အပိုင်း ၈၀
Viewers 16k

Chapter 80




လူအချို့က တုံ့ဆိုင်းသွားသော်လည်း အချို့က လင်းချန်၏ တွန့်တိုသောအကြည့်ကို မြင်ပြီး ဘဲအူတစ်ဖတ်ကို သူ၏တူဖြင့် ချက်ချင်းကောက်ယူသည်။

တစ်ခါမြည်းစမ်းပြီးနောက် မလိုမုန်းထားမှုများနှင့် မကြိုက်မှုများအားလုံးကို ပြန်လည်ဖယ်ရှားခဲ့သည်။ သူတို့အားလုံး လင်းချန်နောက်ကလိုက်ကာ ဘဲအူများကို အိုးပေါ်အတက်အဆင်း စည်းချက်ညီညီ ပြုတ်ပြီး ပါးစပ်ထဲတွင် "ငါးခြောက် ခုနစ် ရှစ်" ကို ရေတွက်လိုက်ကြသည်။

ဘဲအူများ အပြတ်ရှင်းခံလိုက်ရပြီးနောက် လူတိုင်းလက်ကျန် အတွင်းအင်္ဂါများကို ရင်ဆိုင်ရန် တုံ့ဆိုင်းမနေတော့ပါချေ။


အမဲအူကြမ်းများကိူ နှမ်းဆီတွင်နှစ်သင့်ပြီး ကိုက်ကိုက်ချင်းတွင် မျက်နှာပြင်ပေါ်ရှိ ဆူးငယ်များကို ခံစားရနိုင်သည်။ အလွန်မာပြီး အဆက်မပြတ်ကိုက်ရသည့်အတွက် အားလုံးကို ပါးစပ်ထဲထည့်ကာ ဖြည်းညှင်းစွာဝါးရပါမည်။ ၎င်းသည် ကြွပ်ဆတ်ပြီး လန်းဆန်းစေကာ အလွန် ဝါးကသည်။ ဝါးလိုက်တိုင်း သွားကြားက ထွက်လာသည့် အူမားမီအရသာနှင့် အစပ်အနံ့ကို ခံစားရနိုင်၏။

ပေါင်းရင်းသားကို အချိန်အကြာကြီး မပြုတ်သင့်ပါချေ။ အိုးထဲကိုထည့်ပြီး ကျုံ့သွားသည်ကိုတွေ့လျှင် ထုတ်ယူနိုင်သည်။ကိုက်လိုက်သောအခါ အနည်းငယ် ခြောက်သွေ့ပြီး နူးညံ့ချောမွေ့သည်။ အသား၏ထူးခြားသောရနံ့သည် အလွန်ပြင်းသော်လည်း အစပ်က ၎င်းကို လျော့ပါးစေသည်။ အင်မတန် အရသာရှိသောကြောင့် သိပ် ဝါးစရာမလိုဘဲ ပျောက်ကွယ်သွားသည်ဟုထင်ရလေသည်။

ဤအချိန်တွင် အချိန်ကြာမြင့်စွာချက်ပြုတ်ရန်လိုအပ်သောအသားလုံးများနှင့်အသားဟင်းလျာများသည် အဆင်သင့်ဖြစ်နေလေပြီ။ အပူက အဆက်မပြတ် မှုတ်ပေးနေသည့်အတွက် အမျိုးမျိုးသော ပါဝင်ပစ္စည်းများသည် အိုးထဲတွင် မြုတ်လိုက်ပေါ်လိုက်လွင့်မျောနေကြ၏။

ဤလူအုပ်စုက အများကြီးမစားမှာကို သူမကြောက်သည့်အတွက် ကျန်းရှုယောင်က ဟော့ပေါ့မှာ ဆီအများကြီးမထည့်ခဲ့ဘဲ အခြေခံပစ္စည်းကလည်း သိပ်မစပ်ပါချေ။သူမသည် ကိုယ်တွင်းအပူကို ဖယ်ရှားရန်နှင့် အရသာကို မြှင့်တင်ရန် တရုတ်ဆေးဖက်ဝင်အပင်များကိုလည်း ထည့်သွင်းခဲ့သည်။ဝါနုလေးများအတွက် အလွန်ကြီး စိတ်လှုပ်ရှားစရာမဟုတ်ပေ။

