အပိုင်း ၅၂
Viewers 18k

Chapter 52


ရှဲ့ကျောက် ထိုစကားကိုကြားသောအခါ သူ့လက်ကိုဆေးရန် ပြေးသွားကာ ရှဲ့ယောင်ကို မဝင်မဆုတ် မီးဖိုချောင်တံခါးဘေးတွင် ရပ်နေလျက်သား ထားခဲ့လိုက်သည်။

"အားယောင်လည်း သွားလိုက်"

ကျန်းရှုယောင်က ပြောလိုက်သည်။

ရှဲ့ယောင် ချက်ချင်းမထွက်သွားဘဲ ရှုရှီကို အရင်ကြည့်၏။

"သွား"
ရှုရှီက  ခေါင်းညိတ်သည်။

ထို့နောက် ရှဲ့ယောင် ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။

သူတို့ပြန်လာသောအခါ ကျန်းရှုယောင်က မုန့်စိမ်းကို သပ်သပ်ရပ်ရပ်လုပ်ပြီးသွားသည်။ လိမ့်တံကိုသူမ၏လက်ထဲတွင် ပန်းပွင့်များကဲ့သို့ကိုင်ကာ လှိမ့်နေ၏။ မုန့်စိမ်းကို ဖိ၍လှည့်ကာ ပါးလွှာသော စက်ဝိုင်းအဖြစ်သို့ လှိမ့်ကာ သူမ၏လက်အောက်မှ တစ်ခုပြီးတစ်ခု ပျံထွက်သွားသည်။

ကျန်းရှုယောင် ဖက်ထုပ်ရွက်လုပ်ပြီးနောက် ကျန်သည်က ဖက်ထုပ်တွေကို ထုပ်ရန်ပါပင်။

သူမက အစေခံကို ခွေးခြေလေးခုယူခိုင်းပြီး ဖက်ထုပ်လုပ်ရန် မီးဖိုချောင်တွင် လူများစွာ ထိုင်နေခဲ့သည်။

ကျန်းရှုယောင် သူမလက်ဖဝါးထဲမှာ ဖက်ထုပ်ရွက်ကို ဖြန့်ပြီး အသားအဆာတစ်ဖဲ့ကို ကောက်ယူကာ အလယ်မှာ ထားလိုက်။။ ထို့နောက် လက်ချောင်းများကို ရေတွင်နှစ်ပြီး ဖက်ထုပ်ရွက်၏အနားစွန်းတွင် စက်ဝိုင်းပုံဆွဲ၍ လက်ချောင်းများကို ညှပ်ပြီးပိတ်လိုက်ကာ ဖက်ထုပ်ဝဝကြီး လုပ်ပြီးသွားသည်။

ရှုရှီက  သူမ၏ လှုပ်ရှားမှုများအတိုင်း တစ်ခုထုပ်လိုက်သည်။ သူမ၏လက်များက သံချေးတက်(တင်းတောင့်)နေပြီး သူမလုပ်ထားသော ဖက်ထုပ်များသည် ရှဲ့ကျောက် လုပ်ထားသည့်ပုံစံနှင့် ဆင်တူသည်။

သူမ အနည်းငယ်ရှက်သွားသော်လည်း ကျန်းရှု​ယောင်က သူမကို မရယ်မှာ သေချာသည်။ သူမက စိတ်ရှည်ရှည်နှင့်ဖြည်းဖြည်းချင်း သင်ပေး၏။

ရှဲ့ကျောက် သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖက်ထုပ်လုပ်ခဲ့သည်။ ဤသည်က ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိလိုက်သလိုပါပင်၊ သူ ဘန်းမုန့်လို ဖက်ထုပ်ကြီးလုပ်ရန်ဆန္ဒရှိနေသည်။

ရှဲ့ယောင်က ကျန်းရှုယောင်၏ဘေးတွင် ငြိမ်သက်စွာထိုင်နေပြီး သူမ၏လှုပ်ရှားမှုကို မျက်တောင်မခတ်ဘဲ ဂရုတစိုက်လေ့လာနေသည်။ သူ၏ လေ့လာမှုရလဒ်များကို အတော်လေးမြင်ရပြီး သူလုပ်ထားသော ဖက်ထုပ်များသည် အချိန်အနည်းငယ်ကြာပြီးနောက် ပုံမှန်ဖြစ်၍ လျောက်ပတ်လာသည်။

