Chapter 19
Viewers 2k

🧶 Chapter 19

ငါ့ကို မစော်ကားနဲ့



ရွှီကျိက လိထျင်း၏ ရူးသွပ်မှုကို လျစ်လျူရှုကာ အကြည့်လွှဲလိုက်သည်။ သူက ကျိဖန်းချီ၏ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

"ဆက်သွား... တခြားဘယ်သူ့ဆီကမှ ဘာမှ လက်မခံနဲ့… ရေဆာရင် ဒါမှမဟုတ် ဗိုက်ဆာရင် ငါ့ဆီသာလာခဲ့…"  


ရွှီကျိဘေးတွင် ရပ်နေသည့်ကျိဖန်းချီမှာ ခေါင်းတစ်ဝက်စာ ပိုပုသည်။ သို့သော်လည်း ယခုအချိန်တွင် သူက လိထျင်းအား ပြင်းပြင်းထန်ထန်စိုက်ကြည့်နေ၏။ သူက သူထွက်သွားသည်နှင့် သူ့အစ်ကို ထပ်အနိုင်ကျင့်ခံရမည်ကို ကြောက်ရွံ့နေသည့်နှယ် အကာအကွယ်အပြည့်ဖြင့် ကြည့်နေခဲ့သည်။


ရွှီကျိက အားအနည်းငယ်ထည့်လျက် သူ့လက်တို့ဖြင့် တွန်းထုတ်လိုက်ရာ ကျိဖန်းချီက စိတ်မပါတပါ မချင့်မရဲဖြင့် ထွက်ခွာသွားလေသည်။


လိထျင်းက ဆေးလိပ်ကို လက်ထဲတွင် ကိုင်ထားဆဲဖြစ်ကာ မတ်တတ်ရပ်လိုက်သည်။

"ခင်ဗျားက ကျွန်တော်မဟုတ်ရင် ကျန်တဲ့သူတိုင်းအပေါ် တော်တော်လေး နူးနူးညံ့ညံ့ဆက်ဆံတာကို သတိထားမိတယ်…"


ရွှီကျိက ပွင့်ပွင့်လင်းလင်းပင် ပြောလာသည်။

"အမှန်ပဲ"


လိထျင်းက ဆေးလိပ်ကို သူ့ပါးစပ်တွင် ခဲလိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးတစ်ဘူးကို ထုတ်ယူကာ တစ်လိပ်ထုတ်၍ မေးလိုက်သည်။

 "တစ်လိပ်လောက်ယူမလား…"


"မယူဘူး…" 

ရွှီကျိက ငြင်းလိုက်သည်။ သူက ဖြည်းဖြည်းချင်း ကြည့်လိုက်ပြီး ပြောလာသည်။

"ဆေးလိပ်သောက်တာ တော်သားပဲ…"


လိထျင်းမှာ ချက်ချင်း ရယ်မောလိုက်ပြီး အငြင်းခံရ၍ ရှက်ရွံ့ခြင်းပင် မရှိပေ။ သူက ဆေးလိပ်ကို သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်ကာဖြင့် ပြောသည်။

"ဒီလိုပါပဲ…"


"ဒီလိုပါပဲလား…" 

ရွှီကျိက ထိုအချိန်တွင် သူ့မျက်နှာအမူအရာမှာ တစ်စုံတစ်ဦးကို ရိုက်နှက်လိုစိတ်ပြင်းပြနေပုံပေါက်နေလိမ့်မည်ဟု ခံစားလိုက်ရသည်။ သူက တကယ်ကို လှည့်စားခံခဲ့ရပြီး ဆေးလိပ်တစ်လိပ်ကို အလကားဖြုန်းတီးပစ်ခဲ့မိသည်။


လိထျင်းက ရယ်မောရိပ်ပါးပါး စွက်နေသည့်အသံနှင့်အတူ အသံကို နှိမ့်လိုက်သည်။

"ကျွန်တော် ဆေးလိပ်သောက်တာမှန်ပေမဲ့ ကျိန်ပြောရဲတယ် အရင်တစ်ကြိမ်က အရက်ကြောင့် တကယ် လည်ချောင်းနာသွားတာ…"