ထိုကြောင့် လူတိုင်း အမဲသားအစပ်ကို စားချိန်တွင် အားလုံး အံသြသွားကြ၏။

ပူစပ်စပ်အရသာသည် သူတို့၏လျှာဖျားမှ ထွက်ပေါ်လာပြီး သူတို့တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။ ယင်းက ပူ၊လောင်၊ စပ်ပေမဲ့ လတ်ဆတ်၏။ အမဲသားမျက်နှာပြင်ပေါ်တွင် သုတ်လူးထားသော ငရုတ်သီးမှုန့်အလွှာက မွှေးရနံ့ကို အလွန်သန့်စင်စေသည်။အမဲသားအစပ်က အလွန်နူးညံ့ပြီး ဝါးရသည်။စားမြိန်ရည်တချို့လည်းရှိပြီး တစ်ဖတ်စားပြီးနောက် လူတိုင်း အံသြမှင်သက်ပြီး ပင့်သက်ရှိုက်မိကြ၏။

နွေရာသီမှာ ပိုပူပြီး ခြောက်သွေ့လေလေ ကယ်တင်ခံရရန် ယခုလို မွှေးပျံ့သည့် အစားအစာတွေ ပိုလိုအပ်လေလေပါပင်။ နှစ်ရှည်လများ မျိုသိပ်ထားရသော ငြီးငွေ့မှုကို စပ်ပြီးလန်းဆန်းစေသောအရသာက ထွက်ပေါက်ရသွားစေသည်။ လူတိုင်းစားပြီး ချွေးထွက်များကာ ဒုက္ခဆင်းရဲခြင်းများကို မမှတ်မိကြတော့။ သူတို့ "မိုက်တယ်"ဟုသာ အော်ဟစ်ချင်မိကြသည်။

အိမ်ရှေ့စံက မျက်နှာကြီး နီမြန်းရင်း စားနေ၏။ မင်းသားတစ်ယောက်ရဲ့ မာနကို သူ ဘယ်လို လုပ်ထိန်းနိုင်မှာလဲ...
နဖူးက ချွေးတွေကို သုတ်ပြီး အစေခံကိုခိုင်းလိုက်သည်။

“ဝိုင်ရှိသလား...သောက်စရာတွေ ယူလာပါ”

သူတို့ဘေးနားက အရာရှိတွေကလည်း ပိုသာမနေပေ။ သူတို့ ဝတ်ရုံလက်တွေကို တစ်ယောက်ပြီးတစ်ယောက် လိပ်တင်လိုက်ကြသည်။ အဖိုးတန်ပိုးဖဲထည်များအားလုံးကို ချွေးသုတ်ရန်အတွက် အသုံးပြုခဲ့သည်။ ရှေးယခင်က ခမ်းနားထည်ဝါသော အဝတ်အစားများသည် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ သူတို့၏ အစားအသောက် လုခြင်းအရှိန်ကို နှောင့်နှေးစေမည့်အစား ချွေးစုပ်ပြီး သပ်သပ်ရပ်ရပ်ရှိသော ချည်ထည်နှင့် ပိတ်အင်္ကျီအဖြစ်သို့ ပြောင်းလဲလိုကြ၏။

အစေခံက ခေါင်းညိတ်ကာ ကျန်းရှုယောင်ကိုရှာရန် မီးဖိုချောင်ငယ်လေးဆီ ပြန်သွားခဲ့သည်။

ကျန်းရှုယောင်က ညစာ စားပြီးခါစဖြစ်သည်။ အစေခံက သူမကိုပြောသည်ကို နားထောင်ပြီးနောက် ထိုနေရာမှာ စိတ်ပါလက်ပါ စားသောက်နေသည့် အမျိုးသားတစ်စု၏မြင်ကွင်းကို သူမ စိတ်ကူးကြည့်နိုင်လေသည်။ သူမက မေးလိုက်၏။