ရှုရှီ အစပိုင်းတွင် အနည်းငယ် အဆင်မပြေသေးပေ။ နောက်ပိုင်းတွင် ရှဲ့ကျောက် နှင့် ကျန်းရှုယောင် တို့၏ ပျော်ရွှင်စွာ စကားပြောသံကို ကြားလိုက်ရပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြေလျော့လာပြီး သူမလက်ထဲတွင်ရှိသော ဖက်ထုပ်များသည် ပိုပို၍ လှပလာသည်။ နောက်ပိုင်းတွင် သူမသည် မညှစ်ဘဲ ကြည့်ကောင်းသော ဖက်ထုပ်များကို ပြုလုပ်နိုင်ခဲ့သည်။

ရှဲ့ကျောက်လည်း ဖက်ထုပ်များများလုပ်ချင်ပေမဲ့ ကျန်းရှုယောင်က သူ့ကို အရှိန်သတ်လိုက်၏။

"မင်းကိုယ်တိုင်လုပ်ထားတဲ့ဟာတွေကို စားရမယ်"

ရှဲ့ကျောက် သူ့ဖက်ထုပ်များကိုကြည့်ကာ ကျန်းရှုယောင်ကိုကြည့်ပြီး လက်လျှော့လိုက်သည်။

ရှဲ့ကျောက်က ဖက်ထုပ်ခေါက်သည်မှာ နှေးကွေး၏။ သူက အဆာများကို အချိန်အတော်ကြာအောင် ဂရုတစိုက် ကောက်ထည့်လိုက်သည်။ ဒါက များလွန်းသည်၊ဒါက နည်းလွန်းသည်စသဖြင့် လေးနက်သောမျက်နှာဖြင့် ဂရုတစိုက်တိုင်းထား၏။

ကျန်းရှုယောင်။ စကားကိုကြားသောအခါ သူစားရမည့် ဖက်ထုပ်များက များလွန်းနေမည်ကို စိုးရိမ်သဖြင့် သူ့ဖက်ထုပ်ပမာဏကို ရေတွက်လိုက်သည်။

သူရေတွက်ပြီးသည်နှင့် အရေအတွက်များလွန်းသည်ဟု ဆုံးဖြတ်ပြီးနောက် သူ၏တောက်ပသောမျက်လုံးများက ပြုံးနေသည်။

ရှဲ့ကျောက်က ဖက်ထုပ်များကိုဒုက္ခမပေးနိုင်တော့သဖြင့် ကျန်းရှုယောင်ကို သွားပူဆာခဲ့သည်။ ကလေးတစ်ယောက်လို ချွဲပြီး ပြဿနာရှာရန် သူ့လက်ကိုဆန့်တန်းထားသည်။ နောက်ဆုံးတွင် ကျန်းရှုယောင် သူ့ကို သူ့မျက်နှာပေါ်မှာ ဂျုံမှုန့်များကို သုတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုဖြင့် အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။

ဖက်ထုပ်လုပ်ပြီးသောအခါတွင် ထမင်းချက်သည် အရှုပ်အထွေးများကို ရှင်းရန် အလျင်အမြန်ရောက်လာသည်။

ဖက်ထုပ် အချဉ်ရည်မှာ အရသာအမျိုးမျိုးရှိ၏။ တချို့လူတွေက ရှလကာရည်နှင့် စားရသည်ကိုကြိုက်၏။ တချို့လူတွေက ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူထောင်း သို့မဟုတ် ဂျင်းရည်ကို ထည့်ရသည်အားကြိုက်သည်။ တချို့လူတွေက အစပ်ဆီ တစ်ဇွန်းထည့်ရသည်ကိုပင် ကြိုက်ကြ၏။

သူမ အရသာအမျိုးမျိုးအချည်ရည်များစွာကို ပြုလုပ်ခဲ့ပြီး ဖက်ထုပ်များ အိုးထဲမှ ထွက်သောအခါတွင် အစေခံက အားလုံးကို စားပွဲပေါ်တင်လိုက်ကာ နေ့လည်စာ စားချိန်က ကွက်တိရောက်လာသည်။

ထွက်လာသော ဖက်ထုပ်များသည် ဖြူပြီး အဆီများကာ ပါးလွှာသော အခွံများနှင့် ထူထဲသော အဆာများပါရှိသည်။ ပန်းကန်လုံးတစ်ခုစီတွင် ဖက်ထုပ်ခြောက်ခု သို့မဟုတ် ခုနစ်ခုရှိသည်။ ဖက်ထုပ်အခွံတွေက ချောပြီး အငွေ့တထောင်းထောင့်ထနေကာ ငန်သည့်ရနံ့ရှိ၏။

