အပိုင်း ၇၆
Viewers 18k

Chapter 76
ဒိန်ချဉ်နှင့် သစ်သီးများ



ကျန်းရှုယောင် ပုံဆွဲပြီးနောက် သူမလက်ကို ဆန့်ထုတ်ပြီး ရှဲ့ရွှင်းကိုမေးလိုက်သည်။

"ဒီည ကျွန်မတို့ လုပ်ဦးမလား"

နေ့ခင်းဘက် အလွန်အကျွံစားခဲ့သဖြင့် ယခု သူမ သိပ်စားချင်စိတ်ရှိမနေပေ။

ရှဲ့ရွှင်းက မျက်လုံးပင့်ကြည့်ပြီး ဆို၏။
"မင်းသဘောပါ...မင်းသွားချင်ရင် ငါတို့သွားမယ်"

ကျန်းရှုယောင်က သူမ၏မေးစေ့ကို ကိုင်ပြီးပြောလေသည်။

"နေ့တိုင်း ခိုးကြောင်ခိုးဝှက် လုပ်ရတာ ကျွန်မတို့အတွက် မကောင်းဘူးလားလို့"

ရှဲ့ရွှင်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။
"ရက်အနည်းငယ်အတွင်း ပြီးသွားမှာပါ"

"မေ့လိုက်ပါ"

ကျန်းရှုယောင်က သက်ပြင်းချလိုက်ပြီး
"ကျွန်မတို့ ဒီထက်ပိုပြီးထိန်းထိန်းသိမ်းသိမ်းနေရဦးမယ်"

ညတိုင်း ညလယ်စာ စား၍မရပါချေ။

သူမ ဗိုက်ကို ပွတ်သပ်လိုက်သည်။ ဤရက်ပိုင်းတွေမှာ တော်တော်လေး ပိုချော(မွေ့)လာ၏။

ရှဲ့ရွှင်းက ခေါင်းညိတ်သဘောတူပြီးဆိုသည်။
"ဟုတ်တယ်...မင်းခန္ဓာကိုယ်ကို ဂရုစိုက်ရဦးမယ်"

အစာစားချင်စိတ်ကို ထိန်းချုပ်ခြင်းသည် ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။

အခန်းထဲကို လှမ်းဝင်လာခါစ ပိုင်ကျီတစ်ယောက် အံ့အားသင့်စွာ ပါးစပ်ကို အုပ်လိုက်သည်။

ဘုရားရေ... သူမ ဘာကြားလိုက်တာလဲ...
"နေ့တိုင်း တိတ်တိတ်လေး ခိုးလုပ်"၊
"ထိန်းထိန်းသိမ်းသိမ်း"၊ "မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်"...

ထိုအတွေးပွားစေသောစကားများကို နားထောင်ပြီးနောက် သူမ တိတ်တဆိတ် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်စဥ်တွင် ကျန်းရှုယောင်က သူမ၏ဝမ်းဗိုက်ကိုထိနေသည်ကို တွေ့လိုက်ရသည်။

သူမရရှိခဲ့သည့် အချက်အလက်ပမာဏက ကြီးမားလွန်းသောကြောင့် ပိုင်ကျီ ထိတ်လန့်လုနီးပါးဖြစ်ခဲ့ရ၏။

သူမ စိတ်ကို ငြိမ်သက်စေပြီး တိတ်တိတ်လေး နောက်ကြောင်းပြန်ခဲ့လိုက်သည်။

ကျန်းရှုယောင်က ပိုင်ကျီတစ်ယောက် တုန်ယင်နေသောလက်များနှင့်အတူ ပြန်ထွက်သွားပြီး သခင်မရှန်းယန်ထံ စာရေးရန် အသင့်ဖြစ်နေသည်ကို မသိခဲ့ပေ။ သူမ မတ်တပ်ထရပ်ပြီး တောင်ပံထောင့်နားကို လျှောက်သွားရင်းပြောလိုက်သည်။

"ဒီကိုလာ...ကျွန်မ ရှင့်ကို ကောင်းတာတစ်ခုပြမယ်"