" မင်းသားက သောက်ချင်တယ်လို့ ပြောတာလား"

အစေခံက လေးလေးစားစား ခေါင်းညိတ်သည်။

ကျန်းရှုယောင်က သူမကို ဝိုင်ချက်ချင်းယူသွားရန် အမိန့်ပေးမည်ဟု သူမထင်ခဲ့ပေမဲ့ ကျန်းရှုယောင်ဆီက "မယူနဲ့" ဆိုသည့် စကားတစ်ခွန်းကို ကြားလိုက်ရ၏။

အစေခံက စည်းကမ်းများကို မေ့သွားပြီး ကျန်းရှုယောင်ကို မော့ကြည့်လိုက်သည်။

ကျန်းရှုယောင် က ခါးကိုဆန့်ပြီး "ဒီမှာ အရက်မရှိဘူးလို့ ပြန်ပြောပါ"ဟုပြောလိုက်၏။ ခြံဝင်းနံရံကိုဖြတ်ပြီး အစားအစာတွေ လုယူနေသည့် လူတွေ၏ဆူညံသံကို သူမ ကြားနေရသည်။အနှီလူအုပ်စုက အရူးလို စားသောက်နေပုံရ၏။ သူတို့အရက်သောက်ပြီး ဗိုက်မအီမသာဖြစ်ကာ တစ်ခုခုဖြစ်လျှင် သူမ အပြစ်တင်ခံရလိမ့်မည်။

“ဆေးဖက်ဝင်လက်ဖက်ရည်တစ်အိုး ယူသွားပါ” သူမက ဆက်ပြောသည်။

“သြော်...ဇီးချဉ်သီးဟင်းရည်လည်း ရှိတယ်... ဒါကြောင့် ယူသွားလိုက်”

ထိုသို့ဖြင့် အစေခံပြန်လာသောအခါ မင်းသားနှင့် အရာရှိတွေ အတော်လေး စိတ်ပျက်သွားကြ၏။

"ပေါယွမ်...ငါ နန်းတော်ထဲ ပြန်ရောက်ရင် ငါ မင်းကို ဝိုင်ကောင်းကောင်း တစ်ခုခုနဲ့ သေချာပေါက် ဆုချမယ်" 

အရမ်းသနားစရာကောင်းတယ်...အိမ်မှာ ဝိုင်မရှိဘူး...

“ငါ့အိမ်မှာလည်း ဝိုင်ကောင်းကောင်း ရှိတယ်... ငါအိမ်ပြန်ရောက်ရင် အစေခံတွေကိုယူခိုင်းလိုက်"

"ပေါယွမ်က ဇီဇာကြောင်လောက်တယ်... ငါ့အဖိုးက ဝိုင်ကောင်းကောင်း အိုးနည်းနည်း သိမ်းထားတယ်...မင်းဖို့ ငါတောင်းပေးမယ်"

လူတိုင်းက ဝိုင်ပေးမည်ဟု တစ်ယောက်ပြီး တစ်ယောက် ပြောနေကြသည်။

ရှဲ့ရွှင်း ကျန်းရှုယောင်၏ အတွေးများကို ခန့်မှန်းမိခဲ့သော်လည်း ၎င်းတို့ကို မရှင်းပြဘဲ တစ်ဦးချင်း သဘောတူခဲ့သည်။ဖြစ်ချင်သောအခါ ကျန်းရှီက ဝိုင်သောက်ရသည်ကို ကြိုက်၏။ ဝိုင်ကောင်းကောင်းသောက်ရလျှင် သေချာပေါက် အလွန် ပျော်နေပေလိမ့်မည်။

အရက်မပါပေမဲ့ ဇီးဖျော်ရည်နှင့် ဆေးဖက်ဝင်အပင် လက်ဖက်ရည်ကို သောက်နိုင်လေသည်။

အအေးသောက်ပြီးနောက် တင်းကြပ်နေသော ဗိုက်က ရုတ်တရက် ပျောက်ကွယ်သွားကာ အအေးဓာတ်က အပူကို ငြိမ်းစေပြီး လူအများကို သက်ပြင်းချကာ "ပြန်စားလို့ရပြီ" ဟု အော်ဟစ်မိစေသည်။

