အပိုင်း ၇၉
Viewers 18k

Chapter 79
ဟော့ပေါ့ (2)၊



လူတွေအများကြီးရှိပြီး အချိန်ကတိုသည်။ ပွဲပြင်ဆင်ရန် အိမ်တော်က ပင်မမီးဖိုချောင်ကို ခိုင်းလိမ့်မည်ဖြစ်ပြီး ကျန်းရှီက ဟင်းတစ်ပွဲနှစ်ပွဲကို သာမန်ကာလျှံကာ ချက်ပြုတ်နေမည်ဟု သူခန့်မှန်းခဲ့သည်။သူတို့က သူမကိုမျက်နှာပေးရန်နှင် ဧည့်သည်များလျစ်လျူရှုရာမကျရန် ရှဲ့ရွှင်း၏စိတ်နှင့်လိုက်လျောညီထွေရှိသောဟင်းလျာများကိုသီးခြားစီမြည်းစမ်းကြလိမ့်မည်။

ဤအတွေးဖြင့် သူ ပွဲကြည့်ရင်း အစားအသောက်ကို စောင့်ဆိုင်းနေခဲ့သည်။

မမျှော်လင့်ဘဲ ဟင်းလျာများ ချက်ခြင်း၏ အရှိန်သည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားကာ အစေခံများက သံအိုးသုံးလုံးနှင့် ရောက်လာကြသည်။

လူတိုင်း အံ့အားသင့်သွားကာ ဗလာကျင်းနေသော ထူးဆန်းသော အိုးတစ်လုံးကို စိုက်ကြည့်နေကြသည်။ ဒါဘာကိုဆိုလိုတာပါလိမ့်...

ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ခင် အစေခံများက ပန်းကန်ပြားတချို့ ယူလာပြန်သည်။ ဤ​တစ်ခေါက်တွင် လူတိုင်း၏လက်နှစ်ဖက်လုံးမှာ ပန်းကန်တွေသယ်လာ၏။

လူတိုင်း အနည်းငယ် အံ့သြသွားကြသည်။ မြို့စားရှဲ့အိမ်တော်မှာ အစားအသောက်တွေတည်ခင်းတာက ဒီလောက်မြန်သလား...

အစေခံများ ပန်းကန်တွေချသည့်အခါ အားလုံး ကြက်သေသေသွားကြသည်။

အစိမ်းလားးး...

စားပွဲကိုကြည့်သောအခါ အစိမ်း၊ အဖြူ၊ အနီ၊ အဝါနှင့် အရောင်မျိုးစုံရှိသည်။ အသား နှင့် ဟင်းသီးဟင်းရွက်များ ပါ၀င်သည်။ ဟင်းလျာများ ပေါများသော်လည်း အားလုံး က ခြွင်းချက်မရှိ အစိမ်းလိုက် ဖြစ်သည်။

ဟင်းသီးဟင်းရွက်များတွင် ဂေါ်ဖီထုပ်၊ တို့ဟူး၊ မှို၊ဂလူတန် ၊ ကြာဆွယ်၊ ပင်လယ်ရေမှော် ၊ တို့ဟူး အစရှိသည်တို့ ပါဝင်သည်။ ပရိုတင်းများအတွက်မူ အသားလိပ်များ၊ အမဲသားလိပ်များ၊ စပ်သောအမဲသား၊ နံနံဘောလုံး၊ ငုံးဥ၊ မိုးခိုသား၊ ငါးအသားလွှာ စသဖြင့် ရှိသည်။

ငါးဆုပ်၊ ကဏန်းချောင်း၊ သွေးခဲ၊ ငန်းအူ၊ ဘဲအူ၊အမဲအူကြမ်း ၊ပေါင်ရင်းသားပါးပါးလှီး သည်ဖြင့် တစ်ချက်ကြည့်၍ မမြင်နိုင်သော အရာများလည်း ရှိသည်။

