Chapter 81
မြက်ဂျယ်လီ
ရှဲ့ရွှင်းပြောလိုက်သောအခါ လူတိုင်း အံ့ဩသွားကြသည်။ လင်းမိသားစု၏ စားသောက်ဆိုင်တွင် အစားအသောက်များရောင်းသည့်အခါ လိုက်နာရမည့် စည်းကမ်းကို သူတို့ သတိရကြသည်။ ဆင်းရဲသားဖြစ်စေ၊ ရာထူးကြီးသောမိသားစုများမှ စေလွှတ်လိုက်သော အစေခံလေးများဖြစ်စေ ၊ ဘယ်သူမှ တန်းကျော်၍မရပါချေ။ယင်းက မဖြစ်နိုင်ပေ။၎င်းက ထိုအချိန်မှစ၍ သူတို့ ထိုနေရာ၌ မစားကြသောအကြောင်းအရင်းလည်းဖြစ်သည်။အလျင်လိုရန်လိုအပ်သော အစေခံငယ်လေးများအနေဖြင့် ထိုနေရာတဝိုက်တွင် နေသည့် သို့မဟုတ် အလုပ်လုပ်ကြသည့် ထိုယောကျာ်းများကို မယှဥ်နိုင်သောကြောင့်ဖြစ်၏။
ရှိနေသည့်လူတိုင်းက ပြည်သူတွေ၏စားဝတ်နေရေးကို အလေးထားသည့် ရုံးတော်အရာရှိများဖြစ်သည်။လင်းမိသားစု၏ လုပ်ရပ်ကို ကြားပြီးနောက် အားလုံး ရင်ထဲထိသွားကြသည်။
သေချာသည်၊ ကောလဟာလတွေက မယုံရပေ။သခင်မရှန်းယန်က အပေါက်ဆိုးပြီး မနာလိုဝန်တိုတတ်ကာ သူမ၏ခန္ဓာကိုယ်က ကြေးနီနံ့ရပြီး မျိုးရိုးမြင်သခင်မတစ်ယောက်နှင့်မတူဟူ လူတွေက ပြောကြသည်။ သို့သော် သူမ၏ ကုသိုလ်ကောင်းမှုမျိုးစေ့ကို မြင်ရသည့်အခါ ဤကဲ့သို့သောနှလုံးသားရှိသူသည်က ကောလဟာလများလိုမျိုး မည်သို့မျှ သည်းမခံနိုင်ဖွယ်ရှိလိမ့်မည်နည်း။
၎င်းကိုတွေးပြီး ကောလဟာလတွေရှိသည့် ကျန်းရှုယောင်ကို လူတိုင်းက မစဉ်းစားမိဘဲမနေနိုင်ကြပေ။
အိမ်ရှေ့စံမှလွဲ၍ ကျန်လူတိုင်းသည် ကျန်းရှုယောင် မည်ကဲ့သို့ ဖြစ်သည်ကို မြင်ဖူးသည်။ သူတို့၏ စိတ်ထဲရှိ အမြင်တို့က ဝါးတားတားဖြစ်နေသည်။ သူမ၏မျက်နှာပေါ်ရှိ မိတ်ကပ်ထူထူများနှင့် ချောမောသော အမျိုးသားများကို နှောင့်ယှက်သည့် ရယ်စရာကောင်းသော အပြုအမူများကိုသာ မှတ်မိကြသည်။
ယောက်ျားချောချောလား......?
၎င်းကိုတွေးပြီး အားလုံးက ခေါင်းမော့ကာ ရှဲ့ရွှင်းကို စိုက်ကြည့်နေကြ၏။
အရင်တုန်းက ကျန်းမိသားစု၏သမီး ရှဲ့ပေါ်ယွမ်ကို လက်ထပ်သည့်အကြောင်း တွေးသည့်အခါ သူတို့၏ အတွေးများက ဤသို့ဖြစ်သည်။
ကံကောင်းလိုက်တာ... ကံကောင်းလိုက်တာ... ကံကြီးပေလို့ ငါကပေါယွမ်လောက်မချောဘူး...