ရှဲ့ရွှင်း စာအုပ်ကို ချလိုက်ပြီး သူမနှင့်အတူ လျှောက်သွားလိုက်သည်။

မထင်မရှားထောင့်တွင် စောင်ထူထူတစ်ထည်နှင့်အတူ စားပွဲနိမ့်တစ်ခုရှိသည်။

ကျန်းရှုယောင်က လျှောက်သွားပြီး စောင်ကိုဖွင့်လိုက်ရာသစ်သားအဖုံးနှင့် ဖုံးထားသည့် ကြွေပန်းကန်လုံးနှစ်လုံးပေါ်လာသည်။

"ကျွန်မတို့ညလယ်စာ စားစရာမလိုဘူး...ဒါပေမဲ့ အစာကြေဖို့ အထောက်အကူ ဖြစ်စေတဲ့ ဒိန်ချဉ်နှစ်ခွက်လောက် စားလို့ရပါတယ်"
သူမ အဖုံးကိုဖွင့်လိုက်သည်။


"ဒိန်ချဥ်"

ရှဲ့ရွှင်း ပန်းကန်ထဲသို့ ကြည့်လိုက်သည်။ ဆယ်လာဒုံ ပန်းကန်လုံးတွင် အဖြူရောင်ဒိန်ချဉ်နှင့် ပြည့်နေသည်။ မျက်နှာပြင်သည် ကြက်ဥနို့ပေါင်း သို့မဟုတ် တို့ဟူးပူတင်းကဲ့သို့ဖြူပြီး ဂျုံမှုန့်ကဲ့သို့ ချောမွေ့သည်။

ဒိန်ချဉ်က ယခုအချိန်တွင် ပေါ်ထွန်းနေပြီဖြစ်သော်လည်း ၎င်းသည် ခြေသလုံးအိမ်တိုင်များကြားတွင်သာ ရေပန်းစားခဲ့သည်။ ထို့အပြင် သူတို့က ဒိန်ချဉ်ဟု မခေါ်ကြသည့်အတွက် ရှဲ့ရွှင်း ဤအစားအစာကို တစ်ခါမှ မကြားဖူးပေ။

"Compendium of Materia Medica" တွင် မှတ်တမ်းတစ်ခုပါရှိသည်– "ဒိန်ချဉ်ပြုလုပ်နည်းသည် အိုးတစ်လုံးထဲတွင် ချက်ပြုတ်ထားသည့် နွားနို့ယောက်ချိုဇွန်းတစ်ဝက်ခန့်ကို အသုံးပြုထားသည်။ နွားနို့ကို ယောက်ချိုဖြင့် အဆက်မပြတ်မွှေနေရင်း ဆယ်မိနစ်ခန့် ကျိုထားရန် လိုအပ်သည်။ ထို့နောက် အိုးတစ်ခုထဲ လောင်းထည့်ပြီး အအေးခံထားကာ ဒိန်ခဲအဟောင်းအနည်းငယ်နှင့်ရောပြီးလျှင် စက္ကူချိပ်ပိတ်ရန်အဆင်သင့်ဖြစ်နေပါပြီ"

ကျန်းရှုယောင် ဤနည်းအတိုင်း ရှေးဒိန်ချဉ်ကို ပြုလုပ်ခဲ့သည်။ သူမ မနက်စောစောတွင် နို့လတ်လတ်ဆတ်ဆတ်ကိုကျိုပြီး မနေ့တုန်းက ဝယ်ခဲ့သော အောက်ခံဆေးထည့်ကာ စောင်ဖြင့် ငါးနာရီကြာ အုပ်ထားလိုက်ရာ ပျစ်ခဲပြီး နူးညံ့သော ဒိန်ချဉ်ရပြီဖြစ်သည်။

မီးဖိုခန်းငယ်ကို ပိတ်ထားသောကြောင့် ပန်းကန်လုံးများနှင့် ဇွန်းများသည် ဒုတိယအိမ်တော်ခွဲမှဖြစ်ပြီး ဒိန်ချဉ်ပန်းကန်နှစ်လုံးကို အထူးအဖိုးတန်စေသည်။

