြည့်ရမည့်တာဝန်ကို သူလေးလေးနက်နက် ယူခဲ့၏။ သူက အရသာကို ဖြည်းညှင်းစွာ မြည်းစမ်းပြီး ပြန်သွားကာ ကျန်းရှုယောင်ကို အစီရင်ခံရန် စီစဥ်ထားသည်။
"အရသာရှိလား မကောင်းဘူးလား"
လင်းချန် စိုးရိမ်နေမိသည်။ ထမင်းက ပိုရိုးရှင်းလေလေ သူပို၍ သိချင်လေလေဖြစ်သည်။ သူက သူ့ဇွန်းကို မြှောက်လိုက်ပြီး ရှဲ့ရွှင်းကိုပြောလိုက်၏။
"ငါ့ဇွန်းက သန့်နေတုန်းပဲ... ငါ့ကို တစ်လုတ်ပေးလို့ရမလား"
သူတို့နှစ်ဦးသည် မိသားစုကြီးများတွင် မွေးဖွားခဲ့ကြပြီး သူတို့၏ စားသောက်မှုကျင့်ဝတ်ကို အခြေခံအားဖြင့် အရိုးများတွင် ထွင်းထုထားသည်။ သို့သော် ဤရက်များတွင် နေ့လည်စာစားချိန်၌ လင်းချန်တစ်ယောက် စည်းကမ်းများကို မေ့သွားခဲ့သည်။
'ဘာပဲဖြစ်ဖြစ် ရှဲ့ရွှင်းရဲ့ပန်းကန်ထဲက ထုတ်ယူသမျှဟာ ရတနာတစ်ခုပါပဲ'
"အွန်း"
ရှဲ့ရွှင်းက ထမင်းဘူးကို သူ့ရှေ့ တွန်းလိုက်၏။ သူတို့နှစ်ဦးသည် မူကြိုတန်းတွင် မိခင်၏ ချစ်လှစွာသော နေ့လယ်စာကို ဝေမျှစားနေကြသည့် ကလေးငယ်များကဲ့သို့ပင်။ ဆွေးနွေးပြီးနောက် လင်းချန်သည် ရှဲ့ရွှင်း၏ ထမင်းသုံးပုံတစ်ပုံကို တူးဖော်ခဲ့သည်။
လင်းချန် ဝက်ဆီနှင့် ထမင်းရောနှယ်ထားသော ထမင်းတစ်ဇွန်းကို စားပြီး သူ့မျက်လုံးများ ခဏလောက် ပြူးကျယ်သွားသည်။
တောင်တန်းတွေနှင့်ပင်လယ်ပြင်က အရသာတွေကို သူတစ်ခါမှ မမြည်းစမ်းဖူးခဲ့သည်မျိုးမဟုတ်ပေ။ သူသည် ထိပ်တန်းအရသာများကို မြည်းစမ်းဖူးသော်လည်း အရသာကောင်းမွန်သော ပါဝင်ပစ္စည်းများနှင့် သန့်စင်သော ချက်ပြုတ်နည်းများဖြင့်ပင် အချို့သော အရသာများကို ဖန်တီးမရနိုင်ပေ။
ဥပမာ- ဤဝက်ဆီ ရောထားသည့် ထမင်း။ ဝါးလိုက်တိုင်း သူ့ပါးစပ်က အရသာတွေ ပြည့်နေသည်။ ဝက်ဆီအကြွင်းအကျန်များကို ပဲငံပြာရည်၏ အပေါ့အငန်အရသာ ရောစပ်ကာ ပူပူနွေးနွေး စားသုံးခြင်းဖြင့် သူ့အား ရွှင်လန်းဝမ်းမြောက်မှုများအပြည့်ရှိစေသည်။
လင်းချန်က ရုတ်တရက် သက်ပြင်းချရင်းဆို၏။ "လယ်သမားတွေက ဒီလိုအစားအစာမျိုး စားလေ့ရှိသလား"
ရှဲ့ရွှင်းကပြောသည်။
"ဒီဟင်းက ချက်ရတာ မခက်ပါဘူး...ဒါပေမဲ့ ဦးနှောက်ရှိဖို့တော့ လိုတယ်...နောက်တစ်မျိုးက အရသာကို မြှင့်တင်ပေးတဲ့ ပဲငံပြာရည်... လယ်သမားတွေက ဒါကို မလုပ်နိုင်လောက်ဘူး"
လင်းချန်က ခေါင်းညိတ်ပြီး မေး၏။
"ဒါဆို မင်းမိန်းမက ဒါကို ဘာလို့ ရုတ်တရက် လုပ်ချင်ရတာလဲ"
ရှဲ့ရွှင်းက သာမန်ကာလျံကာပြန်ဖြေသည်။
"လင်းမိသားစုက စားသောက်ဆိုင်ဖွင့်ဖို့ စီစဉ်နေတယ်"
"ဪ...အမ်..."