ယခုမူကား သူ့ကိုတဖန်ပြန်ကြည့်သောအခါ သူတို့၏နှလုံးသားထဲတွင် မျက်ရည်စီးကြောင်းနှစ်ခု တိတ်တဆိတ်ကျလာသည်။
ခက်ခဲလွန်းလှတယ်...ခက်ခဲလွန်းလှတယ်...ငါဘာလို့အဲလောက်မချောတာလဲ...
ရှဲ့ပေါယွမ်တွင် နေ့တိုင်း အရသာရှိသော အစားအစာများ ရှိသော်လည်း သူ့မိန်းမ၏ရုပ်ရည်က သူ့ထက်အများကြီး နိမ့်ကျကြောင်း သူတို့ကိုယ်သူတို့ နှစ်သိမ့်ခဲ့ကြသည်။ သူက သိပ်မနာလိုဖြစ်စရာကောင်းပါဘူး... ဒါပေမဲ့ အိုး အို့ သူမရဲ့ ရုပ်ရည်က စိတ်လှုပ်ရှားစရာမဟုတ်ရင်တောင် တိုင်းပြည်က သူမကို ဒီလက်ရာနဲ့တင် ချီးကျူးရမယ်...
ရှဲ့ရွှင်း သူတို့၏မျက်လုံးများက ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူ့မျက်နှာမှာ ညစ်ပတ်သည့်အရာတစ်ခုခုရှိနေသည်ထင်ပြီး ဝတ်ရုံလက်ကို မြှောက်၍သုတ်လိုက်၏။
အနှီလူအုပ်စုက ထွက်မသွားသေးသည့်အတွက် ဒုတိယအကျော့ကို စောင့်ချင်နေမှာစိုးရသည်။ သူက ယဉ်ကျေးမနေဘဲ ဧည့်သည်တွေကို ရိုးရိုးရှင်းရှင်းပဲ လိုက်ပို့လိုက်။။
"ကောင်းပြီ...သွားရအောင်... ငါလိုက်ပို့ပေးမယ်"
ကောင်းပြီ၊ လူတိုင်းက ဝမ်းနည်းစွာ သက်ပြင်းချပြီး ဖောင်းကားနေသောဗိုက်ကိုယ်စီဖြင့် ထွက်သွားကြလေသည်။
........
ကောင်းကင်ကို မော့ကြည့်ရင်း သခင်မကြီး ခန်းမဆောင်ကို စိုးရိမ်တကြီး လှည့်ပတ်ကြည့်နေသည်။
"ပင်မမီးဖိုချောင်မှာ သူတို့ အစားအသောက်တွေ စီစဉ်ချင်မလားလို့ တစ်ယောက်ယောက်ကိုမေးခိုင်းကြည့်လိုက်ပါ"
မျက်မှောင်ကြုတ်လိုက်သောအခါတွင် သူမ၏မျက်ခုံးကြားရှိ ဒေါင်လိုက်မျဉ်းများသည် အလွန်သိသာထင်ရှားပြီး သူမကို အလွန်တင်းမာပြီး ကြမ်းတမ်းနေပုံရစေသည်။
နို့ထိန်းက လေးလေးစားစား ခေါင်းညိတ်ပြပြီး အစေခံတစ်ယောက်ကို အမြန်ခိုင်းလိုက်၏။
ခဏအကြာတွင် သတင်းမေးရန် ထွက်သွားသည့် အစေခံက “သခင်မကြီး...တတိယအိမ်တော်ခွဲက အစားအသောက်ပြင်ဆင်ဖို့ ပင်မမီးဖိုချောင်ကို မခိုင်းဘူး” ဟု မဝံ့မရဲ ပြန်ပြောသည်။
ဤအဖြေကိုကြားသောအခါ သခင်မကြီးက သရော်တော်တော်ဆို၏။
“အိုး...ငါ့တတိယသားဟာ လိမ္မာပါးနပ်သူလို့ ငါထင်ခဲ့တာ.. ဒါပေမဲ့ သူက ကောင်းကောင်းမတွေးတောနိုင်ဘဲရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... အရှင်မင်းသားနဲ့ ဝန်ကြီးတွေ အများကြီးက ခြံဝင်းထဲမှာ...သူက ကျန်းရှီကို သူတို့ရဲ့ အစားအသောက်တွေကို တာဝန်ယူခွင့်ပေးခဲ့တာ တကယ်ပဲ သတ္တိရှိလိုက်တာ... ဒါက ခေါင်းမာပြီး ရှုံးနိမ့်တာကို ဝန်မခံတာမဟုတ်ဘူးလား"
