အပိုင်း ၇၃
Viewers 16k

Chapter 73


ကျန်းရှုယောင် တုတ်ထိုးကိုတစ်ဝက်ခွဲကာ မစောင့်နိုင်သော ရှဲ့ရွှင်းအား ခွဲပေးလိုက်သည်။

သိုးသားတုတ်ထိုးများတွင် သိုးသားအနံ့မရှိပါဘဲ ဆီနှင့် ဇီရာနံ့သာရှိသည်။ သိုးသားအပိုင်းအစများ၏ အစွန်းများသည် အနည်းငယ်လောင်ကျွမ်းနေပြီး ဆွဲဆောင်မှုရှိသော မီးသွေးအနံ့ရှိသည်။

အနည်းငယ်မှုတ်လိုက်ခြင်းက သိုးသားချောင်းများကို မအေးစေဘဲ သူ့နှာခေါင်းအတွင်းမှ သင်းပျံ့သောရနံ့ကို ပိုဆိုးသွားစေသည်။

ရှဲ့ရွှင်း ဂရုစိုက်မနေတော့ပေ။ သူက သိုးသားတုတ်ထိုးများကို ကိုက်ကာ အသားများကို ဘေးသို့ ဆွဲထုတ်လိုက်သည်။ အသားက ပါးစပ်ထဲဝင်သွားသည့်အခါ အသက်ရှူသွင်းပြီး ဝါးလိုက်၏။

သိုးသားတုတ်ထိုးများသည် လတ်ဆတ်ပြီး အရသာရှိသည်။ အပူချိန်မြင့်မြင့်နှင့် ကင်ခြင်းဖြင့် အနည်းငယ် ကြွပ်ဆတ်စေပြီး ယင်းက အရေပြားအတွင်းပိုင်း အစိုဓာတ်ကို ထိန်းပေးသည်။ နူးညံ့ပြီး အရည်ရွှမ်းသည်။ ဇီယာက သိုးသားမှ အနံ့ကို အပြည့်အဝ ဖယ်ရှားပေးကာ အဆုံးမရှိသော အရသာကို ချန်ထားသည်။

သိုးအဆီများက ကင်ပြီးနောက် ကျုံ့သွားကာ အဆီများက သိုးသားတုတ်ထိုးများတစ်လျှောက် စီးဆင်းသွားကာ အသားကို ဆီရွှဲသော မွှေးရနံပေးစွမ်းသည်။ အစွန်းများတွင် အနည်းငယ်ကျွမ်းကာ အတွင်းတွင် အဆီအနှစ်များပြည့်နေသဖြင့် လူကိုချက်ချင်း ဗိုက်ဆာစေသည်။

မွှေးကြိုင်ပြီး အရည်ရွှမ်းသော အသားများကို ကိုက်ပြီးနောက် သိုးသားအဆီတစ်ပိုင်းကို ပါးစပ်ထဲသို့ ဆွဲထုတ်လိုက်သည်။ အနည်းငယ် ကြွပ်ဆတ်သော အရေခွံကို ကိုက်လိုက်သည်နှင့် သိုးသားအဆီက သူ့ပါးစပ်ထဲမှာခြစ်ထုတ်ခံလိုက်ရပုံပေါ်ပြီး ကြွယ်ဝသော ဆီနံ့က သူ့ပါးစပ်ထဲသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

အသားတစ်ကိုက်နှင့် အဆီတစ်ကိုက် သူကိုက်ခဲ့သည်။ သူ ပါးစပ်ကိုဖွင့်၍ တုတ်ထိုးပေါ်ရှိသိုးသားအကုန်လုံးကိုက်ဆွဲကာ အပြင်ဘက်တွင် ကြွပ်ကြွပ်နှင့် အတွင်းဘက်တွင် စိုရွှဲနေသော အဆီများကို ဝါးစားသည်။ အငန်ရနံ့က သိပ်သည်းကြိုင်လှိုင်ပြီး အလွန်လောဘကြီးလာစေသည်။