အစတုန်းက လူတိုင်းက ကျင့်ဝတ်တွေကို အနည်းငယ် အာရုံစိုက်နေကြပေမဲ့ ယခုချိန်မှာ သူတို့၏အမူအကျင့်ကို ထိန်းထားနိုင်ရုံသာရှိတော့၏။ ယခုအချိန်၌ စားပွဲသည် ပရမ်းပတာများဖြင့် ပြည့်နေပြီး အခြားသူများထံက ဖြတ်လုခံရမည်ကို စိုးရိမ်ကာ တူများက လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။

သူတို့ ဝကိုမဝပေ။ အိမ်ရှေ့စံက မကြာမကြာထအော်သည်။

"အမဲသားကုန်ပြီလား...နောက်တစ်ပန်းကန် ထပ်ချရအောင်"

"ငါးဆုပ်တွေ ဘယ်လိုကုန်သွားတာလဲ... ရှိသေးလား...အာ မရှိတော့ဘူးလား...မင်းမိန်းမကို နောက်ထပ်တစ်ပန်းကန်လုပ်ခိုင်းရင်ရော...တစ်ပန်းကန်ပဲလေ"

"ကောင်းပြီ...ကောင်းပြီ... ငါးအသားလွှာတွေကော...ငါးအသားလွှာတွေက အမြဲရှိတယ်"

အသားဟင်းအမယ်တွေ ကုန်သွားချိန်တွက် လူမိုက်တွေက ရုန်းကန်နေရဆဲဖြစ်သည်။ ထက်မြက်သူတွေက အသီးအရွက်တွေနှင့် စတင်ချိန်ရောက်ပြီဆိုသည်ကို သိနေနှင့်လေပြီ။

စောစောက သူတို့ ဟင်းရည်ကို အကြိမ်ပေါင်းများစွာ ထပ်ထည့်ထားပြီး အစပ်အနှစ်က ကုန်သွားပြီဖြစ်သည်။ ယခုအချိန်မှာ အသီးအရွက်တွေက သိပ်ပြီး အီလိမ့်မည်ဟုတ်ပေ။

စားပွဲပေါ်တွင် အတွေ့များသော ဟင်းသီးဟင်းရွက်များဖြစ်သည့် ကြာဆွယ်အချပ်များ၊ပင်လယ်ရေမှော်၊ ကမာမှို စသည်တို့အပြင် တစ်ခါမှမမြင်ဖူးသော ဟင်းသီးဟင်းရွက်မျိုးစုံရှိသည်။

ယခင်က အတွေ့အကြုံအရ လူတိုင်းသည် ယခင်က မမြင်ဖူးသော အရာကို ရွေးချယ်ကြသည်။

တိုဟူးကြော်က အဝိုင်းဖြစ်ပြီး အခွံက ရွှေဝါရောင်သန်းပြီး ကြွပ်နေသည်။ အိုးထဲ ပစ်ချလိုက်လျှင် ခဏကြာသည့်အခါ တစ်ဝက်လောက် နစ်သွားလိမ့်မည်။ ထိုအချိန်မှာ သူတို့က ဆွဲထုတ်ပြီး နှမ်းဆော့စ်ထဲကို ထည့်လှိမ့်လိုက်၏။ ထို့နောက် မာကျောသော အပြင်ဘက်အရေပြားကို ကိုက်လိုက်သည်နှင့် ပူပြင်းပြီး အရသာရှိသော ဟင်းရည်က ချက်ချင်း ထွက်လာသည်။

စားသည့်သူက မပြင်ဆင်ထားပေ။ လျှာဖျားက လျင်မြန်စွာ ကျုံ့သွားပြီး သူ တိုဟူးကြော်ကို နှမ်းဆော့စ်ထဲသို့ ပြန်ဖိလိုက်သည်။ တိုဟူးကြော်က နှမ်းဆော့စ်နှင့် ပြန်ထုပ်ပိုးလိုက်သောအခါ အေးသွားသည်။ ထပ်စားသည့်အခါ နူးညံ့ပြီး နူးအိသည့် တို့ဟူးကို ဝါးရသည်က ပိုအဆင်ပြေလာသည်။ ဟင်းရည်က မွတ်နေအောင်အရသာရှိသော နှမ်းအနှစ်နှင့်အတူ ပါးစပ်ထဲ စိမ့်ဝင်သွားမည်ဖြစ်၏။

