Chapter 57
ကျောက်ကပ်မွှေကြော် နှင့် ကြက်သည်းကြက်မြစ်တုတ်ထိုးကင်
စားပွဲထိုးထွက်သွားသည်နှင့် တပြိုင်နက် ရှဲ့ရွှင်း ပြန်လာပြီး လင်းချန်က သူနှင့်အတူ လိုက်လာခဲ့သည်။
ဝင်လာပြီးနောက် သူက စားပွဲကို တည့်တည့်စိုက်ကြည့်ရင်း သခင်မကြီးကို တလေးတစား အရိုအသေပေးသည်။
သူက လူအိုများကို ပျော်ရွှင်အောင် ပြုလုပ်လေ့ရှိသောကြောင့် သခင်မကြီးက သူ့ကို တွေ့ရသည်ကို ဝမ်းသာနေသည်။
လင်းချန် သခင်မကြီး၏ စကားကို ပြန်ဖြေရင်း စားပွဲပေါ်ရှိ ပန်းကန်ပြားများကို တစ်ချပ်ချင်း စိစစ်သည်။ ဒါ မဟုတ်ဘူး၊ဒါလည်းမဟုတ်ဘူး... ထို့နောက် သူ့အကြည့်တွေက ကောက်ညှင်းဖက်ထုပ်တွေပေါ်မှာကျသွား၏။
ဒါက အသစ်ဖြစ်ပုံရတယ်...
ရှဲ့ရွှင်း၏မျက်လုံးများက အမြင်စူးရှပြီး လင်းချန် ၏ စိတ်မပါလက်မပါဝတ်ကြေတမ်းကျေ အသွင်အပြင်ကို လျင်မြန်စွာသတိပြုမိပြီး ဇုံဇီ ကိုကြည့်နေသော သူ့မျက်လုံးများနောက်သို့ လိုက်သွားခဲ့သည်။
ဝိုး...
လင်းချန်က သူ့အမေကို အတော်လေး စိတ်ပူနေသဖြင့် အမြန်ထမင်းစားရန်အစား သူနှင့်အတူ ဤသို့လိုက်လာကဲ့သည်ဟုသူထင်ထားခဲ့သည်။
သူက လျှောက်လာပြီး ကျန်းရှုယောင်ကိုမေးလိုက်၏။
"ဒါက ငါ့အတွက်လား"
"ဟုတ်တယ်"
ကျန်းရှုယောင်ကပြန်ဖြေသည်။
"ကျွန်မအတွက် တစ်ခုထားလိုက်... ကျန်လေးခုက ရှင်ပိုင်တယ်...အရင်က အများကြီးရှိခဲ့ပေမဲ့ ကောသခင်မလေးကို နည်းနည်း ပေးလိုက်တယ်... အဲဒါတွေပဲ ကျန်တော့တယ်"
ကျန်းရှုယောင်က ကောက်ညှင်းထည့်ဖက်ထုပ်တွေ ယူလာသည်။ မြို့စားရှဲ့အိမ်တော်မှလူများသည် စူးစမ်းချင်စိတ်နှင့် စားချင်သည့်တိုင် သူတို့ကို ယူရန် အလွန်ရှက်ရွံ့ကြသည်။ အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် ဖက်ထုပ်ငါးခုပါရှိပြီး စိတ်ဝင်စားစရာကောင်းကာချိုမြိန်မည်ပုံပေါ်၏။
ရှဲ့ရွှင်းက ခေါင်းညိတ်ပြပြီး ဇုံဇီပူပူလေးခုကို ကိုင်ကာ လင်းချန်ကို အခန်းထဲက ဆွဲထုတ်လိုက်သည်။
လင်းချန်၏ မျက်လုံးများက တောက်ပ နေပြီး အခန်းမှ ထွက်သွားသည်နှင့် ဇုံဇီ ကို စိုက်ကြည့် ကာဆို၏။
"အရသာက ဘယ်လိုလဲ... အရသာရှိလား"
ရှဲ့ရွှင်းကပြောသည်။
"မသိဘူး ငါစားကြည့်မယ်
ကောက်ညှင်း ဖက်ထုပ်ကို သေသေသပ်သပ်ဖွင့်လိုက်သည်နှင့် မွှေးကြိုင်သော အပူက ချက်ချင်းပင် ပြည့်လျှံလာသည်။