သူမက စိတ်ပေါက်ပြီး စကားအများကြီးပြောနေကာ အစေခံလေးခင်မျာ စကားမပြောရဲပေ။ သူက အမောတကောပြောနေခြင်းပြီးမှသာ ဆက်အကြောင်းပြန်ရဲလေသည်။
“သခင်မကြီး... ကျွန်မ တတိယအိမ်တော်ခွဲကို စစ်ဆေးဖို့ သွားခဲ့တယ်...အရှင်မင်းသား... သူတို့… စားသောက်ပြီး အရမ်းပျော်နေပုံရတယ်”
သခင်မကြီး အံ့အားသင့်သွားကာ သူမ၏ ဒေါသက ခေါင်းထဲတွင်ရှိနေဆဲဖြစ်ပြီး သူမနားကြား မှားနေသည်ပဲဖြစ်မည်ဟု မသိစိတ်က တွေးနေလေသည်။
"နင် ဘာပြောလိုက်တယ်"
အစေခံက အမြန် ခေါင်းလေးငုံ့ပြီး ပို၍လေးလေး စားစားဖြင့်ဆိုလိုက်၏။
"တတိယအိမ်တော်ခွဲက အပူတွေပြည့်နေပါတယ်... ဝင်းနံရံကနေဖြတ်ပြီး ရယ်သံတွေကြားရတယ်...ဒီအစေခံက လူတချို့ကို မေးလိုက်ပါတယ်... မီးဖိုချောင်ငယ်လေးထဲက ပါဝင်ပစ္စည်းအားလုံး ကုန်သွားပြီလို့ ပြောတယ်...ပင်မမီးဖိုချောင်မှာတောင် ပြတ်ထွက်သွားပါပြီ...သူတို့က ဟင်းချက်စရာမရှိတော့တဲ့အထိ ပျော်ပျော်ကြီးစားနေပုံရတယ်"
သူမအသံရပ်သွားသောအခါ အခန်းထဲတွင် ထူးဆန်းစွာ တိတ်ဆိတ်သွားလေသည်။
လေထုက ဖိနှိပ်လွှမ်းမိုးလွန်းသဖြင့် အစေခံများမှာ သခင်မကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်ပြီး ကျယ်လောင်စွာ ဟောဟဲမလိုက်ဝံ့ကြပေ။
သခင်မကြီး၏ တုံ့ပြန်မှုကြောင့် လူတိုင်း ထိတ်လန့်သွားပြီး အစေခံ ချွေးအေးများ ရွှဲလာသောအခါတွင် သခင်မကြီးက ရုတ်တရက် စကားပြန်ပြောသည်။
အသံက တည်ငြိမ်ပြီး ငြိမ်သက်နေဆဲဖြစ်သော်လည်း အံကြိတ်နေသော သွားများက သူမ၏စိတ်ကို အရိပ်အမြွက်ပြနေသည်။
"နင်ပြောတာအမှန်ပဲလား"
အစေခံက ဟုတ်ကဲ့ဟုဖြေပြီး ခေါင်းငြိမ့်လိုက်၏။
သခင်မကြီးက သူမကိုယ်သူမ စိတ်အေးအေးထားရန် ရုန်းကန်နေရပြီး ခဏကြာအောင် လက်မခံနိုင်ဖြစ်နေသည်။
"မဖြစ်နိုင်ဘူး...တခြားအရာရှိတွေက ဒါကို သဘောကျရင် ငါ သူတို့ကို အပျော်သဘောနဲ့ ပျော်ပါးဖို့ ဒီကိုလာခဲ့တာလို့မှတ်ယူမှာ...ဒါပေမဲ့ တတိယအိမ်တော်ခွဲမှာ အိမ်ရှေ့စံ ထိုင်နေတာလေ... သူမစားဖူးတဲ့စားကောင်းသောက်ဖွယ်မျိုးဘယ်မှာရှိလို့လဲ... တောင်တန်းနဲ့ပင်လယ်ပြင်ရဲ့ ရသာမွန်တွေကို မြင်ဖူးပြီး အစားအသောက်အသစ်အဆန်းမျိုးစုံကို မြင်ဖူးတယ်...ကျန်းရှီရဲအစားအသောက်တွေကို သူ ဘယ်လိုလုပ် ဒီလောက် နှစ်သက် နိုင်မှာလဲ...လုံးဝကို ကျိုးကြောင်းမဆီလျော်ဘူး...ငါသိပြီ...ငါ့သားထွေးကို မျက်နှာသာပေးဖို့အတွက်ပဲဖြစ်ရမယ်"