"ငရုတ်သီးမှုန့်ရှိရင် ပိုကောင်းမယ်... ငရုတ်သီးများများ ဖြူးပြီးသိုးသားတုတ်ထိုးတွေ တစီစီဆူနေတုန်း စား...ဇီယာက ပြင်းစပ်စပ်နဲ့ပူပြီးလတ်ဆတ်နေတာ... ရပ်နိုင်မှာကိုမဟုတ်ဘူး"
ကျန်းရှုယောင်က ပြောသည်။

ရှဲ့ရွှင်း သူမ၏စကားကြောင့် အတော်လေးသွားရည်ယိုလာပြီး သိုးသားတုတ်ထိုးအစပ်အရသာကို စိတ်ကူးယဉ်ပြီးဝါးခဲ့သည်။

"မနက်ဖြန် ငရုတ်သီးမှုန့် ယူလာရင်ရော"
သူက အကြံပြုသည်။

ကျန်းရှုယောင် တံစို့ကိုမှုတ်ပြီးပြောလိုက်၏။ "ငရုတ်သီးမှုန့်က မီးဖိုချောင်လေးထဲမှာ သော့ခတ်ထားတယ်"

"ဒါဆို ပြတင်းပေါက်က ဖြတ်သွားလေ "

"မီးဖိုချောင်လေးကို ပိတ်တုန်းက ပြတင်းပေါက်တွေကိုအတွင်းဘက်ဖွင့်ထားတာ...ပင်မမီးဖိုချောင်လို အပြင်ဘက်ကို မဖွင့်ဘူး"

ရှဲ့ရွှင်း ခဏလောက်စဉ်းစားပြီးဆိုလိုက်သည်။
"ငါ ကလော်လို့ရမလား နောက်မှပြန်ကြည့်လိုက်မယ်... အဆင်မပြေရင် အိမ်ခေါင်မိုးပေါ်ကနေ ဆင်းလိုက်မယ်"


ကျန်းရှုယောင် သူပြတင်းပေါက်ကို ကလော်ဖွင့်နေသည့်ပုံစံကို တွေးလိုက်သည့်အခါ သူမမှာ အပြစ်ရှိသလို ခံစားရ၏။ သူမယောက်ျားကောင်းတစ်ဦးကို အမှောင်ဘက်ခြမ်းသို့ ခေါ်ဆောင်သွားမိခဲ့သည်။

"ဒါဆို ငရုတ်သီးမှုန့်သွားယူတဲ့အခါ ငံပြာရည်အိုးဘေးမှာ တင်ထားတဲ့ မဆလာဘူးကို ထုတ်ပြီး ဘေးမှာ ချထားထားတဲ့ ပေါင်မုန့်အကြေ အိတ်ကို ....."

ရှဲ့ရွှင်း တစ်ခုပြီးတစ်ခု မှတ်စုတွေယူ၏။ သူတို့ နှစ်ယောက် ပါးစပ်များ ဆီရွှဲလာသည်အထိ စားသောက်ကြပြီး ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို သေသေသပ်သပ် ရှင်းထုတ်ကာ ပြတင်းပေါက်ကို ပျော်ရွှင်စွာ ဖွင့်လိုက်ကြသည်။

ကျန်းရှုယောင်က သက်ပြင်းချလိုက်ပြီးဆို၏။

"တုတ်ထိုးစားရင်း ဝိုင်သောက်ရရင် ပိုလို့တောင် လန်းဆန်းသွားဦးမယ်..."

ရှဲ့ရွှင်းကပြောသည်။

"လျှော့သောက်သင့်တယ်...အမျိုးသမီးတွေက သောက်ရတာ မကြိုက်ဘူး"

ကျန်းရှုယောင် အရင်တစ်ခေါက် သူမမူးနေချိန်က ခဏကြာအောင် ငိုကာ သူ့ကို ထိတ်လန့်သွားစေခဲ့ကြောင်း သူပြောပြလိမ့်မည်မဟုတ်ပေ။

"ဟင့်အင်း"
ကျန်းရှုယောင်က အသံပြုလိုက်သည်။

ရှဲ့ရွှင်း နှင့် ကျန်းရှုယောင် ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။ ခြံထဲမှာ တစ်ယောက်မှ မရှိနေချိန်တွင် မီးဖိုချောင်ငယ်ထဲကို ခိုးဝင်ကြ၏။

