အပိုင်း ၈၂
Viewers 16k

Chapter 82
တုတ်ထိုးကြော်



ရှဲ့ရွှင်း၏ အကြောသောနေသောမျက်နှာက ဆတ်ခနဲတွန့်သွားသည်။ အနှီအခြေအနေတစ်ခုလုံးက ရှက်စရာကောင်းလွန်း၏။ သူက ကျန်းရှုယောင်၏ အာရုံကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။

"အဟွတ်...အဟွတ်...အချိုပွဲ လုပ်စရာ မလိုပါဘူး... သူတို့က ဝနေပြီ"

ကျန်းရှုယောင် စကားမပြောရသေးခင်မှာ အားလုံးက မဟာမိတ်ဖွဲ့ပြီး ရှဲ့ရွှင်းကို ဒေါသတကြီးကန့်ကွက်ကြသည်။

"မရီးက အရမ်း ဂရုစိုက်တတ်တာပဲ...ငါ အားပေးရမှာပေါ့"

"ငါ့မရီးက အလုပ်ကြိုးစားတယ်"

"ကျွန်တော်က အချိုပွဲတွေကို အကြိုက်ဆုံးပါ"

ရှဲ့ရွှင်း :  ...ထားလိုက်ပါ... ငါလက်လျှော့လိုက်မယ်

ထိုသို့​ဖြင့် ကျန်းရှုယောင် အစေခံများကို မြက်ဂျယ်လီ ယူလာခိုင်းလိုက်သည်။

သူမက များများစားစား ချက်ပြုတ်လေ့မရှိ၊ယင်းက အဓိကအားဖြင့် သူမအတွက်ပဲ ဖြစ်သည်၊ သို့သော် ၎င်းကို တွေးကြည့်သောအခါတွင် လူတစ်ဦးလျှင် ဝါးခွက်ငယ်တစ်ခု၊ ဇွန်းနှင့် ကျူရိုးတို့ကိုလည်း ပြုလုပ်ခဲ့သည်။

မြက်ဂျယ်လီက မြက်ပင်နှင့် ပြုလုပ်ထားသည်။ ဖအရည်ကို စစ်ထုတ်ပြီးနောက် ဆန်နို့နှင့် ဂျုံကော်ရည်ကို ထည့်ရသည်။အအေးခံပြီးနောက်၊ အနက်ရောင် ကြည်လင်သော ဂျယ်လီပုံသဏ္ဍာန်အဖြစ် ပေါင်းစည်းသွားသည်။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲသို့ လှီးဖြတ်ထားသော မြေပဲနှင့် ပိန်းဥလုံးများ၊ သစ်သီးသကြားလုံးများ၊ စပျစ်သီးခြောက် နှင့် ပဲနီလေးတို့ကို သကြားအညိုဖြင့် ပြုတ်ထည့်ရသည်။ထို့နောက် အပူကိုအေးစေပြီး ရေငတ်ပြေစေရန် နို့လက်ဖက်ရည်ထဲသို့ လောင်းထည့်ရ၏။

အစေခံများက ဝါးခွက်တွေကို ပေးလိုက်ကြပြီးနောက် အားလုံးက အတွင်းထဲကို စူးစူးရဲရဲ ကြည့်နေကြသည်။

နို့လက်ဖက်ရည်က လက်ဖက်ရည်အချိုနှင့် နို့ရနံ့တို့ အပြည့်ရှိသည်။ မြက်ဂျယ်လီကို အပိုင်းပိုင်းလှီးဖြတ်ထား၏။ အနက်ရောင်ဂျယ်လီက ပြောင်လက်ပြီး အနီရောင် ပဲစေ့၊ စပျစ်သီး၊ မတ်ပဲ စသည်တို့ဖြင့် ဝိုင်းရံထားသော နို့အညိုရောင် နို့လက်ဖက်ရည်ထဲတွင် နစ်မြုပ်နေဓ။ အရောင်အသွေး ကြွယ်ဝကာ ချိုပြီး အရသာရှိမည့်ပုံပေါ်၏။

ကျန်းရှုယောင် မြက်ဂျယ်လီကို ပေးပြီးနောက် သူမ ရှဲ့ရွှင်း အား ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်လာခဲ့သည်။