ရွှီကျိက သူ့ကို စောင်းငဲ့လျက်ကြည့်လိုက်သည်။

"မင်းကျိန်ပြောတာက ဟင်းရွက်တစ်စည်းစာတောင် မတန်ဘူး…"


လိထျင်းကိုကြည့်ရသည်မှာ ဤသို့သော စကားမျိုးကို ယခင်ကလည်း ကြားဖူးပုံပင်။ ရွှီကျိက သူ့ကို လှောင်ပြောင်ရန်အတွက် ၎င်းကို သာမန်နေ့စဉ်သုံးအဖြစ် တိုက်ရိုက်သုံးလိုက်ခြင်းဖြစ်သည်။ လိထျင်းက စိတ်ရင်းမှန်ဖြင့် ပြောလာသည်။

"ကျွန်တော်တို့နှစ်ယောက်တည်းရှိနေချိန်မှာ ခင်ဗျားကိုပြောတဲ့ စကားတိုင်းက အမှန်တွေဆိုတာကို တိုင်တည်ရဲပါတယ်…"


ရွှီကျိက ဂရုမစိုက်ချေ။ သူက အဝေးမှ တုန်ယင်နေသော ကျိဖန်းချီကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

"မင်းကို သတိတော့ပေးချင်တယ်… မင်းအဖွဲ့လိုက်'လုပ်'မယ်ဆိုရင်တောင် အဲဒါကို လူမသိရင် ငါဂရုမစိုက်ဘူး… ဒါပေမဲ့ လူအများရှေ့မှာတော့ မင်းရဲ့အောက်ပိုင်းကိုမဟုတ်ဘဲ ဦးနှောက်ကိုသုံး…" 


"ငါ့အတွက် ပြဿနာမရှာနဲ့ ငါ့ကိုလည်း မစော်ကားနဲ့…" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ သတိပေးလိုက်သည်။


လိထျင်း နားလည်သွားသည်။ ရွှီကျိမှာ စောစောက ထိုကောင်လေး သူ့ပေါင်ပေါ်တွင် လှဲနေခဲ့သည့်ဖြစ်ရပ်ကို ဆိုလိုခြင်းပင်။


သူတို့ လက်ထပ်ပြီးသားဖြစ်ကြောင်းကို လုံးလုံးဖုံးကွယ်ထား၍ မရနိုင်ပေ။ သတင်းများ ပေါက်ကြားသွားပြီး တစ်စုံတစ်ဦးက ရွှီချန်းယွဲ့နှင့် ချန်လျန့်ကိုသာ သတင်းပို့ခဲ့ပါက ရွှီမိဘများအနေဖြင့် ရွှီကျိကို သူ့အား ကွာရှင်းရန် သေချာပေါက် အတင်းအကျပ် ခိုင်းစေပေလိမ့်မည်။ ကွာရှင်းပြီးနောက် သူတို့က ရွှီကျိကို ထပ်မံလက်ထပ်ရန် တိုက်တွန်းကြမည်ဖြစ်ရာ ဒုက္ခများပေလိမ့်မည်။


"ကျွန်တော် အဲဒီလို ဖြစ်ခွင့်မပြုပါဘူး စောစောက မြင်ကွင်းအတွက်တော့ ကျွန်တော် ရှင်းပြပါ့မယ်…" 

လိထျင်းက ခပ်တိုးတိုးရယ်သည်။ 

"မဟုတ်ရင် ကျွန်တော်တို့ကြားက ခံစားချက်တွေနဲ့ ယုံကြည်မှုတွေကို ထိခိုက်သွားမှာပေါ့…"


ရွှီကျိက ကျိဖန်းချီ စကားပြောနေရာဘက်သို့ ထပ်မံကြည့်လိုက်ရာ သူက အခြားအမျိုးသားတစ်ဦးနှင့် စိတ်လှုပ်ရှားစွာ စကားပြောနေခဲ့သည်။


"ငါတို့ကြားမှာ ခံစားချက်တွေ ရှိစရာမလိုဘူး…" 

သူက စိတ်မပါတပါဖြင့် ပြောလိုက်သည်။


"သိပါတယ်…" 