အားလုံးက မှင်တက်သွားပြီး ဘာတွေဖြစ်နေလဲ မပြောတတ်ကြပေ။

ကျန်းရှုယောင် ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် အကြိုက်တို့ကိုမခွဲခြားဘဲ ပါဝင်ပစ္စည်းများ အမျိုးမျိုးကို ပြင်ဆင်ထားသည်။ လူတွေက ညစ်ပတ်သည်ထင်ကြသည့် အတွင်းအင်္ဂါတွေ အများကြီးရှိပေမဲ့ မည်သို့ပင်ဖြစ်စေ သူတို့ ၎င်းတို့ကို ဘယ်လိုမှ မမှတ်မိနိုင်ပေ။

"ပေါယွမ်... ဒါက ဘာကိုဆိုလိုတာလဲ"

အိမ်ရှေ့စံက လူတိုင်း၏ သံသယတွေကို မေးလိုက်သည်။


ရှဲ့ရွှင်းလည်း မသိပေ။ ကျန်းရှုယောင်သာ ဤနေရာတွင် ရှိနေလျှင် သူမ သေချာပေါက် စိတ်ရှည်ရှည်နှင့် ရှင်းပြလိမ့်မည်။သို့ပေမဲ့ ဤလူအုပ်စုက ယနေ့ ဤနေရာသို့ မုန်းစရာကောင်းအောင် ပြေးလာခဲ့ကြသည်။

သူက ကျန်းရှုယောင်ကို ခြွင်းချက်မရှိ ယုံကြည်သည်။ချိုသည်ငန်သည်မဆိုဘဲ "ဒါက စားသောက်နည်းအသစ်ပဲ"ဟုသာ ပြောလိုက်၏။

ဤထိပ်တန်းမင်းမျိုးမင်းနွယ်အုပ်စုတစ်စုသည် သူ့အိမ်ထဲသို့ အတင်းအကြပ်ဝင်ခဲ့သည့်အတွက် အပြစ်ရှိစိတ်ရှိနေကြသောကြောင့် သူတို့ထပ်မမေးရဲကြသဖြင့် သူပိုပြောနေစရာ မလိုတော့ပေ။

ဟင်းပွဲများက အဆင်သင့်ဖြစ်ပြီဖြစ်ကာ အစေခံများက နောက်ထပ် ဟင်းပွဲအနည်းငယ်ကို တည်ခင်းကြသည်။

အခြောက်တို့စရာများမှာ မြေပဲထောင်း၊ နှမ်းမှုန့်၊ ငရုတ်ကောင်း၊ ငရုတ်သီးမှုန့် စသည်တို့ဖြစ်သည်။

အချဥ်ရည်ကို နှမ်းဆီ၊ ပါးပါးလှီးထားသည့် ကြက်သွန်ဖြူ၊ နံနံ၊ ဆား၊ ရှာလကာရည် စသည်များနှင့် ပြုလုပ်ထား၏။

မြောက်ပိုင်းသားတွေ ကြိုက်သည့် နှမ်းဆော့စ်လည်း ရှိသည်။ နှမ်းဆော့စ်ပျစ်ပျစ်နှင့် ပဲငါးပိနီနီ၊ သကြားနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုလုပ်ထားပြီး နှမ်းဆော့စ်ကို အရောင်အသွေးစုံလင်ပြီး မွှေးကြိုင်စေသည်။

ယင်းက မပြီးသေးပါချေ။အစေခံများက အိုးထဲသို့ ဟော့ပေါ့အနှစ်ကို ထည့်ကာ ဖြူဖွေးကြည်လင်သော နို့နှစ်ရောင်ပြုတ်ရည်ကို လောင်းထည့်ကြသည်။ ထို့နောက် အိုးအောက်တွင် မီးသွေးကို ထွန်းညှိလိုက်ရာ ပူပူစပ်စပ်နှင့် မွှေးကြိုင်သော ရနံ့များ ချက်ခြင်း ထွက်လာပြီး အိုးထဲမှ လျှံကျသွားသည်။