လင်းချန်ကထမင်းမှကျန်ရှိသောရနံ့ကို အရသာခံရင်း နှုတ်ခမ်းကို သပ်နေဆဲဖြစ်ပြီး အချိန်အတော်ကြာပြီးမှ ဆိုလာ၏။
"လင်းမိသားစု... မင်းမိန်းမလား"
"မှန်တယ်"
အခြားသော အတွေးအမြင်များနှင့် နှိုင်းယှဉ်ပါက လင်းချန်၏ ပထမဆုံး တုံ့ပြန်မှုသည် "မင်းသဘောတူသလား" ဟု မေးခြင်းဖြစ်သည်။
"ဘာလို့ သဘောမတူရမှာလဲ"
အဆင့်အတန်းမြင့်အိမ်ထောင်စုများ၏ ဇနီးသည်များသည် ထမင်းချက်ခဲသည်။ အများစုမှာ ခင်ပွန်းများကို ကျွေးမွေးသည့်အခါ ကိုယ်ကျင့်သီလရှိသူ၊သူများအတွက် စဥ်းစားပေးတတ်သူ ခေါ်တွင်ခံရရန် ချက်ပြုတ်လေ့ရှိကြသည်။ ဟင်းချက်ခြင်းမှာ မျိုးရိုးမြင့်သခင်မများနှင့် ဘာမှမဆိုင်ပါချေ။ ထို့ကြောင့် ကျန်းရှုယောင်က သူ့ထမင်းဘူးကိုလုပ်ပေးသည်ဟု ရှဲ့ရွှင်းကပြောသည့်အခါ လင်းချန် လုံးဝမယုံကြည်ခဲ့ခြင်းဖြစ်၏။
ယခုမူ သူမ၏လက်ရာက နားမလည်နိုင်လောက်အောင်ပင် စားသောက်ဆိုင်များဖွင့်ရန်အထိ ချဲ့ထွင်လာခဲ့သည်။
"ဟင်းတွေက လင်းမိသားစုက ဖိတ်ထားတဲ့စားဖိုမှူးကလား...ဒါမှမဟုတ် မင်းမိန်းမက ချက်ထားတာလား"
"ငါ့မိန်းမက လုပ်ထားတာပေါ့ဟ"
လင်းချန်က မျက်မှောင်ကြုတ်ပြီး
"ဒါဆို မင်းမိန်းမက စားဖိုမှူးတစ်ယောက်အတွက် ခက်ခက်ခဲခဲလုပ်ထားတဲ့ ဟင်းချက်နည်းကို လွှဲပေးပြီးတော့ စားသောက်ဆိုင်ဖွင့်ပြီး မျိုးရိုးမြင့်တွေဆီ မရောင်းဘဲ သာမန်လူတွေကို အစားအသောက်တွေ ရောင်းမှာလား"
"အင်း"
ရှဲ့ရွှင်းက ဘာတစ်ခုမှ အမှားအယွင်းရှိသည်ဟု မထင်ဘဲ အဝါရောင် ကြက်သားနှပ်ဟင်းရည်ကို ဝမ်းသာအားရ သောက်လိုက်သည်။
လင်းချန်က သူ့မေးစေ့ကို ထိပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ဒါ... မမှန်ဘူးလားလို့"
'ဘယ်လိုပြောရမလဲ... နည်းနည်းလေးသိက္ခါမဲ့တာလား'
ရှဲ့ရွှင်းက မျက်ခုံးပင့်ကာ သူ့ကိုကြည့်သည်။
"လင်းမိသားစုက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလေ... သူတို့ ပိုက်ဆံ မလိုပါဘူးကွာ"
လင်းချန်က အလေးအနက်ပြောလိုက်သည်။