လူတိုင်းက ဝါးခွက်ကိုကိုင်ကာကျန်းရှုယောင် အား 165°ဦးညွတ်၍ နှုတ်ဆက်လိုက်ကြရာ သူမကို ကြောက်လန့်ပြီး ခြေလှမ်းတို့ကို အရှိန်မြင့်မိစေသည်။

သူမ လူတိုင်း၏မြင်ကွင်းမှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် လူတိုင်း စိတ်သက်သာရာရပြီး ဇွန်းကို အမြန်ကောက်ကာ အင်မတန် အူယားလောက်အောင်သိချင်စရာကောင်းသည့် မြက်ဂျယ်လီတစ်ဇွန်းကို ကော်လိုက်ကြ၏။

မြက်ဂျယ်လီက ချော်ပြီး ကော်မရလုမတတ်။ ဂျယ်လီက ပျော့ပျောင်းမှုအပြည့်ရှိပြီး လှုပ်ခါနေသောဇွန်းနှင့်အတူ တုန်ခါနေသည်။ ပါးစပ်ထဲထည့်လိုက်သည်နှင့် အနည်းငယ်ခါးသက်သည့်အရသာက လေးပင်းပြီး စပ်သည့်ဟော့ပေါ့အရသာကို ချက်ချင်းချေဖျက်ပစ်လိုက်၏။

မြက်ဂျယ်လီက နူးညံ့သောအရသာရှိသည်။ ကိုယ်တွင်းအပူကို ငြိမ်းအေးစေရန်အတွက် ကျန်းရှုယောင်က လင်းယုန်နှုတ်သီးလိပ်ခွံ၊စတေးလ်ဘင်း ၊ ဒုဓလီစသည်ဖြင့် အပူငြိမ်းစေသောတရုတ်ဆေးဖက်ဝင်ပစ္စည်းများကို တမင်ထည့်ခဲ့၏။၎င်းတွင် နက်နဲပြီးသိမ်မွေ့သော အခါးဓာတ်ရှိပြီး စား၍မဖြစ်သည်မျိုးမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းက သူတို့၏မအီမသာဖြစ်နေမှုများနှင့် ပူနေ သောအူများကို လန်းဆန်းစေသည်။ သူတို့မဝါးခင်မှာ မြက်ဂျယ်လီက လည်ချောင်းမှတဆင့် ဗိုက်ထဲကို ချော်ကျသွားပြီး လူတွေကို လန်းဆန်းစေ၏။

နို့က ချိုသည်၊ လက်ဖက်ရည်ကလည်း လတ်ဆတ်၏။ ပဲနီလေးနှင့် ပျားရည်ကို သကြားညိုနှင့် ပြုတ်ထားပြီး အရသာ ကြွယ်ဝလေသည်။ စပျစ်သီးခြောက်များက ချိုချဉ်ချဥ်နှင့် ဝါးရသည်... ကြွယ်ဝသောချိုမြိန်မှုက မြက်ဂျယ်လီ၏ အေးမြမှုနှင့် ခါးသီးမှုတို့နှင့် ရောယှက်နေသည်။ ပူလောင်သောနွေရာသီညသည် ချက်ချင်းပင် လန်းဆန်းပြီး သာယာလာသည်။

မြေပဲများက ကြွပ်ရွပြီး ၊ ပဲနှင့် စပျစ်ခြောက်များက ဝါးရသည်၊ မြက်ဂျယ်လီက ချောမွေ့နူးညံ့သည်။ လျှံပယ်သော ပါဝင်ပစ္စည်းများ ဇွန်းတစ်ဇွန်းစာကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပြီး ဝါးနေစဉ်တွင် ချိုမြိန်သော နို့လက်ဖက်ရည်က ပါးစပ်အတွင်းသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။ ဤအရသာက တကယ်ကို အံ့သြစရာကောင်း၏။

အရှေ့နန်းဆောင်ဂုန်းဆင်းရေးအသင်းသည် မျက်ခုံးမွှေးများကို ဆန့်တန်းကာ သူတို့ပါးစပ်များကိုဆက်တိုက်အလုပ်ပေးခဲ့ကြသည်။သို့ပေမဲ့ ရှဲ့ရွှင်းက သူတို့ကို ရှဲ့အိမ်တော်ကနေ မညှာတာ နှင်လွှတ်လိုက်ပြီးနောက်မှာ ယခုလို ခွက်သေးသေးလေးနှင့် မဝဘူးဆိုသည်ကို ရုတ်တရက် သိလိုက်ရ၏။

မရီးရေ...နောက်တစ်ခွက်ရနိုင်မလား...



