အပိုင်း ၅၆
Viewers 18k

Chapter 56
နဂါးလှေပြိုင်ပွဲ


ကျန်းရှုယောင် သူ့အတွက် ရွေးခဲ့သည်က ကြက်ဥအနှစ်အသား ဖက်ထုပ်ဖြစ်၏။ဖြူဖွေးမွတ်ညက်သော ကောက်ညှင်းပျော့ပျော့ကို ကိုက်ဖြတ်လိုက်သောအခါတွင် အဆာများ ပေါ်လာသည်။ ကြက်ဥအနှစ်က လိမ္မော်နီရောင်ဖြစ်သည်။ ကောက်ညှင်းဖြူဖြူထဲတွင် စိမ့်ဝင်နေသော ဆီမွှေးအနီ အကြည်အလွှာတစ်ခု ရှိနေပုံရသည်။ နူးညံ့သော ဝက်ဗိုက်သားကို ကြက်ဥအနှစ်နှင့်ပတ်လည်တွင် ညှပ်ထားပြီး လေးပင် မွှေးကြိုင်သည်။

ယေဘုယျအားဖြင့် ကောက်ညှင်း ဖက်ထုပ်အချိုကို နှစ်သက်သူများသည် ကောက်ညှင်းဖက်ထုပ်အငန်များ၏ ချိုချိုငန်ငန်အရသာကို မခံနိုင်ကြသော်လည်း ရှဲ့ရွှင်းက ကြီးကြီးမားမား တုံ့ပြန်မှု မရှိပါချေ။ အရသာရှိသည့်အစားစာကို စားနေသမျှ အရသာကောင်းသည့်အရာဘာမဆို သူစားနိုင်ပါ၏။

ဖက်ထုပ်များကို ပြုတ်ပြီးနောက် ဝက်သားမှ ဆီနှင့် အဆီများက ကောက်ညှင်းဆန်ထဲသို့ စိမ်ဝင့်သွားသည်။ ကောက်ညှင်း၏ အပြင်ဘက်အလွှာသည် ရနံ့ကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ အသားနှင့်ကောက်ညှင်း၏ရနံ့ကို ရောစပ်ထားသောကြောင့် အဆီများသော်လည်း မအီစိမ့်ဘဲ လတ်ဆတ်သည်။

ကြက်ဥအနှစ်သည် အရသာရှိပြီး နူးညံ့ကာ အငန်ရနံ့ရှိသည်။ ဝါးရွက်၏ရနံ့သင်းသင်းနှင့်အတူ အဆီများသောအရသာကို လွှမ်းမိုးစေပြီး အအီဓာတ်ခြင်းကို ဖယ်ရှားပေးရုံသာမက ကောက်ညှင်း၏အရသာကို တိုးမြင့်ပေးကာ လန်းဆန်းစေသည်။

ဇုံဇီတစ်ခု ကိုစားပြီးနောက်  ရှဲ့ရွှင်း သူ၏ ကျက်သရေရှိပြီး သီးသန့်ဆန်မှု စွန့်လွှတ်ကာ သူ၏တူများနောက်သို့ လိုက်၍ ဇုံဇီကို  လက်နှင့်စားတော့၏။

ကျန်းရှုယောင်က ရှဲ့ကျောက်နှင့်ရှဲ့ယောင်ကို ဖြည်းညှင်းစွာ ဝါးပြီး မျိုချရန်ပြောခဲ့ပြီး သူတို့အနေဖြင့် တစ်ခုသာ စားနိုင်သည်။ထို့ကြောင့် သူတို့ ဂရုတစိုက်နှင့် အလွန်တရာ ဝန်လေးစွာ စားသောက်ခဲ့၏။

ရှဲ့ရွှင်းက မတူပေ။ သူ စားချင်သလောက် စားလို့ရလေသည်။

သူက ပဲအနှစ်ဖက်ထုပ်ကို ကိုက်လိုက်၏။ ပဲအနှစ်က ချိုမြိန်ပြီး နူးညံ့သိမ်မွေ့သော ပဲနီလေး၏ အနံ့မွှေးမွှေးလေး ရှိပြီး စားပြီးပါက ခံတွင်းထဲမှာပြည့်လျှံသွားမည်ဖြစ်သည်။