ဤအနံ့က အလွန်အမင်း လွှမ်းမိုးနိုင်ပြီး ကြိုင်လှိုင်စပ်မွှေးကာ လူတို့၏ အစာစားချင်စိတ်ကို ချက်ချင်းနိုးထစေသည်။ အိုးထဲရှိ ဟင်းရည်က ပွက်ပွက်ဆူနေပြီး မျက်နှာပြင်ပေါ်တွင် ကြည်လင်သော ဆီနီအလွှာတစ်ခု လွင့်နေပသည်။ပေါလောမျောနေသောဆီအလွှာက ပွက်ပွက်ဆူနေသောဟင်းရည်ပူပူဖြင့် လူးလိမ့်နေသည်။ အရောင်တစ်ခုတည်းကပင် လူတွေကို တံတွေးမျိုချစေ၏။

ပိုင်ကျီက ကျန်းရှုယောင်၏စကားကို ချရေးထားပြီး သူတို့ကိုဖတ်ပြကာ အစားအသောက်ကို မိတ်ဆက်ပေးလိုက်သည်။

"ဒီဟာကို ဟော့ပေါ့လို့ခေါ်ပါတယ်... ဒီအိုးက စပ်တယ်...ဒီအိုးကကျ နည်းနည်းပဲစပ်တယ်...ဒါက ပေါ့ပေါ့ပါးပါး မှိုဟင်းရည်"

"စားပွဲပေါ်က ပန်းကန်တွေအားလုံးက အရံဟင်းတွေပဲ... ကြိုက်သလိုထည့်စားလို့ရတယ်...အနံ့ကိုမကြောက်နဲ့...အပူကိုပဲ ဂရုစိုက်...ဥပမာ...ဒီသွေးခဲကို ကြာကြာပြုတ်ရင်ဆီချေးစော်နံသွားလိမ့်မယ်... ကိုက်လိုက်တာနဲ့ တန်းအရည်ပျော်သွားတဲ့အထိ နူးညံ့ပြီး တအား လန်းဆန့်းသွားလိမ့်မယ်"


"ငန်းအူတွေလည်း ရှိတယ်...ဟော့ပေါ့ထဲမှာ ပြုတ်တဲ့အခါ 'နိမ့်ချည်မြင့်ချည် ပမာဏ'ကို သတိပြုပါ... မတော်တဆ အကျက်မလွန်မိပါစေနဲ့...သူက အကျက် မြန်တယ်...အချိန်တန်ရင် ငါးကိုချက်ချင်း ထုတ်သင့်တယ်...ဒီနည်းနဲ့ဆို ငန်းအူတွေက ကြွပ်နေမှာဖြစ်ပြီး ဝါးရ သိပ်ခက်မှာမဟုတ်ဘူး"

ပိုင်ကျီက ပါဝင်ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးသည်။ လူတိုင်း မူးဝေနေကြသည်။ စားပွဲပေါ်ရှိ အစားအစာများသည် အစိမ်းလိုက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားသော်လည်း သူမပြောနေချိန်တွင် လူတိုင်း သွားရည်မယိုဘဲမနေနိုင်ပေ။ စပ်ပြီး အရသာရှိသော အနံ့က သူတို့၏နှာခေါင်းပေါ်တွင် ဝဲပျံနေသည်ကိုကား ပြောစရာပင်မလိုချေ။၎င်းကိုအနံ့ခံပြီးနောက်တွင်တရုတ်ဆေးဖက်ဝင်အပင်များ၏ လန်းဆန်းသောရနံ့များ နှာခေါင်းထဲသို့ တိုးဝင်လာသလိုလိုပါပင်။

ပိုင်ကျီ နောက်ဆုံးတွင် မိတ်ဆက်ခြင်းကို ပြီးမြောက်ခဲ့ပြီး နောက်ပြန်ဆုတ်ကာ နောက်ထပ် ညွှန်ကြားချက်များကို စောင့်မျှော်နေခဲ့သည်။

ဤနေရာ၌ အဆင့်အတန်း အမြင့်ဆုံး ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် အိမ်ရှေ့စံက ပထမဆုံးစကားစလိုက်ရသည်။

"သတိထားစရာ မလိုဘူး...မောင်မင်းတို့ရဲ့ တူတွေကို ရွှေ့လိုက်ပါ"

သူ့စကားဆုံးသည်နှင့် လူတိုင်းက ကိန်းကြီးခန်းကြီးမဟုတ်ခြင်းဟူသည့် အဓိပ္ပါယ်ကို အပြည့်အဝ သရုပ်ပြကြသည်။ သူတို့သည် ၎င်းတို့၏ တူများကို လျင်မြန်စွာ ကောက်ကိုင်လိုက်ကြပြီး မျက်လုံးများ တောက်ပလာကာ အင်္ကျီလက်များကို လိပ်တင်၍ စားပွဲဆီသို့ လှမ်းကြည့်လိုက်ကြ၏...၎င်းနောက် သူတို့ ဒုက္ခရောက်သွားကြသည်။

ဘာအရင်စားရမလဲ...