ကောက်ညှင်းကို ဦးချိုပုံဖြစ်အောင် ညှစ်ထားပြီး ရွှေရောင်နှင့် အဖြူရောင်ရှိကာ နီညိုရောင် ပဲနှစ်ကကောက်ညှင်းဆန်ထဲမှ ထွက်လာသည်။ အရွက်တွေက မွှေးပြီး ပဲအနှစ်က ပျစ်ပြီး ချို၏။ လင်းချန် စားချင်လာပြီး သွားရည်များကျနေသည်။
ရှဲ့ရွှင်းက အေးအေးဆေးဆေး ကိုက်လိုက်ပြီး နူးညံ့ပြီး စေးကပ်သော ကောက်ညှင်းက ဝါးလိုက်သည့်အခါ စေးကပ်သည့်အချိုမျှင်တန်းတို့ဖြစ်စေသည်။
"အင်း...ချိုပြီး အရသာရှိတယ်။"
တစ်ခုစားပြီးသည့်အခါ စားပွဲထိုးတစ်ယောက်က ဖက်ထုပ်ရွက်ကို ယူသွားပြီး ရှဲ့ရွှင်းက နောက်တစ်ခုကို အခွံခွာလိုက်၏။
"ဒါကအငန်... ကြက်ဥအနှစ်က ငန်ပြီး မွှေးတယ်... ဆီနီက ဆန်ထဲမှာ စိမ့်ဝင်နေတယ်... အသားက နူးညံ့ချောမွေ့တယ်... အရသာရှိတယ်"
ထို့နောက် နောက်တစ်ခု။
လင်းချန် စိတ်တွေပူနေပြီး သူ့ကို တစ်ခုပေးအောင် ရှဲ့ရွှင်းကို မည်သို့ အကြံပေးရမလဲ စဉ်းစားနေသည်။ရှဲ့ရွှင်းက ရုတ်တရက်ပြောလိုက်၏။
"ကံမကောင်းစွာပဲ စားစရာကငါ့အတွက်တောင် မလောက်ဘူး...ငါ မင်းကို ပေးနိုင်ပေမဲ့ မင်းလည်း ကြားတယ်မလား... ငါ့မိန်းမက ငါ့ကို ပေးခဲ့တာ"
လင်းချန်၏ စိတ်ထဲက မိမိကောက်ညှင်းဖက်ထုပ်ဝါးနေသည့်ပုံစံက ချက်ချင်းကွဲအက်သွားသည်။ သူ အလွန်အသည်းကွဲသွားသလို ခံစားရ၏။ ရှဲ့ရွှင်း၏ လေးနက်သောအသွင်အပြင်က သူ့ကို လုံးဝလှည့်စားခဲ့သည်။ ရှဲ့ရွှင်း ၏လက်ထဲတွင် ကောက်ညှင်းဖက်ထုပ်လေးခုရှိသော်လည်း တစ်ခုမှမရှိသော သူ့ကို တစ်ခုမှပင် မပေးဟု သူ မမျှော်လင့်ထားပေ။
ကောက်ညှင်းဖက်ထုပ်များကိုအလောတကြီးစားနေသည့်ရှဲ့ရွှင်းကို သူစိုက်ကြည့်ရင်း ရုတ်တရက် သူ့နှာခေါင်းဝမှာ အနံ့သင်းသင်းလေးတစ်ခုရလိုက်၏။သူလှည့်ကြည့်လိုက်သောအခါ ကောက်ညှင်းဖက်ထုပ်တစ်ပန်ကန်းကိုင်၍လမ်းလျှောက်လာပြီး မနီးမဝေးကတံခါးကိုခေါက်လိုက်သည့် စားပွဲထိုးတစ်ယောက်ကိုသူတွေ့လိုက်ရသည်။
"ငါ့ဖက်ထုပ်လေးတွေ"
လင်းချန် အားရပါးရတီးတိုးရေရွတ်လိုက်၏။
အခုမှသူမအဘွားဆီသွားလည်ပြီး အခန်းသို့ပြန်လာသည့်ကောချင်ရှုက သူ့နားမှဖြတ်သွားသည်။ဖြစ်ချင်သောအခါ သူမကအနှီစကားကိုကြားလိုက်ရ၏။သူမ ခပ်လှမ်းလှမ်းရှိ စားပွဲထိုး၏လက်ထဲက ကောက်ညှင်းဖက်ထုပ်များကိုကြည့်ပြီး လင်းချန်ကိုကြည့်လိုက်သည်။သူမက စကားလုံးတိုင်းကို ရွှေကဲ့သို့မြတ်နိုးတန်ဖိုးထားသူဖြစ်သော်လည်း ရုတ်တရက် သူ့ကိုပြောလိုက်၏။
"တို့ဟာ"
လင်းချန် သူ့ဘေးနားမှာ လူရပ်နေလိမ့်မည်ဟုမမျှော်လင့်ထားသဖြင့်လန့်သွားသည်။