လိထျင်းက ရယ်မောလိုက်သည်။

 "ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ပူးပေါင်းထားတဲ့ ဆက်ဆံရေးရှိတယ်လေ အခြေအနေတွေကို အရမ်းကြီး မဆိုးဝါးသွားအောင် ရှောင်တာက ပိုကောင်းပါတယ်…"


စားပွဲထိုးလေးတစ်ဦးက ယမကာခွက်အနည်းငယ်ကို ကိုင်ဆောင်ထားလျက် ဖြတ်လျှောက်သွားခဲ့သည်။ ရွှီကျိက သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ခွက်ကို ကောက်ယူလိုက်သည်။ သူက ဦးစွာအနံ့ခံလိုက်ရာ ယင်းမှာ ဝိုင်နီကောင်းတစ်ခွက် ဖြစ်နေသည်ပင်။


လိထျင်းကမူ ယဉ်ယဥ်ကျေးကျေးသာ ငြင်းဆန်လိုက်သည်။


ရွှီကျိက သူ့ကို တစ်ချက်ကြည့်လိုက်လေသည်။


လိထျင်းက ပြောသည်။

 "ကျွန်တော် ခင်ဗျားကို မလိမ်ဘူး ကျွန်တော် တကယ် အရက်မသောက်နိုင်တာ အရသာကိုလည်း မကြိုက်ဘူး…"


ရွှီကျိက ဘာမှ မပြောလိုက်ပေ။ သူက ဖန်ခွက်ထဲရှိ ဝိုင်နီကို လှုပ်ခါလိုက်ပြီး ခေါင်းကို အနည်းငယ် စောင်းကာ တစ်ငုံ သောက်လိုက်သည်။ လိထျင်း၏ အကြည့်အောက်တွင် သူ၏ လည်စလုတ်လေးက သိသိသာသာ လှုပ်ရှားသွားလေ၏။


"ကျွန်တော် ဒီကို ကုမ္ပဏီအတွက် ပြင်ဆင်ဖို့ လာခဲ့တာ…" 

လိထျင်းက ပြောသည်။

"ဒီအသိုင်းအဝိုင်းထဲကို ဝင်ပြီး လူတွေအများကြီးနဲ့ သိခွင့်ရအောင်လုပ်ရင် အမြဲအကျိုးရှိမှာပဲလေ…"


ရွှီကျိက "အင်း" ဟူ၍သာ အသံပြု၏။

 

လိထျင်းက လုပ်နေကျအတိုင်း မျက်နှာလေးသုံးကာ လှည့်ဖြားခြင်းမျိုး လုပ်မနေတော့ဘဲ လိုရင်းကိုသာ ပြောလာသည်။

"ဖူမင်...သူ့မိသားစုက ပို့ကုန်ထုတ်လုပ်ရေးနယ်ပယ်မှာရှိတာ သူက စောစောက ကျွန်တော့်ဘယ်ဘက်မှာ ထိုင်နေတဲ့လူလေ ကျွန်တော့်ကို ဘာလို့ ချိန်းတွေ့ဖော် မခေါ်လာတာလဲလို့ မေးပြီးတော့ သူ့လူကို ငှားပေးမယ်ဆိုပြီး ရက်ရက်ရောရော ကမ်းလှမ်းလာတာ…"


အမှန်ပင် ရွှီကျိက နားလည်၏။ 


"ချိန်းတွေ့ဖော်" ဟူသည့်စကားလုံးက နားထောင်ကောင်းသော်ငြား တကယ်တမ်း၌ ထိုသူတို့မှာ ဤနေရာရှိသခင်ငယ်လေးများ၏ ကစားစရာလေးများသက်သက်သာ။


"ကျွန်တော် အကြိမ်ကြိမ်ငြင်းခဲ့တာပါနော်…" 

လိထျင်း၏ အကြည့်တို့က အမြဲလိုလို အာရုံစူးစိုက်မှုအပြည့်ရှိပြီး သူတကယ်ကို အလေးအနက်ထားသလို လူတို့အား ထင်မှတ်စေနိုင်၏။ 

"သူတို့ရဲ့အင်အားကလည်း ရွှီသခင်လေးတစ်ကြိမ်လောက်ပေါ်လာလိုက်ရုံနဲ့ ယှဥ်လို့တောင်မရတော့ဘူး…"