တူချောင်းများစွာသည် လေထဲတွင် အေးခဲသွားသည်။အမှန်တွင် အချို့သော တူအစုံများက အောက်စိုက်သွားခဲ့၏။

ရှဲ့ရွှင်းက အသားလုံးတချို့ကို သပ်သပ်ရပ်ရပ်ကောက်ယူပြီး အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။

"အခုနက အစေခံပြောသလို ချက်ပြုတ်ရခက်တဲ့ ဟင်းတွေကို အရင်ထည့်ရအောင်"

လူတိုင်းက သူ့ကို တိတ်တိတ်လေး ချီးကျူးကြသည်။ခုနက သူတို့ တံတွေးထိန်းရသည်နှင့်အလုပ်ရှုပ်နေသဖြင့် အစေခံပြောသည်ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။ မျှော်လင့်ထားသည့်အတိုင်း ရှဲ့ပေါယွမ်က ကြော့ရှင်းရည်မွန် အေးဆေးတည်ငြိမ်ပြီး သူဘယ်လိုအခြေအနေမျိုးမှာမဆို စည်းကမ်းရှိစွာနေနိုင်သည်။

ရှဲ့ရွှင်း သူတို့၏ အမူအရာတွေကို ကြည့်ရုံနှင့်သူတို့ ဘာတွေတွေးနေလဲ သိ၏။


အိုး စိတ်မကောင်းပါဘူး...ချစ်ဇနီးလေးက ငါ့ကို ဟင်းလျာတွေ အများကြီး ကျွေးခဲ့တယ်... ဒါကြောင့် အဲလောက်မသိနားမလည် စိတ်အားထက်သန်တာမျိုး မရှိဘူး...

ရှဲ့ရွှင်း အိုးထဲသို့ အသားလုံး မျိုးးစုံကို ဦးစွာ ထည့်ပြီးနောက် ချက်ပြုတ်ရန် မလွယ်ကူသော အတွင်းအင်္ဂါများကို ထည့်လိုက်သည်။ ပွက်ပွက်ဆူနေသော ဟင်းရည်က ချက်ချင်း ငြိမ်သက်သွားပြီး မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသောက ဆီနီအလွှာက အနည်းငယ် မငြိမ်မသက် ဖြစ်သွားသည်။

လူတွေ၏နှာသီးဖျားမှာ စပ်ပြီးအရသာရှိသောအနံ့များပြည့်နှက်နေသောကြောင့် သူတို့ကို မသက်မသာဖြစ်စေ၏။ လူတိုင်းသည် ၎င်းတို့၏လျှာရင်းမှ တံတွေးများကို လျှို့ဝှက်ထားပြီး ဤဟော့ပေါ့၏ ကယ်တင်ခြင်းကိုခံရရန် အရေးတကြီး လိုအပ်နေကြသည်။

အားလုံးက ပါဝင်ပစ္စည်းများ ကျက်သွားမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ဤအချိန်ကာလသည် ရှည်လျားလှသည်မဟုတ်သော်လည်း အလွန်ခက်ခဲသည်ဟု ခံစားရသည်။

အိမ်ရှေ့စံက ခက်ခဲသော တိတ်ဆိတ်မှုကို ချိုးဖျက်ရန် ပထမဆုံးခြေလှမ်းကို လှမ်းလိုက်၏။

"ပေါယွမ်... ဒီအသားအကုန်လုံးကို ဟင်းရည်ထဲမှာ ကျပန်းထည့်ထားတော့... အရသာက မထူးဆန်းဘူးလား"