အကြောင်းပြချက်ကို သူမတွေ့ရှိသွားပြီး အလွန် အမင်း ဒေါသထွက်ကာဆိုသည်။
"မဟုတ်ဘူး...မဟုတ်ဘူး...ငါ့သားထွေးကို ဒီလိုလှည့်စားလို့ မရဘူး...သူတို့ကို မြို့စားရှဲ့အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးခွင့်မပေးနိုင့်ဘူး"
သူမ ထရပ်လိုက်သည်။ကမ္ဘာကြီးကို ကယ်တင်ရန် အချိန်တန်လေပြီ။
" ဟမ့်...ဒီလိုမျက်နှာသာမျိုးရတာ ကောင်းလို့လား...အရှေ့နန်းဆောင်က အရှင်မင်းသားနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ကျန်းရှုယောင်ရဲ့ ထမ်းစင်(ဝေါယာဥ်)သယ်ခိုင်းဖို့က အဓိပ္ပါယ်မရှိဘူး...မတော်မတရားနဲ့"
မင်းသား အိမ်တော်သို့ ရောက်ချိန်ထဲက သခင်မကြီး ကိုယ်လက်သန့်စင်ထားခဲ့သည်။ သူမ သူမ၏ဝတ်ရုံလက်များကို အတွန့်အခေါက်မရှိအောင် ချိန်ညှိကာအသံနက်ကြီးဖြင့် ပြောလိုက်သည်။
"တတိယအိမ်တော်ခွဲကို သွားမယ်"
လူတစ်စုသည် လေးနက်သောအမူအရာဖြင့် တတိယအိမ်တော်ခွဲသို့ သုတ်ချီတင်ကြသည်။ တတိယအိမ်တော်ခွဲမရောက်မီ ရှဲ့ရွှင်းထံမှ မောင်းထုတ်ခံခဲ့ရသော အရှေ့နန်းဆောင်မှ သူငယ်ချင်းများနှင့် သူတို့တိုးသွားကြသည်။
၎င်းတို့ကအများကြီးစားထားပြီး တင်းကားနေသော ဗိုက်များဖြင့် လမ်းလျှောက်လာကြ၏။
ဟော့ပေါ့အနံ့က ပြင်းလေသည်။ ၎င်းတို့က ပစ္စည်းကောင်းများကို ၀တ်ဆင်ထားပြီး လေဝင်လေထွက်ကောင်းကာ ချွေးများကို စုပ်ယူနိုင်ရုံမကအနံ့ကိုလည်း စုပ်ယူနိုင်၏။ထို့ကြောင့်၎င်းတို့ အနီးသို့ မရောက်မီတွင် ပြင်းထန်သော ဟော့ပေါ့အနံ့က သခင်မကြီး၏ နှာခေါင်းထဲသို့ စိမ့်ဝင်သွားသည်။
သူမ အိပ်မက်မက်နေသလားဟု သံသယဖြစ်ရင်း လူတစ်စုကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။
ကျက်သရေရှိပြီး အတုမရှိတဲ့ အိမ်ရှေ့စံက ဘယ်ရောက်သွားလဲ...စိတ်အားထက်သန်ပြီး ချောမောတဲ့ လင်းမိသားစုကကောင်လေးရော ဘယ်ရောက်သွားလဲ...
ကဗျာနှင့် လက်ရေးလှမိသားစုဖြစ်သည့် ကွမ်မိသားစု၏ပါရမီရှင်လည်းရှိသည်။ မျိုးဆက်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သည့်စာပေမိသားစုဖြစ်သော လီမိသားစု၏မြေး... သူမရှေ့က ဒီလူပျင်းအုပ်စုက ဘယ်သူတွေလဲ...