ရှဲ့ရွှင်း မင်တုန်းကို ခဏကြာအောင်ကလော်ရန် ကြိုးစားသော်လည်း ဖွင့်မရပေ။ သူ့ဘေးနားက စည်ကြီးပေါ်ကို ရိုးရိုးရှင်းရှင်း နင်းပြီး အိမ်ခေါင်မိုးပေါ်ကို ခုန်တက်သွားခဲ့သည်။ ထို့နောက် အုတ်ကြွပ်ပြားများကို လှန်ပြီး မီးဖိုခန်းထဲသို့ ခုန်ဆင်းလိုက်သည်။

ကျန်းရှုယောင်က သူ့အနားမှာ ရှိနေပြီးရေရွတ်လိုက်၏။

"ဒါက ဘာလဲဟ...သူက တော်တော်လေး ကျွမ်းနေတယ်"



ပင်မမီးဖိုချောင်တွင် နေ့တိုင်း အသားများစွာရှိပြီး ပျောက်ဆုံးနေသော သိုးသားငယ်အပိုင်းအစကို မည်သူမျှ ဂရုမစိုက်ပေ။

ကျန်းရှုယောင် နှင့် ရှဲ့ရွှင်းတို့သည် ထူးဆန်းသော ညလယ်စာအဖွဲ့ကို ဖွဲ့စည်းပြီး နောက်တစ်နေ့တွင် ပင်မမီးဖိုချောင်သို့ သွားကင်ကြပြန်သည်။

ခိုးကြောင်ခိုးဝှက်ဖြစ်ပေမဲ့ ပျော်ပွဲစားပွဲဟုပဲ တွေးကြ၏။

ရှဲ့ရွှင်း ညလယ်စာစားရသည်ကို သက်တောင့်သက်သာ ခံစားရပြီး နေ့လည်စာနှင့်ညစာအကြောင်း မကျေမနပ်ဖြစ်နေမိသည်။

သို့သော်လည်း လင်းချန်ကဆိုလျှင် နေ့စဥ်ညည်းညူပြောဆိုနေပြီး နေ့လည်စာစားပြီးသည်နှင့် သက်ပြင်းချလိုက်သည်။ ရှဲ့ရွှင်းလည်း သူတို့၏ မီးဖိုချောင်ငယ်လေးကို လွှတ်ပေးမည်အား စောင့်မျှော်နေ၏။

ကျန်းရှုယောင် ရှဲ့ရွှင်းကို သူမ၏ဟင်းခတ်အမွှေးအကြိုင်တွေ သယ်ထုတ်ခိုင်ပြီးနောက် မီးဖိုချောင်ငယ်လေး၏ သော့ခတ်မှုအပေါ် စိတ်ပူမှု နည်းပါးလာသည်။မည်သို့ပင်ဖြစ်စေ သူမ ကျိုးရှီဆီတွင် အစားအသောက် ချက်ပြုတ်နိုင်ပေသည်။

နေ့ခင်းဘက်တွင် သူမ ဧည့်သည်အဖြစ် ဒုတိယအိမ်တော်ခွဲသို့ စောစောသွားခဲ့ပြီး ညစာစားချိန်အထိ ပြန်မလာပါချေ။

ကျန်းရှုယောင် စားပွဲရှေ့တွင်ထိုင်ကာ လင်းရှီ  ပေးထားသည့် စာကို လှန်လိုက်သည်။


လင်းရှီက  ကိုယ်ဝန်ရှိနေပေမဲ့ အိမ်တော်မှာနေရန် အစီအစဉ်မရှိခဲ့ပါချေ။ သူမသည် ဆိုင်၏လမ်းဘက်မျက်နှာစာများ၊ ရွေးထားသော လယ်မြေများ စသည်တို့ကို တစ်ချိန်လုံး ကြည့်နေခဲ့သည်။ ကျန်းရှုယောင် သူမ၏ စာထဲတွင် ဖော်ပြထားသော ဝါသနာကို ကြည့်ပြီး အနည်းငယ် မှင်တက်သွားသည်။ လင်းရှီက  စီးပွားရေးလုပ်ရသည်ကို သဘောကျ၏။