သခင်မကြီး ခြံထဲပြန်ရောက်သောအခါ ရင်ဘတ်ထဲမှာ တင်းတင်းကျပ်ကျပ် ခံစားရသည်။ သူမဘာတွေတွေးနေမှန်း မသိနိုင်ပါချေ။

နို့ထိန်းဖြစ်သူက ဘာမှမပြောရဲဘဲ သူမပုခုံးတွေကို ဆုပ်နယ်ပေးလိုက်သည်။

ခုနက မြင်ကွင်းကို တွေးကြည့်သောအခါ သူမမျက်နှာမှာ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရ၏။ ထိုနေ့တုန်းက ရှဲ့ရွှင်းရှေ့မှာ ကျန်းရှုယောင်အပေါ်ပြောခဲ့သည့် သူမ၏အထင်သေးစကားများကို သတိရလိုက်သောအခါတွင် သူမ၏ ရင်ဘတ်ထဲ တင်းကျပ်လာပြီး အသက်ရှုမဝသလို ခံစားလိုက်ရသည်။

ဤအချက်ကို ဝန်ခံရန် နေနေသာသာ သူမ ယုံပင်မယုံချင်ပေ။

သူမ မိမိကိုယ်ကို နှစ်သိမ့်ရန် မရေမတွက်နိုင်သော အကြောင်းပြချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။

အိမ်ရှေ့စံက ကောင်းကောင်းစားနေရင်တောင် ကျန်းရှုယောင်ကြောင့် ဖြစ်နိုင်ပါ့မလား...
မိမိ၏တတိယသားကို မျက်နှာသာပေးခြင်းဖြစ်ရမည်။သူမ၏ဟင်းချက်ကျွမ်းကျင်မှုကို ပြသခဲ့ပေမဲ့လည်း သူမ၏မနှစ်မြို့ဖွယ် ဂုဏ်သတင်းကို မပြောင်းလဲနိုင်သေးပါချေ။ သူမက ပေကျင်းရှိ မျိုးရိုးမြင့်သခင်မများ၏ ပြက်လုံးများထဲတွင် အမြဲရှိနေခဲ့သည်။ အစားတစ်နပ်မျှသာဖြစ်၏။ ဘာကြီးကြီးမားမားမလို့လဲ.. ဒီအစားတစ်နပ်က ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်မှာလဲ...

ဤအကြောင်းပြချက်များကို သူမကိုယ်သူမပြောခဲ့သော်လည်း(နှစ်သိမ့်) အိပ်မပျော်နိုင်ခဲ့ပေ။

တစ်ညလုံး မှောက်လိုက်လှန်လိုက်ပြီးနောက် သူမ အလွန်အမင်း မတည်ငြိမ်စွာ အိပ်မောကျကာ နောက်ဆုံးတွင် သက်တောင့်သက်သာဖြင့် နိုးလာခဲ့သည်။

သူမ သူမ၏စွမ်းအင်အနည်းငယ်ပြန်လည်ရရှိလာကာ သူမအား လန်းဆန်းတက်ကြွစေရန်နှင့် နိုးထလာစေရန် ကူညီပေးမည့်လူများကို စောင့်ဆိုင်းနေချိန်တွင် ရှုရှီ အပြင်မှ ရွှင်လန်းစွာဝင်လာသည်ကိုတွေ့လိုက်ရ၏။

အရိုအသေပြုပြီးနောက် ရှုရှီကမေးသည်။
"အမေ နေမကောင်းဘူးလား... ဒီနေ့ဘာလို့နောက်ကျနေတာလဲ"