ရွှီကျိ နှာခေါင်းရှုံ့လိုက်သည်။

"ငါ့အထင်တော့ မင်း တော်တော်ပျော်နေတာပါ…"


လိထျင်းက ခေါင်းလှည့်ကာ ဆေးလိပ်တစ်ရှိုက် ရှိုက်လိုက်သော်လည်း မည်သည့်မီးခိုးကိုမှ မှုတ်မထုတ်လာပေ။ သူက ပြောလိုက်သည်။

 "အင်း ကျွန်တော် ရွံတယ်ဆိုတာကို ပြလို့ မရဘူးမလား… ကျွန်တော် သူတို့ကျေနပ်အောင် ဆက်လုပ်နေရတုန်းပဲ… ဘယ်လိုလုပ်ပြီး လူတစ်ယောက်အပေါ် ရိုင်းပြနိုင်မတဲ့လဲ…"


သူ စကားပြောပြီးသောအခါ သူ၏နှုတ်ခမ်းများကို အနည်းငယ်ဟလျက် မီးခိုးများကို မှုတ်ထုတ်လိုက်သည်။


မီးခိုးများက ရွှီကျိ၏ မျက်နှာထက်သို့ လွင့်ပါလာလုနီးပါး ဖြစ်သွားရာ သူက မျက်နှာကို ရှုံ့မဲ့လိုက်ရင်း မသက်မသာဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။ လိထျင်း၏ ဆေးလိပ်သောက် ကျွမ်းကျင်ပုံအရ အနည်းဆုံး ငါးနှစ်မျှအတွေ့အကြုံရှိကြောင်း ပို၍ပင်သေချာသွားရသည်။


လိထျင်းက ရယ်ရင်းပြောလာ၏။ 

"အဓိကကတော့ အဲဒီလူက ကျွန်တော့်အကြိုက် မဟုတ်လို့ပါ အဲဒီလိုပုံစံမျိုးကို ကျွန်တော် မကြိုက်ဘူး…"


တစ်စုံတစ်ဦးက ကျိဖန်းချီ၏ ပခုံးကို ဖက်ထားသည်အား ရွှီကျိမြင်လိုက်ရသည်။ သူ၏အာရုံမှာ ဤနေရာတွင် မရှိတော့သော်လည်း သူက စကားဆက်ပြောလိုက်မိ၏။

"ဒါဆို မင်း ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ…"


လိထျင်းက တခဏမျှစဉ်းစားလိုက်ပြီး အလေးအနက်ပြန်ဖြေလာသည်။

 " ရုပ်ခံက အနည်းဆုံးကျွန်တော်နဲ့ ယှဉ်နိုင်တဲ့သူမျိုးပေါ့… နူးညံ့ပြီးဖြူစင်တဲ့လူ ပြုံးရတာ ကြိုက်တဲ့သူမျိုး ပြုံးလိုက်ရင်လည်း ကြည့်ကောင်းရမယ် ပြီးတော့ ပုံပန်းသဏ္ဌာန်ကလည်း ကြည့်ကောင်းရမယ်…"


ရွှီကျိက ထိုသူ၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး အတော်လေး ကြေးများတတ်သူ ဖြစ်ကြောင်း သိလိုက်ရလေသည်။ ပထမဆုံး လိုအပ်ချက်ကပင် ပြည့်မီရန် အလွန်ခက်ခဲနေပြီဖြစ်ရာ နောက်ထပ်လိုအပ်ချက်များစွာကလည်း ရှိနေသေးသည်။ သူက တုံ့ပြန်ဖို့ရာ စိတ်မဝင်စားတော့ပေ။


"အာ ဟုတ်သားပဲ ..." 

