အပိုင်း (၁၄၁)
Viewers 31k

Part 141


စုန့်ထင်ရှန်းစကားကြောင့် ယွမ်ရှ မထိန်းချုပ်နိုင်၍ ရယ်မိသွားလေသည်။


သူမ စုန့်ထင်ရှန်း၏ ရက်စက်သောပုံစံကို ယခုမှ မြင်ဖူးခြင်းဖြစ်သည်။ စုန့်ထင်ရှန်း၏ ထိုပုံစံကို မြင်ပြီးနောက် သူသည် နဂိုမူလပိုင်ရှင်နှင့် သူမအပေါ် အလွန်သည်းခံ၍ မျက်နှသာပေးသည်ကို နားလည်သွားသည်။


တကယ်တော့ သူသည် စုန့်ကော်ပိုရေးရှင်း၏ သူဌေးဖြစ်သည်။ သို့သော် သူ့အထက်တွင် သူဌေးရှိသေးသည်ဟု သူတို့ကို ဖြတ်ပြောလိုက်သည်။ သူ၏ အမျိုးများသည် သူပြောသည်ကို မှန်သည် မှားသည် စစ်ဆေးမည် မဟုတ်ပေ။ စုန့်ထင်ရှန်းက တည့်ပြောလိုက်သောအခါ မည်သူကမှ ထိုကိစ္စကို နောက်ထပ် ဆက်မမေးတော့ပေ။


စုန့်ထင်ရှန်း၏ အဒေါ်က ဒေါသထွက်သွား၍ သူ့ကို တိုက်ရိုက် စိတ်မတိုဘဲ ချောင်းချောင်းကို ဆူလိုက်သည်။ 


“နင်က အသုံးမကျတဲ့သူဘဲ ကျောင်းတက်တုန်းက စာမကြိုးစားခဲ့လို့ တတိယကောလိပ်ဘဲ တက်ရတာ..ခုမှ နောင်တရဖို့ နောက်ကျသွားပြီ…ကိုယ့်အမျိုးတောင်မှ နင့်ကို ကုမ္ပဏီမှာ အလုပ်မခေါ်ချင်ဘူး အိမ်မှာဘဲ နေပြီး သေမယ့်နေ့ကို စောင့်နေလိုက်”


ဝေါင်း…ဒီစကားလုံးတွေက…


ယွမ်ရှ စုန့်ထင်ရှန်းကို ကြည့်လိုက်သောအခါ သူ့ပုံစံသည် တည်ငြိမ်နေသည်။ သူဘာမှ မခံစားရသည့် ပုံပေါက်နေသည်။ သူသည် လက်ဖက်ရည်ခွက်ကို ကိုင်၍ တစ်ငုံသောက်လိုက်သည်။


ချောင်းချောင်းက ငိုနေပြီး စုန့်ထင်ရှန်း၏ အဒေါ်က လက်ကိုပင့်၍ သူမကို ရိုက်တော့မလို လုပ်နေသည်။ သူ့အဒေါ်သည် စိတ်ပျက်အောင်လုပ်သောကြောင့် သူမကို ဆဲဆိုနေပြီး မိသားစုထဲရှိ အကြီးများက သူမကို စိတ်လျှော့ရန် ပြောနေကြ၍ အလွန်ဆူညံနေသည်။


ယွမ်ရှက အထင်ကြီးစရာကောင်းတဲ့ သရုပ်ဆောင်မှုဟု ထင်လိုက်သည်။


နောက်ဆုံးတွင် စုန့်ထင်ရှန်းက ပြောလိုက်သည်။


 “ပညာရေးက အရေးမကြီးပါဘူး…အဲ့ဒါက မင်းရဲ့လုပ်နိုင်စွမ်းကို ပြတဲ့အရာတစ်ခုဘဲ..ဒါပေမယ့် ကုမ္ပဏီရဲ့ စံနှုန်းတွေက တင်းမာတယ်…ချောင်းချောင်းက အဲ့တာတွေကို ခံနိုင်ရည်ရှိတယ်ဆိုရင်တော့ မြို့ကြီးတွေက ကုမ္ပဏီတွေမှာ လျှောက်ကြည့်လို့ရပါတယ်။ ငယ်ရွယ်တုန်းမှာ ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး အောင်မြင်မှုတွေ ရယူတာက ကောင်းပါတယ်”


သူ့အဒေါ် စကားမပြောခင် သူက ကြိုတင်ဟန့်တား၍ ပြောလိုက်သည်။ 


“အဒေါ်..ချောင်းချောင်းက တော်တယ်လို့ ကျွန်တော်ထင်တယ်…တစ်ခြားသူကို အားမကိုးဘဲ သူမကိုယ်သူမ အလုပ်ရှာတွေ့နိုင်တယ်…အရမ်းကြီး စိတ်ပူစရာမလိုပါဘူး…”