သူက မျက်တောင်ခတ်ပြီး ကောချင်ရှုကို ကြည့်လိုက်သည်။ ကောချင်ရှု ၏မျက်လုံးများသည် အေးစက်မှုအပြည့်ရှိနေပြီး သူ့ကိုစွေကြည့်နေရင်း အေးစက်သောလေသံဖြင့်ဆို၏။
"ဒါ တို့ရဲ့ဇုံဇီ"
ထို့နောက် သူမ၏ စကပ်ကိုပင် မလှုပ်ဘဲ လှပစွာ ထွက်ခွာသွားခဲ့သည်။
လင်းချန် နားလည်ရခက်စွာ ခြိမ်းခြောက်ခံခဲ့ရသည်။
သူ မတရားခံရလွန်းသွားပြီဟေ့...
..................
နေဝင်သည်နှင့်အမျှ လူတိုင်း တဖြည်းဖြည်း ကွဲကွာသွားကာ တက်ကြွသောနေ့သည် ကုန်ဆုံးသွားခဲ့သည်။
ကျန်းရှုယောင် ၊ရှုရှီ နှင့် ရှဲ့ဖေးတို့သည် အိမ်ပြန်ရန် ရထားလုံးဖြင့် လိုက်ပါခဲ့ကြသည်။ ရထားလုံးတစ်ခုလုံးသည် မည်သူမျှ စကားမပြောဘဲ ယခင်အတိုင်း တိတ်ဆိတ်နေသည်။
ခရီးအလယ်မှာ ရထားလုံးက ရုတ်တရက် လှုပ်သွား၏။ ဘီးတွေညှပ်ပြီး မရွေ့နိုင်တော့ပေ။
ရထားပျက်သည်က မဆန်းပါချေ။ ရထားလုံးပေါ်မှ လူသုံးဦးသည် တစ်ယောက်ပြီးတစ်ယောက် ဆင်းကာ ရထားမောင်း ဘီးများကို စစ်ဆေးသည်အား စောင့်ဆိုင်းခဲ့သည်။
ရှဲ့ရွှင်းက ရထားလုံးနောက် မြင်းစီးလိုက်လာသောကြောင့် ၎င်းကို မြင်သောအခါ မြင်းပေါ်မှဆင်းကာ သူတို့နှင့်အတူ စောင့်ဆိုင်းနေလေသည်။
လက်ရှိအချိန်မှာ ရှုခင်းကလည်းအန်ကိုက်ဖြစ်နေ၏။ ကောင်းကင်ကြီးသည် မီးကဲ့သို့ နီရဲနေပြီး ရံဖန်ရံခါ ရေကန်ဘေးမှ လေညင်းများ တိုက်ခတ်ကာ လန်းဆန်းမှုကို သယ်ဆောင်လာသည်။
ကျန်းရှုယောင်က ရေကန်ဘေးတွင် ရပ်ကာ စောင့်ဆိုင်းနေသည့်အခါဝယ် သူမ၏ သွယ်လျသောရုပ်သွင်သည် လှပပြီး နူးညံ့သိမ်မွေ့သော ပန်းချီကားတစ်ချပ်ကဲ့သို့ နေဝင်ချိန်နှင့် ပေါင်းစပ်ထားသည်။
ရှဲ့ရွှင်း သူမအား ရွှေဆံထိုးကို ပေးချင်ပြီး ရှေ့ကိုလှမ်းတော့မည်ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူရှက်နေခဲ့သည်။
သူ့ဝတ်ရုံလက်ထဲရှိ ကြာပန်းနှစ်ထပ်ရွှေဆံထိုးက အလွန်ပူနေသလိုခံစားရသည်။ ကျန်းရှုယောင်က သူမခေါင်းကို လှည့်ပြီး သူ့မျက်လုံးတွေကို ကြည့်လိုက်သောအခါ သူက သူ့အကြည့်တွေကို ချက်ချင်း ရှောင်သွားသည်။
ကျန်းရှုယောင် ရှဲ့ရွှင်း၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ရှုခင်းကို ဆက်လက်ကြည့်ရှုနေခဲ့သည်။
သူမက ရှုခင်းကို ကြည့်နေချိန်တွင် တစ်စုံတစ်ယောက်ကမူ သူမကို ကြည့်နေ၏။