ဂလူတန်က အဆီပိုများသည်။ ရေမြှုပ်ကဲ့သို့ ချွေးပေါက်များစွာရှိသည်။ ဟင်းရည်ကို အပြည့်အဝစုပ်ယူပြီး လေးလံစေသည်။ ခဏကြာပြီးနောက် ဟင်းရည်နှင့် ဆီပူများ ထွက်လာသည်။ နူးညံ့ပြီး ဝါးရကာ ဟင်းရည်လည်း အပြည့်ပါ၏။

သူတို့ အချိန်အကြာကြီး စားသောက်ခဲ့ကြပြီး နေဝင်ပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားကာ ခြံဝင်းအတွင်းရှိ မီးရောင်များ ထိန်လင်းလာကြသည်။

စားပြီးနောက် အကုန်လုံးမူးဝေနေကြ၏။ အရက်မသောက်ဘဲ မူးနေကြသည်။ သူတို့၏ မျက်နှာနှင့် ဦးခေါင်းများတွင် အငွေ့များထွက်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များက အတားအဆီးမရှိ ဖြစ်နေသည်။ သူတို့ အလွန်အကျွံစားသည့်အတွက်သာ မဟုတ်လျှင် သူတို့၏သက်တောင့်သက်သာရှိမှုကို ထုတ်လွှင့်ရန် ခြံထဲမှာ တကယ်ကို မတ်တပ်ထပြီး ခုန်ချင်ကြသည်။

ဤအချိန်မှာ ကျင့်ဝတ်တွေအကြောင်း ပြောစရာ ဘာအကြောင်းမှ မရှိတော့ပေ။ လူတိုင်းက ကုလားထိုင်ပေါ် လဲကျပြီး တင်းကားနေသည့် ဗိုက်ကို ထိလိုက်ကြ၏။ သူတို့ခန္ဓာကိုယ်မှာ ခွန်အားမရှိသလို ဦးနှောက်ကလည်း မလှုပ်ရှားနိုင်တော့ပေ။

မြင့်မြတ်သော အိမ်ရှေ့စံဖြစ်စေ၊ အလိုလိုက်အကြိုက်ဆောင်ခံရသော ဆွေတော်မျိုးတော်များ ဖြစ်စေ၊ သားနားထည်ဝါပြီး သတိကြီးစွာထားရသော အမှုထမ်းများဖြစ်စေ သူတို့၏ စိတ်ထဲမှာ အတွေး သုံးခု တဖြည်းဖြည်း ပေါ်လာသည်။

--ငါဘယ်သူလဲ...ငါဘယ်မှာလဲ...

—— အနာဂတ်မှာ ဒီလို အရသာမျိုး စားလို့ရသေးလား...ဘယ်လို ပြန်စားရမလဲ...

—— လက်ကျန် ဟော့ပေါ့ဟင်းရည် နဲ့ ဇီးသီးဖျော်ရည်ချဥ်ချဥ်လေးကို နောင်ဖို့ ယူသွားလို့ရမလား...

တတိယအတွေးပေါ်လာပြီးနောက် အခုလေးတင်က လေဖြတ်သွားသောလူများအားလုံး ထထိုင်ကာ ပြိုင်ဖက်များကို မျက်လုံးဆိုးများဖြင့် စိုက်ကြည့်နေကြသည်။

အိမ်ရှေ့စံက ဟော့ပေါ့အနှစ်နှင့် စားကြွင်းစားကျန်များကို သူ၏ကွဲပြားခြားနားသောအဆင့်အတန်းကြောင့် ထုပ်သွား၍မရ​ပေ။သူ့မှာ ပွဲချိန်မတိုင်ခင် ထုတ်ပယ်ခံခဲ့ရသည်။

