Chapter 74
ကြက်ကြော်
သူမ အရင်က အကြိမ်ပေါင်း မရေမတွက်နိုင်သော ဝမ်းနည်းမှု သို့မဟုတ် ဒေါသဖြစ်ချိန်တိုင်း အခိုက်အတန့်သို့ ပြန်ရောက်သွားပုံရသည်။သူမ ရှဲ့လန်ကို မကျေမနပ်ပြောဆိုလေတိုင်း သူ၏ နူးညံ့သိမ်မွေ့မှုကြောင့် သူမအသိလွတ်သွားရသည်။ အကြိမ်ပေါင်း မည်မျှပင် သူ သူမကိုထိုးနှက်သည်ဖြစ်စေ ၊ သူ့ကို ခြောက်မိပြီး ငြင်းပယ်ခံရမည်ကို စိုးရိမ်သောကြောင့် ချက်ချင်းပင် သူမ အတွေးများကို သိမ်းဆည်းခဲ့သည်။
ရှဲ့လန်က သူမ သူ့ကို တည့်တည့်စိုက်ကြည့်နေသည်ကိုတွေ့သောအခါ ရှေ့ကို ခြေတစ်လှမ်း လှမ်းကြည့်လိုက်၏။
"လောရင်"
သူစကားမဆုံးခင် ကျိုးရှီက ရုတ်တရက် လှုပ်ရှားလိုက်လေသည်။
ချွန်ထက်သော ဓားအလင်းတန်းတစ်ခုက လေထဲတွင် ကွေ့ပတ်သွားကာ မဝေးသော စားပွဲပေါ်ရှိ ခြင်းတောင်းထဲမှ ရွှေဖရုံသီးထဲသို့ ထိုးစိုက်သွားသည်။
"အဲ့လို မခေါ်နဲ့"
သူမက အေးစက်စွာပြောသည်။
ရှဲ့လန် ထိတ်လန့် အံသြသွားသည်။သူရပ်လိုက်ပြီး ရွှေဖရုံသီးပေါ်စိုက်နေသည့် မီးဖိုချောင်သုံးဓားကိုကြည့်ပြီး ကျိုးရှီ၏အမူအရာကိုကြည့်လိုက်၏။
သူတို့လက်ထပ်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ပေမဲ့ ဤသည်က ကျိုးရှီ၏အေးစက်သည့်မျက်နှာကို သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
ခဏတာ ဘယ်လိုတုံ့ပြန်ရမှန်းကို မသိတော့ဖြစ်သွား၏။
“ကိုယ်…”
ကျိုးရှီက သူ့ကို မကြည့်တော့ဘဲ မီးဖိုချောင်သုံးဓားကို ရွှေဖရုံသီးထဲက ဆွဲထုတ်ဖို့လျှောက်လာပြီး အတော်လေးကိုမှ ပြတ်သားသောအသံဖြင့်ဆိုသည်။
"ခြံဝင်းက ဒီလောက်ကြီးတာ... ဘာလို့ ငါ့ကို လာလာနှောက်ယှက်နေတာလဲ...ငါက မီးဖိုချောင်ထဲနဲ့အရှေ့တောင်ပံမှာပဲ အသိုက်လုပ်နေတာ... ငြိမ်းချမ်းရေးကို ထိန်းထားရင် မကောင်းဘူးလား"
ရှဲ့လန် သူ့စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူမ၏အေးစက်သော လေသံကို နားထောင်ရင်း ထူးဆန်းသော အမူအရာကို ကြည့်လိုက်ရာ သူ့ရင်ထဲတွင် ထိတ်လန့်တကြား ခံစားချက်များ ရုတ်တရက် ပေါ်လာသည်။
"တောင်းပန်ပါတယ်... ကိုယ်မဟုတ်—"
သူက ရှင်းပြချင်၊ ညှိနှိုင်းပြီး လိုက်လျောချင်ပေမဲ့ ကျိုးရှီက နားမထောင်ချင်ပေ။
သူမက ဓားလက်ကိုင်ကို စိတ်မရှည်စွာ ညှစ်လိုက်ပြီး သူ့ကိုတစ်ချက်ကြည့်ကာ ဆိုသည်။
"နင် သွားလို့ရပြီ"