ချွေးတွေထွက်သည့်အခါ ဝတ်ရုံလက်တွေကို မြှောက်ပြီး ဆံပင်တွေကို ပွတ်ကြသဖြင့် အနည်းငယ် ရှုပ်ပွနေကြသည်။ ထို့အပြင် သူတို့တစ်ဦးစီသည် အစားအစာများစွာစားသုံးခြင်းမှ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူတို့သည် လမ်းပေါ်တွင် မူးရူးရူး လျှောက်သွားနေသည့် လူအုပ်ကြီးကဲ့သို့ ထင်ရသော်လည်း တစ်ယောက်ပြီး တစ်ယောက် မူးနေသည့် ပုံပန်းသဏ္ဍာန်မရှိဘဲ အစားအသောက်ကို သတိရနေကြဆဲဖြစ်သည်။
"ငါအကြိုက်ဆုံးက သိုးသားလိပ်ပန်းကန်"
"ငါက မတူဘူး... စားပွဲပေါ်မှာ ပါဝင်ပစ္စည်းတွေ အများကြီးရှိတယ်...ငါက ဘဲအူတွေကို ကြိုက်တယ်။"
"ဟေ့ လင်းချန်... မင်းဒီလိုပြောရတာ မရှက်ဘူးလား... ဘဲအူပန်းကန် နှစ်ချပ်ပဲရှိတယ်
... မင်းက တစ်ပန်းကန်လုံးစားပစ်လိုက်တာလေ"
"ဟမ့်...နှေးတာ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ"
သူတို့ကပေါက်ပေါက်ဖောက်နေကြသော်လည်း ရှဲ့ရွှင်းက အမှောင်ထဲတွင် ရပ်နေသော သခင်မကြီးကို မြင်သည်။
"အမေ"
သူခေါ်လိုက်၏။
ရန်ဖြစ်နေကြသော အရှေ့နန်းဆောင်မှ သူငယ်ချင်းများက ချက်ချင်း အသံများတိတ်ကျကာ လှည့်ကြည့်လိုက်ကြသည်။
သခင်မကြီးက အသက်ပြင်းပြင်းရှူကာ အမှောင်ထုထဲမှ ထွက်လာပြီး အိမ်ရှေ့စံမင်းသားကို ဦးညွှတ်လိုက်သည်။
မင်းသားက စက္ကန့်ပိုင်းအတွင်း သူ၏တင့်တယ် သော အသွင်အပြင်သို့ ပြန်လည်ရောက်ရှိလာပြီး သူမကို လက်တစ်ဖက် အမြန်ကမ်းပေးလိုက်သည်။
သူ နီးကပ်လာသည်နှင့်အမျှ သူ့ကိုယ်ပေါ်ရှိ ဟော့ပေါ့နံ့က ပိုပြင်းထန်လာသည်။
သခင်မကြီး မော့ကြည့်လိုက်ရာ သူ့ကော်လာမှာ အဆီအစက်အပြောက်တွေကို တွေ့လိုက်ရ၏။
သူမက ငူငူကြီးကြည့်နေပြီး သူမမျက်လုံးများက
မင်းသား၏ နှုတ်ခမ်းပေါ် ကျရောက်နေသည်။
ဟော့ပေါ့စားပြီးခါစဖြစ်၍ သူ့နှုတ်ခမ်းတွေ နီရဲပြီး ရောင်ရမ်းနေကာ ထူးထူးခြားခြား သိမ်မွေ့ နူးညံ့နေပုံရ၏။
သခင်မကြီး မိုးကြိုးတစ်စင်း ကောင်းကင်မှ ဆင်းလာပြီး သူမကို ချက်ချင်း ရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
တခြားလူတွေကို ကြည့်လိုက်လျှင် သူတို့အားလုံးဟာ နှုတ်ခမ်းရဲရဲ ပါးရဲရဲတွေ ရှိကြပြီး ပေကျင်းရှိ အမျိုးသားများက မိတ်ကပ်စလိမ်းလာသည်ဟု ထင်ယောင်ထင်မှားဖြစ်စေ၏။