သခင်မကြီးက ဆက်ပြောရန်ဆန္ဒမရှိပါဘဲ သူမလက်ကို ဝှေ့ယမ်းလိုက်၏။

"မြန်မြန်... ဘာကိစ္စရှိလို့လဲ"

ရှုရှီက ရှဲ့မိသားစုထဲလက်ထပ်ဝင်လာသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း သူမသည် သခင်မကြီးရှေ့တွင် ထိုကဲ့သို့ ပျော်ရွှင်သောပုံစံကို ပြသခဲသည်။

"ဟုတ်တာပေါ့...ကောင်းတဲ့ကိစ္စပါ"

သူမ အသံထဲတွင် ရွှင်လန်းမှုတို့ရှိနေ၏။

"မိဖုရားခေါင်ကြီးက အခုပဲ ကျွန်မတို့ကို ဥစ္စာတွေအများအပြား ပေးအပ်လိုက်တယ်... တတိယယောက်မရဲ့ အချိုသောက်ဖွယ်တွေက သူရဲ့စိတ်နှလုံးနှင့် လျော်ညီတယ်လို့ဆိုတယ်... တတိယယောက်မကို သူ့ရဲ့တီထွင်ဉာဏ်နဲ့ မွန်မြတ်မှုကြောင့် ချီးကျူး–"

တင်းမာသောအမူအရာဖြင့် ကြောင်တက်တက်ရပ်နေသော သခင်မကြီး မြင်လိုက်ရသော ရှုရှီက  အမြန်ရပ်လိုက်သည်။

"အမေ..."

သူမက သိလိုစိတ်ဖြင့်မေးလိုက်၏။
"ဆုလာဘ်ကို တတိယအိမ်တော်ခွဲကို ပို့ပြီးပြီ... အမေ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲတော့မှာ—"

စကားမဆုံးခင်မှာ သခင်မကြီးက ရုတ်တရက် ပုံကျလာပြီး ကုတင်ပေါ် ဖြည်းညှင်းစွာ လဲကျသွားသည်။

.........

နွေလယ် ရောက်လေပြီ။

ကျန်းရှုယောင် ရာသီဥတု ပူလာသည့်အခါ သာမန်လူတွေ စားချင်စိတ် လျော့နည်းလာမည်ဟု ထင်ခဲ့သည်။ထို့ကြောင့် ရှဲ့ရွှင်း၏နေ့လည်စာဘူးသည် လျော့နည်းလာပြီး လင်းချန်နှင့်အဖွဲ့သည် မည်သည့်အစားအစာကိုမျှ ဂုန်းမဆင်းနိုင်တော့ဘဲ သရေယိုနေကြရုံရှိသည်။

သူတို့ ရှဲ့ရွှင်း၏နေ့လယ်စာအား တစ်နေ့လုံး စိုက်ကြည့်နေစရာ မလိုစေရန် လင်းမိသားစု၏ စားသောက်ဆိုင်ကို မြို့တွင်း၌ ဖွင့်လှစ်ရန်အတွက် အလွန်စိတ်အားထက်သန်ကြသည်။

ရှဲ့ရွှင်းက လင်းမိသားစုက မြို့တွင်းမှာ ဆိုင်မဖွင့်ဘူးဟုပြောခဲ့သည်က ဝမ်းနည်းစရာပါပင်။ထို့ကြောင့် သူတို့စိတ်တွေကို တည်ငြိမ်အောင်လုပ်ပြီး ထမင်းချက်အရှာထွက်ကြကုန်၏။

သို့သော်လည်း ကျန်းရှုယောင်၏ အစီအစဉ်ကို သူတို့ မခန့်မှန်းနိုင်ပေ။ သူမ၏ အစားအသောက်ရောင်းချရသည့် ရည်ရွယ်ချက်က လူအများ အရသာရှိရှိ ဝဝလင်လင် စားသုံးနိုင်ရန်ဖြစ်ပြီး ထိုမှသာ အောက်ခြေအလုပ်သမားလူတန်းစားတွေအတွက် အရသာရှိသည့် အစားအစာတွေနောက် လုံးဝဥဿုံ ကောက်ကောက်ပါအောင်လိုက်ခြင်းမဟုတ်ဘဲ ပျော်ရွှင်စွာ စားသောက်နိုင်စေမှာဖြစ်လေသည်။