ကျိုးရှီက  တုတ်တစ်ချောင်းဖြင့် ရောက်လာပြီး ကျန်းရှုယောင်၏ နူးညံ့သော အမူအရာကို မြင်သောအခါ မေးလိုက်သည်။

"သခင်မရှန်းယန်ဆီက စာလား"

ကျန်းရှုယောင်က ခေါင်းညိတ်ပြီး
"သူက အခုတလော တခြားစားသောက်ဆိုင်တစ်ဆိုင်ဖွင့်ပြီး တစ်နေ့လုံး မြို့ပတ်ပြေးဖို့ စိတ်ကူးနေတာ"

ကျန်းရှုယောင်က ဆိုင်ခွဲများ၊ သရေစာလမ်းများ စသည့် ဆန်းသစ်သော စီးပွားရေးဆိုင်ရာ အကြံဉာဏ်အချို့ကို မကြာခဏ ပေးစာထဲတွင်ဖော်ပြလေ့ရှိသည်။လင်းရှီက ၎င်းကို ကြားသိရသည်ကို အလွန်စိတ်ဝင်စားသည်။ သူမအတွက် လူသွားလမ်းများ နှင့် လမ်းများဝယ်ရန် အချိန်အကြာကြီး မကြာလိုက်ဘဲ ရဲရဲဝံ့လှမ်းကာ စားသောက်ကုန်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိခဲ့သည်။

လင်းရှီက  စိတ်အားထက်သန်လွန်းသဖြင့် စာထဲတွင်ပါသော စကားလုံးများသည် စိတ်လှုပ်ရှားမှုအပြည့်ရှိသည်။

စာကိုဖတ်ပြီးနောက် စားပွဲပေါ်တင်လိုက်သည်။ ကျိုးရှီက သူမဘေးမှာ ထိုင်နေပြီး လင်းရှီ၏ ခပ်မိုက်မိုက် ရေးခြစ်ထားသောဖောင့်က သူမမျက်လုံးတွေကို ဆွဲဆောင်နေ၏။အကြိမ်ရေ အနည်းငယ်ကြည့်ပြီးနောက် စာ၏အကြောင်းအရာကြောင့် မသိစိတ်က စွဲဆောင်ခံလိုက်ရခဲ့သည်။

စီးပွားရေးလုပ်ခြင်းနှင့် မြေဝယ်ခြင်းဆိုင်ရာ ဤအရာများကို သူမနားမလည်သော်လည်း စာရေးသူ၏ စိတ်လှုပ်ရှားမှုကို ခံစားနိုင်သည်။ တစ်စုံတစ်ခုနှင့် ပတ်သက်သော စိတ်အားထက်သန်မှုနှင့် တိုက်ပွဲဝင်စိတ်ဓာတ်သည် သူမအတွက် နားမလည်နိုင်စရာဖြစ်ခဲ့သည်။

သူမ သေသေချာချာ စဉ်းစားမိသည်။ သူမဘဝတွင် သူမသက ငယ်ရွယ်စဉ်ကတည်းက ကိုယ်ခံပညာကို လေ့ကျင့်ချိန်မှသာ ထိုခံစားချက်မျိုး ရှိနိုင်ခဲ့သည်။ နောက်ပိုင်း နှစ်တွေ ကြာလာငည်နှင့်အမျှ သူမ စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့သည်။ သူမ သူမ၏ဓားကိုချကာ ဗရုတ်သုတ်ခပုံစံဖြင့် နေထိုင်ခဲ့သည်။ သူမ နှစ်သက်သည့်အရာတစ်ခုကိုပင် ရှာမတွေ့ခဲ့ပါချေ။

သူမ အကြည့်ကို ရုတ်သိမ်လိုက်ပြီး ငေးကြောင်ကြောင်ဖြင့် မေးစေ့ကိုကိုင်ထားမိသည်။

စာထဲကလူ၏စီးပွားရေးလုပ်နေစဥ်တွင် တက်ကြွသည့်အသွင်အပြင်ကို တွေးပြီး သူမကိုယ်သူမ လင်းရှီ နှင့်နှိုင်းယှဉ်ကြည့်၏။