သူက စကားတစ်ခွန်းထပ်ပြောပါက သူ့မလက်ထဲက မီးဖိုချောင်သုံးဓားကို ရွှေဖရုံသီးဆီပစ်မှာမဟုတ်တော့သကဲ့သို့ပင်။
ရှဲ့လန်၏ ကျောက်စိမ်းလိုမျက်နှာဖုံး ကွဲသွားသည်။သူက မျက်မှောင်ကြုတ်ကာ စိုးရိမ်နေသော်လည်း ကျိုးရှီ၏ သဘောထားမှာ ထင်ရှားသည်။ သူထပ်ပြောလျှင် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ဖြစ်၏။
ကျိုးရှီက သူမစကားပြောပြီးနောက် မရပ်ဘဲ မီးဖိုချောင်ကောင်တာဆီသို့ ပြန်သွားခဲ့ကာ သူ့ကို အပိုအကြည့်တစ်ချက်မှ မပေးလိုချေ။
ယခုကဲ့သို့သောကျိုးရှီကိုရင်ဆိုင်လိုက်ရသောအခါ ရှဲ့ရွှင်း ပထမဆုံးအကြိမ် ရှက်ရွံ့သွားသည်။ သူစကားမပြောတော့ဘဲ သံသယစိတ်ဖြင့် ထွက်ခွာသွားခဲ့သည်။
သိပ်မကြာခင်မှာပဲ မီးဖိုချောင်ထဲမှာ ကျယ်လောင်သည့် ခုတ်ထစ်သံတစ်သံ ထပ်ထွက်လာ၏။
ခပ်ပြတ်ပြတ်အသံများကြားမှာ ကျိုးရှီက တိုးတိုးလေးပြောပြီးရေရွတ်လိုက်သည်။
"ဒါက ငါ့အချိန်တွေကို နှောင့်နှေးနေတာပဲ...တစ်ရက်လေ့ကျင့်ပြီး မတိုးတက်ရင် မနက်ဖြန်မှာ စိတ်ပျက်သွားမိလိမ့်မယ်... ဟေး ငါအရမ်းပျင်းလာပြီး ... အသီးအရွက်တွေ မဖြတ်တော့ဘူး...ဒီလောက်ဆို လုံလောက်ပြီထင်တယ်"
ရှဲ့လန် မီးဖိုချောင်တံခါးဝတွင် ရပ်လိုက်ပြီး အောက်ကို အနည်းငယ်ငုံ့လိုက်သည်။ သူမစကားတွေကို နားထောင်ရင်း ရုတ်တရက် ပြုံးလိုက်မိသည်။
သူမ၏ ထက်မြက်မှုနှင့် ချစ်စရာကောင်းမှုကြောင့် သူ ရယ်မိသလို သူ့ကိုယ်သူ၏ အဓိပ္ပါယ်မရှိမှုကြောင့်လည်း သူ ရယ်မိပါ၏။
*
"ယူလာလား"
အမှောင်ထဲမှာ တစ်ယောက်ယောက်က မေးသည်။
"ပါတယ်"
တခြားလူက ပြန်ဖြေ၏။
"ထုတ်ပြီး ကုန်ပစ္စည်းတွေကို စစ်ဆေးခွင့်ပေးပါ"
"မင်းငါ့ကိုယုံလို့ရမလား...သေချာပေါက်ကောင်းတယ်"
"ကောင်းပြီ"
အမျိုးသမီးအသံကဆိုသည်။
"အထဲဝင် ပြောကြရအောင်"
"... ငါတို့က ဒီလိုဆို ခိုးကြောင်ခိုးဝှက်ဖြစ်လွန်းသွားမလား"
ရှဲ့ရွှင်းက အသံတိုးတိုးဖြင့် မေးသည်။
ကျန်းရှုယောင်က ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်ကာ ပြတင်းပေါက်မှ ခုန်ဆင်းကာပြန်ပြေ၏။
"အစားစားတဲ့ဟာကို ဘယ်လိုလုပ်ခိုးကြောင်ခိုးဝှက်ဖြစ်မှာလဲ"
ရှဲ့ရွှင်းက သူမနောက်ကနေ မီးဖိုချောင်ကျယ်ကြီးထဲသို့ လိုက်သွားပြီး ပြတင်းပေါက်ကိုပိတ်ကာဆိုလိုက်သည်။
"ဒါက လုပ်သင့်လုပ်ထိုက်တာကို မဟုတ်ဘူးလို့ အမြဲခံစားရတယ်...ကိုယ့်အိမ်မှာကိုယ်စားတဲ့ သောက်တဲ့ဟာကို ဘယ်လိုလုပ် အပြစ်ရှိသလိုခံစားရလဲမသိ"