ရှဲ့ရွှင်း နှင့် လင်းချန်တို့သည် ဂုဏ်သရေရှိမိသားစုများတွင် မွေးဖွားခဲ့ကြသော်လည်း ၎င်းတို့တွင် မတူညီသော အတွေ့အကြုံများနှင့် အယူအဆများရှိသည်။ လင်းချန်က အလိုလိုက်အကြိုက်ဆောင်ခံရသောသားတဖြစ်လဲ သခင်လေး တစ်ဦးဖြစ်သော်လည်း ရှဲ့ရွှင်းက ငယ်စဉ်ကတည်းက အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ ငယ်ငယ်ကတည်းက တစ်ခါမှ အလိုလိုက်မခံရဖူးခဲ့ပေ။ ရှဲ့ရွှင်း ဆယ်နှစ်သားအရွယ်တွင် သူသည် ဝန်ကြီးချုပ်အား သူ၏ဆရာအဖြစ် တင်မြှောက်ပြီးနောက် သူ၏ဆရာနှင့်အတူ ခရီးထွက်ကာ သူ၏စိတ်နှလုံးကို ဖွင့်လှစ်ခဲ့သည်။
"ဘာလို့ လူတွေက ထမင်းဟင်းချက်တယ်လို့ ထင်လဲ"
လင်းချန်ကဖြေ၏။
"စားဖို့"
"လူတွေက ဗိုက်ဆာရင် ဗိုက်ပြည့်ချင်ကြတယ်... ဗိုက်ပြည့်ပြီးရင် ပြည့်ဝခြင်းထက် တခြားအရာတွေကို တွေးကြလိမ့်မယ်... မင်းနဲ့ငါ ငယ်ငယ်ကတည်းက စားကောင်းသောက်ဖွယ်မချို့ငဲ့ခဲ့ဖူးပေမဲ့ မင်းက နေ့တိုင်းမွန်းတည့်ချိန်ရောက်ရင် ငါ့ထမင်းဘူးကို စိုက်ကြည့်နေတုန်းပဲ... အစားအသောက်နဲ့ ပတ်သက်ပြီး အထူးတလည် မရှိတဲ့သူတွေဆိုပြောမနေနဲ့တော့"
လင်းချန် သူထိုသို့ဖြေမည်ဟု မမျှော်လင့်ထားခဲ့ပါချေ။ အမှန််တွင် သူက ဒုံးဝေးသောသူမဟုတ်၊ ထို့ကြောင့် ယင်းက အဓိပ္ပါယ်ရှိသည်။ သို့သော် ရှဲ့ရွှင်းကိုကြည့်ရင်း ထူးဆန်းလာသည်။
'စီးပွားရေးလုပ်တာက ငွေရှာတာမဟုတ်ဘူးလား... ဒါပေမဲ့ ငွေကိုဂရုမစိုက်ဘဲ ဒီလုပ်ငန်းကို လူတွေရဲ့အမြင်ကနေ စီစဉ်ဖို့ဆိုတာ တကယ်ရှားတယ်'
သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူက ရှဲ့ရွှင်းနှင့် အလွန်ရင်းနှီးသဖြင့် ပွင့်ပွင့်လင်းလင်းတည့်တိုးပြောလိုက်၏။
"ကျန်းရှီရဲ့ဗရုတ်သုတ်ခတွေကို ငါကြားဖူး မြင်ဖူးတယ်... သူက မင်းနဲ့ မထိုက်တန်ဘူးလို့ ငါထင်ခဲ့တယ်... ဟေး ငါတင်မဟုတ်ဘူး၊ မြို့တော်တစ်ခုလုံးပဲ... ဟီးဟီး အမှန်ကအဲလိုဖြစ်နေမယ်လို ငါ မမျှော်လင့်ထားဘူး... ငါက မျက်စိမှိတ်အစွဲကြီးလွန်းခဲ့တယ်ကွာ"
ရှဲ့ရွှင်းက သူ့အမူအရာမှာ မပြောင်းလဲဘဲ နှာခေါင်းတွင်းမှ အသံပြုလိုက်သည်။
"မင်းမြင်ပြီလား...လာပြီး ငါ့ကို သေချာနားထောင်ခွင့်ပြု"
"ဟားဟား"