ဤသည်က ရှဲ့ရွှင်းအတွက်လည်း ပထမဆုံး အကြိမ် ဟော့ပေါ့စားခြင်း ဖြစ်သည်။ အရသာ ဘယ်လိုရှိလဲ သူမသိပေ။ သို့သော် သူက လို့မေ၊ မာလာထန့်၊ စပ်စပ်မွှေးပျံ့ဟော့ပေါ့စသည်တို့ကို စားဖူးသည်။ ၎င်းတို့ကို ပေါင်းချက်ပြုတ်ပြီး မှန်ကန်သောပါဝင်ပစ္စည်းများကို ပေါင်းထည့်ခြင်းသည် အရသာကို မညစ်ညမ်းစေဘဲ အခြားပါဝင်ပစ္စည်းများ၏အနံ့ကိုလည်း စုပ်ယူနိုင်သည်ကို သူသိသည်။

“ဘယ်ထူးဆန်းမှာလဲ...အရှင်မင်းသား အဲဒါကို မြည်းကြည့်ပြီးမှ သိလိမ့်မယ်” ဟု သူကဆိုသည်။

မင်းသားမှာ သူပြောသည့်စကားကြောင့် ယားယံသွား၏။ ထိုအချိန်မှာ အစေခံက အဖုံးကို ပြန်ဖွင့်လိုက်ရာ ဟင်းရည်က ပွက်ပွက်ဆူနေသည်။ ပိုင်ကျီက ရှေ့ကို တိုးလာပြီးဆို၏။

"သခင်မပြောတာက သိုးသားလိပ်၊ အမဲသားလိပ်၊ ဘဲအူ၊ ပေါင်ရင်းသားစတာတွေက ကျက်လွယ်ပါတယ်တဲ့"

ဟင်းအမယ်များ ပြင်ဆင်သောအခါတွင် ကျန်းရှုယောင် ဤလူအုပ်စု ဟင်းချက်စရာများ ပြည့်နေသော စားပွဲကို ထိုင်ကြည့်မနေရစေရန် ချက်ရလွယ်သောပါဝင်ပစ္စည်းများကိုသုံးရန် တမင်တကာ ညွှန်ကြားထားခဲ့၏။

သူတို့ ဘဲအူများ၊ အသည်း၊ပေါင်းရင်းသားများနှင့် ဝမ်းတွင်းသားတို့ကို မမှတ်မိနိုင်သော်လည်း သိုးသားလိပ်များနှင့် အမဲသားလိပ်များကို မှတ်မိနိုင်ပါသေးသည်။

အိမ်ရှေ့စံက သူ၏ တူများကို ရွှေ့ကာ ဦးဆောင်ခဲ့ပြီး လူအားလုံးနောက်က လိုက်ပါသွားကြသည်။

သိုးသားလိပ်များကို အလွန်ပါးလွှာစွာလှီးဖြတ်ထားပြီး အိုးထဲထည့်လိုက်သည်နှင့် စက္ကန့်အနည်းငယ်အတွင်း အရောင်ပြောင်းသွားသည်။

အနှီလူတစ်စုအတွက် ကိုယ်တိုင်ချက်ပြုတ်သည်က ပထမဆုံးအကြိမ်ဖြစ်၏။ဤသည်က အတွေ့အကြုံသစ်တစ်ခုဖြစ်ပြီး သူတို့ ဘာလုပ်ရမှန်းမသိလမ်းပျောက်နေသည်။

"အခုစားလို့ရပြီလား"

လင်းချန်က လူတိုင်းတွေးနေသည့် မေးခွန်းကို ထုတ်မေးလိုက်သည်။

သူ့ဘေးမှာရပ်နေသည့် ထမင်းချက်ငယ်လေးက သိုးသားလိပ်၏အရောင်ကိုကြည့်ပြီး ခေါင်းညိတ်ပြ၏။ သူမ ဤအရာရှိများကို ကြောက်သော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။

"သခင်ကို ပြန်ကြားပါတယ်... ရပါပြီ... အကြာကြီးပြုတ်ရင် နောက်ကျလွန်းသွားလိမ့်မယ်"