ထို့နောက် သူ တရုတ်ဇီးသီးသကြားလုံး ဖက်ထုပ်များကို စားခဲ့သည်။ အပြင်ဘက်အလွှာရှိ ကောက်ညှင်းသည် အမွှေးရနံ့ပါးပါးသာရှိပြီး အတွင်းဘက်ရှိ သကြားလုံးများကို ကိုက်မိသည်အထိ နည်းပါးသည်။ သကြားလုံးများက အလွန်နူးညံ့ပြီး အရည်ရွှမ်းသည်။ အရေပြားက ပေါ့ပါးသော အထိအတွေ့ဖြင့်ပင် ကွဲကြေသွားနိုင်ပြီး၊ ထို့နောက် အသီးသကြားလုံး၏မွှေးရနံ့များက ပါးစပ်အတွင်း ပေါက်ကွဲထွက်ကာ ယခင်အရသာကို တစ်ရှိန်ထိုးအစားထိုးလိုက်သည်။

အညိုရောင်အရွက်တွေက အတော်လေး ရှည်လျားပြီး သူ့အဝတ်အစားပေါ်ကျမှာကို ကြောက်သည့်အတွက် ရှဲ့ရွှင်း ဖက်ထုပ်တွေကို တစ်လုံးပြီးတစ်လုံးစားရန် သူ့လည်ပင်းကို ဆန့်တန်းခဲ့ရပြီး လုံးဝမရပ်တန့်နိုင်ခဲ့ပေ။

"ကောင်းပြီ...အစားကို အလွန်အကျွံစားပြီးဖြုန်းတီးမပစ်နဲ့"

ကျန်းရှုယောင်တစ်ယောက် ကောင်ငယ်လေးတွေကို ဂရုစိုက်နေရရုံတင်မက အကြီးတွေကိုပါ ဂရုစိုက်နေရ၏။

ရှဲ့ရွှင်းက လိမ်လိမ်မာမာ ရပ်လိုက်သည်။ ဇုံဇီကို ချလိုက်ချိန်တွင်  သစ်ရွက်တွေက သူ့ပါးပြင်ပေါ်မှာ ပြန့်ကျဲနေသည်။ ယားယံပြီး လက်ချောင်းများဖြင့် ပွတ်သပ်ချင်သော်လည်း သူ့လက်များက စေးကပ်နေသဖြင့် လေထဲတွင် ခေတ္တရပ်တန့်သွားသည်။

သူ့မျက်နှာကို အင်္ကျီလက်များဖြင့် ပွတ်တိုက်တော့မည်ဖြစ်သော်လည်း ရုတ်တရက် နူးညံ့သော အထိအတွေ့တစ်ခု သူ့မျက်နှာဆီသို့ ရောက်လာသည်။


ကျန်းရှုယောင်က သူ့မျက်နှာကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်ပြီးဆို၏။

"အသက်က ဘယ်လောက်ရှိပြီလဲ...ဘယ်လိုလုပ် အားကျောက်နဲ့အတူတူဖြစ်နေရတာတုန်း...အခု ပြောင်သွားပြီ"

ရှဲ့ရွှင်း တောင့်တင်းပြီး မလှုပ်ဝံ့။သူမ သူ့မျက်နှာကို သုတ်ပေးနေခြင်းအားခွင်ပြုထားပြီး "မဟုတ်ဘူး...အဲဒါ မတော်တဆဖြစ်သွားတာ" ဟု အားမပါစွာ ပြောလိုက်သည်။

ကျန်းရှုယောင် သူမ၏ လက်ကိုင်ပုဝါကို ပြန်ယူကာ ဇုံဇီနောက်ထပ်ယူရန် မီးဖိုဘက်သို့ လှည့်လိုက်သည်။

ရှဲ့ရွှင်းက ထိုနေရာတွင် ထုံထိုင်းစွာ ရပ်နေ၏။ စောစောက သူမပွတ်သည့်နေရာက ပူပြီး ထုံနေသဖြင့် မည်သို့တုံ့ပြန်ရမည်ကိုလမ်းပျောက်သွားသလို ခံစားလိုက်ရသည်။