ရှဲ့ရွှင်း ရုန်းကန်ပြီး ရှေ့ကို လှမ်းရန် စောင့်ဆိုင်းနေစဉ် အရပ်မြင့်မြင့် ချောမောသော အမျိုးသားတစ်ဦး ရုတ်တရက် ရောက်လာပြီး သူမနာမည်ကိုခေါ်လိုက်သည်။
သူမက ခေါင်းကို လှည့်ကြည့်လိုက်ကာ သူတို့ဘာတွေပြောနေမှန်း သေချာမသိရပါဘဲ ကျန်းရှုယောင်က ရုတ်တရက် ပြုံးလိုက်သည်။
ရှဲ့ရွှင်း နေရာတွင် အေးခဲသွားပြီး သူ့လက်များသည် ရုတ်တရက် လက်သီးဆုပ်တစ်ခုအဖြစ် တင်းကြပ်သွားသည်။
ရထားလုံးနောက်မှထွက်လာသည့်ရှဲ့ဖေးတစ်ယောက် ဤမြင်ကွင်းကို မြင်လိုက်ရသည်။ကျန်းရှုယောင်၏ အတိတ်ကကျော်ကြားမှုကို တွေးတောရင်း သူမကို ထိတ်လန့်စွာ ကြည့်လိုက်ပြီးနောက် တတိယအစ်ကိုကို ကြည့်လိုက်သည်။ "တတိယအစ်ကို ဒီအတိုင်းကြည့်နေတာလား"
ရှဲ့ရွှင်း ရုတ်တရက် အာရုံပြန်ဝင်လာသော်လည်း ကျန်းရှုယောင်က ထိုလူနှင့် စကားစမြည်ပြောပြီးသွားသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးသလိုလိုပါပင်။ ရှဲ့ရွှင်းကို အလျင်အမြန် ခေါင်းညိတ်ပြပြီးနောက် ထိုလူက ထွက်သွားသည်။
ရှဲ့ရွှင်း သူထုတ်လိုက်သော ဆံထိုးသေတ္တာကို ပြန်ထားပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။
ရှဲ့ရွှင်းက အမြဲအေးစက်သောမျက်နှာရှိသောကြောင့် ကျန်းရှုယောင် ဘာကိုမှ သတိမထားမိခဲ့ပေ။
လက်ရှိ မြင်နေရသည့် မြင်ကွင်းက ဘယ်သူမဆို စိတ်မသက်မသာ ဖြစ်မည်ပင်။ ရှဲ့ရွှင်းက သူမအနားတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေပြီး ရှင်းပြချက်ကို စောင့်ဆိုင်းနေသော်လည်း ကျန်းရှုယောင်က လုံးဝသတိမထားမိဘဲ ပျော်ရွှင်နေပုံရသည်။
ခုနက ထိုလူသည် လင်းမိသားစုမှ ဦးလေးတစ်ဦးဖြစ်ပြီး လင်းရှီ နှင့် ဆက်ဆံရေးကောင်းမွန်သည်။ ကျန်းရှုယောင် မတော်တဆဖြစ်သည်ကိုမြင်၍ သူက လာနှုတ်ဆက်ပြီး သူမဘယ်လိုနေနေလဲဆိုသည်ကို လာကြည့်ခြင်းဖြစ်၏။ လင်းရှီက အခုတလော စိတ်ကောင်းဝင်နေပြီး စားသောက်ဆိုင်လုပ်ငန်းဖြင့် တစ်နေ့လုံး အလုပ်ရှုပ်နေကာ တိုးချဲ့ရန် အဆင်သင့်ဖြစ်နေပြီဟု သူကပြောခဲ့သည်။ လင်းရှီက သူမ၏လုပ်ငန်းစွမ်းရည်ကြောင့် လူတိုင်းကို ထိတ်လန့်စေသော လင်းမိသားစု၏ ဒုတိယသခင်မအဖြစ် ပြန်ရောက်သွားသကဲ့သို့ ကောင်းမွန်စွာလုပ်ဆောင်နေသည်။
ကျန်းရှုယောင်က လင်းရှီအတွက် အစိုးရိမ်ဆုံးဖြစ်သည်။ ဤစကားကြားသောအခါ သူမ အင်မတန်ပျော်သွားသည်က သဘာဝပါပင်။
သူမမျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို မြင်လိုက်ရသောအခါ ရှဲ့ရွှင်း ပို၍ပင် စိတ်မသက်မသာ ခံစားခဲ့ရသည်။ ကျန်းရှုယောင်က ပန်းများဖြင့် ဆော့ကစားမည့် မိန်းမမျိုးမဟုတ်ကြောင်း သူသေချာပေါက် ယုံကြည်ထားသော်လည်း သူမ၏အတိတ်သည် အတုအယောင်မဟုတ်ပေ။ ထိုလူသည် အတိတ်က သူမ၏ တောရိုင်းပန်းများထဲမှ တစ်ယောက်ဖြစ်မည်ကို မည်သူသိနိုင်မည်နည်း။
သူနှင့်ကျန်းရှုယောင် ကြားက ဆက်ဆံရေးက အစကတည်းက မှားယွင်းနေခဲ့သည်။ ယခုဆို လင်နှင့်မယားဆိုပါလည်း သူတို့က လင်မယားနှင့်မတူပေ။ သူငယ်ချင်းတွေဟုဆိုပါလည်း သူငယ်ချင်းတွေလို မဟုတ်ပေ။ သူခံစားရသကဲ့သို့ဆိုပါက သူတို့သည် အမည်ခံ လင်နှင့်မယား သာဖြစ်သည်။
သူ့နှလုံးသားက ခါးသီးသလို ခံစားရ၏။ သူမအိမ်တံခါးကနေ ဝင်လာသည်နှင့် သူမကို မှန်ကန်စွာ ဆက်ဆံနိုင်ခဲ့ပါက သူတို့သည် ဤကဲ့သို့ အဆုံးသတ်သွားမည်မဟုတ်ပေ။
ရထားလုံးကို ပြင်ပြီးနောက်ထိ ကျန်းရှုယောင်က သူ့ကို ဘာမှမပြောပေ။ သူမသည် သူ့ကိုဖြတ်သွားကာ ရထားဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။
ရှဲ့ရွှင်း၏နှလုံးသားသည် ပို၍ချဉ်စူးလာကာ ဆံထိုးသေတ္တာကို ထပ်မံထုတ်ယူကာ တစ်ချက်ကြည့်လိုက်သည်။ဆံထိုသေတ္တာ၏မျှောလွှင့်နေဟန်ကနုတ်များကိုမြင်လိုက်ရပြီးနောက်
သူ့စိတ်ထဲတွင် "မင်းကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးလွန်းတယ်" ဆိုသည့် စကားစုတစ်ခုဖြစ်တည်လာ၏။
အရပ်ရှည်ပြီး ရုပ်ရည်ချောမောသော အမျိုးသား၏ အသွင်အပြင်ကို တွေးလိုက်မိသည်။ အရမ်းမိုက်တယ်...သူက သူ့ထက် ပိုချောတယ်လို့ သူမ ခံစားရမှာလား...
ရှဲ့ရွှင်း၏ နှလုံးသားတွင် ထိတ်လန့်မှု အပြည့်ဖြစ်သွား၏။
သူ ဆံထိုးသေတ္တာကို သပ်သပ်ရပ်ရပ် သိမ်းလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ရုတ်တရက် သဘောပေါက်သွားသည်။ ဟုတ်သည်၊ ကျန်းရှီက စာမတတ်သည့်အတွက် သူ့စာပေစွမ်းရည်ကို မလေးစားပေ။ သခင်ရှန်းယန်၏အိမ်တော်သည် မြို့စားရှဲ့အိမ်တော်ကဲ့သို့ တန်ခိုးကြီးမားခြင်းမရှိသော်လည်း ၎င်းတို့သည် များစွာဆိုးရွားခြင်းမရှိပေ။ သူမသည် ပါးစပ်ထဲတွင် ငွေဇွန်းတစ်ချောင်းကိုက်ကာ မွေးဖွားလာသူဖြစ်ပြီး အလိုလိုက်ခံရသော မိန်းကလေးဖြစ်သောကြောင့် ရုံးတော်က သူ၏ရာထူးကို ဂရုမစိုက်ပေ။ စိတ်နေစိတ်ထားကမူ ပြောစရာမလိုအောင်ပါပင်။ သူတို့လက်မထပ်ခင်က သူမ သူ့ကို လုံးဝနားမလည်ခဲ့...ဒါဆို သူ့ရုပ်ရည်တစ်ခုထဲကြောင့်ပဲလား...