နှိုင်းယှဉ်ပြီးနောက် အချို့အရာများသည် ပြောင်းလဲရန် ကံဇာတာပါပြီး အချို့အရာများက ထိန်းချုပ်နိုင်စွမ်းမရှိပေ။ နှစ်ရှည်လများ ရှုပ်ယှက်ခတ်ပြီးနောက် အချို့သော အတွေးများသည် နှလုံးသားထဲမှတိုးထွက်လာပြီး မြေဆီလွှာကို ဖောက်ထွင်းဝင်ရောက်လာသော အစို့အညှောင့်ငယ်လေးကဲ့သို့ အဖော်မဲ့အထီးကျန်ရာရပ်ဝန်းထဲကို စိမ်းလန်းစိုပြေသယောင် သေးငယ်သည့် တက်ကြွလန်းဆန်းမှုလေး သယ်ဆောင်ခဲ့လေသည်။

"ဒုတိယယောက်မ"

ကျန်းရှုယောင်၏ အသံက ကျိုးရှီ၏ နားထဲတွင် ထွက်ပေါ်လာသည်။

ကျိုးရှီ အသိပြန်ဝင်လာပြီးမေးလိုက်၏။
"ဘာဖြစ်လို့လဲ"

ကျန်းရှုယောင် စာကိုခေါက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မနေ့က ဟင်းချက်သင်ချင်တယ်လို့ ပြောတယ်မဟုတ်လား...တစ်ညလုံး စဉ်းစားပြီးတဲ့နောက် သင်ချင်သေးလား"

လင်းရှီ၏ စာကို မတော်တဆတွေ့လိုက်ရစဥ်က သူမရင်ဘက်ထဲမှ တွန်းအားကိုတွေးရင်း ကျိုးရှီ  မဆိုင်းမတွပြန်ဖြေ၏။

"အင်းပေါ့"

"ယောက်မက နည်းနာလေးတွေ သင်ယူချင်တာလား ဒါမှမဟုတ် ဘယ်လိုချက်ပြုတ်ရမလဲ သင်ချင်တာလား"

ကျိုးရှီက ပြန်ဖြေသည်။

"ဒါကို ငါ အလေးအနက်ထားမှာပါ...သိုင်းပညာကို သင်ယူတာပဲဖြစ်ဖြစ် ဟင်းချက်တာပဲဖြစ်ဖြစ် ကျပန်းကျွမ်းကျင်ရုံနဲ့ သင်ယူလို့မရဘူးလေ"

ကျန်းရှုယောင်က ပြုံးပြီး
"အင်း ...ဒါဆို ကျွန်မခြေခံကနေ စလိုက်မယ်"

ကျိုးရှီ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ ရုတ်တရက် ငြိမ်သက်သွားပြီးပြောလိုက်၏။

"အလုပ်သင်တစ်ခုအတွက် အမြဲတမ်း ပိုက်ဆံပေးရမယ်... တတိယယောက်မ မြေကွက်တစ်ခုနဲ့ လုံလောက်တယ်လို့ နင်ထင်သလား...ငါနင့်ရဲ့ ပညာရပ်ကို အလကား မသင်နိုင်ဘူး"

ကျန်းရှုယောင်က ချမ်းသာသော မိသားစုမှ ဆင်းသက်လာပြီး သူမ၏ ငွေအနည်းငယ်ကို မလိုအပ်ပါချေ။ ကျိုးရှီ အနည်းငယ် စိတ်ပူနေသည်။

ကျန်းရှုယောင်က သူမ စကားကြားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီးပြောလိုက်၏။

"ကျွန်မ ယောက်မဆီက အလုပ်သင်ကြေး ဘယ်လိုလုပ်တောင်းနိုင်မှာလဲ"

ကျိုးရှီ၏လက်ကိုကိုင်ကာ သူမတစ်ခါမှမမြင်ဖူးသော ကျိုးရှီမျက်လုံးထဲရှိအလင်းရောင်ကိုကြည့်ပြီးနူးညံ့စွာပြောလိုက်သည်။

"ဒုတိယယောက်မ ဟင်းချက်တတ်တာကယောက်မပျော်အောင်လုပ်ပေးနိုင်ရင် ဒါက ပိုက်ဆံထက် အများကြီးပိုတန်ဖိုးရှိတယ်...ဒါကို ကျွန်မရဲ့ကျေးဇူးတင်လက်ဆောင်အဖြစ် အသုံးချလိုက်ပါ"