ဖြူဖွေးသော ကျောက်စိမ်းပါးပြင်ပေါ်သို့ အနီသွေးတစ်လွှာက ဖြည်းညှင်းစွာ တက်လာသည်။ အရောင်သည် တဖြည်းဖြည်း ထူလာကာ နောက်ဆုံးတွင် သူ့ခေါင်းက သွေးထွက်တော့မည့်အတိုင်းဖြစ်သွား၏။

ရှဲ့ကျောက် ထိတ်လန့်လွန်း၍ စေးကပ်နေသော လက်များကို ဂရုမစိုက်နိုင်တော့ပေ။ ဦးလေးဖြစ်သူ၏ အဝတ်ထောင့်ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်ပြီး ကြောက်လန့်တကြား မေးမိသည်။

"တတိယဦးလေး ဘာဖြစ်နေတာလဲ...မျက်နှာ မီးလောင်သွားတာလား"

..............


မြို့စားရှဲ့အိမ်တော်မှ လူတိုင်း နဂါးလှေပွဲတော် အတွင်း မြစ်ကမ်းသို့ ရောက်ရှိသောအခါ လူအုပ်ကြီးသည် လမ်းပေါ်တွင် အလွှာသုံးလွှာ စုပြုံနေပြီး ကမ်းပေါ်ရှိ မြေများမှာ နေရာအပြည့်ယူထားကြသည်။

ကျန်းရှုယောင် စားသောက်ဆိုင်သို့ ရှုရှီ၏ ရထားလုံးဖြင့် လိုက်ပါသွားခဲ့သည်။ စားသောက်ဆိုင်ထဲကို ခြေလှမ်းအနည်းငယ်လှမ်းပြီး တစ်စုံတစ်ယောက်ကြောင့် ရပ်တန့်သွား၏။ သူမ မော့ကြည့်လိုက်သောအခါ ရှဲ့ရွှင်းဖြစ်နေသည်။

ရှဲ့ရွှင်းက ယနေ့ ပြိုင်ပွဲမှာ ပါဝင်မှာဖြစ်သဖြင့် ပြင်ဆင်ရန် စောစောလာခဲ့သည်။ သူက ကျန်းရှုယောင်နှင့် တခြားသူများဖြင့် မသွားခဲ့ပေ။

ယခုလိုအချိန်တွင် ပြိုင်ပွဲ၏တာထွက်နှင့် အနည်းငယ်ဝေးသော စားသောက်ဆိုင်တွင် သူကရုတ်တရက်ပေါ်လာသည်။ ကျန်းရှုယောင် အရေးကြီးတာတစ်ခုရှိနေသည်ထင်ပြီးမေးလိုက်၏။

"ဘာကိစ္စရှိလို့လဲ"

ရှဲ့ရွှင်းက ခါတိုင်းနှင့်မတူ။ သူ ယနေ့ အလွန်လန်းဆန်းနေသည်။ သူ့အဝတ်အစားတွေက အရောင်စုံကာ တောက်ပနေပြီး သူ့မျက်နှာက အဖြူရောင် ကျောက်စိမ်းလိုပါပင်။ သူ့မှာ အားမာန်နှင့် တက်ကြွမှုအပြည့်ရှိနေသည်။ သူ၏ပုံမန် အေးစက်သော ခပ်တန်းတန်း မျက်နှာကိုပင် အားမာန်များဖြင့် အရောင်ခြယ်ထားသည်။ သူသည် ကဗျာနှင့် စာအုပ်များကို နှစ်သက်သူအစား သိုင်းပညာကို နှစ်သက်သော လူငယ်တစ်ယောက်နှင့်တူသည်။

"ငါ မကြာခင် ပြိုင်ပွဲမှာ ဝင်ပြိုင်မယ်"

ကျန်းရှုယောင် သူဘာပြောမည်ဆိုသည်ကို စောင့်မျှော်ရင်း ခေါင်းညိတ်လိုက်၏။

ရှဲ့ရွှင်း ဤမျှမထိသွားမည်ကို မည်သူသိပါမည်နည်း။ သူက ယခုလိုဆိုလာသည်။

"ငါ့ဝတ်စုံရဲ့ အရောင်ကို မှတ်ထား"

အချိန်ပြည့်သွားပြီ။ထိုစာကြောင်းကို ပြောပြီး နောက်လှည့်ပြီး လူအုပ်ကြားထဲ ပျောက်ကွယ်သွား၏။

"ဟင်..."