သို့ရာတွင် သူမလက်ထပ်ပြီးကတည်းက သူ့အသွင်အပြင်ကို သဘောကျသည်ဆိုသည့် အရိပ်အယောင်လေးပင် မပြခဲ့ပါချေ။ အရင်တုန်းက သူမက ယောက်ျားတစ်ယောက်ကို မဟားတရားပြုပြီး လူတွေကို ရေထဲကျသွားအောင် လုပ်နိုင်ခဲ့ပေမဲ့ သူ့ကိုမူ ဘာမှ မလုပ်ခဲ့ပေ။
ဒုတ်...
ဆံထိုးသေတ္တာက မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ရွှေဆံထိုးသည် ပြင်းထန် ပြတ်သားသော အသံနှင့်အတူ မြေကြီးကို ထိသွားသည်။
ရှဲ့ရွှင်း၏နှလုံးသား ခုန်ပေါက်ရန် အချိန်အတော်ကြာခဲ့ပေမဲ့ လက်ရှိအချိန်မှာ သူ့ခံစားချက်ကို သူနားလည်လာခဲ့၏။ စဉ်းစားရန် အချိန်မရသေးခင်မှာ သူရှာဖွေတွေ့ရှိခဲ့သည့် အဖြစ်မှန်ကြောင့် လုံး၀ နစ်မွန်းသွားခဲ့ရသည်။
*
ကျန်းရှုယောင် လင်းရှီ၏ စီးပွားရေးလုပ်ရန် စိတ်အားထက်သန်မှု အကြောင်း ဦးလေးလင်းဆီမှ နားထောင်ပြီးနောက် သူမလည်း စိတ်လှုပ်ရှားသွားသည်။ သူမချက်ချင်းစဉ်းစားနိုင်သည့် ဟင်းချက်နည်းအားလုံးကို ချက်ခြင်းထုတ်ပစ်ချင်ခဲ့သည်။ ခြံဝင်းထဲကို ပြန်ရောက်သည်နှင့် ချက်ပြုတ်ရန် မီးဖိုချောင်ထဲဝင်သွား၏။
တစ်စုံတစ်ဦးက ကျန်းရှုယောင်အား ချက်ပြုတ်ရန် ဈေးပေါသော ပါဝင်ပစ္စည်းများကို တမင်ရွေးချယ်ရန် မလိုအပ်ကြောင်း သတိပေးသော်လည်း သူမက ပါဝင်ပစ္စည်းများကို အပြည့်အ၀အသုံးပြုရန် စွဲလမ်းနေဆဲဖြစ်သည်။
ဥပမာအားဖြင့် ဝက်သားကို လူတွေက အသားကို စားလေ့ရှိပေမဲ့ တကယ်တမ်းတွင် ဝက်တွေဟာ ရတနာတွေနှင့် ပြည့်နေ၏။ သာမာန်ဝက်ခြေထောက်များအပြင် အရသာရှိသော အူမကြီး၊ ကျောက်ကပ်နှင့် အခြားဝက်ဝမ်းတွင်းသားများလည်း ရှိသေးသည်။ နည်းနည်း စွန့်စားတတ်သူဖြစ်လျှင် ဦးနှောက်ကို ကင်ပြီး နွေကြက်သွန်ပါးပါးလှီးဖြူးကာစား၍ရ၏။ယင်းက စပ်ပြီး လတ်ဆတ်ကာ နူးညံ့ အိစက်ပြီး ခံတွင်းထဲမှာ အရည်ပျော်သွားပေလိမ့်မည်။
ရှဲ့ရွှင်း စိတ်ဓာတ်ကျပြီး အိမ်သို့ပြန်လာပြီးနောက် ဝါးစိမ်းခြံဝင်းသို့ ချက်ချင်းမသွားဘဲ အပြင်ဘက် ခြံဝင်းမှာ လှည့်ပတ်သွားခဲ့သည်။