ကျန်းရှုယောင် ၎င်းကို စားရန်ဆန္ဒမရှိဖြစ်နေ၏။ "အသီးအနှံစိတ်တွေကို ရောထည့်နိုင်ရင် ကောင်းမှာပဲ...နွေရာသီမှာ ဒိန်ချဉ်နဲ့ သစ်သီးတွေကို စားပေးသင့်တယ်"

ရှဲ့ရွှင်းကဆို၏။
"ဒါဆို အသီးတွေ သွားယူရအောင်"

ယခုအချိန်သည် ဟိုင်ရှီနားကပ်နေပြီဖြစ်သည် [ET/N:  ဟိုင်ရှီသည် ည ၉ နာရီမှ ၁၁ နာရီကြား]။ လူအများစုသည် ညဘက်စောင့်တာဝန်ကျသူများမှလွဲ၍ အိပ်ရာဝင်ရန် သူတို့၏အခန်းများသို့ ပြန်ရောက်နေကြပြီဖြစ်သည်။

ညပိုင်းတွင် သခင်များသည် တစ်ခါတစ်ရံ ဟင်းရည်ချက်ရန် လူများကို ခေါ်တတ်ကြပြီး အချို့သော သခင်များက အမူးပြေဟင်းရည်ချက်ရန် လှမ်းခေါ်သော်လည်း ညဘက်တွင် အသီးအနှံများကို မည်သူမျှ မတောင်းကြပေ။ အမြဲစောင့်ကြည့်နေသည့် အဘွားကို သံသယဖြစ်စေမှာ သေချာလေသည်။

ထပ်ခါထပ်ခါ ဆွေးနွေးပြီးနောက် ရှဲ့ရွှင်း နှင့် ကျန်းရှုယောင်တို့သည် ဒိန်ချဉ်ပန်းကန်များကို ကိုင်ထားရင်း ခြံအပြင်ဘက်သို့ ခိုးထွက်ခဲ့ကြသည်။

နှစ်ယောက်သား မီးဖိုချောင်ကျယ်ကြီးထဲသို့ ဝင်သွားကာ ရေတိုင်ကီထဲမှ ဖရဲသီးနှင့် စပျစ်သီးများကို ထုတ်ယူကာ ငှက်ပျောသီးများနှင့်အတူ လှီး၍ ဒိန်ချဉ်ထဲသို့ ပစ်ချလိုက်သည်။

ဇွန်းဖြင့် မွှေပြီးနောက် ဒိန်ချဉ်ကို အရောင်အမျိုးမျိုးရှိသော အသီးအနှံများဖြင့် ထုပ်ပိုးထားပြီး ဖရဲသီးအပိုင်းအစများသည် အနီရောင်တောက်တောက်၊ စပျစ်သီးများက ကြည်လင်နေပြီး ငှက်ပျောသီးအတုံးများက ပျော့ပျောင်းပြီး ဖယောင်းကဲ့သို့ဖြစ်နေသည်။ ကြည့်ရသည်မှာ လန်းဆန်းအေးမြစေ၏။

နှစ်ယောက်သား မိမိပန်းကန်လုံးကြီးတွေနှင့် မီးဖိုချောင်ထဲက ခိုးထွက်ပြီး ကျောက်တုံးကြီးနောက်ကွယ်က သူတို့၏ခံတပ်ဟောင်းကို သွားကြသည်။

လှန်လှောမွှေပြီးနောက် နောက်ဆုံးတွင် အသီးအနှံများကို ခံစားနိုင်ကြသည်။

ကျန်းရှုယောင်က ပန်းကန်လုံးကို ကောက်ယူပြီး ရှဲ့ရွှင်း၏ ပန်းကန်လုံးနှင့် တိုက် လိုက်၏။

ပြတ်သားသော "ဒင်" ခနဲအသံဖြင့် သူမက ပျော်ရွှင်စွာ ပြုံးကာဆိုသည်။
"ချီးယားစ်"