ကျန်းရှုယောင်က နွေကြက်သွန်ကို ပါးပါးလှီးကာ ဖြူးပြီး အစေခံများကို ဟင်းရည် ချခိုင်းလိုက်သည်။ လူတစ်ဦးစီတွင် ပန်းကန်တစ်လုံးစီရှိသည်။

"စားကြရအောင်"

ကျန်းရှုယောင်ကပြောလိုက်၏။

"ဘယ်ဟင်းခတ်အရသာက ကိုယ့်အကြိုက်နဲ့ လိုက်ဖက်လဲဆိုတာကို ကြည့်ပြီး ကိုယ့်ပန်းကန်ထဲကို ကိုယ်တိုင်ခပ်ထည့်လိုက်"

ရှုရှီ အစပိုင်းတွင် အနည်းငယ် အဆင်မပြေဖြစ်ပြီး သူမ၏တူများကို ရွှေ့ရန် ရှက်ရွံ့ခဲ့သော်လည်း သူမ၏သားနှစ်ယောက် ချက်ချင်း စတင်လှုပ်ရှားလာသည်ကို မြင်သောအခါတွင် အဆင်မပြေမှု ပျောက်သွားသည်။

သူမ ဖက်ထုပ်ကို ကောက်ယူလိုက်သည်။ ဖက်ထုပ်၏ အပေါ်လွှာသည် ချောပြီး တူချောင်းများထဲမှ ချော်ထွက်လုနီးပါး ဖြစ်နေသည်။ ကံကောင်းထောက်မစွာ ဖက်ထုပ်က အဆာများသောကြောင့် ကိုင်ရလွယ်ကူသည်။

ယခုလို ဖက်ထုပ်အကြီးကြီးကို သူမ မစားဖူးပေ။ ယခု သူမ သူမ၏ တူချောင်းများကြားမှ အဖြူရောင် ဖက်ထုပ်များကို ကြည့်လိုက်သည်။ သူမရှေ့ရှိ ဟင်းခတ်အမွှေးအကြိုင်များမှ ကြက်သွန်ဖြူရနံ့ကို ရှူရှိုက်ရင်း ရုတ်တရက် ဗိုက်ဆာလာသည်။

ဟင်းခတ်အမွှေးအကြိုင် ပန်းကန်လုံးတစ်လုံးကိုယူ၍ ဖက်ထုပ်များကို အညိုဖျော့ဖျော့ရောင်ဆော့စ်ဖြင့် လိမ်းကျံကာ အရောင်စွန်းပေလာသည်အထိ နှမ်းဆီတွင်စိမ်ခဲ့၏။

ရှုရှီ  ဖက်ထုပ်များကို ကောက်ယူကာ မှုတ်ရန် ပါးစပ်ကို အနည်းငယ်ဖွင့်လိုက်သည်။ ထိုသို့မဟုတ်လျှင် ဖက်ထုပ်ဝိုင်းကြီးတွေက သူမ၏ ပါးစပ်ထောင့်တွေကို အပူလောင်သွားလိမ့်မည်။

အပူဒဏ်ကို မှုတ်ထုတ်ပြီးနောက် ဖက်ထုပ်ကို ကိုက်လိုက်သည်နှင့် ပါးစပ်ထဲတွင် အပူများ ပျောက်ကွယ်သွားကာ ဝက်သားရနံ့နှင့် ဂေါ်ဖီရနံ့များ ပြည့်နှက်နေသည်။

နုပ်နုပ်စဥ်းထားသော အသားက ထူထဲပြီး နူးညံ့ကာ ဝါးရသော အသွင်အပြင်ရှိသည်။ အနည်းငယ် ဝါးပြီးနောက် ပူနွေး မွှေးကြိုင်သော အရည်က သူမ၏ ပါးစပ်ထဲသို့ စီးဝင်လာသည်။ ၎င်းသည် ဂေါ်ဖီအချိုရည် သို့မဟုတ် အဆီအနှစ်လား မသိပါချေ။

ငံပြာရည်က ဆားငန်သည်၊ ပဲငံပြာရည်က ချိုမြိန်သည်၊ ကြက်သွန်ဖြူက စပ်သော်လည်း လျှာမယား၊ နှမ်းဆီက ပေါ့ပါးသော အရသာရှိပြီး အသားအဆာ၏ အူမားမီအရသာကို ပိုမိုကောင်းမွန်စေသည်။