လိထျင်းက သူ၏ဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲဖိချကာ မီးငြှိမ်းလိုက်သည်။ သူ ခေါင်းငုံ့လိုက်ချိန်တွင် သူ၏ဆံပင်ရှည်တို့က မျက်နှာထက်သို့ ကျလာပြီး သူက ပခုံးနောက်သို့ သဘာဝကျကျပင် သပ်တင်လိုက်လေသည်။

 "ခင်ဗျားအဖေက ပြောတယ်၊ အဲဒီ ယွမ်သန်းတချို့က ကျွန်တော့်အတွက် တင်တောင်းကြေးတဲ့…"


ရွှီကျိက လုံးဝမအံ့သြပေ။


ပိုက်ဆံ ပေးပြီးပြီဆိုမှတော့ ပေးပြီးတာပဲပေါ့… လူငယ်လေးတစ်ယောက်ဆီက ပြန်တောင်းစရာ အကြောင်းရှိမနေဘူး…ဒါ့အပြင် ဝမ်ယွဲ့က ဒီပိုက်ဆံလောက်လေးကို ရှားနေတာ မဟုတ်ဘူး…


"ဒါကြောင့် ကျွန်တော့်အနေနဲ့ ပိုပြီးကောင်းအောင် ဟန်ဆောင်သင့်တယ်မလား…" 

လိထျင်း၏ မျက်ခုံးမျက်လုံးတို့က ပြေလျော့သွားကာ သူ့မျက်နှာအမူအရာတွင် ရွှတ်နောက်နောက် အရိပ်အယောင်တို့ စွက်နေခဲ့သည်။

 "ကျွန်တော့်ကို မိသွားရင် အတိုးပြန်ပေးစရာတော့ မလိုလောက်ပါဘူးနော်…"


ရွှီကျိက ပြောလိုက်သည်။

 "အဲဒီလိုသာ ဖြစ်လာရင် မင်း G မြို့မှာ နေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး…"


သူ့မျက်လုံးထောင့်မှနေ၍ တစ်စုံတစ်ယောက်က ကျိဖန်းချီကို ခေါ်သွားသည်ကို သူမြင်လိုက်ရသည်။ ရွှီကျိက ထရပ်လိုက်ပြီး သူ့လက်ထဲရှိ ဝိုင်နီဖန်ခွက်ကို လိထျင်းအား ပေးလိုက်သည်။ သူက ပြောသည်။

"ဒါကို စားပွဲထိုးဆီ ပေးပေးဦး…"  


သူက ပြီးသည်နှင့် ချက်ချင်းထွက်သွားရာ သူ၏ကုတ်အင်္ကျီအစွန်းလေးက လိထျင်း၏ ခြေသလုံးကို ပွတ်တိုက်သွားလေသည်။


လိထျင်းက သူ၏ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး လက်ထဲရှိ ဖန်ခွက်ထဲတွင် ကျန်နေသော ဝိုင်အနည်းငယ်ကို လှုပ်မွှေလိုက်ကာဖြင့် "ကျစ်" ဟူ၍ အသာစုတ်သပ်လိုက်လေသည်။


"ငါ့အသက် ၁၈ နှစ်လောက်ကဆို အဲဒီကို ဘယ်နှစ်ကြိမ် သွားခဲ့လဲ မင်းမသိပါဘူး ဒီနေ့ မင်းကိုပျော်ရအောင် ခေါ်သွားပေးမယ်…"


လူစုထဲမှ တစ်ဦးက ရွှီကျိ သူတို့ဘက်သို့ လာနေသည်ကို မြင်လိုက်ရာ တိုးတိုးလေး ပြောသည်။

 "သခင်လေးချန်၊ ရွှီကျိ လာနေပြီ..."


ရွှီကျိက ထိုလူများနှင့် မထိတွေ့လိုပေ။ သူက ကျိဖန်းချီ၏ လက်မောင်းကိုသာဆွဲကိုင်လျက် အားဖြင့် ပြန်ဆွဲလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဘာပျော်စရာရှိလို့လဲ မင်း ငါ့ကိုပါ ဘာလို့ မခေါ်လဲ…"


သူက ကျိဖန်းချီကို ကြည့်မနေသော်လည်း ဘယ်ဘက်အောက်ပိုင်းထောင့်မှနေ၍ ပြင်းပြသည့်အကြည့်ကို ခံစားနေရသည်။


ကော မင်းက အရမ်းမိုက်တာပဲ… ကော ဘာလို့ နောက်ကျမှ ရောက်လာတာလဲ…


ဝူးဝူး အရမ်းကြောက်စရာကောင်းတာပဲ… ကော မင်းက တကယ်ကိုမိုက်တာပါ…ကောက ဘာလို့ နောက်ကျမှ ရောက်လာရတာလဲလို့…