ရှဲ့ရွှင်း ရယ်ချင်ပက်ကျိဖြစ်သွား၏။
"ငါတို့ ဒိန်ချဉ်နဲ့ ခွက်ချင်းတိုက်လို့မရဘူးလေ"

"ရှင်ကအဲ့လိုပြောမှတော့ ကျွန်မတို့ပြီးရင် ဘားမှာ သောက်သင့်တယ်"

"မင်းပဲ တော်ရုံတန်ရုံပဲစားကြမယ်တို့ဘာတို့ပြောခဲ့တာမဟုတ်ဘူးလား"

"ဝိုင်က စားစရာမဟုတ်ဘူး"

ရှဲ့ရွှင်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းရန်မှတပါး ရွေးချယ်စရာမရှိပေ။

သူ့နှာခေါင်းဖျားက ဒိန်ချဉ်၏ နို့ရနံ့များနှင့် သင်းပျံ့နေသည်။ ရှဲ့ရွှင်း သူမနှင့် ငြင်းခုံခြင်းကို ရပ်လိုက်ပြီး ဇွန်းကို ကောက်ယူကာ မွှေလိုက်သည်။

ဒိန်ချဉ်က အလွန်ပျစ်ခဲသော်လည်း ရောမွှေ လိုက်သောအခါ အလွန်နူးညံ့ပြီး ပိုးသားကဲ့သို့ပင်။ အသီးစိတ်များကို ထိုထဲထည့်ထားသောကြောင့် မွှေသောအခါ အနည်းငယ် အဟန့်အတားဖြစ်နေသည်။

အသီးစိတ်များကို ဦးစွာဘေးဖယ်ထားကာ ဒိန်ချဉ်ပျစ်ပျစ်တစ်ဇွန်းကို ကော်ကာ လျှာဖျားတွင် မွှေးပျံ့နေသော နို့မွှေးရနံ့ကို မြည်းစမ်းကြည့်လိုက်သည်။ ဒိန်ချဉ်က ဝါးမစားပါဘဲ ပါးစပ်ထဲမှာ သဘာဝအတိုင်း အရည်ပျော်သွား၏။

ဒိန်ချဉ်က ချိုချဉ်ချဥ်လေးဖြစ်ပြီး သကြားကြမ်း ၏ ကြမ်းရှရှအချိုဓာတ်၊ ချိုမြသော နို့အနံ့ နှင့် အရသာ ကြွယ်ဝသည်။ ချောမွေ့နူးညံ့သော ဒိန်ချဉ်က မွှေးပြီး အချိုနံ့နှင့် အသီးရနံ့ဖြင့် ပြည့်ဝ ရှည်ကြာသော မွှေးပျံ့သည့်အနံ့အရသာရှိကာ သူ့တစ်ကိုယ်လုံးကို လန်းဆန်းအေးမြစေသည်။

"အရသာရှိတယ်မလား"
ကျန်းရှုယောင်က ဇွန်းကို ကိုက်လိုက်ပြီး ပျော်ရွှင်စွာဖြင့် မျက်လုံးလေး မှေးစင်းလိုက်၏။

"အင်း"
ရှဲ့ရွှင်း သူ့အောက်နှုတ်ခမ်းပေါ်ရှိ ဒိန်ချဉ်ကို လျက်လိုက်ပြီး ပျော်ရွှင်မှုများပြည့်လျှံနေသည်။

ငှက်ပျောသီးစိတ်များက နူးညံ့ပြီး နူးညံ့ချောမွေ့သည်။ ပျစ်ခဲသောဒိန်ချဉ်နှင့် တွဲစားသောအခါတွင် ဖယောင်းကဲ့သို့ဖြစ်ပြီး ချိုမွှေးမွှေးရနံ့ အနည်းငယ်ရှိပြီး ဒိန်ချဉ်အတွက် ထူးခြားသောရနံ့ကို ထည့်ပေါင်းပေးသည်။