ကျိုးရှီက သူမကို စကားမပြောဘဲ ကြည့်နေသည်။

ကျန်းရှုယောင် အနည်းငယ်ရှက်သွားသည်။ မိမိက ယခင်က ဤမျှ နူးညံ့ညင်သာသူမဟုတ်သည့်အတွက် သူမက ကြောင်သူတော်ဟု ထင်ကောင်းထင်ပေမည်။

သူမလက်ကို ရုတ်သိမ်းတော့မည်ဖြစ်သော်လည်း ကျိုးရှီက  သူမကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ကျိုးရှီက သူမကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး
စိတ်ရောကိုယ်ပါနှစ်၍အပြည့်အဝအာမခံလေ၏။

"စိတ်မပူပါနဲ့ တတိယယောက်မ... ငါ သေချာပေါက် အချက်အပြုတ် သေချာလေ့လာပြီး နင့်ရဲ့ ကြိုးစားအားထုတ်မှုကို ဘယ်တော့မှ မဖြုန်းတီးဘူး... မသင်နိုင်ရင် ငါကျိုးလောရင် ငါ့နာမည်ကို ဇောက်ထိုးရေးပစ်လိုက်မယ်"

ကျန်းရှုယောင် သူမ၏ ကျယ်လောင်သော အသံကြောင့် အံ့အားသင့်သွားပြီး သူမနောက်ကျောပုတ်ပေးလိုက်သည်။

"အဲဒါက မလိုအပ်ပါဘူး... သင်ယူရခြင်းရဲ့ အဓိက အကြောင်းရင်းက ပျော်ရွှင်ဖို့ပဲ...ကျွန်မတို့ သင်ယူဖို့ ကျရှုံးရင် အတင်းလုပ်လို့မရဘူး"

သူမ ကျိုးရှီ၏လက်များမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း ကျိုးရှီ၏ အင်အားကြောင့် ထပ်မံ ဖိနှိပ်ခံခဲ့ရသည်။

"ဒုတိယယောက်မ"

ကျိုးရှီက စက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်နေပြီး "ညီမလေး... နင်က သိပ်ကြင်နာတာပဲ... ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေးပြောသည်။

ရှင်းနေသည်မှာ တိုတောင်းသောစာကြောင်းမျှသာဖြစ်သော်လည်း ကျန်းရှုယောင်
၎င်းကိုကြားသောအခါ ချဉ်စူးသလိုခံစားရကာ ကျိုးရှီကိုဖက်ပြီး သူမ၏ကျောကို အသာာအယာ ပွတ်သပ်ပေးလိုက်သည်။

ကျိုးရှီက သူမ၏ စိတ်ခံစားမှုများကို ဖြေလျှော့ပြီး လက်ကို လွှတ်ကာပြောလိုက်၏။

"ကောင်းပြီ...စသင်ကြရအောင်"
သူမက ချိုင်းထောက်ကိုယူကာမေးသည်။
"ဘာအရင်သင်ရမလဲ"

"အင်း...ဓားကိုင် အရင်လေ့လာရအောင်...ယောက်မမှာ စားဖိုမှူးပြတ်လတ်မနေပေမဲ့ ဓားကိုင် လေ့ကျင့်တဲ့ လုပ်ငန်းစဉ်က ပါဝင်ပစ္စည်းတွေကို ကောင်းကောင်းနားလည်နိုင်စေမှာ—"

သူမစကားမဆုံးခင် ကျိုးရှီက သူမ၏ ချိုင်းထောက်များပေါ်တွင်အားပြုကာ မတ်တပ်ထရပ်ပြီး မီးဖိုချောင်ဆီသို့ ထော့နဲ့ထောနဲ့သွားသည်။

"ငါ အခုစပြီး လေ့ကျင့်တော့မယ်"

ကျန်းရှုယောင်က သူမနောက်ကို အလျင်အမြန် လိုက်လာပြီးသတိပေးရ၏။

"ဖြေးဖြေး...မလဲစေနဲ့"