ရွှီကျိက မရယ်မိအောင် အတင်းထိန်းထားလိုက်သဖြင့် သူ၏နှုတ်ခမ်းများက ယောင်ယောင်လေးသာ ကွေးညွှတ်သွားလေသည်။ သို့သော် သူ့ရှေ့မှ အမျိုးသားတစ်စု၏ မျက်လုံးထဲတွင်မူ ဤအမူအရာမှာ ငရဲမင်း၏ နောက်ဆုံးအပြုံးနှင့်တူနေခဲ့သည်။


ထိုအမျိုးသားများ ထွက်ခွာသွားပြီးနောက် ကျိဖန်းချီက အထွန့်တက်ပြ၏။

"ချင်မိသားစုရဲ့ သားအကြီးဆုံးက ဒီနေ့ မရောက်လာဘူး... အခု ပြန်လို့ရပြီလားဆိုတာ ကျွန်တော့်ကောကို သွားမေးကြည့်လိုက်မယ်…"


ရွှီကျိက သူ့ဘေးတွင် စောင့်ဆိုင်းနေလိုက်၏။ ကျိချီက ရပ်သင့်သည့်အချိန်ကိုသိကာ သူ့ညီဖြစ်သူ လွတ်မြောက်နိုင်ရန် တတ်နိုင်သမျှ မြန်မြန်ထွက်လာခွင့်ပြုဖို့ရာ မျှော်လင့်လျက်ဖြင့်ပင်။


သူက အခန်းတစ်ခုလုံးကို စူးစမ်းကာ ကြည့်ရှုလိုက်သည်။ လိထျင်း၏ မျက်နှာနှင့်အရပ်အမောင်းတို့ကြောင့် သူမည်သည့်နေရာသို့သွားသွား ထင်ရှားနေခဲ့သည်။ ထိုသူမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှိနေသည်ကို အလွယ်တကူ သတိပြုမိနိုင်သူ တစ်ဦးပင်။ ဤအခိုက်အတန့်တွင် သူက တစ်စုံတစ်ဦးကို အမိဖမ်းမိနိုင်ခဲ့ပုံရသည်။ သူ့ရှေ့မှ လူ၏မျက်လုံးများက လိထျင်း၏ ပြုံးပြဟန်ကြောင့် ပြူးကျယ်နေခဲ့သည်။


"အားးး..." 

ကျိဖန်းချီက အော်ငိုလိုက်လေသည်။

"ကျွန်တော့်ကောက ပစ်မှတ်ပြောင်းခိုင်းတယ် ရွှီကျိကော ကျွန်တော် သွားတော့မယ်…"


ရွှီကျိက မျက်လုံးများကို စုံမှိတ်ပြီး သူ့စိတ်ထဲတွင်လည်း အော်ဟစ်လိုက်မိသော်ငြား အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲဖြစ်၏။ ယင်းမှာ အလွန်ကြည့်ကောင်းနေပြီး သက်ရှိအားလုံးကို မထီမဲ့မြင်ပြုနေသည့်အတိုင်းပင်။


စောစောက သူ လိထျင်းနှင့် စကားပြောခဲ့၍လည်း ဖြစ်နိုင်သည်။ လူများစွာက သူ့ထံချဉ်းကပ်ရန် သတ္တိမွေးခဲ့ကြသော်လည်း သူ၏ အေးစက်စက် အမူအရာကြောင့် တစ်ဦးပြီးတစ်ဦး စိတ်ပြောင်းသွားခဲ့ကြ၏။


ပါတီပွဲအပြီးတွင် လူများ တဖြည်းဖြည်း ကွဲသွားပြီး ကျိဖန်းချီမှာ စိတ်လှုပ်ရှားစွာ ပြေးလာလျက်ဆို၏။

"ဒါ...တော်တော်လေး အဆင်ပြေသွားပုံပဲ… ကျွန်တော် သူတို့နဲ့ ဆက်သွယ်ရမဲ့ အချက်အလက်တွေ ရခဲ့တယ်…" 