ဖက်ထုပ်များကို မျိုချပြီးနောက် သူမ၏ ပါးစပ်ထဲတွင် စိုစွတ်သွားပြီး အနံ့အရသာမှာ အချိန်အတော်ကြာအောင်စွဲကျန်ခဲ့ကာ သူမ၏ လျှာဖျားမှာ အနည်းငယ် ထုံသွားခဲ့သည်။

သူမ ကျန်းရှုယောင်က ၎င်းကိုပြုလုပ်သည်ကိုကြည့်ပြီး ဖက်ထုပ်ထုပ်ခြင်းတွင်ပါဝင်ခဲ့ခြင်းကြောင့် ရှုရှီ ဖက်ထုပ်များသည် အလွန်အရသာရှိသည်ဟု ခံစားခဲ့ရသည်။ အပူကို ထပ်မှုတ်စရာမလိုဘဲ ကျန်ဖက်ထုပ်တစ်ဝက်ကို သူမဗိုက်ထဲကို မျိုချရန် မစောင့်နိုင်တော့ပါချေ။

ရှဲ့ယောင်ကလည်း ရှုရှီထက်ပိုသာမနေပေ။ သူ့စားချင်စိတ်က သေးသေးလေးဖြစ်ပြီး ကျန်းရှုယောင် ထုပ်ထားသည့် အဖြူရောင် ဖက်ထုပ်ကြီးတွေက သူ့အတွက် တကယ်ကြီး၏။

သူသည် ဖက်ထုပ်များကို တင်းတင်းကျပ်ကျပ်ညှပ်ကိုင်ကာ ရှာလကာရည်အနည်းငယ်တွင် နှစ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။သူက ဖက်ထုပ်၏မူရင်းအရသာကို ပိုနှစ်သက်သည်။

ဖက်ထုပ်၏အသားသည် အလွန်ချောသည်၊ နူးညံ့သည်၊ ဝါးရသော်လည်း စားရသည်မှာ အရသာရှိသည်။

မှုတ်နေခြင်း ခဏရပ်လိုက်၏။ ဖက်ထုပ်ကိုဖွင့်ကိုက်လိုက်သောအခါ အပူ တဟုန်ထိုးထွက်လာသည်။

ဖက်ထုပ်များသည် အစိုဓာတ်အပြည့်ရှိပြီး အရသာရှိပြီး နူးညံ့သည်။ အသားအဆာက ထူပေမဲ့ အဆီနှင့်အသားမျှမျှတတကို နုပ်နုပ်စဥ်းထားသောကြောင့် အလွန်နူးညံ့ကိုချောမွေ့၏။



ရှာလကာရည်အချဥ်ရည်က ဖက်ထုပ်များ၏ အရသာကို မြှင့်တင်ပေးသည်။ အခြားသေ အချဥ်ရည်ပစ္စည်းများ၏ ရှုပ်ထွေးသော အရသာများနှင့် နှိုင်းယှဉ်ပါက ဖက်ထုပ်များတွင် ရှာလကာရည်ရနံ့ အနည်းငယ်သာရှိသည်။နူးညံ့သော အဆာများကို မျိုချပြီးနောက် သူ့တစ်ကိုယ်လုံး ရေနွေးနွေးဖြင့် စိမ်ထားသလိုခံစားရသည်။

ဖက်ထုပ်ကြီးတစ်ခုစားပြီးနောက် သူ့မျက်နှာပေါ်တွင် အောင်ပွဲခံသော အပြုံးတစ်ခုကို ပြသလိုက်သည်။

ချူချာသော ကလေးတစ်ယောက်လို လုံးဝမဟုတ်ပဲ နောက်ထပ် ဖက်ထုပ်ကြီးတစ်ခုကို ညှပ်ယူရန် သူ တွန့်ဆုတ်မနေပါချေ။

ရှဲ့ကျောက်လည်း စိတ်လှုပ်ရှားစွာစားခဲ့ပြီး ဖက်ထုပ်ကြီးကို သူ၏ပါးဖောင်းဖောင်းကြီးထဲ့သို့ တစ်လုတ်ထဲထည့်လိုက်ကာ ပျော်ရွှင်စွာ ဝါးလိုက်လေသည်။