သူဖရဲသီးကို ကိုက်လိုက်၏။ လန်းဆန်းစေသော အချိုရည်များက ခံတွင်းထဲသို့ စိမ့်ထွက်ကာ အပြင်ဘက်တွင် နူးညံ့ချောမွေ့သော ဒိန်ချဉ်ဖြင့် ထုပ်ပိုးထားသည်။ ချိုချဉ်ချဥ်အရသာရှိကာ ပျစ်ပြီး စိုစွတ်သည်။

ဤအချိန်တွင် လေမတိုက်သော်လည်း လန်းဆန်းသော သစ်သီးဝလံလေနုအေးကို သူ့မျက်နှာအနှံ့ မှုတ်ထုတ်နေသလို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှ အပူများ လွင့်ထွက်သွားပြီး တောက်ပသော လရောင်ဖျော့ဖျော့အဖြစ် ပြောင်းလဲသွားသည်။

ယင်းက ဒိန်ချဉ်က အနောက်မြောက်ဘက်ရှိ ခြေသလုံးအိမ်တိုင်သမားများထံမှ ဆင်းသက်လာပြီး ကျယ်ပြောလှသော မြက်ခင်းပြင်၏ လေနုအေးနှင့် ချင်းဟိုင်းရေကန်ဘေးရှိ လရောင်တို့နှင့်အတူ ဒေသမှ ထူးခြားသော အရသာပါ၀င်သောကြောင့် ဖြစ်နိုင်သည်။

ကျန်းရှုယောင် ပန်းကန်ကို ကိုင်ကာ ကောင်းကင်ကို မော့ကြည့်ပြီး တမေ့တမော ပြော၏။

"ဒီည လရောင်က အရမ်းလှတယ်"

ရှဲ့ရွှင်းလည်း သူ့လည်ပင်းကိုမော့လိုက်သည်။

“လေမတိုက်တာ စိတ်မကောင်းစရာပဲ” ဟု သူမက ဆိုသည်။

"ဒါဆို လေတိုက်တဲ့နေရာကို သွားရအောင်"

ကျန်းရှုယောင်က ခေါင်းလှည့်ကာ သူ့ကို သံသယနှင့်ကြည့်လိုက်၏။

ရှဲ့ရွှင်း၏ မျက်နှာက ရှားရှားပါးပါး ဘွင်းဘွင်းရှင်းရှင်း ကလေးဆန်သည့်ပုံစံကို ပြသနေသည်။

"ခေါင်မိုးပေါ်က လရောင်က ပိုလှတယ်"

"ခေါင်မိုး"
ကျန်းရှုယောင် အနည်းငယ် အံ့သြသွားသည်။

ရှဲ့ရွှင်းက မတ်တပ်ထရပ်ပြီး သူမဆီကို လက်ကမ်းလိုက်သည်။

ကျန်းရှုယောင်က သဘာဝအတိုင်း သူမလက်ကို သူ့လက်ပေါ် တင်လိုက်သည်။ သူမကို ရှဲ့ရွှင်းက ဆွဲထူလိုက်ပြီး သူနှင့်အတူ အိမ်ခေါင်မိုးပေါ်တက်ခြင်းဖြင့်အဆုံးသတ်သွား၏။

ခေါင်မိုးက မမြင့်၊ အုတ်ကြွပ်ပြားပေါ်တက်လိုက်စဥ် တည်ငြိမ်နေသည်။ ကျန်းရှုယောင် ကြောက်ရွံ့မှုအနည်းငယ် ခံစားခဲ့ရသော်လည်း နောက်ဆုံးတွင် သူမ ထိုင်ချလိုက်သောအခါတွင် အသစ်အဆန်းနှင့် ပျော်ရွှင်မှုတို့သာ ကျန်တော့သည်။

ခေါင်မိုးက မြင်ကွင်းကျယ်ကာ လရောင်က လှပပြီး တောက်ပနေသလို လေကလည်း လန်းဆန်းကာ နူးညံ့သည်။ နှစ်ယောက်လုံးသာ ပန်းကန်များကိုင်မထားပါက မြင်ကွင်းက ပို၍ပင် ရင်ခုန်စရာ ကောင်းနေပေလိမ့်မည်။