သူဘယ်လောက်ပဲစိတ်လျှော့ရန် ကြိုးစားနေပါစေ သူ့အခက်အခဲတွေကို မဖြေရှင်းနိုင်ပါချေ။ သူ့နှလုံးသားက ရှုပ်ယှက်ခတ်နေပြီး ခံစားချက်တွေ ရောထွေးနေကာ ခက်ခက်ခဲခဲ တွေးနေပေမဲ့ အဖြေရှာမရပေ။ အဆုံးတွင် သူသည် ဝါးစိမ်းခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။
ခြံထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက် မွှေးပျံ့သော ရနံ့များ အပြည့်ရှိနေ၏။
သူအနံ့ကို ပိုရလေလေ၊ သူ့နှလုံးသားက ပိုနာကျင်လေလေပါပဲ။ အတိတ်က တစ်ခါမှ မမြည်းစမ်းဖူးသည့် လှပသော နွေးထွေးမှုလေးက အလွန်တန်ဖိုးရှိပြီး ဆုံးရှုံးရမှာကို ပိုစိုးရိမ်လာစေသည်။
သူ အနံ့ခံနေရင်း မီးဖိုချောင်ထဲသို့ ထုံးစံအတိုင်း လျှောက်သွားကာ တံခါးဝရောက်မှ ရပ်သွားခဲ့သည်။
သူ့အတွေးတွေကို မရှင်းထုတ်ရသေးဘဲ ကျန်းရှုယောင်ကိုမြင်ရန် သတ္တိမရှိဟု ခံစားရ၏။
တံခါးအပြင်ဘက်မှာ ဝပ်နေသည့် လိမ္မော်ရောင်ကြောင်လေးတစ်ကောင်က သူ့ကို ရုတ်တရက် ပိတ်ဆို့လိုက်သည်။ ရှဲ့ရွှင်းကိုကြည့်ကာ "မြောင်" ဟု အော်ပြီးခြိမ်းခြောက်လေ၏။
ရှဲ့ရွှင်းက ဒူးထောက်ထိုင်လိုက်ပြီး ကြောင်ခေါင်းကို ပုတ်ကာ သက်ပြင်းချ၍ဆိုလိုက်သည်။
"မင်းလည်း သူ့ကို မတွေ့ဝံ့ဘူးလား"
"မြောင်~"
"ငါဘယ်လိုလုပ်ရပါ့မလဲ... ရှင်းရှင်းလင်းလင်းမသိရဘူး...ငါ့နှလုံးသားက ခါးသီးပြီး ရှုပ်ထွေးနေတယ်...ဒါပေမဲ့ အတက်အကျတွေကြားမှာ ငါနဲ့တကယ်ထိုက်တန်တယ်ဆိုတာ ငါနားလည်တယ်"
"မြောင်"
ရူးနေတဲ့လူသား...
လိမ္မော်ရောင်ကြောင်ကလေး ပြေးထွက်သွားသည်။
ကျန်းရှုယောင် မီးဖိုချောင်ငယ်လေးမှ ထွက်လာပြီး ရှဲ့ရွှင်း တံခါးဝတွင် ငုတ်တုပ်ထိုင်လျက်ရှိနေသည်ကိုမြင်သောအခါလန့်သွား၏။
"ရှင်ဘာလုပ်နေတာလဲ..."
ရှဲ့ရွှင်း မတ်တပ်ထရပ်ပြီး လမ်းဖယ်လိုက်သော်လည်း ကျန်းရှုယောင်က စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားသည်။
သူ သူမနောက်ကျောကို ကြည့်ရင်းဖြင့် ယောက်ျားတစ်ယောက်နှင့် ကျန်းရှုယောင် စကားပြောနေသည်ကို မြင်လိုက်ရသောအခါ ရှဲ့ဖေး၏ ထိတ်လန့်တုန်လှုပ်ဒေါသထွက်နေသည့်အကြည့်ကို ရုတ်တရက် တွေးလိုက်မိသည်။
သူ ဒေါသထွက်သင့်သလား...
Xxxx