တစ်ခုသော နေ့လည်ခင်းတွင် ကျိုးရှီ သူမ၏ မီးဖိုချောင်ငယ်လေးထဲက ပန်းကန်များအားလုံးကို လှန်လောပစ်လိုက်သည်။ လှုံ့ဆော်မှု ပေါ်လာသည်နှင့် တပြိုင်နက် ရပ်တန့်မရနိုင်သော ဤပုံစံသည် သခင်မရှန်းယန် နှင့် အလွန်ဆင်တူသည်။

ကျန်းရှုယောင် ညအချိန်တွင် တတိယအိမ်တော်ခွဲသို့ ပြန်ရောက်ပြီးနောက်အထိ ကျိုးရှီက သူမ၏ မီးဖိုချောင်ငယ်လေးတွင် သူမ၏ဓားကျွမ်းကျင်မှုကို လေ့ကျင့်နေဆဲဖြစ်သည်။

....

ရှဲ့လန် ခြံဝင်းအပြင်ဘက်မှာ ယောင်လည်လည်လုပ်နေသော်လည်း အကြာကြီးနေသည့်တိုင် အထဲသို့ မဝင်ရဲပေ။

ဖြတ်သွားသည့်အစေခံတစ်ယောက်က သူ့ကိုမြင်ပြီး လေးလေးစားစားဦးညွှတ်သည်။

"သခင်မရဲ့ ဒဏ်ရာက ဘယ်လိုနေလဲ "
ရှဲ့လန်က မေးလိုက်သည်။

သူ့တွင် ချောမောသော မျက်နှာရှိပြီး လရောင်တို့ပက်ဖြန်းထားသောအခါဝယ် ကောင်းကင်မှ နတ်သက်ကြွေလာသော နတ်သားတစ်ပါးကဲ့သို့နှယ်ရှိနေ၏။

အစေခံက မော့မကြည့်ရဲပေ။

"သခင့်ကို ဖြေကြားပါတယ်...သခင်မရဲ့ ဒဏ်ရာက အတော်လေး ပိုကောင်းလာပါတယ်... ဒါပေမဲ့ သခင်မက အိပ်ပြီး သူ့ခန္ဓာကိုယ်ကို စနစ်တကျ မပျိုးထောင်ချင်ဘူး...နေ့တိုင်း လမ်းလျှောက်ပြီး မတ်တပ်ရပ်နေပါတယ်...သမားတော်ကလည်း သူ့ကိုမဖြောင့်ဖြနိုင်ဘူးဖြစ်နေပါတယ်"

ရှဲ့လန် ထိုစကားကို ကြားလိုက်သောအခါ သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုရှိနေ၏။ အတိတ်ကို တမ်းတကာ သက်ပြင်းချရင်း ဆိုလိုက်သည်။

"သူက ဒီလိုစရိုက်မျိုးပဲ"

နှစ်ယောက်ကြားက ခွာပြဲနေမှုကို တွေးမိသည့်အခါ သူ့အပြုံးက အေးခဲသွား၏။ထို့ကြောင့် သူက မေးလိုက်သည်။

“သူက ငါ့ကို တွေ့ခွင့်မပေးသေးဘူးလား”

အစေခံက ခေါင်းငုံ့ကာ "ဟုတ်ပါတယ်" ဟု စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။ ရှဲ့လန်က ဒုတိယအိမ်တော်ခွဲ၏အရှင်သခင်ဖြစ်သည်။ ခြံဝင်းထဲကို ဝင်ချင်ပါက ဘယ်သူမှ တားရဲ​မှာ မဟုတ်ပေ။

ရှဲ့လန်က ခဏတာ တိတ်ဆိတ်နေပြီး တောက်ပနေသော လကို မော့ကြည့်လိုက်ကာ "သူ အခု ဘာလုပ်နေလဲ" ဟု မေးသည်။

အရင်ရက်အနည်းငယ်ကလို စာအုပ်ဖတ်နေသည် သို့မဟုတ် ပြတင်းပေါက်ရှေ့မှာထိုင်ရင်း လကိုရှုစားနေသည်ဟူသော အဖြေကို သူကြားရလိမ့်မည်ဟု သူထင်ခဲ့ပေမဲ့ အစေခံက တွန့်ဆုတ်နေပြီး ဆိုလာ၏။