"ပေါယွမ်... ငါ့အစ်ကိုက အစားကြိုက်တယ်... မင်းငါ့ကို ဒီဟင်းရည်ပေးရင် ငါပြန်သွားပြီး မင်းမြည်းဖို့အတွက် သူ့ကို ဟင်းတချို့ ချက်ခိုင်းလိုက်မယ်"

"ငါလည်း အဲ့လိုထင်တယ်...အဲဒါကို မြည်းစမ်းကြည့်ဖို့ မိဘတွေဆီ ပြန်ယူသွားသင့်တယ်... အသက်အရွယ်ကဘယ်လိုပဲ ဖြစ်ဖြစ် သားသမီးလို အစားကြိုက်နေတုန်းပဲ ဟားဟား"

"ဟေး... ငါတို့ဆုံတုန်း အိမ်ပြန်ပြီး ငါ့အမေကို ပေးလိုက်ချင်တယ်...ပေါယွမ် ငါ့အမေနဲ့ မင်းအမေ နှစ်ယောက်စလုံးက ယန်ကျိုးက လျှိုမိသားစုကနော်"

အစသာရှိသေးသော်လည်း ပြိုင်ဆိုင်မှု ပြင်းထန်လာလေပြီ။

လင်းချန်က ရှေ့ဆုံးကနေဦးဆောင်လိုက်သည်။

"ပေါယွမ်... ငါ့အဖိုးက အရာရှိတစ်ယောက်မဟုတ်တော့ကတည်းက ဘာ ဝါသနာမှမရှိတော့ဘူး...အဲဒါကြောင့် သူက အစားအသောက်အသစ်တွေကို မြည်းစမ်းရတာ ကြိုက်လာတယ်...အရင်ကနဲ့မတူဘူး...မင်းမှတ်မိလား ...သူငါတို့ကို သင်ခန်းစာပေးတုန်းက သူ့ရှေ့မှာ မုန့်တွေရှိတယ်"

သူရှုံးတော့မည်ကိုတွေ့ပြီး တစ်ယောက်ယောက်က အကြံတစ်ခုရသွားသည်။ ရှဲ့ရွှင်း၏ဇနီးကို ဖားသည်က သူ့ကို ဖားသည်ထက် ပိုကောင်း၏။

"စကားမစပ် ပေါယွမ်... မင်းမိန်းမ ဒီလက်ရာက တကယ်ကို အံ့သြစရာကောင်းတယ်... သူက လင်းမိသားစုရဲ့ သမီးဖြစ်ထိုက်တယ်... စီးပွားရေးကျွမ်းကျင်တဲ့ သူ့အမေလိုပဲတော်တယ်... အိုး ပြောမှပဲ ငါ သတိရတယ်... မင်းမိန်းမရဲ့အမေနဲ့ ငါ့တတိယအဒေါ်က ဝမ်းကွဲတွေကွ"

"ကျစ်...ပေါယွမ် မင်းက ငါ့ကို သတိပေးလိုက်တာပဲ... မင်းမိန်းမနဲ့ ငါ့အဒေါ်မိသားစုရဲ့ စတုတ္ထချွေးမက နှစ်ယောက်လုံး လင်းမိသားစုထဲကပဲ... အဲဒါကို သေသေချာချာ တွေးကြည့်တော့ သူတို့က ဝမ်းကွဲတွေ ဖြစ်ပုံရတယ်"

လူတစ်စုက ပေါက်ပေါက်ဖောက်နေကာ ရှဲ့ရွှင်း ခေါင်းမူးသွားရသည်။ သူ ၎င်းတို့ကို တားတော့မည့်အချိန်တွင် ယုံကြည်ချက်ရှိသော စကားသံကို သူကြားလိုက်ရ၏။

"ပေါယွမ်... မင်းမိန်းမက ငါ့ဝမ်းကွဲ"

"လျှာစစ်ပွဲသူရဲကောင်းများ" အားလုံးသည် အိမ်ရှေ့စံကို လှည့်ကြည့်ကြသည်။

"သူ့အမေနဲ့ ကိုယ်လုပ်တော်လင်းက ညီအစ်မတွေလေ... တွက်ကြည့်လိုက်တော့ သူက ငါ့ဝမ်းကွဲနီးပါးပဲ"

လူတိုင်း: ???