ကျန်းရှူယောင်ကဆို၏။
"ရှင့်အမေက မိသားစုဥပဒေကို ကျင့်သုံးနေတာ... သူက ကျွန်မကို စိုက်ကြည့်တော့ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးကျ ကျွန်မက လှန်လောပြီး စားသောက်နေတုန်းပဲ...အပြစ်ရှိစိတ်မဖြစ်ဘဲနေမလား"
သူမက ရှဲ့ရွှင်းကို ပုတ်လိုက်ပြီး
"ကျွန်မမြည်းဖို့ ဝိုင်ကို မြန်မြန်ထုတ်"
ရှဲ့ရွှင်းက ဝိုင်အိတ်ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထုတ်ယူပြီး သူမဆီပေးလာသည်။
"ဒါက ပေကျင်းမှာရှိတဲ့ အကောင်းဆုံး ဝိုင်ဆိုင်က"
သခင်မကြီး ပို့လိုက်သည့် အိမ်ထိန်းအဘွားက အင်မတန် တင်းကြပ်၏။ သူမက မီးဖိုချောင်ကို အလုံပိတ်ထားရုံသာမက ဝိုင်အရက်ခန်းကိုလည်း သော့ခတ်ထားပါသေးသည်။
သူမ အဆို့ကို ဆွဲထုတ်ပြီးရှူရှိုက်လိုက်သည်။ "အင်း... တကယ်ကောင်းတယ်"
"မင်းဘာလို့ ဝိုင်ကို ဒီလောက်ကြိုက်တာလဲ"
ရှဲ့ရွှင်းက ညည်းညူလိုက်သည်။
"ကျွန်မက သောက်ရတာ သိပ်မကြိုက်ပါဘူး...ဒါပေမဲ့ ဒီနေ့ညလယ်စာက ဝိုင်နဲ့လုံးဝလိုက်ဖက်မှာ"
"ငါတို့ ညလယ်စာစားဖို့ ဘာရှိလဲ"
ရှဲ့ရွှင်းက အဆိုပါအကြောင်းအရာကို ဦးဆောင်ခဲ့သည်။
ကျန်းရှုယောင် အစားအသောက်ပုံးထဲမှ သူမယူလာသော ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များထုတ်လိုက်၏။
"ကြက်ကြော်"
ရှဲ့ရွှင်းက ဖယောင်းတိုင်ထွန်းခြင်း၊ ထင်းမီးရှို့ခြင်းတို့ကို ရင်းနှီကျွမ်းကျင်နေသည်။ ကျန်းရှုယောင်လည်း အားလပ်မနေပါချေ။ အိုးကိုတည်ပြီး ဆီနည်းနည်းလောင်းလိုက်သည်။ ဆီပူလာလျှင် နှပ်ထားသော ကြက်တောင်ပံများနှင့် ကြက်ပေါင်များကို အိုးထဲသို့ လောင်းထည့်လိုက်၏။
"အပွတ်အဆွဲ" လှုပ်ရှားမှုဖြင့် ကြက်တောင်ပံများနှင့် ကြက်ပေါင်များကို အိုးထဲတွင် ခဏထားပြီးနောက် ဆီနံ့ထွက်လာသည်။
ကြော်ထားသော အစားအစာ၏ အနံ့ အလွန်ပြင်းပြီး သိသာထင်ရှားစွာပင် ဆီများပြီး လူကို ပျို့အန်ချင်စေရမှာဖြစ်သော်လည်း ထိုအစား လူကို တံတွေးမျိုချစေသည်။
ကြက်ပေါင် နှင့် အတောင်များကို ကြော်ပြီးနောက် အိုးထဲမှ ထုတ်ကာ ဆီစစ်ရန် ဘေးဖယ်ထားလိုက်သည်။ ထို့နောက် ဆီအပိုများကို လောင်းထည့်ပြီး ဆော့စ်ပြုလုပ်ရန် ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်ထည့်သည်။