ထို့ကြောင့် သူမ လမ်းဘေးအစားအစာဈေးတစ်ခုအကြောင်း လင်းရှီထံ စာရေးလိုက်သည်။

လင်းရှီကဆိုင်အနည်းငယ်ဖွင့်ပြီးနောက်တွင် ရံဖန်ရံခါ သွားရောက်လည်ပတ်ခဲ့ကာ အားလုံးပျော်ရွှင်ကြပြီး စားချင်သည့်စိတ်ထက်သန်ကြသည်ကို တွေ့လိုက်ရပြီး သူမ ပို၍သက်တောင့်သက်သာရှိလာသည်။

သူမ၏ စိတ်ထဲရှိ စိတ်ဓာတ်ကျမှုသည် အနည်းငယ် ပြေပျောက်သွားပြီး အနောက်ခြံဝင်းတွင် ကမောက်ကမ ဖြစ်မနေတော့ဘဲ အစားအသောက် လုပ်ငန်းထဲမှာ သူမကိုယ်သူမ မြှုပ်နှံထားသည်။

ကျန်းရှုယောင်က လမ်းဘေးအစားအစာစျေး၏ စိတ်ကူးကို ပြောပြသည့်အခါ သူမ ချက်ချင်းဆိုသလို စွမ်းအင်တွေ ပြည့်ဝလာ၏။ကိုယ်ဝန်ဆောင်ဗိုက်ကိုကိုင်ပြီး လမ်းဘေးအစားအစာဈေး၏လိပ်စာကို လူကိုယ်တိုင်ရွေးချယ်ရန် ထွက်လာခဲ့သည်။

လင်းမိသားစုက ရက်ရောပြီး နေရာရွေးသည့်အခါ လမ်းတလျှောက်လုံး ဝယ်ကြ၏။ လမ်းကို ပြန်လည်ပြုပြင်ပြီး အလှဆင်ရန်အတွက် ပိတ်ထားသည်။ အားလုံးအဆင်သင့်ဖြစ်ပြီဖြစ်ကာ ဟင်းချက်နည်းအချို့ကို ကျန်းရှုယောင် ပံ့ပိုးပေးရန်အတွက်သာ စောင့်မျှော်နေသည်။

သိပ်စိတ်ရှုပ်စရာမရှိသော ဆိပ်ကမ်းလုပ်သားများအတွက် ရည်စူးထားသည့်ဆိုင်များနှင့် နှိုင်းယှဉ်ပါက လမ်းဘေးအစားအစာဈေးကွက်အတွက် ချက်ပြုတ်နည်းများသည် ရွေးချယ်ရန်အချိန်ပိုလိုအပ်သည်။

ကံကောင်းထောက်မစွာ ဤတစ်ကြိမ်တွင် ကျန်းရှုယောင်တွင် ကူညီသူတစ်ယောက်အပိုရှိသည်။ နှစ်ယောက်သား အတူတူ ချက်ပြုတ်ပြီး ဟင်းချက်နည်းများကို အတူတူ ကြိုးစားကြသည်။ ဟင်းချက်နည်းများစာရင်းကိုရသည့်အခါ စီစဉ်ထားသည်ထက် များစွာစောနေခဲ့သည်။

လမ်းဘေးအစားအစာဈေးသည် အစောပိုင်းတွင် အလွန်ကျယ်ပြောစွာ မဖွင့်နိုင်သောကြောင့် အစားအစာ အလွန်အကျွံ မလိုအပ်ပါချေ။ ကျန်းရှုယောင်၏ အဆိုအရ ၎င်းကို "စမ်းသပ်ဆောင်ရွက်မှု"ဟု ခေါ်သည်။ ဆိုင်အနည်းငယ်ဖွင့်ပြီး စားသောက်သူများ၏ သဘောထားနှင့် နှစ်သက်မှုကို စမ်းကြည့်ရမည်။ကိုက်ညီပါက ပမာဏကို ဖြည်းဖြည်းချင်း ချဲ့ရ၏။