လင်းချန်က ရှက်ရွံ့စွာ ရယ်မောလိုက်သည်။ သူက ရှဲ့ရွှင်းရှေ့တွင် ရှဲ့ရွှင်း၏ဇနီးအကြောင်း အတင်းအဖျင်းပြောသည်အထိ ရူးသွပ်ခဲ့သည်။
"ပါးစပ် ချော်သွားတာ... လူကိုယ်တိုင် မမြင်ဖူးဘဲ လူတွေအပြောနဲ့တင်...ငါ ရှက်လည်းရှက်မိပါတယ်"
သူက အကြောင်းအရာကို ပြောင်းလဲပြီး အဝါရောင်ကြက်သားနှပ်ကို ကောက်ယူရန် သူ၏တူများကို ဆန့်ထုတ်ရန် ကြိုးစားသော်လည်း ရှဲ့ရွှင်းက သူ့ကို တားဆီးခဲ့သည်။
"မရဘူး"
ရှဲ့ရွှင်းက အေးစက်စွာပြောလိုက်သည်။
'ဟမ့်... လူတွေကို ပြဇာတ်ကောင်းကောင်းလေးပြလိုက်မယ်"
သူတို့ပတ်ဝန်းကျင်ကလူတွေ လှည့်ကြည့်လာကြ၏။ သူတို့နှစ်ယောက် ဘာတွေပြောနေကြသည်ကို မကြားခဲ့ရသော်လည်း "မရဘူး" မှာ အလွန်ကိုရှင်းလင်းသည်။
'ဟေး...လင်းချန်က ဝန်ကြီးချုပ်ရဲ့မြေးလေ... ဒါပေမဲ့ သူက နေ့တိုင်းစားဖို့ တခြားသူတွေရဲ့ ထမင်းဘူးဆီကို မြန်မြန်ပြေးတယ်...တစ်ခုခုမှားနေပုံရတယ်'
သူတို့လည်း စားချင်ပေမဲ့ အစားအသောက်ကို အလကားကပ်စားရလောက်အောင် လူပါးမဝကြပါချေ။
ရှဲ့ရွှင်း မော့ကြည့်လိုက်သောအခါ အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာပဲ ခေါင်းကို လှည့်လာကြသည်။သို့ရာတွင် သူတို့ ဖြစ်ရပ်ကို တိတ်တဆိတ် ခိုးကြည့်သည့်အခါ မျက်လုံးများထွက်ကျတော့မလိုဖြစ်သွားကြ၏။
'ရှဲ့ပေါယွမ်က နည်းနည်း ဒေါသထွက်နေပုံပဲ'
နှစ်ထောင်ပေါင်းများစွာ မပြောင်းလဲသေးသည့် သူ၏ရေခဲရုပ်ထုမျက်နှာကနေ သူတို့ ဘာမှမမြင်ရပေမဲ့ ရှဲ့ရွှင်းတစ်ယောက် မပျော်မရွှင်ဖြစ်နေသည်ကို လူတိုင်း ခံစားမိကြသည်။
'အိုး... ဒီလို သဘောထား နဲ့ လေသံနဲ့တင် အိမ်မှာ စာစသင်နေတဲ့ ငါ့တူလေးနဲ့ဘာမှမကွာတော့ဘူး'
လင်းချန် အံ့အားသင့်သွားသည်။
"ဒါပေမဲ့ အများကြီးပဲလေ... ငါ့ကို တစ်တုံးလောက် ပေးပါကွာ"
ရှဲ့ရွှင်းက သူ့ကို ထပ်ပြီး တား၏။
"မရဘူး " ဟူသော စကားကို သပ်သပ်ရပ်ရပ် ပြောလိုက်သည်။
လင်းချန် ရှဲ့ရွှင်း၏ အတွေးကို အနည်းငယ် နားလည်ပြီးနောက်တွင် သူ သူ့ကိုကြေကွဲဝမ်းနည်းစွာဖြင့် ကြည့်လိုက်သည်။