ငရုတ်ဆော့စ်အချိုက ပွက်ပွက်ဆူလာပြီး အနံ့များ လှိုင်လှိုင်ထလာပြီးနောက် ကြက်ပေါင်နှင့် ကြက်တောင်ပံတစ်ဝက်ခန့်ကို အိုးထဲသို့ပစ်ချကာ ကြက်တောင်ပံများကို ဆော့စ်အပြည့်လူးစေသည်။ နောက်ဆုံးတွင် နှမ်းစေ့များ ဖြူးကာ အိုးထဲမှ ဆယ်လိုက်၏။
ကြက်ကြော်လုပ်ပြီးနောက် ကျန်းရှုယောင် သံဒယ်အိုးကိုကြည့်ကာပြောလိုက်သည်။
"ဒီဒယ်အိုးကိုဘယ်လိုလုပ်လဲ"
ရှဲ့ရွှင်း တွေးကြည့်လိုက်သည်။
"ကိစ္စမရှိဘူး...ငါ ကျိယန်ကို လာဖြေရှင်းခိုင်းလိုက်မယ်"
ထို့ကြောင့် သူတို့နှစ်ဦးသည် အစားအသောက်ပုံးများတွင် ကြက်ကြော်ထည့်ကာ ပင်မမီးဖိုချောင်မှ ခိုးထွက်ခဲ့ကြသည်။
လူတို့၏မျက်စိနှင့်နားကိုရှောင်ရန် ပင်မမီးဖိုချောင်နှင့်မနီးမဝေးရှိ ဥယျာဉ်ငယ်တစ်ခုသို့ ပြေးသွားကာ ကျောက်ဆောင်နောက်ကွယ်ရှိ မြေကွက်လပ်တစ်ခုကို တွေ့လိုက်ရသည်။ သူတို့ရှေ့မှာ ရေကန်လေးတစ်ခုရှိ၏။ ရေကန်၏ မျက်နှာပြင်ပေါ်ရှိ တောက်ပသော လ၏ ရောင်ပြန်ဟပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နိုင်ပြီး သာယာသော လေနုအေးလေးကတိုက်ခတ်နေကာ သက်တောင့်သက်သာ ခံစားမှုကို ပေးစွမ်းသည်။
ကျန်းရှုယောင် အစားအသောက်ပုံးကိုထုတ်ကာ ကြက်တောင်ပံများကို တိုက်ရိုက်ကောက်ယူလိုက်သည်။
ကြက်တောင်ပံများက အပေါ်ယံမှာ ကြွပ်ဆတ်ပြီး ကိုက်သည့်အခါ အသံထွက်လာ၏။ အပြင်ဘက် အရေခွံ ကွဲသွားပြီးနောက် အတွင်းမှ အပူများ တဟုန်ထိုး ထွက်ပေါ်လာပြီး အရသာရှိသော ကြက်သားအချိုရည်များသည် သူမ၏ လျှာဖျားဆီသို့ စီးကျကာ အရသာခံဖုများကို ချက်ချင်း နိုးထလာစေသည်။
ကြက်ကြော်အတွင်းပိုင်းရှိ ကြက်သားသည် အလွန်နူးညံ့ကာ အရည်ရွှမ်းပြီး ရေနွေးငွေ့နှင့် အပူများကို ကြွပ်ရွသော အပြင်ဘက်အရေခွံဖြင့် တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ အဆီအနှစ်ကို တစ်ချက်ကိုက်လိုက်ရုံဖြင့်ထွက်လာကာ အပြင်အရေပြား၏ ဆီများသော အရသာကို လုံးဝ ပျက်ပြယ်စေကာ တွဲစားလေလေ ပိုမွှေးလေလေ ဖြစ်သည်။
စပ်သောအရေခွံကို ဝါးပြီး နူးညံ့သော ကြက်သားကို စားပြီးနောက် အရိုးပေါ်ရှိ စေးကပ်သော အသားများကို သူမ မေ့မသွားခဲ့ပေ။ ကြက်ရိုး၏အစွန်းကိုယူ၍ ဂရုတစိုက်ဖြင့် ခြစ်ကာ နောက်ဆုံးတွင် ကျန်တစ်ဖက်ကို ကိုက်စားရမည်။ ကြွပ်နေသောအရိုးများပင်အရသာရှိ၏။
ကြက်သားကြော်မှာ အရသာနှစ်မျိုးရှိပြီး တစ်မျိုးက ငရုတ်သီးမှုန့်၊ ဆား၊ ငရုတ်ကောင်းတို့ထည့်ထားပြီး နောက်တစ်မျိုးက ချိုစပ်ဆော့စ်နှင့်ဖြစ်သည်။