သူမစကား ပြီးသည်နှင့် အားလုံးက တပြိုင်တည်း "ဝှစ်" ခနဲအသံဖြင့် ၎င်းတို့၏ တူများကို ရွှေ့ကြသည်။

ထို့နောက်တွင်ကား သိုးသားကို ဘယ်ဆော့စ်နှင့်တို့ရမလဲဆိုသည့် အခက်အခဲတွေ ဖြစ်လာ၏။

အခြောက်အမှုန့်တို့စရာ ၊ဆီချက်ဆော့စ်နှင့် နှမ်းဆော့စ်တို့ ရှိသည်။

သိုးသားလိပ်တွေကို ပါးစပ်ထဲမထည့်ခင် တစ်စက္ကန့်မှာ လူတိုင်းက အရသာကို အများကြီး မမျှော်လင့်ခဲ့ကြပါချေ။

အဘယ့်ကြောင့်ဆိုသော် ဤသည်က ကြည့်ရသည်မှာ တကယ်ကို ရိုးရှင်းလွန်းလှ၏။ ရိုးရှင်းသောအိုးဖြစ်ပြီး ရှုပ်ထွေးသောနည်းလမ်းများနှင့် လက်ရာမြောက်မှုတို့ရှိမနေပေ။ ၎င်းသည် ပါဝင်ပစ္စည်းများ အမျိုးမျိုးသာဖြစ်ပြီး ကိုယ်တိုင် ပြုလုပ်ရသည်။ အနံ့က အံဩစရာကောင်းပေမဲ့ အရသာက သာမန်ပဲဖြစ်လောက်မည်။

ထို့နောက် သိုးသားလိပ်များကို ပါးစပ်ထဲထည့်ကြသည်။

အရသာက အရမ်းကောင်းတယ်... အနံ့ကလည်း အရမ်းမွှေးတယ်...

သိုးသားလိပ်များသည် နူးညံ့လတ်ဆတ်ပြီး သိုးသားအနံ့ အရိပ်အယောင်မရှိဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ ဤဟင်းရည်ကို ဘယ်လိုဖန်တီးခဲ့သလဲ ဘယ်သူသိမလဲ။ ရှုပ်ထွေးသော ဟင်းခတ်အမွှေးအကြိုင်များ၏ အစပ်ရနံ့များက သိုးသားထဲတွင် စိမ့်ဝင်ထားပြီး ဝါးပြီးနောက် ပြင်းထန်သော ပူစပ်စပ်အရသာက လျှာဖျားတွင် အပူလှိုင်းတစ်ခု လှုံ့ဆော်ပေးကာ ဦးရေပြားဆီသို့ ချက်ချင်းရောက်သွားသည်။

အခြောက်အမှုန့်တို့စရာက နှမ်းထောင်း၊ မြေပဲထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့် အစရှိသည်တို့ကို ရောနယ်ထားသဖြင့် သိုးသားလိပ်များ၏ မျက်နှာပြင်ပေါ်ရှိ အစေ့အဆန်များကို သိသိသာသာ ခံစားရစေသည်။ အနားကွပ်တို့က သိုးသားကို အလွန်နူးညံ့ပျော့ပျောင်းစေပြီး ပါးစပ်ထဲတွင် အမှုန့်များဖြင့် ပြည့်နေသည်။

ဆီချက်ဆော့စ်အကြောင်း ပြောကြည့်ရအောင်။ သိုးသားလိပ်များထည့်လိုက်ပြီဆိုလျှင် ဆီစိမ်ထားသော ကြက်သွန်ဖြူ၊ နံနံနှင့် ကြက်သွန်နီကလးတို့ကို ရောထားသည်က အပေါ်ယံမှာထုပ်ပိုးထား၏။ နှမ်းဆီ၏ ကြွယ်ဝသောရနံ့သည် အရသာခံဖုများကို ချက်ချင်းတုန်လှုပ်စေပြီး နှမ်းဆီတွင်နှစ်ပြီးနောက် သိုးသားက နူးညံ့ပျော့ပျောင်းလာသည်။ အနည်းငယ် ဝါးရပြီး

တစ်ချက်ကိုက်လိုက်သည်နှင့် အသားများကြားမှ ချိုမြိန်သော နှမ်းဆီများ ထွက်လာပြီး လတ်ဆတ်သော အရသာကို ရရှိစေသည်။