သူမမိုးကြိုးအပစ်ခံရသလို မူးဝေသွားသည်။ သူမပြင်ဆင်ထားသည့် စကားလုံးတွေအားလုံးကို မေ့သွားပြီး "ရှဲ့အိမ်တော်ရဲ့ ဧည့်ဝတ်ကျေပွန်မှု ညံ့ဖျင်းခြင်း"ကဲ့သို့သော တစ်ခုခုပြောရန် အလိုအလျောက် ပါးစပ်ကို ဖွင့်လိုက်မိသည်။
မင်းသားက အလျင်အမြန် သူမ၏စကားများကို ပိတ်ဆို့လိုက်၏။
“သခင်မကြီးက ဘာလို့ ဒီလိုပြောရတာလဲ...ဒီနေ့ ညစာကို ညံ့ဖျင်းတဲ့ ဧည့်ခံမှုလို့ ခေါ်သေးရင် စားသောက်ပွဲ အနည်းငယ်ကပဲ လျော်ကန်တယ်လို့ သတ်မှတ်ခံမှာကို ကိုယ်တော် ကြောက်မိတယ်”
ရှဲ့ပေါယွမ်က သူ့နောက်မှာ ရပ်နေဆဲဖြစ်သည်။ သူ့ဇနီးသည်အပေါ် လွန်ကျူးမှုတစ်ခုခုကို ကြားပါက နောင်တွင် မိမိ မည်သို့စားရတော့မည်နည်း။
ကျန်သည့် အရှေ့နန်းဆောင် အရာရှိတွေကလည်း ၎င်းကို တွေးပြီး မင်းသား၏ခြေရာကို အလျင်စလို လိုက်ကာ"ကျန်းရှီရဲ့ လက်ရာ အရမ်းကောင်းတာပဲ" ဆိုသည့်စာတန်းကို မြင့်မြင့် ကိုင်ထားရင်း ညစာကို ချီးမွမ်းကြတော့၏။
သခင်မကြီး၏ ခေါင်းသည် ပို၍ပင် မူးဝေလာပြီး ခဏလောက် မတည်မငြိမ် ဖြစ်သွားသည်။
မဖြစ်နိုင်ဘူး... ဘယ်လိုဖြစ်နိုင်မှာလဲ... တတိယသားက သူတို့ကို ဒီလိုလုပ်ဖို့ခိုင်းခဲ့တာဖြစ်ရမယ်... မှန်တယ်...တတိယလေးက ကျန်းရှီကို မျက်နှာသာပေးဖို့ သူတို့ကို တောင်းပန်ခဲ့တာ...
သူမကိုယ်သူမ အယုံသွင်းနေပေမဲ့ ဤအချိန်မှာ သူမကိုယ်သူမ မယုံကြည်နိုင်တော့ပေ။
"အမေ ဘာဖြစ်နေတာလဲ... အမေ့မျက်နှာက အတော်လေး မကောင်းဖြစ်နေတယ်"
ရှဲ့ရွှင်း သူမ တစ်ခုခု မှားယွင်းနေကြောင်း တွေ့ရှိခဲ့ပြီး သူမကို ကူညီခဲ့သည်။
သခင်မကြီး အာရုံပြန်ရသွားပြီး မသက်မသာပြောလိုက်၏။
"အဆင်ပြေတယ်...အဆင်ပြေတယ်"
သူမမျက်နှာက အတော်လေး အခြေအနေမဟန်ဖြစ်နေသဖြင့် ရှဲ့ရွှင်း အစေခံတစ်ယောက်ကို သူမအား အမြန်ပြန်ပို့ခိုင်းလိုက်သည်။
သခင်မကြီးက တုန်တုန်ရီရီဖြင့် လျှောက်သွားကာ သူမ ထွက်သွားသည်နှင့် လူတိုင်းသည် သူတို့၏
ဗိုက်ပြည့်ပြီး အီအင့်ကာ အပျင်းတက်နေသာပုံစံကို ပြန်ရောက်သွားကြသည်။ သူတို့ခန္ဓာကိုယ်မှ ဆီအစက်အပြောက်တွေကိုပင် ဘယ်သူမှ သတိမထားမိကြဘဲ စိတ်ကြီးဝင်စွာ စကားတွေပြောရင်းကဗျာတွေရွတ်နေကြ၏။
"ပေါယွမ်"
အမျိုးသမီးတစ်ဦး၏ အော်ခေါ်သံက သူတို့နောက်မှ ထွက်ပေါ်လာပြီး ပခုံးစောင်းနေသော အရှေ့နန်းဆောင်မှ သူငယ်ချင်းများက ၎င်းတို့၏ ကိုယ်ဟန်အနေအထားကို ချက်ချင်း တည့်မတ်စေလိုက်ကြသည်။