ရွှီကျိမှာ စောင့်ဆိုင်းနေရင်း အမူအရာမဲ့နေပြီဖြစ်သည်။ သူက ထရပ်ကာ ပြောလိုက်သည်။

"ဒါဆို သွားကြရအောင် ငါမင်းကို အရင်ပြန်ပို့ပေးမယ်…" 


ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် အပြင်မှ ဆူညံသံကို ကြားလိုက်ရသည်။ တစ်စုံတစ်ဦးက ပြဿနာရှာနေပုံရ၏။ မြင်ကွင်းကို ကြည့်နေသူများစွာရှိပြီး ၎င်းတို့အထဲမှ အများစုမှာ စောစောက ပါတီပွဲတွင် တွေ့ခဲ့ကြသူများ ဖြစ်ကြသည်။


သို့သော်လည်း ရွှီကျိတွင် ထိုသို့သောအရာများကို ကြည့်ရှုတတ်သည့်ဝါသနာမရှိပေ။ သူက ကားသွားယူရန် လှည့်ထွက်တော့မည်ဆဲဆဲတွင် ရုတ်တရက် အဆက်မပြတ် ကျယ်ကျယ်လောင်လောင် ပြောနေသော အသံက ပေါက်ကွဲထွက်လာခဲ့သည်။

"မင်း ချမ်းသာတဲ့လူတစ်ယောက်ကို ချိတ်လိုက်နိုင်တာက ကောင်းသွားတာပေါ့လေ မဟုတ်ဘူးလား လိထျင်း…"


ရွှီကျိက ခေတ္တမျှရပ်လိုက်ပြီး ဆူညံသံ၏ဇစ်မြစ်ကို ကြည့်လိုက်သည်။


လူအုပ်ကို ကျော်ကြည့်လိုက်ရာ လိထျင်းက အလယ်တွင် မတ်မတ်ရပ်နေပြီး သူ၏နှုတ်ခမ်းများမှာ တင်းတင်းစေ့ထားလျက်ဖြင့် ရူးသွပ်နေသော လိယွဲ့ကို အမူအရာမဲ့စွာဖြင့် ကြည့်နေခဲ့သည်။ အခြားတစ်ဖက်တွင်မူ တစ်ဖက်လူမှာ အရက်မူးနေပုံရပြီး မျက်နှာက နီရဲနေ၏။


ရွှီကျိ၏ အနှီအကြည့်ကို လိယွဲ့ကမြင်သွားသည်။


"ဟား…" 

လိယွဲ့၏ မျက်လုံးများမှာ သူ့ခေါင်းထဲမှ ခုန်ထွက်လာမတတ် ရှိနေ၏။ သူက ရွှီကျိကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

 "လိထျင်း အဲဒါ မင်းယောက်ျားမလား… မင်းကုမ္ပဏီကိုခိုးရာမှာ ကူညီပေးဖို့ ရွှီသခင်လေး သဘောတူလာအောင် မင်းသူ့ကို ဘယ်နှစ်ခါလောက် လုပ်ခွင့်ပေးခဲ့ရလဲ…"


ထိုစကားများ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပရိသတ်တစ်အုပ်လုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ ယင်းက မကြာလိုက်ဘဲ လူအုပ်ထဲတွင် ဗုံးပေါက်ကွဲသွား၏။


"ဘာကြီး ငါ နားကြားမှားတာလား ဘယ်သူ... သူ့ယောက်ျားက ဘယ်သူရယ်…"


"ဘာ... ဝမ်ယွဲ့အုပ်စုရဲ့ တစ်ဦးတည်းသောသားက အိမ်ထောင်ကျသွားပြီလား…"


"သောက်ကျိုးနည်း… အဲဒီအရူး ခုနက ဘာပြောလိုက်တာလဲ ငါ သိပ်မရှင်းလိုက်ဘူး ရွှီကျိက လိမိသားစုရဲ့တရားမဝင်သားနဲ့ လက်ထပ်လိုက်တာလား…"


ယင်းမှာ အလိုမတူပါဘဲ လူအများသိအောင် ဖော်ထုတ်ခံလိုက်ရသည်။


သိပ်မကြာခင်မှာပဲ ငါတို့လက်ထပ်ထားတဲ့သတင်းက အသိုင်းအဝိုင်းတစ်ခုလုံးကို ပျံ့သွားတော့မယ်…


ထိုအချိန်တွင် အဆုံးမဲ့ မှောင်မိုက်ခြင်းက ရွှီကျိ၏ နှလုံးသားထဲသို့ တွားသွားကာဝင်လာသည်။ သူက ထိုနေရာတွင် ခဏမျှ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ဖြည်းဖြည်းချင်း သူတို့ဘက်သို့ ခေါင်းလှည့်ကာ နှာခေါင်းရှုံ့လိုက်သည်။


အိုးဟိုး...