နှမ်းဆော့စ်က ပထမတို့စရာနှစ်မျိုးထက် များစွာ ပိုပြင်းသည်။ သိုးသားလိပ်ကို နှမ်းဆော့စ်ပျစ်ပျစ်ထဲ ထည့်လိုက်လျှင် ချက်ချင်းမြုပ်သွား၏။ဆယ်လိုက်သောအခါ နှမ်းဆော့စ်အလွှာထူထူကတစ်စက်စက်ကျနေသည်။ပါးစပ်ထဲထည့်လိုက်သည်နှင့် အအေးဓာတ်ကို ခံစားရ၏။

မှန်ပေသည်၊ အအေးက နှမ်းဆော့စ်ကနေလာခြင်းဖြစ်သည်။ လျှာပေါ်တင်လိုက်သည်နှင့် အပြင်အလွှာရှိ နှမ်းဆော့စ်က အရည်ပျော်သွားပြီး အတွင်းမှ သိုးသားလိပ်ပူပူလေး ထွက်လာသည်။ ပူစပ်စပ်ဟူသည် နှမ်းဆော့စ်၏ ချိုမြိန်သောအရသာဖြင့် ဖိနှိပ်ခံလိုက်ရပြီး အားလုံး အရသာရှိသွားသည်။

အံ့သြစရာကောင်း၏၊လူတိုင်းက ယခုလိုအရသာရှိသည့် ဟင်းလျာကို ဘယ်သူကလုပ်ခဲ့သည်အား ပြန်သတိရရန် အချိန်မရှိကြဘဲ အားလုံးက သူတို့၏ တူများကို အိုးထဲမှာ ထည့်ထားကြသည်။

ဤအချိန်မှာ ကျက်သရေရှိတယ်ဆိုတာကဘာလဲဖြစ်သွား၏။လူတိုင်းသည် ဟင်းရည်ထဲသို့ နောက်ထပ် အလွှာအနည်းငယ် ထည့်ကြသည်။ အမဲသားလွှာများကျက်ရန် စောင့်ဆိုင်းရသည့် ခက်ခဲသောခံစားချက်ကို မည်သူမျှ မခံစားချင်ကြပေ။

အသားက အနီကနေ အညိုဖျော့ပြောင်းသွားသည်ကို ကြည့်ပြီး လူအုပ်စုက ပန်းကန်ထဲကောက်ထည့်ရန် မစောင့်နိုင်တော့ပေ။

ပန်းကန်လုံးထဲမှာ ဆော့စ်သုံးမျိုးကို နည်းနည်းစီထည့်၊ အသားတွေ အေးသွားအောင် ခဏစောင့်ပြီး အားလုံးကို ပေါင်းစားပါ။

အိုးထဲမှာ တူချင်း ရန်ဖြစ်ကြပြီး စားပြီးသည်နှင့် လူတိုင်းက သူတို့၏အသရေကို ဆုံးရှုံးသွားကြသည်။

"ဟ... ဒါက ငါ့အသား"

"ငါ အိုးထဲထည့်ထားတဲ့ အသားက ဘယ်မှာလဲ... ဘယ်သူက ကောက်လိုက်တာလဲ"

"ဘာလို့ ပန်းကန်ကပြောင်သွားတာလဲ... ငါက လေးပြားပဲ စားရသေးတယ်... ဟင်းက ကုန်သွားပြီ"

လင်းချန်က တစ်ဖက်မှ အောင်ပွဲခံစွာ ပြုံးလိုက်သည်။ ဟဲဟဲ ကမ္ဘာကြီးကို မမြင်ဖူးဘူးလား...
လူတိုင်းက အသားစားရန်ရုန်းကန်နေကြပေမဲ့ ဘယ်သူကမှ သူ့ပေါင်ပေ့ကို မလုကြပေ။