ကျန်းရှုယောင် စိတ်ရှုပ်ထွေးသွားပြီး အမြန်တားလိုက်ပေမဲ့ ရှဲ့ရွှင်းက ငါးတစ်ကောင် ရေထဲကျသွားသလို မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့သည်။သူ၏တောက်ပပြီးလင်းလက်နေသော အသွင်သဏ္ဍာန်က လူအုပ်ကြားတွင် ပို၍ပို၍ ဝေးကွာသွားသည်ကိုသာ သူမမြင်လိုက်ရသည်။

ကျန်းရှုယောင် မတတ်နိုင်စွာ ရေရွတ်လိုက်မိ၏။
"ဒီစကား ပြောဖို့ လာတာလား"

ရှုရှီက၏ပုံရိပ်က ဒုတိယထပ် လှေကားမှ ပဲ့တင်ထပ်လာသည်။

"တတိယယောက်မ ဘာဖြစ်လို့လဲ"
သူမ ဒုတိယထပ်သို့ သွားပြီး လှည့်ပတ်ကြည့်လိုက်သောအခါ ကျန်းရှုယောင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

"အဆင်ပြေပါတယ်"

ကျန်းရှုယောင် သူမ၏ စကတ်ထောင့်ကို မရင်း သူမကို အမြန်အမီလိုက်လိုက်သည်။

သူမ အပေါ်ထပ်သို့ တက်လာသည်နှင့် ထောင့်စွန်းမှ တစ်စုံတစ်ယောက်က သူမကို "ရှဲ့သခင်မ" ဟုခေါ်လာသည်။

သူမ နောက်ပြန်ကြည့်လိုက်သောအခါ ကောချင်ရှုက အံ့သြတကြီး သူမကိုကြည့်နေသည်ကို တွေ့လိုက်ရ၏။

"မင်းလည်း ဒီမှာဘဲ"

သူမက လမ်းလျှောက်လာကာ ရှုရှီကို  ကြင်နာမှုပြရန် နှုတ်ဆက်လိုက်ပြီး ကျန်းရှုယောင် ၏လက်ကောက်ဝတ်ကို လှမ်းဆွဲကာဆိုသည်။

"တိုက်ဆိုင်လိုက်တာ"

သူမမှာ သူမကို ပြောစရာတွေ အများကြီးရှိပုံရသည်။

၎င်းကိုမြင်သောအခါ ရှုရှီကဆိုလိုက်၏။
"မင်းတို့နှစ်ယောက် စကားစမြည်ပြောကြ... ငါအရင်ဝင်နှင့်မယ်"

သူမထွက်သွားပြီးနောက် ကောချင်ရှုက မစောင့်နိုင်ဘဲဆိုသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က လင်းမိသားစုရဲ့ စားသောက်ဆိုင်ဖွင့်တယ်...ကျွန်မလူတွေကို စစ်ဆေးခိုင်းလိုက်တာ... စားသောက်ဆိုင်က လူတွေနဲ့ ပြည့်ကျပ်နေတယ်...လုပ်ငန်းကအောင်မြင်နေတာပဲနော်... ဟိုးအဝေးကနေ မွှေးရနံ့ကို အနံ့ခံလို့ရတယ်"

ကျန်းရှုယောင်က ပြုံးပြီး
"ရှင့်ရဲ့လူတွေကို ဝယ်ခိုင်းခဲ့တာလား"

ကောချင်ရှုက ပွင့်ပွင့်လင်းလင်းဆိုလာသည်။
"တို့က အစားကြူးတာမို့ တစ်စုံတစ်ယောက်ကို စားစရာဝယ်ပေးဖို့ တမင်တကာ တောင်းဆိုလိုက်တာ"

သူမရဲ့ လေသံက တည်ငြိမ်လွန်းနေပေမဲ့ မကျေမနပ်မှုတစ်စွန်းတစ်စရှိနေ၏။

"ဒါပေမဲ့ စားသောက်ဆိုင်က ဟမ်ဘာဂါ မရောင်းဘူး"