ရှဲ့ရွှင်းက မျက်လွှာချထားသော်လည်း သူ့အမူအရာမှာ မပြောင်းလဲပေ။
"အသားမစားရဘူး"
'ကောင်းပြီ၊ဒါက စကားအလွန်အကျွံပြောတဲ့အတွက် ပြစ်ဒဏ်ပဲ'
လင်းချန် ရိုရိုကျိုးကျိုးတောင်းပန်လိုက်၏။
"ငါ့မှာ အကျင့်စာရိတ္တမရှိတာ အမှန်ပါပဲ...မင်းမိန်းမက ချက်ထားတဲ့ ဟင်းကို စားပြီး သူ့ကို စော်ကားတဲ့စကား ပြောခဲ့မိတယ်...ပေါယွမ်က စိတ်ထဲစွဲနေမှာ မဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ်ကွာ...မင်းမိန်းမကို ဒုက္ခပေးဖို့ငါမရည်ရွယ်ပါဘူး"
ရှဲ့ရွှင်း ထမင်းအလုတ်အနည်းငယ်စားခဲ့ပြီး လင်းချန် နဖူးမှချွေးထွက်ခါနီးအထိ သူ၏အေးစက်သောမျက်နှာကြောင့် ကြောက်လန့်သွားကာမှ "အမ်း" ဟု သာမန်ကာလျှံကာ အသံပေးလိုက်သည်။
လင်းချန် မည်သို့ဂုဏ်ယူဝံ့ကြွားဝံံ့မည်နည်း။ သူသည် ခရမ်းသီးနှပ်ဇွန်းသေးတစ်ဇွန်းကို ပန်းကန်လုံးထဲသို့ ခပ်မြန်မြန် ကောက်ထည့်လိုက်သည်။
နှပ်ထားသော ခရမ်းသီးသည် အနီရောင်တောက်တောက် အရောင်ရှိပြီး ထူပြီး အရည်ရွှမ်းသော အရသာရှိသည်။ ခရမ်းသီးကို အတုံးကြီးကြီးလှီးပြီး ကြော်ထားသည်။ အရေခွံက တစ်ချက်ကြည့်လိုက်လျှင် အသားကဲ့သို့ ရွှေရောင်ဖျော့ဖျော့ဖြစ်လာသည်။
လင်းချန့် ရင်းနှီးသော ချိုချဉ်ငံအရသာကို ရနံ့ရပြီး ထိုနေ့က ငါးအရသာ ဝက်သားကို ရုတ်တရက် တွေးလိုက်မိသည်။ ချက်ချင်းဆိုသလို သူ့အစာစားချင်စိတ်ကို ပွင့်ထွက်လာစေ၏။ ခရမ်းသီးတစ်ဖတ်ကို ပါးစပ်ထဲထည့်လိုက်သည်။
ခရမ်းသီး၏ အတွင်းပိုင်းသည် ပျော့ပျောင်းပြီး ပူနေသည်။ အရေခွံက အနည်းငယ်ပဲ ဝါးရ၏။ ကြော်ထားသော အရေခွံက ချိုချဉ်ငန်ဆော့စ်ကို အပြည့်အဝစုပ်ယူပြီး အနည်းငယ်ပျော့သွားသည်အထိ စိမ့်ဝင်ထားသည်။ ချိုချဉ်အရသာက သူ့ပါးစပ်ထဲမှာ ပေါက်ကွဲသွား၏။ အနည်းငယ်ငန်ပြီး ထမင်းနှင့်စား၍ သင့်တော်လေသည်။
ထမင်းတစ်လုတ်ကြီးကို ပါးစပ်ထဲသို့ အမြန်သွတ်လိုက်သည်။ ဆော့စ်က ကြွယ်ဝပြီး မွှေးရနံ့သင်းသင်းလေးနှင့် ချက်ထားသည်ကအနေတော်ဖြစ်၏။ ခရမ်းသီးကို အချပ်ထူထူဖြစ်အောင် လှီးဖြတ်ပြီး ၎င်း၏ နူးညံ့သောအရသာကို ထိန်းသိမ်းထားသည်။