နီးပါး?

အဝေးကြီးပဲနော်... ကိုယ်လုပ်တော်လင်းက မင်းအဖေရဲ့ ကိုယ်လုပ်တော်ဟုတ်ပြီလား... "ဝမ်းကွဲ" ဆိုတဲ့စကားလုံးက အမှန်တကယ်ထည့်တွက်လို့ရလို့လား...

[ET/N- အိမ်ရှေ့စံက မိဖုရားခေါင်ကြိး၏သားတော်၊ ကိုယ်လုပ်တော်လင်း၏သားတော်မဟုတ်ပေ။ အများအားဖြင့် ကိုယ်လုပ်တော်တစ်ယောက်၏ ဆွေမျိုးတွေကို ထည့်မတွက်ကြသောကြောင့် ကျန်းရှုယောင်ကို "ဝမ်းကွဲ"ဟု ခေါ်သည့်အခါ သူ မရမကအမျိုးတော်ထားခြင်းဖြစ်သည်။]

အိမ်ရှေ့စံက လူတိုင်း၏ မနာလိုသော မျက်လုံးများကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် အောင်ပွဲခံသော အပြုံးဖြင့်ဆိုလိုက်၏။

"ဝမ်းကွဲရဲ့ အချက်အပြုတ် စွမ်းရည်က အံ့မခန်းပဲ..."

........


အိမ်ရှေ့စံမင်းသားတစ်ယောက် ဆွေမျိုးစပ်ပြိုင်ပွဲတွင် ထိပ်ဆုံးနေရာကို ရယူထားသော်လည်း အသုံးမဝင်ပေ။ မင်းသားတစ်ယောက်အနေဖြင့် ဟင်းကျန်တွေကို ထုပ်ပိုးပြီး နန်းတော်ကို ပြန်ယူမသွားနိုင်ပါချေ။

ဝမ်းနည်းစရာကောင်းပေမဲ့ လူတိုင်းက သူ့ကို မကျေမနပ်နှင့် ကြည့်နေသည်ကို တွေ့ရသောအခါ မင်းသား သက်တောင့်သက်သာရှိသလိုခံစားရပြီး ရွှင်လန်းနေခဲ့သည်။

"ကိုယ်တော့်ဝမ်းကွဲ ဘယ်မှာလဲ...ကိုယ်တော်က မကြာခင် ထွက်သွားတော့မှာမို့လို့ သူ့ကို နှုတ်ဆက်ရမယ်"

မင်းသားက နောက်တစ်ခေါက် တစ်နပ်လောက်လာဂုန်းဆင်းရအောင် ကျန်းရှုယောင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသင့်သည်ဟု တွေးပြီး ဟိတ်ကြီးဟန်ကြီးဖြင့်ပြောလိုက်၏။ ဖြစ်နိုင်လျှင် ဟင်းချက်နည်းတချို့ကို တောင်းသင့်သည်။ အရှေ့နန်းဆောင်မှာ သူမ၏ဟင်းလျာများကိုစားရလျှင် ပို၍ပင်ကောင်းဦးမည်။

ရှဲ့ရွှင်း၏ အကြည့်များသည် တောက်ပသော မျက်လုံးများနှင့် စိတ်အားထက်သန်သော အမူအရာများဖြင့်ရှိနေသည့် အနှီလူအုပ်စုကို လွှမ်းခြုံသွားသည်။ အိုး..သူတို့က သူ့မိန်းမ (ရဲ့အစားအသောက်) အကြောင်း တွေးနေကြတာပဲ... သူတို့အတွေးတွေက အသိသာကြီး...