ကျန်းရှုယောင် ရှင်းပြလိုက်သည်။

"ဟမ်ဘာဂါတွေက မသင့်တော်ဘူးလို့ ထင်ခဲ့တာ...ဒါကြောင့် အဲဒါကို ပြောင်းပြီး ရောင်းလိုက်ပေမဲ့ ဟမ်ဘာဂါတွေကိုတော့ အနာဂတ်မှာ အမြဲရောင်းနေမှာပါ...သေချာတာက အဲဒါကို အမေက ဘယ်လိုစီစဉ်ထားလဲဆိုတဲ့အပေါ်မှာ မူတည်နေပါသေးတယ်...ကျွန်မက စီးပွားရေးကို နားမလည်ဘူးလေ "

ကောချင်ရှုက စိတ်မကောင်းမှုရော စိတ်လှုပ်ရှားမှုနှင့်ပါသက်ပြင်းချကာပြောလေ၏။

"မင်း မြို့တော်မှာ ဘယ်အချိန် ဆိုင်ဖွင့်နိုင်မလဲ မသိဘူး...တို့အရင်တစ်ခေါက် ဝယ်ခဲ့တဲ့ ရိုကျားမော့က အိမ်ကို ပြန်ယူသွားတဲ့အခါ လုံးဝအေးသွားတယ်"

ကောချင်ရှုက တခြားကမ္ဘာကကဲ့သို့မျက်နှာနှင့် ဘာမှကောင်းကောင်း စားရသေးသလိုညည်းညူနေသည်ကိုမြင်သည့်အခါ ကျန်းရှုယောင် မရယ်ဘဲ မနေနိုင်ပေ။

"ဒီနေ့ ကျွန်မ ဇုံဇီလာယူခဲ့တယ်...ရှင်စားချင်လား"

ကျန်းရှုယောင် ပြောခဲ့သော ဤ " ဇုံဇီ " ကို သူမ မသိသော်လည်း ကောချင်ရှု မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

ကျန်းရှုယောင် သူမလက်ကို ဆန့်လိုက်ပြီး ပိုင်ကျီက ချက်ချင်းပဲ အစားအသောက်ပုံးကို ပေးလိုက်၏။

ယနေ့ သူတို့တစ်နေကုန် အပြင်ထွက်ကြမှာဖြစ်သဖြင့် ကျန်းရှုယောင် ကောင်းညှင်းဖက်ထုပ်အနည်းငယ်ယူလာပြီး စားသောက်ဆိုင်ဝန်ထမ်းတွေကို ပြန်အပူပေးခိုင်းရန် စဉ်းစားထားသည်။ ဇုံဇီမပါဘဲ နဂါးလှေပွဲတော် နေ့လည်စာသည် မပြည့်စုံပါချေ။

ဖြစ်ချင်သည့်အခါ ကောချင်ရှု၏အစေခံက ကိတ်မုန့်တစ်ဘူးကို သယ်လာသောကြောင့် ကျန်းရှုယောင် ဇုံဇီ   အနည်းငယ်ကို ထိုထဲသို့ တိုက်ရိုက်ထည့်လိုက်၏။

"ဒီတစ်ခုကက အငန်အရသာရှိပြီး ဒီတစ်ခုကအချို...ပြုတ်ပြီးရင် တိုက်ရိုက်စားလို့ရတယ်"

ကောချင်ရှုက သူမကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ကျန်းရှုယောင်ကို အခန်းထဲသို့ ဖိတ်ခေါ်ရန် သတိရလိုက်သည်။ အပြင်မှာ မတ်တပ်ရပ်နေခြင်းက သူတို့အတွက် မသင့်တော်ပါချေ။

ကောချင်ရှုက လှပပြီး အစားအသောက်ကို နှစ်သက်သည်။ ကျန်းရှုယောင် သူမနှင့် စကားစမြည်ပြောခြင်းကို နှစ်သက်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သို့သော် အဝေးမှ ပြင်းထန်သော ဒရမ်တီးသံ ထွက်ပေါ်လာသည်။

ကျန်းရှုယောင် လန့်သွားပြီး သူမမျက်နှာမှာ သံသယတို့နှင့်ဖြစ်သွား၏။ ကောချင်ရှုက သူမအား "နဂါးလှေပြိုင်ပွဲ စတင်တော့မယ်" ဟု ရှင်းပြခဲ့သည်။