"အနာဂတ်မှာ ခေါင်မိုးတွေပေါ် ထပ်တက်ရအောင်"
ကျန်းရှုယောင်က ဆိုလိုက်၏။

"ပြီးတော့ ဝိုင်ယူခဲ့"

ရှဲ့ရွှင်း ပထမပိုင်းကို နားထောင်ပြီး ခေါင်းငြိမ့်မည်ပြုလိုက်သည်။ ဒုတိယပိုင်းကိုကြားပြီးနောက် သူမျက်မှောင်ကြုတ်ကာပြောလိုက်၏။

"မင်းလိုမျိုးဝိုင်ကိုကြိုက်တဲ့ မိန်းကလေး အမျိုးသမီးအဆောင်မှာရှိလို့လား"

ကျန်းရှုယောင်က စိတ်မသက်မသာနှင့်ပြောလိုက်သည်။

"ဘာဖြစ်လဲ... အဆင်မပြေဘူးလား"

ရှဲ့ရွှင်းက အမြန်ရှင်းပြ၏။

"မဟုတ်ဘူး ...ငါက နည်းနည်းထူးဆန်းနေလို့"
ဝိုင်ကြိုက်သည့်မိန်းမတစ်ယောက်အကြောင်း သူတစ်ခါမှမကြားဖူးပေ။

သို့ရာတွင် ကျန်းရှုယောင်က တခြားသူတွေနှင့် မတူပါချေ။

သူက မျက်ခုံးကို ဖြေလျှော့ပြီး ပြုံးလိုက်သည်။

"မင်းကိုဒီလိုဖြစ်အောင် ဘာက​လုပ်တာလဲ... အဲဒါက ထူးဆန်းတယ်... ဒါပေမဲ့ ဒါက ဘယ်သူမှာမှ မရှိတဲ့အရာပဲ"

"ရှင်က ကျွန်မကို ချီးကျူးနေတာလား"
ကျန်းရှုယောင်က ဆိုလိုက်သည်။

ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး
"ဒါပေါ့... အဲဒါက ကောင်းတဲ့အရာပဲလေ"

သူက ရုတ်တရက် ခေါင်းလှည့်ပြီး ကျန်းရှုယောင်ကိုကြည့်ကာလေးလေးနက်နက် ပြောလိုက်၏။
"မင်းက အရမ်းကောင်းတယ်"

ကျန်းရှုယောင် မတုံ့ပြန်ခင်မှာ သူက ထပ်ပြောပြန်သည်။

"ငါတို့တွေ့တုန်းက နားလည်မှုလွဲတာတွေ အများကြီးပဲ"

သူက မျက်လုံးဖွင့်မထားပဲ ကျန်းရှုယောင်ကို မကြည့်ဝံ့ပေ။

"မင်းကို စကားလုံးနည်းနည်းလေးနဲ့ပဲ သိခဲ့တယ်... မင်းကို လုံလုံလောက်လောက် မသိတဲ့အခါ မင်းကို မျက်စိမှိတ်မလိုမုန်းထားဖြစ်ခဲ့မိတယ်... မင်းကို လျစ်လျူတောင်ရှုပြီး ကြင်ကြင်နာနာ မဆက်ဆံခဲ့ဘူး... တောင်းပန်ပါတယ်"

သူက အလွန်လေးနက်စွာ တောင်းပန်ခဲ့ပြီး ကျန်းရှုယောင် အနည်းငယ် စိတ်မသက်မသာဖြစ်ကာ ကိုးရိုးကားယားပြုလိုက်သည်။
"အဆင်ပြေပါတယ်"


ဤအကြောင်းကို ပြောရသည်က ရှက်စရာကောင်းပြီး ရှင်းရှင်းလင်းလင်း ရှင်းပြရန်မဖြစ်နိုင်ပါချေ။

ရှဲ့ရွှင်းက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး သူ့ရင်ခွင်ထဲမှ တစ်စုံတစ်ခုကို ချီတုံချတုံဖြင့် ထုတ်ယူလိုက်၏။

"...ဒါက တောင်းပန်တာပါ"

ကျန်းရှုယောင်က ဆိုလိုက်သည်။
"ဟမ်"