ရှဲ့ရွှင်း သူ့လက်ကို အစောပိုင်းတွင် မသုံးချင်သော်လည်း တူနှင့် စားရသည်မှာ အမှန်တကယ်ပင် ခက်ခဲသောကြောင့် သူလက်လျှော့ပြီး သူ့လက်ကို အသုံးပြုခဲ့သည်။
သူက ချိုစပ်ဆော့စ်ဖြင့် အုပ်ထားသည့် ကြက်တောင်ပံတစ်ပိုင်းကို ကောက်ယူလိုက်၏။ လရောင်အောက်မှာ နီညိုရောင်ဆော့စ်က တောက်ပနေပြီး နှမ်းဖြူစေ့တွေက အထူးထင်ရှားနေသည်။ အပူက မပျောက်သေးဘဲ ချိုစပ်စပ်အနံ့ဖြင့် အရသာက အလွန်ဆန်း၏။
ဆော့စ်က အလွန်ပျစ်အောင်ကျိုထားသည်။အရည်မကျလွန်းသလို စိုလည်းစိုမနေပေ။ ကြက်ကြော်ကို တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားပြီး သူ့ခံတွင်းက ချိုချဉ်အရသာနှင့်ပြည့်နေ၏။ ချိုသော်လည်း မအီ၊ စပ်သော်လည်း မွန်ထူမနေပေ။
ဆော့စ်နှင့် အုပ်ထားလျှင်ပင် ကြက်သားကြော်၏ အရေခွံက ကြွပ်နေသေးပြီး ဝါးလိုက်သည့်အခါ ကြွပ်ရွနေသေးသည့်အပြင် အရေခွံကလည်း စား၍ ကောင်းလေသည်။
အပြင်အရေခွံ၏ ပြင်းထန်သောအရသာကြောင့် ကြက်သား၏လတ်ဆတ်မှုက ပို၍ထင်ရှားလာသည်။ အဆီအနှစ်ကို ကိုက်လိုက်သည့်အခါ နူးညံ့သော ကြက်သားက အရိုးများကို ပေါ့ပါးစွာ ထိလိုက်ရုံဖြင့် ကျွတ်ထွက်သွားသည်။ ချိုစပ်စပ်အရေခွံ၊ စစ်မှန်သော လတ်ဆတ်မှုနှင့် အချို အစပ်အလွှာများစွာ ပေါင်းစပ်ထားသောကြောင့် လူများကို မရပ်နိုင်ဖြစ်စေသည်။
ကြက်ကြော်ကို မျိုချပြီး ဝိုင်သောက်လိုက်၏။ အနည်းငယ်စပ်သောအရသာက ခံတွင်းအတွင်းရှိ ရှုပ်ထွေးသောအရသာကို ပျော့ပျောင်းစေသည်။ အသီးအနှံအရသာခပ်ပေါ့ပေါ့က ဆီများမှုပပျောက်စေသည်။ အချိုဓာတ်က လန်းဆန်းစေကာ အရသာက လတ်ဆတ်ပြီး ကြာရှည်ခံသည်။
ကြက်သားကြော်လေးကိုက်လိုက် ဝိုင်လေး တစ်ငုံသောက်လိုက်ဖြင့် အလွန် ပျော်စရာကောင်း၏။
နှစ်ယောက်သား ငြိမ်ငြိမ်လေးစားနေကြပြီး မကြာခင်မှာဘဲ ကြက်ကြော်ကပြောင်လက်သွားပြီး ဝိုင်လည်းမကျန်တော့ပေ။
ကျန်းရှုယောင် သူမ၏ လက်ချောင်းများကို သုတ်လိုက်ပြီး ကြက်အရိုးများနှင့် ဝိုင်အလွတ်အိတ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ရှဲ့ရွှင်းက ဝိုင်အနည်းငယ်သောက်ပြီး အများကြီး စိတ်ပြေလက်ပျောက်ဖြစ်သွားကာ "ဒါက အရမ်းကောင်းတာပဲ" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျန်းရှုယောင်ကလည်း စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချရင်းဆို၏။