ယနေ့တော့ သူမနှင့်ကျိုးရှီတို့ မော်ဒန်ခေတ်လမ်းဘေးအစားအစာဈေးကွက်ထဲမှာ အတွေ့များသောအစားအစာတစ်ခုဖြစ်သည့် တုတ်ထိုးကြော်ကို စမ်းကြည့်ခဲဲ့ကြသည်။

ဆီပူနှစ်ကြော်ထားသောတုတ်ထိုးများသည် ပြင်းသောအရသာရှိပြီး ဆီများသောအနံ့နှင့် အရသာပြင်းသော ဟင်းခတ်မှုန့်နှင့်ဆော့တို့ပါသည်။ တစ်ကိုက်တည်းမှာ အပြစ်ရှိသလို ကြည်နူးမှုအပြည့်နှင့်ဖြစ်သွားရ၏။

နွေရာသီမှာ ပိုပူလေ၊ လူတွေက ယခုလို လန်းဆန်းစေသည့်အရသာပြင်းပြင်းနောက်ကို လိုက်လေလေပါပင်။ လျှာဖျားက စပ်ပြီး ငန်သောဆော့စ်နှင့် ဆီရွှဲသည့်အနံ့ကို မြည်းစမ်းကြည့်သည့်အခါ တစ်နေ့တာ၏ထုံထိုင်းမှုနှင့် စိတ်ဓာတ်ကျမှုတွေ ပျောက်ကွယ်သွား၏။ တင်းမာမှုပြီးနောက် ဇိမ်ခံခြင်း၏ပျော်ရွှင်မှု တစ်မျိုးမျိုး ရှိသည်။ဘီယာအေးအေးတစ်ဘူးနှင့် တုတ်ထိုးတစ်ချောင်းဖြင့် ကိုက်လိုက်တိုင်း စတိုင်ကျပြီး သက်တောင့်သက်သာရှိသည်။ မနက်ဖြန် က ဘယ်လိုပဲဖြစ်ပါစေ၊လက်ရှိအချိန်မှာ အပြစ်ရှိသော တုတ်ထိုးတွေကိုသာ ခံစားလိုက်ပါလေ။

ဆော့စ်က အလွန်လက်ဝင်သည်။ကျန်းရှုယောင် နှင့် ကျိုးရှီတို့သည်  ရှေးခေတ်လူတို့၏ အကြိုက်နှင့် အကိုက်ညီဆုံးဆော့စ်ကိုရရှိရန် သုံးရက်ကြာအောင် အမျိုးမျိုးသော ချက်ပြုတ်နည်းများကို စမ်းသပ်ခဲ့ကြသည်။

လက်ရှိအချိန်မှာ ဟင်းခတ်အမွှေးအကြိုင်တွေက အဖိုးတန်သည့်အတွက် လူတွေက ပေါ့ပေါ့ပါးပါးအရသာကို ကြိုက်ကြပြီး ဆော့စ်ကို သိပ်ငန်အောင် လုပ်၍မရပါချေ။

တုတ်ထိုးကြော်အတွက် ဆော့စ်က အလွန်ဒုက္ခရောက်ပေမဲ့ ကျန်းရှုယောင်အတွက်မူ ပါဝင်ပစ္စည်းတွေက မခက်ပါချေ။ မည်သို့ပင်ဖြစ်စေ သူမအိမ်မှာ ဟွိုင်ဆင်ဆော့စ်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူငရုတ်သီးဆော့စ် စသဖြင့် ဆော့သ်တို့ပြတ်လပ်မနေပါချေ။

မရှိမဖြစ် အလိုအပ်ဆုံးအရာက သူမကိုယ်တိုင် ကျိုထားသည့် ခရုဆီဖြစ်သည်။ ထုတ်လုပ်မှု လုပ်ငန်းစဉ်သည် သန့်ရှင်းပြီး သဘာဝအတိုင်းဖြစ်ကာ ဖြည့်စွက်စာများ မပါရှိသောကြောင့် ခရုဆီ၏အူမားမီအရသာမှာ ထူးထူးခြားခြား ပြင်းထန်သည်။ တုတ်ထိုးကြော်များ၏ အငန်ဓာတ်က သူ့အပေါ်မှာ မူတည်နေ၏။