သူက ဖက်ထုပ်များကိုသေချာမဝါးဘဲ မျိုချလိုက်ပြီး နူးညံ့သော ဖက်ထုပ်များက သူ့လည်ချောင်းတစ်လျှောက် ချော်ကျကာ ပျော်ရွှင်မှုကို ခံစားရစေသည်။

ဖက်ထုပ်များကို မျိုချပြီးနောက် ကျေနပ်စေမည့် နွေကြက်သွန်နှင့် လန်းဆန်းစေမည့် နောက်ထပ်ဟင်းရည်တစ်မျိုးကိုစားသောက်ခဲ့သည်။

ရှုရှီ ကလေးနှစ်ယောက်နှင့် အတူတူ စားပွဲတွင် ထိုင်စားသည်ကတော်ရုံရှိခဲသည်။ ထိုကဲ့သို့စားနေသည့် ကလေးတွေကို ကြည့်ပြီး စားချင်စိတ်က အတော်လေး တိုးတက်လာ၏။ သူမ ချောမွေ့ပြီး နူးညံ့သော ဖက်ထုပ်များကို ဝါးရင်း သူတို့စားသောက်နေသည်ကို ကြည့်နေခဲ့သည်။

ရှဲ့ယောင် ဆဋ္ဌမမြောက်တစ်ခုစားသည်ကိုတွေ့လိုက်ရသောအခါတွင် သူမ၏မျက်လုံးများ အံ့သြမှုးကြောင့် ဝိုင်းစက်သွားကာ ကျန်းရှုယောင်ကိုကြည့်လိုက်သည်။

ကျန်းရှုယောင်က မအံ့သြဘဲ ရှုရှီကို  သံသယဖြင့် ကြည့်ရင်းဆို၏။

"တစ်ခုခုမှားနေလို့လား"

ရှုရှီ သူမကို ပြုံးပြလိုက်သည်။ နောက်ကြောင်းပြန်ကြည့်လိုက်သည့်အခါ ကျန်းရှုယောင်စကားများ၏ အဓိပ္ပါယ်ကို သူမနားလည်သွားသည်။

အစားအသောက်၏ အရသာအပြင် အနှီခံစားမှုလည်းပါကြောင်း သူမသိလိုက်ရ၏။

ယ​နေ့ပထမဆုံးအကြိမ်​ပါဝင်​ခဲ့​ခြင်းကြောင့် ရှုရှီ အဘယ့်ကြောင့်ရှဲ့ယောင်က ကျန်းရှုယောင်ကို အလွန်​နှစ်​သက်​သည်​ကို ​နောက်​ဆုံးတွင် နားလည်​သွားသည်​။ ယခုလိုနွေးထွေးပြီး အေးချမ်းသည့်လူမျိုးကို ဘယ်သူက မကြိုက်ဘဲနေနိုင်မည်နည်း။


ရှုရှီတို့ဘက်မှ ပြန်လာပြီးနောက် ကျန်းရှုယောင် ငြီးငွေ့လာပြီး သူမ ခြံဝင်း၏ကျောမှီနေရာသို့ ပြန်သွားခဲ့သည်။

ရက်ပိုင်းအတွင်း စားသောက်ဆိုင်ဖွင့်တော့မည်ဟု ဆိုထားသည့် စာတစ်စောင်ရေးပြီးနေသည့် လင်းရှီဆီကို သူစဉ်းစားနိုင်သည့် ဟင်းချက်နည်းအားလုံးကို ပေးပို့ခဲ့၏။ ဤခေတ်က မော်ဒန်ခေတ်မဟုတ်သည်က စိတ်မကောင်းစရာပါပင်။ ကျန်းရှုယောင် ခမ်းနားသော ဖွင့်ပွဲကို မြင်ရရန်ဟူသော သူမ၏ သူဌေးကြီး အိပ်မက်ကို ခံစားချင်သော်လည်း လက်တွေ့ အကောင်အထည် ဖော်ရန် ခက်ခဲလွန်းလှသည်။

သူမက စာအုပ်ဖတ်ခြင်းနှင့် လက်ရေးလှရေးခြင်းကို မကြိုက်ပါဘဲ သူမ၏ တစ်ခုတည်းသော ဝါသနာမှာ ချက်ပြုတ်ခြင်း ဖြစ်သည်။ သူမသည် လှုပ်ကုလားထိုင်ပေါ်တွင် ခဏအနားယူပြီးနောက် ထကာ မီးဖိုခန်းငယ်ဆီသို့ သွားခဲ့သည်။