သူမပြောပြီးသည်နှင့် ကျန်းရှုယောင်က ကပျာကယာဆိုလိုက်၏။

"တောင်းပန်ပါတယ်... နောက်မှ ရှင့်ဆီလာခဲ့မယ်... ပြိုင်ပွဲကို သွားကြည့်ရမှာမလို့"
သူမက ထိုသို့ပြောပြီး အမြန်ထွက်သွားခဲ့သည်။

နေရာတွင်ရပ်နေသော ကောချင်ရှုက သက်ပြင်းတစ်ချက်ချကာ စိတ်မဝင်စားဟန်ဖြင့်ဆိုသည်။

"နဂါးလှေနဲ့ ပတ်သက်ပြီး ဘာစိတ်ဝင်စားစရာ ကောင်းလို့လဲ...ဆူညံနေတဲ့ဟာကို"

"သခင်မလေး...ရှဲ့သခင်မ ရဲ့ခင်ပွန်းက နဂါးလှေပြိုင်ပွဲမှာ ဝင်ပြိုင်နေတယ်... အဲဒါကို အမြန်သွားကြည့်ဖို့ ဖြစ်နိုင်တယ်"

ကောချင်ရှု စိတ်မကောင်းကြီးစွာ သက်ပြင်းချလိုက်သည်။
"ကောင်းပြီ...ဘာပဲဖြစ်ဖြစ်"

ကျန်းရှုယောင် အခန်းထဲကို အမြန်ပြန်လာသောအခါ ရှဲ့ဖေးက ပြတင်းပေါက်ရှေ့မှာ ရပ်နေပြီး အော်ဟစ်နေခဲ့၏။ သူမ အမြန်ပြေးသွားလိုက်ပြီး စမှတ်တွင် နဂါးလှေများ သပ်သပ်ရပ်ရပ် တန်းစီနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မြစ်ရေမျက်နှာပြင်ပေါ် လျင်မြန်စွာ လျှောကျသွားသည်။


နောက်ဆုံးအကြိမ် နာကျင်ခံစားရမှုကြောင့် လင်းချန်တစ်ယောက် နက်မှောင်သောအဝတ်အစားများကို မြင်တိုင်း ခေါင်းကိုက်နေခဲ့သည်။ထို့ကြောင့် ဤတစ်ခါ အသင်းဝတ်စုံတွေက အလွန်တောက်ပနေခဲ့၏။ အထူးသဖြင့် မြစ်၏မျက်နှာပြင်တွင် နီရဲပြီး ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ကျန်းရှုယောင် တခြားသူတွေကို အနိုင်ပိုင်းပြီး အဝေးကို ပြေးထွက်သွားသည့်ရှဲ့ရွှင်း၏ နဂါးလှေကို တန်းမှတ်မိလိုက်၏။

"တတိယအကိုနဲ့သူတို့အဖွဲ့က ထိပ်ဆုံးနေရာဖြစ်ပုံရတယ်ဟေး"

ရှဲ့ဖေးက စိတ်လှုပ်ရှားစွာပြောသည်။

"နိုင်ရင် ဆုရှိလား"
ကျန်းရှုယောင်က မေးလိုက်သည်။

"ဧကရာဇ်မင်းမြတ်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဆုချမှာ...ရံဖန်ရံခါ မိဖုရားခေါင်ကြီးနဲ့တော်ဝင်ကိုယ်လုပ်တော်တွေကလည်း ဆုလာဘ်တွေ ပေးလိမ့်မယ်"

သူမ ရွှင်လန်းစွာဖြင့် ပြောပြီးနောက် ကျန်းရှုယောင် နှင့် စကားပြောနေမှန်း သိလိုက်သည်။ သူမအသံရပ်သွားပြီး သူမခေါင်းကို ကိုးရိုးကားယားလှည့်လိုက်သည်။

ကျန်းရှုယောင်က သူမကို ဂရုမစိုက်ဘဲပြိုင်ပွဲကို စူးစူးစိုက်စိုက် ကြည့်ရှုနေခဲ့သည်။ ရှဲ့ရွှင်း၏အဖွဲ့က စင်မြင့်ပေါ်တွင် တောက်ပနေလေ၏။

လင်းချန် နဂါးလှေပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အနိုင်ရခဲ့သည်။ စင်မြင့်ပေါ်ကို တက်ချိန်တွင် သူ့​ခြေလက်များကို စိတ်လှုပ်ရှားစွာ ထိန်းချုပ်ရင်း သူ့ဘေးနားက လူတွေကို ကြည့်လိုက်၏။ ရှဲ့ရွှင်း မှလွဲ၍ လူအများစုသည် သူနှင့်ဆင်တူသည်။