ကျိဖန်းချီတစ်ယောက် စိတ်လှုပ်ရှားစွာ တွေးလိုက်ရင်း ခေါင်းလှည့်ကြည့်လိုက်သည်။ 

သောက်ပြဿနာတော့တက်ပြီ…


လိယွဲ့မှာ အခြေအနေက မည်မျှပြင်းထန်နေသည်ကို သတိမမူမိဘဲ ရှေ့သို့ ဒယိမ်းဒယိုင်ဖြင့် တစ်လှမ်းတိုးလာကာ လိထျင်း၏ဝတ်စုံကို ဆွဲလိုက်သည်။ 

"ဝိုး ခဏလေးပဲ ရှိသေးတာ မဟုတ်လား… ဒါတောင် မင်း ဒီလောက်ကောင်းတဲ့ ဝတ်စုံကို ဝတ်နေပြီလား… ကြည့်ရတာ သူဌေးသားနဲ့ လက်ထပ်တာက တကယ်ကိုအရေးကြီးတာပဲ… ဟုတ်တယ်မလား မင်းအမေလိုပဲလေ..."


လိယွဲ့မှာ တားမြစ်စကားလုံးကို ထိမိလိုက်သည်ကိုပင် မသိရှာ။ လိထျင်းက လိယွဲ့၏ခေါင်းနောက်ပိုင်းဆံပင်များကို ရုတ်တရက် ဆွဲချလိုက်သည်။ လွန်ခဲ့သည့် ၂၁ နှစ်တာကာလပတ်လုံး လိယွဲ့ သူ့ဆံပင်ကိုဆွဲခဲ့သည်နှင့် တစ်ထပ်တည်းပင်။ သူ၏အကြည့်က အေးစက်နေသည်။

"ငါလူး… မင်းက ငါ့အမေအကြောင်း ထပ်ပြောရဲသေးတာလား…"


ထိုအချိန်တွင် လိယွဲ့မှာ သူ၏ဦးရေပြား ပြဲထွက်သွားတော့မလို ခံစားလိုက်ရသော်လည်း စိတ်လှုပ်ရှားစွာပင် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။

"ကုမ္ပဏီက အစကတည်းက ငါ့ဟာပဲ မင်းလို ခွေးလေးက ဘာအရည်အချင်းရှိလို့လဲ..."


နောက်တစ်စက္ကန့်တွင် လိထျင်း၏ မျက်လုံးထောင့်၌ ပုံရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူ၏လက်ထဲမှ အလေးချိန်မှာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏လက်ချောင်းများကြားတွင် ကျန်ရစ်ခဲ့သည်မှာ ဆံပင်အနည်းငယ်သာ။


ကျယ်လောင်သည့် မြည်သံတစ်ချက်နှင့်အတူ သူ၏ဘေးတွင် ရပ်နေသူက လိယွဲ့ကို လှေကားထစ်များပေါ်မှ ကန်ချလိုက်သည်။


လိထျင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ခေါင်းလှည့်လိုက်ရာ ထိုရင်းနှီးနေသည့် ထက်ရှပြတ်သားသော မေးရိုးကို တွေ့လိုက်ရသည်။

"အာ..."


ရွှီကျိက ပျင်းရိဟန်ဖြင့် ထရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ရုန်းကန်နေသော လိယွဲ့ကို ငုံ့ကြည့်ရင်း သူ၏အသံက အအေးခန်းထဲသို့ ပြုတ်ကျသွားသကဲ့သို့ အေးစက်နေခဲ့သည်။

"မင်းကြည့်ရတာ စကားပြောရတာ တော်တော်ပျော်နေပုံပဲ…"


လိထျင်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လှုပ်၍လာသည်။



🧶🧶🧶