ဟင်းခတ်အစိမ်းမှုန့်ကို ငရုတ်ကောင်း၊ စမုန်ဖြူ၊ မြက်သီး၊ ကရဝေးရွက်၊တရုတ်နံနံအရိုင်း၊ လေးညှင်းပွင့်နှင့် အခြားသော ဟင်းခတ်အမွှေးအကြိုင်များဖြင့် ရောစပ်ထားသည်။ အမှုန့်ဖြစ်အောင် ထောင်းပြီး ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူအကြွပ်၊ ဇီယာ၊ မြေပဲမှုန့်တို့နှင့်ရောမွှေထားသည်။

ရောနှောပါဝင်ပစ္စည်းများသည် တောက်ပနေ၏။ ရေကို ပွက်ပွက်ဆူအောင်တည်ထားပြီး ပါဝင်ပစ္စည်းအမှုန့်၊ ခရုဆီ၊ ကြက်သွန်ဖြူနှင့် ငရုတ်ဆီထည့်ရသည်။ပြီးလျှင် အညီအမျှ ရောမွှေပြီး ပျစ်လာစေရန် ကော်ရည်ထည့်ကာ အနီရောင်ဆော့သ်က အိုးထဲတွင် ဆူလာသည်အထိ စောင့်ပြီးမှ မီးဖိုပေါ်ကချရ၏။

အစပ်ဆော့စ်၏ အရသာက အလွန် မိုက်သည်။ အပူရှိန်ပြင်းပြင်းနှင့် ငန်သောရနံ့တို့ ရောစပ်ထားသည်။ အနံ့မျိုးစုံကြောင့် အရသာက ရှုပ်ထွေးနေ၏။ အနံ့ခံရုံဖြင့် လူကို တံတွေး မျိုချစေသည်။

အစပ်ဆော့စ်ထက် ကုန်ကျစရိတ်နည်းပြီး လုပ်အားသက်သာသော ချိုငန်ငန်ဆော့စ်ကို ချက်ပြုတ်ရမည့် အချိန်ဆရာက်လေပြီ။ခရုဆီ ၊ဟွိုင်ဆင်ဆော့စ်အချို၊ သကြား၊ နှမ်းစေ့ စသည်များကို ရောစပ်ပြီး ပွက်ပွက်ဆူနေသည့်ရေထဲကို ထည့်ကာ ဆူလာသည့်အခါ မွှေပြီး ကော်ရည် ထည့်လိုက်ရသည်။အချောထည်သည် မျက်နှာပြင်ပေါ်တွင် နှမ်းဖြူအလွှာဖြင့် ရွှေအိုရောင်ဖြစ်သည်။

ကျိုးရှီက ဇွန်းကိုယူကာ ဆော့စ်အနည်းငယ်ဖြင့် နှစ်ပြီး မြည်းရန် ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ရှုပ်ထွေးပြီး ငန်သောအရသာက သူမ၏ အရသာခံဖုများကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။

"တတိယယောက်မ... ဒါက တကယ်ကို ထူးဆန်းတာပဲ"

ရာသီဥတုပူသည့်အတွက် ကျန်းရှုယောင် တုတ်ထိုးကြော်ရန် သူမ၏မီးဖိုချောင်ငယ်လေးမှာ မနေချင်တော့ဘဲ အရင်က အသုံးပြုခဲ့သည့် အသားကင်မီးဖိုကို ထုတ်ကာ ခြံဝင်းအတွင်းတွင် ဒယ်အိုးတိမ်တစ်လုံးဖြင့် ကြော်ခဲ့သည်။

ဤသည်က ခြံဝင်းထဲမှာ အလုပ်လုပ်နေသူတွေအတွက် နာကျင်မှုတစ်ခုဖြစ်၏။တုတ်ထိုးများကို အိုးတစ်လုံးထဲသို့ ကြော်လိုက်သောအခါ စူးရှသော အသံက လူတို့၏ စိတ်ကို နှိုးဆွပေးပြီး ချက်ချင်းပင် စားချင်စိတ်ကို ဖြစ်ပေါ်စေသည့် ဆီမွှေးရနံ့များကအတူ လိုက်ပါလာခဲ့သည်။