မွန်းတည့်အချိန်၌ အပူအငန် တစ်ခုခုကို စားခဲ့ပြီး ယခုအခါ အအေးနှင့် အချိုကို တောင့်တနေသည်။

မကြာသေးမီက မီးဖိုချောင်ရှေ့တွင် အထူးကောင်းမွန်သောကျောက်တုံးကြိတ်ဆုံကို စိတ်မချရသော ငံပြာရည်အိုးသေးသေးလေးတစ်လုံးနှင့်အတူ နံရံနှင့်ကပ်လျက် ရွှေ့ထားခဲ့သည်။ တင့်တယ်ပြီး လူသူကင်းမဲ့သော ဝါးစိမ်းခြံသည် တခဏချင်းတွင် အလွန်ပင်အချေကျသွား၏။ မသိလျှင် လယ်ကွင်းဟု ထင်ကြပေလိမ့်မည်။


ကျန်းရှုယောင်က ဆန်အနည်းငယ်ယူလိုက်ပြီး သူမအစေခံများသည် ပတ်ဝန်းကျင်တွင် မတ်တပ်ရပ်ကြည့်နေရန် မဝံ့မရဲဖြစ်နေကြသည်။ သူတို့က သူမကို ကူညီရန် ရှေ့တိုးလာခဲ့သည်။

ရှဲ့ရွှင်း ပြန်ရောက်သောအခါ အစေခံများက ကျောက်ကြိတ်ဆုံကို တွန်းနေပြီး ကျန်းရှုယောင်က ဆန်ကို အမူအရာမဲ့စွာဖြင့် ကျောက်ကြိတ်ဆုံထဲသို့ ပစ်ချလိုက်သည်ကို တွေ့လိုက်ရ၏။

သူလျှောက်သွားသည်နှင့် အိမ်ဖော်များက သူ့ကို နှုတ်ဆက်ကြသည်။ နေ့ခင်းအိပ်မက်မက်နေသည့်(စိတ်ကူးယဥ်) ကျန်းရှုယောင်က လန့်ပြီး သူ့ကို စိုက်ကြည့်နေ၏။

ရှဲ့ရွှင်းက နှာခေါင်းကို ကိုးရိုးကားယားထိလိုက်ပြီးမေးသည်။
"ဘာလုပ်နေတာလဲ"

"ကြိတ်နေတာ"



ယင်းက သိသာထင်ရှားသည့်ကိစ္စတစ်ခုဖြစ်၏။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ကာ ခေါင်းညိတ်ပြလိုက်ပြီး သူ့အမူအရာက ဝါးပင်ကဲ့သို့ ဖြောင့်ဖြောင့်ကြီးရှိနေရင်း... ဆန်ကြိတ်နေသည့် အစေခံများကိုကြည့်နေသည်။

ကျန်းရှုယောင် ပန်းခြံထဲတွင် သူများတွေ စစ်တုရင်ကစားသည်ကို ကြည့်ရခြင်းကို နှစ်သက်သော ဦးလေးများ၏ပုံစံကို မြင်လိုက်ရသည်။

ဤမျက်နှာအေးစက်ပြီး မာနကြီးသော တတိယသခင်ကို မကြောက်သောအစေခံဟူ၍ မြို့စားရှဲ့အိမ်တော်တွင် မရှိပေ။ အစေခံများ ခြေထောက်များပျော့ခွေကုန်ပြီး နဖူးပေါ်မှာ ချွေးစေးများဖြင့် မြေကြီးကို စိုက်ကြည့်နေကြသည်။

များများတွန်းလေလေ ကြောက်ရွံ့လေလေဖြစ်သည်။ သူတို့၏လက်တွေ အားနည်းလာသည်အထိ တုန်ခါသွားသည့်အခါ ရှဲ့ရွှင်းက ရုတ်တရက်ကြီး ဆိုလေ၏။

"မတွန်းနိုင်တော့ဘူးလား"

ထိုစကားကြားသောအခါ အစေခံမလေးခမျာ ထိတ်လန့်ပြီး ငိုလုမတတ်။ အပြစ်ကိုဝန်ခံရန် ဒူးထောက်မချမိခင်မှာ ရှဲ့ရွှင်းက သူ၏တည်ကြည် အေးစက်သည့်အသံဖြင့်ပြောသည်ကို ကြားလိုက်ရသည်။