အစေခံများက အစားအသောက်များတည်ခင်းသည်နှင့် သူ့အကြည့်များကို ဘဲအူများနှင့် ငန်းအူများထံ သော့ခတ်ခဲ့ထားသည်။ ဘဲသွေးကြာဇံဟင်းကို သူတွေ့ပြီးကတည်းက ၎င်း၏အရသာကို သူ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါချေ။ အတွင်းအင်္ဂါများက မည်မျှ ညစ်ပတ်သည်ကို လူတိုင်းသိကြသော်လည်း စစ်မှန်သော နူးညံ့သိမ်မွေ့မှုကို ၎င်း၏မူလအစကြောင့် မည်သို့ဆုံးဖြတ်နိုင်မည်နည်း။

လင်းချန် သူ၏ချစ်လှစွာသော အူများကို ညှပ်ကာ ပိုင်ကျီ၏ညွှန်ကြားချက်ကို လိုက်နာကာ "အနိမ့်အမြင့်များစွာ"အတွက် အိုးထဲတွင်ထားခဲ့သည်။ ဆူညံသံများကြားတွင် သူသည် အိုးကိုကိုင်ထားသော ဘုန်းကြီးတစ်ပါးနှင့်တူပြီး ဘဲအူများဖြင့် ကျေနပ်နေလေသည်။ ရှစ်အထိ အေးအေးဆေးဆေး ရေတွက်ပြီး သူ့တူများကို ထုတ်ယူလိုက်၏။

နှမ်းဆီဆော့စ်ထဲမှာ နှစ်လိုက်သည်။ အနီရောင်ဆီများက လွင့်ပျံလာပြီး ရှည်လျားပြီး ပါးလွှာသော ဘဲအူများထဲတွင် ပိတ်မိနေသည်။ ကိုက်သောအခါ အလွန်သေးငယ်ပြီး အလွန်ပြတ်သားသော ကိုက်သံကိုကြားရပြီး ကျေနပ်မှုကို ခံစားရသည်။

ဤသည်က သူအတန်ကြာ အိပ်မက်မက်နေခဲ့သော ကြွပ်ပြီး အရသာရှိသည့် ဘဲအူတွေပါပင်။ ဘဲအူတွေကို နှမ်းဆီအလွှာနှင့် ထုပ်ထားပြီး ချောမွတ်ပြီး ဆီရွှဲနေသည်။ ၎င်းသည် ကြွပ်ဆတ်ပြီး အရသာရှိ၏။ လင်းချန် မျိုချရန်ဝန်လေးနေမိသည်။ ပါးစပ်ထဲထည့်ကိုအကုန်ထိုးသိပ်ထည့်လိုက်သည့်အခါ ပါးစပ်ထဲမှာ ဖောင်းကားနေကာ ဝါးစားလိုက်ပြီး ခံတွင်းထဲမှာ ကြည်နူးဖွယ် အရသာတွေ ရှိနေစေသည်။

တစ်ကိုက်၊ နှစ်ကိုက်၊ သုံးကိုက်ပြီးနောက်... သူလက်ကို မြှောက်လိုက်တိုင်း ဘဲအူတွေကို စားနေသည့် သူ့ပုံစံက ထူးဆန်းပြီး သူ့ပတ်ဝန်းကျင်က လူတွေ၏အာရုံစိုက်မှုကို လျင်မြန်စွာ စွဲဆောင်သွားခဲ့၏။

"လင်းချန်...မင်းဘာစားနေတာလဲ" တစ်ယောက်ယောက်က မေးသည်။

လင်းချန် သူ့နှလုံးသားထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ဤကဲ့သို့ စားကြူးသူများကြောင့် ဘဲအူတွေကို သူတစ်ယောက်တည်းမကြိတ်နိုင်တော့ပေ။

"ဘဲအူ"

"ဘဲ...အူလား"

နားထောင်သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

"ဒါပေမဲ့ အူက အတွင်းအင်္ဂါတစ်ခုမလား"

လင်းချန်အတွက် သူ့လုပ်ဖော်ကိုင်ဖက်၏ အသံက လေပြင်းတိုက်သလိုပါပင်။ သူက အလေးပေးပြီးပြောလိုက်၏။

"ဟုတ်တယ်...အတွင်းအင်္ဂါတွေ...ညစ်ပတ်တဲ့ အတွင်းအင်္ဂါတွေ"


Xxxxx