ရှဲ့ရွှင်းက ခေါင်းကို လှည့်ကာ ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်နေသည်ကိုမြင်လျှင် သူသိချင်သွား၏။
"မင်း ဘာကြည့်နေတာလဲ"

ရှဲ့ရွှင်းက မဖြေဘဲ "ဟမ်" ဟုပြောလိုက်သည်။

စားသောက်ဆိုင်ပြတင်းပေါက်ရှိ ကျန်းရှုယောင် အပေါ်ကို သူ့အကြည့်များရောက်သွားခဲ့၏။ သူ့နှုတ်ခမ်းထောင့်များ ပင့်သွားပြီး သူ့ကို မြင်ပါ့မလားဟု တွေးနေမိသည်။

ဧကရာဇ်က အသက်ကြီးလာသည်နှင့်အမျှ သန်စွမ်းသောလူငယ်လေးများကိုမြင်ရသည်အား အလွန်နှစ်သက်သည်။ သူတို့ တက်လာသည်ကို မြင်ပြီး ဆုလာဘ်က တွန့်တိုနေမှာမဟုတ်ပေ။

လင်းချန် အလွန်စိတ်လှုပ်ရှားနေသော်လည်း ရှဲ့ရွှင်းကမူ သိပ်မခံစားရဘဲ လူစုလူဝေးကြားတွင် အလွန်တည်ငြိမ်နေ၏။

ကိုယ်လုပ်တော်လင်း၏ အကြည့်က သူ့အပေါ်သို့ စူးစူးစိုက်စိုက်ကြည့်ကာ "ဒီကိုယ်လုပ်တော် ဒီနေ့ တကယ်ကိုပျော်မိတယ်...ဧကရာဇ်မင်းမြတ်က မောင်မင်းတို့ကို ဆုချပြီးပေမဲ့ ဒီကိုယ်လုပ်တော်က ဆုချချင်တယ်... ဧကရာဇ်မင်းမြတ်က မောင်မင်းတို့ကို ဆုချတယ်...ဒီကိုယ်လုပ်တော်က မောင်မင်းရဲ့ မိသားစုဝင်တွေကို ဆုချမယ်“

သူမက လက်ယက်ခေါ်လိုက်ပြီး မိန်းမစိုးတစ်ဦး ဆုလာဘ်ကို ပေးအပ်ရန် ရှေ့သို့ ပြေးလာ၏။

တော်ဝင်ကိုယ်လုပ်တော်၏ဆုလာဘ်သည် အလွန်တန်ဖိုးကြီးမည်မဟုတ်ပါချေ ပျော်ရွှင်မှုမှာ ပါဝင်ရန် သက်သက်ပါပင်။ ရှဲ့ရွှင်း ဆုငွေကိုယူကာ အားလုံးနှင့်အတူ ကျေးဇူးတင်ကြောင်းပြောခဲ့သည်။

စင်မြင့်ပေါ်မှဆင်းပြီးနောက် လူတိုင်း ဆုလာဘ်များကိုကြည့်ရှုရန် မစောင့်နိုင်တော့ပေ။ လူတိုင်း၏ဆုကြေးများသည် ကွဲပြားသော်လည်း ရှဲ့ရွှင်း၏ဝေစုသည် အထူးသဖြင့် မျက်စိကျစရာဖြစ်သည်။

ခမ်းနားစွာ ဖန်တီးထားသော ကြာပန်းနှစ်ထပ်ဆံထိုးသည် လက်ဝတ်ရတနာသေတ္တာထဲတွင် တောက်ပစွာ ထွန်းလင်းတောက်ပနေသည်။ ရှဲ့ရွှင်းက ကိုယ်လုပ်တော်လင်း၏တူမနှင့် လက်ထပ်ခဲ့သည်ကို လူတိုင်းမှတ်မိကြသောကြောင့် ဆံထိုးပေါ်ရှိ ကြာပန်းနှစ်ထပ်ကို တွေ့သောအခါတွင် အားလုံးက ထူးဆန်းသော အာမေဋိတ်သံများ ထွက်မိကြသည်။