"ဒါဆို ငါလုပ်မယ်"

ထို့နောက် သူ၏ဝတ်ရုံလက်ကို လှန်တင်ပြီး အစေခံများ၏အလုပ် လုယူလေတော့၏။

ထို့ကြောင့် ဝါးစိမ်းခြံဝင်းအတွင်း၌ ဤသို့သော မြင်ကွင်းတစ်ခု ပေါ်လာသည်- မြို့စားရှဲ့အိမ်တော်၏ တတိယသခင်ရှဲ့ရွှင်းသည် အေးစက်သောမျက်နှာဖြင့် ကျောက်ကြိတ်ဆုံ တွန်းနေပြီး တတိယသခင်မက သစ်သားတုံးမျက်နှာဖြင့် ဆန်ကို ပက်နေသည်။

ပိုင်ကျီ အဝေးကနေ ကြည့်ပြီး ဘယ်လိုခံစားရမလဲ မသိတော့ပါချေ။

ဤမြို့တော်ကြီးတွင် စပ်စုတတ်သော မျိုးရိုးမြင့် များစွာမရှိသော်လည်း ၎င်းတို့နှစ်ဦးသည် ထူးထူးခြားခြား လိုက်ဖက်နေသည်။

ဆန်ကိုကြိတ်ပြီးနောက် ကျန်းရှုယောင်က ဆန်မှုန့်ကို ကြွေအိုးထဲသို့ထည့်လိုက်ကာ ရှဲ့ရွှင်းက သူမနောက်မှလိုက်ကာ မီးဖိုချောင်ငယ်လေးထဲသို့ လိုက်သွားခဲ့သည်။

ကောင်းကင်ကြီးက ပိုပူလာ၏။ ကျန်းရှုယောင် မီးဖိုချောင်ရှိ ပြတင်းပေါက်များအားလုံးကို အရိပ်ပြတင်းပေါက်များဖြင့် အစားထိုးခဲ့သည်။ နေ့ဘက်တွင် ပြတင်းပေါက်များကို ကျယ်ကျယ်ဖွင့်ထားပြီး ပြတင်းပေါက်အပြင်ဘက်တွင် စိမ်းစိုနေသော စပျစ်နွယ်ပင်တစ်ပင်ရှိနေသဖြင့် ဟင်းချက်သည့်အခါတွင် လူများ ပူခြင်းနှင့် ယားယံခြင်းတို့ ခံစားရမည်မဟုတ်ပေ။

သူမ အိုးကို မီးအပူရှိန်လျှော့၍ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်တို့ကို ရေနှင့်ရောကာ အညီအမျှ ရောမွှေလိုက်၏။ အိုးထဲရှိ ရေနွေးနွေးကို ဇွန်းကြီးကြီးဖြင့် မွှေရင်း ရောစပ်ထားသောမုန့်ရည်ပစ်ကို ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။

အအေးကိတ်များကျိုသည့်အခါ ရပ်၍မရမပါချေ။ ကိတ်ကို အိုးထဲမှာမကပ်အောင် မွှေနေရပါမည်။ အိုးထဲရှိ အဖြူရောင်အရည်များ တဖြည်းဖြည်း မာလာသောအခါ အပူကို ပိတ်နိုင်သည်။

ပန်းကန်လုံးတစ်လုံးထဲသို့ ဆန်ဖြူအနှစ်ကို လောင်းထည့်ပြီး အအေးခံထားရ၏။ ထို့နောက် သကြားအညိုကို မီးနည်းနည်းဖြင့် ကျိုရသည်။ သကြားညိုကို ကျိုပြီး အအေးခံပြီးနောက် အအေးခံထားသော ကိတ်မုန့်ကလည်း လုံးဝခဲသွားပြီဖြစ်သည်။

ကျန်းရှုယောင် အအေးကိတ်ကို ဇလုံသေးသေးလေးထဲသို့ လှန်ချလိုက်ပြီး အအေးကိတ်ပေါ်တွင် သကြားညိုအရည် ဇွန်းအနည်းငယ်ကို စမ်းကာ နှမ်းဖြူစေ့များဖြူးလိုက်လျှင် သကြားညိုအအေး ကိတ် အဆင်သင့်ဖြစ်လေပြီ။