သူသည် စကားလုံးများကို ဒီ အတိုင်းအတာထိ ပြောပြီးပြီဖြစ်သည်။ သူမသည် အနည်းငယ် အားနာစိတ်ရှိတယ်ဆိုလျှင် ချောင်းချောင်းကို အလုပ်ပေးဖို့ စုန့်ထင်ရှန်းကို အတင်းအကြပ်ပြောမည် မဟုတ်ပေ။


စုန့်ထင်ရှန်း၏ တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သည်ကို ယွမ်ရှ သိရှိသွားသည်။ သူ၏ လုပ်နိုင်စွမ်းသည် အကန့်အသတ်မရှိဘဲ ဆွေမျိုးများအပေါ်  ဒေါသထွက်မှုကိုလည်း ကောင်းမွန်စွာ ဖြေရှင်းနိုင်သည်။


ညစာစားချိန်ရောက်သောအခါ ထိုဆွေးနွေးမှုပြီးသွားပြီး ပုံမှန်စကားဝိုင်းဖြစ်သွားသည်။ စူန့်ထင်ရှန်း၏ အဒေါ်က ထမင်းစားပွဲ ပြင်ဆင်ထားသည်ကို ကြည့်၍ သူမ သေချာပြင်ဆင်ထားသည်ကို သိနိုင်သည်။


ဝမ်လေး၏ တောက်ပသော ရွှေလက်ကောက်ကို စုန့်ထင်ရှန်း၏ အဒေါ်နှင့် သူ၏ မြေးများက သတိထားမိ၍ ကြည့်နေကြသည်။ ဝမ်လေးထက် ကြီးသော ကလေးမလေးက ဝမ်လေး၏ လက်ကောက်များကို တွေ့ပြီး ယွမ်ရှနှင့် စုန့်ထင်ရှန်း မကြည့်နေသည်ကို အခွင့်ကောင်းယူ၍ ဝမ်လေး၏ လက်မှ လက်ကောက်များကို ယူရန် ကြိုးစားလိုက်သည်။ 


ကံကောင်းစွာဖြင့် ဝမ်လေး၏ လက်ဖောင်းဖောင်းလေးကြောင့် သူမ လုယူချင်သော်လည်း ယူဖို့ မလွယ်ကူပေ။ သူမ၏ အားစိုက်ထုတ်မှုက ဝမ်လေးကို နာကျင်စေသော်လည်း ဝမ်လေးက ငိုလေ့ရှိသူမဟုတ်သောကြောင့် မငိုဘဲ သူ၏ အမေကို အော်ခေါ်လိုက်သည်။


လူကြီးများ လာနေသည်ကို တွေ့သောအခါ ကလေးမလေးသည် ကြမ်းပြင်ပေါ်ထိုင်ချပြီး အော်ငိုပြလေသည်။ သူမ၏ ငိုသံက သနားစရာကောင်းနေသည်။


သူမ အော်ငိုနေသံက လူကြီးတွေကို သတိထားမိစေသည်။


ယွမ်ရှ ကလေးမလေးကိုအာရုံမထားပေ။  သူမ၏ သားအကြောင်းကို သေချာသိထားပြီးဖြစ်သည်။ 


ပေါက်စီလုံးလေးက အိမ်နီးချင်ူသူငယ်ချင်း ကောင်မလေးများကို ကာကွယ်ပေးတတ်သူဖြစ်သည်။ ထို့ကြောင့် ယွမ်ရှသည် ထိုကလေးမလေးကို မကြည့်ဘဲ စိတ်မကောင်းဖြစ်၍ တွေဝေနေသော ဝမ်လေးဆီကို သွား၍ ပွေ့လိုက်သည်။ သူမသည် ဘာမှမပြောဘဲ သူမသားကို ကာကွယ်သည်ဟူသော အပြုအမူကို ပြရန်ဖြစ်သည်။ 


ဝမ်လေးက သူမ၏လည်ပင်းကို ဖက်၍ မှီထားပြီး စိတ်မကောင်းသော အသံတိုးတိုးဖြင့် သူ့အမေကိုသာ အကြိမ်ပေါင်းများစွာ ခေါ်နေသည်။


“ဘာဖြစ်ကြတာလဲ” 


စုန့်ထင်ရှန်း၏ အဒေါ်သည် မျက်မှောင်ကြုတ်၍ ရောက်လာသေည်။ သူမ၏ မြေးမသည် အသက်ရှုရပ်မတတ် ငိုနေသည်ကို တွေ့သွားပြီး ပြာပြာသလဲဖြင့် သူမကို ထခိုင်းလိုက်သည်။


 “နင်ဘာဖြစ်တာလဲ..သူက ဧည့်သည်လို့ ငါမပြောခဲ့ဘူးလား…သူက နင့်ထက်ငယ်တယ် သူ့ကို ဦးစားပေးရမယ်လေ…နင်က သူ့ထက်တစ်နှစ်ကြီးတယ် သူက နင့်ကိုအနိုင်ကျင့်တာ မဖြစ်နိုင်ဘူး..ဟုတ်တယ်မလား..”