ရှဲ့ရွှင်းက တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ကျန်းရှုယောင်၏လက်ထဲသို့ ထိုအရာအား ထိုးထည့်လိုက်သည်။

သူမလက်ထဲတွင် အေးမြသော အရာဝတ္ထုတစ်ခုကို ဆုပ်ကိုင်ထားမိသည်။ ကျန်းရှုယောင် မြှောက်ကြည့်လိုက်သောအခါ လက်ရာမြောက်သော သစ်သားဆံထိုးတစ်ခုကို တွေ့လိုက်ရ၏။

ဆံထိုးကို ထိတွေ့မှုတွင် အလွန်နူးညံ့ချောမွေ့နေအောင် ပွတ်တိုက်ထားသည်။ ဆံထိုးပေါ်တွင် အသက်ဝင်နေသကဲ့သို့သော ကြာပန်းနှစ်ထပ်တစ်စုံကို ထွင်းထားပြီး အလွှာလိုက်ကြာရွက်ထောင့်များကိုလည်း ချောမွေ့နေအောင် တိုက်စားထား၏။

"ဒါက..."
သူမ အနည်းငယ် အံ့သြသွားသည်။

ရှဲ့ရွှင်း၏ နားများသည် စိတ်ပျက်လက်ပျက် နီရဲနေပြီး သူ့လေသံက ပျော့ပျောင်းနေဆဲဖြစ်သော်လည်း သူ့အမူအရာက သူ၏ကြောက်ရွံ့မှုကို ထင်ရှားစေသည်။

"ဒါကို ငါကိုယ်တိုင် ထွင်းထားတာ...ပစ္စည်းကောင်းတစ်ခုမဟုတ်ပေမဲ့ တောင်းပန်ဖို့ စဉ်းစားခဲ့တယ်...ဒါကြောင့် ငါ သေချာ သတိထားပြီး ငါကိုယ်တိုင် လုပ်ခဲ့တာ"

ရှဲ့ရွှင်း အနည်းဆုံး သစ်သားဆံထိုး တစ်ရာ သို့မဟုတ် ရှစ်ဆယ်ကို ထွင်းထုခဲ့သည်။ နေ့တိုင်း အရှေ့နန်းဆောင်မှာ ခိုးကြောင်ခိုးဝှက်နှင့် ဆံထိုးတွေ ပွတ်နေခဲ့သည်။လက်မှုပညာသည် သူနှင့်မရင်းနှီး။ သူ့လက်ချောင်းထိပ်မှာ အပေါက်အပြဲ တွေအများကြီးရှိပြီး လင်းချန်ကဆိုလျှင် သူ့ကို လှောင်ပြောင်ခဲ့သည်။

ကျန်းရှုယောင် လက်ဆောင်တစ်ခုကို ရုတ်တရက်ရရှိခဲ့ပြီး ခဏတာ မတုံ့ပြန်နိုင်ခဲ့ပေ။ သူမ သစ်သားဆံထိုးကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။ အံ့အားသင့်သွားပြီးနောက် သူမ ကောင်းစွာလက်ခံခဲ့သည်။

ရှဲ့ရွှင်းက ရှက်ရွံ့ပြီး သူမမကြိုက်မှာကို စိုးရွံ့နေမိသည်။သူ ခေါင်မိုးပေါ်ကနေ ခုန်ချချင်လာ၏။

"ကောင်းပြီ... မင်းမကြိုက်ရင် လွှင့်ပစ်လိုက်ပါ... ပိုက်ဆံအများကြီးမတန်ဘူး... မင်းကို တခြားလှတဲ့အရာတွေ ဝယ်ပေးမယ်"

သူက တည်​ငြိမ် အေးဆေး ဟန်ဆောင်ပြီးပြောလိုက်သည်။

"ကိုယ်လုပ်တော်လင်းရဲ့ ဆုလာဘ်ထက် ပိုကောင်းတဲ့အရာ"