"ဟုတ်တယ်...ကျွန်မတို့ကစားတဲ့နေရာမှာ တော်တော်လိုက်ဖက်တယ်"
အကြိုက်ချင်းတူရုံသာမက ညလယ်စာအတူတူစားရန်အတွက်လည်း မိုက်တိမိုက်ကန်းလုပ်နိုင်ကြသည်။
ရှဲ့ရွှင်းက ခေါင်းညိတ်ပြပြီး လှပသည့်လကို ကြည့်ကာပြော၏။
"အနာဂတ်ကျရင် ဒီလိုမျိုး အမြဲလုပ်ရရင် ကောင်းမယ်"
လက နူးညံ့၍ လေက ညှင်းသွဲ့သည်။
"အမြဲ" နှင့် "အနာဂတ်" ဟူသော စကားလုံးများနှင့် ပတ်သက်လာလျှင် ရိုမန်တစ်ဆန်သော လေသံမျိုး ဖြစ်ပေါ်လာခြင်းမှာ ရှောင်လွှဲ၍မရပေ။
ကျန်းရှုယောင်က သူမခေါင်းကို လှည့်ပြီးပြုံးကာပြောလိုက်သည်။
"မကောင်းပါဘူး...ဒီလိုမျိုး ဆက်စားရင် ရှင်ဝလာလိမ့်မယ်"
ရှဲ့ရွှင်းကလည်း ခေါင်းလှည့်ကာ သူမကို စိုက်ကြည့်လာသည်။ လရောင်အောက်တွင် မျက်နှာသွင်ပြင်များက အနည်းငယ် ပျော့ပျောင်းနေပြီး မျက်လုံးများပင် ဝိုင်နှင့်အတူ နူးညံ့နေသည်။
ကျန်းရှုယောင်၏ နားရွက်များ ရုတ်တရက် ပူလာပြီး သူမ၏ နှလုံးခုန်သံ မြန်လာကာ လျင်မြန်စွာသူ့အကြည့်ကို ရှောင်လိုက်သည်။
ထို့နောက် သူမနားထဲတွင် ရှဲ့ရွှင်း၏ သံလိုက်ကဲ့သို့အသံကို ကြားလိုက်ရသည်။
"ငါက နေ့တိုင်း သိုင်းပညာနဲ့ ဓားရှည်တွေကို လေ့ကျင့်တယ်...ဝဖို့ ခက်တယ်...ဒါပေမဲ့ မင်းက တစ်နေ့လုံး–"
ကျန်းရှုယောင်: ?
ရှက်ရွံ့မှုနှင့် နှလုံးခုန်သံများအားလုံး တခဏတွင်းချင်း ပျောက်ကွယ်သွားသည်။ ကျန်းရှုယောင် ခေါင်းကို လှည့်ကာ ရှဲ့ရွှင်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
ရှဲ့ရွှင်း ကမန်းကတန်း ပါးစပ်ပိတ်လိုက်ပြီး သီးလုနီးပါးပင်။
ကျန်းရှုယောင်က စူးစူးရဲရဲကြည့်ရင်း
"ကျွန်မကဘာလဲ"
ရှဲ့ရွှင်း သူအမှားလုပ်မိကြောင်း သဘောပေါက်လိုက်သည်။ သူ မူးနေသဖြင့် အနည်းငယ် နှေးကွေးနေပြီး “မင်း…” ဟူသော စကားဖြင့် တုံ့ဆိုင်းသွားသည်။
ကျန်းရှုယောင်က အံကြိတ်ကာ
"ကျွန်မက ဝလာလိမ့်မယ်လို့ ပြောချင်တာလား"
ရှဲ့ရွှင်း: "ငါ...အဲလိုမပြောခဲ့ဘူး"
ကျန်းရှုယောင်: "ဟမ့်"
သူမ မတ်တပ်ထရပ်ပြီး ရက်ရက်စက်စက် ပြောလိုက်၏။
"ဒီည ကိုယ့်ဘာသာတစ်ယောက်တည်း အိပ်" ထို့နောက် သူမက စိတ်ကောက်ပြီး ထွက်သွားသည်။
ရှဲ့ရွှင်းတစ်ယောက် အစားအသောက်ဘူးကိုသယ်ရင်း သူမကို အမြန်အမှီလိုက်ရသည်။
"ငါမှားသွားတာပါ"
"သွားပါ"
"... မင်းက ဝမှာမဟုတ်ဘူး"
"အိုး...လူကြီးလူကောင်းက လိမ်လို့ရမလား"
"......ငါမှားပါတယ်"
"ဟမ့်"
...