ခေါ်သံကြားရာသို့ ခေါင်းလှည့်လိုက်ရာ ရိုးရှင်းစွာ ဝတ်စားထားသော်လည်း သူမ၏အလှကို ဖုံးကွယ်မထားနိုင်သော ကျန်းရှုယောင်ကို တွေ့လိုက်ရသည်။
ကျန်းရှုယောင်၏ မော်ဒန်ခေတ်အမျိုးသမီးတစ်ဦးစိတ်မှာ အရိုးထဲထိစွဲနေသည်။ အမျိုးသမီးတစ်ဦးက သူစိမ်းယောကျာ်းတစ်ဦးနှင့် တွေ့၍မရဟု သူမ မထင်ခဲ့ပေ။ ညစာစားပွဲအပြီးတွင် ခင်ပွန်းသည်၏ လုပ်ဖော်ကိုင်ဖက်များက ထွက်သွားသည့်အခါ ညစာစီမံပေးသော ဇနီးသည်က ဧည့်သည်များကို လာရောက်ကြည့်ရှုသင့်သည်ဟုသာ သူမကတွေးခဲ့၏။
နွေရာသီညဖြစ်သောကြောင့် သူမသည် မျက်စိအေးစေသောအရောင်နှင့်အင်္ကျီပါးပါးကို ၀တ်ဆင်ထားကာ သူမ၏နှင်းလိုဖြူဖွေးသောအသားအရည်နှင့်လိုက်ဖက်နေသည်။ အနက်ရောင် ဆံပင်များကို ခပ်မြင့်မြင့်စုထုံးထားပြီး သူမ၏ ဖြူဖွေးသွယ်လျသော လည်တိုင်ကို ပေါ်လွင်စေသည်။ သူမသည် တောက်ပပြီး လှပနေကာ လရောင်အောက်တွင် ပန်းချီကားတစ်ချပ်ထဲမှ ကမ္ဘာကြီးဆီသို့ မျက်စိလည်လမ်းမှားလာသော သူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
အရှေ့နန်းဆောင်ကသူငယ်ချင်းများ ရူးခါသွားကြသည်။
နတ်သမီးလေး မင်းကဘယ်သူလဲ...
"ပေါယွမ်"
ကျန်းရှုယောင်က ရှဲ့ရွှင်းအနားမှာ ရပ်လိုက်ပြီး "ဧည့်သည်တွေ ဘယ်အချိန်ထွက်ပြန်မယ်ဆိုတာလည်း ကျွန်မကို မပြောခဲ့ဘူး"
လူတိုင်း: ??!!
ဒါဆို ဒီနတ်သမီးက ကျန်းရှီလား?
အရှေ့နန်းဆောင်က လူတွေအပေါ် သက်ရောက်မှုကို စကားလုံးများဖြင့် ဖော်ပြနိုင်ခြင်းမရှိပါချေ။ကြိုးတိုးကြောင်တောင်ဝတ်စားတတ်တဲ့မိန်းမဆို... သူတို့က ပြောတော့ သူမက အရှက်အကြောက်မရှိဘူးဆို...သူတို့ပြောတော့ သူမမိတ်ကပ်က ထူပြီး ရယ်စရာကောင်းတယ်ဆို...
အလှတရားတစ်ခုတည်းက သူတို့ကို ထိတ်လန့်စေရန် လုံလောက်နေလေရာ သူမ၏ ဟင်းချက်ကျွမ်းကျင်မှုကို တွေးကြည့်ပြီးနောက် လူတိုင်းက သူမ ရေထဲသို့ တမင်တကာ ပြုတ်ကျသည့်နေ့ကို ပြန်သွားပြီး ရှဲ့ရွှင်းကို ချုပ်နှောင်ကာ သူမကို ကယ်ဆယ်ရန် ရေထဲသို့ ခုန်ဆင်းရန် မစောင့်နိုင်ကြတော့ပေ။
သူမက ရှဲ့ပေါယွမ်နဲ့ မထိုက်တန်ဘူးလို့ ဘယ်သူပြောလဲ...သူမကသာ လုံလောက်အောင် မကောင်းဘူးဆိုရင် ရှဲ့ပေါယွမ် တစ်ယောက်တည်းသေရလိမ့်မယ်...