ရှဲ့ရွှင်း သေတ္တာကို အမူအရာမဲ့စွာ ဖုံးအုပ်လိုက်ပြီး သူ့နားရွက်ခြေများမှ သွေးရောင်များ တိုးထွက်လာသည်။

မူလက သူ ကျန်းရှုယောင်အား ဆုကိုပေးချင်သော်လည်း ယခု ကြာပန်းဆံထိုးကိုမြင်သောအခါ သူမည်သို့ပေးရမည်နည်း။

ရှဲ့ရွှင်းက တုံ့ပြန်မှုမရှိသည်ကို လူတိုင်းမြင်ပြီး ပျင်းစရာကောင်းသည်ဟုတွေးကုန်ကြသည်။အားလုံးက လူစုခွဲလိုက်ကြပြီး သူ့ဘေးမှာလင်းချန်သာ ကျန်ခဲ့သည်။

သူက ချောင်းဟန့်ပြီးမထင်မှတ်ပဲ ထည့်​ပြောသယောင်ဆောင်လိုက်၏။

"မင်းတို့မိသားစု ဒီနေ့ ဒီကို ရောက်နေတာဆိုတော့ သခင်မကြီးဆီ သွားလည်လို့ရတယ်"

အရင်တစ်ခေါက် သူ လင်းမိသားစု၏ စားသောက်ဆိုင်သို့ သွားပြီး ပျော်ခဲ့သော်လည်း လုပ်ဖော်ကိုင်ဖက်များစွာနှင့် ရှဲ့ရွှင်းတို့ဖြင့် တိုးသွားခဲ့သည်။ ဘယ်လောက်ပဲ အရေထူနေပါစေ ပြန်မသွားနိုင်သည့်အတွက် သူထိုနေရာကို တစ်ခေါက်ပဲ သွားခဲ့ပြီး နောက်တစ်ခေါက် ထပ်မသွားတော့ပေ။

ယခု ကျန်းရှုယောင်က အနီးတွင်ရှိသည်။ ဦးစွာ သူ့အနေဖြင့် ဤမရီးနှင့် နီးစပ်ရန် လိုအပ်ပြီး မြို့တော်တွင် ဆိုင်ဖွင့်ရန် ရည်မှန်းထားသလား သို့မဟုတ် ပေါင်းသင်းဆက်ဆံရေးကောင်းရန် ကြံရွယ်ထားခြင်း ရှိ၊ မရှိ မေးမြန်းရမည်။ထိုမှသာ နောက်တစ်ကြိမ်တွင်သူ မြို့စားရှဲ့အိမ်တော်သို့ သွားပြီး ထမင်းစားနိုင်မှာဖြစ်သည်။ ဒုတိယအနေဖြင့် ကျန်းရှီက အစာစားခြင်းကို နှစ်သက်သူဟု သူထင်သည်။ ယနေ့တွင် သူမက လူအများစုကဲ့သို့ မုန့်နှင့် အဆာပြေဝယ်ရန် လမ်းများ မသွားသင့်ပေ။ သူမမှာ စားစရာအသစ်တစ်ခု ရှိကောင်းရှိနိုင်သည်။

ဤအတိုင်း စဉ်းစားကြည့်သောအခါတွင် သူ နဂါးလှေကို အသည်းအသန် လှော်ခတ်ခဲ့ပြီး စွမ်းအင်များစွာ ကုန်သွားသည်ဟု ခံစားလိုက်ရသည်။ ယခု သူ့ဗိုက်က ဟောင်းလောင်းဖြစ်ကာ ဆာလောင်နေ၏။

ရှဲ့ရွှင်းက သိပ်မစဉ်းစားဘဲ လင်းချန်ကို ရှဲ့မိသားစုထိုင်သည့် စားသောက်ဆိုင်ကို ခေါ်သွားခဲ့သည်။

ကောချင်ရှုကိုအချို့ပေးပြီးနောက်  ကျန်းရှုယောင်ဆီမှာဇုံဇီ အများအပြားမကျန်တော့ပေ။ ထို့ကြောင့်သူမ လူများကိုပြန်အပူပေးပြီးနေ့လယ်စာစားရန်စားသောက်ဆိုင်၏မီးဖိုချောင်ကိုငှားခိုင်းလိုက်သည်။


Xxxxx