ကျန်းရှုယောင်က သူ့ကို လျစ်လျူရှုပြီး ချောမွေ့သော သစ်သားဆံထိုးကို ထိလိုက်သည်။ သူ့လက်ထဲက အပူချိန်က ဆံထိုးမှာ ကပ်နေသေးသလို သူမ ခံစားရ၏။

စိမ်းကား၊ သန့်စင်ပြီး ချောမောသောပုံစံဖြင့် အနုစိတ် ထွင်းထုထားသည့် ခမ်းနားထည်ဝါသော ကြာပန်းနှစ်ထပ်ဆံထိုးနှင့်အတူ မတ်မတ်ထိုင်နေသည့် ရှဲ့ရွှင်း၏ အေးစက်စက်မျက်နှာက သူမစိတ်ထဲတွင် ပေါ်လာသည်။ သူမ မရယ်ဘဲမနေနိုင်။

"ဒါက တအား ကောင်းတယ်" ဟုသူမကဆိုသည်။

ရှဲ့ရွှင်း သူမ၏ ရယ်ပြုံးသံကိုကြားလိုက်သောအခါ ရုတ်တရက် ပို၍ပင် စိတ်တိုပြီး ရှက်လာသည်။

ကျန်းရှုယောင်က လက်ကို မြှောက်လိုက်ပြီး သူ၏ဆံထုံးထဲသို့ သစ်သားဆံထိုးကို ထိုးထည့်လိုက်သည်။ သူမက ရှဲ့ရွှင်းကို တံတောင်ဖြင့်တို့ကာမေးလိုက်၏။

"ကြည့်ကောင်းလား"

ရှဲ့ရွှင်း လှည့်ကြည့်လိုက်သောအခါ မျက်လုံးနှစ်စုက မျက်နှာချင်းဆိုင်ဆုံသွားပြီး လရောင်က ကျန်းရှုယောင်ကို ပါးလွှာပေါ့ပါးသောမြူခိုးစလေးများနှယ် လွှမ်ခြုံထားကာ သူမကို အစစ်အမှန်အလှ ပေးစွမ်းနေသည်။

ကျန်းရှုယောင် ရှဲ့ရွှင်း၏ မျက်လုံးများ သူမမျက်နှာပေါ်သို့ ကျရောက်နေသည်ကို ခံစားလိုက်ရသည်။သူမ၏ ပါးပြင်များ အနည်းငယ် ပူလာပြီး ချီးမွမ်းခြင်းကို စောင့်မျှော်နေခဲ့သည်။

"...မင်းက ရွှေထည်နဲ့ ပိုသင့်တော်တယ်"
ရှဲ့ရွှင်းက လေးနက်စွာပြောသည်။

ဟိုလိုလိုသည်လိုလို လေထုက မပေါ်လာမီတွင် ပြိုပျက်သွားခဲ့သည်။

ကျန်းရှုယောင်၏နှလုံးသားသည် တစ်စက္ကန့်အတွင်း အနည်းငယ် လှုပ်ရှားသွားပြီး နောက်တစက္ကန့်တွင် သူမ ရှဲ့ရွှင်းကို အိမ်ခေါင်မိုးပေါ်မှ ကန်ချပစ်ချင်လုနီးပါးဖြစ်ခဲ့သည်။

သူမ၏စိတ်လိုက်မာန်ပါဆန္ဒကို လိုက်မနိုင်မီတွင် ခြံဝင်းအတွင်းရှိ အောက်ထပ်မှ ထူးဆန်းသောထေ့ငေါ့သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ရှဲ့ရွှင်းနှင့် ကျန်းရှုယောင်လန့်ပြီး အောက်ကိုငုံ့ကြည့်လိုက်ကြ၏။

သခင်မကြီး စေလွှတ်လိုက်သော အိမ်ထိန်းအဘွားက လည်ပင်းဆန့်ကာ သူတို့ကိုမော့ကြည့်နေပြီး နောက်မှ အစေခံအုပ်ကြီး လိုက်ပါလာသည်။လူတစ်စုသည် အိပ်နေမည့်အစား အိမ်ခေါင်မိုးပေါ်တွင် ရှိနေကြသော အရူးနှစ်ယောက်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။


Xxxx