“… သခင်မက မီးဖိုခန်းငယ်လေးမှာ ဓားကိုင် လေ့ကျင့်နေပါတယ်“

ရှဲ့လန် အံ့သြသွားသော်လည်း အမူအရာမပြလိုက်ပေ။

"မီးဖိုချောင်လား"

အစေခံက ခေါင်းညိတ်သည်။

ကျန်းရှုယောင်က အခုတလော ဒုတိယအိမ်တော်ခွဲသို့ ကျိုးရှီထံလည်ပတ်ရန် လာရောက်လေ့ရှိသည်ကို ရှဲ့လန်တွေးမိလိုက်၏။ ဤကိစ္စသည် သူမနှင့် သက်ဆိုင်သည်ဟု သူထင်သည်။

သို့ပေမဲ့ ကျိုးရှီက ဟင်းချက်သင်ယူချင်သည်ဟုသူဘယ်တုန်းကမှ မထင်ခဲ့မိပေ။ သူမက သူမ၏အိပ်ခန်း အပြင်မထွက်မီ ဓားရှည်များကိုသာ လေ့ကျင့်ခဲ့သည်။

"ငါသွားကြည့်လိုက်မယ်"

ရှဲ့လန် ရုန်းကန်နေရသော်လည်း ကျိုးရှီကို တိတ်တဆိတ်ကြည့်ရန် စီစဉ်လိုက်ဆဲဖြစ်၏။

မီးဖိုချောင်ငယ်လေးက တောက်ပစွာလင်းနေပြီး ရှဲ့လန် တံခါးနားမရောက်မီတွင် စူးရှကျယ်လောင်သော "ခုတ်ထစ်သံ" ကိုကြားလိုက်ရသည်။

တံခါးနားသို့ တိတ်တဆိတ်လျှောက်လာချိန်တွင် ကျိုးရှီ၏ အတွေးအပိုင်းအစများကို ကြားလိုက်ရသည်။

"ဒီဓားကိုင်တဲ့အဆင့်လောက်က ငါ့ကို ဒုက္ခမပေးနိုင်ဘူး ဟားဟားဟား"

သူ သူမ၏တောက်ပပြီး ဟက်ဟက်ပက်ပက်ရှိသောလေသံကို မကြားရသည်မှာ နှစ်အတော်ကြာပြီဖြစ်၏။သူ တခဏချင်း မိန်းမောသွားခဲ့သည်။


ကျိုးရှီတစ်ယောက် ပျော်ရွှင်စွာ အသီးအရွက်များကို ဖြတ်တောက်နေသော်လည်း သူမ မျက်လုံးထောင့်တွင် တံခါးဘောင်ပေါ်မှ အနက်ရောင် အရိပ်တစ်ခု တွေ့လိုက်ရသည်။ သူမ မသိစိတ်တွင် နိုးကြားလာကာမေးလိုက်၏။

"ဘယ်သူလဲ"

ရှဲ့လန် အသိစိတ် ပြန်ဝင်လာပြီး ရှေ့ကို ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။

"ကိုယ်ပါ"

သူ့ရုပ်ပုံလွှာ တံခါးဝမှာ ပေါ်လာသည်ကို မြင်သောအခါ ကျိုးရှီ ကြောင်အသွားလေ၏။

ရှဲ့လန် မြင်မြင်ချင်းပင် သူမ၏ ခန္ဓာကိုယ်ကို ထောက်ထားသည့် ချိုင်းထောက်ကို တန်းမြင်ပြီး သက်ပြင်းချကာ မနေနိုင်ဘဲဖြောင့်ဖြလိုက်သည်။

“ဒဏ်ရာမပျောက်သေးဘဲ အကြာကြီး မရပ်သင့်ဘူးလေကွာ"

သူ၏နူးညံ့သိမ်မွေ့မှုက ဘယ်တော့မှ မပြောင်းလဲပါချေ။ ကျိုးရှီ၏နှလုံးသား တုန်ရီသွားသည်။ ဒီလိုမျိုးဖြစ်ပြန်တယ်...အမြဲတမ်းဒီလိုပါပဲ...


Xxxx