သူက ပြောလိုက်သည်။

"အရှင်မင်းသားရဲ့ စကားက တော်တော်လေး ဆိုးတယ်...တကယ်တမ်းကျ ဒီအရာရှိရဲ့ ဇနီးက အမျိုးသမီးတစ်ယောက်လေ...သူစိမ်းဧည့်သည်တွေကို တွေ့ဖို့က ခက်တယ်"

သူက သူ့အင်္ကျီလက်တွေကို ပွတ်သပ်ရင်း အရပ်မြင့်မြင့် စိတ်ဝင်စားမှုကင်းမဲ့ဟန်တို့ဖြင့်ရှိနေ၏။

ခြံဝင်းတစ်ခုလုံးတွင် အမူအကျင့်ကို ထိန်းထားနိုင်သူမှာ သူတစ်ဦးတည်းသာရှိသည်။

သူက မတ်တပ်ထရပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကာဆို၏။
"မစောတော့ဘူး...အရှင်မင်းသား နန်းတော်ပြန်သင့်ပါတယ်"

သူကရှုပ်ပွနေသည့်စားပွဲကို ငုံ့ကြည့်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်လိုက်၏။တစ်ယောက်ချင်းစီတိုင်း၏ ပါးပြင်များမှာ နွေဦးလေညင်းနှင့်အတူ ရှက်သွေးဖြန်းနေသလိုနီရဲနေကြသည်။

ဝအောင်စားပြီးပြီ... အခု မင်းတို့ လှိမ့်လို့ရပြီ...(ဒိုးလို့ရပြီ)

တက်ရောက်သူတိုင်းသည် လူသားများဖြစ်ကြသော်လည်း တညီတညွှတ်တည်း သူဆိုလိုသည်ကို နားမလည် မကြားရသကဲ့သို့ မိုက်မဲဟန်ဆောင်ကြသည်။ ထိုအချိန်တွင် သူတို့၏စိတ်များက အမြွှာတစ်ပိုင်းများကဲ့သို့ မပြောဘဲနားလည်မှုတို့ရှိကြ၏။ စားသောက်ဆိုင်နှင့်ပတ်သက်သည့် သတင်းအချို့ကို မကြားရသေးမီအထိ ၎င်းတို့အားလုံး ထွက်ခွာရန် ငြင်းဆိုခဲ့ကြသည်။

"ပေါယွမ်... လင်းမိသားစုရဲ့ ဆိုင်တွေကို ဘယ်တော့ မြို့ထဲမှာ ဖွင့်မှာလဲ...ဆိပ်ကမ်းမှာ ပဲ အဲဒီဆိုင်တွေ ဖွင့်လို့မရဘူးလေ...ဟုတ်တယ််မလား"

ဆိပ်ကမ်းမှာ လင်းမိသားစု စားသောက်ဆိုင်တွင် စားပြီးကတည်းက ထိုအကြောင်းကို သူတို့ တွေးနေခဲ့ကြသည်။ အချိန်အတော်ကြာအောင် စောင့်မျှော်ခဲ့ကြသော်လည်း လင်းမိသားစုသည် မြို့ပြင်ရှိ ဆိပ်ကမ်းများတွင်ပဲ ဆိုင်များ ဖွင့်သည်ဟူသော သတင်းကို ကြားလိုက်ရသည်။

ကျန်းရှုယောင်က အိပ်ရာမဝင်မီ ရှဲ့ရွှင်းနှင့် စကားစမြည်ပြောလိမ့်မည်ဖြစ်သောကြောင့် ရှဲ့ရွှင်းတစ်ယောက် လင်းမိသားစု၏ အစီအစဉ်ကို သိရပေမည်။

"လင်းမိသားစုက မြို့တွင်းမှာ ဆိုင်မဖွင့်လောက်ဘူး... ငါ့ယောက္ခမက ဆင်းရဲသားတွေကို အကျိုးရှိစေမဲ့တစ်ခုခုလုပ်ဖို့ ဒီလုပ်ငန်းကိုလုပ်ခဲ့တာ... မြို့ထဲမှာ စားသောက်ဆိုင်ဖွင့်ဖို့က မူလရည်ရွယ်ချက်နဲ့ ဆန့်ကျင်တယ်မဟုတ်လား"

ရှဲ့ရွှင်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။