သူဝါးရင်း ခေါင်းတညိတ်ညိတ်ဖြင့်ဆိုလိုက်၏။ "ဒီခရမ်းသီးက အသားထက် အရသာ သိပ်မဆိုးပါဘူး"
သူ့ထမင်းထဲကို အနီရောင်ဆော့စ် လောင်းထည့်ပြီး ရောမွှေလိုက်သည်။ ပျစ်ပြီးငန်သည့်ဆော့စ်က အဖြူရောင် ကြည်လင်ပြတ်သားသ့ည်ဆန်ကို ထုပ်ပိုးထား၏။ သူ့ပါးစပ်တစ်ခုလုံး မွှေးရနံ့များ ပြည့်နှက်နေပြီး နှုတ်ခမ်းနှင့် ပါးပြင်များဆီသို့တိုင်ပင်။ အငန်က အနေတော်ဖြစ်ပြီး ချိုချဉ်အရသာလည်းရှိကာ အနည်းငယ်စပ်သည်။ဤဆော့စ်လေးထဲမှာ ထမင်းလေးထည့်စားရုံနှင့် စား၍ကောင်းနေပြီဖြစ်သည်။
လင်းချန် ထမင်းစားပြီးနောက် အလုပ်ကိစ္စကိုအမှတ်ရသွား၏။
"ဒါနဲ့ ပေါယွမ်...မင်းမိန်းမရဲ့ စားသောက်ဆိုင် ဘယ်တော့ဖွင့်မှာလဲ... ဘယ်မှာလဲ"
လင်းချန် အခုလေးတင် ပြောသည့်စကားကိုကြားပြီးနောက် သူတို့ပတ်ဝန်းကျင်မှလူများက နားစွင့်နေကြသည်။ ၎င်းနောက် သူတို့က "ကို့ယ်ကိုသူကြည့်၊သူ့ကိုကိုယ်ကြည့်" ဂိမ်းကို ကစားကြ၏။
ရှဲ့ရွှင်းကဆိုသည်။
"ငါမသိဘူး...ဒါက ငါ့မိန်းမရဲ့ မိသားစုစီးပွားရေးပဲ..အသေးစိတ်ကို ငါဘယ်လိုလုပ်သိနိုင်မလဲ"
လင်းချန် သူ့နှုတ်ခမ်းကို စူလိုက်ပြီး သူတို့နားက ခိုးနားထောင်နေကြသည့် လုပ်ဖော်ကိုင်ဖက်တွေက စိတ်ပျက်လက်ပျက် နားရွက်များအောက်စိုက်လိုက်ကြ၏။
ရှဲ့ရွှင်းက အရသာရှိသော အစားအစာကို အလျင်စလိုမစားဘဲ လေးတွဲ့တွဲ့လေသံဖြင့်ဆိုလေသည်။
"ငါက ငါ့မိန်းမအတွက် ဟင်းလျာတွေ ဒီအတိုင်းမြည့်ကြည့်ပေးရုံတင်"
'...ဒါပဲလား'
တစ်ခန်းလုံးမွေးကြိုင်နေသည့် ဟင်းပွဲများ၏ သွားရေကျဖွယ်ရနံ့ကို ရှူရှိုက်ရင်း ရှဲ့ရွှင်းရှေ့ရှိ လျှံပယ်ပြီးအရသာရှိသည့် ဟင်းလျာတွေကို ကြည့်ပြီး အားလုံးက စိတ်ထဲမှာ တညီတညွတ်တည်း ရယ်မောလိုက်ကြသည်။
နေ့ခင်းဘက် ထမင်းစားခန်းမှာ အလုပ်လုပ်သည့် နန်းတွင်းအပျိုတော်တစ်ယောက်က တူတွေဆေးနေရင်း အံ့သြသွား၏။
"ဟမ်"
၎င်းနောက် သူမဘေးနားက သူငယ်ချင်းငယ်လေးကို တိုးတိုးလေးပြောလိုက်သည်။
"အရာရှိကြီးတွေရဲ့ သွားတွေက အရမ်းကောင်းတာပဲ...ဒီဝါးတူတွေကို ကြည့်စမ်း... သွားရာတွေ အမှတ်ကျန်အောင် ကိုက်ထားတယ်တော်"(🤣)
Xxxxx