သကြားညိုအအေးကိတ်က နွေရာသီနှင့်လိုက်ဖက်၏။ ကိတ်၏အရောင်သည် အဖြူရောင် ကျောက်စိမ်းကဲ့သို့ ချောမွေ့တောက်ပသည်။ သကြားအညိုက အနည်းငယ်ညိုသောကြောင့် အအေးကိတ်ကို ပို၍ဖြူစေသည်။

ကျန်းရှုယောင် နှင့် ရှဲ့ရွှင်းတို့ ပန်းကန်လုံးတစ်လုံးစီ ယူကြသည်။ အရသာခံရန် ခြံဝင်းထဲက သစ်ပင်ကြီးအောက်မှာ ထိုင်ခဲ့ကြ၏။

အအေးကိတ် လုံးဝအေးသွားပြီးနောက် အတွင်းပိုင်းကလည်း နူးညံ့အေးမြစေသည်။ အရသာက ဂျယ်လီလို အနည်းငယ် ပျော့ပျောင်းပြီး ချောမွေ့သော်လည်း အနည်းငယ် ပိုမာကျောပြီး ဖယောင်းကဲ့သို့ဖြစ်သည်။

ပျော့ပြောင်းသော်လည်း သွားများကို စေးကပ်ခြင်းမရှိပါချေ။ သကြားညိုအရည်က မီးကျွမ်းအရသာခါးသက်မှုအနည်းငယ်နှင့်အတူ ချိုမြိန်သည်၊ —နူးညံ့သော အအေးကိတ်သည် ပျော့ပျောင်းမှု၊ ချိုမြမှုနှင့် အေးမြသောခံစားမှုများဖြင့် ပါးစပ်အတွင်းသို့ ရွေ့လျားသွားသည်။

ရှဲ့ရွှင်းက သူမကို ပန်းကန်တစ်ဝက်ပဲစားနေသည်ကိုကြည့်ပြီးမေးလိုက်၏။
"အများကြီးလုပ်ပြီး ပန်းကန်တစ်ဝက်ပဲစားမှာလား"

"ပန်းကန်တစ်ဝက်ဆိုဝပြီ"
ကျန်းရှုယောင်က တစ်ခုခုကို သတိရပြီး ပိုင်ကျီကို ခေါ်၍ပြောလိုက်သည်။

"ပထမအိမ်တော်ခွဲကို ပန်းကန်တချို့ ယူသွား"

ပိုင်ကျီက တုံ့ပြန်ပြီး သူမကို စာတစ်စောင်ပေးလာသည်။

"သခင်မ...ဒါကကောသခင်မလေးရဲ့စာ"

ကျန်းရှုယောင်က စာကိုယူကာ စာကိုဖွင့်၍ ဖြည်းညှင်းစွာဖတ်လိုက်သည်။

စာ၏အစမှာ သဘာဝအတိုင်း ယဉ်ကျေးစွာ နှုတ်ဆက်ခြင်း ဖြစ်သည်။ကျန်းရှုယောင်က အရည်အချင်းရှိသူမဟုတ်ကြောင်း ကောချင်ရှု က နားလည်ထားပုံရသောကြောင့် စကားအနည်းငယ်ပြောပြီးနောက် အဓိကအကြောင်းအရာသို့ အမြန်သွားခဲ့သည်—လင်းမိသားစုစားသောက်ဆိုင်က ဘယ်အချိန်မှာ ဖွင့်မှာလဲ... တည်နေရာကို ရွေးချယ်ပြီးပြီလား...

ရှဲ့ရွှင်း ကောချင်ရှု၏နာမည်ကိုကြားသောအခါ စိတ်မသက်မသာခံစားခဲ့ရသည်။ ပန်းကန်လုံးထဲက အအေးကိတ်၏နောက်ဆုံးဇွန်းကို အပြီးသတ်ပြီး ဇွန်းကိုချကာမေးလိုက်၏။

"သူက မင်းနဲ့ စာတွေတကယ် ဖလှယ်တာလား"

"အင်း"
ကျန်းရှုယောင်က စာကိုဖတ်နေပြီး သူနှင့် စကားပြောရန် အချိန်မရှိပေ။

"သူက ဘာပြောထားတာလဲ"

"အတင်းအဖျင်းလေးပါ"

"အတင်းအဖျင်း...ဘာအတင်းအဖျင်းလဲ"

ကောချင်ရှုက သူ့ကို အရင်တစ်ခေါက်က ပစ်မှတ်ထားပုံကို စဉ်းစားရင်း ချက်ချင်း သတိများနိုးကြားလာသည်။



Xxxxx