တစ်ခုပြီးတစ်ခု စကားသံများသည် နွေည၏လေပြေထဲသို့ တဖြည်းဖြည်း ပျော်ဝင်ပျောက်ကွယ်သွားခဲ့သည်။
..........
ကျန်းရှုယောင်က သူမရှေ့ရှိ လှီးထားသော အသီးအရွက်များထည့်ထားသည့်အိုးကြီးတစ်လုံးကို ကြည့်ပြီး ဘာမှမပြောပေ။
"ဘယ်လိုနေလဲ"
ကျိုးရှီက ဆောင်းဖရဲသီးတစ်စိတ်ကိုယူ၍ ကျန်းရှုယောင်အား ၎င်းကိုပြလိုက်ကာ သူမကိုစိတ်အားထက်သန်စွာကြည့်နေ၏။
"အံ့သြစရာကောင်းတယ်"
ကျန်းရှုယောင် ဟင်းသီးဟင်းရွက်များ ပြည့်နေသော အိုးများကို ကြည့်လိုက်သည်။ ဘယ်လို အသီးအရွက်မျိုးပဲဖြစ်ဖြစ် တူညီသည့် အကျယ်အဝန်းနှင့် ပုံစံတူ အတုံးလေးတွေဖြစ်အောင် လှီးဖြတ်ထား၏။
"ဒုတိယယောက်မ...ယောက်မ ဓားကိုင် လေ့ကျင့်စရာ မလိုတော့ဘူး... ဒီလောက်ဆို လုံလောက်ပြီ"
ကျိုးရှီက သက်ပြင်းချပြီး မျက်ခုံးပင့်ကာအောင်ပွဲခံစွာပြုံးပြလိုက်သည်။
"ငါ့မှာ ဓားနဲ့ပတ်သက်ပြီး တကယ် အရည်အချင်းရှိတယ်"
ကျန်းရှုယောင် ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။
"ဒါပေမဲ့ အသီးအရွက်တွေ အများကြီးပဲ... ဘာလုပ်ရမလဲ"
ကျိုးရှီ ကြောင်အမ်းသွားပြီး သူမ ကိုးရိုးကားယားခံစားလိုက်ရသည်။
"အာ ဟုတ်တယ်"
သူမ အိုးထဲက ဟင်းသီး ဟင်းရွက်မျိုးစုံကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီးဆိုလိုက်၏။
"ရပါတယ်... ပင်မမီးဖိုချောင်ကို ပို့လိုက်...အစေခံတွေစားကြလိမ့်မယ်"
ထို့နောက် သူမ မနေ့ကမှ တင်မြှောက်ခဲ့သော ဆရာသခင်အား မေးခွန်းတစ်ခုပစ်လွှတ်လိုက်သည်။
"ဒီ အသီးအရွက်မျိုးစုံနဲ့ ဘယ်လို ဟင်းလျာတွေ ငါတို့ ချက်လို့ရလဲ"
ကျန်းရှုယောင်က ရှက်ရွံ့မနေဘဲ ခဏလောက်စဉ်းစားပြီးပြောလိုက်သည်။
" မာလာထန့်၊ ဟော့ပေါ့၊ စွပ်ပြုတ်၊မွှေကြော်အစပ်... အများကြီးလုပ်လို့ရတယ်... ကျွန်မတို့ချက်တဲ့အခါ ယောက်မကိုရှင်းပြမယ်"
"ဒီနေ့ မာလာထန့် လုပ်ရအောင်... ပထမအဆင့်က ဟော့ပေါ့အနှစ်ကို မွှေကြော်ဖို့... ဒီမှာ စမုန်စပါးစေ့တွေကို အရင်ပြမယ်"
ကျန်းရှုယောင်က ကျိုးရှီကို စိတ်ရှည်ရှည်နှင့် ရှင်းပြခဲ့ပြီး သူမ ဂရုတစိုက် နားထောင်ခဲ့ပါသည်။ တခါတရံ မမှတ်မိနိုင်မှန်းသိလျှင် မှတ်စုရေးတတ်သည်။