ကျိုးရှီက ကျန်းရှုယောင်၏လက်ရာအပေါ်မှာ မျက်ကန်းနီးပါးကိုးကွယ်မှုတစ်ခုရှိခဲ့ပြီး တုတ်ထိုးများကိုကြော်သောအခါတွင် သူမ စတင် တံတွေး မျိုချလာသည်။

ယနေ့ သူတို့ တုတ်ထိုးကြော်များကို မြည်းစမ်းကြည့်တော့မှာဖြစ်သဖြင့် ကျန်းရှုယောင် တုတ်ထိုးအမျိုးမျိုးကို ပြင်ဆင်ထားခဲ့၏။ အရောင်မျိုးစုံရှိသော ပန်းကန်ပြားကြီးတစ်ခုရှိသည်။ သူမ ပန်းကန်ပြားကြီးကို ကြည့်ပြီး ကျိုးရှီကို အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်၏။

"ဒုတိယအစ်မကို ဒုက္ခများစေမိပြီ... ဒီနေ့တော့ အရသာကို မြည်းစမ်းကြည့်ဖို့က အစ်မတာဝန်ပါ"

သူမ၏နှာခေါင်းဖျားတွင် တုတ်ထိုးကြော်များ၏ စွဲမက်ဖွယ်ကောင်းသော ဆီနံ့သင်းပျံ့သောရနံ့ကို ရှူရှိုက်ပြီး မွှေးကြိုင်သောဆော့စ်ကို နှစ်ညတာလောက် ကြည့်ပြီးနောက် ကျိုးရှီက အမြန် ပြန်ဖြေသည်။

"မဟုတ်တာ... ဒုက္ခမများပါဘူး"
ဒါက ကောင်းချီးတစ်ခုပဲ မဟုတ်လား...

ကျိုးရှီ ပျော်ရွှင်မှုနှင့်အတူ ပူဖောင်းများ ပေါက်ကွဲတော့မည်။ ကျန်းရှုယောင်နှင့်အတူသာဆိုလျှင် သင်သည် ချက်ပြုတ်ခြင်း၏ ပြီးမြောက်အောင်မြင်မှုကို ပျော်ရွှင်ခံစားနိုင်ပြီး အသစ်အဆန်းအစားအစာ အမျိုးမျိုးကို ပျော်ရွှင်စွာ စားသုံးနိုင်မည်ဖြစ်သည်။ သူတို့ကြားက ဆက်ဆံရေး၏ အတားအဆီးကိုကန်ထုတ်ရန် သူမတကယ်မစောင့်နိုင်တော့ဘဲ တတိယအိမ်တော်ခွဲ၏နေအိမ်ကို ချက်ချင်းပြောင်းသွားချင်မိသည်။

ကြော်ထားသော တုတ်ထိုးများသည် ဒယ်ထဲ၌ မျှောနေကာ ပူဖောင်းလေးများ ဝိုင်းအုံနေသဖြင့် လူအများကို ကြည့်ရသည်အား သက်တောင့်သက်သာ ဖြစ်စေသည်။

ကျိုးရှီ ၏ စိတ်ထဲတွင် မွှေးကြိုင်သော တုတ်ထိုးကြော်များ ပြည့်နှက်နေပြီး သူမ၏ ဦးနှောက်သည် လျင်မြန်စွာ မတွေးနိုင်တော့ဘဲ နောက်မှ သဘောပေါက်သွားသည်။ ဟေ့...သူတို့ကြားက အတားအဆီးက ဘာလဲ...

အရှေ့နန်းဆောင်တွင် နိုင်ငံရေးအကြောင်း စိုးရိမ်နေသော ရှဲ့ရွှင်းတစ်ယောက် ရုတ်တရက် နှာထချေသည်။

ကောင်းကင်ကို မော့ကြည့်လိုက်ရာ အလုပ်ဆင်းခါနီးပြီဖြစ်၍ သူအိမ်တော်ဆီ အမြန်ပြန်သွားရမည်။ အကြောင်းတစ်ခုခုကြောင့် အနည်းငယ် စိတ်မသက်မသာ ခံစားရနေသည်။


Xxxxx