တုံးအသူများက ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်သော်လည်း ဉာဏ်ကောင်းသူများက အခွင့်အလမ်းကို ဆုပ်ကိုင်လာကြသည်။
"မရီးးး"
ရှူးရှူး... ဒီအရေမရှိ မျက်နှာမရှိလူက ဘယ်သူလဲ...
လူတိုင်း ခေါင်းကို လှည့်ကြည့်လိုက်ကြရာ အင်မတန် တောက်ပစွာ ပြုံးနေသည့် လင်းချန်ကို
တွေ့လိုက်ရသည်။
ကျန်းရှုယောင် လင်းချန်ကို မသိသော်လည်း သူမ သူ မည်သူဖြစ်သည်ကို ခန့်မှန်းမိသည်။ သူမ ခေါင်းညိတ်ကာ သူ့ကိုပြုံးပြပြီး ရှဲ့ရွှင်းဘက်လှည့်၍ ထူးဆန်းစွာပြောလိုက်၏။
"လူတွေထွက်တာကို ဘာလို့တစ်ခွန်းမှ မပြောတာလဲ...အချိုပွဲတွေ ယူလာဖို့ ကျွန်မ အစေခံတွေကို ပြောထားတယ်...တကယ်တမ်းကျ ဟော့ပေါ့က ဆီများပြီး ဗိုက်မအီမသာဖြစ်စေတယ်လေ"
ယခုလိုပြောပြီးနောက် သူမက ရှက်ရွံ့စွာ ပြုံးပြီး လင်းချန်ကို ယဥ်ယဥ်ကျေးကျေးဆိုလိုက်သည်။
"အပူငြိမ်းဖို့ သောက်စရာအအေးတချို့ ကျွန်မပြင်ဆင်ထားပေမဲ့ ရှင်တို့အကြိုက်နဲ့ ကိုက်ပါ့မလားတော့ မသိဘူး"
သူမစကားမဆုံးခင်မှာ လင်းချန်က အရူးအမူး ခေါင်းညိတ်ပြီးပြောလေသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့...ကိုက်တာပေါ့... ကျေးဇူးတင်ပါတယ် မရီး"
ကောင်းတယ် ...လင်းချန် မင်းက တကယ်ကောင်းတယ်...
လူတိုင်းက ပြင်းထန်စွာ ရှုတ်ချမှုကိုဖော်ပြကြပြီး အပြေးအလွှား ရှေ့တိုးကာဆိုကြ၏။
"မင်္ဂလာပါ မရီး"
"မင်္ဂလာပါ ညီမ"
အနှီလူအုပ်စုက သူမကို ရုတ်တရက် နှုတ်ခွန်းဆက်လိုက်ကြပြီး စစ်လေ့ကျင့်ရေး ကြွေးကြော်သံတွေကို အော်ဟစ်နေသကဲ့သို့ ကျယ်လောင်ပြင်းထန်စွာ အော်ဟစ်လိုက်ကာ ကျန်းရှုယောင်ကို ထိတ်လန့်စေခဲ့သည်။
ကျန်းရှုယောင် : ငါ ဒီလူတွေနဲ့ ရင်းနှီးလို့လား...
မင်းသားက ရှေ့သို့ ခြေတစ်လှမ်းတိုးကာဆို "ဝမ်းကွဲ..."
အသံက ထူးထူးခြားခြား ထင်းထွက်နေသဖြင့် ကျန်းရှုယောင် (အာရုံ)အဆွဲဆောင်ခံလိုက်ရပြီး သူ့ကိုကြည့်လိုက်သည်။
မင်းသား၏မျက်နှာကိုမြင်ပြီးနောက် သူမ အလွန်ပဟေဠိဖြစ်သွားသည်။
ဒါဘယ်သူလဲ...သူမ မှတ်မိတာမှန်ရင် ကိုယ်လုပ် တော် လင်းရဲ့သားက အသက်ဘယ်လောက်ရှိပြီလဲ...
Xxxxx