စမုန်စပါးကို သူမအားပြသပြီးနောက် ကျန်းရှုယောင်က ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်မှုနည်းလမ်းများ၊ အကျိုးသက်ရောက်မှုများ၊ ကွဲပြားသောပေါင်းစပ်မှုများ အစရှိသည်တို့ကို သိရှိရန် သူမအား ခေါ်ဆောင်သွားခဲ့သည်။
ကျိုးရှိ အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးတွင် သူမ၏စည်းချက်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဟင်းချက်သည်က တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး မှော်ဆန်သည်ဟု သူမသက်ပြင်းချလိုက်မိသည်။
အခြေခံပညာကို ပြီးမြောက်ပြီးနောက် ကျန်းရှုယောင်က ဟော့ပေါ့အစပ်အနှစ်ကို စတင်ကြော်သည်။
မာလာထန့် ၊ ချွမ်ချွမ်မာလာထန့် ၊ အရိုးစွပ်ပြုတ်မာလာထန့် ၊ မြေအိုးမာလာထန့်စသည်ဖြင့် အမျိုးအစားများစွာရှိပြီး ဒေသတစ်ခုစီတွင် အနည်းငယ် ကွဲပြားမှုရှိသည်။ စီချွမ် နှင့် ချုံကျင်း ၏ မာလာထန့် များသည် စပ်ပြီး ပူကာ မျက်နှာပြင်ပေါ်တွင် ဆီနီအလွှာပါရှိသည်။ အနံ့လေးက ပူစပ်စပ်နှင့်အူမားမီရနံ့တွေ အပြည့်ပါပင်။
မြောက်ပိုင်း မာလာထန့်သည် "လတ်ဆတ်သော" ဟူသော စကားလုံးကို ပိုမိုအာရုံစိုက်သည်။ ဆီက သိပ်မများလှ၊ ဟင်းရည်က အရသာရှိပြီး ကြွယ်ဝသောအရိုးပြုတ်ရည်ကို အခြေခံထားကာ နှမ်းဆော့စ်ပျစ်ပျစ် တစ်ဇွန်းအမြဲပါ၏။
ကျိုးရှီ ကသုတ်ကယက် မှတ်စုများချရေးနေရင်း ရေရွတ်မိလိုက်သည်။
"နင့်မှာ စိတ်ကူးတွေ အများကြီးရှိတာပဲ တတိယယောက်မ"
မည်သို့ပင်ဖြစ်စေက အချိန်တွေ ပေါနေကာ ကျန်းရှုယောင်ကလည်း အလွန်စိတ်ရှည်သည့်အတွက် သူမက အဆင့်ဆင့် အသေးစိတ်ရှင်းပြပြီး နောက်ဆုံးစချက်သည့်အခါ ကျိုးရှီကိုစမ်းကြည့်ခိုင်းခဲ့သည်။
"ဆိုးဆိုးရွားရွားလုပ်မိရင်လည်း ကိစ္စမရှိပါဘူး... အလေ့အကျင့်က ဟင်းချက်ခြင်းကိုပြီးပြည့်စုံစေတယ်... အထူးသဖြင့် ဟင်းခတ်အမွှေးအကြိုင်တွေ...သူတို့က ထက်ရှတဲ့အရသာခံစားမှုနဲ့ စုဆောင်းထားတဲ့ အတွေ့အကြုံအပေါ်မှာမူတည်တယ်"
ကျိုးရှီက ခေါင်းညိတ်သည်။
Xxxxx